Switch Mode

Chapter – 214

မင်း အတွေးလွန်နေပြီ (၁)

အပိုင်း ၂၁၄
မင်း အတွေးလွန်နေပြီ (၁)

ဤနေရာတွင် ဝူရုံမြို့ မြို့အရှင် သို့မဟုတ် အိမ်တော်ထိန်းတို့ ရှိနေမည်ဆိုလျှင် ဤအဘိုးအိုသည် ယခင်က ဆွဲသီးကို ပြုလုပ်ခဲ့သည့် လူဖြစ်ကြောင်း သူတို့ မှတ်မိပေလိမ့်မည်။

လူငယ်သည် ဤအစီအရင် ဆရာကို ရှာကာ သူမှတစ်ဆင့် ဝမ်ရှန်းအား ခြေရာခံခဲ့ခြင်း ဖြစ်သည်။

အစီအရင် ဆရာသည်လည်း လွန်ခဲ့သည့် ဆယ်နှစ်၌ သူပြုလုပ်ခဲ့သည့် အရာတစ်ခုက ယခုအချိန်အထိ ကြီးမားသည့် အကျိုးရလဒ်များ ရှိနေဦးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အထူးသဖြင့် လူတစ်ယောက်သည် သူ့အား ဈေးကြီးပေးကာ လက်ရှိဆွဲသီး ပိုင်ရှင်ကို ခြေရာလာခံခိုင်းသည့် အချိန်တွင်ဖြစ်သည်။

ရွှေဒင်္ဂါးများအတွက် အစီအရင် အဘိုးအိုသည်လည်း ဝမ်ရှန်း၏ နေရာကို ရှာပေးခဲ့သည်။ ထို့နောက် ရှာတွေ့ပြီးသည့် အချိန်တွင် သူတို့ ချက်ချင်း မလှုပ်ရှားခဲ့ချေ။ သုံးရက်ကြာ စုံစမ်းစစ်ဆေးပြီး ရွာအတွင်း၌ မည်သည့် မူမမှန်မှုမှ မရှိကြောင်း သေချာသွားပြီး နောက်သာ သူတို့သည် လူများဖြင့် ရွာအား ဝိုင်းလိုက်သည်။

ဤကဲ့သို့ လုပ်ဆောင်ရခြင်း အားလုံးသည် ဝမ်ရှန်း သိနေသည့် ဂျင်ဒီနယ်မြေ၏ လျှို့ဝှက်ချက်များ အတွက်ဖြစ်၏။ ဤဝမ်ရှန်းသည် အလွန်ကို ဉာဏ်နီဉာဏ်နက် များလှပေသည်။ အားလုံးသည် သူ အဝေးသို့ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ထင်ခဲ့ကြကာ ဘယ်နေရာကို လိုက်ရမည်မှန်း မသိ ဖြစ်ခဲ့ကြ၏။ သူ မြို့အစွန် အဖျားရှိ ရွာတစ်ရွာ၌ ပုန်းကွယ် နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သို့သော် အဆင်ပြေပါသည်၊ မည်သူမှ မသိလျှင် မည်သူ့ကိုမှ ဝေမျှစရာ မလိုပေ။ မြို့တော် အတွင်းရှိ ကောင်းကင်ဘုံဈေးတန်း တစ်ဝိုက်၌ စောင့်ကြပ်နေသည့် လူများ အားလုံးသည် အရူးများပင်ဖြစ်၏။ နှစ်ဆင့်ချိပ်ပိတ် သေတ္တာကို ဖွင့်ပြီးလျှင် ဝမ်ရှန်း သူ့ပုံစံကို ပြောင်းလိမ့်မည် ဆိုတာကို သူတို့ မသိသည်လား… သူ၏အော်ရာကို သူတို့ ခြေရာ မခံနိုင်ဘူးလား…

ထိုလူငယ်သည် သေတ္တာပွင့် သွားသည်နှင့် ကွဲအက်သွားသည့် ဆွဲသီး၏ ပိုင်ရှင်ဖြစ်သည်။ ဝမ်ရှန်းက သေတ္တာကို ဖွင့်ပြီးကြောင်း သိသော်လည်း သူ့နောက်လိုက်များက ဝမ်ရှန်းအား မရှာနိုင်သည့် အချိန်တွင် သူသည် ယခင်က ဆွဲသီးကို ပြုလုပ်ခဲ့သည့် အစီအရင်ဆရာကိုသာ ရှာရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် ဖြစ်ပေါ်လာသည့် ရလဒ်သည် အလွန်အံ့သြစရာ ကောင်းပေသည်။ ထိုအစီအရင်ဆရာသည် ဝမ်ရှန်း၏ တည်နေရာကို အမှန်တကယ် ရှာတွေ့ခဲ့၏။

ဤအရာသည် ဝမ်ရှန်းက မြို့တော် အနီးတစ်ဝိုက်၌သာ လှုပ်ရှားခဲ့ကာ ထိုနေရာ တစ်ဝိုက်တွင် အနံ့ဖျော့ဖျော့လေး ကျန်နေခဲ့သောကြောင့် ဖြစ်၏။ မဟုတ်လျှင် သူ့သားရဲ၏ အနံ့ခံအာရုံက မည်မျှပင် ကောင်းမွန်နေပါစေ လွန်ခဲ့သည့် လဝက်မှ အနံ့လမ်းကြောင်းကို အာရုံခံရန် မဖြစ်နိုင်ပေ။

ဝမ်ရှန်းနှင့် သူ၏လျှို့ဝှက်ချက်များက သူ့လက်တွင်းသို့ ကျရောက်တော့မည်ဟု တွေးမိသွားသောအခါ ထိုလူငယ် စိတ်လှုပ်ရှား သွားခဲ့သည်။ ဝမ်ရှန်းအား ဖမ်းမိလျှင် သူ အချိန်အတော်ကြာ လိုချင်နေသည့် အစီအရင် ဇယားကွက်များ ပေးမည်ဟုလည်း အစီအရင် ဆရာအား လာဘ်ထိုး ထားသေးပေသည်။ ထို့ကြောင့်သာ ဝမ်ရှန်းအား ရှာတွေ့ခဲ့ပြီးသည့်တိုင် အစီအရင်ဆရာမှာ သူနှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။

အနက်ရောင် ဝတ်ရုံနှင့် လူများ လက်ထဲမှ သတ္တုတုံးများသည် အစီအရင်ဆရာမှ ပြုလုပ် ပေးထားသည့် ဖုံးကွယ်ခြင်း အစီအရင် သတ္တုတုံးများ ဖြစ်သည်။ အစီအရင်ကို အသက်သွင်း လိုက်သည်နှင့် ရွာတစ်ခုလုံးကို အစီအရင်က ဖုံးလွှမ်း သွားမည်ဖြစ်၏။ ထိုကဲ့သို့ဆိုလျှင် ရွာအတွင်း၌ ကမ္ဘာပျက်နေသော်ငြား အပြင်ဘက်၌ မည်သည့် လှုပ်ရှားမှုမှ ဖြစ်ပေါ်နေမည် မဟုတ်ပေ။

ဝမ်ရှန်းသည် မည်မျှပင် ဉာဏ်ကောင်းစေကာမူ အစီအရင်ကို အသက်သွင်း လိုက်သည်နှင့် သူသည် ရွာမှထွက်ပြေး လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ ယခုအချိန်တွင် လူငယ်လေးသည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်အား ကစားသကဲ့သို့ ဝမ်ရှန်းအား ကစားခွင့် ရသောကြောင့် အလွန်ကို ပျော်ရွှင် နေလေသည်။

ထို့အပြင် သူသည် ဒါဇင်နှင့် ချီသည့် ဝိညာဉ်သခင်များကိုပါ ခေါ်လာခဲ့သေး၏။ ထိုဝိညာဉ်သခင်တို့၏ အနိမ့်ဆုံး အဆင့်သည် စတုတ္ထအဆင့် ဖြစ်ကာ အမြင့်ဆုံးသည် ဆဋ္ဌမအဆင့်ဖြစ်၏။ ထိုကဲ့သို့ များပြားသည့် အဆင့်မြင့် ဝိညာဉ်သခင်များနှင့် ရင်ဆိုင်ရာတွင် ဒုတိယအဆင့် အထွတ်အထိပ်အဆင့် ဝိညာဉ်သခင်ဖြစ်သည့် ဝမ်ရှန်းမှာ သူတို့လက်တွင်းမှ လွတ်မြောက် နိုင်ရန် မသေချာပေ။

….

တစ်ချိန်တည်းမှာပင် ခြံဝန်းအတွင်း၌ စားသောက်နေသည့် လူလေးယောက်တွင် လူသုံးယောက်၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့် သွားခဲ့သည်။ အလုပ်သင် ကောင်လေးကတော့ ဘာမှမသိ စားသောက်နေဆဲဖြစ်၏။ သူ၏ဝိညာဉ်သည် ဉာဏ်အလင်း မပွင့်သေးပေ၊ ထို့ကြောင့် သူ့ပတ်ဝန်းကျင်မှ မူမမှန်မှုများကို သူ ဘာမှ မသိ မခံစားမိချေ။

သူ့ဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် များပြားလှသော ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည့် အခိုက်အတန့်၌ ဝမ်ရှန်းသည် သူ ခံစားလိုက်ရသည့် ခံစားချက်ကို မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပေ။

အံ့သြသွားခြင်းလား… အမှန်ဆိုရသော် ဝမ်ရှန်း မအံ့သြမိပေ။ လူမည်မျှပင် သူ့အား လိုက်ရှာနေကြကာ သူ၏ လျှို့ဝှက်ချက်များကို သိချင်နေမည် ဆိုတာကို ဝမ်ရှန်း ခန့်မှန်းမိသည်။ ထို့ကြောင့် ယခုလိုမျိုး တစ်စုံတစ်ယောက်မှာ သူ့ထံသို့ ရောက်လာခြင်း အတွက် တကယ့်ကို မအံ့ဩတော့ချေ။ သူ့အတွက် ပုံမှန်သာ ဖြစ်သည်။

သူသည် ကောင်းမွန်စွာ ပုန်းကွယ် နေသော်လည်း တစ်စုံတစ်ယောက်မှာ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်၊ ဤအရာသည် တိုက်ဆိုင်မှု တစ်ခု မဟုတ်တန်ရာ ပန်းပဲဆရာ အဘိုးအိုသည် ဆွဲသီးပေါ်ရှိ အစီအရင်ကို သူ့သူငယ်ချင်းမှ ပြောင်းလိုက်ပြီဟု ပြောသော်လည်း ခြေရာခံလိုက်ရန်က ထိုနည်း တစ်နည်းတည်းသာ ရှိသည် မဟုတ်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။

ဝမ်ရှန်းသည် ပန်းပဲဆရာ အဘိုးအို၏ သူငယ်ချင်းအား မယုံခြင်း မဟုတ်ပေ။ သို့သော် အားချီ သူ့အား လုပ်ကြံခဲ့သည့် အချိန်၌ သူ၏တည်နေရာကို အားချီ ဘယ်လိုလုပ် သိနေတာလဲ ဆိုတာကိုပင် သူ ယခုအချိန်အထိ မတွေးနိုင်သေး။ ထိုသို့ဆိုလျှင် ဤကဲ့သို့ ထူးကဲသော မျက်နှာဖုံးကို ပြုလုပ်နိုင်သည့် အစီအရင် ဆရာမျိုးက ပို၍ပင် ထူးခြားဆန်းကြယ်ပေမည်။

သူ ဤဆွဲပြားကို အသုံးပြုသည်နှင့် တစ်ယောက်ယောက်က သူ့ထံသို့ အနှေးနှင့်အမြန် ရောက်လာ လိမ့်မည်ကို ဝမ်ရှန်း ကြိုတင် မျှော်လင့် ထားပြီးသား ဖြစ်၏။ သို့သော် သူတို့သည် သူ မြို့ပြင်သို့ ဈေးသွားဝယ်သည့် အချိန်၊ သူ လောင်ဇီရုပ်ထု ထုလုပ်မည့် နေရာအား သွားကြည့်သည့် အချိန်တို့၌ မတွေ့ခဲ့ဘဲ ဘာလို့ ဤနေရာ၊ ဤရွာသေးသေးလေးအား လာဝိုင်းကြတာလဲ ဆိုတာကိုတော့ သူ နားမလည်နိုင်ပေ။

သူတို့သည် ယခုကဲ့သို့ ဆရာလု ပြန်ခါနီးအချိန်၊ လင်ရှူးလည်း ရှိနေသည့် အချိန်၌ ရောက်လာခြင်း ဖြစ်သည်။ သူတို့၏ ကံကောင်းမှုကို ဝမ်ရှန်း သြချမချဘဲ မနေနိုင်တော့။

သူတို့သာ စောစောလာမည် ဆိုလျှင် ဆရာလုက ဤနေရာ၌ ရှိနေဦးမည် မဟုတ်ပေ။ တာအိုဘုန်းတော်ကြီး လင်ရှူးသာ ရှိနေမည်ဖြစ်၏။ ထိုကဲ့သို့ ဆိုလျှင်ပင် အဆုံးသတ်က ပြောင်းလဲသွားမည် မဟုတ်သော်လည်း သူတို့အတွက် အသက်ရှူချိန် ကြာကြာ ပိုရှိပေသည်။ သို့သော် ယခုအချိန်တွင် ဤလူများသည် ငိုချင်းချရန်သာ ပြင်ထား ရတော့မည် ဖြစ်သည်။

“စားသောက်နေတာကို အနှောင့်အယှက် ဖြစ်သွားသေးလား”

ခြံဝန်း အတွင်းသို့ ဝင်ကာ လူငယ်နှင့် အဘိုးအိုမှ ဝမ်ရှန်းနှင့် အခြား လူများထံသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။ လူငယ်လေးသည် အောင်နိုင်သူ အပြုံးဖြင့် ပြုံးကာ သူတို့လေးယောက်အား ပြောလိုက်ခြင်းဖြစ်၏။

“ငါ့ကို လိုက်ရှာ နေတာလား”

ဝမ်ရှန်းမှ မသိနားမလည် ချင်ဆောင်ကာ ကြောင်တောင်တောင် မေးခွန်း မေးလိုက်သည်။

လူငယ်လေးမှ ပြုံး၍သာ ခေါင်းညိတ် ပြလိုက်၏။

“ဒီဆွဲသီးကြောင့်လား”

ဝမ်ရှန်းသည် သူ့ရင်ဘတ်ပေါ်သို့ ကျရောက်နေသည့် ဆွဲသီးအား လက်ညှိုး ထိုးပြကာ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။

ထိုလူငယ်လေးမှလည်း ဝင့်ကြွားဟန်ဖြင့် နောက်တစ်ကြိမ် ခေါင်းညိတ် ပြလိုက်သည်။

ထို့နောက် ချက်ချင်းပင် ဝမ်ရှန်း ဆရာလုဘက် လှမ်းကြည့် လိုက်သည်။ ပန်းပဲဆရာ အဘိုးအိုသည် သူ့သူငယ်ချင်းက အစီအရင်ကို ဖြေရှင်းပြီးပြီဟု ပြောခဲ့၏၊ သို့သော် ယခုအချိန်တွင် ဤလူများက ဝမ်ရှန်းထံ ရောက်လာခဲ့သည်။ ဤအရာသည် ထိုသူငယ်ချင်းက စိတ်မချရဘူးဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။ ဝမ်ရှန်းသည် ဆရာလုကို ထိုကဲ့သို့ တွေးစေချင် သောကြောင့်သာ တမင်သက်သက် ထိုမေးခွန်းများ မေးခဲ့ခြင်းဖြစ်သည်။

ဝမ်ရှန်း ကြည့်လာသည်ကို ဆရာလုလည်း မြင်ပေသည်။ သူသည် ပြန်ငြင်းချင်သော်လည်း ဘာပြောရမည်ကို မသိပေ။ ထို့ပြင် သူသည် အစီအရင်အရာ၌ သိပ်ပြီး မကျွမ်းကျင်ပေ၊ ထို့ကြောင့် သူသည် ပန်းပဲဆရာ အဘိုးအို၏ သူငယ်ချင်း အစားသာ တောင်းပန်လိုက်၏။

“ဟုတ်ပြီ၊ ငါ ပြန်သွားပြီး ဘာဖြစ်တာလဲ သွားမေးလိုက်မယ်”

လူငယ်လေးသည် သူတို့နှစ်ယောက် ပြောနေသည့် စကားများကြောင့် အနှောင့်အယှက် ဖြစ်သွားဟန် မရှိပေ။ ဘာမှမပြောဘဲ ထိုနေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေလိုက်၏။

“ဟုတ်ပြီ၊ ပြောစရာရှိကာ အေးဆေး ပြောကြပါ။ ဒီနေရာမှာ ငါနဲ့ဆိုင်တာ ဘာမှ မရှိဘူးမလား”

ရုတ်တရက် လင်ရှူးမှ လူငယ်လေးအား ပြုံး၍ မေးလိုက်သည်။ သူ၏ပုံစံသည် ပြဿနာတွင်းမှ ထွက်ပြေးချင်သည့် လူကြောက် တစ်ယောက်၏ ပုံစံအတိုင်းပင် ဖြစ်၏။

“အဲ့ဒါဆို ငါ အရင် ပြန်လိုက်ပါဦးမယ်။ ပြောစရာ ရှိတာကို ဖြည်းဖြည်း ပြောကြ”

ထိုသို့ ပြောပြီးသည်နှင့် လင်ရှူးသည် ထရပ်ကာ လှည့်ပြန် သွားလိုက်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset