Switch Mode

Chapter – 211

ဆရာလု၏ လမ်းညွှန်မှု (၂)

အပိုင်း ၂၁၁
ဆရာလု၏ လမ်းညွှန်မှု (၂)

အလုပ်သင် ကောင်လေးသည် ငယ်ရွယ်သေးသော်လည်း ဝမ်ရှန်းအား သင်ကြားပေးရာတွင် ဘာမှခိုကပ်ခြင်းမျိုး မရှိပေ။ ဒါ့ပြင် ဝမ်ရှန်း ဤကဲ့သို့ အလွယ်တကူ တတ်မြောက်ခြင်းမှာလည်း ပန်းပုပညာရပ်အပေါ် စိတ်ပါဝင်စားမှုနှင့် မခိုမကပ် လေ့ကျင့်မှုကြောင့်လည်း ပါဝင်ပေသည်။

ထို့အပြင် ဝမ်ရှန်းသည် သူ၏အင်အားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းက အခြေခံများကို လျင်မြန်စွာ ကျွမ်းကျင် ပိုင်နိုင်ခဲ့ခြင်း၏ အဓိက အကြောင်းအရင်း တစ်ခုဖြစ်၏။ ယခုတွင်မူ ပန်းပုများကို ထုလုပ်သည့် အခြေခံပညာရပ်တွင် ဝမ်ရှန်းသည် အလုပ်သင် ကောင်လေးထက် ပိုသာသွားပြီ ဖြစ်၏။

“အခြေခံဖြစ်တဲ့ ပုံဖော်တာကို မင်း ဆက်သင်သင့်တယ်”

ဝမ်ရှန်းအား ကျောက်တုံးတစ်တုံး ထွင်းထု ခိုင်းပြီးနောက် ဆရာလုမှ ထိုကဲ့သို့ မှတ်ချက်ပေးလိုက်သည်။

“မင်းက ဒီထက်ပိုရှုပ်ထွေးတဲ့ ပုံစံတွေကိုတောင် ထွင်းထုဖို့ အဆင်သင့် ဖြစ်နေပြီပဲ”

ဝမ်ရှန်းသည် ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်ရင်း ဆရာလု ဆက်ပြော လာမည်ကို စောင့်နေလိုက်၏။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် အခု မင်းလုပ်နေတဲ့ ပုံစံတွေက တစ်သမတ်တည်း သွားလွန်းနေတယ်”

ဆရာလုသည် အစပိုင်းတွင် ကြားရသည့် လူများကို ပျော်ရွှင်စေသည့် စကားအကောင်းများသာ ပြောခဲ့၏။ တစ်လကျော်အတွင်း ဤအဆင့်အထိ တတ်မြောက်နိုင်ခဲ့ခြင်းကလည်း ဝမ်ရှန်းသည် ချီးကျူးမှုနှင့် အမှန်တကယ် ထိုက်တန်နေပြီ ဖြစ်သည်။

“တစ်ခုခုကို လုပ်တဲ့အချိန်ကျရင် စည်းမျဉ်း စည်းကမ်းအတိုင်း တစ်သမတ်တည်း သွားတာက ကိုယ်လိုချင်တဲ့ အရာကို လုပ်နိုင်တယ်ဆိုတာ မှန်တယ်။ ပြီးတော့ အဲ့လိုလုပ်တာက အရည်အချင်းရှိတယ် ဆိုတာလည်း မှန်တယ်”

ဆရာလုသည် စကားလက်စရပ်ကာ ဝမ်ရှန်း ကိုယ်တိုင် ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားသောက်လိုက်၏။ ထို့နောက် ဆက်၍-

“ဒါပေမယ့် ဒီလိုပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် အလွန်ဆုံး အနေနဲ့ မင်း ပန်းပုဆရာအဆင့်တော့ ရောက်မှာပဲ။ ဒါပေမယ့် နာမည်ကြီး ပန်းပုဆရာ တစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ နားလည်လား…”

ဘာနားမလည်စရာ အကြောင်းရှိသနည်း…

ထိုစကားသည် ဝမ်ရှန်း၏ လက်ရှိ အခြေအနေကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ လက်ရှိတွင် သူသည် ရုပ်ထုကိုသာ ထုလုပ်ခြင်းဖြစ်ကာ စိတ်ဝိညာဉ် မပါနေပေ။ သူ့ကိုယ်ပိုင်ပုံစံ မရှိလျှင်၊ သူ့ကိုယ်ပိုင် အနုပညာ အမြင်မရှိလျှင် သူသည် သာမန် ပန်းပုဆရာ တစ်ယောက်သာ ဖြစ်ကာ ထို့ထက် ဘာမှပိုမည် မဟုတ်ပေ။

တစ်လကျော်ကြာ သင်ယူပြီး နောက်တွင် ဝမ်ရှန်းသည် ပန်းပုပညာကို အခြေခံလုံးဝ မရှိသည့်လူ တစ်ယောက်အဖြစ်မှ ဤအဆင့်အထိ ရောက်လာနိုင်ခဲ့သည်။ ထိုအရာကိုပင် ဝမ်ရှန်း အလွန် ကျေနပ်နေပြီ ဖြစ်၏။ ထိုကဲ့သို့ဆိုလျှင် ဆရာလု၏ စကားများက ဝမ်ရှန်းအား သိမ်ငယ်စေအောင် လုပ်နေခြင်းလား… မဟုတ်ပေ၊ သူ့စကားသံထဲတွင် ကျေနပ်သည့် လေသံများ ပါဝင်နေပေသည်။

“မင်း နာမည်ကြီး ပန်းပုဆရာ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သဘာဝကျကျနဲ့ မင်းပုံစံအတိုင်း မင်း ထွင်းထုဖို့ လိုအပ်တယ်”

ဆရာလုမှ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်၏။

“အဲ့လိုလုပ်ဖို့က ခက်တယ် ဆိုပေမယ့် ကြိုးစားလုပ်ရမှာပဲ”

“ဘယ်လိုလုပ်မှ အဲ့လို လုပ်နိုင်မှာလဲ”

ဝမ်ရှန်းမှ စိတ်ပါဝင်စားစွာ မေးလိုက်၏။

“အရင်ဆုံး လေ့ကျင့်ရမယ်”

ဆရာလုမှ အရိုးရှင်းဆုံး အဖြေ ပေးလိုက်သည်။

“မင်း လေ့ကျင့်ခဲ့တဲ့ လူသတ်တဲ့ နည်းလမ်းတွေလိုပဲ များများလေ့ကျင့်။ လေ့ကျင့်လေ ပိုပိုပြီး ပြည့်စုံလေပဲ။ အဲ့လိုဆိုရင် မင်း လိုချင်တဲ့ ဘယ်လိုပုံစံ အနေအထားမျိုးကို မဆို အချိန်မရွေး နေရာမရွေး ဘယ်လို နည်းလမ်းမျိုးနဲ့ပဲဖြစ်ဖြစ် တူတစ်ချောင်း၊ ဆောက်တစ်ချောင်း ရှိရင်ကို ထွင်းထုလို့ရပြီ။ ပြီးရင် နောက်တစ်ဆင့် တက်လို့ရပြီ”

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အရင်တုန်းက မင်း လေ့ကျင့်ခဲ့တာတွေက အခြေခံကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့ကျင့်တာလေးပဲ။ တူနဲ့ဆောက် ကိုင်တာနဲ့ အကျွမ်းဝင် သွားအောင် လေ့ကျင့်တာပေါ့” ဆရာလုမှ ဆက်ပြောလိုက်၏။

“ဒါပေမယ့် အဲ့ဒါတွေကို ကျွမ်းကျင်သွားတဲ့ အချိန်ကျရင် မင်း တူတွေ ဆောက်တွေကို ဂရုစိုက်စရာ မလိုတော့ဘူး။ မင်းရဲ့စိတ်ကူး ပုံစံကို မှီပြီး ထုလိုက်ရုံပဲ”

“တစ်ခုလုံးကို မင်းစိတ်ကူး အတွေးပေါ် မူတည်ပြီး ထွင်းထုနိုင်ပြီ ဆိုရင် ပန်းပုထုတာက ဘယ်လောက်မှ မခက်ဘူးဆိုတာ မင်း တွေ့လာ ရလိမ့်မယ်။ အဲ့ဒါက မင်းတတ်ထားတဲ့ အခြေခံပညာကို သုံးပြီး မင်းရဲ့ စိတ်ကူးအတွေးကို ပုံဖော်တာနဲ့ ဘာမှမကွာတော့ဘူး”

ဆရာလုမှ ပြုံး၍ ဆက်ပြော လိုက်သည်။ “တူနဲ့ဆောက်တွေ ဆိုတာကလည်း မင်းလက်ထဲမှာ ပန်းချီစုတ်တံတွေလို ဖြစ်သွားမှာပဲ”

“ဒါဆို စမလုပ်ခင်မှာ အရင်ဆုံး စိတ်ကူးပုံဖော် ကြည့်ရမှာ.. ၊ ဟုတ်.. နားလည်ပါပြီ”

ဝမ်ရှန်းမှ နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်သည်။

ဝမ်ရှန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဆရာလု အံ့သြသွားခဲ့သည်။ သို့သော် ဝမ်ရှန်းအပေါ် ချီးကျူးစိတ်များတော့ မပျောက်ပျက် သွားခဲ့ပေ။ ဝမ်ရှန်း၏ ယုံကြည်မှုများက ဘယ်က ရောက်လာမှန်း သူ မသိသော်လည်း ထိုကဲ့သို့ တွေးမိသည်ကိုက မဆိုးလှပေ။

“မင်းပုံစံအတိုင်း ထွင်းထုနိုင်ပြီဆိုရင် မင်း နာမည်ကြီး ပန်းပုဆရာ တစ်ယောက် ဖြစ်လာမှာပဲ”

“အဲ့လိုဖြစ်လာပြီ ထားပါတော့၊ နောက်ကျတော့ကော”

ဝမ်ရှန်းမှ တုံ့ဆိုင်း မနေတော့ဘဲ နောက်ထပ် ဆက်မေးလိုက်၏။

“အစောတုန်းက စကားအတိုင်းပဲ ဆက်လေ့ကျင့်ရမှာပေါ့။ ပစ္စည်းတစ်ခုကို မြင်တာနဲ့ ဒါကို ဘယ်လို ပုံသွင်းရင် ကောင်းနိုင်လောက်တယ်လို့ ချက်ချင်း စဉ်းစားမိတဲ့အထိ၊ ပြီးတော့ အဲ့လို စဉ်းစားမိတာကို လက်တွေ့ လုပ်နိုင်တဲ့အထိ လေ့ကျင့်ရမယ်”

ဝမ်ရှန်းမှ ဝမရှိဘဲ ဝိလုပ်ချင်ကာ အလောကြီး နေသည်ကို ဆရာလု အပြစ်မတင်ပေ။ သူ၏မေးခွန်းကိုသာ ပြန်ဖြေပေးလိုက်၏။

“အဲ့အချိန်ကျရင် မင်းက တိုင်းသိပြည်သိ ပန်းပုဆရာ တစ်ယောက် ဖြစ်ပြီပဲ”

“အဲ့လိုဆိုရင် မင်းက အခြေခံ အကျဆုံး နည်းလမ်းနဲ့ ထွင်းထုမယ် ဆိုရင်တောင် အဲ့ထဲမှာပါတဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို လူတွေက ဘယ်လိုလုပ် မမြင်ဘဲနေမှာလဲ”

ဆရာလုမှ ဝမ်ရှန်း၏ မျက်လုံးများအား စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

ဆရာလုပြောနေသည့် စကားများကို အလုပ်သင် ကောင်လေးနှင့် ဝမ်ရှန်းတို့ နှစ်ယောက်လုံး အတူတူ နားထောင် နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် အလုပ်သင် ကောင်လေးသည် ငယ်သေးသောကြောင့် ဆရာလု ပြောသည်ကို ရှင်းရှင်းလင်းလင်း ကြားကာ ကောင်းကောင်းကြီး မှတ်မိနေသော်လည်း ဘာကို ပြောချင်တာလဲ ဆိုတာကို သူ နားမလည်ပေ။

သို့သော် ယခင်က ဆရာလု သင်ကြားပေးခဲ့ဖူးသည့် အတိုင်းပင် နားမလည်လည်း အရင်ဆုံး မှတ်ထား၍ရ၏။ ပြီးမှ တဖြည်းဖြည်းချင်း နားလည်အောင် လုပ်၍ ရပေသည်။

ဝမ်ရှန်းမူ ထိုစကားများ ကြားပြီးနောက် သူ အတွေးထဲ မျောသွားခဲ့သည်။ ဆရာလု ပြောသွားသည်က အလွန် လွယ်ကူလှ၏၊ သို့သော် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက် နှစ်ပေါင်းများစွာ ကြိုးစားရမည် ဖြစ်ကြောင်း ဝမ်ရှန်း နားလည်ပေသည်။

ဝမ်ရှန်းမှ စဉ်းစားနေစဉ်တွင် ဆရာလုမှ ဆက်လက် စားသောက် နေလိုက်၏။ ထို့နောက် တစ်ခဏကြာပြီး နောက်တွင် သူ ဝမ်ရှန်းအား ပြုံး၍ မေးလိုက်သည်။

“ကောင်လေး၊ မင်း ဘယ်လောက် နားလည်လဲ။ ငါ့ကို ပြန်ပြောပြ ကြည့်စမ်းပါဦး”

“နည်းနည်းပါးပါးတော့ နားလည်ပါတယ်”

ဝမ်ရှန်းသည် နှိမ့်ချပြောဆိုခြင်း မဟုတ်ပေ။ သို့သော် ဤအခွင့်အရေးသည် ဆရာတစ်ယောက်မှ သူ့အား ညွှန်ကြား ပြသပေးသည့် ရှားပါး အခွင့်အရေး တစ်ခုဖြစ်၏။ သူ ဘယ်လိုလုပ် အလွတ်ခံမည်နည်း။ နောက်ပိုင်း၌ နောင်တမရအောင် တစ်ခုခု နားလည်မှု လွဲနေသည်ဆိုလျှင် အကြံဉာဏ် တောင်းရမည်ဖြစ်၏။

“ကျွန်တော်နားလည်တာ မှားတဲ့နေရာ ရှိရင်လည်း ဆရာ ထောက်ပြလို့ ရပါတယ်” ဝမ်ရှန်းမှ နှိမ့်ချစွာ တောင်းဆို လိုက်သည်။

“ပြောပါ”

ဆရာလုမှ စိတ်ဝင်တစား နားထောင် နေလိုက်သည်။

“တောင်တစ်တောင်က တောင်တစ်တောင်ပဲ၊ မြစ်တစ်စင်းကလည်း မြစ်တစ်စင်းပဲ။ ဒါပေမယ့် ရုတ်တရက် တောင်က တောင် မဟုတ်တော့ဘူး။ မြစ်ကလည်း မြစ်မဟုတ်တော့ဘူး”

ဝမ်ရှန်းသည် သူ၏နားလည်မှုနှင့် သူ၏မှတ်ဉာဏ်ကို ပေါင်းစပ်ကာ ဖြေလိုက်၏။

“ဒါပေမယ့် နောက်ဆုံးမှာ တောင်ကလည်း တောင်ပဲ ဖြစ်နေပြီး မြစ်ကလည်း မြစ်တစ်စင်း ဖြစ်နေတာပဲ”

ဝမ်ရှန်း ထိုစကား ပြောလိုက်သည်နှင့် ဆရာလု၏ အော်ရာ ရုတ်တရက် ပြောင်းလဲ သွားခဲ့တော့သည်။

(ပထမအဆင့် တောင်တစ်တောင်သည် တောင်တစ်တောင်သာဖြစ်သည် : တောင်များကို သာမန်လူများ၏ စိတ်ခံစားချက်များ ဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ အမှားအမှန်၊ တဏှာ၊ စွဲလမ်းမှုများအဖြစ် ရှုမြင်ကြည့်ပါ…

ဒုတိယအဆင့် တောင်က တောင်တစ်တောင် မဟုတ်တော့ : ယခုအဆင့်တွင် အာရုံခံအင်္ဂါ ခြောက်ခု ပိတ်သိမ်းသွားပြီ ဖြစ်ကာ မျက်မမြင် နားထိုင်းသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။ အရောင်အဆင်းကြောင့် မယိမ်းယိုင် သွားတော့ပေ၊ အသံကြောင့်လည်း မယိမ်းယိုင် သွားတော့ပေ၊ အတွင်းပိုင်း ငြိမ်းချမ်းမှုကို ခံစားရပြီဖြစ်၏။ ဤအဆင့်တွင် ကောင်းကင်နှင့် မြေကြီးဟူသည်မရှိ၊ ရေများတွင် လှိုင်းများမရှိ၊ မီးများတွင် အခိုးအငွေ့များမရှိ၊ အရာအားလုံးသည် တိတ်ဆိတ် ငြိမ်သက်ခြင်းသာ ဖြစ်၏။

တတိယအဆင့် တောင်သည် တောင်တစ်တောင်သာ ပြန်ဖြစ်သွားခဲ့သည် : ထိုကဲ့သို့ဆိုလျှင် သင်သည် သေမျိုးကမ္ဘာသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် လာပြီဖြစ်၏။ သို့သော် ယခုတစ်ကြိမ်တွင် ကမ္ဘာကြီးအပေါ် မြင်သည့် သင်၏အမြင်သည် ယခင်ကထက် များစွာ ပိုမိုလှပသွားပြီဖြစ်၏။ စွန်းထင်းမှု မရှိဘဲ ရွှံ့နွံအတွင်းမှ ထွက်လာသည့် ကြာပွင့်သဖွယ်ပင် ဖြစ်သည်။

ပထမအဆင့်မှ တတိယအဆင့်အထိ အပြင်ပိုင်းတွင် ဘာမှ ပြောင်းလဲသွားခြင်းမျိုး မရှိပေ။ သို့သော် အတွင်းပိုင်း စိတ်ပိုင်းသည် လုံးဝ ပြောင်းလဲသွားပြီဖြစ်၏)
***

Comment

Leave a Reply

Options

not work with dark mode
Reset