အပိုင်း ၂၁၃
အဆင့်မြင့်ဝိညာဉ်သခင် (၂)
ဆရာလုသည် ယခု သူကိုယ်တိုင်သည်ပင် အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်နေသော်ငြား သူသည် တာအိုဘုန်းတော်ကြီး လင်ရှူးရှေ့တွင် သူ့အဆင့်ကိုသူ မပြောရဲပါဘူးဟု ပြောခဲ့၏။
ဤသို့ဆိုလျှင် လင်ရှူး၏ ဝိညာဉ်အဆင့်မှာ အမှန်ပင် မည်မျှ မြင့်သနည်း…
အချို့သော ကိစ္စများကို နက်နက်နဲနဲ စဉ်းစားကြည့်၍ မရပေ။ ပိုစဉ်းစားလေ ကိစ္စရပ်က ပိုကြောက်စရာ ကောင်းလေပင်ဖြစ်၏။
“ပန်းပဲလုပ်တာပဲဖြစ်ဖြစ်၊ ပန်းပုထုတာပဲဖြစ်ဖြစ် ဝိညာဉ်စွမ်းအား သုံးသင့်တဲ့ အချိန်ကျရင် သုံးရမှာပဲ။ အဲ့လို နည်းလမ်းနဲ့လည်း လေ့ကျင့်လို့ရတယ်”
လင်ရှူးမှ ဝမ်ရှန်းအား ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။
“မင်းက မင်းကိုယ်မင်း မှီခိုတယ်လို့ တွေးတယ်။ ဒါပေမယ့် မင်းရဲ့ ပုံမကျပန်းမကျ ဖြစ်နေတဲ့ အားလေးနဲ့ မင်းက တကယ်ပဲ ပန်းပုဆရာ တစ်ယောက် ဖြစ်လာနိုင်မှာတဲ့လား”
“ပန်းပုထုတာကလည်း ဝိညာဉ်စွမ်းအား သုံးဖို့ လိုတယ်ပေါ့”
ဝမ်ရှန်းမှ ဆရာလုအား ကြည့်လိုက်သည်။
“ဘာလို့ အစော ကတည်းက မပြောတာလဲ”
ဤဆရာများ၏ ဝိညာဉ်အဆင့် မြင့်မားနေသည်မှာ အံ့သြစရာ မရှိတော့ပေ။ ပန်းပု ထွင်းထုရာ၌ ဝိညာဉ်စွမ်းအားများ အသုံးပြုရန် လိုအပ်သည်ဆိုလျှင် သူတို့၏ဝိညာဉ်အဆင့်သည် နိမ့်နေ၍ မရပေ။ ထို့ပြင် နှစ်ပေါင်းများစွာ အဆက်မပြတ် ပန်းပုထွင်းထုခြင်းသည် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် လေ့ကျင့်ခြင်းနှင့် အတူတူပင်ဖြစ်၏။
အစောကတည်းက ဤအကြောင်း သိမည်ဆိုလျှင် ဝမ်ရှန်းသည် လေ့ကျင့်ရာ၌ ဝိညာဉ်စွမ်းအားကို ထည့်သုံးခဲ့ပြီး ဖြစ်၏။ သို့သော် ထိုအချိန်၌ သူ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့မည် ဆိုလျှင်လည်း သူ၏အခြေခံသည် သိပ်ပြီး ခိုင်မာမှု မရှိမည်ကို သူ စိုးရိမ်မိပေသည်။ မည်သို့ဆိုစေ သူသည် သူ၏ခွန်အားဖြင့် ကိစ္စတော်တော်များများကို ပင်ပင်ပန်းပန်းပင် ပြုလုပ်စရာ မလိုပေ။
“ပုံမှန်ဆိုရင်တော့ အခြေခံကို လေ့လာတဲ့ နေရာမှာ အရိုးရှင်းဆုံးနဲ့ ပုံမှန်အတိုင်း သွားတာက လမ်းမှန်ပဲ”
ဆရာလုမှ ပြုံး၍ ပြောလိုက်၏။
“မင်းမမြင်ဘူးလား၊ ငါ့အလုပ်သင်လည်း အောက်ခြေကနေ စတာပဲလေ။ သူဆို ဝိညာဉ်စွမ်းအားတောင် မသုံးနိုင်သေးဘူး”
အလုပ်သင် ကောင်လေးသည် ငယ်သေးကာ သူ၏ဝိညာဉ်သည် ဉာဏ်အလင်းပင် မပွင့်သေးပေ။ ထို့ကြောင့် သူ ဝိညာဉ်စွမ်းအား အသုံးပြုရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော် ယခုအချိန်တွင် ဆရာလုမှ သူ့အား သင်ကြားပေးမည် ဖြစ်သည့် အတွက်ကြောင့် သူ့ထံတွင် ဤကဲ့သို့ ပြောရသည့် အကြောင်းအရင်း ရှိသည် ဆိုတာကို ဝမ်ရှန်း သိပေသည်။
“ထားလိုက်တော့၊ မင်းဆီက ဒီလောက်ကောင်းတဲ့ အကြံရထားတယ် ဆိုတော့ ဒီရက်ပိုင်းအတွင်း ငါ ဒီမှာနေပြီး မင်းကို သင်ပေးမယ်”
ဝမ်ရှန်းမှ အင်တင်တင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဆရာလုမှ ပြုံး၍ ပြောလိုက်သည်။
“မင်းရဲ့လက်ရှိ အဆင့်နဲ့ဆိုရင် ဝိညာဉ်စွမ်းအားကို သုံးပြီး လေ့ကျင့်တဲ့ အဆင့်အထိ သွားလို့ မရသေးဘူး။ ဒါပေမယ့် မင်းကို အကြံဉာဏ် တချို့တော့ ပေးလို့ရပါတယ်”
ဝမ်ရှန်း အလွန်ပျော်ရွှင် သွားခဲ့သည်။ ဆရာလုသည် အလုပ်သင် ကောင်လေးထက် များစွာ ကျွမ်းကျင်သည် မဟုတ်ပါလား…
ထိုနေ့ တစ်ရက်နားပြီးကာ ဝမ်ရှန်း ပြင်စရာ ရှိသည်များကို ပြင်ဆင်လိုက်သည်။ ထို့နောက် နောက်တစ်နေ့မှစ၍ ဆရာလု ကိုယ်တိုင် ဝမ်ရှန်းအား တိုက်ရိုက် သင်ကြား ပေးတော့သည်။
ပစ္စည်းရွေးချယ်ပုံ၊ စိတ်ကူး ပုံဖော်ပုံနှင့် ထွင်းထုသည့် နည်းစနစ်များ အစရှိသဖြင့် ဝမ်ရှန်းအား တစ်ခုပြီးတစ်ခု သင်ကြား ပြသပေးခဲ့သည်။ ထို့အတူ တစ်ချိန်တည်းမှာပင် ထွင်းထုရာ၌ ဝိညာဉ်စွမ်းအားကို မည်သို့မည်ပုံ အသုံးပြု ရကြောင်းကိုပါ ရှင်းပြခဲ့ပေသည်။
ဝမ်ရှန်းသည်လည်း ဆရာလုကိုယ်တိုင် သင်ကြား ပြသပေးသည့် အခွင့်အရေးကို အလကား အဖြစ်မခံပေ၊ အသေအချာကို တစိုက်မတ်မတ် သင်ယူနေခဲ့၏။
ကံကောင်းသည်က ဝမ်ရှန်း၏ ဝိညာဉ် အဆင့်သည် ဒုတိယအဆင့် အထွတ်အထိပ် အဆင့်သို့ ရောက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းမှမဆို ဝိညာဉ်စွမ်းအားများ အသုံးပြုရာ၌ သူ အတွေ့အကြုံများစွာ ရှိပေသည်။
ပြောရမည်ဆိုလျှင် ပန်းပုထုရာနှင့် တိုက်ခိုက်ရာ၌ ဝိညာဉ်စွမ်းအား အသုံးပြုပုံ ပြုနည်းသည် တူသယောင်ယောင်နှင့် မတူပေ။ တိုက်ခိုက်ရာတွင် ပေါက်ကွဲ စွမ်းအား လိုအပ်ကာ ဝိညာဉ်စွမ်းအားကို အချိန်အတော်ကြာ အသုံးပြုရန် လိုအပ်၏။ သို့သော် ပန်းပုထုရာတွင်လည်း ပေါက်ကွဲစွမ်းအားကို လိုအပ်သည် ဆိုသော်လည်း ဇွဲလုံ့လကို ပို၍ လိုအပ်ပေသည်။
ဆရာလုသည်လည်း အလွန် စိတ်ရှည်လက်ရှည်ဖြင့် ဝမ်ရှန်းအား တစ်ခုချင်း သင်ကြား ပေးသည်။ ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်စွမ်းအားများ လှည့်ပတ် စီးဆင်းပုံသည် တစ်ယောက်နှင့် တစ်ယောက် မတူကြပေ။ သို့သော် ဝိညာဉ်စွမ်းအားများကို လက်အတွင်း စုစည်းပြီးနောက် အသုံးပြုပုံမှာ အတူတူပင်ဖြစ်၏။
တူကိုင်ပုံ၊ ဆောက်ကိုင်ပုံ အစရှိသည် တို့ကိုလည်း သေချာ အသေးစိတ် သင်ကြားပေးလေရာ ရက်အနည်းငယ် အတွင်းမှာပင် ဝမ်ရှန်း၏ ပန်းပုစွမ်းရည်မှာ များစွာ တိုးတက် လာခဲ့တော့သည်။
ဆရာလုက သင်ကြား ပေးနေစဉ်တွင် လင်ရှူးသည်လည်း အလကား မနေခဲ့ပေ။ သူသည် လက်ရေးလှ ရေးရာ၌ ဝိညာဉ်စွမ်းအားများ ထည့်သွင်း အသုံးပြုပုံကို ဝမ်ရှန်းအား သင်ကြားပေးခဲ့၏။ ထိုအရာသည် အခြေခံ လေ့ကျင့်မှုများနှင့် အတူတူပင် ဖြစ်သော်လည်း ဝိညာဉ်စွမ်းအားများ ထည့်သွင်း အသုံးပြုလိုက်သည့် အချိန်တွင် ကွာခြားမှုက အလွန် ကြီးမားသွားပြီ ဖြစ်၏။
ယခုရက်ပိုင်းတွင် ဝမ်ရှန်းသည် စိတ်အား ထက်သန်စွာဖြင့် တက်ကြွစွာ လေ့ကျင့်နေခဲ့၏။ ဆရာ နှစ်ယောက်သည် သူ့အား ဝိညာဉ်စွမ်းအား အသုံးပြုပုံကို သင်ကြား ပေးနေခြင်း ဖြစ်သည်။ ဤအခွင့်အရေးသည် သူ တောင်းဆိုလျှင်ပင် မရနိုင်သည့် အခွင့်အရေးမျိုးဖြစ်၏။
ဤသို့ဖြင့် ဝမ်ရှန်းသည် ၁၀ ရက် အတွင်းမှာပင် ပန်းပုထုခြင်းနှင့် လက်ရေးလှ ရေးခြင်းတို့၌ ဝိညာဉ်စွမ်းအားကို အမှားအယွင်း မရှိ အသုံးပြု လာနိုင်ခဲ့သည်။ ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန် အတွက်ကတော့ သူ၏ လေ့ကျင့်မှုနှင့်သာ သက်ဆိုင် ပေတော့သည်။
………
ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဆရာလုမှ အင်ပါယာ မြို့တော်ရှိ ကောင်းကင်ဘုံ ဈေးတန်းသို့ ပြန်ရန် ပြင်လိုက်သည်။ မပြန်ခင်တွင် ဝမ်ရှန်းသည် ဆရာလုနှင့် လင်ရှူးတို့အတွက် သူကိုယ်တိုင် စားပွဲအပြည့် ချက်ပြုတ် ကျွေးမွေးလိုက်၏။
ဆရာလု၊ လင်ရှူး၊ အလုပ်သင် ကောင်လေးနှင့် ဝမ်ရှန်းတို့ စကားစမြည် ပြောကာ အားရပါးရ စားသောက် နေကြစဉ်မှာပင် လူနှစ်ယောက်သည် ရွာလမ်း တစ်လျှောက်မှ ရွာသို့ ဦးတည် လာနေခဲ့သည်။
နှစ်ယောက်တွင် တစ်ယောက်သည် အသက် ၆၀ – ၇၀ အရွယ် အဘိုးအို တစ်ယောက်ဖြစ်ကာ ကျန်သည့် တစ်ယောက်သည် ၂၀ ဝန်းကျင်အရွယ် လူငယ် တစ်ယောက် ဖြစ်၏။ ထိုလူငယ်သည် ခန့်ညားစွာ ဝတ်ဆင်ထားပြီး သူ၏အော်ရာမှာလည်း စူးရှလှပေသည်။
သူတို့နှစ်ယောက် အနောက်တွင် ဒါဇင်နှင့် ချီသည့် အနက်ရောင် ဝတ်ထားသော လူများ လိုက်ပါလာခဲ့၏။ သူတို့ အားလုံးသည် လက်နက်များ ကိုင်ဆောင်ထားကာ ပုံစံကွက် အမျိုးမျိုး ရှိသည့် သတ္တုဒိုင်းကာများကိုလည်း ကိုင်ဆောင် ထားခဲ့ကြသေးပေသည်။
ရွာဝင်ပေါက်သို့ ရောက်သည့် အချိန်တွင် လူငယ်မှ လက်ကို လွှဲယမ်းကာ အချက်ပြ လိုက်၏။ ထို့နောက် ချက်ချင်းပင် ထိုအနက်ရောင် ဝတ်ရုံနှင့် လူများသည် လျင်မြန်စွာ လူစုခွဲသွားကာ ရွာအား အဘက်ဘက်မှ ဝိုင်းလိုက်၏။ သူတို့နေရာသို့ ရောက်ပြီးနောက် သူတို့သည် သူတို့လက်ထဲမှ သတ္တုတုံးကို မြေပြင်ပေါ်သို့ ချကာ ထိုသတ္တုတုံး အတွင်းသို့ ဝိညာဉ်စွမ်းအားများ တစ်ပြိုင်နက်တည်း ထုတ်လွှတ် လိုက်ကြသည်။
“အထီးကျန် ဝံပုလွေကောင်က ဆွဲသီးပေါ်က အစီအရင်ကို ရှောင်နိုင်မယ်လို့ ထင်နေတယ် ဟား.. …..”
လူငယ်လေးမှ လှောင်ရယ်ရင်း အဘိုးအိုအား ပြောလိုက်၏။
“ဒါပေမယ့် သူမသိတာက ဆရာ အဲ့အစီအရင်ကို လုပ်ခဲ့တုန်းက အစီအရင်ဟာ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလဲ ဆိုတာပဲ”
အဘိုးအိုမှ ဘာမှမပြောဘဲ လက်ပိုက်လျက်သာ ရပ်နေလိုက်၏။
ထိုကောင်လေး တွေးသည်က သူသည် အဘိုးအို၏ အစီအရင်က ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်း ရှားပါးသည့် အစီအရင်ဖြစ်ကြောင်း ချီးကျူး ပြောလိုက်ဆိုခြင်း ဖြစ်သည်ဟု သူ့ကိုယ်သူ ထင်နေ၏။
သို့သော် အဘိုးအိုသည် သူ ဤနေရာအား ရှာတွေ့ခဲ့ခြင်းမှာ အစီအရင်ကြောင့် မဟုတ်မှန်း သူ့ကိုယ်သူသာ သိပေသည်။ သေတ္တာအား ဖွင့်သည့် အစီအရင်ဆရာသည် မျက်နှာဖုံးပေါ်မှ အစီအရင်အား သတိထားမိ သွားကာ ထိုအစီအရင်ကို ဖျက်ဆီးခဲ့ပေသည်။ ထို့ကြောင့် ထိုသေတ္တာအား ဖွင့်ခဲ့သည့် အစီအရင် ဆရာသည် အလွန်ကို ကျွမ်းကျင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။
သို့သော် ထိုဆရာ မမျှော်လင့် ထားခဲ့သည်မှာ မျက်နှာဖုံးပေါ်မှ အစီအရင်ကို အသက်သွင်း လိုက်သည်နှင့် ထိုအရာသည် ဆွဲသီးပေါ်မှ ပစ္စည်းတစ်ခုကို လှုံ့ဆော် ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ သားရဲများသာ အနံ့ခံနိုင်သည့် အနံ့တစ်မျိုး ထွက်ပေါ် လာကြောင်းပင် ဖြစ်၏။
ထိုအနံ့ကြောင့်သာ မဟုတ်ဘူးဆိုလျှင် ဝမ်ရှန်းရှိနေသည့် နေရာကို ထိုအဘိုးအိုလည်း ရှာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုလူငယ်၏ စကားကို ကြားလိုက်ရသည့် အချိန်တွင် အဘိုးအို၏ မျက်နှာ အနည်းငယ် ရဲတက် သွားခဲ့တော့သည်။
သို့သော် ယခုတွင် ဝမ်ရှန်းက ဤရွာအတွင်း၌ ရှိနေကြောင်းကို သူတို့ အတည်ပြုပြီး ဖြစ်၏။ ထို့ပြင် ဤနေရာတွင် အဆင့်မြင့် ဝိညာဉ်သခင်များ မရှိနေချေ။ ဝမ်ရှန်း အနားတွင် ကောင်းကင်ဘုံ ဈေးတန်းမှ သာမည ပန်းပုဆရာ အဘိုးအိုနှင့် ရွာအတွင်း၌ ဖြစ်ကတတ်ဆန်း နေထိုင်နေသည့် တာအိုဘုန်းတော်ကြီး တစ်ပါးသာ ရှိပေသည်။
ဤအခြေအနေသည် အခွင့်အရေး ကောင်းပင်ဖြစ်၏၊ သူတို့ ဝမ်ရှန်းကို နောက်တစ်ကြိမ် လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ…
***