အပိုင်း ၂၁၂
အဆင့်မြင့် ဝိညာဉ်သခင် (၁)
ဝမ်ရှန်းသည် အင်ပါယာမြို့တော် အတွင်းရှိ ကောင်းကင်ဘုံဈေးတန်း၌ ရှိနေစဉ်တွင် သူ့စကားကြောင့် ပန်းပဲဆရာ အဘိုးအိုသည်လည်း အဆင့်တက် သွားခဲ့၏။ ဤအဖြစ်အပျက်သည် သူတို့ကြားမှ ဆက်ဆံရေးကို ပိုမိုကောင်းမွန် သွားစေခဲ့သည့် အဖြစ်အပျက်ပင် ဖြစ်သည်။
ယခု ဝမ်ရှန်း ဆရာလု၏ အလုပ်သင် ကောင်လေးဖြင့် ပန်းပုပညာရပ် သင်ကြား နေရသည်မှာလည်း ပန်းပဲဆရာ အဘိုးအိုက သူ့အား ကျေးဇူးတင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဆရာလု အဆင့်တက်သည်ကို ဝမ်ရှန်း နောက်တစ်ကြိမ် မြင်လိုက်ရ၏။
ဤအရာသည် မတိုက်ဆိုင်လွန်း နေဘူးလား…
ဝမ်ရှန်း စိတ်ထဲမှ အံ့သြတကြီး ရေရွတ်လိုက်၏။ သို့သော် သူ အငြိမ်မနေနေပေ။ ဆရာလုနား၌ ရှိသော စားပွဲနှင့် ကုလားထိုင်များကို အလျင်အမြန် သိမ်းဆည်းကာ အလုပ်သင် ကောင်လေးကိုလည်း ဆရာလုနှင့် ဝေးရာသို့ ခေါ်သွားလိုက်သည်။
ဆရာလု၏ ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ စုစည်းတော့မည် ဖြစ်သည့် အတွက်ကြောင့် သူ့နား၌ နေနေခြင်းက မသင့်တော်ပေ။ ဝမ်ရှန်းက ကိစ္စမရှိသော်လည်း အလုပ်သင် ကောင်လေးသည် ငယ်သေးကာ ဝိညာဉ်အဆင့် ပထမအဆင့်ပင် မရောက်သေးပေ။ ထို့ကြောင့် ဆရာလုဘေး၌ နီးနီးကပ်ကပ်နေ၍ မရပေ။ ဝိညာဉ်စွမ်းအား စုစည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ကို ထိခိုက်နိုင်ပေသည်။
အလုပ်သင် ကောင်လေးအား နေရာချ ပေးပြီးနောက် ဝမ်ရှန်း ရုတ်တရက် တစ်စုံတစ်ခုအား ခံစားမိသွားကာ ထိုနေရာဘက်သို့ လှည့်ကြည့် လိုက်သည်။ ထိုနေရာတွင် တာအိုဘုန်းတော်ကြီး လင်ရှူးကို သူ တွေ့လိုက်ရ၏။
အစောပိုင်းတွင် ဝမ်ရှန်းသည် အလုပ်သင် ကောင်လေးနှင့် ဆရာလုတို့ဖြင့် ညစာ စားနေခြင်း ဖြစ်ကာ ဆရာလုမှ သူတို့နှစ်ယောက်အား သင်ကြား ပို့ချနေခြင်းဖြစ်၏။ ဆရာလုနှင့် လင်ရှူးတို့သည် ကောင်းမွန်သည့် ဆက်ဆံရေးရှိလျှင်ပင် ယခုအချိန်သည် သူ ဤနေရာ၌ ပေါ်လာရန် သင့်တော်သည့်အချိန် မဟုတ်ပေ။
ဆရာလု၏ ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ ရုတ်တရက် စုစည်းလာသည်ကို လင်ရှူးသည် အဝေးမှပင် ခံစားမိပေသည်။ ထို့ကြောင့်ပင် သူသည် ဆရာလုအား ကာကွယ်ပေးရန် အတွက် ဤနေရာသို့ အပြေးအလွှား ပြေးလာခဲ့ခြင်း ဖြစ်၏။
ဤနေရာရှိ လူများထဲတွင် ဆရာလုသည် ဤကဲ့သို့ ပြင်းထန်သည့် ဝိညာဉ်စွမ်းအားများ ဖြစ်ပေါ်စေနိုင်သည့် တစ်ဦးတည်းသော လူဖြစ်သည်။ ရွာအတွင်းရှိ အခြားလူများသည် ထို့လောက် မဟုတ်ပေ။ ရွာတွင်းတွင် ဝမ်ရှန်းအား အင်အား အကြီးဆုံးလူဟု သတ်မှတ်၍ ရသော်လည်း ဝမ်ရှန်းသည်လည်း ဤကဲ့သို့ ကြီးမားသည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အပြေးအလွှား လာကြည့်သည့် အချိန်တွင် အမှန်တကယ်ကို ဆရာလု ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။ ထို့နောက် လင်ရှူးသည် ဘာကိုမှ ဂရုမစိုက်ဘဲ ထိုခြံဝန်းကိုသာ လှည့်ပတ် စစ်ဆေးကြည့်လိုက်၏။ မည်သည့် အပြင်လူမှ မရှိကြောင်း သေချာသွားသည့် အချိန်မှသာ ဝမ်ရှန်း နေရာရွှေ့ထားသည့် စားပွဲ၌ထိုင်ကာ ဆရာလုအား စောင့်ကြပ် ပေးနေလိုက်သည်။
ထိုနေရာ၌ ထိုင်ကာ လင်ရှူးသည် ဝမ်ရှန်းကို လာထိုင်ရန် လက်ယက် ခေါ်လိုက်၏။ ဝမ်ရှန်းသည်လည်း ငြင်းမနေတော့ဘဲ ဝိုင်အချို့ သယ်ကာ စားပွဲဆီသို့ သွားလိုက်သည်။ ထို့နောက် လင်ရှူးနှင့်အတူ ဆရာလု၏ ခန္ဓာကိုယ်သို့ ဝိညာဉ်စွမ်းအားများ စုစည်း လာနေသည်ကို ကြည့်နေလိုက်သည်။
ဆရာလုနှင့် ဤကဲ့သို့ နီးနီးကပ်ကပ် ထိုင်နေသည့် အတွက်ကြောင့် ဝိညာဉ်စွမ်းအားများက ဝမ်ရှန်း၏ ခန္ဓာကိုယ်အား သေချာပေါက် ဖြတ်တိုက် သွားပေသည်။ ထိုကဲ့သို့ ဖြတ်တိုက်ခြင်းမှလည်း အကျိုးရလဒ် အနည်းငယ် ရရှိပေသည်။ သို့သော် ဝမ်ရှန်း၏ စကားကြောင့် ဆရာလု အဆင့်တက် သွားခြင်းက ပိုမိုကြီးမားသည့် အကျိုးကျေးဇူးပင် ဖြစ်၏။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုရင် ဤအခွင့်အရေးကို အသုံးချကာ ဆရာလုအား လောင်ဇီရုပ်ထု ထွင်းထုရာ၌ သူကိုယ်တိုင် ဝင်ရောက် ကူညီပေးရန် တောင်းဆိုမည် ဆိုလျှင် သူသည် သေချာပေါက် တုံ့ဆိုင်းမှု မရှိဘဲ သဘောတူမည် ဖြစ်၏။
သို့သော် ယခုအချိန်တွင် ထိုအကြောင်း တွေးရန် လိုသေးပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် လင်ရှူးနှင့်အတူ ဝိုင်သောက်၍သာ ထိုင်စောင့် နေလိုက်၏။
ဝမ်ရှန်းသည် ယခင်တွင် ပန်းပဲဆရာ အဘိုးအို အဆင့်တက်သည်ကို မြင်တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဆရာလု၏ ခန္ဓာကိုယ် အတွင်းသို့ ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်မှာ ၁၀ နာရီကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ဝမ်ရှန်း မအံ့သြမိတော့ပေ။
ယခုတစ်ကြိမ်တွင် ဆရာလုသည် နေ့လယ် အချိန်ပိုင်း အဆင့် စတင်တက်ခဲ့ကာ နောက်တစ်နေ့မနက် ရောက်သည့် အချိန်အထိပင် မပြီးသေးချေ။ ယခုတွင် စုစုပေါင်း ၁၈ နာရီပင် ကြာမြင့်နေပြီဖြစ်၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆရာလု၏ ဝိညာဉ်အဆင့်က ပန်းပဲဆရာ အဘိုးအိုထက် ပိုမြင့်ကြောင်း သိသာပေသည်။
၁၈ နာရီကျော် ကြာမြင့်ပြီး သွားသည့် အချိန်မှာမှ ဆရာလု မျက်လုံးများ ပွင့်လာခဲ့သည်။ ထိုအချိန်တွင် သူ ဝမ်ရှန်းနှင့် တာအိုဘုန်းတော်ကြီး လင်ရှူးတို့အား မြင်လိုက်ရသည်။ အလုပ်သင် ကောင်လေးကမူ ညလုံးပေါက် မနေနိုင်သောကြောင့် ဝမ်ရှန်းမှ သူ့အား အိမ်ခေါ်သွားကာ သိပ်ခဲ့ခြင်းဖြစ်၏။
“ဟေး…”
အဆင့်တက်ရာမှ ပြီးမြောက် သွားပြီးနောက် ဆရာလု၏ ပထမဆုံး စကားမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် စကားပင်ဖြစ်၏။
“အဘိုးကြီး၊ ငါ သူ့ကို သင်ကြား ပြသနေတုန်းပဲ ရှိသေးတယ်၊ ဒါပေမယ့် ငါ့စကား မဆုံးခင်မှာပဲ ငါက သူသင်ကြား ပြသပေးတာကို ခံလိုက်ရတယ်။ ရှက်စရာပဲ၊ ရှက်စရာ ကောင်းလိုက်တာ”
ဤစကားများသည် ဝမ်ရှန်းအား ရည်ညွှန်း ပြောဆိုခြင်း ဖြစ်ကြောင်း သိသာပေသည်။ ထိုစကားထဲတွင် ကျေးဇူးတင်သည့် စကားများ မပါဝင်သော်လည်း သူ၏လေသံထဲတွင်တော့ ကျေးဇူးတင်သည့် အနေအထားသို့ သိသိသာသာ ပါဝင်နေပေသည်။ ကျေးဇူးတင် စကားများသည် သူတို့ကြားတွင် ပြောစရာ မလိုသည့် စကားများပင် ဖြစ်၏။
“ဒါက ဆရာ ကံကောင်းတာပါ၊ ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ”
ဝမ်ရှန်းမှ အလျင်အမြန် ပြန်လည် ချေပလိုက်၏။ သူသည် သူ့ကမ္ဘာပေါ်ရှိ ရှေးပညာရှိများ ပြောဆိုသည့် စကားများကိုသာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်၊ ထိုစကားများက သူ့စကားများ ဖြစ်သည်ဟု သူ မပြောရဲပေ။
သို့သော် ဆရာလုနှင့် လင်ရှူးတို့က ထိုကဲ့သို့ မတွေးကြောင်း သိသာပေသည်။ သူတို့ အမြင်တွင် ထိုစကားများသည် ဝမ်ရှန်း၏ ပါးစပ်မှ ထွက်လာသည့် စကားများဖြစ်၏။ ထို့ကြောင့် ထိုစကားများသည် ဝမ်ရှန်း၏ စကားများသာ ဖြစ်သည်။
ထို့နောက် သူတို့ သုံးယောက်လုံးသည် ဆရာလုအတွက် ဂုဏ်ပြုသည့် အနေဖြင့် စိတ်လက်ပေါ့ပါးစွာ ဆက်လက် သောက်စား လိုက်ကြသည်။ ထိုကဲ့သို့ စကားစမြည် ပြောနေကြသည့် အချိန်မှာပင် ဆရာလုအား အဆင့်တက် သွားစေသည့် စကားအကြောင်းလည်း ပါလာခဲ့ပေသည်။
“နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားတယ်၊ ဘာပြောရမလဲတောင် မသိတော့ဘူး”
လင်ရှူးမှ မှတ်ချက် ပြုလိုက်သည်။ သို့သော် သူသည် ဆက်လက်၍ ပြန်လည် ချီးကျူးလိုက်၏။
“ဒါပေမယ့် သေချာ စဉ်းစားကြည့်မယ် ဆိုရင် နည်းနည်းတော့ အဓိပ္ပာယ် ရှိပါတယ်”
“နည်းနည်းကို မကတာ”
ဆရာလုသည် ဤစကားများကြောင့် အဆင့်တက်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ့စိတ်ထဲမှ ခံစားချက်သည် အလွန်ကို ပြင်းထန် နေပေသည်။
“ပိုစဉ်းစားကြည့်လေ ပိုပြီး အဓိပ္ပာယ် ပြည့်ဝလေပဲ။ ဟိုအဘိုးကြီးတွေကို ပြန်ပြောပြမယ်ဆိုရင် သူတို့လည်း အဆင့်တက်ချင် တက်သွားနိုင်တယ်”
ဆရာလုသည် ဤကဲ့သို့သော စကားမျိုးကို အလွန် တန်ဖိုးထားပေသည်။ ထို့ကြောင့် ထိုစကားဆုံးသည်နှင့် သူသည် ဝမ်ရှန်းဘက်သို့ လှည့်ကာ –
“စိတ်မပူပါနဲ့။ ငါ သူတို့ကို ပြန်သွားပြောတယ် ဆိုရင်တောင် မင်းပြောတယ်လို့ပဲ ငါပြောမှာပါ”
“ကျွန်တော်က ဒီတိုင်းပဲ ပြောလိုက်တာပါ။ အဲ့လို မပြောလည်း ရပါတယ်ဗျာ”
ဤစကားမှ လွဲ၍လည်း ဝမ်ရှန်း အခြား ဘာပြောနိုင်ဦးမည်နည်း။ နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်းသာ တတ်နိုင်ပေသည်။
“မင်းက ဒီတိုင်းပဲ ပြောလိုက်တာ ဆိုပေမယ့် ငါ ၁၀ နှစ်လောက် လမ်းမှား ရောက်နေတာကို မင်းက ကယ်တင် ပေးလိုက်တာပဲကွ”
ဆရာလုမှ ပြုံး၍ ပြန်ပြောလိုက်၏။ ထို့နောက် ထိုကိစ္စနှင့် ပတ်သက်၍ သူဘာမှ ဆက်မပြောတော့ပေ။
ဝမ်ရှန်းသည် ထိုဂုဏ်ပုဒ်မျိုးကို တကယ်ပဲ ဂရုမစိုက်ပေ။ ဆရာလုက သူ့အား အမှန်အကန်တွေ ကျေးဇူးတင်နေသည့် အတွက်ကြောင့် ဝမ်ရှန်းလည်း ဆက်ပြီး ငြင်းမနေတော့ပဲ နေလိုက်သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်း သိချင်နေသည့် အရာမှာ အခြားတစ်ခုဖြစ်၏။
“ဆရာလု၊ ဆရာ့ဝိညာဉ်အဆင့် ဘယ်လောက်ရှိပြီလဲ ဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား”
“မင်း ငါ့ကို ဆရာလို့ တပ်ခေါ်စရာ မလိုပါဘူး။ ဆန္ဒရှိရင် ငါ့ကို အဘိုးကြီးလုလို့ပဲ ခေါ်လို့ရတယ်”
ဆရာလုမှ ဝမ်ရှန်း၏ မေးခွန်းအား တိုက်ရိုက် ပြန်မဖြေခဲ့ပေ။ အခြားအကြောင်းသာ ပြောလိုက်၏။
“နောက်ကျရင် ငါလည်း မင်းကို ကြေးစားကောင်လေးလို့ မခေါ်တော့ဘူး၊ ဘယ်လိုလဲ…”
“ဟုတ်ပါပြီ၊ သဘောပါဗျာ”
ဝမ်ရှန်းသည် ဂုဏ်ပုဒ်များကို သိပ်ပြီး ဂရုမစိုက်ပေ။ ထို့ကြောင့် ဘာမှမစဉ်းစားဘဲ ခေါင်းသာ ညိတ်လိုက်၏။
“မင်း ငါ့ကို ငါ့ဝိညာဉ်အဆင့် အကြောင်း မေးခဲ့တယ်နော်။ ဒါပေမယ့် ငါ့ကိုယ်ငါတောင် အဲ့ဒါတွေကို ဂရုမစိုက်တာ တော်တော် ကြာနေပြီ”
ဆရာလုမှ ပြုံး၍ ပြောကာ ဝမ်ရှန်းနှင့် လင်ရှူးတို့နှင့် ခွက်ချင်း တိုက်လိုက်၏။ ထို့နောက် ဆက်၍ –
“တာအိုဘုန်းတော်ကြီး ရှေ့မှာ ငါ အဲ့လို့တော့ မပြောရဲပါဘူး။ ဒါပေမယ့် အခုကလေးတင် ငါ အဋ္ဌမအဆင့် တက်သွားတာပဲ”
ဖွီး…
ဝမ်ရှန်းသည် သူ့ပါးစပ်ထဲရှိ ဝိုင်ကို ထွေးထုတ်လုမိ နီးပါးပင် ဖြစ်သွားခဲ့၏။ အဋ္ဌမအဆင့် ဝိညာဉ်သခင်တစ်ယောက် ဟုတ်လား… ပြောရမည်ဆိုလျှင် ယခင် သူ အင်ပါယာမြို့တော် အတွင်း၌ ရှိစဉ်တွင် ဆရာလုသည် သတ္တမအဆင့် ဝိညာဉ်သခင်သာ ဖြစ်၏။
“ဆရာတို့က ဘယ်လိုများ ကျင့်ကြံကြတာလဲ”
ဆရာလုနှင့် လင်ရှူးတို့အား ကြည့်ကာ ဝမ်ရှန်းသည် မနာလို အားကျမှုကြောင့် သွားရည်တများများပင် ကျတော့မည်ဖြစ်၏။
***