အပိုင်း ၂၁၅
မင်း အတွေးလွန်နေပြီ (၂)
ထိုပုံစံဖြင့် တာအိုဘုန်းတော်ကြီး လင်ရှူး ထွက်ခွာ သွားခဲ့သည်။ မည်သူမှလည်း သူ့အား မတားခဲ့ပေ။
“ဉာဏ်ကောင်းတဲ့ လူပဲ”
ထိုလူငယ်မှ လင်ရှူးအား ချီးကျူးလိုက်သည်။
“ဉာဏ်ကောင်းတဲ့ လူတွေက အသက် ပိုရှည်တယ်”
“ဟုတ်ပြီ၊ အဲ့ဒါဆို ငါလည်း သွားလို့ရမလား”
ဝမ်ရှန်းမှ ထိုင်ရာမှမထဘဲ လူငယ်လေးအား အရူးကွက်နင်း၍ မေးလိုက်သည်။
“စိတ်မကောင်းပါဘူး။ မင်းတော့ သွားလို့မရဘူး”
လူငယ်လေးသည် သူ့ကိုယ်သူ အနိုင်ရရှိသည့် လူဟု သတ်မှတ် ထားပြီးသားဖြစ်၏။ ထို့ကြောင့် သူ ဘာကိုမှ အလောမကြီးနေပေ။ ဝမ်ရှန်းအား ထောင်ချောက်အတွင်း၌ ပိတ်မိနေသည့် သားကောင် တစ်ကောင်ကဲ့သို့သာ ကြည့်လိုက်သည်။
“အဲဒါဆို ငါ ထိုင်နေပြီး ဒီအဘိုးနဲ့ ကလေးတို့ ထွက်သွားရင်ကော” ဝမ်ရှန်းမှ မေးလိုက်၏။
လူငယ်လေးမှ ဘာမှပြန်မပြောဘဲ ထွက်သွား၍ ရကြောင်း လက်ဟန်ခြေဟန်သာ ပြလိုက်သည်။
ဆရာလုသည် ထူးဆန်းသည့် မျက်နှာ အမူအရာဖြင့် အလုပ်သင် ကောင်လေးအား ဆွဲခေါ်ကာ အားလုံး၏ မြင်ကွင်းအတွင်းမှ ထွက်ခွာ သွားလိုက်၏။ မသိလျှင် သူ့ပုံစံသည် ဆာလောင်နေသည့် ဝံပုလွေ တစ်ကောင်က သူ့နောက်သို့ လိုက်နေသကဲ့ပင် ဖြစ်၏။
ထို့နောက် စားပွဲတွင် ဝမ်ရှန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ လူငယ်လေးနှင့် အစီအရင် ဆရာတို့သည် ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်သို့ လျှောက်လာလိုက်၏။ လူငယ်လေးသည် အစီအရင် ဆရာအား ခုံထုတ်ပေးကာ အရင် ထိုင်စေလိုက်ပြီး ပြီးမှ သူလည်း အခြားခုံ အလွတ်၌ ဝင်ထိုင် လိုက်သည်။
“လက်ရှိ အခြေအနေကို နားလည်တဲ့လူက ဉာဏ်ကောင်းတဲ့ လူပဲ”
အစမှ အဆုံးအထိ ဝမ်ရှန်းထံမှ မည်သည့် မူမမှန်သည့် လှုပ်ရှားမှုမှ မတွေ့ရသောအခါ လူငယ်မှ ကျေနပ်သွားကာ ပြုံး၍ ချီးကျူးလိုက်၏။
“ကြည့်ရတာ မင်းလည်း မင်းရဲ့လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်တယ်နဲ့ တူတယ်”
ဝမ်ရှန်း ဘာမှပြန်မပြောခဲ့ပေ။ သူ့အရှေ့၌ ထိုင်နေသည့် ထိုနှစ်ယောက်ကို ဒီတိုင်းသာ ကြည့်လိုက်၏။
“ဒီတစ်ခေါက်တော့ မင်း ထွက်ပြေးနိုင်တယ်လို့ တွေးမနေနဲ့”
ထိုလူငယ်မှ ဝမ်ရှန်းအား ကြည့်ကာ ခေါင်းခါယမ်း၍ ခပ်လှောင်လှောင် ပြောလိုက်သည်။
“ငါတို့ကို ထည့်မတွက်ဘူး ဆိုရင်တောင် ဒီနားမှာ ဝိညာဉ်သခင် ၁၆ ယောက် ရှိသေးတယ်။ သူတို့ တစ်ယောက်ချင်းစီက မင်းထက် အဆင့်မြင့်တယ်။ ပြီးတော့ တစ်ရွာလုံးကို အစီအရင်နဲ့လည်း ကာထားသေးတယ်။ မင်းလိုမျိုး ဒုတိယအဆင့် ဝိညာဉ်သခင်ပေါက်စ မပြောနဲ့ စတုတ္ထအဆင့်နဲ့ ပဥ္စမအဆင့် ဝိညာဉ်သခင်တွေတောင် ဒီအစီအရင်ထဲက ထွက်သွားဖို့ မဖြစ်နိုင်ဘူး”
“ဒီလောက်ထိ သိသိသာသာတွေ လုပ်နေတာ တခြားလူတွေ တွေ့သွားမှာ မကြောက်ဘူးလား”
နောက်ဆုံး ဝမ်ရှန်းမှ မေးလိုက်၏။
“ဘယ်သူက သိမှာလဲ”
လူငယ်လေးသည် ပြုံးလျက်ပင် ဘေးပတ်ပတ်လည်အား ကြည့်ကာ –
“တစ်ရွာလုံးကို ငါ့လူတွေနဲ့ ဝိုင်းထားတာလေ၊ ဘယ်သူက တွေ့မှာလဲ။ ရွာသားတွေလား”
ဝမ်ရှန်း၏ အတည်ဖြစ်သည့် မျက်နှာအမူအရာအား မြင်လိုက် ရသောအခါ ထိုလူငယ်မှ မနေနိုင်တော့ဘဲ ရယ်လိုက်တော့၏။
“ငါ့မျက်နှာကို မြင်ဖူးတဲ့ လူတွေကို ငါ အလွတ်ပေးမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။ မင်းက ဝူရုံမြို့က လာတာမလား၊ ဒီလောက်ထိတော့ မအလောက်ပါဘူးကွ ဟုတ်တယ်မလား”
ဝမ်ရှန်း သူ့မျက်နှာကိုသူ လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။ သူသည် ရဲတင်းလွန်းသည့် လူပေါင်း များစွာကို မြင်တွေ့ခဲ့ဖူးပေသည်။ သို့သော် ဤကဲ့သို့သော လူမျိုးကို သူ တစ်ခေါက်မှ မမြင်ဖူးပေ။ သူသည် တစ်ရွာလုံးကို သတ်ပစ်မည်ဟု ပြောင်ပြောင်တင်းတင်း ပြောနေ၏။
သို့သော် ဆရာလုက ထိုကဲ့သို့ ဖြစ်ခွင့်ပေးမည် မဟုတ်သကဲ့သို့ တာအိုဘုန်းတော်ကြီး လင်ရှူးကရော ကြည်ဖြူမည် မဟုတ်ချေ။
“ဘာလဲ၊ သူတို့က မင်းကြောင့် အလကား သက်သက် သေရတော့မှာပဲလို့ တွေးနေတာလား”
ထိုလူငယ်မှ နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
“အဲ့ဒါဆိုလည်း ကောင်းကင်ဘုံဈေးတန်းကနေ မင်း မထွက်ပြေးသင့်ဘူး။ အဲ့လိုဆိုရင် ဒီလိုမျိုးတွေ ဖြစ်လာမှာ မဟုတ်သလို သူတို့လည်း ဘာမှမဆိုင်ဘဲ သေရမှာ မဟုတ်ဘူး”
“ငါ့အထင်တော့ မင်း နားလည်မှု လွဲနေပြီ ထင်တယ်”
ဝမ်ရှန်း လက်ချကာ လေးနက်စွာ မေးလိုက်၏။
“ငါပြောချင်တာက ငါ့ရဲ့ဝိညာဉ် အဆင့်က ဆဋ္ဌမအဆင့် ဆိုရင်ရော မင်း ဒီနေ့ ငါ့ကို ဒီအစီအရင်နဲ့ ပိတ်လို့ ရဦးမှာလားလို့”
“ဆဋ္ဌမအဆင့် ဟုတ်လား”
ဝမ်ရှန်း၏ အတည်ပေါက် ပြောဟန်ကြောင့် ထိုလူငယ် အံ့သြသွားခဲ့သည်။ ထို့နောက် အသေအချာ စဉ်းစားပြီး နောက်တွင် သူသည် မဲ့ပြုံးပြုံးကာ ခေါင်းခါယမ်း၍ –
“ငါ မင်းအရူး လုပ်တာ ခံရတော့မလို့ပဲ ဟား ဟား..”
“ဆဋ္ဌမအဆင့်လည်း အသုံးမဝင်ဘူး”
ယခု တစ်လျှောက်လုံး နှုတ်ပိတ်နေခဲ့သည့် အစီအရင်ဆရာမှ ပြောလိုက်ခြင်းပင်။
“ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်တောင်မှ ငါ့ရဲ့ဖုံးကွယ်ခြင်း အစီအရင်ကနေ မလွတ်မြောက်နိုင်ဘူး။ ဒါပေမယ့် သတ္တမအဆင့် ဆိုရင်တော့ လွတ်ချင် လွတ်နိုင်တယ်”
“ဟူး…”
ဝမ်ရှန်းမှ သက်ပြင်းချကာ သူတို့နှစ်ယောက်လုံး နားမလည်နိုင်သည့် စကား ပြောလိုက်သည်။
“အဲ့လိုဆို တော်သေးတာပေါ့”
ထိုစကားကြောင့် ဝမ်ရှန်းရှေ့၌ ထိုင်နေသည့် လူငယ်နှင့် အစီအရင် ဆရာတို့ သာမက ဘေးပတ်ပတ်လည်၌ ရှိနေသည့် အနက်ရောင် ဝတ်ရုံနှင့် လူများပါ ကြောင်အ သွားခဲ့ကြသည်။ ချက်ချင်းပင် အားလုံး၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။
‘ဒီကောင်လေးက ရူးနေတာတော့ မဟုတ်ဘူးမလား…’
ဒုတိယအဆင့် အထွတ်အထိပ် အဆင့်သာ ရှိနေသည့် လူငယ်တစ်ယောက်၊ ယခုလို အချိန်မျိုးတွင် သူသည် အခြားတစ်ဖက်က ဘာလိုချင်ကြောင်း မမေးခဲ့၊ သူ့အား လွတ်ပေးရန်လည်း မတောင်းဆိုခဲ့။ ထိုအစား သူသည် သူက ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဆိုရင်ကော ဟု မေးခဲ့၏။ ဤမေးခွန်းသည် ဦးနှောက် မရှိသည့် မေးခွန်းတစ်ခုပင် မဟုတ်ပါလော။
“အထင်မလွှဲပါနဲ့၊ အထင်မလွှဲပါနဲ့”
ဝမ်ရှန်းမှ လက်ခါယမ်းကာ ပြောလိုက်၏။
“ဒီတိုင်း မေးကြည့်ရုံပါ၊ ဒီတိုင်းပဲ မေးကြည့်ရုံပဲ…”
“တခြား ဘာမေးချင်တာ ရှိသေးလဲ၊ ကြိုက်တာသာမေး”
ထို့နောက် ထိုလူငယ်သည် ဝမ်ရှန်းအား အေးစက်စွာ ကြည့်ကာ “ငါတို့မေးတဲ့ အချိန်ကျရင် မင်းမေးဖို့ အခွင့်အရေးရမှာ မဟုတ်ဘူးနော်”
“ဟုတ်ပြီ”
ဝမ်ရှန်းမှ တွန့်ဆုတ်မှု မရှိဘဲ လေးနက်စွာ မေးလိုက်သည်။
“ဂျင်ဒီနယ်မြေထဲမှာ ဘာတွေရှိလဲ သိလား”
ထိုလူငယ် ကြောင်အ သွားခဲ့သည်။ ဘာလို့ ဤမေးခွန်းနည်း… သို့သော် ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်ကြောင်း အမှတ်ရသွားသည့် အချိန်တွင် ထိုမေးခွန်းကို သူလည်း စိတ်ဝင်စား သွားခဲ့သည်။ ဝမ်ရှန်းက တစ်ခုခုကို ထုတ်ဖော် ပြောဆိုချင် နေခြင်းလား… ထိုကဲ့သို့ဆိုလျှင် အတင်းအကြပ် ခြိမ်းခြောက် မေးမြန်းခြင်းထက် ပို၍ ထိရောက်မှု ရှိပေသည်။
ထို့ကြောင့် သူသည် တစ်ခဏ စဉ်းစားကာ-
“နည်းနည်းပါ။ အပြင်ပိုင်းလောက်ပဲ၊ အထဲဘက်တော့ မသိဘူး”
“အဲ့ဒါဆိုရင် ဂျင်ဒီနယ်မြေ ဘယ်လို ဖြစ်လာတာလဲ ဆိုတာရော သိလား”
ဝမ်ရှန်းမှ နောက်တစ်ကြိမ် မေးလိုက်၏။
ထိုမေးခွန်းကိုတော့ လူငယ်လေးသည် ခေါင်းသာ ခါယမ်းလိုက်သည်။ ထိုမေးခွန်းသည် သူ ဝမ်ရှန်းအား မေးချင်သည့် မေးခွန်းပင် ဖြစ်လေရာ သူ့ထံ၌လည်း အဖြေမရှိပေ။
ဝမ်ရှန်း အစီအရင် ဆရာဘက် လှည့်ကြည့် လိုက်သည်။ ထိုဆရာသည် တစ်ခဏ တွန့်ဆုတ်နေကာ ပြီးနောက် သက်ပြင်းချလျက်-
“ငါလည်းမသိဘူး။ ဒါပေမယ့် အဲ့နေရာမှာ ထူးခြားတဲ့ အစီအရင်တွေ ရှိနေတာကိုတော့ ငါ ခံစားရတယ်”
ထူးခြားသော အစီအရင်များ…
ထိုအဖြေသည် လင်ရှူး၏ အဖြေနှင့် အတူတူပင်ဖြစ်၏။ လင်ရှူး ပြောပုံအရ ဆိုလျှင် ထိုအစီအရင်များ၏ အရေအတွက်သည် ရာနှင့်ချီ ရှိနေနိုင်လောက်ပေသည်။
“ဆရာက လွဲပြီး ဒီဆွဲသီးကို ခြေရာခံနိုင်တဲ့လူ တခြားဘယ်သူတွေ ရှိသေးလဲ”
ဝမ်ရှန်းမှ သူ၏ဆွဲသီး အကြောင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒီဆွဲသီးက ငါလုပ်ထားတဲ့ ဆွဲသီးပဲ”
အစီအရင်ဆရာမှ ဝမ်ရှန်း၏ သံသယ အတွေးများကို ရှင်းပြလိုက်သည်။
“မျက်နှာကို ပြောင်းလဲစေနိုင်တဲ့ အစီအရင်က ငါ လုပ်ဖူးသမျှထဲမှာ အကောင်းဆုံး အစီအရင်ပဲ။ ဒီ ၁၀ နှစ်တာအတွင်း ဒီထက်ပိုကောင်းတဲ့ အစီအရင်မျိုး ငါ တစ်ခေါက်မှ မလုပ်နိုင်ခဲ့ဘူး။ ဆွဲသီးကို ရှားပါးပစ္စည်း တစ်ခုနဲ့ လုပ်ထားပြီး ငါ့အကောင်လေးတွေကပဲ အနံ့ခံနိုင်တယ်။ ဒါပေမယ့် ငါသာ အခု မင်းကို ရှာမတွေ့ခဲ့ဘူး ဆိုရင် နောက်ကျရင်လည်း ဘယ်တော့မှ ရှာနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါ့အကောင်လေးတွေက အသက်ကြီးကုန်ပြီး သေဖို့ နီးနေကြပြီ”
သိပြီ… ဝမ်ရှန်းသာမက လူငယ်လေးလည်း အခြေအနေအား နားလည် သွားခဲ့သည်။ သေတ္တာအား ဖွင့်ပေးခဲ့သည့် ဆရာသည် အစီအရင် အတွင်းရှိ ပစ္စည်းက ပြဿနာ ရှိနေသည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။
“ကျုပ် ခင်ဗျားတို့ကို တစ်ခုပြောချင်တယ်”
ဝမ်ရှန်းသည် အခြေအနေအား အပြည့်အဝ ထိန်းချုပ်နိုင်ကာ သူတို့ကိုယ်သူတို့ အနိုင်ရရှိပြီဟု သေချာနေသည့် သူ့ရှေ့မှ လူနှစ်ယောက်အား ကြည့်လိုက်သည်။
ဝမ်ရှန်း စကားကြားသည်နှင့် သူတို့နှစ်ယောက်လုံး ဝမ်ရှန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ သို့သော် ဘာမှ မပြောခဲ့ကြပေ၊ ဝမ်ရှန်း ဆက်ပြောလာမည်ကိုသာ စောင့်နေလိုက်၏။
“တကယ်တော့၊ ခင်ဗျားတို့ နှစ်ယောက်လုံး အမှားကြီးကြီး လုပ်လိုက်ကြတာပဲ”
ဝမ်ရှန်းမှ ဆက်ကာ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားတို့ နောက်ဆုံး မလုပ်သင့်တဲ့ အရာက ရွာက လူတွေကို တိုက်ခိုက်တာပဲ။ အဲ့လိုဆိုရင် တခြားလူတွေလည်း ငြိမ်နေကြမှာ မဟုတ်ဘူး”
“အဲ့ဒီတော့ ဘာဖြစ်လဲ”
လူငယ်လေးမှ နှာခေါင်းရှုံ့ကာ ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း ပြောလိုက်သည်။
“မင်းက ကောင်းကင်ဘုံဈေးတန်းက အဘိုးကြီး ရွာထဲမှာရှိလို့ အခွင့်အရေး ရှိတယ်လို့ ထင်နေတာလား။ ငါတို့ ဒီကို မလာခင် ကတည်းက စစ်ဆေးပြီး သွားပြီ။ မျိုးရိုးနာမည် လုလို့ ခေါ်တဲ့ အဲ့အဘိုးကြီးက တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ပဲ။ မင်းက သူ ပြန်လာတာကို မျှော်နေတယ်ဆိုရင် မင်း အတွေးလွန် နေတာပဲ”
“ဟုတ်ပြီလေ”
ဝမ်ရှန်းမှ မထီသထိဟန်ဖြင့် ပြန်ဖြေလိုက်၏။
“ငါပဲ အတွေးလွန်နေတာ နေမှာပါ…”
***