Switch Mode

Chapter – 1 & 15

အပိုင်း(၁) အနှိုင်းမဲ့ ပါရမီရှင်

ဤကမ္ဘာကြီးတွင် ငွေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူများ ပြတ်တောက်မှု မရှိခဲ့ပေ။

၀မ်လင်းက ထိုလူများ အထဲမှ တစ်ယောက်ဟု ဆိုရမည်။

ထို့အပြင် ၀မ်လင်းက ထိုကဲ့သို့သော လူအများထဲတွင် ပို၍ စွမ်းအား ကြီးမားစွာ မွေးဖွားလာသည့် လူတစ်ယောက် ဖြစ်၏။

ရှင်းလင်းစွာဆိုရလျှင် သူ၏ မွေးဖွားမှုက လူအဖွဲ့အစည်း တစ်ခုလုံးကိုပင် ပြောင်းလဲ သွားစေနိုင်သည် အထိပင်။

ရိုးရှင်းစွာ အလှဆင်ထားသော တိုက်ခန်းထဲတွင် ဝမ်မောင်နှံက မျက်နှာထက်တွင် ချစ်ခင်ဖွယ် အပြုံးကို ဆင်မြန်းကာ ကလေးလှည်းကို လှုပ်ခါ၍ ချော့မြူနေသည်။

“ကျမတို့ရဲ့ သားလေးက မျက်စိတစ်မှိတ်အတွင်းမှာ ဒီလောက်ထိ ထွားလာမယ်လို့ မထင်ထားခဲ့ဘူး”

” မိန်းမ ပြောတာ အမှန်ပဲ.. ဒါနဲ့ ဒီနေ့က ငါတို့ လင်းလင်းလေးရဲ့မွေးနေ့ မဟုတ်လား”

“အချစ်ရေ.. ရှင် လက်ဆောင်တစ်ခုခု စီစဥ်ခဲ့သေးလား”

“စီစဥ်ခဲ့တာပေါ့”

လူလတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်က သူ၏ခါးတွင် ချိတ်ထားသည့် ရှည်လျားပြီး တလက်လက် တောက်ပနေသော စိတ်၀ိညာဥ် ရတနာ လက်နက်ကို ဆွဲထုတ်လိုက်သည်။

သူ၏အပြုအမူက နံဘေးတွင်ရှိနေသည့် သတ်လတ်ပိုင်း အရွယ် အမျိုးသမီးကို အံအားသင့်စေခဲ့သည်။

တလက်လက် တောက်ပပြီး စွမ်းအားကြီးပုံရသည့် ရတနာလက်နက်​ကို ကြည်ရင်း သတ်လတ်ပိုင်း အမျိုးသမီးက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
“အဲဒါက ဘာကြီးလဲ”
“ဒါက ဂျင်ဒန်အဆင့် နတ်ဆိုးသတ်ဓားဘဲ”

ထိုစကားကိုပြောနေသည့် ဖေဖေဝမ်ကို ကြည့်ရသည်မှာ သူကိုယ်သူ အလွန် ဂုဏ်ယူနေပုံရသည်။
” ငါတို့ လင်းလင်းလေး အတွက် ဒီလက်ဆောင်ကို ဝယ်ဖို့ နှစ်ဝက်လောက်အထိ ငွေစုခဲ့ရတယ်.. အခုအချိန်အထိ ငါတိုရဲ့ ၀မ်မိသားစုထဲမှာ တစ်ယောက်မှ ရွှေအမြူတေအဆင့်ထိ မရောက်နိုင်ခဲ့ဘူး.. သူက ငါတို့မိသားစုရဲ့ မျှော်လင့်ချက် ဖြစ်လာမယ်လို့ ငါမျှော်လင့်ထားတယ်”

“ဒီလူကြီးက ငါရဲ့ခေါင်းအုံးဘေးနားမှာ ဒီရုပ်ဆိုးဆိုးဓားကို ထားခဲ့တဲ့ အပြင် ဒီဓားက ငါ့ကို နတ်ဆိုးတွေရန်က ကာကွယ်ပေးနိုင်တယ် လို့တောင် ဂုဏ်ယူပြီး ပြောလိုက်သေးတယ်”

ဝမ်လင်းက တအံ့တသြ ရေရွတ်လိုက်သည်။

ထို့နောက်တွင် ဝမ်လင်း၏ မျက်နှာက ရုတ်တရက် တည်ငြိမ်သွားခဲ့ပြီး လူကြီးတစ်ယောက်၏လက် လေးပုံတစ်ပုံလောက်သာ ရှိသည့် သူ၏လက်ပိစိလေးအား ဓားလက်ကိုင်ဆီသို့ တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။

ယင်း​နောက်တွင် နတ်ဆိုးဓားကို မြေပြင်နှင့် နှစ်ချက်မျှ ကိုင်ရိုက်ပြီး တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။

ယင်းအချိန်တွင် ဝမ်လင်းက တစ်နှစ်သားသာ ရှိသေးသည်။

ထိုတစ်နှစ်သား အရွယ်ကပင် သူ၏ လက်ပိစိလေးဖြင့် နတ်ဆိုးဓားအား ဖျက်ဆီးခဲ့သည်။

နတ်ဆိုးဓား ပျက်စီးသွားသည့် နောက်တွင် ဝမ်မောင်နှံက ရာဖြတ်ကြီးကြပ်ရေးရုံးသို့ တိုက်ရိုက် တိုင်ကြားချက် ဖွင့်ခဲ့ပြီး အကျင့် မကောင်းသော ကုန်သည်များက စိတ်၀ိညာဥ် လက်နက်အတုကို ဂျင်းထည့်သွားသည်ဟု ဆိုကာ ဖြေရှင်းချက် တစ်ခုကို တောင်းခံခဲ့ကြသည်။

ဆိုရလျှင် ကလေးတစ်ယောက်က အစစ်အမှန် ဂျင်ဒန်အဆင့်နတ်ဆိုးသတ်ဓားကို မည်သည့်နည်းနှင့်မျှ လက်တစ်ဖက်ဖြင့် ဖျက်ဆီးနိုင်မည် မဟုတ်ဟု သူ့မိဘများက ယုံကြည်ခဲ့ကြ၏။

ထို့ကြောင့်ပင် သူ့မိဘများက နတ်ဆိုးသတ်ဓားအတုကို ဝယ်လာမိသည်ဟု ထင်မှတ်ခဲ့ခြင်းပင်။

ဝမ်လင်းသုံးနှစ် မပြည့်ခင်ကလည်း သစ်သားဓားကိုကျွမ်းကျင်စွာ စီးနင်း နေသည်ကို ဝမ်မောင်နှံက မြင်ခဲ့ရသည်။

ဒီနောက်တွင်တော့ သူတို့ လင်မယား၏ စိတ်ထဲတွင်

“အကယ်၍ ငါတို့ ဝယ်ခဲ့တဲ့ နတ်ဆိုးသတ်ဓားသာ အတု မဟုတ်ခဲ့ဘူး ဆိုရင် ငါတို့သားက ပါရမီရှင်ဆိုတာ သေချာသလောက်ပဲ”

ဟူသည့် သံသယ အတွေးတစ်စက စတင် ဝင်ရောက်လာတော့သည်။

ရက်စက်ကြမ်းကြုတ်သည့် ခေတ်မီလူနေမှု အဖွဲအစည်းနှင့်ကျင့်ကြံခြင်း လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသော ဝမ်မောင်နှံက သူတို့သား ဒုက္ခမရောက်စေရန် ထိုကိစ္စအား သိုသိုသိပ်သိပ် လျှို့၀ှက်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းက ခေတ်မီလူ့အဖွဲအစည်းမှ သိပ္ပံပညာရှင်များ၏ စမ်းသပ်ခြင်းနှင့် မကောင်းသော ကျင့်ကြံသူများ၏ လက်မှ သူတို့၏ သားလေးကို ဘေးကင်းစေရန် အတွက် ဖြစ်သည်။

ဝမ်လင်း၏ မိဘများက ဝမ်လင်းကို သူတို့ ဝမ်မိသားစု အတွက် ကောင်းကင်ဘုံက ပေးသနားသည့် ဆုလက်ဆောင်ဟု ယုံကြည်ခဲ့ကြ၏။

ဝမ်လင်းက သူမိဘများ၏ ထက်မြက်သည့် အတွေးအခေါ်ကြောင့် အသက်ငါးနှစ်အထိ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ခဲ့ရသည်။

၀မ်မောင်နှံ တို့ကြောင့်သာ မဟုတ်ခဲ့လျှင် ဝမ်လင်း၏ ပုံမှန်မဟုတ်သည့် ဖြစ်ရပ်များကြောင့် လူသား သုတေသန ဌာန တစ်ခုတွင် လွန်ခဲ့သည့် နှစ်တွေကတည်းက လူသား စမ်းသပ်ခံအဖြစ် ဖမ်းဆီးခံရမည်မှာ ဧကန်မလွဲပင်။

ထိုအတိုင်းသာဆိုလျှင် သူ့ဘဝက ဇာတ်လမ်းတွဲများ ထဲကလို စမ်းသပ်ခန်းထဲက ကြွက်တစ်ကောင်ကဲသို့ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဝမ်လင်းက အသက်ကြီးလာသည်နှင့် အမျှ သူ၏စွမ်းအားကပါ အတူတကွ တိုးတတ်လာကြောင်း သဘောပေါက်ခဲ့သည်။

အိပ်လိုက်စားလိုက် လုပ်ရင်းနှင့်ပင် သူ၏စွမ်းအားများက နှစ်စဥ် ပုံမှန် တိုးတက်လာခဲ့သည်။

တစ်နှစ်ပြည့်တိုင်း သူ၏ စွမ်းအားအဆင့်က အဆင့်ကြီးတစ်ခုဖြစ်စေ နယ်ပယ်တစ်ခုဖြစ်စေ အလိုအလျောက် ကျော်ဖြတ်သွားစမြဲပင် ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်လင်းက ယခုနှစ်တွင် ၁၆နှစ်အရွယ်ခန့် ရောက်လာခဲ့သည်။

အထက်တန်းကျောင်းကို သူတွေးမိထားသည့် အသက်အရွယ်ထက် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့သည်။

သူ့မိဘများ၏ ဆုံးဖြတ်ချက်အရ သူ့ကိုယ်သူ သာမာန်လူတစ်ဦး အဖြစ်သာ နေထိုင်သွားရန်သာ ဝမ်လင်းတစ်ယောက် ဆုံးဖြတ်ခဲ့သည်။

သူ၏ နေ့စဉ်ဘဝတွင် ထင်ပေါ်ကျော်ကြားမှုတို့ မရှိရလေအောင်လည်း ထိန်းထားနိုင်ခဲ့သည်။

သူက နာမည်ကြီး အထက်ကျောင်းများကို တက်ရောက်ဖို့ မရွေးချယ်ခဲ့ဘဲ ပုံမှန် အများပြည်သူများ တက်ရောက်လေ့ ရှိသည့် အထက်တန်းကျောင်းသို့သာ တတ်ရောက်ရန် ရွေးချယ်ခဲ့သည်၊

ဖေးယန်ခရိုင်.. အမှတ်၆၀ အထက်တန်းကျောင်း။

ဝမ်လင်းက အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်၍ ကျောင်းသို့ သွားခဲ့သည်။

ကျောင်းသို့ရောက်သည်နှင့် ၀မ်လင်းတစ်ယောက် ကျောင်းပတ်ပတ်လည်ကို လိုက်လံ ကြည်ရှုနေခဲ့သည်။

ကျောင်းတစ်ကျောင်းလုံးတွင် ဝင်ပေါက်၌ ထွင်းထုထားသည့် ပန်းပုရုပ်က လွဲ၍ သစ်ပင် အနည်းအငယ်သာ ရှိသည်။

သူတွေးထင်ထားသည်ထက်ပင် ထိုကျောင်းမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာများ ရှိမနေခဲ့ပေ။

အမှတ်၆၀ အထက်တန်းကျောင်းမှာ မြို့၏ အဓိကအထက်တန်းကျောင်းများ ထဲတွင် ပါ၀င်သည့် အလျောက် ကျောင်းမြေပြင်ရှိ သစ်ပင်များအားလုံးက လေထဲမှ စိတ်ဝိညာဥ် ချီစွမ်းအင်များက်ို စုပ်ယူ စုဆောင်းပေးနိုင်စွမ်း ရှိသည်။

ထို့အပြင် ကျောင်းသားများက သူတို့၏ သင်ယူမှုကို အထောက်အကူ ပေးမည့် စိတ်အာရုံတည်ငြိမ် လန်းဆန်းအောင် လုပ်ပေးသည့် အစီအရင်များရှိသည့် စာသင်ခန်းများတွင်လည်း သင်ကြားခွင့်ရှိ၏။

သို့သော်လည်း ကျောင်းသားများ အတွက် စိတ်ဝိညာဥ် စုဆောင်းခြင်း အစီအရင်မှ လာသည့် စွမ်းအင်များက ၀မ်လင်းအတွက်တော့ အသုံးမဝင်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းအင် အဆင့်မှာ အလွန် မြင့်မားနေသောကြောင့်ပင်။

ထိုစွမ်းအင်များက သူ့အတွက်တော့ ရေကန်ကြီးထဲကို လောင်းထည့်လိုက်သည့် ရေတစ်ခွက်စာ ပမာဏလောက်သာ ဖြစ်နေသည်။

ဝမ်လင်းက သူ၏ စုပ်ယူမှုကြောင့် အခြားသူများ ဒုက္ခရောက်မည်ကို မလိုလားပေ။

သူက ယခုအချိန်တွင် ကျောင်းပတ်ဝန်းကျင်နှင့် အနည်းငယ်စိမ်းနေသေးသော်လည်း အလွန်ကျေနပ်မှု ရှိနေသည်။

အနည်းဆုံးတော့ ဤနေရာက သူ၏စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားရန် အလွန်သင့်လျော်သည် မဟုတ်ပါလား။

ယနေ့တွင် ခြောက်ဆယ် အထက်တန်းကျောင်းက ကျောင်းသားသစ်များကို ကြိုဆိုသည့် အခမ်းအနားနှင့် အဆင့်ခွဲခြင်း စာမေးပွဲကို ကျင်းပလျက် ရှိသည်။

ကျောင်းသားအသစ်များက ကျောင်းသို့ တရား၀င် မတက်ရောက်မီ ကျောင်း၏ အာဏာပိုင်များက ကျောင်းသားတစ်ဦးစီကို အဆင့်သတ်မှတ်ရန် စာမေးပွဲစစ်မည် ဖြစ်သည်။

ထိုစာမေးပွဲမှရရှိမည့် ရလဒ်အပေါ်ကို အခြေခံပြီးမှ သူတို့ကို အထက်တန်းလွှာ.. အဆင့်မြင့်.. ပုံမှန် နှင့် ကုစားပြန်ဖြေသူများ ဟူ၍ ပြန်လည် ခွဲခြားမည် ဖြစ်သည်။

၀မ်လင်းက ကြည်လင်ပြတ်သားသော ဖန်သားမျက်နှာပြင် ရှေ့တွင် ရပ်နေသည်။

သူက ဖန်သားပြင်မှ ညွှန်ကြားချက်အတိုင်း လိုက်၍ စာမေးပွဲ စစ်မည့် နေရာကို ရှာဖွေခဲ့သည်။

သူက အများ မျက်စိထဲတွင် ထင်းခနဲ ဖြစ်စေမည့် အထက်တန်းလွှာ ကျောင်းသား မဖြစ်လိုခဲ့ပေ။

သို့ရာတွင် ကုစားပြန်ဖြေသူ ဖြစ်ခဲ့လျှင်လည်း သူ၏ ဂုဏ်သိက္ခာက အနည်းငယ် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။

ထိုအရာအားလုံးကို ထည့်သွင်း စဉ်းစားပြီးနောက်တွင် ဝမ်လင်းက အဆင့်မြင့် သို့မဟုတ် သာမန်ကျောင်းသား အဖြစ် ရွေးချယ်ခံရခြင်းကသာ သူ့အတွက် အကောင်းမွန်ဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

“တစ်ဆိတ်လောက်ပါ.. နင် Grade 1 အခန်းနံပါတ်၃ကို သိလား”

ရုတ်တရက် ၀မ်လင်းနောက်မှ ချိုသာသော အသံတစ်သံက ထွက်ပေါ်လာသည်။

ဝမ်လင်းက နောက်သို့ လှည့်ကြည့်လိုက်ရာ တစ်စက္ကန့်မျှ မှင်သက်သွားခဲ့သည်။

သူက ကျောင်းတံခါး၀ကို ဖြတ်လျှောက်လာကတည်းက ထိုမိန်းကလေး၏ အရှိန်အဝါကို အဝေးကနေ ခံစားမိခဲ့သည်။

သူမက သူ့နှင့်စကားပြောဆိုရန် အစပျိုး လုပ်ဆောင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့မျက်လုံးထောင့်မှ ဖျက်ခနဲကြည့်လိုက်ရုံဖြင့်ပင် သူမက အလွန်လှပသော မိန်းကလေးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်မိသည်။

“နင်ရော အခန်းနံပါတ်၃ကပဲလား”

၀မ်လင်းထံမှ တစ်စုံတစ်ရာ တုန့်ပြန်မှု မရသေးသော်လည်း ထိုမိန်းကလေးက တစ်ယောက်နှင့် တစ်ယောက် သိနေသကဲ့သို့ မေးခွန်းများကို တရစပ် မေးတော့သည်။

သူမက ဖြောင့်စင်းသော ဆံပင်ရှည်နှင့် လှပသော အသားအရေကို ပိုင်ဆိုင်ထားပြီး သူမ၏အလှနှင့် လိုက်ဖက်သည့် အဖြူရောင် တီရှပ်အကျီနှင့် ဂျင်းဘောင်းဘီတို့ အပြင် ပေါ့ပေါ့ပါးပါး ဖိနပ်ကိုပါ ဝတ်ဆင်ထားသည်။

ဝမ်လင်းသာ သူမ၏ အစစ်အမှန် ခွန်အားကို သိချင်လျှင် သူ၏ ဝိညာဥ်စွမ်းအင်ကို အနည်းငယ်မျှ အသုံးပြုရုံဖြင့်ပင် သိနိုင်ပေသည်။

ဆိုရလျှင် သူမက အထက်တန်းလွှာ ကျောင်းသူ တစ်ယောက်၏ အသွင်အပြင်နှင့် ပြည့်စုံ​မှုရှိပြီး သူ့အတန်းဖော် မဟုတ်သည်မှာ သေချာနေသည်။

သို့ရာတွင် ဖြစ်ချင်တော့ ဝမ်လင်းက အင်တာဗျူးကို ပထမနှစ်အခန်း၃တွင် ထိုကောင်မလေးနှင့် တစ်ခန်းတည်းမှာ လုပ်ရတော့မည် ဖြစ်သည်။

၀မ်လင်းက စကားတစ်ခွန်းမှ မပြောဘဲ အနီးရှိ စာသင်ခန်းတစ်ခုကို ညွှန်ပြလိုက်သည်။

ထိုအခန်းမှာ Grade 1 အခန်းနံပါတ်၃ပင် ဖြစ်သည်။

အပိုင်း(၁) ပြီး၏

အပိုင်း(၂) ဟွာကော ရေတံခွန် အုပ်စု

စွန်းရုံက ၀မ်လင်းကို အရောတ၀င် လုပ်ပြီး စကားပြောရန် ကြိုးစားလိုက်၏။

ယင်းက သူမဘ၀တွင် ပထမဆုံးအကြိမ် အနေဖြင့် သူစိမ်းယောက်ျားလေး တစ်ယောက်အား သူမဘက်မှ စတင်၍ စကားပြောရန် ကြိုးပမ်းခြင်း ဖြစ်သည်။

သို့ရာတွင် မထင်မှတ်ဘဲ ထိုကောင်လေးက သူမကို တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

အဖြူရောင်ရှပ်အကျီနှင့် ဂျင်းဘောင်းဘီကို စမတ်ကျစွာ ဝတ်ဆင်ထားသည့် ထိုကောင်လေးက သူမ ကြုံတွေ့ရလေ့ ရှိသည့် အပေါစား ကောင်ဆိုးလေးများနှင့် လုံးဝ ကွဲပြားနေသည်ဟု သူမ ခံစားမိသည်။

ထို့အပြင် သူမ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော ထိုကောင်လေးတွင် ထူးခြားသော အရှိန်အဝါနှင့် လျှို့ဝှက် ဆန်းကြယ်မှုများ ရှိနေသည်ကို သူမ သတိပြုမိလိုက်၏

“အတန်းဖော်.. နင်လည်း ပထမနှစ် အခန်း၃မှာ အင်တာဗျူးသွားဖြေရမှာလား”

“အတန်းဖော်.. နင့်နာမည်ကို ငါသိလို့ ရမလား” ”

ဝင်ခွင့်ဖြေရန် သွားရာ လမ်းတစ်လျှောက်လုံးတွင် စွန်းရုံက ၀မ်လင်း နှင့် ရင်းနှီးလာစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

သို့ရာတွင် ၀မ်လင်း၏ အေးစက်စက်မျက်နှာက သူမကို တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ။

ဒါက စွန်းရုံလို မိန်းမလှတစ်ဦး အတွက် တကယ့်ကို ရှက်စရာကောင်းနေသည်။

ဝမ်လင်းအတွက်မူ သူစိမ်းတစ်ယောက်ကို လမ်းညွှန်ပေးသည်မှာ ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။

သူနှင့် စွန်းရုံသာ တူညီသည့် ဦးတည်ရာကို အတူတူ မသွားခဲ့လျှင် သူက လက်မောင်းကို မြှောက်ဖို့ပင် အပင်ပန်းခံနေမည် မဟုတ်ချေ။

အထူးသဖြင့် သူ၇နှစ် ပြည့်သည့်နှစ်တွင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိ လာပြီးနောက် အခြားသူများနှင့် ဆက်ဆံရခြင်းကို မုန်းတီးလာခဲ့သည်။

သူက မှတ်ဉာဏ်ဖတ်သည့် စွမ်းရည်ကို ရရှိပြီး လူတို့၏ အတွင်းစိတ်များကို တစ်ချိန်လုံး ကြားနေရ၏။

ထိုအချိန်မှစ၍ သူ၏နားက တခဏမျှပင် နားအေးပါးအေး မရှိတော့ချေ။

နားကြပ်သာ တပ်မထားလျှင် သူတကယ် ရူးသွားလောက်၏။

စွန်းရုံက သူမနှင့် ဝမ်လင်းတို့ကြားရှိ အေးစက်စက် အကာအရံများကို ချိုးဖျက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူမ စိတ်ကူးနေသည့် အရာများကို ဝမ်လင်းက အတိုင်းသား ကြားနေရသည်။

သူမက လျစ်လျူရှုခံရခြင်း အတွက် လုံးဝ မပျော်မရွှင် ဖြစ်နေသည်။

ရိုးရှင်းစွာပြောရလျှင် ဝမ်လင်းက ထင်ပေါ်လိုခြင်း မရှိ၍ အခွင့်အရေး တချို့ကို အဆုံးရှုံးခံကာ ခြောက်ဆယ် အထက်တန်း ကျောင်းတွင် ပညာသင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၀မ်လင်းအနေဖြင့် ရိုးရှင်းစွာ သုံးသပ်ရလျှင် စွန်းရုံလို အထက်တန်းစား ပါရမီရှင် သခင်မလေး တစ်ယောက် အတွက် သာမန်အဆင့်သာ ရှိသည့် အမှတ်၆၀ အထက်တန်းကျောင်းသို့ လာရောက်တက်ခြင်းက သူမ၏ အရည်အချင်းကို ဖြုန်းတီးရာ ရောက်နေသည်။

သူမ၏ ခွန်အားအရ မည်သည့် အထက်တန်းကျောင်းကို တက်ပါစေ.. အထက်တန်းလွှာ ကျောင်းသား သေချာပေါက် ဖြစ်လိမ့်မည်သာ။

သို့သော် စွန်းရုံ၏ အကြောင်းပြချက်ကမူ ၀မျလငျး၏ အတွေးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

သာမာန် အထက်တန်းကျောင်းသို့ ဝမ်လင်း လာတက်ခြင်းမှာ သူ၏ စွမ်းအားကို ဖုံးကွယ်ထားရန် အတွက်သာ ဖြစ်ပြီး စွန်းရုံကမူ သူမ၏ တည်ရှိမှုကို အများက အလေးဂရုစိုက်ရန် အတွက် ဦးနှောက်ကို အလုပ်ပေး၍ လာတက်ခြင်း ဖြစ်သည်။

နာမည်ကြီးကျောင်းများတွင် အထက်တန်းလွှာ ကျောင်းသား တစ်ဒါဇင်ခန့် ရှိ၍ သူမ၏ အရည်အချင်းကို ပြသရန် မလွယ်ကူချေ။

အမှတ်၆၀ အထက်တန်းကျောင်း ကဲ့သို့ သာမန် ပတ်ဝန်းကျင်တွင်မူ သူမ၏ အရည်အချင်းကို သေချာပေါက်ပြသနိုင်မည်ဟု ခံစားမိခဲ့သည်။

သို့ရာတွင် ကျောင်းထဲကို ဝင်လိုက်သည်နှင့် သူမကို ရှိသည်ဟုပင် မထင်သော ကောင်လေး တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

“ကောင်စုတ်.. နင်က လိင်တူချစ်သူလား.. ဒါမှမဟုတ် တစ်ခုခုလား”

ဝမ်လင်းအနေဖြင့် ကျောင်းစတက်သည့်နေ့မှာပင် မိန်းမလှလေး၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒါက ဘယ်လိုဆိုးရွားတဲ့ အခြေအနေကြီးလဲ”

ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်က ရင်ဘောင်တန်း၍ လမ်းလျှောက်လာရင်း ကူကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

——————–

အမှတ်၆၀ အထက်တန်းကျောင်း၏ အင်တာဗျူးသည့် ပုံစံက လွန်ခဲ့သည့် နှစ်ပေါင်းရာချီက အသုံးပြုခဲ့သော နေရာချထားရေး စာမေးပွဲကဲ့သို့ပင်။

အင်တာဗျူး၏ ရည်ရွယ်ချက်က ကျောင်းသား တစ်ဦးချင်းစီ၏ အဆင့်အတန်းကို ဘက်လိုက်မှု မရှိဘဲ ဆုံးဖြတ်ရန် ရည်ရွယ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းကို လာတတ်သည့် ကျောင်းသားများက အခြေခံ တည်ဆောက်ခြင်း အဆင့်ကိုရောက်ရှိနေကြပြီ ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် အစောပိုင်းနှင့် နှောင်းပိုင်းဟူ၍ အဆင့်သေးနှစ်ဆင့် ပြန်ခွဲထားသေးသည်။

ထိုအဆင့်သေး နှစ်ခုက ဘာမှ အရေးမပါဟု ထင်ရသော်လည်း တကယ်တမ်း တိုက်ခိုက်ကြလျှင် ကွာဟချက်က အလွန်ပင် ကြီးမားသည်။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသား အချင်းချင်း တိုက်ခိုက်၍ စာမေးပွဲဖြေဆိုစေသည့် နည်းလမ်းကို အသုံးမပြုခဲ့ခြင်းပင်။

အတော်လေး သေးငယ်သော စာသင်ခန်း တစ်ခုထဲတွင် စာမေးပွဲ ကြီးကြပ်သူသုံးဦးက စီတန်း၍ ထိုင်နေကြ၏။

ထိုအခန်းထဲတွင် အင်တာဗျူး ဖြေရန် စောင့်ဆိုင်းနေသည့် ကျောင်းသားတချို့လည်း ရှိနေသည်။

ဝမ်လင်းက စာသင်ခန်းထဲ ရောက်သည်နှင့် အနောက်ဆုံးတန်း နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး အလျင်အမြန် ဝင်ထိုင်လိုက်သည်။

ထိုသို့ အနောက်ဆုံးခုံတွင် ဝင်ထိုင်ရသည့် အကြောင်းရင်းက လူအများ သတိမထားမိစေရန် ဖြစ်သည်။

ဝမ်လင်းနှင့် မရှေးမနှောင်းမှာပင် စွန်းရုံက စာသင်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။

သူမ၏ ရုပ်ရှင်ကြယ်ပွင့်များ ကဲ့သို့ အသွင်အပြင်က ကျောင်းသားများနှင့် စာမေးပွဲ ကြီးကြပ်သူ ၃ဦးကိုပင် မျက်စိပသာဒ ဖြစ်စေခဲ့၏။

သူမ၏ ထင်ရှားပေါ်လွင်သော အလှက ယောကျာ်းလေးများကို ရှိန်းတိန်းဖိန်းတိန်း ဖြစ်စေခဲ့သည် ဆိုလည်းမမှားပေ။

မိန်းကလေးအချို့ပင် သူမ၏ အလှကြောင့် သိမ်ငယ်သလို ခံစားလာရပြီး ရှက်ရွံ့ ခေါင်းငုံ့သွားကြသည်။

“ငါ့နာမည် စွန်းရုံပါ.. ငါတို့က အတန်းဖော်တွေ ဖြစ်လာတော့မယ် ဆိုတော့ အားလုံးက ငါ့ကို ဖေးမကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

စုရုံက သူမ၏ ချစ်စရာကောင်းသော အသွင်အပြင်ကြောင့် လူအများ၏ အာရုံစိုက်မူကို အမြဲလိုလို ခံရလေ့ ရှိသည်။

ယောကျာ်းလေးများ သာမက မိန်းကလေးများကလည်း သူမကို နှစ်သက်ကြသည်။

သူမက ယဥ်ကျေးစွာ ဦးညွှတ်လိုက်ပြီး သူမ၏ လှပသော ဆံနွှယ်စကို နောက်သို့ အသာအယာ သပ်တင်လိုက်ကာ စာမေးပွဲ ကြီးကြပ်သူ ၃ဦးကို ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။

လက်ရှိတွင် စွန်းရုံကို မကျေမနပ် ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ယခုအချိန်အထိ ပိုကာမျက်နှာကို မပြောင်းလဲသော ဝမ်လင်းပင် ဖြစ်သည်။

ဤကမ္ဘာကြီးတွင် သူမ၏အလှကို မတုန်မလှုပ်သော ပုရိသယောကျာ်း တစ်ယောက် ရှိနေပါသလော။

ထိုသို့ တွေးမိရင်း သူမ၏ စိတ်ထဲတွင် ဝမ်လင်း၏ အာရုံကို ဆွဲဆောင်နိုင်မည့် အစီအစဥ်ကို တွေးမိလိုက်သည်။

တစ်ဖက်တွင်လည်း စွန်းရုံ၏ မိတ်ဆက်စကားကြောင့် ကြီးကြပ်သူ၃ဦးက အံ့အားသင့်နေကြသည်။

“စွန်း.. စွန်းရုံလား”

ထိုစကားကို ထစ်ငေါ့စွာ ရေရွတ်လိုက်သည့် ကြီးကြပ်သူ အမျိုးသား၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။

“ဘယ်က စွန်းရုံလဲ.. နေကြာပန်း ဆိုတဲ့ စွန်းရုံတော့ မဟုတ်လောက်ပါဘူးနော်”

ထိုသို့ရေရွတ်ရင်း ကြီးကြပ်သူ နောက်တစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ စုရုံ၏ ကိုယ်ရေး အချက်အလက် ဖိုင်တွဲကိုလှန်လှော ကြည့်ရှုလိုက်သည်။

“မဖြစ်နိုင်တာ.. သူမက ဟွာကော ရေတံခွန် အုပ်စုရဲ့ အကြီးဆုံး မြေးမလေး စွန်းရုံ အစစ်တဲ့လား”

အနောက်ဆုံးတန်း ခုံတွင် ထိုင်နေသည့် ဝမ်လင်းက ကြီးကြပ်သူထံမှ စကားကိုကြားလျှင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။

စွန်းရုံ၏ နောက်ခံက သာမန် မဟုတ်ကြောင်း သူခန့်မှန်းထားပြီး ဖြစ်သော်လည်း သူမက အင်အားကောင်းသော မိသားစုမှ ဟုတော့ မထင်ထားခဲ့ချေ။

သူက သိုသိုသိပ်သိပ် နေလိုသောကြောင့် သာမန် အထက်ကျောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ကျောင်းတရားဝင် မတက်မီမှာပင် အင်အားကြီးသည့် မိသားစုမှ မျိုးဆက် တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စွန်းရုံက ဝမ်လင်းကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး ဝမ်လင်းဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဝမ်လင်းက သူမကို ဘာစကားမှ မပြောခဲ့ပေ။

သူက ဟွာကော ရေတံခွန်ဆတ အုပ်စု၏ အကြီးဆုံး မြေးမလေး သာမန် အလယ်အလတ် အထက်တန်းကျောင်းသို့ လာတက်ရသည့် အကြောင်းရင်းကို စဥ်းစားခန်း ဝင်နေခဲ့သည်။

ယနေ့ခေတ် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်များက သူကဲ့သို့ ထင်ပေါ်ကျော်ကြားခြင်းကို အလိုမရှိ၍လော။

ဝမ်လင်းက စုရုံ၏ ရွှန်းလဲ့သော အကြည့်များကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ခွန်အား အစစ်အမှန်ကို မဖော်ပြမိဖို့ သတိထားနေသ၍ ဤစိတ်အနှောင့်အယှက် ဖြစ်စရာ မိန်းကလေးကို သူ့အနားကနေ အထစ်အငေါ့မရှိ ဖယ်ရှားနိုင်မည် မဟုတ်ပါလား။

ဝမ်လင်းက အတန်းထဲတွင် သူ့ကို တစ်နေကုန် မရပ်မနား စိုက်ကြည့်နေသည့် အရူးအမူး စွဲလမ်းနေသူမျိုးကို မလိုချင်ပေ။

ယင်းအချိန်တွင် စာမေးပွဲ ကြီးကြပ်သူ၏ စကားသံက ထွက်ပေါ်လာသည်။

“အင်တာဗျူး စတော့မယ်.. ကျောင်းသူ ကျောင်းသား အားလုံး အသင့် ပြင်ဆင်ထားကြပါ”

အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ရှိသော ကျောင်းသူကျောင်းသား အားလုံးအတွက် အင်တာဗျူးက မျှော်လင့်ထားသလောက် မခက်ခဲပေ။

အင်တာဗျူး၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏ ခွန်အားကို စမ်းသပ်လိုခြင်း ဖြစ်သည်။

ပါရမီရှိ အနည်းငယ် ရှိရုံဖြင့် ကလေးဘဝတွင် အရင်းအမြစ် လုံလောက်စွာ ရရှိလျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်ပေသည်။

ချွင်းချက်အနေဖြင့် မည်သည့် ဆေးဝါး အရင်းအမြစ်အကူအညီမှ မယူဘဲ ၂နစ်ပြည့်တိုင်း အဆင့်တစ်ဆင့်နှုန်း တိုးတက်နေသည့် ဝမ်လင်းကဲ့သို့ မွန်းစတား တစ်ကောင်လည်း ရှိနေပါသေးသည်။

ယနေ့ခေတ်တွင် ဝမ်မောင်နှံတို့ ခေတ်တုန်းကလို ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် အရင်းအမြစ် ရှားပါးသည့် ပြသနာများကို မကြုံတွေရတော့ပေ။

ယနေ့ခေတ် မြို့ပြများရှိ ကလေးတိုင်းသည် ငယ်စဥ်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန် အမျိုးမျိုးကို သုံးစွဲခဲ့ကြသည်။

“ဒိုင်းမွန်းပါတနာ” နှင့် “ဘရိန်းဂိုးလ်” ကဲ့သို့ လူကြိုက်များသော နာမည်ကြီး အမှတ်တံဆိပ် ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များသည် လူတစ်ဦး၏ ကျင့်ကြံမှု အခြေခံ.. ဉာဏ်ရည်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုကို မြှင့်တင်ပေးနိုင်သည်။

ထိုထုတ်ကုန် အားလုံးက ဟွာကော ရေတံခွန် အုပ်စု၏ ထုတ်ကုန်များ ဆိုလည်းမမှားပေ။

“ရွှေနှင့်ကျောက်စိမ်းက အပြင်ဘက်တွင်သာ လှပြီး အတွင်းဘက်တွင် ပုပ်သိုးဆွေးမြေ့သည်” ဟူသော ဆိုရိုးစကား အတိုင်းပင် ကျင့်ကြံမှု အခြေခံကို မြှင့်တင်ဖို့ ဖြည့်စွက်စာတွေ အပေါ် မှီခိုမှုက အဆိုးဆုံး ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

ကျောင်းသားများက အခြေခံ တည်ဆေက်ခြင်း အဆင့် ဖြစ်သော်လည်း ၎င်းတို့၏ စစ်မှန်သော ခွန်အားက တိုက်ပွဲစင်မြင့်ထက်မှ ခွန်အားနှင့် အမှန်တကယ် ကိုက်ညီမှု ရှိမရှိကိုမူ ကျောင်းက မသိရှိရသေးပေ။

ဤသည်က အင်တာဗျူး ဖြေဆိုရခြင်း၏ တကယ့် အကြောင်းအရင်းမှန် ဖြစ်၏။

ထိုသို့ စစ်ဆေးခြင်းဖြင့် ရှင်းလင်းသော အကဲဖြတ် ရလာဒ်များကို ရရှိမည့်အပြင် အလားအလာရှိသော ပါရမီရှင်များကို ဖော်ထုတ်နိုင်မည် မဟုတ်ပါလော။

ကျောင်းသားများက အခြေခံ တည်ဆောက်ခြင်း အဆင့်ကနေ ရွှေအမြူတေ အဆင့်သို့ တက်လှမ်းနိုင်လျှင် ကျောင်း၏ ဂုဏ်သတင်း အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။

ထိုဂုဏ်သတင်းက နောင်တစ်ချိန်တွင် အဓိက အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင်ပေးရန် လျှောက်လွှာတင်သော အခါတွင် အကဲဖြတ်မှု စံနှုန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ယင်းအချိန်တွင် လူလတ်ပိုင်း အရွယ် ကြီးကြပ်သူ တစ်ဦးက စူးရှသော မျက်လုံးအစုံဖြင့် ကျောင်းသားအားလုံးကို ဝေ့ကြည့်လိုက်ပြီး

“ငါတို့ ခြောက်ဆယ် အထက်တန်းကျောင်းရဲ့ မှတ်တမ်းအရ ကျောင်းသား တစ်သောင်းမှာ နှစ်ယောက်လောက်ပဲ ရွှေအမြူတေ အဆင့်ကို ရောက်ခဲ့တယ်.. ရွှေအမြူတေ အဆင့်ကို ရောက်တဲ့သူတွေက လူတိုင်းလိုလို စိတ်ကူးယဥ်ခဲ့ကြတဲ့ စိတ်ဝိညာဉ်အဆင့် အတွက် ပိုမိုကောင်းမွန်တဲ့ တက္ကသိုလ်ဆီ သွားနိုင်ခဲ့ကြတယ်.. လာမဲ့ ၃နှစ် အတွင်းမှာ မင်းတို့ အားလုံးက ကြိုးကြိုးစားစား ကျင့်ကြံပြီး အရည်အချင်း ပြည့်ဝတဲ့ ကျင့်ကြံသူတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

တစ်သောင်းမှာ နှစ်ယောက်သာ ရွှေအမြူတေ အဆင့်ကို ရောက်သည်မှာ အနည်းငယ် ရှက်စရာ ကောင်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း ခြောက်ဆယ် အထက်တန်းကျောင်းကမူ တစ်နှစ်လျှင် ကျောင်းသား၃၀၀ အောက်သာ ခေါ်ယူနေသည်။

သို့ရာတွင် ရွှေအမြူတေအဆင့် ကျောင်းသားကို မမွေးထုတ်နိုင်သည့် ဆိုးရွားသော ကျောင်းတချို့နှင့် ယှဥ်လျှင် ခြောက်ဆယ် အထက်တန်းကျောင်း၏ ရလာဒ်က သိပ်မဆိုးရွားဟု ဆိုရမည် မဟုတ်ပါလား။

“ကဲ.. ငါတို့ရဲ့ ခွန်အား စမ်းသပ်မှု စတင်တော့မယ်.. စမ်းသပ်မှုအတွက် လူတိုင်းက ပုံရိပ်ယောင်မျက်မှန်ကို တပ်ထားရမယ်”

ထို့နောက်တွင် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသော ကြီးကြပ်သူ တစ်ဦးက လည်ချောင်းကို အနည်းငယ် ရှင်းလိုက်ပြီး နာမည် တစ်ခုကို အော်ပြောလိုက်သည်။

“ပထမဆုံး အလှည့်ကျသူက.. စွန်းရုံ.. ”

အပိုင်း(၂) ပြီး၏

အပိုင်း(၃) ကောင်းကင်၀ါးမျိုဖားပြုပ်

လက်ရှိ ခေတ်ကာလ ဖြစ်သည့် သက္ကရာဇ် ၄၃၅၆ ခုနှစ်တွင် ပုံရိပ်ယောင် နည်းပညာက အလွန်အမင်း တိုးတက်လာပြီး အဓိက အထက်တန်းကျောင်း အားလုံးတွင်ပါ အသုံးပြုလာကြသည်။

တစ်ချိန်တည်းမှာပင် သာမန် အခြေခံ တည်ဆောက်ခြင်း အထက်တန်းကျောင်းများကလည်း စာမေးပွဲများတွင် အကဲဖြတ်ရန် အတွက် ပုံရိပ်ယောင် စက်ပစ္စည်းကို မရှိမဖြစ် လိုအပ်လာကြ၏။

ဝိညာဉ်စွမ်းအင် အာရုံခံကိရိယာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော ပုံရိပ်ယောင် စက်ပစ္စည်းများက သုံးစွဲသူများ၏ ဝိညာဥ် စွမ်းအင် ဆိုင်ရာ အချက်အလက် အမျိုးအစား အားလုံးကို စနစ်ထဲသို့ ပြည့်စုံစွာ ထည့်သွင်းပြီး ပုံရိပ်ယောင် ပတ်ဝန်းကျင်တွင် ပြန်လည် ထင်ဟပ်စေသည်။

သာမန် အထက်တန်းကျောင်းများတွင် အသုံးပြုသော ပုံရိပ်ယောင် စက်ပစ္စည်းကပင် ထိုမျှ အဆင့်မြင့်နေလျှင်အချက်အချာ ကျသော မြို့များ၏ အထက်တန်းများတွင် အသုံးပြုသော ပုံရိပ်ယောင် စက်ပစ္စည်းများက ပို၍အဆင့်မြင့်နေမည်မှာ သေချာသလောက်ပင်။

ပုံရိပ်ယောင် နည်းပညာက ကျင့်ကြံခြင်း အစီအရင်များနှင့် သုံးဖက်မြင် မြင်ကွင်းများကို ပေါင်းစပ်ကာ အချိန်နှင့် နေရာကို ချက်ချင်း ပြောင်းလဲပစ်နိုင်ပြီး တကယ့် ပတ်ဝန်းကျင်မှ နာကျင်သော ခံစားချက်များကို အခက်အခဲမရှိ ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး ပေးထားခြင်းမျိုး ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းကမူ ဤအရာအားလုံးကို လျစ်လျူရှုခဲ့၏။

ပုံရိပ်ယောင်နည်းပညာက မည်မျှပင် အဆင့်မြင့်ပါစေ.. ၎င်းက အခြေခံ တည်ဆောက်ခြင်း အဆင့် အတွက် ကျင့်ကြံခြင်း နှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင် အတုအယောင် တစ်ခု အဖြစ်သာ အသုံးဝင်ပေသည်။

ဝမ်လင်းက မတ်မတ်ရပ်၍ သူ၏ဗိုက်အား မကောင်းဆိုးဝါး ဘုရင်ကို လက်သီးဖြင့် ထိုးခိုင်းလျှင်ပင် နာကျင်မှု အနည်းငယ်မျှကို ခံစားရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက သူတော်စင် ခန္ဓာကိုယ်ကို ကြာမြင့်စွာ ကတည်းက ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

ထိုအချိန်က ဝမ်လင်းမှာ ကိုးနှစ်အရွယ်သာ ရှိသေးသည်။

ယခုလက်ရှိတွင် ဝမ်လင်းအတွက် အလေးအနက် ထားနေရသော ပြဿနာက သူ၏စွမ်းအားကို စနစ်တကျ ထိန်းချုပ်ရန် ဖြစ်၏။

သို့မဟုတ်လျှင် သူ၏ သာမန်ထက် လွန်ကဲသော စွမ်းအား စက်ကွင်းက နယ်ပယ်ခြင်း ကွာခြားချက်ကြောင့် ပုံရိပ်ယောင် မျက်မှန်များကို အနှောင့်အယှက်ပေးနိုင်ပြီး ပုံရိပ်ယောင် စနစ်ကိုပါ ပျက်စီးစေနိုင်သည်။

နေရာချထားရေး စာမေးပွဲတွင် သူ၏ စွမ်းအားကို ထိန်းသိမ်းရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် အိမ်ထဲ၌ အပြင်းအထန် လေ့ကျင့်ရင်း ရာနှင့်ချီသော ပုံရိပ်ယောင် မျက်မှန်များကို ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်၏။

ယင်းအချိန်တွင် စုရုံက ပုံရိပ်​ယောင် မျက်မှန်အား တပ်ဆင်ပြီး သတ်မှတ်ထားသည့် အခန်းထဲသို့ ဝင်သွားခဲ့သည်။

သူမ ဝင်သွားသည်နှင့် တပြိုင်နက် ပုံရိပ်ယောင် စက်ပစ္စည်းနှင့် ဆက်သွယ်ထားသော တယ်လီဗေးရှင်း ဖန်သားပြင် ပေါ်တွင် သူမ၏ လှုပ်ရှားမှုများကို ရုပ်ရှင်တစ်ခု အလား ရှင်းရှင်းလင်းလင်း ပြသနေ၏။

ပုံရိပ်ယောင် လောကထဲတွင်မူ စုရုံက ပုံရိပ်ယောင် စက်ပစ္စည်းကနေ ဖန်တီးထားသည့် ဧရာမ အရွယ်အစားရှိ မကောင်းဆိုးဝါး ဖားပြုပ်ကြီး တစ်ကောင်နှင့် ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် ၆နှစ်က “ကောင်းကင်ဝါးမျိုဖားပြုပ်” ဟု အမည်ရသည့် မကောင်းဆိုးဝါး ဘုရင်တစ်ပါး သောင်းကျန်းခဲ့၏။

ထိုနှစ်မှာပင် ခြောက်ဆယ် အထက်တန်းကျောင်း၏ ဘွဲ့ရ တစ်ဦး ဖြစ်သည့် ကျိုးရီက မကောင်းဆိုးဝါးဘုရင်ကို အနိုင်ယူခဲ့သည်။

ခြောက်ဆယ် အထက်တန်းကျောင်း စတင် တည်ထောင်ချိန် ကတည်းက စ၍ နှစ်ထောင်ပေါင်းများစွာ အတွင်း ကျိုးရီက ကျောင်းမှ မြေတောင် မြှောက်ပေးသူများ ထဲတွင် ပါရမီ အရှိဆုံး ဖြစ်၏။

ဆင်းရဲနွမ်းပါးသော နောက်ခံမှ ဆင်းသက် လာသော်လည်း ထက်မြက်သော အရည်အချင်းကောင်းများကို ပြသနိုင်ခဲ့သည်။

သူငယ်စဥ်အခါက ခြောက်ဆယ် အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ တပည့်အဖြစ် သူ့ကို အသိအမှတ်မပြုခင် တစ်ချက် အကဲခတ်ရုံမျှဖြင့် ကျောင်းသို့ တိုက်ရိုက် ဝင်ခွင့်ပြုခဲ့သည်။

ကျိုးရီက ဘွဲ့ရသည့်နှစ်တွင် အသက်၁၈နှစ်သာ ရှိသေးသော်လည်း ရွှေအမြူတေ အဆင့်တွင် ပြိုင်ဘက်ကင်း သခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ဒီနောက်တွင် ကျိုးရီက ကျင့်ကြံခြင်း ကျောင်းပေါင်း တစ်ရာ၏ အထွေထွေ စီမံခန့်ခွဲရေးပိုင်းကို ဝင်ရောက်ခဲ့ပြီး လက်ထောက် ဒါရိုက်တာ အဆင့်ထိ ဖြစ်လာခဲ့သလို သမိုင်းတစ်လျောက် အငယ်ဆုံး ဒါရိုက်တာလည်း ဖြစ်လာ၏။

သို့ရာတွင် ကျိုးရီမှာ ထိုအချိန်က နယ်မြေငယ်လေးတွင်သာ လူသိများခဲ့သည်။

သူ့ကို အမှန်တကယ် နာမည်ရစေခဲ့သည်မှာ လွန်ခဲ့သည့် ၆နှစ်က “မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း” ဖြစ်စဥ် အတွင်း သူ၏ ပြောင်မြောက်သော စွမ်းဆောင်မှုကြောင့် ဖြစ်၏။

ကောင်းကင်ဝါးမျို ဖားပြုပ်က မြို့တော်အတွင်း ဝရုန်းသုန်းကား သောင်းကျန်းနေသော အချိန်တွင် ကျိုးရီက လက်ချောင်းမှ ချီကို ထုတ်လွှတ်ကာ လီတစ်ထောင် အကွာအဝေးမှ ကောင်းကင်ဝါးမျို ဖားပြုတ်ကို လေထဲကနေ တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။
​
ထိုတိုက်ပွဲအပြီးတွင် ကျိုးရီဟူသည့် နာမည်ကို ကမ္ဘာက သိလာခဲ့သည်။

ယင်းအချိန်မှစ၍ အမှတ်၆၀ အထက်တန်းကျောင်းက ၎င်းတို့၏ အကဲဖြတ် စာမေးပွဲတွင် ကျိုးရီကို ဂုဏ်ပြုသော အားဖြင့် “ကောင်းကင်ဝါးမျို ဖားပြုပ်”ကို တိုက်ရိုက် ထည့်သွင်း၍ အသုံးပြုခဲ့သလို အခြား တစ်ဖက်တွင်လည်း ကျောင်းသူ ကျောင်းသားများက ကျိုးရီကို စံပြပုဂ္ဂိုလ်အဖြစ် ရှုမြင်လာကြသည်။

ရလာဒ်အနေဖြင့် အမှတ်၆၀ အထက်တန်းကျောင်း၏ နေရာချထားရေး စာမေးပွဲတိုင်း လိုလိုတွင် ကောင်းကင်ဝါးမျို ဖားပြုပ်ကို ပင်တိုင်အဖြစ် တွေ့လာရသောကြောင့် ကျောင်းသားများက ထိုစာမေးပွဲကို “ဖားပြုပ်မကောင်းဆိုးဝါး၏ စစ်ဆေးခြင်း”ဟုပင် နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြ၏။

“ငါသိရသလောက်တော့ စနစ်ကို ပြန်လည် မွမ်းမံလို့ အပြီးမှာ ဖားပြုပ် မကောင်းဆိုးဝါး စစ်ဆေးခြင်းကိုလည်း ထပ်ပြီး အဆင့်မြှင့်လိုက်တယ် ဆိုပဲ”

“အင်း.. ကျိုးရီက ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်လိုက်ပြီးနောက်မှာ ကျောင်းက ကောင်းကင်ဝါးမျို ဖားပြုပ်ရဲ့ မူလဝိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တယ်.. ကံမကောင်းစွာနဲ့ပဲ အဲ့ဒီအချိန်က ကျောင်းရဲ့ အသုံးအဆောင် ပစ္စည်းတွေက သူ့ရဲ့ဝိညာဥ်ကို ပုံရိပ်ယောင်စနစ်ထဲ အပြည့်အဝ မပို့နိုင်ခဲ့ဘူး”

“အခုစနစ်ကို ပြန်လည် မွမ်းမံပြီးတဲ့ နောက်မှာတော့ ပြီးပြည့်စုံစွာ စစ်ဆေးနိုင်ဖို့ အတွက် စနစ်ရဲ့ဗဟို အချက်အလက်တွေထဲမှာ ကောင်းကင်ဝါးမျို ဖားပြုပ်ရဲ့ ဝိညာဥ်ကို ထည့်သွင်းလို့ ရသွားခဲ့ပြီ”

စွန်းရုံ အရှေ့ရှိ ဧရာမအစိမ်းရောင် သတ္တဝါကြီးကို ကြည့်ရင်း စာမေးပွဲ ကြီးကြပ်သူ တစ်ဦးက မျက်မှောင်ကြုတ်လိုက်ပြီး

“စွန်းရုံလေးက ဒီသတ္တဝါကို ကိုင်တွယ်ရခက်မှာ ငါစိုးရိမ်မိတယ်”

ကျောင်းတော်အနေဖြင့် စာမေးပွဲကို ကောင်းကင်ဝါးမျို ဖားပြုပ်ဖြင့် စစ်ဆေး အကဲဖြတ်ရန် သတ်မှတ်ခဲ့သော်လည်း စနစ်၏ ဗဟိုချက်က လက်တွေ့ ပတ်ဝန်းကျင်ကို အတုယူနိုင်ရန် ကောင်းကင်ဝါးမျို ဖားပြုပ်၏ အချက်အလက်များ အပေါ် အခြေခံထားဆဲ ဖြစ်သောကြောင့် စာမေးပွဲက ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် ပိုမိုခက်ခဲနေသည်။

လက်ရှိတွင် ကောင်းကင်ဝါးမျို ဖားပြုပ်က အခြေခံတည်ဆောက်ခြင်း အလယ်အလတ် အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။

စုရုံသာ ကောင်းကင်ဝါးမျို ဖားပြုတ်၏ အားနည်းချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခြင်း မရှိလျှင် စမ်းသပ်မှု ရလဒ်က သူမ အတွက် ကျေနပ်ဖွယ်ရာ ရှိမည် မရှိပေ။

ဖန်သားပြင်ကို ကြည့်ရင်း ဝမ်လင်းက အပီအပြင် သန်းဝေ နေသော အချိန်တွင် လူတိုင်း၏ မျက်လုံးများက စုရုံကို စိုက်ကြည့်နေကြ၏။

ကောင်းကင်ဝါးမျို ဖားပြုပ်ကို ကိုင်တွယ် ဖြေရှင်းရန် အနည်းဆုံး အခြေခံ တည်ဆောက်ခြင်း အဆင့် ရှိဖို့ လိုအပ်သည့် အပြင် အရည်အချင်းစစ် စာမေးပွဲအတွက် လုံလောက်သည့် ပျက်စီးမှုတွေ ဖြစ်စေဖို့လည်း လိုအပ်ပေသည်။

ဝမ်လင်း၏ လက်ရှိ အကဲဖြတ်စွမ်းရည်က သိပ္ပံ စက်ကိရိယာများထက်ပင် များစွာ သာလွန်နေသည်။

သူ၏ မျက်လုံးများက ဓာတ်ရောင်ခြည် ပေးစက် နှင့်ပင် တူနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အခန်းထဲရှိ လူများ၏ သွေးကြောမှတ် အဆင့်ကို ဆုံးဖြတ်နိုင်ပေသည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်ကို အပြည့်အဝ နားလည် သဘောပေါက်ရန် အတွက် စွန်းရုံက သူမ၏ သွေးကြောမှတ်များကို ၇၀ ရာခိုင်နှုန်းအထိ ဖွင့်လှစ်ပြီးပြီ ဖြစ်၏။

ထို့ကြောင့် သူမက ကံမကောင်း အကြောင်းမလှ၍ ဖားပြုပ် မကောင်းဆိုးဝါးကို ထိခိုက်ပျက်စီးအောင် မပြုလုပ်နိုင်လျှင်ပင် သူမ၏ အဆင့်က အလွန်တရာ ဆိုးဝါးသွားလိမ့်မည် မဟုတ်ပေ။

အားလုံးက သူမအပေါ် အာရုံစူးစိုက်၍ ကြည့်နေသော အချိန်တွင် စုရုံက ဧရာမ အစိမ်းရောင် ဖားပြုပ်ကို စိုက်ကြည့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။

ထို့​နောက်တွင် သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် အရှေ့ကို တွန်းထုတ်လိုက်သည်။

“ဝုန်း”

ပေါက်ကွဲသံနှင့် အတူ သူမ၏ လက်သီးက ကောင်းကင်ဝါးမျိုဖားပြုပ်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားသည်။

လက်သီးချက် ထိမှန်သော နေရာက ကျိုးရီ၏ တိုက်ကွက် ထိမှန်ခဲ့သည့် အတိတ်က ဒဏ်ရာဟောင်း တစ်ခု ဖြစ်၏။

ယင်းနောက်တွင် စွန်းရုံ၏ လက်သီးချက်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

ထိုသို့ဖြစ်ရခြင်းက လက်သီးနှင့် လေထုကြားက ထွက်လာသည့် အားကောင်းသော ပွတ်တိုက်မှု၏ အကောင်းဆုံး သက်သေ ဖြစ်ပြီး ထိုလက်သီးချက် တစ်ချက်ထဲတွင် သူမ၏ ခွန်အား အလုံးစုံကို အသုံးပြုခဲ့ကြောင်း ထင်ရှားစွာ ပြသနေသည်။

များမကြာမီမှာပင် အင်္ဂလိပ်အက္ခရာ “S”စာလုံးက ဧရာမစာလုံးကြီး အဖြစ် ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာသည်။

“အတန်း​ဖော် စုရုံရဲ့ လက်သီး ထိုးနှက်ချက်က အက်စ်အဆင့်ကို ရခဲ့တယ်လား”

တစ်စုံတစ်ယောက်က အံ့သြစွာ အော်ဟစ်လိုက်၏။

ထိုအချင်းအရာကို မြင်လျှင် စာမေးပွဲ ကြီးကြပ်သူ သုံးဦးက မရှက်ဘဲ မနေနိုင်တော့ချေ။

သူတို့က စုရုံ ဘာကိုမှ မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်နေခဲ့ကြသည် မဟုတ်ပါလား။

“သူမက S အဆင့်ကို တန်းရသွားတာလား”

တကယ်တမ်းတွင် ဟွာကော ရေတံခွန် အုပ်စု၏ အနာဂတ် ဆက်ခံသူ အနေဖြင့် သူမ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်က အံ့သြစရာတော့ မဟုတ်ပေ။

ပုံရိပ်​ယောင်စနစ်ကို အဆင့်မြင့်ပြီးသည့် နောက်တွင် ပါ၀င်သော ကျောင်းသား ကျောင်းသူတွေ၏ တစ်ရာခိုင်နှုန်းကသာ S အဆင့်ကို ရရှိခဲ့သည်။

A အဆင့်က ငါးရာခိုင်နှုန်း နှင့် B အဆင့်က တစ်ဆယ် ရာခိုင်နှုန်းသာ ရရှိခဲ့ကြပြီး ကျန်ကျောင်းသူ ကျောင်းသားများကမူ အများအားဖြင့် C. D နှင့်F တို့သာ ရလေ့ ရှိကြသည်။

ပုံရိပ်​ယောင် စာ​မေးပွဲစစ်သည့် သက်တမ်း တစ်​လျှောက်တွင် မည်သူ တစ်ဦးတစ်​ယောက်မှ S အဆင့်ထက် ပိုမြင့်​သော S နှစ်လုံး အဆင့်နှင့် Sသုံးလုံး အဆင့်တို့အား မရရှိဖူးခဲ့ချေ။

စွန်းရုံ တက်ရမည့် အတန်းကို သတ်မှတ်ပြီးသည့် အခါတွင် စာ​မေးပွဲ ကြီးကြပ်သူက နာမည် စာရင်းစာအုပ်ကို ​ကြည့်လိုက်ပြီး ​နောက်ထပ် နာမည်တစ်ခုကို ​အော်​ခေါ်လိုက်သည်။

“ဒုတိယ​မြောက်.. ​ကျောင်းသား ဝမ်လင်း.. ​​ကျေးဇူးပြုပြီး စာမေးပွဲ ဖြေဆိုဖို့ လာခဲ့ပါ” ​

ဝမ်လင်းက ပျင်းရိသော အမူအယာဖြင့် ခေါင်းကို ​မော့လိုက်သည်။

မကြာမီမှာပင် သူ့အလှည့်ကို ရောက်လာလိမ့်မည်ဟု မမျှော်လင်ထားခဲ့ပေ။

ဝမ်လင်းက စာမေးပွဲ စစ်မည့်နေရာသို့ လျှောက်လာစဥ် သူ့ကို ကြည့်နေသည့် စွန်းရုံ၏ အပြုံးကို တိုက်ရိုက် လျစ်လျူရှုလိုက်ပြီး ပုံရိပ်ယောင် မျက်မှန်ကို ဂရုတစိုက် ဝတ်ဆင်လိုက်သည်။

ထို့နောက်တွင် ပုံရိပ်ယောင် မျက်မှန်ကို မပျက်စီးစေရန် သူ၏ မြင့်မားသော စွမ်းအားကို ထိန်းချုပ်ထားလိုက်၏။
​
ကံကောင်းထောက်မစွာပင် လွန်ခဲ့သည့် ရက်အနည်းငယ်က စွမ်းအား ထိန်းချုပ်ရန် လေ့ကျင့်ရင်း ပုံရိပ်ယောင် မျက်မှန် ရာချီကို ဖျက်ဆီးထားသဖြင့် ယင်းအတွေ့အကြုံက ဝမ်လင်းကို အထောက်အပံ့ ပေးနေသည်။

သို့သော် ထိုအရာက ဝမ်လင်း အတွက် အကြီးမားဆုံး ပြဿနာတော့ မဟုတ်ပေ။

သူက သူ့ရှေ့မှ ဧရာမ အစိမ်းရောင် ဖားပြုပ်ကြီးကို စူးစိုက်ကြည့်နေမိ၏။

ရိုးရှင်းစွာ ပြောရလျှင် သူ့ရှေ့မှ မြင်ကွင်းကို ဝမ်လင်းက နည်းနည်းလေးမှ မမျှော်လင့်ထားခဲ့ချေ။

အဘယ့်​ကြောင့်ဆို​သော် လွန်ခဲ့သည့် ၆နှစ်က “မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း” ဖြစ်စဥ်အတွင်း ဒဏ္ဍာရီလာ သူရဲကောင်း ကျိုးရီ သတ်ဖြတ်ခဲ့သည် ဆိုသော ကောင်းကင်ဝါးမျို ဖားပြုပ်မှာ သူဆယ်နှစ်သားအရွယ်က မုန့်ဆိုင်သွားရင်း လမ်းတွင်ရှုပ်​နေ၍ သတ်ဖြတ်ခဲ့​သော ဖားပြုတ် မကောင်းဆိုးဝါး၏ ဝိညာဥ် ဖြစ်​နေခြင်းပင်။

အပိုင်း(၃) ပြီး၏

အပိုင်း(၄) လူတစ်သန်းတွင် တယောက်သာ ရှိနိုင်သော အင်ပါယာ အရှိန်အဝါ

လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပွားခဲ့သော “မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း” ဖြစ်စဥ်သည် ဟွာရှို့နိုင်ငံကို စတင် တည်ထောင်ချိန်မှစ၍ ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ကပ်ဆိုးများထဲမှ တစ်ခု ဖြစ်၏။

ဝိညာဥ်စွမ်းအင် အကြွင်းအကျန်များကို သင့်တင့် လျောက်ပတ်စွာ မထိန်းချုပ်နိုင်ခြင်းက အာကာသ အစိတ်အပိုင်းများကို ညစ်ညမ်းစေခဲ့ပြီး အာကာသ အကာအရံကို အပေါက်များ ပေါက်စေကာ မကောင်းဆိုးဝါးများကို အခွင့်ကောင်းယူနိုင်စေခဲ့သည်။

ထိုနှစ်က မကောင်းဆိုးဝါးများ၏ သောင်းကျန်းမှုမှာ အလွန်ဆိုးရွားခဲ့ပြီး တစ်ညထဲမှာပင် ဟွာရှို့နိုင်ငံကို ဘီလံယံပေါင်း များစွာ ဆုံးရှုံးစေခဲ့သည်။

ထူးဆန်းသော အရာတစ်ခုမှာ ကျူးကျော်နေသည့် မကောင်းဆိုးဝါးများမှာ ဦးဆောင်သူ ပျောက်သွားသကဲ့သို့ ရုတ်တရက် ပရမ်းပတာဖြစ်သွားပြီး တစ်စုံတစ်ရာကို ကြောက်ရွံ့သွားသည့် အလား ချက်ချင်းပင် ထွက်ပြေးသွားခဲ့ကြသည်။

မကောင်းဆိုးဝါးများ ကျူးကျော်သည့် ထိုရက်အနည်းငယ်က ဟွာရှို့နိုင်ငံ၏ “တစ်နှစ်တာ အကောင်းဆုံး ကျင့်ကြံသူ” ဟူသော ခေါင်းစဥ်ဖြင့် ဂုဏ်ပြုခံရသည့် သူရဲကောင်း ကျင့်ကြံသူ အများအပြားကို ပေါ်ထွက်စေခဲ့သည်။

“ကောင်းကင်ပိုင်းဖြတ်” နည်းစနစ်ဖြင့် ပဥ္စမအဆင့် ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်ဖြတ်ခဲ့သည့် ကျိုးရီမှာလည်း ၎င်းတို့ထဲမှ တစ်ယောက် ဖြစ်၏။

ကျိုးရီအပြင် ဂုဏ်ပြုခံရသည့် အခြားသောပုဂ္ဂိုလ် ကိုးဦးရှိသေးသော်လည်း ဝမ်လင်းက ၎င်းတို့၏ အမည်များကို မမှတ်မိတော့ချေ။

ပုံရိပ်ယောင် ပတ်ဝန်းကျင်ထဲတွင် ဝမ်လင်းက ဧရာမ အစိမ်းရောင် ဖားပြုပ်ကြီး စူးစိုက်ကြည့်နေရင်း သူငယ်စဥ်က အဖြစ်အပျက် တစ်ခုကို အမှတ်ရလိုက်မိသည်။

ထိုနေ့က နေသာပြီး တိမ်ကင်းစင်သော နေ့တစ်နေ့ ဖြစ်၏။

ဝမ်လင်းက ဟွာရှို့နိုင်ငံ၏ မြို့တော် စတားစီးတီးကို တစ်ယောက်ထဲ လမ်းလျှောက်လာခဲ့သည်။

သူက စတားစီးတီး၏ အစွန်းပိုင်းရှိ မြို့ပြနှင့် ကျေးလက်ရောနှောနေသော နေရာဖြစ်သည့် မြို့လယ်မှ လီသုံးသောင်းကွာဝေးသော အိမ်တစ်လုံးတွင် နေထိုင်၏။

အိမ်နှင့် စတားစီးတီး မြို့လယ်က အလွန်ကွာဝေးသော်လည်း သူ့အတွက်မူ အားသွန်ခွန်စိုက် ပြေးလျှင် ငါးမိနစ်သာ လိုအပ်သည်။

ထိုနေ့က လီထောင်ချီ ဝေးသည့် စတားစီးတီးကို ခရီးထွက်လာရသည့် အကြောင်းရင်းမှာ ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် စတားစီးတီးမှ ပင်ရင်းဆိုင်က ကံစမ်းမဲ အစီအစဉ်ကို လုပ်နေသောကြောင့် ဖြစ်၏။

ကံစမ်းမဲ အစီအစဉ်မှာ ရက်ကွန်း ဝက်ဝံ အမှတ်တံဆိပ်ခေါက်ဆွဲခြောက်ထုပ်ထဲမှ ရွှေရောင် ရက်ကွန်း ကပ်လေးအား ရရှိလျှင် နှစ်ပေါင်း နှစ်ရာ တိတိ ရက်ကွန်း ခေါက်ဆွဲခြောက်ထုပ်အား အလကားရရှိမည် ဖြစ်သည်။

ထိုကဲ့သို့ ဆွဲဆောင်မှုက ခေါက်ဆွဲခြောက်ထုပ် ကြိုက်သူ ဝမ်လင်း အတွက် မလွန်ဆန်နိုင်သော အရာ ဖြစ်နေသည်။

သူ့အတွက်တော့ ရက်ကွန်းတံဆိပ် ခေါက်ဆွဲခြောက်ထုပ် ကူပွန်လေးက မည်သည့် စိတ်ဝိညာဉ်လက်နက် ရတနာပစ္စည်းများထက် မဆို ပိုတန်ဖိုးရှိနေခဲ့၏။

ဘယ်လောက်ပင် ကောင်းမွန်သည့် ပါဝင်ပစ္စည်းများနှင့်ပြုလုပ်ထားသော စိတ်ဝိညာဥ်လက်နက် ဖြစ်ပါစေ.. သူ့လက်ထဲကို ရောက်သည်နှင့် သူ့စွမ်းအားဒဏ်ကို မခံနိုင်သောကြောင့် တစစီ ဖြစ်သွားလေ့ ရှိသည်။

သို့ရာတွင် ခေါက်ဆွဲခြောက်ထုပ်တွေကမူ ထိုသို့မဟုတ်ပေ။

အစိတ်စိတ် ကွဲသွားလျှင်ပင် တဂျွတ်ဂျွတ်ဖြင့် အရသာရှိရှိ စားသုံးနိုင်ပေသည်။

သူငယ်စဥ်က ဆိုလျှင် ခေါက်ဆွဲခြောက်ထုပ် တီထွင်ဖန်တီးသူများကို သူရဲကောင်း ဘွဲ့တံဆိပ် ဆုချသင့်သည်ဟု အမြဲတွေးလေ့ ရှိခဲ့သည်။

နှစ်ပေါင်း၈၀၀ခန့် သက်တမ်းရှိ ရက်ကွန်း ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် ပင်ရင်းဆိုင်ကို သွားနေစဥ် တခြားကမ္ဘာနှင့် ဆက်သွယ်ထားသည့် လေဟာနယ် အက်ကွဲကြောင်းကြီးက ခေါက်ဆွဲခြောက် ရောင်းသည့် ဆိုင်အထက်ရှိ လေဟာနယ်ထဲတွင် ပွင့်လာခဲ့သည်။

သူ့အကြိုက်ဆုံး ခေါက်ဆွဲခြောက် ရောင်းသည့် ဆိုင်လေး အပေါ်တွင် ဧရာမ လေဟာနယ် အက်ကွဲကြောင်း ပေါ်ပေါက်လာသည့် အခိုက်အတန့်ကို သူတစ်သက်လုံး မေ့လို့ရမည်မဟုတ်တော့ပေ။

ကောင်းကင်ယံရှိ တိမ်များက အရောင်ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလာခဲ့သည်။

ထို့နောက်တွင် ဖန်တစ်ချပ်ကို ရိုက်ခွဲလိုက် သကဲ့သို့ လေထုက အက်ကွဲသွားပြီး မြေပြင်တစ်ခုလုံးကို ငလျင်လှုပ်သလို ဆက်တိုက် တုန်ခါသွားစေခဲ့၏။

ယင်းနောက်တွင် ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် ဆိုင်လေးမှာ တစစီ ဖြစ်သွားခဲ့ရသည်။

ဝမ်လင်းက ထိုအချိန်က သူခံစားခဲ့သမျှကို များစွာ မမှတ်မိနိုင်တော့ပေ။

သူ သတိရမိတာက ထိုစဥ်က သူအလွန် ဒေါသထွက်နေပြီး သူ့ဒေါသကို ဖြေဖျောက်နိုင်မည့် တစ်စုံတစ်ရာကို ရှာဖွေနေခဲ့ခြင်းပင်။

ယင်းအချိန်မှာပင် ကောင်းကင်ပေါ်မှ ကြီးမားသော အရာတစ်ခု ပြုတ်ကျလာသည်။

အစောပိုင်းက ဖြစ်ရပ်ကြောင့် ဒေါသအိုး ပေါက်ကွဲနေသည့် ဝမ်လင်းက ထိုအရာကို လှမ်းကြည့်လိုက်သောအခါ အလွန်တရာ ကြီးမားသော ဖားပြုပ်တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ဧရာမဖားပြုပ်ကြီး ကျဆင်းလာသည့် ငါးမီတာ ပတ်လည်က ချက်ချင်းပင် ချိုင့်ခွက်ကြီး အဖြစ် ပြောင်းလဲသွားသည်။

ဖားပြုပ်ကြီး၏ စိမ်းပြာရောင်ရှိသည့် ထူထဲသော အရေခွံမှာ စိတ်ဝိညာဉ် လက်နက်များဖြင့် ထိုးဖောက်ရန်ပင် မလွယ်ကူနိုင်ချေ။

၎င်း၏ သံလိုက်အိမ်မြောင် အရွယ်အစားရှိ မျက်လုံးများက ထူးဆန်းစွာ တောက်ပနေသည်။

ထိုဧရာမဖားပြုပ်ကြီးက ဝမ်လင်း မွေးဖွားလာသည့် အချိန်မှစ၍ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး မကောင်းဆိုးဝါးဟုပင် ဆိုနိုင်သည်။

ဖားပြုပ်ကြီး၏ ပေ၃၀၀ ရှည်လျားသော ကိုယ်ထည်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် အနီးတစ်ဝိုက်တွင် လီငါးဆယ်ခန့် ပြန့်ကျဲနေသော ဖုန့်မှုန့်တိမ်တိုက် တစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။

ဖားပြုပ် မကောင်းဆိုးဝါး ဘုရင် ပီသစွာပင် အရွယ်အစားရော စွမ်းအားပါ အလွန်ကြီးမားလှ၏။

ကံဆိုးစွာဖြင့် သူက ဝမ်လင်း၏ အရှေ့တည့်တည့်ကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။

ဒေါသအိုး ပေါက်ကွဲနေသည့် ဝမ်လင်းနှင့်မှ တည့်တည့် လာတိုးသည့် ဖားပြုပ်ဘုရင်၏ ကံတရားကလည်း အံ့သြစရာပင် ကောင်းလွန်းလှသည်။

ကောင်းကင်ဝါးမျို ဖားပြုပ် ဘုရင်ကြီးက ဂုဏ်ယူစွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော် သူ၏ ကျယ်လောင်လှသည့် “အုံအွမ်” ဟူသော အသံကို ပြီးဆုံးအောင် မအော်နိုင်ခင်မှာပင် ဝမ်လင်း၏ လက်သီးတစ်ချက်တည်းဖြင့် အသက်ပျောက်သွားခဲ့သည်။

ပုံမှန်အားဖြင့် ပဥ္ဧမအဆင့် ဖားပြုပ်ဘုရင်ကို ရွှေအမြူတေ အဆင့် ကျင့်ကြံသူက စိတ်ဝိညာဉ် လက်နက် ကိုင်ဆောင်၍ တိုက်ခိုက်လျှင်ပင် သတ်ရန် အလွန် ခဲယဥ်းသည်။

ဝမ်လင်းက ထိုသို့ သတ်နိုင်ခဲ့ခြင်းမှာ သူတော်စင် ခန္ဓာကိုယ်ကြောင့် ဖြစ်၏။

ဆိုရလျှင် ဝမ်လင်းက ဆယ်နှစ်သားအရွယ်မှာပင် စိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်း၏ လက်သီးချက်ကြောင့် ဝိညာဉ် မထွက်ခင် အချိန်လေးမှာပင် ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူ့အားလက်သီး တစ်ချက်တည်းနှင့် အသေသတ်သွားခဲ့သူကို ကြည့်လိုက်ရာ ဝမ်လင်းကို တွေ့လိုက်ရသည်။

“အိုး.. ကောင်လေးက ၁၀နှစ်လောက်ပဲ ရှိသေးပါလား”

ဝမ်လင်း၏ ပုံရိပ်နှင့် ငယ်ရွယ်လှသော အသက်အရွယ်အား တွေ့လိုက်ရသည့် ကောင်းကင်ဝါးမျို ဖားပြုပ်ဘုရင်၏ ရင်ထဲတွင် မြင်းကောင်ရေ တစ်ထောင်လောက် ဖြတ်ပြေးသွားသလို ခံစားလိုက်ရ၏။

“ဘယ်လိုလုပ် ဒီကမ္ဘာမှာ ဒီလိုမျိုး အစွမ်းထက်တဲ့ ကလေးမျိုးက ရှိနေရတာလဲ”

ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူမသေဆုံးခင် သူ၏ နောက်ဆုံး လက်ကျန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏ လက်အောက်ငယ်သား မကောင်းဆိုးဝါးများကို ဝမ်လင်း၏ လက်ချက်မှ လွတ်ကင်းစေရန် အတွက် ပြန်လည် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ထို့ကြောင့် လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပွားခဲ့သော “မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း” ဖြစ်စဥ် တစ်ညတည်းနှင့် ချုပ်ငြိမ်း သွားခဲ့သည့် အဓိက လက်သည်တရားခံမှာ ဖားပြုပ်ဘုရင်ကို သတ်လိုက်သည့် ဝမ်လင်းဟုပင် ဆိုနိုင်ပေသည်။

ဝမ်လင်းက ဖားပြုပ်ဘုရင်ကို သတ်ပြီးနောက် ဝမ်းနည်းစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။

ယင်းနောက်တွင် ကျိုးရီက မည်သို့မည်ပုံ လုပ်လိုက်သည် မသိ။

ပဥ္စမအဆင့် ဖားပြုပ်ဘုရင်ကို လက်ညိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့သည့် လုပ်ကြံဇာတ်လမ်းက ပေါ်ပေါက်လာခဲ့သည်။

တစ်စုံတစ်ယောက်က သူရဲကောင်း ဘွဲ့တံဆိပ်ရပြီး နာမည်ကြီးနေချိန်တွင် ကျန်တစ်ယောက်က ခေါက်ဆွဲခြောက် ကံစမ်းမဲ အခွင့်အရေးနှင့် လွဲချော်ခဲ့သည့် အတွက် အချိန်အတော်ကြာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။

ယခုတော့ ကံတရား၏ ကျီစယ်မှုဖြင့် တစ်ချိန်က ရန်ဘက်နှစ်ဦးမှာ ပုံရိပ်ယောင် ပတ်ဝန်းကျင် ထဲတွင် ပြန်လည် ဆုံတွေ့နေကြသည်။

ကောင်းကင်ဝါးမျို ဖားပြုပ်ကို ကြည့်နေရင်းမှာပင် ဝမ်လင်း တစ်ယောက် ခံစားချက်မျိုးစုံကို ခံစားနေရသည်။

သူရွေးချယ်လိုက်သည့် အမှတ်၆၀ အထက်တန်းကျောင်းမှာ သူသတ်ခဲ့သည့် ဖားပြုတ်ဖြင့် နာမည်ကြီးသွားခဲ့သည့် လူလိမ်ကျိုးရီ တက်ခဲ့သော ကျောင်း ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ထိုထက် ပို၍ဆိုးသည်မှာ သူငယ်စဉ်က စိတ်ပေါက်ပေါက်ဖြင့် ထိုးသတ်ခဲ့သော ဖားပြုပ်ဝိညာဉ်၏ စစ်ဆေးမှုကို ခံယူနေရခြင်းပင်။

ဝမ်လင်းက စိတ်ရှုပ်ထွေးနေသောကြောင့် သူ၏ အော်ရာကို မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ် လွတ်ထွက်သွားခဲ့သည်။

ထိုအော်ရာ အရှိန်အဝါက ကောင်းကင်ဝါးမျို ဖားပြုပ် အတွက်တော့ တစ်သက် မမေ့နိုင်စရာများထဲမှ တစ်ခု ဖြစ်သည်။

၆နှစ်ကြာပြီးသည့် နောက်တွင် သူတို့နှစ်ဦးက နောက်တစ်ကြိမ် ထပ်မံ ဆုံခဲ့ကြသည်။

ပထမအကြိမ်နှင့်် မတူညီသည့် အချက်မှာ ကောင်းကင်ဝါးမျို ဖားပြုပ်က ယခင်ကကဲ့သို့ မကောင်းဆိုးဝါး ဘုရင်အဆင့် မဟုတ်တော့ဘဲ အခြေခံ တည်ဆောက်ခြင်း အဆင့်သာရှိသည့်စိတ်ဝိညာဥ် တစ်ခုမျှသာ ဖြစ်နေသည်။

ဝမ်လင်းကမူ လွန်ခဲ့သည့် ၆နှစ်ကထက် ပိုမို အစွမ်းထက်လာခဲ့၏။

ကောင်းကင်ဝါးမျို ဖားပြုပ်က ပုံရိပ်ယောင် ပတ်ဝန်းကျင်ထဲတွင် ဝမ်လင်းအား မြင်လိုက်သည်နှင့် တပြိုင်နက် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။

“အရင်တုန်းကတောင် ဒီကောင်လေးရဲ့ လက်သီးတစ်ချက်ကို ငါမခံနိုင်ခဲ့တာ.. အခုလို စိတ်ဝိညာဉ်ပဲ ကျန်တော့တဲ့ အချိန်မှာ ဒီကောင်လေးဆီက လက်သီးတစ်ချက်သာ ထပ်ထိုးခံရရင် ငါ့မှာ စိတ်ဝိညာဉ်တောင် ကျန်ရှိတော့မှာ မဟုတ်ဘူး”

အရိုးသားဆုံး ဝန်ခံရလျှင် ဝမ်လင်းက ကောင်းကင်ဝါးမျို ဖားပြုပ်နှင့် မျက်နှာချင်းဆိုင် တွေ့ပြီးတဲ့နောက်တွင် ဘာဆက်လုပ်ရမလည်းဆိုတာ စဉ်းစားရ ခက်နေခဲ့သည်။

ထို့နောက် ဝမ်လင်းက စာမေးပွဲ အောင်ဖို့အတွက်သာ ဦးစားပေးရန် ဆုံးဖြတ်လိုက်၏။

ဝမ်လင်း လက်သီးဆုပ်လိုက်သည်ကို မြင်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ဝါးမျို ဖားပြုပ်က အလွန်အမင်း လန့်ဖြန့်သွားခဲ့သည်။

ယင်းနောက်တွင် ကောင်းကင်ဝါးမျို ဖားပြုပ်က သူ၏ ခွန်အားကို အကုန်သုံး၍ မြေပြင်ပေါ်သို့ နောက်လှန် လှဲချလိုက်သည်။

ထို့နောက်တွင် မြေပြင်နှင့် ဖားပြုတ်ခေါင်း ဆောင့်မိသည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဖားပြုပ်က သေချင်ဟန် ဆောင်နေလိုက်သည်။

သို့မှသာ သူ့အနေဖြင့် ဝမ်လင်း၏ အသက်ခံရမည့်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည် မဟုတ်ပါလား။

ပုံရိပ်ယောင်စနစ်က ဝမ်လင်းကို ချက်ချင်းပင် S သုံးလုံး အဆင့် တန်းပေးလိုက်သည်။

ထိုမြင်ကွင်းကို မြင်ရသူတိုင်းက ပြောစရာစကား မရှိတော့သည် အထိ ဆွံ့အနေပြီး စက္ကန့်ပိုင်းလောက် မှင်တက်နေခဲ့ကြ၏။

“ဒါက ဘယ်လိုဟာသမျိုးလဲ.. အတန်းဖော်ဝမ်လင်းက လက်သီးတောင် မထိုးရသေးဘူးလေ”

“စနစ်က အမှားအယွင်း ဖြစ်သွားတာများလား ”

စာမေးပွဲ ကြီးကြပ်သူများပင် ၎င်းတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

“စနစ်က အမှား လုပ်မိတယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး.. ငါ မနေ့က တစ်ရက်လုံး အချိန်ပေးပြီး စစ်ဆေးထားတာပဲလေ..”

“ငါသိပြီ ”

စာမေးပွဲ ကြီးကြပ်သူ တစ်ယောက်က ယုံကြည်မှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။

“ဒါက တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ဒဏ္ဍာရီလာ မကောင်းဆိုးဝါး နှိမ်နင်းတဲ့ အကြည့်ပဲ ဖြစ်ရမယ်”

ဝမ်လင်း”…….”

ကောင်းကင်ဝါးမျိုဖားပြုပ် “……..”

“ဒီသုံးသပ်ချက်က ဖြစ်နိုင်ချေရှိတယ် ”

နောက်ထပ် ကြီးကြပ်သူ တစ်ယောက်ကပါ ထောက်ခံလိုက်သည်။

“တချို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ မွေးရာပါ သန္ဓေစွမ်းရည် ရှိတဲ့ ပါရမီရှင်တွေ ရှိတယ်လို့ မှတ်သားဖူးတယ်.. အဲ့လိုလူတွေမှာက ကောင်းကင်ကနေ ကောင်းချီးပေးထားတဲ့ အင်ပါယာ အော်ရာတွေ ရှိကြတယ်.. အဲ့လိုလူတွေက မကောင်းဆိုးဝါးတွေကို အကြည့်တစ်ချက်နဲ့တင် မူးဝေအောင် လုပ်နိုင်တယ်လို့ ကျင့်ကြံခြင်း စွယ်စုံကျမ်းမှာလည်း ဖော်ပြထားတယ်”

“အင်ပါယာ အရှိန်အဝါလား”

စာမေးပွဲ ကြီးကြပ်သည့် ဆရာသုံးယောက်က အံ့သြမှုတို့နှင့်အတူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။

ထို့နောက် စိတ်လှုပ်ရှားသော အမူအရာဖြင့် မျက်ရေများပင် စိုစွတ်လာကြ၏။

“ဟုတ််တယ်.. ဒါက အင်ပါယာ အရှိန်အဝါပဲ”

ဤအရာက ၎င်းတို့အတွက် ဖားပြုပ် မကောင်းဆိုးဝါး မေ့လဲသွားသည့် တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်နေသည်။

ဝမ်လင်း တစ်ယောက် တွေဝေနေစဉ်မှာပင် စာမေးပွဲကြီးကြပ်သူ တစ်ယောက်က ဝမ်လင်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“ကျောင်းသား ဝမ်လင်း.. မင်းက ငါတို့ ခြောက်ဆယ်အထက်တန်း ကျောင်းရဲ့ အနာဂတ် မျှော်လင့်ချက်ပဲ”

ဝမ်လင်း “………”

“စည်းမျဉ်းတွေအရ ကျောင်းသား ဝမ်လင်းကို ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ အထက်တန်းလွှာ အတန်းထဲကို ဝင်ရောက်ခွင့် ပြုလိုက်ပြီ”

“ကျောင်းသား ဝမ်လင်းကို အထက်တန်းလွှာ အတန်းမှာ အထူး အခွင့်အရေးတွေနဲ့ စာသင်ကြားစေရမယ်.. ပြီးတော့ ကျောင်းသား ဝမ်လင်းကို အကောင်းဆုံး ဆက်ဆံဖို့ ကျောင်းသားတွေနဲ့ ဆရာတွေကို အသိပေးထားလိုက်”

ဝမ်လင်း “……..”

ညနေစောင်းအချိန်တွင် ဝမ်လင်း တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် အိမ်ကို လမ်းလျှောက်၍ ပြန်လာခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ပညာရေး ဒါရိုက်တာမှ အထက်တန်းလွှာ အတန်း(ဝါ) လက်ရွေးစင် အတန်းသို့ ဝင်ရောက်ခွင့်ပြုသည့် စာကို ကြည့်ရင်း သူ့စိတ်ဓါတ်တွေ တဘုန်းဘုန်း ကျလာခဲ့ရသည်။

ဝမ်လင်း အနေဖြင့် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိအောင် ဖြစ်နေခဲ့၏။

ယခုကဲ့သို့ ထင်ပေါ်လာသည့် အဖြစ်ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့အား မျက်နှာချင်း ဆိုင်ရမည်ကိုပင် ထိတ်လန့်နေခဲ့သည်။

အပိုင်း(၄) ပြီး၏

အပိုင်း(၅) တမူထူးခြားသော ကလေး

ဝမ်လင်းက ကလေးဘဝ ကတည်းကပင် တတ်နိုင်သမျှ သူ့ကိုယ်သူ နှိမ့်ချစွာ နေခဲ့သည်။

နာမည်ကျော်ကြားမည့် ကိစ္စများကို အဆိပ်ပင်ကဲ့သို့ ဝေးဝေးကပင် ရှောင်ရှားခဲ့၏။

ထို့ကြောင့် အဆင့်ခွဲသည့် စာမေးပွဲတွင် နာမည်ကြီးအောင် လုပ်ရန် အစီအစဉ် မရှိသည်မှာ အသေအချာပင် ဖြစ်သည်။

ထိုစာမေးပွဲကို အေးအေးဆေးဆေး ပြီးဆုံးသွားစေရန်အတွက် သူမည်မျှ အားထုတ်ခဲ့ရသည်ကို နတ်ဘုရားများပင် သက်သေပြုနိုင်ပေသည်။

စစ်ဆေးမှု အတွင်း ရှိသည့် ပုံရိပ်ယောင် စက်ကိရိယာများကို သူ့အနေဖြင့် မဖျက်ဆီးမိစေရန် အတွက် ပုံရိပ်ယောင် မျက်မှန်များဖြင့် ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ရ၏။

သူမည်မျှပင် ကြိုးစားပြီး နှိမ့်ချစွာနေဖို့ ပြုလုပ်စေကာမူ အဆုံးသတ်တွင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

အဆုံးသတ်တွင် လက်ရွေးစင် အတန်းသို့ ဂုဏ်ထူးဆောင် ကျောင်းသား အနေဖြင့် တက်ရောက်ခွင့် ရခဲ့သည်ကသာ အဖက်တင်ခဲ့၏။

တစ်ခြားသူတွေလို သာမာန်ကျောင်းသားဘဝ ရရန် သူ့အတွက် အဘယ်ကြောင့် အလွန်တရာ ခက်ခဲနေရပါသနည်း။

ဖေဖေဝမ်တို့ အနေဖြင့် သူခံစားနေရသည့် နာကျင်မှုများကို နားလည်ပေးနိုင်မည်ဟု ဝမ်လင်းက မမျှော်လင့်ထားခဲ့ပေ။

ဝမ်လင်း၏ မိဘများက မရယ်ရသော ဟာသ ပျက်လုံး တစ်ခုကို ကြည့်နေရသကဲ့သို့ ပညာရေးဒါရိုက်တာ ပေးလိုက်သည့် လက်ရွေးစင် အတန်းသို့ တက်ရောက်ခွင့်ရသော ဝင်ခွင့်စာရွက်ကို ထွေထွေကြီး စိုက်ကြည့်နေမိသည်။

ဝင်ခွင့်စာရွက်ပေါ်ရှိ စာလုံးတစ်လုံးမှ မလွတ်သွားအောင် ကြိမ်ဖန်များစွာ အပြန်ပြန် အလှန်လှန် ဖတ်ရှုပြီးနောက်တွင် ဝမ်မောင်နှံက သက်ပြင်းရှည်ကြီးကို ချလိုက်ကြ၏။

ယင်းနောက်တွင် အနက်ရောင် ဆံပင်ကို သေသပ်စွာ ဖီးသင်ထားပြီး ယောက်ျားပီသသော အသွင်အပြင် ရှိသည့် သက်လတ်ပိုင်း အရွယ် ဖေဖေဝမ်က ဝမ်လင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကဲ.. ကျောင်းသားလေး ဝမ်လင်း.. ဒီကိစ္စနှင့် ပတ်သတ်ပြီးတော့ ငါတို့ကို ပြောစရာ စကား မရှိဘူးလား”

အခြေခံ တည်ဆောက်ခြင်း အဆင့်သာ ရှိသည့် ဖေဖေဝမ် ဆီမှ ထွက်လာသည့် အော်ရာနှင့် အကြည့်များက သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့်သူ့ကို အဘယ်ကြောင့် စိတ်ကျဉ်းကျပ်စေမှန်း သူမသိပေ။

ယင်းသို့ဖြစ်ရခြင်းမှာ သားအဖ တော်စပ်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။

ဝမ်လင်းက အဆူခံရတော့မည်ကို သိ၍ သူ့စိတ်ကို ကြိုတင် ပြင်ဆင်ထားလိုက်သည်။

ဖေဖေဝမ်ဆီမှ စိတ်ပျက်နေသော လေသံဖြင့်

“ငါ မင်းကို စိတ်ပျက်သွားပြီ”

ဟူသော စကားကို ပထမဆုံး အနေဖြင့် ကြားရလိမ့်မည်ဟု သူခန့်မှန်းလိုက်၏။

သူ မျှော်လင့်ထားသည့် အတိုင်းပင် အတိအကျ ဖြစ်လာခဲ့သည်။

“ငါ မင်းကို စိတ်ပျက်သွားပြီ”

ဖေဖေဝမ်က တစ်ဖြည်းဖြည်း ဒေါသထွက်လာပြီး ပိုမို ကျယ်လောင်စွာ အော်ဟစ် ကြိမ်းမောင်းလိုက်၏။

“မင်း အတွက် အဲ့ဒီ စာမေးပွဲ စမ်းသပ်ချက်လေးက အရမ်းကြီး ခက်ခဲနေလို့လား.. သာမန် အဆင့်လောက်ပဲ ရအောင်တောင် မင်းမလုပ်နိုင်ဘူးလား.. မင်းအခုလို လက်ရွေးစင်အတန်းကို ဝင်ခွင့်ရတော့ရော မင်းအမေနဲ့ ငါက ပျော်နေမယ်များ ထင်နေလား”

ဝမ်လင်းက ခေါင်းကို ငုံ့ထားလိုက်ပြီး ဖေဖေဝမ်တို့နဲ့ အကြည့်ချင်း မဆုံမိစေရန် ကြိုးစားလိုက်သည်။

ယခုလို အသေအချာ သူစီစဉ်ထားသည့်ကြားမှ လွဲချော်သွားရခြင်းမှာ နတ်ဘုရားများ၏ ကျီစယ်မှုကြောင့် ဖြစ်ရသည်ဟုသာ သူ့စိတ်ထဲတွင် တွေးမှတ်ထားလိုက်၏။

“မင်း သိတဲ့အတိုင်းပဲ.. မင်းအမေနဲ့ ငါက အခုမှ အခြေခံတည်ဆောက်ခြင်း အဆင့်မှာပဲ ရှိသေးတယ်.. မင်းအလှည့်ကျမှ အသက်ငယ်ငယ်လေးနဲ့ အဲ့လောက်ထိ စွမ်းအားကြီးနေရင် မင်းက ငါတို့ရဲ့ သားပါလို့ တစ်ခြားသူတွေကို ဘယ်လိုလုပ် ယုံအောင် ပြောရတော့မှာလဲ”

ထိုစကားကို ပြောနေသည့်အချိန်တွင် ဖေဖေဝမ်က မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ငိုယိုနေခဲ့၏။

“ဒီလို ပါရမီရှင် မွန်းစတားဆန်တဲ့ သားတစ်ယောက်ရှိလို့ ငါတို့ကို ဂုဏ်ယူကြောင်း လာပြောရင်တော့ ကိစ္စမရှိဘူး.. ငါတို့ကို သဘောမကျတဲ့သူတွေက မင်းကို ငါတို့ရဲ့ သားအရင်း မဟုတ်ဘဲ အမှိုက်ပုံကနေ ကောက်ပြီး မွေးစားထားတယ်လို့ လာပြောရင် ဘယ်လိုလုပ်မလဲ”

ဝမ်လင်း”…….”

“နောက်တစ်ကြိမ် ကျရင် ငါ့သားလေး အရမ်းကြိုးစားပြီး အဆင့်ကောင်းအောင် လုပ်စရာ မလိုဘူး.. ဒီအတိုင်း စာရွက်အဖြူချည်းပဲလည်း အမေ အဆင်ပြေတယ်.. ကျရှုံးခဲ့ရင်တောင် အမေ့အနေနဲ့ အဆင်ပြေပါသေးတယ် သားရယ်.. ငါ့သားလေး အမေပြောတာကို သေချာ နားထောင်ရမယ်နော်”

ဝမ်လင်း “…….”

ဝမ်လင်း တစ်ယောက် မဟုတ်မမှန် စွပ်စွဲခံနေရသည်။

သူတစ်ခါမှ စာမေးပွဲတွင် အဆင့်ကောင်းရရန် ကြိုးကြိုးစားစား မလုပ်ခဲ့ကြောင်း သူ့အနေဖြင့် သတ္တိရှိရှိဖြင့် ကျိန်ဆိုရဲသည်။

“နောက်တစ်ခါ ထပ်ပြီး မင်းအနေနဲ့ အဆင့်ကောင်းကောင်း ရ​အောင် လုပ်လာခဲ့လို့ကတော့ မင်းကို စုတ်ပြတ်သတ်နေအောင် ရိုက်ပြမယ်.. စောင့်ကြည့်နေလိုက်”

ဖေဖေဝမ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

ဖေဖေဝမ်၏ စကားကို ကြားလျှင် ဝမ်လင်း၏ မျက်နှာက မည်းမှောင်သွားသည်။

ယင်းနောက်တွင် သူက ခွန်အားကို မထိိန်းချုပ်နိုင်တော့ဘဲ ထမင်းစားတူကို အလန့်တကြား ဆုပ်လိုက်မိသောကြောင့် ထမင်းစားတူက နှစ်ပိုင်းကျိုးသွားခဲ့သည်။

ဖေဖေဝမ်က တူ ကျိုးသွားသည်ကို မြင်လိုက်ရလျှင် နှမြောတသ ဖြစ်သော အသံဖြင့် အလန့်တကြား အော်ဟစ်လိုက်သည်။

“ဒီဘုံကိုးပါး သံမဏိနဲ့ လုပ်ထားတဲ့ ထမင်းစားတူကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဝယ်ခဲ့တာလေ.. အခုတော့ မင်းကြောင့် ပျက်စီးသွားရပြီ.. ဟေ့ကောင် ဒါနဲ့ဆို မင်း ဖျက်ဆီးတာ နှစ်စုံရှိပြီနော်”

“တော်ပါတော့ ရှင်ရယ်.. ရှင့်ရဲ့ စိတ်ကိုလည်း ထိန်းစမ်းပါဦး.. အဲ့ဒီ တူကိစ္စကိုလည်း မေ့ထားလိုက်တော့.. အခုက ထမင်းစားနေတုန်း တန်းလန်းကြီးပဲ ရှိသေးတယ်လေ.. ကျမတို့ရဲ့ လင်းလင်းလေးကလည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပဲဟာ.. ရှင့်စိတ်ကို လျော့လိုက်ပါ..”

ဖေဖေဝမ်နဲ့ ယှဉ်လျှင် မေမေဝမ်က ဝမ်လင်းကို များစွာ အလိုလိုက်ခဲ့၏။

ဝမ်လင်းက သူနှင့်ပတ်သက်လျှင် အလွန်အဖြစ် သည်းသော မိခင်ကို ကြည့်ရင်း ရှက်ရွံ့သလို ခံစားလိုက်ရ၏။

“အဲဒီ တူတွေထက် အရေးကြီးတာက ကျွန်မတို့ လင်းလင်းလေးကို စွမ်းအား ထိန်းချုပ်တတ်အောင် သင်ပြပေးဖို့ပဲ.. မတော်တဆ သူ့အားကို မထိန်းချုပ်နိုင်ဘဲ ထမင်းကို လက်နဲ့ပဲ စားလိုက်ရတဲ့ အဖြစ်မျိုးကိုတော့ ထပ်မဖြစ်စေချင်ဘူး”

“သိတဲ့အတိုင်းပဲလေ.. ဒီနေ့ခေတ်မှာ ပစ္စည်းတွေက စျေးတအား ကြီးလာတော့ အရည်အသွေးတွေက တစ်ဖြည်းဖြည်း နိမ့်ကျလာတာပဲ အဖတ်တင်လာတယ် ”

ဖေဖေဝမ် တစ်ယောက် အိမ်စရိတ် တစ်ဖြည်းဖြည်း တက်လာသည့် အတွက် စိတ်ပျက်လက်ပျက်ဖြင့် ညီးတွားလိုက်သည်။

ဝမ်လင်းက ငယ်စဥ်ကပင် အလွန်ကြီးမားသည့် ခွန်အားက်ို ပိုင်ဆိုင်ထားခဲ့သည်။

နတ်ဆိုးဓါးကို တစ်နှစ်သားအရွယ်တွင် ရိုက်ချိုးပြီး ကတည်းက ဝမ်မောင်နှံက အိမ်ရှိ ပစ္စည်းများ နေရာတွင် စိန်များနှင့် သံမဏိများဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို အစားထိုးခဲ့ရသည်။

သို့မှသာ ဝမ်လင်းလေး မတော်တဆ ဖျက်ဆီးမည့် အန္တရာယ်နှင့် ကင်းဝေးမည် မဟုတ်ပါလား။

ဝမ်လင်းကို တူကိုင်နည်း သင်ပေးစဉ် အခါကလည်း သံမဏိဖြင့် ပြုလုပ်ထားသည့် ထမင်းစားတူ များစွာကို ဝမ်လင်းက ထောင်နဲ့ချီ ဖျက်ဆီးပစ်ခဲ့သည်။

ဝမ်လင်း ဖျက်ဆီးပစ်ခဲ့သည့် ပစ္စည်းများကို ပြန်မြင်ယောင်ကြည့်လျှင် ဝမ်မောင်နှံ အနေဖြင့်

“ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတာကြီးလဲကွာ”

ဟူသည့် စကားကို ညီးတွားရုံသာ တတ်နိုင်မည် ဖြစ်၏။

ထိုသို့ ဝမ်လင်း တစ်ခုခုကို ဖျက်ဆီးမိတိုင်း ဖေဖေဝမ် ပြောနေကြ ဖြစ်သည့်

“ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတာကြီးလဲကွာ ”

ဟူသော စကားမှာ ဝမ်လင်းပင် သတိမထားမိဘဲ သူ့ဘဝတစ်လျှောက်လုံး ဖေဖေဝမ် အများဆုံး ပြောလေ့ ရှိသည့် လက်သုံး စကားပင် ဖြစ်လာသည်။

“စွမ်းအား အရမ်းကြီးတဲ့ လူတွေက ဘယ်လိုမျိုး ဘဝတွေမှာ နေထိုင်ကြတာလဲ.. သူတို့ရဲ့ အိမ်မက်တွေကရော ဘာတွေများ ဖြစ်နေမလဲ”

ယင်းကဲ့သို့ အတွေးများကို ဝမ်လင်း တစ်ယောက် အမြဲလိုလို တွေးတောနေမိသည်။

အိမ်စရိတ် ကာမိအောင် သူ့ကိုယ်သူ လူတစ်သန်းမှာ တစ်ယောက်သာ ရှိသည့် ပါရမီရှင် ဟူ၍ လမ်းပေါ်မှာ ဆပ်ကပ်ပြစားရင်း ပိုက်ဆံရှာစား လိုက်ရမည်လော။

ဝမ်လင်း အနေဖြင့်ဆိုလျှင် တောင်တစ်လုံးကို ရင်ဘက်ပေါ် တင်ပြီး ရိုက်ခွဲပြလိုက်သည်နှင့် တစ်ခါတည်း ကမ္ဘာကျော် ဖြစ်သွားနိုင်သည်။

တစ်ခုရှိသည်မှာ တောင်ကို ရင်ဘတ်ဖြင့် ရိုက်ခွဲပြသော ပြကွက်ကို ပြစားနိုင်သော်လည်း သူတို့နိုင်ငံတွင် တောင်တန်းပေါများစွာ ရှိမနေခြင်းပင်။

​မြေပေါ်မြေအောက် သယံဇာတ အားလုံးက နိုင်ငံပိုင်ပစ္စည်းများသာ ဖြစ်သည်။

ထိုတောင်များကိုသာ ဖျက်ဆီးမိလျှင် နိုင်ငံပိုင်ပစ္စည်း ဖျက်စီးမှုဖြင့် အနိမ့်ဆုံး ထောင်ဒဏ် သုံးနှစ် သို့မဟုတ် သေဒဏ်အထိပင် ကျနိုင်ပေသည်။

ထောင်ကျမခံဘဲ ဒဏ်ငွေဖြင့် ပေးဆောင်ရန် အတွက်မှာလည်း အိမ်တိုင်ကို ချွတ်၍ ရောင်းလျှင်ပင် လိုအပ်သည့် ငွေပမာဏကို ပြည့်မီမည် မဟုတ်ချေ။

အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအားလား…

ကမ္ဘာကြီးကို အုပ်စိုးဖို့ ရည်မှန်းချက်လား..

သူသာ ဆန္ဒရှိလျှင် ထိုအရာအားလုံးကို လုပ်ဆောင်နိုင်သော်လည်း ဝမ်လင်းက အိမ်မှာနေပြီး ကာတွန်းဖတ်ရသည်ကိုသာ ပိုနှစ်သက်သူဖြစ်၏။

သူ့တွင် အကန့်အသတ်မရှိသည့် မှော်စွမ်းအားများ.. အချိန်နှင့် နေရာအား ဇောက်ထိုးလှန်နိုင်သော စွမ်းရည်ကောင်းများ ရှိသည်။

ဆိုရလျှင် ဝမ်လင်းသာ ခွန်အားကုန်သုံး၍ လေဟာနယ်ကို ဆုပ်ဖြဲကာ အက်ကွဲကြောင်းကို ဖန်တီးမည် ဆိုလျှင် အချိန်ကို အနည်းငယ်မျှ ရပ်တန့်ခြင်းနှင့် နောက်ဆုတ်နိုင်စွမ်း ရှိပေသည်။

S သုံးလုံးရရှိသည့်ဖြစ်စဥ်ကို အချိန်နောက်ပြန်ဆွဲ၍ သူလိုချင်သည့် သိုသိပ်သော ဘဝကို သူကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိသော်လည်း မလုပ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ အဆင့်ဖြင့် ကမ္ဘာဂြိုလ်ပေါ်တွင် ဆရာကြီးလုပ်၍ ရသော်လည်း စကြဝဠာ တစ်လုံးနှင့်ယဉ်လျှင် ဘာမျှ မဟုတ်သေးချေ။

စကြဝဠာ၏ အချိန်နှင့် လေဟာနယ်ကို ကာကွယ် စောင့်ရှောက်နေသည့် စည်းကမ်း ထိန်းသိမ်းရေးမှူး တစ်ယောက်ကသာ သူအချိန် နောက်ပြန်ဆုတ်လိုက်သည်ကို မတော်တဆ သိသွားခဲ့လျှင် သူ့အဖြစ်က မတွေးဝံ့စရာပင်။

ထိုစည်းကမ်းထိန်းသိမ်းရေးမှူးသာ လျှော်ကြေး ပြစ်ဒဏ်ချမှတ်ခဲ့လျှင် သူတို့လို မိသားစုလေးအနေဖြင့် ခွက်ဆွဲရမည့်ကိန်း ဆိုက်သွားနိုင်သည် မဟုတ်ပါလား။

အဆုံးသတ်တွင် သူကဲ့သို့ ကျင့်ကြံခြင်း အဆင့် မြင့်မားနေသူတွေ၏ ဘဝတွေက အရမ်းကြီး လွယ်ကူမနေခဲ့ချေ။

၎င်းတို့ တာဝန်ယူရမည့် အရာများနှင့် စောင့်ထိန်းရမည့် အရာများကို သာမန်လူများ အနေဖြင့် တွေးကြည့်၍ပင် ရမည် မဟုတ်ပေ။

အင်မော်တယ် အဆင့် ရှိသူ တစ်ယောက်သာ စွမ်းအားကို မထိန်းနိုင်ဘဲ နှာချေမိလျှင် ဂြိုလ်တစ်ခုလုံးပင် အသာလေး ပျက်စီးသွားနိုင်၏။

သူ့အနေဖြင့် ကျင့်ကြံခြင်း လောက၏ စွမ်းအားအကြီးဆုံးသူ ဖြစ်လာခဲ့ရင်ရော ဘာအရေးနည်း။

ထိုသို့ဖြစ်လာခဲ့လျှင်ပင် သူ့အနေဖြင့် ပြဿနာ ရှာမိတိုင်း သူ့မိဘတွေ၏ အဆူအငေါက်ကို ခံရဦးမည်သာ ဖြစ်၏။

ယင်းအပြင် သူကဲ့သို့ သိုသိုသိပ်သိပ် နေချင်သူ အတွက် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနေရသော ဘဝမျိုးက သူနှင့် ကိုက်ညီမှု မရှိချေ။

ဝမ်လင်းက အတွေး ရေယာဥ်ကြောတွင် စီးမျှောရင်းဖြင့် စားပွဲပေါ်ရှိ ဟင်းများနှင့် ထမင်းတစ်ပန်းကန်ကို တူအသစ် တစ်စုံဖြင့် စားသောက်နေ၏။

ထိုကဲ့သို့ စားလိုက်မှသာ သူ၏ရင်ထဲရှိ စိတ်ကျဉ်းကျပ်နေသော ဝေဒနာများ သက်သာသွားသလို ခံစားလိုက်ရသည်။

တကယ်တမ်း ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်ဖြင့် ဆိုလျှင် သာမန် ထမင်းဟင်းများ အစား စိတ်ဝိညာဉ် စွမ်းအား ဖြည့်တင်းသည့် စားစရာများ စားလျှင်ပင် အကျိုး သိပ်မရှိပေ။

မစားဘဲနေသည်က သူ့အတွက် ဘာ ဘေးထွက်ဆိုးကျိုးမှ ဖြစ်မလာနိုင်သော်လည်း မေမေဝမ် ဆူမည်ကို ကြောက်၍ စားနေရခြင်း ဖြစ်၏။

ထို့ကြောင့် ထမင်းစားခြင်းက သူ့အတွက် မိသားစုနှင့်အချိန်ဖြုန်းသည့် နည်းလမ်း တစ်ခုထက် မပိုခဲ့ပေ။

ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်ချီများကို စုပ်ယူနေရမည့် အစား ယခုလို မိဘများနှင့် နေ့စဉ် ထမင်းစားရသည့် အလုပ်ကို သူပို၍ နှစ်သက်၏။

အိပ်ရာထဲ ရောက်သည်နှင့် ဝမ်လင်း အကြိုက်ဆုံး အလုပ်မှာ သူ့ကုတင် သေးသေးလေးပေါ်တွင် အားရပါးရ လဲလျောင်း၍ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီးအား မျက်နှာကျက်ကို ဖောက်ထွင်းကာ ရှုစားသည့် အလုပ်ပင် ဖြစ်သည်။

ထိုသို့ သန်းခေါင်ယံ အချိန်တွင် ကောင်းကင်ယံမှ ကြယ်တာရာများကို ကြည့်ရှုခြင်းက ဝမ်လင်းအတွက် အပန်းဖြေစရာ တစ်ခုလိုပင်။

သူ၏ စိတ်ဖတ်နိုင်သည့် စွမ်းရည်ကြောင့် တစ်နေ့လုံး ယင်ကောင်များကဲ့သို့ “တဝီဝီ” နှင့် ကြားနေရသည့် စကားသံများ တိတ်ဆိတ်ချိန် ဖြစ်သော ဤအချိန်လေးကို သူအလွန်ပင် နှစ်သက် သဘောကျ၏။

နေ့အချိန်နှင့် ယှဉ်လိုက်လျှင် ဤအချိန်လေးက သူ့အတွက် အလွန်ပင် ငြိမ်းချမ်းမှု ရှိသည်ဟု ခံစားမိသည်။

အကြိမ်ပေါင်းများစွာပင် သူ့ကိုယ်သူ ဇာတ်ကားများထဲကလို အခြားဂြိုလ်က လာသည့် ဂြိုလ်သားဟုပင် ထင်ခဲ့မိ၏။

သို့ရာတွင် ဝမ်မောင်နှံက မျိုးရိုးဗီဇ(DNA) စစ်ဆေးမှု အထောက်အထားများကို ပြ၍ သူ၏ သံသယများကို ဖယ်ရှားပေးခဲ့သည်။

ဝမ်လင်း တစ်ယောက် အတွေးနယ်ချဲ့ရင်း ညအချိန်ပင် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

ငယ်စဉ်ကပင် ဝမ်လင်းက စွမ်းအားများကို အသုံးပြု၍ အလိုအလျှောက် အဆင့်တက်နေသည့် သူ၏ အံ့သြဖွယ်ရာ ဖြစ်စဥ်ကြီး ပြီးဆုံးသွားမည့် အချိန်အား ရှာဖွေကြည့်ဖူးသည်။

အရွယ်ရောက်လာလျှင် ထိုဖြစ်စဥ် ရပ်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသော်လည်း ယခုအချိန်ထိ ရပ်တန့်သွားမည့် အရိပ်အ​ယောင်ကိုပင် မပြခဲ့ချေ။

သူ၏ စွမ်းအားက အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ နှစ်နှစ်ကြာတိုင်း နယ်ပယ်တစ်ခုစီ အလိုအလျောက် ကျော်ဖြတ်နေသည်။

ယင်းက သူကဲ့သို့ သိုသိုသိပ်သိပ် နေချင်သူ အတွက် ကြောက်စရာ ကောင်းသော ပြဿနာကြီး တစ်ခုလို ဖြစ်နေ၏။

သို့သော် ထိုအရာထက် ပိုကြောက်စရာကောင်းသည့် အရာမှာ သူ့အနာဂတ် ဖြစ်သည့် အထက်တန်း ကျောင်းသား ဘဝပင် ဖြစ်သည်။

သူ၏ အထက်တန်း ကျောင်းသား ဘဝ တစ်ခုလုံးတွင် မည်ကဲ့သို့ ကြောက်စရာ ကောင်းသည့် ဖြစ်ရပ်များ စောင့်ကြိုနေမည်ကို နတ်ဘုရားတွေကသာ သိလိမ့်မည် ဖြစ်၏။

အထက်တန်း ကျောင်းသားဘဝကို သိုသိပ်စွာဖြင့် ရိုးရိုးရှင်းရှင်း ဖြတ်သန်းမည်ဟု စီစဉ်ထားသော အရာအားလုံးမှာ လက်ရွေးစင် ကျောင်းသားဘဝ ရောက်ရှိသွားခြင်းနှင့် အတူ ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် စွန်းရုံဟု အမည်ရသော မိန်းကလေး..

ထိုမိန်းကလေးက သူ၏ အထက်တန်း ကျောင်းသား ဘဝ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်မည့်သူဟု ကြိုတင်၍ အာရုံရနေခဲ့သည်။

ပထမဆုံးအကြိမ်ဖြင့် ဝမ်လင်းက ကြိုတင် စီစဉ်ထားခြင်း မရှိသည့် အခြေအနေကို ဖြစ်သလို ဖြတ်သန်းရတော့မည် ဖြစ်၏။

ပြဿနာက အိမ်တံခါးကို လာခေါက်နေမှတော့ သူ့အတွက် ထိပ်တိုက် ရင်ဆိုင်ဖို့သာ ကျန်ရှိတော့သည် မဟုတ်ပါလား။

ဝမ်လင်းက ကုတင်ပေါ်တွင် ထိုင်နေရင်း ခေါင်းနောက်လာသဖြင့် မျက်ခုံးကြားရှိ အရေပြားကို နှိပ်နယ်လိုက်သည်။

သိပ်မကြာခင်မှာပင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အံဆွဲထဲမှာ သိမ်းထားသည့် ခေါက်ဆွဲခြောက်ထုပ်ကို လှမ်းယူလိုက်၏။

“မနက်​ဖြန်မှာ ဘာတွေပဲ ဖြစ်နေပါစေ.. အခုချိန်မှာ စိတ်မသက်မသာမှုတွေကို ပြေပျောက်ဖို့ အတွက် ခေါက်ဆွဲအကြွပ်ထုပ်လေး စားပြီးတော့ အနားယူနေလိုက်တာ အကောင်းဆုံးပဲ”

အပိုင်း(၅) ပြီး၏

အပိုင်း(၆) ပထမဆုံးကျောင်းတက်ရက်

အမှတ်၆၀ အထက်တန်းကျောင်းသို့ ပထမဆုံး ကျောင်းတက်ရမည့်နေ့ဖြစ်သည်။

အတိအကျ ပြောရလျှင် အခြေတည် အဆင့် ကျောင်းသားများ အထက်တန်းကျောင်းသို့ တက်ရောက်သော ပထမဆုံးနေ့ ဖြစ်၏။

ဟွားရှို့နိုင်ငံ၏ ပညာရေးပေါ်လစီသည် ခေတ်မီ စည်းမျဉ်း စည်းကမ်းနှင့် အမိန့်များကို အတိအကျ လိုက်နာခြင်းမျိုး မဟုတ်ပေ။

ရာစုနှစ် တစ်ထောင်ကျော်ခန့်က ကျင့်သုံးခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များကိုသာ အဓိက အခြေခံသည်။

ကျောင်းသို့ အချိန်မီ ရောက်ခြင်း၊ မနက်ခင်း အတန်းချိန်များ တက်ရောက်ခြင်း၊ နေ့လည်စာ စားသုံးခြင်း၊ ကျောင်းမှ ထွက်ခွာခြင်း၊ ကျောင်းဝတ်စုံကို စည်းမျဉ်းစည်းကမ်း အတိုင်း ဝတ်ဆင်ခြင်း၊ ဤအချင်းအရာ အားလုံးသည် လွန်ခဲ့သော နှစ်ရာကျော်ခန့်က သတ်မှတ်ခဲ့သော ကျောင်းစည်းကမ်း စာအုပ်တွင် ရေးထိုးထားသော အချက်များ ဖြစ်သည်။

ညဉ့်အချိန်တွင် ဝမ်လင်း တစ်ယောက် သူ့ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို တဂျွတ်ဂျွတ် စားသောက်နေစဉ် ကျောင်းမှ ကျောင်းဝတ်စုံကို နယ်မြေပို့ဆောင်ရေးမှ တဆင့် သူတို့အိမ်သို့ ပို့ပေးလိုက်သည်။

ကျောင်းဝတ်စုံက အပြာရောင်နှင့် အဖြူရောင် ဖြစ်နေ၍ အားကစား ဝတ်စုံနှင် ဆင်တူသည်။

ဝတ်စုံ၏ နောက်ကျောပြင်တွင် လက်ရွေးစင် အတန်း ဟူသော စာသားကို ထူးခြားစွာ ရေးထိုးထားခဲ့သည်။

ဝမ်လင်းက သူ့စိတ်သူ အကောင်းဆုံး ကြိုတင် ပြင်ဆင်ခဲ့သော်လည်း ဝတ်စုံ ဒီဇိုင်းကို ကျေနပ်မှု မရှိိခဲ့ပေ။

ဤဝတ်စုံ၏ နောက်ကွယ်မှ အကြောင်းအရင်းကို သူ နားလည်မိသည်။

ကျောင်းက လွန်ခဲ့သော ရာစုနှစ်ခန့်က ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ရိုးရာမပျက် ဝတ်စားဆင်ယင်စေခြင်း ဖြစ်၍ အနည်းငယ်မျှ တိုးတက်မှုကို မမြင်တွေ့ရချေ။

ကျောင်းဝတ်စုံ၏ နောက်ကျောပြင်တွင် လက်ရွေးစင် ဟူသော စကားလုံးကို ရေးထိုးထားခြင်းက စိတ်ပျက်ဖွယ်အတိပင်။

ဤစာသားက အထူးတန်းအတွက် သီးသန့် အခွင့်အရေး ဖြစ်သည် မဟုတ်လော။

ဝတ်စုံကို ဘက်ပေါင်းစုံမှ ကြည့်လိုက်လည်း ဝမ်လင်းကို ကျေနပ်သော ခံစားချက် မဖြစ်ပေါ်စေပေ။

လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းကျော်ခန့်က အကျဉ်းထောင်များတွင် သေမိန့်ပေးခံရသော အကျဉ်းသားများ ဝတ်ဆင်လေ့ရှိသည့် ဝတ်စုံဟုသာ သူခံစားမိသည်။

ဝတ်စုံတွင် ပါဝင်သော အိတ်ကပ်များကလည်း ကြီးမားလွန်းလှသည်။

ဟွားရှို့နိုင်ငံတွင် ကျင့်သုံးသော ပညာရေးပေါ်လစီ၏ စစ်မှန်သော အောင်မြင်မှုက ကျောင်းဝတ်စုံ ဆင်တူ ဝတ်ဆင်ခိုင်းခြင်း ဖြစ်သည်။

ထိုသို့ဝတ်ဆင်စေခြင်းဖြင့် ကျောင်းသားများကြား လူနေမှု အဆင့်အတန်း ကွာခြားခြင်းကို လျော့ချနိုင်ခဲ့၏။

တကယ်တမ်း ဤသည်ကား သူ ပြောချင်ခဲ့သည့် အဓိက အကြောင်းချင်းရာ မဟုတ်ခဲ့ပေ။

ဝမ်လင်းအတွက် အကြီးမားဆုံး အခက်အခဲ အတားအဆီးက မနက်ဖြန် ရင်ဆိုင်ရမည့် အဆိုးရွားဆုံး နေ့ရက်ဖြစ်သည်။

ဝမ်လင်းတို့မိသားစု နေထိုင်သော အိမ်ငယ်လေးသည် မြို့တွင်း နှင့် မြို့ပြင်ကြားတွင် တည်ရှိပြီး ၆၀ အထက်တန်းကျောင်း နှင့် လီ သုံးသောင်းခန့် ကွာဝေးသည်။

သို့သော် လေအလျင်ကဲ့သို့ နှုန်းဖြင့် ဝမ်လင်း သွားခဲ့လျှင်မူ ၂မိနစ်ခန့်ပင် မကြာလိုက်ဘဲ ကျောင်းသို့ ရောက်နိုင်ပေသည်။

သူ ငယ်ငယ်တုန်းက ခေါက်ဆွဲခြောက်ထုပ် ဝယ်ရန် လီ ၃သောင်းခန့် အကွာအဝေးသို့ပင် ပြေးသွားခဲ့ဖူးသည်။

ထို့ကြောင့် လီတစ်သောင်းခန့် အကွာအဝေးက သူ့အတွက် အေးအေးလူလူ ဖြစ်ပြီး မျက်နှာကို နီမြန်းစေခြင်းနှင့် မောဟိုက်သော ခံစားချက်များ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

ယနေ့သည် ကျောင်းတက်ရသော ပထမဆုံးနေ့ ဖြစ်သည်။

ကျောင်းသားခေါင်းဆောင်များနှင့် အတူ ဝန်ထမ်းများက ဂိတ်ပေါက်ဝတွင် ကိုယ်တိုင်ကိုယ်ကျ ကျောင်းသားသစ်များကို ကြိုဆို၍ လမ်းညွှန်ပေးကြသည်။

ဝမ်လင်းက ထောင့်တစ်နေရာသို့ လှည့်ထွက်သွားလိုက်စဉ် ခပ်လှမ်းလှမ်း တစ်နေရာမှ လူတစ်စု ပြောနေသော အသံကို ကြားလိုက်သည်။

“မနေ့က ကျောင်းသားသစ် တစ်ယောက် Sသုံးလုံး အဆင့်ကို ရခဲ့တယ် ကြားတယ်”

“ဟုတ်ပါတယ် ကျောင်းအုပ်ကြီးချန်း.. အဲဒီကျောင်းသားရဲ့ နာမည်က ဝမ်လင်းပါ.. အဲဒီကျောင်းသားက လက်ရွေးစင် အတန်းကို တက်မှာပါ”

“ငါသဘောပေါက်ပြီ.. အဲဒီကျောင်းသားက နောင်အနာဂတ်မှာ ထွန်းပေါက်မယ့် အလာအလား ရှိတယ်.. ကျောင်းသားဝမ်လင်းက ယောက်ျားလေးလား မိန်းကလေးလား”

ကျောင်းအုပ်ကြီးချန်းက မေးမြန်းလိုက်သည်။

“ယောက်ျားလေးပါ ကျောင်းအုပ်ကြီး”

ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးချန်း၏ မျက်နှာအမူအရာက နောင်တများဖြင့် ပြည့်နှက်သွားသည်။

“ဒီနေ့ခေတ် ကျောင်းသားတွေက အရမ်းကို အကင်းပါးကြတယ်.. အဲဒီကျောင်းသား ဝမ်လင်းက မိန်းကလေးသာဆိုရင် ငါ့ရုံးခန်းထဲ ခေါ်ပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးလို့ ပြဿနာ မရှိဘူး.. ယောကျာ်းလေးဆိုတော့.. ဟူး..”

ဝမ်လင်း၏နောက်ကွယ်တွင် ကျောင်းသားခေါင်းဆောင်များ နှင့် ကျောင်းဝန်ထမ်း တစ်ဦး တစ်ယောက်ချင်းစီက သူ့အကြောင်းများ ပြောဆိုပြီး စိတ်မကောင်းသော အမူအရာဖြင့် သက်ပြင်းချနေကြသည်။

ဝမ်လင်း”……”

ဝမ်လင်းက သူ့ကျောင်းဝတ်စုံကို သေသပ်အောင် ပြင်ဆင်ပြီး ကျောင်းဝင်ပေါက်ကို တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည်။

မည်သူမှ သူ့ကို သတိမပြုမိအောင် ခေါင်းကလေးငုံ့၍ ခပ်ရို့ရို့ လမ်းလျှောက်သွားသည့်အပြင် ကြီးမြတ်သော ကိုယ်ဖျောက်ဂါထာကိုပါ အသုံးပြုခဲ့သည်။

သာမန် ကိုယ်ဖျောက်သော နည်းစနစ်နှင့် ယှဉ်လိုက်လျှင် သူ ယခု အသုံးပြုခဲ့သော နည်းစနစ်က ပို၍သာလွန်သည်။

သူ၏နည်းစနစ်က သူ့ပုံပန်းသွင်ပြင်.. လက်ဗွေရာ နှင့် DNAကိုပင် ပြောင်းလဲနိုင်စွမ်း ရှိ၍ ယနေ့ခေတ်၏ အတိုးတက်ဆုံး နည်းပညာရပ်နှင့်ပင် သူ့ကို ခြေရာခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ရိုးရိုး ရုပ်ဖျက် နည်းစနစ်ကမူ ရှေးယခင်က အသုံးပြုခဲ့သော နည်းစနစ်ကို အခြေခံထားသောကြောင့် လမ်းမပေါ်တွင် တပ်ဆင်ထားသော လျှပ်စစ်ခြေရာခံများဖြင့် အလွယ်တကူ ခြေရာခံနိုင်၍ ရဲဌာန၏ ဖမ်းမိခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

ဝမ်လင်းက ကျောင်းဂိတ်ပေါက်တွင် စောင့်ကြပ်နေသော ခေါင်းဆောင်များ၏ သတိပြုမိခြင်းမှ လွတ်မြောက်ပြီးနောက် ကျောင်းဝန်းထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်ခဲ့သည်။

ဤသည်ကား ငြီးငွေ့ဖွယ်ကောင်းလွန်းသော ကြိုးစားအားထုတ်မှုမှန်း သိသာသော်လည်း သူ့အတွက် ထိုက်တန်သည်ဟု သူခံစားမိသည်။

ဝမ်လင်းအတွက် ချီးမွမ်း ဂုဏ်ပြုမှုများက မလိုအပ်ပေ။

သူ ငယ်စဥ်ကတည်းက ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် တိတ်တဆိတ် ပညာသင်ယူနိုင်ရန်သာ မျှော်လင့်ခဲ့သည် မဟုတ်ပါလား။

သို့သော် ကံဆိုးစွာဖြင့် သူ့ဆန္ဒ တစ်ခုတလေမျှ မပြည့်ဝခဲ့ပေ။

ပထမနှစ် အခန်း၃သည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ပညာသင်ကြားရေး အဆောက်အဦး ပထမထပ်တွင် တည်ရှိသည်။

ထို့အပြင် ကျောင်းစားသောက်ဆိုင်နှင့် အနီးဆုံးတွင် ရှိသော အတန်းလည်း ဖြစ်သည်။

အတန်း၏ အရှေ့တံခါးမကြီးနားတွင် မိန်းကလေးအိမ်သာ ရှိပြီး အနောက်ဘက် တံခါးနားတွင် ယောက်ျားလေး အိမ်သာ ရှိသည်။

ယခင်ခေတ်နှင့် မတူညီသည့် အချက်မှာ သင်ကြားပေးသော သင်ခန်းစာ နည်းပါးပြီး ကျောင်းတက်ချိန် များပြားခြင်း ဖြစ်သည်။

အတန်းထဲတွင် ခေတ်ရေစီးကြောင်းနှင့် လိုက်ဖက်ညီသော သင်ခန်းစာများကို သင်ကြားပေးသည်။

အထူးသဖြင့် ပထမနှစ် အတန်းတွင် အခြေခံ အရေးကြီးသော အကြောင်းအရာများကိုသာ သင်ကြားပေးသည်။

အင်းချပ်ရေးဆွဲခြင်း.. စိတ်ဝိညာဉ်ရေထုတ်လွှတ်ခြင်း.. ဆေးဖော်စပ်ခြင်း အစရှိသည်တို့ကို သင်ကြားပေးသည်။

သို့သော်လည်း ဝမ်လင်းအတွက်က မိခင်၏ ဝမ်းဗိုက်ထဲမှာတည်းက ၎င်းပညာရပ်များကို သင်ကြားခဲ့ပြီသား ဖြစ်နေသည်။

သို့သော်လည်း သူက ပျင်းရိငြီးငွေ့စွာဖြင့် လိုက်ပါသင်ကြားခဲ့ပြီး မည်သူမှ အထင်မကြီးအောင် ကြိုးစားခဲ့သည်။

ဝမ်လင်း၏ အားနည်းချက်တစ်ခုမှာ မိတ်ဆွေဖွဲ့ခြင်း ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် လက်ရွေးစင်အတန်း ၂တန်း ရှိပြီး သူတို့အတန်းထဲတွင်မူ ကျောင်းသား ၁၅ယောက် ရှိသည်။

သို့တိုင် ဝမ်လင်းက လက်တစ်ဖက်စာမျှ အတန်းဖော်နာမည်ကိုသာ မှတ်မိသည်။

သူ မှတ်မှတ်ရရ သိနေသူများအနက် အထင်ရှားဆုံးသူမှာ ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး စွန်းရုံ ဖြစ်သည်။

သူမက ကြော့ရှင်းလှပသော ဟန်အမူအရာဖြင့် လူသိများ ထင်ရှားအောင် နေထိုင်ပြီး အတန်းခေါင်းဆောင် ဖြစ်ချင်နေသူ ဖြစ်၏။

ဒုတိယတစ်ယောက်မှာ အားကစား လုပ်ငန်းများကို ဦးစီးဦးဆောင် လုပ်ဆောင်တတ်သော စူပါချန်(ဝါ)ချန်ချောင်ဖြစ်သည်။

သူသည်လည်း အခြေတည်အဆင့်၏ ထိပ်ဆုံး အဆင့်ကို ရောက်နေသော ကျောင်းသားတစ်ယောက် ဖြစ်၏။

ဆိုရလျှင် ရွှေအမြူတေအဆင့်ကို တက်လှမ်းနိုင်မည့် အလာအလား ရှိသော လူငယ်မျိုးဆက်သစ်လည်း ဖြစ်သည်။

ရှေးဟောင်းသိုင်းပညာရပ်ကို လိုက်စားသော မိသားစုမှ ဆင်းသက်လာ၍ ချန်ချောင်၏ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်သည်။

တတိယမြောက်ပုဂ္ဂိုလ်က သူရဲကောင်းကော်(ဝါ)ကော်ဟောက် ဖြစ်သည်။

သူသည်လည်း အခြေတည်အဆင့် နောက်ဆုံးအဆင့်ကို ရောက်နေသောသူ ဖြစ်၏။

သူတို့မိသားစုက တိရိစ္ဆာန် အရောင်းဆိုင်လေးကို ဖွင့်ထားသည်။

သူတို့ဘိုးဘေးမျိုးဆက်များက ဝိညာဉ်သားရဲလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။

သူက ဒိုပီအမည်ရှိသော ကြက်တူရွေးလေးကို သွားလေရာတွင် ခေါ်သွားတတ်သည်။

ထို့အပြင် တစ်တန်းလုံး၏ အတင်းအဖျင်း သတင်းများကိုလည်း ဒိုင်ခံ ပြောတတ်၍ သူ့ကို ကြက်တူရွေးလေး ဒိုပီ၏ သခင်ဟုလည်း ခေါ်ကြသည်။

စတုတ္ထမြောက်တစ်ဦးက ဝမ်လင်း အထင်ကြီး လေးစားရသော လီရွှမ်ကျင်း ဖြစ်သည်။

သူ့အမည်က မိန်းကလေးအမည်နှင့် ဆင်သော်လည်း အရပ် ၁၉၀ စင်တီမီတာ ရှိသော ရုပ်ကြမ်းကြီးနှင့် ယောက်ျားတစ်ယောက် ဖြစ်သည်။

သူ့အမည်ကဲ့သို့ပင် လီရွှမ်ကျင်းက စကားနည်းသည်။

အထူးဆန်းဆုံး ဖြစ်ရပ်မှာ ဝမ်လင်း၏ စိတ်ဖတ်နိုင်စွမ်းက သူ့အပေါ် သက်ရောက်မှု မရှိခြင်းပင်။

ဝမ်လင်းက လီရွှမ်ကျင်း အတွေးကို ဖတ်နိုင်စွမ်း မရှိပေ။

ဤကဲ့သို့သော အခြေအနေမျိုးက ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်သည်။

ဝမ်လင်းကို စိတ်ဖတ်နိုင်စွမ်းမှ တားဆီးနိုင်သော အခြေအနေ နှစ်ရပ်သာ ရှိသည်။

ပထမအချက်မှာ တစ်စုံတစ်ယောက်က ဝမ်လင်း၏ စိတ်စွမ်းအား အချက်ပြမှုကို ဟန့်တားရန် သူနှင့်အတူတူ တန်ဖိုးကြီးသော မှော်ရတနာကို ကိုယ်နှင့်မကွာ ဆောင်းထား၍ ဖြစ်နိုင်သည်။

ဒုတိယအချက်မှာမူ တစ်စုံတစ်ယောက်က အရမ်းကို ရိုးသားခြင်း(ဝါ) စိတ်ထား ဖြူစင်လွန်းနေလျှင် ထိုလူ၏စိတ်ကို ဖတ်နိုင်ရန် မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်လင်း၏အမြင်တွင် လီရွှမ်ကျင်းက အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးဟု မှတ်ယူထားသည်။

လီရွှမ်ကျင်းထံတွင် ထိခိုက်နစ်နာစေလိုသော အကြံအစည် တစ်ခုခု ရှိနေ၍ ဖုံးကွယ်ထားသည်ဟု သူယူဆထားသည်။

ဤလူလေးဦး အရှေ့ရောက်လျှင် အထူးသတိပြုကာ နေထိုင်ရမည်
ဟု ဝမ်လင်းက ဆုံးဖြတ်လိုက်သည်။

အတန်းချိန် ကျော်လွန်သွား၍ အခန်းတစ်ခန်းလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။

ဆူညံလွန်းသော ပတ်ဝန်းကျင်ကို ငေးကြည့်လျက် ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဤစိတ်မချမ်းမြေ့ဖွယ်ကောင်းသော နေရာတွင် သူ့ကိုယ်သူ ဖုံးကွယ်ရန် ကြိုးစားနေရခြင်းက တကယ်ကို ခက်ခဲလွန်းလှ၏။

နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သူ့နယ်မြေအိတ်ကပ်ထဲမှ အင်းချပ်စာအုပ်ကို ထုတ်လိုက်ပြီး စားပွဲခုံပေါ် တင်လိုက်သည်။

ထိုစဥ် နောက်ထပ် အတန်းချိန် စတင်မည့် ခေါင်းလောင်းသံ မြည်လာသည်။

စက္ကန့်ပိုင်းမျှပင် မကြာလိုက်ချေ။

ရွှေရောင်မျက်မှန်ကိုင်း နှင့် ဆံပင်ခပ်မြင့်မြင့် စည်းထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်က စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။

“ငါ့ရုံးခန်းထဲကနေတောင် မင်းတို့အသံတွေကို ကြားနေရတယ်.. မင်းတို့က ကျောင်းရဲ့ လက်ရွေးစင်တွေလေ.. ဒီလိုသာ အကျင့်ပျက် ဆူညံနေရင် သင့်လျော်ပါ့မလား.. နောက်နောင် မင်းတို့ ဘယ်လိုလုပ်ကြမလဲ”

သက်လတ်ပိုင်း အမျိုးသမီးက ဖန်ရှန့်စုန့်ဖြစ်ပြီး ပထမနှစ် လက်ရွေးစင် အတန်းကို ကြီးကြပ်ရသော အတန်းပိုင် ဆရာမလည်း ဖြစ်၏။

ထို့အပြင် ဝမ်လင်း သတိထား ဆက်ဆံရမည့် ငါးယောက်မြောက် ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။

အပိုင်း(၆) ပြီး၏

အပိုင်း(၇) ကြီးမြတ်လှသော ဆရာမဖန်

ဝမ်လင်းက ဆရာမ ဖန်ရှန့်စုန့်၏ ကြီးမြတ်သော ဂုဏ်သတင်းကို ကြားသိခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဆရာမ ဖန်ရှန့်စုန့်မှာ ၆၀အထက်တန်းကျောင်း၏ ခေါင်းဆောင် ဆရာမ ဖြစ်ပြီး ပင်စင်ယူပြီးနောက်မှ အလုပ်ပြန်ဝင်လာသူလည်း ဖြစ်သည်။

သူမက ရွှေအမြုတေအဆင့် ရောက်နိုင်သော အလားအလာရှိသည့် ကျောင်းသားများစွာကို လေ့ကျင့် ပျိုးထောင်ပေးခဲ့ဖူးသည်။

သို့သော် ကံဆိုးစွာဖြင့် ရွှေအမြုတေ အဆင့် ရောက်ခါနီးသည့် ကျောင်းသားတိုင်းက ဘွဲ့ရသွားကြ၍ ဆရာမ ဖန်ရှန့်စုန့်၏ လက်အောက်တွင် ဤအဆင့်ကို ရောက်ခဲ့ဖူးသူ မရှိခဲ့ပေ။

ယင်းကိစ္စတွင် ဆရာမဖန်ကို အပြည့်အဝ အပြစ်တင်၍ မရပေ။

ဥပမာ ပြောရမည်ဆိုလျှင် ရေငတ်နေသော မြင်းတစ်ကောင်ကို ရေရှိရာ အရပ်သို့သာ လမ်းညွှန်ပေးနိုင်မည် ဖြစ်ပြီး ရေသောက်ခြင်း.. မသောက်ခြင်းက မြင်းနှင့်သာ သက်ဆိုင်သော ကိစ္စသာ ဖြစ်သည်။

အတင်းအကျပ် တွန်းအားသွားပေး၍ မရချေ။

အခြေတည် အဆင့်တွင် ကျင့်ကြံခြင်း လုပ်ဆောင်ရန် ပျင်းရိနေသော သူသည် အသက်အရွယ်ကြီးရင့်ကာ အိုမင်လာချိန်တွင် နောင်တရလိမ့်မည်သာ။

ဆရာမဖန်က အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သော်လည်း သူမ ဘဝ၏ နောက်ဆုံး မျှော်လင့်ချက်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။

ယင်းမှာ သူမ၏ ကျောင်းသား ဖြစ်ခဲ့ဖူးသည် ကျိုးရီ ကြောင့်ဖြစ်သည်။

ကျိုးရီက ၆၀အထက်တန်းကျောင်းမှ ဘွဲ့ရတစ်ယောက် ဖြစ်ပြီး ကောင်းကင်ဝါးမျို ဖားပြုပ်ကို တစ်ချက်တည်းဖြင့် အလဲထိုးနိုင်ခဲ့သော ဟွာရှို့နိုင်ငံ၏ သူရဲကောင်းကြီး ဖြစ်သည်။

သူရဲကောင်းကျိုးက ဆရာမဖန်၏ တပည့် ဖြစ်နေသောကြောင့် ကျောင်းခေါင်းဆောင်များက ဆရာမဖန်ကို အကြွင်းမဲ့ ယုံကြည်ခဲ့ကြ၏။

ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်က ကျောင်းရှိ ဆရာများ အားလုံးတွင် အနိမ့်ဆုံး ဖြစ်သော်လည်း ခေါင်းဆောင် ဆရာများအနက် လစာအမြင့်ဆုံး ရရှိသူ ဆိုလည်းမမှားပေ။

ဆရာမဖန်က လာဘ်ထိုးမှုကြောင့် ယခုကဲ့သို့ ဂုဏ်သတင်း ကျော်စောနေသည်လား ဝမ်လင်း အနေဖြင့် မသိပေ။

ဆရာမဖန်က လာဘ်လာဘကို မျှော်ကိုးပြီး အကျိုးအကြောင်း မဆင်ခြင်ကာ သူ့ကို ပြဿနာ မရှာရန်သာ မျှော်လင့်နေမိသည်။

မည်သို့ပင် ဆိုစေကာမူ အတန်းထဲတွင် သူက သိုသိုဝှက်ဝှက် နေထိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။

ကြီးကြပ်ရေးမှူး ဆရာများ အားလုံး နည်းတူ ဆရာမဖန်၏ အမြင်က စူးရှပြီး အကင်းပါးသည်။

သာဓကအနေဖြင့် ပြောရမည်ဆိုလျှင် ဝမ်လင်းတို့ အတန်းနှင့် အလှမ်းဝေးသော သူမ၏ ရုံးခန်း၌ ရှိနေချိန်မှာပင် အတန်းထဲမှ ကျောင်းသားများ၏ စခွီထသည့် အသံများကို ကြားနိုင်စွမ်း ရှိသည်။

ဆရာမဖန် ဒေါကန်နေရခြင်းမှာ သူမ လူသွားစင်္ကြ့ဘက် လမ်းလျှောက်နေစဉ် ဘေးအခန်းမှ ကျောင်းသားများ၏ လုံ့လဝီရိယရှိစွာ သင်ယူနေခြင်းများကို မြင်တွေ့ရပြီး သူမ၏ အခန်းက ဆူညံနေခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် သူမက အခန်းထဲ ဝင်ဝင်ချင်း စားပွဲခုံကို အသံမြည်အောင် စာအုပ်ဖြင့် ရိုက်ချလိုက်သည်။

ထိုမှသာ သူမ၏ မကျေနပ်သော ခံစားချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လိမ့်မည် မဟုတ်ပါလား။

“၆၀အထက်တန်းကျောင်းမှာ ငါစာသင်လာတာ ကြာခဲ့ပြီ.. လက်ရွေးစင်အတန်း ၁၀တန်းကို တာဝန်ယူခဲ့ဖူးတယ်.. မင်းတို့က ၁၀တန်းမြောက်ပဲ.. ငါ တာဝန်ယူခဲ့သမျှ အတန်းတွေထဲမှာ မင်းတို့အတန်းက အဆိုးဆုံးပဲ”

သူမ၏ စကားလုံးများက ကျောင်းသားများကို အံ့အားသင့် ထိတ်လန့်စေသော်လည်း ကျောင်းသားများ အနေဖြင့် ယခုလို စကားမျိုးကို ယခင်ကတည်းက ကြားဖူးပြီးသား ဖြစ်သည်။

သို့ရာတွင် ဖန်ရှန့်စုန့်က ၆၀အထက်တန်းကျောင်း၏ ရင်ဆိုင်ရအခက်ခဲဆုံး ဆရာမ ဖြစ်နေ၍ ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် မည်သူကမှ သူမနှင့် ထိပ်တိုက် ရင်ဆိုင်ချင်သော ဆန္ဒရှိမနေပေ။

ဆရာမဖန်က မည်မျှပင် ဒေါသထွက်နေပါစေ။

စွန်းရုံကို ရန်စရဲသည် အထိတော့ မတုံးအပေ။

သူမအတွက် အတန်းထဲတွင် ကြာပန်းဖြူလေး စွန်းက ခြွင်းချက် ဖြစ်သည်။

တခြား ကျောင်းသားများ၏ မိသားစု နောက်ခံကို အသေအချာ မသိသေး၍ သူမ၏ အတန်းပိုင် လုပ်ပိုင်ခွင့်အာဏာကို ပြချင်နေခြင်းသာ။

“ကျောင်းသားဝမ်လင်းက ဘယ်သူလဲ”

ဖန်ရှန့်စုန့်၏ စကားကြောင့် အတန်းထဲရှိ ကျောင်သားအားလုံးက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာ၍ ဝမ်လင်း လန့်ဖျပ်သွားမိသည်။

ဆရာမဖန် “အပြင်ကနေတောင် မင်းနာမည်ချည်းပဲ ကြားနေရတယ်”

ဝမ်လင်း”…….”

“မင်းတို့ရဲ့အရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်.. ကံကောင်းလို့ပဲ ဖြစ်ဖြစ် မင်းတို့က ငါ့အတန်းထဲကို ရောက်နေပြီ.. ဒါကြောင့်မို့ ငါ ချမှတ်ထားတဲ့ အတန်းစည်းကမ်းကို လိုက်နာရမယ်.. မင်းတို့က လက်ရွေးစင် ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း နေနိုင်ဖို့ ငါမျှော်လင့်တယ်.. မင်းတို့ ကျောင်းနောက်ကျလို့ မရဘူး.. စောစော ပြန်လို့လည်း မရဘူး.. အခန်းထဲ အသံကျယ်ကျယ် စကား မပြောရဘူး.. မင်းတို့က ငါ့ကို စိန်ခေါ်ချင်တယ် ဆိုရင်တော့ မင်းတို့မိဘတွေကို ကျောင်းခေါ်ပြီး သတိပေးဖို့ အဆင်သင့်ပဲ”

ဤသည်ကား အတန်းသစ် မစတင်ခင် သူမ ပြောလေ့ပြောထ ရှိသော မိန့်ခွန်း ဖြစ်သည်။

အတန်းထဲတွင် စကားနည်းသော ဝမ်လင်းက ငယ်စဥ်ကတည်းကပင် ယခုလို အတွေ့အကြုံမျိုးကို တွေ့​ကြုံဖူးပြီသား ဖြစ်သည်။

သူငယ်စဥ်က အဖြစ်အပျက် တစ်ခုကို သူ မှတ်မိနေသေးသည်။

ချီစုဆောင်းခြင်း သင်ခန်းစာကို ဆရာမက သင်ပေးနေစဥ် အဆိုးရွားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

သူက ဥက္ကာခဲကို ဆင့်ခေါ်မိ၍ ကျောင်း၏ အားကစားကွင်း ပျက်စီးခဲ့သည်။

ဤအဖြစ်အပျက်ကြောင့် အတန်းသုံးရက် ပိတ်ခဲ့ဖူးသည်။

ကံကောင်းစွာဖြင့် ဝမ်လင်းက ယခုအချိန်တွင် သူ့ကိုယ်သူ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုသို့သာ မဟုတ်လျှင် သူ ရူးသွားလျှင် သူ့ကိုယ်သူပင် ပြန်ကြောက်ရသော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပါလား။

ဆရာမဖန်က ဝမ်လင်းတို့ကို တာအိုအဆောင် သင်ခန်းစာကို အဓိက ကြီးကြပ် သင်ကြားပေးလိမ့်မည် ဖြစ်သည်။

တာအိုအဆောင် ရေးဆွဲခြင်း၏ အခြေခံ ရည်မှန်းချက်က ပို၍ အဆင့်မြင့်သော သင်ခန်းစာများကို သင်ကြားနိုင်ရန် ဖြစ်သည်။

အနီရောင်အမှုန့်.. အဝါရောင်စာရွက်.. ဝိညာဉ်ရေ နှင့် ရေးဆွဲသော စုတ်တံတို့က အဆောင်ရေးဆွဲခြင်း၏ အခြေခံ ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။

လက်ရွေးစင် အတန်းက အခြေခံသင်ခန်းစာဖြင့် အချိန်ဖြုန်းမည့် အတန်း မဟုတ်ပေ။

သင်ခန်းစာကို မိတ်ဆက်သည့် သဘောဖြင့် ပထမဆုံး အတန်းချိန်မှာပင် စတင် သင်ကြားပေးခဲ့သည်။

ဆရာမဖန်က သင်ခန်းစာပို့ချရန် သူမနှင့် အတူတူ ကုန်ကြမ်းပစ္စည်းများကို တပါတည်း ယူဆောင်လာခဲ့သည်။

“မင်းတို့ အရင်တုန်းက အဆောင်ဆွဲဖူးလား မသိပေမဲ့ မင်းတို့ကို အခြေခံကနေ သင်ပေးမယ်.. အခုတော့ မင်းတို့ကို တစ္ဆေဆင့်ခေါ်တဲ့ အဆောင် ဘယ်လို ရေးဆွဲရလည်း ဆိုတာ အရင်ဆုံး သင်ပေးမယ်”

တိုက်ခိုက်ရေးအဆောင်၊ အကာကွယ်အဆောင်၊ တခြားလုပ်ဆောင်ချက် အဆောင်များနှင့် ယှဉ်လိုက်လျှင် ဤအဆောင်ရေးဆွဲခြင်းက ရိုးရှင်းပြီး အောင်မြင်ရန် လွယ်ကူသည်။

လူသစ်တိုင်း အောင်မြင်နိုင်ချေ မြင့်သောကြောင့် ပထမဆုံးရက်တွင် ရွေးချယ် သင်ကြားပေးခြင်း ဖြစ်၏။

ထိုစကားကို ပြောပြီးနောက် ဆရာမဖန်က အနီရောင်အမှုန့် နှင့် ဝိညာဉ်ရေကို ရောနှောပြီး အဝါရောင် အဆောင်စာရွက်ကို ဖြန့်ကာ စုတ်တံကို လေထဲသို့ မြှောက်လိုက်သည်။

“အခုကစပြီး တစ္ဆေဆင့်ခေါ် အဆောင် ဘယ်လို ရေးဆွဲရမလဲ သင်ပေးတော့မယ်”

လူတိုင်းက ဆရာမဖန်ကို မျက်တောင်မခတ် ကြည့်နေစဉ် သူမက စုတ်တံကို ကျွမ်းကျင်စွာ ကိုင်မြှောက်လိုက်ပြီး အဝါရောင် စာရွက်ပေါ် ရေးဆွဲလိုက်သည်။

ဤသို့ဖြင့် ဆရာမဖန်က သာမန် အဆောင်လေးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

နောက်ဆုံးအဆင့် အနေဖြင့် သူမက ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး အဆောင်စာရွက်ကို လေပေါ် မြှောက်လိုက်သည်။

ယင်းအချိန်မှာပင် ဆန်းကြယ်သော အဖြစ်အပျက်ကို တစ်ခန်းလုံး မြင်တွေ့လိုက်ရသည်။

လေထဲ လွင့်မြောနေသော တစ္ဆေဆင့်ခေါ် အဆောင်က ရုတ်တရက် ရပ်တန့်သွားပြီး တိုးလျသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

ကျောင်းသားများက လေထဲတွင် လွင့်မြောနေသော ထိုးဖောက်မြင်နိုင်သည့် အရိပ်လေး တစ်ခုကို တွေ့လိုက်ရသည်။

ဤအရာသည်ကား တစ္ဆေ ဖြစ်သည်။

ဆရာမဖန်က အစိမ်းရောင် တစ္ဆေကို ညွှန်ပြလိုက်သည်။

“ဝိညာဉ်စွမ်းအားထုတ်တာကို ထိန်းချုပ်ထားလို့ အားအနည်းဆုံး တစ္ဆေ ပေါ်လာတာပဲ.. သူ့မှာ သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒ မရှိဘူး.. ကျောင်းသားအသစ်တွေက ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်ဘဲ ရန်လိုတဲ့ တစ္ဆေကို ဆင့်ခေါ်မိလဲ မစိုးရိမ်ပါနဲ့.. ဆရာမက ဖြေရှင်းပေးပါမယ်.. အခုငါက သူ့ကို ဆင့်ခေါ်ပြီးပြီ ဆိုတော့ ပြန်လွှတ်ပေးလိုက်တော့မယ်”

ထိုစကားကို ပြောလိုက်စဉ် သူမက စားပွဲခုံပေါ် တင်ထားသော အနီရောင်မှုန့်နှင့် ဝိညာဉ်ရေ အရောအနှောထဲ လက်ချောင်းထိပ်ကို နှစ်လိုက်ပြီး တစ္ဆေ၏ မျက်ခုံး နှစ်ဖက် အလယ်ကို ထိလိုက်သည်။

တစ္ဆေက နာကျင်စွာ အော်ဟစ်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

“မျက်ခုံးနှစ်ဖက်ကြားက သူတို့ရဲ့ပျော့ကွက်ပဲ.. အဆောင် ရေးဆွဲတဲ့ နေရာမှာ သုံးတဲ့ ရေနဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး သူတို့ကို ပြန်လွှတ်ပေးလို့ရတယ်.. ဈေးကွက်ထဲမှာ လွယ်လွယ်ရနိုင်တဲ့ ဆား.. ကျင်ငယ်ရေ နဲ့ ကြက်သွေးတို့က ယုံကြည်လို့ မရဘူး”

ဆရာမဖန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အဆောင်ရေးဆွဲခြင်းအတွက် လိုအပ်သော အခြေခံ ကုန်ကြမ်းများကို ကျောင်းသားများအား မျှဝေပေးလိုက်သည်။

“ငါ သရုပ်ဖော်ခဲ့တဲ့ အတိုင်း ကြိုးစားကြည့်ပါ”

တစ္ဆေပေါင်းစုံကို တစ်ပြိုင်နက် ဆင့်ခေါ်လျှင် ဝရုန်းသုန်းကားဖြစ်သွားနိုင်သဖြင့် ဆရာမ ဖန်ရှန့်စုန့်က တစ်ယောက်ချင်းစီသာ ဆင့်ခေါ်စေသည်။

စွန်းရုံ ဆင့်ခေါ်ခဲ့သော ဝိညာဉ်က ၆၀ အထက်တန်းကျောင်း၏ အဆောက်အဦး အပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော ကျောင်းသူဖြစ်သည်။

နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် ထိုတစ္ဆေက သူတို့၏ စီနီယာအစ်မ ဖြစ်သည်။

ချန်းချောင်က ခေါင်းကို ဓားကိုးချောင်းဖြင့် ထိုးခံထားရသော တရားသူကြီးကို ဆင့်ခေါ်မိသည်။

ထိုတရားသူကြီးမှာ သေမိန့်ပေးခံရသော အကျဉ်းသား၏ မိသားစုဝင်များနှင့် သေမိန့်ပေးသော မြေနေရာတွင် အငြင်းပွားရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကြက်တူးရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ခွေးကလေး၏ အရိုးကို ဆင့်ခေါ်မိရာ အတန်းထဲမှ ခွေးချစ်သူများက သူ့ကို ရှုတ်ချတော့သည်။

နှလုံးသား နှင့် စိတ်ဖြူစင်သူက ဆိုးယုတ်သော အရာများကို ဆွဲဆောင်နိုင်သည်ဟူသော ဆိုရိုး ရှိဖူးသည်။

စာလေ့လာခြင်းကို စိတ်ဝင်စားသော မြေပဲလေးက သွေးအေးရက်စက်သော တစ္ဆေကို ဆင့်ခေါ်မိသည်။

ထိုတစ္ဆေက မကျေနပ်သော ခံစားချက်များဖြင့် သေဆုံးခဲ့၍ မျက်လုံးများက နီရဲတောက်နေသည်။

သို့သော်လည်း ၆၀အထက်တန်းကျောင်း၏ ခေါင်းဆောင် ဆရာမဖန်က သူမ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် ဆိုးယုတ်သော တစ္ဆေကို ဖယ်ရှားပေးခဲ့သည်။

တစ်ခန်းလုံးနီးပါးက သူတို့လက်ထဲ ရောက်နေသော ကုန်ကြမ်းပစ္စည်းများဖြင့် အဆောင်ကို အောင်မြင်စွာ စီရင်နိုင်ခဲ့သည်။

ဝမ်လင်း တစ်ဦးတည်းကသာ တက်ကြွမှုမရှိဘဲ ဖြစ်နေသည်။

သူက ဤကျွမ်းကျင်မှုကို မိခင်၏ ဝမ်းဗိုက်ထဲမှာတည်းက တတ်မြောက်ခဲ့ပြီးသား ဖြစ်၏။

အဆောင် စီရင်ရန်မှာ သူ့အတွက် အနည်းငယ်မျှ မခက်ခဲပေ။

သူသာ တကယ်တမ်း ရေးဆွဲလျှင် သူရေးဆွဲသော သာမန်အဆောင်ကပင် ဤကျောင်းရှိ ဆရာအားလုံး၏ ဝိညာဉ်စွမ်းအား ပေါင်းစည်းပြီး ရေးဆွဲထားသော အဆောင်ထက် သာလွန်လိမ့်မည် ဖြစ်သည်။

သူ့ကို တက်ကြွမှုမရှိ ဖြစ်စေသည့် အဓိက အကြောင်းအရင်းမှာ သူ ထုတ်လိုက်သော ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်မည့် အချက် ဖြစ်သည်။

စားပွဲပေါ် ရှိနေသော ကုန်ကြမ်းလေးမျိုးကို ငေးစိုက်ကြည့်ရင်း ဝမ် လင်း တစ်ယောက် အတွေးရေယာဥ်ကြောထဲ နစ်မြောနေမိသည်။

သူ ဆင့်ခေါ်မိသော ဝိညာဉ်က မည်သို့သော ဝိညာဉ်မျိုး ဖြစ်နေမလည်း သူကိုယ်တိုင်လည်း မသိပေ။

အပိုင်း(၇) ပြီး၏။

အပိုင်း(၈) ၆၀ အထက်တန်းကျောင်း၏ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီ

အမှတ် ၆၀ အထက်တန်းကျောင်း နယ်မြေက သုဿန်မြေ ဖြစ်ခဲ့သည့် ဇာတ်လမ်းကို လူတိုင်း ကြားသိဖူးကြသည်။

ဤသတင်းက အမှန်လော အမှားလော ဝမ်လင်းကိုယ်တိုင် တရားဝင် မစစ်ဆေးဖူးသော်လည်း သူ နင်းလျှောက်နေသော မြေပြင်က သုဿန်မြေ ဖြစ်ခဲ့ဖူးလိမ့်မည်ဟု သူ အတပ်ပြောနိုင်သည်။

သုဿန်မြေ၏ တန်ကြေးက နိမ့်ပါးလွန်းပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ခန့်က ပညာရေး အစိုးရဌာနထံမှ ဤမြေကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ၆၀ အထက်တန်းကျောင်းကို ဤမြေပေါ်တွင် တည်ဆောက်ခဲ့သည်။

ဤအတွေးကြောင့် ဝမ်လင်း၏ ဆံပင်များက အဆုံး ထိတိုင် ထောင်မတ်သွားခဲ့သည်။

ထို့ကြောင့်လည်း ဝမ်လင်း တွေဝေနေခြင်း ဖြစ်၏။

အကယ်၍ သူသာ ထူးဆန်းသော ဝိညာဉ်ကို မတော်တဆ ဆင့်ခေါ်မိလျှင် ဆရာမဖန် ရင်ဆိုင်ရ ခက်ခဲမည်ကို စိုးရိမ်နေမိသည်။

ဝမ်လင်း၏ တုံ့ဆိုင်းနေသော အပြုအမူကြောင့် ဆရာဖန်က လက်နှစ်ဖက် နောက်ပစ်ကာ သူ့ဆီသို့ ဟန်ပါပါ လျှောက်လာသည်။

သူမ၏ စိတ်ထဲတွင် ဝမ်လင်းက ကံကောင်းလွန်း၍ လက်ရွေးစင် အတန်းရောက်လာသည့် အရည်အချင်း မရှိသူဟု တွေးနေမိသည်။

“ဟိုကျောင်းသားလေး ဘာလို့ အဆောင် မရေးဆွဲသေးတာလဲ.. စောစောတုန်းက ရှင်းပြတာကို နားမလည်လို့လား.. ပြန်လမ်းညွှန်ပေးရဦးမလား”

ဆရာမဖန်၏ စကားက ဝမ်လင်း၏ ဉာဏ်ရည်ကို စော်ကားသလို ဖြစ်နေသည်။

ဝမ်လင်းက ဆရာမဖန်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်လိုက်သည်။

ဤကိစ္စက သေခြင်း၊ ရှင်ခြင်းနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်နေသည်ကို သူမအနေဖြင့် မည်ကဲ့သို့ သိနိုင်မည်နည်း။

သို့သော်လည်း ဤအခြေအနေမျိုးတွင် ယခင်ကလို ဆုံးဖြတ်ချက် တစ်မျိုးတည်း မချမှတ်နိုင်ပေ။

သိုသိပ်စွာ နေထိုင်ခြင်းက အရေးကြီးသော်လည်း တခြားသူများက သူ့ကို အရှုံးသမားဟု လက်ညိုးထိုးကြမည်ကို မလိုလားချေ။

ဝမ်လင်းက အဝါရောင် အဆောင်စာရွက်ကို မျက်တောင် မခတ် ငေးစိုက်ကြည့်ရင်း သက်ပြင်းချကာ စုတ်တံကို မြှောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့ဝိညာဉ်စွမ်းအား ထုတ်လွှင့်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်သာ မျှော်လင့်နေမိသည်။

အဆောင် ရေးဆွဲခြင်း ပြီးဆုံးပြီနောက် ဝမ်လင်း အသက်အောင့်ထားမိသည်။

သူ့ဘေးပတ်ဝန်းကျင်မှ လူအားလုံးကမူ ပွဲကောင်းလေးကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။

တခြားသူများကဲ့သို့ပင် ဝမ်လင်း၏ အဆောင်စာရွက်က လေထဲသို့ လွင့်မျောသွားပြီး တောက်ပစွာ လင်းလက်နေသည်။

ထိုနောက် ကြောက်ခမန်းလိလိ မိုးပြာရောင် အရိပ်ကြီးက လူတိုင်း၏ အရှေ့တွင် ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ဆရာမဖန်.. ဝမ်လင်း နှင့် ဘေးပတ်ဝန်းကျင်မှ ကျောင်းသားအားလုံး ကြက်သေ သေသွားကြသည်။

ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးကို ဤနည်းလမ်းဖြင့် ဆင့်ခေါ်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းအတွက် ဤတစ်ကြိမ်က ကောင်းကင်ဝါးမြိုဖားပြုပ်ကြီးနှင့် တတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

ဝမ်လင်း၏ စွမ်းအားဖြင့် ဝိညာဉ်စွမ်းအားကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်လျှင်ပင် အင်ပါရာအဆင့်ဝိညာဉ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိ၏။

၆၀ အထက်တန်းကျောင်းဝင်းထဲတွင်မူ အဆင့်အမြင့်ဆုံး ဝိညာဉ်က ဤမကောင်းဆိုးဝါး ဖားပြုပ်ကြီး ဖြစ်နေသည်။

ဤမကောင်းဆိုးဝါးကြီး၏ ဝိညာဉ် ချိတ်ပိတ် ခံရပြီးနောက် သူ့ဝိညာဉ်၏ ငွေရောင်အပိုင်းအစ တချို့က ချုပ်နှောင်မှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အနည်းငယ် အားထုတ်ရုံဖြင့် ဝမ်လင်းက သူ့ကို ဤနေရာသို့ ဆင့်ခေါ်နိုင်ခဲ့သည်။

သနားစရာကောင်းသော ဖားပြုပ်ကြီးမှာ နှလုံးသားများ တစ်စစီ ကျိုးပဲ့နေရသည်။

ဝမ်လင်းကို ငေးကြည့်ပြီး သူ၏ ဝိညာဥ် ခန္ဓာကိုယ်မှ ချွေးစေးများ မရပ်မနား ကျဆင်းလာသည်။

ဖားပြုပ်ကြီးမှာ ငိုချင်သော်လည်း ငိုစရာ မျက်ရည်ပင် ရှိမနေချေ။

ဝမ်လင်း၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒကို ခံစားမိ၍ သံသယဖြစ်ဖွယ်ကောင်းသော လှုပ်ရှားမှုကို ပြုမူမိလျှင် ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အသက်ကို ဇီဝိန်ခြွေသွားလိမ့်မည် မဟုတ်ပါလား။

သူ၏ နောက်ဆုံး ကျန်ရှိသော ငွေရောင်ဝိညာဉ် အပိုင်းအစလေး မပျောက်ပျက်သွားစေရန် အလို့ငှာ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူ အနာဂတ်တွင် ရင်ဆိုင်ရမည့် သိက္ခာကျဖွယ် ဖြစ်ရပ်ကို လျစ်လျူရှုလိုက်သည်။

ထိုကြောင့် သူက အန္တရာယ် မရှိမှန်း ပြသနိုင်ရန် သာမန် ဖားတစ်ကောင်၏ အော်သံကို ထုတ်ဖော်လိုက်၏။

နံပါတ်၅အဆင့် မိစ္ဆာဘုရင် ဖြစ်ခဲ့ဖူးသော မကောင်းဆိုးဝါးဘုရင်ကြီးက အသက်ရှင်သန်ရေးအတွက် သိက္ခာကျဖွယ် လုပ်ရပ်ကို လုပ်ကိုင်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ခဲ့ပေ။

ကောင်းကင်ဝါးမျို ဖားပြုပ်က နံပါတ်၅အဆင့် မိစ္ဆာဘုရင်၏ ဝိညာဉ် အကြွင်းအကျန် ဖြစ်သောကြောင့် လူအများစု၏ အမြင်တွင် ခက်ထန်ကြမ်းကြုတ်သော မကောင်းဆိုးဝါးကြီး အဖြစ် ရှိနေပါသေးသည်။

သို့သော်လည်း ဤကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ထက်မြက်သဖြင့် သူ့အပေါ် မကောင်းသောအမြင် အားလုံးကို ချက်ချင်း ရှင်းလင်းနိုင်ခဲ့သည်။

“ကျောင်းသားဝမ်လင်းနဲ့ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ဆုံတွေ့ဖို့ ကံကြမ္မာပါလာပုံပဲ”

ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး ပေါ်လာပြီး စက္ကန့်၃၀ ကြာပြီးနောက်တွင် ဆရာမဖန် တစ်ယောက် စိတ်ရှုပ်ထွေးလာသည်။

သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ဤမကောင်းဆိုးဝါးကြီးကို မခုခံနိုင်မှန်း သိနေသည်။

သို့သော်လည်း ဖားက အသံပေးလိုက်၍ သူမ အနည်းငယ် စိတ်အေးသွားရသည်။

ထို့ကြောင့် သာမန် ဖားဝိညာဉ်လောက်ကို သူမ ကြောက်လန့်နေရန် မလိုအပ်ချေ။

“မစိုးရိမ်ပါနဲ့ ကျောင်းသားတို့ရေ.. ဒီမကောင်းဆိုးဝါးက ပြန်တိုက်ခိုက်ဖို့တောင် တော်တော် အားနည်းနေတယ်.. ဆရာမက သူ့ကို ချိတ်ပိတ်လိုက်ပါ့မယ်”

ထိုစကားကို ပြောပြီးနောက် ဆရာမဖန်က အင်မော်တယ် လမ်းညွှန်မှုကို အသုံးချပြီး ဖားပြုပ်ကြီး၏ ဝိညာဉ် အပိုင်းစကို လက်တစ်ဖက်က ယူကာ ကျန်လက်တစ်ဖက်က ခွေးအရိုးကို ယူပြီး နှစ်ခုကို ပေါင်းစည်းလိုက်သည်။

ဝမ်လင်းက ရလဒ်ကို ကောင်းကောင်း သိနေခဲ့သည်။

အင်ပါယာအဆင့် မကောင်းဆိုးဝါးနှင့် အဆင့်နိမ့် ဖန်တီးမှုတို့က ဓာတုနည်းအားဖြင့် ပေါင်းစည်းသွားလိမ့်မည်။

မိစ္ဆာဘုရင်ကြီး၏ ဝိညာဉ်အကြွင်းကျန်က ခွေးအရိုးနှင့် ပေါင်းစည်းပြီး ကောင်းကင်ဝါးမျို ဖားပြုပ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားလိမ့်မည်။

ယင်းက နှစ်ဖက်စလုံးအတွက် ကောင်းမွန်သည့် အခြေအနေဖြစ်သည်။

တစ်ဖက်တွင် မိစ္ဆာဘုရင်ကြီးက ခန္ဓာကိုယ်ရပြီး သေဆုံးပြီးနောက် အသားပျောက်သည်အထိ အစားခံရသော ခွေးကလေးကို အခွင့်အရေးပေးခြင်း ဖြစ်သည်။

ခွေးအရိုးဝိညာဉ်နှင့် သူ့ကို ပေါင်းစည်းခြင်းက သူ့စွမ်းအားကို လျော့ကျစေမှန်း မိစ္ဆာဘုရင် ဖားပြုပ်ကြီးက ကောင်းကောင်းသိနေသည်။

ယင်းက သူ့ကို ခွေးဘဝ အပြီးတိုင် ရောက်သွားစေလိမ့်မည်။

သူ့အနေဖြင့် ဘာဆိုဘာမှ မသိသလို ဆက်လက် ဟန်ဆောင်သင့်ပါသလော။

ဝမ်လင်းက ဖားပြုပ်ကြီး၏ နှလုံးသားထဲမှ ဆင်းသက်လာသော စကားသံများကို ကြားနေရသည်။

ဆရာမဖန်က သူ့သိက္ခာကို အဖတ်ဆယ်ချင်၍ ကျောင်းသားများရှေ့တွင် ဝိညာဉ်နှစ်ခုကို အတူတကွ ပေါင်းစည်းပြလိုက်ခြင်း ဖြစ်သည်။

“ဆရာမက မိစ္ဆာကို နှိမ်နင်းလိုက်ပြီ.. သူ့ဝိညာဉ်က ချိတ်ပိတ်ခံထားရပေမဲ့ သူ့ဝိညာဉ်အပိုင်းစက လွတ်ထွက်လာတာပဲ.. ဒါပေမဲ့ အခုတော့ ဘာမှ မဖြစ်တော့ဘူး.. သူက ခန္ဓာကိုယ် ရသွားတော့ ဝိညာဉ်စွမ်းအား အနည်းငယ်ကိုပဲ သုံးနိုင်တော့တယ်”

ဆရာမဖန်က ရှင်းပြလိုက်သည်။

“ဒီကနေ့က စပြီးတော့ သူ့ကို ငါတို့အတန်းရဲ့ လာဘ်ကောင်လေး အဖြစ် သဘောထားပေးပါ”

လူတိုင်း၏ မျက်စိရှေ့တွင် အစိမ်းရောင် အမွေးနှင့် ခွေးတစ်ကောင် ပေါ်လာသည်။

“အမ်.. ဂျပန်ခွေးပုံစံပါလား”

စွန်းရုံ ထအော်လိုက်သည်။

“ဒါပေမဲ့ ခွေးအရောင်က ထူးဆန်းနေတယ်.. ဘာလို့ အစိမ်းရောင် ဖြစ်နေတာလဲ”

“ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးနဲ့ ပေါင်းစည်းလိုက်လို့များလား”

ကြက်တူးရွေးလေးဒိုပီ၏ သခင်က မျက်မှန်ကို ပင့်လိုက်ပြီး သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ဒီကနေ့ခေတ်မှာ ငါတို့တွေက ပုံပန်းသွင်ပြင် ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်.. မင်းသာ ကြည့်ကောင်းရင် မင်းရဲ့အမွေးအရောင်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ”

ချန်းချောင်က ခွေးလေးကို ပျော်ရွှင်ကြည်နူးစွာ ကောက်ချီလိုက်ပြီး ခွေးကလေး၏ ပါးဖောင်းဖောင်းလေးများကို ဖျစ်ညှစ်လိုက်သည်။

“ငါတို့တွေ သူ့ကို နာမည်ပေးသင့်တယ်.. အူကြောင်ကြောင်ဖားပြုပ်(ထွင်ထျန်းဟာ)လို့ နာမည်ပေးရင်ရော”

ဝမ်လင်း”…….”

ကောင်းကင်ဝါးမျို ဖားပြုပ်”…….”

“ဟေ့ မင်းက အသံတိတ်လှချည်းလား.. မင်းက ဝုတ်ဝုတ်လို့ အော်သင့်တယ်လေ နားလည်လား.. အခု မင်းက ခွေးဖြစ်သွားပြီနော်.. ဖားမဟုတ်တော့ဘူး”

ကောင်းကင်ဝါးမျို ဖားပြုပ်”…….”

ကောင်းကင်ဝါးမျို ဖားပြုပ် တစ်ဖြစ်လည်း ခွေးကလေးက အနီးနားတွင် ရှိသော ဝမ်လင်းကို တိတ်တဆိတ် ကြည့်လိုက်သည်။

ယနေ့မှစ၍ သူ၏အမည်က အူကြောင်ကြောင်ဖားပြုပ်(ထွင်ထျန်းဟာ)ဖြစ်သွားပြီ ဖြစ်၏။

သူ၏ ဘဝတွင် ဝမ်လင်းနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခြင်းက အဆိုးရွားဆုံး ဖြစ်ရပ်မှန်း ရုတ်တရက် သဘောပေါက်လိုက်မိသည်။

ဤအဖြစ်ပျက်ကို တွေးမိတိုင်း သူဒေါသထွက်မိသော်လည်း ဝမ်လင်း၏အရှေ့တွင်မူ ဟန်မပျက် ပြုံးနေခဲ့ရသည်။

အပိုင်း(၈) ပြီး၏။

အပိုင်း(၉) အူကြောင်ကြောင်ဖားပြုပ် နှင့် ထုံအအ ကြက်တူရွေး

ဤလောကကြီးထဲ၌ မှားယွင်းသော ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားရခြင်းမှာ ကြေကွဲဖွယ် အကောင်းဆုံး အဖြစ်အပျက် ဖြစ်၏။

သာဓကအနေဖြင့် ပြရမည်ဆိုလျှင် အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းမှ “ကျူးပါကျဲ”ကို ပြရမည်ဖြစ်သည်။

ယခုလည်း ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ကျူးပါကျဲ၏ ခြေရာကို ထပ်တူ နင်းနေရသည်။

သူ့နောက်ဆုံး ကျန်ရစ်ခဲ့သော ဝိညာဉ်အပိုင်းအစလေးကို ထိန်းသိမ်းချင်၍ ဟန်ဆောင်ခဲ့မိရာမှ ခွေးဘဝသို့ လုံးလုံး ရောက်သွားခဲ့ရသည်။

မျိုးစိတ် မတူညီသော ဝိညာဉ် အမျိုးအစား နှစ်မျိုးကို ပေါင်းစည်းပြီး မျိုးစိတ်အသစ် ထွင်ခြင်းက သမိုင်းတွင်နိုင်သည့် တီထွင်မှု ဖြစ်၏။

ထွင်ထျန်းဟာ အတန်းသား အဖွဲ့ဝင် ဖြစ်လာပြီးနောက် အတန်းထဲတွင် လေထု ပတ်ဝန်းကျင်က ယခင်ကထက် ပို၍ ပေါ့ပါး သွက်လက်လာခဲ့သည်။

အတန်းချိန်ပြီးဆုံးတိုင်း ကျောင်းသားများက ထွင်ထျန်းဟာ၏ ပါးဖောင်းဖောင်းလေးကို ပွတ်သပ်ပေးသည့် အလေ့အကျင့်ကို လုပ်ဆောင်ကြသည်။

အရေးကြီးဆုံး အချက်အနေဖြင့် ပြောရလျှင် ထွင်ထျန်းဟာ ရောက်လာပြီးနောက် အတန်းသားများက ဝမ်လင်း၏ ဖြစ်တည်မှုကို ရုတ်တရက် မေ့ပျောက်သွားကြသည်။

ဤအခြေအနေကို ဝမ်လင်းက အတော်အတန် ကျေနပ်နေမိသည်။

ထို့ကြောင့်လည်း ထွင်ထျန်းဟာ(အူကြောင်ကြောင်ဖားပြုပ်လေး)ကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းခန့်တွင် ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ထွင်ထျန်းဟာကို ခွေးတစ်ကောင် ကဲ့သို့ ဟောင်တတ်အောင် သင်ကြားခြင်းဖြင့် အလုပ်ရှုပ်နေသည်။

ကော်ဟောက်၏ မိသားစုက ဝိညာဉ်သားရဲ ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်သောကြောင့် ကောက်ဟောက်က ဝိညာဉ်သားရဲများကို လေ့ကျင့်ပေးရာတွင် ဝါသနာထုံသည်။

သို့တိုင် ထွင်ထျန်းဟာကို သင်ကြားပေးခြင်းက ထင်သလောက် မလွယ်ကူခဲ့ပေ။

ထွင်ထျန်းဟာကလည်း သူ့ဘဝ နောက်ပြန်လှည့်၍ မရတော့မှန်း သဘောပေါက်၍ နုံချိစွာ လဲလျောင်းနေသည်။

လူတိုင်းက ကော်ဟောက်၏ ကြိုးစားအားထုတ်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

ရည်မှန်းချက် မြင့်မားသော ကော်ဟောက်က အတန်းချိန်ပြီးသည်နှင့် ထွင်ထျန်းဟာကို လေ့ကျင့်ပေးရန် နည်းလမ်းမျိုးစုံ သုံးခဲ့သည်။

သို့သော်လည်း ထွင်ထျန်းဟာက ခွေးတစ်ကောင်၏ အခြေခံ အပြုအမူဖြစ်သော ဟောင်ခြင်းကိုပင် မလုပ်ဆောင်တတ်ဘဲ ကြမ်းပြင်ပေါ်တွင် ပျင်းရိနုံခွေစွာသာ လှဲလျောင်းနေသည်။

ထို့ကြောင့် ကော်ဟောက်က သူ့သင်ကြားခြင်းတွင် မှားယွင်းသော နည်းလမ်းကို အသုံးပြုမိသည်ဟု တွေးလိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ ထွင်ထျန်းဟာမှာ ယခင်က ဂုဏ်သရေမြင့်မားသော အဆင့်ငါးဆင့်ရှိ မကောင်းဆိုးဝါး ဘုရင်ကြီး ဖြစ်သည်။

သူ့နေရာမှာ ကော်ဟောက် ဆိုလျှင်လည်း ခွေးတစ်ကောင်လို မည်ကဲ့သို့ ပြုမူချင်မည်နည်း။

သူသည်လည်း အလွန်အမင်း အရှက်ရသော ခံစားချက်ကို ခံစားရပေလိမ့်မည်။

ထို့ကြောင့် ဉာဏ်ထက်သော ကော်ဟောက်က အကြံသစ်တစ်ခု ရုတ်တရက် ရလာသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ကော်ဟောက် တစ်ယောက် ရုပ်ပုံကားချပ် တစ်ချပ် ယူဆောင်လာခြင်းကို လူတိုင်း မြင်တွေ့ခဲ့ရသည်။

ယင်းနောက် ကော်ဟောက်က ထိုကားချပ်ကို အနောက်ဘက် တံခါးတွင် ချိတ်ဆွဲထားလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အားလုံး၏ မေးရိုးများ မြေပေါ်သို့ ပြုတ်ကျသွားရသည်။

“ခွေးနတ်ဘုရား ရုပ်ပုံကားချပ်ပါလား”

ကော်ဟောက်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး ထွင်ထျန်းဟာကို ရုပ်ပုံကားချပ် ချိတ်ထားသော နေရာသို့ ခေါ်လာသည်။

ထို့နောက် ကားချပ်ထဲမှ ထောင့်တစ်နေရာကို ညွှန်ပြလိုက်၏။

“မြင်လား.. ဒါက ကောင်းကင်ဘုံခွေး.. ခွေးနတ်ဘုရားတွေပဲ.. မင်းလို မကောင်းဆိုးဝါးဘုရင် အဆင့်နဲ့ မတူဘူး.. ဒါကြောင့် အခုကစပြီး မင်းရဲ့ ရည်မှန်းချက်က ဒါပဲ ဖြစ်သင့်တယ်”

ထွင်ထျန်းဟာ”……..”

ပတ်ဝန်းကျင်မှလူများ”…….”

အဆုံးသတ်တွင် လိုချင်သော ရလဒ် မရခဲ့၍ ကော်ဟောက် ကိုယ်စား လင်းရှောင်ယုက ထွင်ထျန်းဟာကို ဆက်လက် လေ့ကျင့်ပေးခဲ့သည်။

သူမက ဝမ်လင်း သတိထား ဆက်ဆံရမည့် ဆဌမမြောက် ပုဂ္ဂိုလ်လည်း ဖြစ်သည်။

သူမက ဆရာမဖန်ထက် ပို၍ ကြောက်လန့်စရာ ကောင်း၏။

အကြောင်းမူကား သူမသည် ဝါရင့်ဖူဂျိုရှီ ဖြစ်နေ၏။

တစ်စုံတစ်ယောက် (ဝါ) တစ်စုံတစ်ရာက အထီး (ဝါ) အမျိုးသား ဖြစ်နေခဲ့လျှင် သူမက အထက်ငနဲ နှင့် အောက်ငနဲကို အတိအကျ ဆုံးဖြတ်နိုင်သည်။

ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ထွင်ထျန်းဟာကို ချော့ချော့မော့မော့ လေ့ကျင့်ပေးနေ၍ သူမက ကြက်တူရွေးလေး နှင့် ထွင်ထျန်းဟာကို အောင်သွယ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးတွင် မည်သူက အထက်ငနဲ ဖြစ်သည် မည်သူကအောက်ငနဲ ဖြစ်သည်ကို သူမက ဆုံးဖြတ်နေသည်။

ရှောင်ယုက ထွင်ထျန်းဟာကို သန်မာကြံ့ခိုင်သော အထက်ငနဲ အယောင်ဆောင် ထားသော အောက်ငနဲဟု ယူဆသည်။

အတန်းချိန် ပြီးဆုံးသည့် နောက်ပိုင်းတွင် လင်းရှောင်ယုက ထွင်ထျန်းဟာ၏ ဆန္ဒကို ဆန့်ကျင်ပြီး အောင်သွယ် စကားများကို ပြောဆိုလေ့ရှိသည်။

“ဟိုအရင်တုန်းကဆို ကြက်နဲ့ ခွေးကို စုံတွဲလို့ အသိအမှတ်ပြုခဲ့ကြတယ်.. ဒါကြောင့်မို့ ကြက်နဲ့ မိတ်လိုက်မယ် ဆိုရင်လည်း ရတယ်နော်”

ထွင်ထျန်းဟာ”…….. ”

“ကြက်နဲ့ မိတ်လိုက်ရမယ်.. ဟုတ်လား.. ဟိုကောင်က ကြက်တူရွေးဆိုတာ အသိအသာကြီးလေ”

ရှောင်ယုက အဓိပ္ပါယ်မဲ့သော စကားများကို ထပ်တလဲလဲ ပြောဆိုနေ၍ ထွင်ထျန်းဟာ ဒေါကန်လာသည်။

ထို့ကြောင့် ‘ဝုတ်’ဟု ထဟောင်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်က ခွေးသဘာဝကို မဖော်ပြချင်သော်လည်း ခန္ဓာကိုယ်၏ ကြွက်သားများ နှင့် မှတ်ဉာဏ်ကို ပြောင်းလဲနိုင်စွမ်း မရှိပေ။

ထွင်ထျန်းဟာကို ရန်စခြင်း နည်းလမ်းဖြင့် သူတို့အားလုံး လိုချင်သော ရလဒ် ရခဲ့၍ လင်းရှောင်ယု တမင်တကာ ခနဲ့လိုက်သည်။

“သေချာပြီ.. ဒီကောင်က အပေါ်ယံကြည့်ရင် အေးစက်စက်နိုင်တယ်လို့ ထင်ရပေမဲ့ ကြင်နာတဲ့ နှလုံးသားရှိတဲ့ အောက်ငနဲပဲ”

ထွင်ထျန်းဟာ”……..”

လက်ရှိအချိန်တွင် ဝမ်လင်း ကျောင်းတက်ခြင်း တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်သည်။

သူ့အထက်တန်း ကျောင်းသားဘဝ အစီအစဉ်ကို သွေဖယ်ပြီး ရူးကြောင်ကြောင် အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည်။

သူ မတက်သင့်သည့် အတန်းကို တက်ရပြီး မတွေ့ချင်သူများနှင့် တစ်တန်းတည်း အတူနေရသည်။

သို့တိုင် ငြိမ်သက်အေးချမ်းသော ပတ်ဝန်းကျင်ဟု မှတ်ယူနိုင်ပါသေးသည်။

အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာတို့ စုံတွဲကို စိတ်ဝင်စားနေကြ၍ သူ၏ ဝင်ခွင့် ရမှတ်ကို စိတ်ဝင်စားသူ လျော့ပါးလာခဲ့သည်။

သို့သော်လည်း ကောင်းမွန်သော အချိန်များက မကြာလိုက်ပေ။

ပြဿနာက သူ့ရှေ့မှောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်သည်။

သောကြာနေ့ ကျောင်းဆင်းချိန်တွင် ဝမ်လင်းက မူမမှန်သော ခံစားချက်ကို ခံစားနေမိသည်။

တစ်စုံတစ်ယောက်က သူ့နောက်သို့ နောက်ယောင်ခံ လိုက်နေမှန်း နားလည်လိုက်သည်။

သူ၏ အာရုံခံစားနိုင်စွမ်းမှ တဆင့် သူ့ကို ကြည့်နေသော ရန်လိုသည့် အကြည့်ကို ခံစားမိသည်။

ယင်းအဖွဲ့က အဆင့်မြင့်နည်းလမ်းများကို အသုံးချပြီး သူ့နောက်သို့ လိုက်လာသည်။

၎င်းတို့က အဆင့်တန်းမြင့်မားသည့် ခြေရာခံပစ္စည်းများ နှင့် ၎င်းတို့၏ အော်ရာကို ဖုံးကွယ်ကို အဆောင်မျိုးစုံကို အသုံးပြုထားသည်။

ကံဆိုးစွာဖြင့် ဤခိုးကြောင်ခိုးဝှက်နည်းလမ်းက ဝမ်လင်း၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။

သူ့မျက်လုံးများက အရည်အသွေး အမြင့်ဆုံး လေဆာစက် ထက်ပင် အာရုံခံစားနိုင်စွမ်း ရှိပြီး သူ့နားနှစ်ဖက်က ကမ္ဘာမြေကြီး၏ နက်ရှိုင်းသော အပိုင်းမှ ထွက်လာသော အသံကိုပင် ကြားနိုင်စွမ်း ရှိသည်။

သူ၏ စိတ်ဖတ်နိုင်သော စွမ်းရည်ဖြင့် ကမ္ဘာမြေပေါ်ရှိ လူတစ်ဦးချင်းစီ၏ စိတ်ကို ဖတ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့လက်ရှိ အဆင့်ကို ယှဉ်နိုင်သူ မရှိပေ။

“သခင်လေး.. ပစ်မှတ်က ကျောင်းဂိတ်က ထွက်လာပါပြီ”

အနက်ရောင် မျက်မှန်ကိုင်း နှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ဟွားရှို့နိုင်ငံ၏ နောက်ဆုံးပေါ် ကားအနားသို့ လာကာ သတင်းပို့လိုက်သည်။

ထို့နောက် ကား၏ မှန်ပြတင်းပေါက်က တစ်ဝက် ဖွင့်ဟလာပြီး ကားထဲမှ ကြည်လင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“သူ့အိမ်လိပ်စာရအောင် သူ့နောက် ဆက်လိုက်ပါ.. သဲလွန်စ မကျန်စေနဲ့.. သတိမထားမိစေနဲ့”

“ဟုတ်ကဲ့ပါ သခင်လေး”

“ဒါပေမဲ့ သခင်လေးကို သတင်းပို့နေတုန်း ပစ်မှတ်က ပျောက်သွားပြီ”

“ပျောက်သွားပြီ ဟုတ်လား”

“ဘာလို့များ သခင်လေးက အဲဒီလူနောက်ကို ဇွဲကောင်းကောင်းနဲ့ လိုက်နေရတာလဲ”

ကားပြတင်းပေါက်နား ထိုင်နေသော လူငယ်က သက်ပြင်းချသည်။

“မင်းတို့ ငါ့ခံစားချက်ကို နားမလည်ပါဘူး”

ဝမ်လင်းကို ရှာဖွေရန် အချိန် ၆နှစ် ကုန်ဆုံးခဲ့ရသည်။

သူက လွန်ခဲ့သော ၆နှစ်ခန့် မကောင်းဆိုးဝါး သောင်းကျန်း ခဲ့သော ကာလ နောက်ပိုင်းကတည်းက ဝမ်လင်း၏ နောက်ကြောင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။

ယခုမှသာ သတင်းအစအန အနည်းငယ်ကို စုံစမ်းမိခြင်း ဖြစ်သည်။

“ဘာလို့များ အဲဒီလူကို လိုက်ရှာနေတာလဲ”

ကားထဲမှ လူက သက်ပြင်းချ၍ ရှင်းပြလိုက်သည်။

“သူက ငါ့ဆရာ ဖြစ်နေလို့ပဲ”

“ဘယ်လို.. သူက သခင်လေးရဲ့ ဆရာ ဟုတ်လား”

သတင်းလာပို့သူနှင့် ကားဒါရိုက်ဘာတို့၏ မျက်နှာများတွင် အလွန်တရာ အံ့ဩသော အမူအရာများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။

ကားထဲမှာ တခြားသူ ရှိနေသေးလျှင်လည်း သူတို့နှင့် ထပ်တူ ခံစားရလိမ့်မည်သာ။

သခင်လေး(ဝါ) ဤလူငယ်က တခြားသူ မဟုတ်နေပေ။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူးချုပ်၊ အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်း၊ ကမ္ဘာမြေကြီးကို ကယ်တင်ခဲ့သော ကျော်ကြားသည့် သူရဲကောင်းကြီး ကျိုးရီပင် ဖြစ်၏။

အပိုင်း(၉) ပြီး၏။

အပိုင်း(၁၀) လွန်ခဲ့သောခြောက်နှစ်ခန့်က အမှန်တရား

ဝမ်လင်းအနေဖြင့် လွန်ခဲ့သော ၆နှစ်ကျော်ခန့်က ဖြစ်ပွားခဲ့သည့် မကောင်းဆိုးဝါး သောင်းကျန်းခဲ့သော အဖြစ်အပျက်ကို မမှတ်မိနိုင်သော်လည်း ကျိုးရီ၏ ရင်ထဲတွင်မူ ဤအဖြစ်အပျက်က မနေ့တစ်နေ့ကလို ဖြစ်နေသည်။

ထို့နေ့က အဖြစ်အပျက် အမှန်ကို ပြောရမည်ဆိုလျှင် ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး ရှုံးနိမ့်သွားပြီးနောက် ကျင့်ကြံသူ အုပ်စု တစ်စု ရောက်လာခဲ့သည်။

သူတို့ ရောက်ရှိလာချိန်တွင် ဖားပြုပ်ကြီး၏ အဖြူရောင် ဝမ်းဗိုက်ပေါ်၌ သွေးယိုစီးကျနေသော အပေါက်ကြီး တစ်ပေါက် ဖြစ်နေပြီး ဖားပြုပ်ကြီးကမူ သေဆုံးနေသည်။

ဤသည်ကား အဆင့်ငါး မကောင်းဆိုးဝါးကြီး ဖြစ်ပြီး မကောင်းဆိုးဝါး ဘုရင်ကြီးလည်း ဖြစ်သည်။

သို့ဆိုလျှင် ကောင်းကင်ဝါးမျိုဖားပြုပ်ကို မည်သူက အဆုံးသတ်ပေးခဲ့သနည်း။

တိုက်ပွဲမြေပြင်ကို ရောက်ရှိလာသော ကျင့်ကြံသူတစ်စုက ဤအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးနေကြသည်။

ထိုအခိုက်အတန့်၌ သူတို့အရှေ့ရှိ မီးခိုးငွေ့များကြားတွင် အရိပ် တစ်ခု ထွက်ပေါ်လာသည်ကို တစ်စုံတစ်ယောက်က ရုတ်တရက် သတိပြုမိလိုက်သည်။

“ဟေ့ သူငယ်ချင်းတို့.. မူမမှန်တဲ့ အော်ရာကို ငါ ခံစားမိနေတယ်”

တခြားသူတစ်ဦးက မီးခိုးငွေ့များကို ဖယ်ရှားရန် ရှင်းလင်းရေး မန္တန်ကို အသုံးပြုလိုက်သည်။

မန္တန်က မီးခိုးငွေ့များကို ရှင်းလင်းခဲ့ပြီးနောက်တွင် တုန်ရီနေသော ဆယ်နှစ်အရွယ် ကလေးငယ်က ဖုန်တောထဲမှ ထွက်လာသည်။

ထိုကလေးငယ်က သူ့အရှေ့မှ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးကို တအံ့တသြ ငေးစိုက်ကြည့်နေခဲ့သည်။

“အယ်.. ကလေးလေး တစ်ယောက်ပါလား.. ကလေးလေး မကြောက်ပါနဲ့”

ကျင့်ကြံသူများထဲမှ အမျိုးသမီး ကျင့်ကြံသူက ဝမ်လင်းကို ကြင်ကြင်နာနာ ထွေးဖက်လိုက်သည်။

ဆယ်နှစ်အရွယ် ဝမ်လင်း၏ ချစ်စရာကောင်းသော အပြုအမူကို မည်သူက ခံနိုင်ရည် ရှိနိုင်မည်နည်း။

“ကလေးလေး မကြောက်နဲ့နော်.. အစ်မကြီးက ကလေးလေးကို ကာကွယ်ပေးမယ်”

ဝမ်လင်း”……..”

သူ့ကို ဖရဲသီး အရွယ်အစားရှိသော နို့နှစ်လုံးကြားထဲ နှစ်ထားသည့် ရူးကြောင်ကြောင် အမျိုးသမီးကို ကြည့်ကာ ဝမ်လင်းတစ်ယောက် မလှုပ်ရှားရဲ ဖြစ်နေသည်။

ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးနောက် သူ့အခြေအနေက မတည်ငြိမ်သေးပေ။

သူ့လက်ချောင်းများကို မတော်တဆ အနည်းငယ် လှုပ်ရှားလိုက်မိလျှင် ထိုအမျိုးသမီး၏ ဦးခေါင်းက အာကာသ အပြင်ဘက်သို့ တဟုန်ထိုး လွင့်ထွက်သွားနိုင်သည် မဟုတ်ပါလား။

“အစ်မကြီး.. ကလေးကို လွတ်ပေးလိုက်ဦး.. ကြည့်စမ်း အစ်မကြီးကြောင့် ကလေးလေး မွန်းကြပ်နေပြီ”

“အို.. အားနာလိုက်တာ ကလေးရယ်”

အမျိုးသမီး ကျင့်ကြံသူက သူ့ဖရဲသီးကြား ရောက်နေသော ဝမ်လင်းကို လွှတ်ပေးလိုက်ပြီး

“ကလေး.. ဒီမကောင်းဆိုးဝါးကြီးကို ဘယ်သူ သတ်လိုက်လဲ.. အစ်မကြီးတို့ကို ပြောပြပါဦး”

ဖားပြုပ်ကြီးကို သတ်လိုက်သည့် လက်သည်တရားခံက သူကိုယ်တိုင် ဖြစ်ကြောင်း ဝမ်လင်း ဝန်မခံနိုင်ပေ။

ပြဿနာတက်နိုင်သော အခြေအနေမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် သူက ကြုံရာလူကို လက်ညိုးထိုးပြလိုက်သည်။

သူညွှန်ပြလိုက်သည့်သူက မီးခိုးများ၏ တခြားဘက်မှ ထွက်လာသော ကျိုးရီ ဖြစ်နေသည်။

ကျိုးရီက သူ့မျက်နှာပေါ်တွင် ကပ်ငြိနေသော ဖုန်မှုန့်များကို ခါနေသည်။

ကမ္ဘာမြေကြီးကို တုန်ခါစေသော တွန်းအားကြောင့် ကျိုးရီ လွင့်ထွက်သွားပြီး ပြိုကျနေသော အဆောက်အဦး တစ်ခု ဆီသို့ ရောက်သွားခဲ့မှန်း သူ မှတ်မိနေသေးသည်။

အချုပ်ဆိုရလျှင် ထိုနေ့မှ စတင်၍ ကျိုးရီက သူရဲကောင်းဘွဲ့ ရသွားပြီး နာမည် တဟုန်ထိုး ကျော်ကြားသွားခဲ့သည်။

သို့တိုင် ကျိုးရီက အမှန်တရားကို သူကိုယ်တိုင် သိနေခဲ့၍ ကလေးငယ်လေး ဝမ်လင်း အကြောင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။

ဤကလေးကို ရှာတွေ့လျှင် ဆရာတင်မြှောက်မည်ဟုလည်း စိတ်ပိုင်းဖြတ်ထားသည်။

ကျိုးရီက သူ့ကို အသေအလဲ ရှာဖွေနေမှန်း ဝမ်လင်းတစ်ယောက် မသိခဲ့ပေ။

ကျိုးရီက ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူး အတွေ့အကြုံကြောင့် အကြီးအကဲများ၏ စကားကို နားမထောင်တတ်သော ခေါင်းမာသူ တစ်ယောက် ဖြစ်သွားခဲ့သည်။

တကယ်တမ်း ဝမ်လင်းက ထွက်မသွားခဲ့ပေ။

သူ့ပုံရိပ် နှင့် အော်ရာကို ဖုံးကွယ်ရန် ကြီးမြတ်သော ကိုယ်ရောင်ဖျောက် မန္တန်ကို အသုံးပြုခဲ့ခြင်းသာ။

သူက ကျိုးရီ၏ ကား အနီးအနားမှာ နေရာယူလိုက်ပြီး သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြုကာ ကျိုးရီ၏ မှတ်ဉာဏ်အားလုံးကို လေ့လာကြည့်လိုက်သည်။

ကျိုးရီတွင် သူ့ကို အမှန်တကယ် စိတ်အနှောင့်အယှက် ပေးနေသော အတွေးတစ်ခု ရှိနေသည်။

ယင်းမှာ ကျိုးရီက သူ့ကို ဆရာအဖြစ် တစ်ဖက်သတ် တင်မြှောက်လိုနေခြင်း ဖြစ်သည်။

စနေနေ့ နံနက်ခင်း အစောပိုင်းကာလသည် ဝမ်လင်း မျှော်မှန်းထားသည့် အတိုင်း ငြိမ်ချမ်းနေသည်။

သို့သော်လည်း ယင်းက မုန်တိုင်းမလာခင် လေငြိမ်နေခြင်းမျိုး
ဖြစ်၏။

နံနက်ခင်း မှန်ကြည့်နေစဥ် သူ့ညာဘက် မျက်ခုံး မရပ်မနား လှုပ်နေခြင်းကို သတိပြုမိလိုက်သည်။

ဝမ်လင်းက မျက်ခုံးလှုပ်တိုင်း မကောင်းသော ကိစ္စများကို ကြုံတွေ့ရလေ့ ရှိသည်။

ယင်းကို အိပ်ရေးပျက်သောကြောင့် မျက်ကြောလိုက်သည်ဟု ပြောလျှင် နုံအရာ ရောက်ပေလိမ့်မည်။

လွန်ခဲ့သော ၆နှစ်ကျော်ခန့်က မကောင်းဆိုးဝါး မသောင်းကျန်းခင်က ဝမ်လင်း တစ်ယောက် တစ်ညလုံး မျက်ခွံ လှုပ်ခဲ့သေးသည်။

သို့တိုင် ထိုစဉ်က ယခုကဲ့သို့ မတွေးတတ်သေးချေ။

သုံးမိနစ်ခန့်ပင် မျက်ခုံး မလှုပ်နိုင်ဟု ဝမ်လင်း ခန့်မှန်းခဲ့သည်။

“ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်”

ဤသည်ကား ဝမ်လင်း၏ ကပ်ဘေးအဆင့်ကို သတ်မှတ်သော နည်းလမ်းဖြစ်သည်။

သူ့မျက်ခုံး လှုပ်သော ကြာချိန်ကို တွက်ချက်ပြီး ကြယ်ပွင့်အဆင့်ကို ဆုံးဖြတ်ခြင်းမျိုး ဖြစ်၏။

၀မိနစ်မှ ၅မိနစ်ကြား မျက်ခုံးလှုပ်လျှင် ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့် ဖြစ်သည်။

ငါးမိနစ်မှ တစ်နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်သုံးပွင့်။

တစ်နာရီမှ ခြောက်နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်လေးပွင့်။

၇နာရီ မှ ၁၂နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်ငါးပွင့်။

၂၄နာရီကျော်လျှင် ကမ္ဘာမြေကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

၄၈နာရီကျော်လျှင် စကြဝဠာ ပျက်သုန်းနိုင်သည်။

ကပ်ဘေးနှင့် ရင်ဆိုင်ရမည်မှာ သေချာနေသော်လည်း ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်လောက်ကို ဝမ်လင်း၏အရည်အချင်းဖြင့် ဖြေရှင်းနိုင်ပါသေးသည်။

သူက စားပွဲခုံပေါ် တင်ထားသော မကောင်းဆိုးဝါး ဘောပင် နှင့် ခဲဖျက်ကို ဖျက်ခနဲကြည့်လိုက်သည်။

ဤမလှုပ်ရှားနိုင်သော ပစ္စည်းနှစ်ခုကို မှော်ပညာဖြင့် သူက အသက်သွင်းထားလိုက်ပြီး ပိတ်ရက်များတွင် ကျောင်းမှ ပေးထားသော အိမ်စာများကို တစ်ညလုံး လုပ်ခိုင်းခဲ့သည်။

ယခုတော့ ထိုအရာဝတ္ထုနှစ်ခု ပင်ပန်းသွား၍ အိပ်မောကျနေ၏။

ဝမ်လင်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။

နေမင်း၏ အလင်းရောင်က ကမ္ဘာမြေကြီးပေါ် တောက်ပစွာ လင်းလက်နေပြီး ကမ္ဘာမြေကြီးက သူ့ဝင်ရိုးအတိုင်း လည်ပတ်နေသည်။

ငြိမ်းချမ်းသော အားလပ်ရက်တွင် ပြဿနာ ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းက အဖြူရောင်ယုန် ညအိပ်ဝတ်စုံကို လဲပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။

မေမေဝမ်က နံနက်စာကို အသင့်ပြင်ထားသည်။

“သားလေး.. လာစားတော့လေ”

မေမေဝမ်က ယနေ့ စိတ်ကြည်နေပုံပေါက်သည်။

ဖေဖေဝမ်ကလည်း အနက်ရောင်စိန်ခရင်းကို သတိထား ကိုင်ရန် ဝမ်လင်းကို သတိမပေးခြင်းက မကြုံစဖူး ဖြစ်ရပ်ပင်။

ဝမ်လင်းက သူ့စွမ်းအားကို ထိန်းချုပ်ပြီး ခရင်းကို သတိထားကိုင်လိုက်သည်။

ဖေဖေဝမ်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး

“မြန်မြန်စား ဒီကနေ့ ဒိတ်လုပ်ဖို့ ချိန်းထားတယ်မလား”

ဟုပြောလိုက်သည်။

“ဒိတ်..”

ဝမ်လင်း ခေါင်းမော့သွားသည်။

“ဒိတ်မဟုတ်ရင် အောက်ထပ် ရောက်နေတဲ့ ကားအကောင်းစားကြီးက ဘာလို့ ရောက်နေလဲ ရှင်းပြလို့ရမလား”

ဖေဖေဝမ်၏ စကားကြောင့် ဝမ်လင်းက မှင်တက်သွားပြီး လေသာဆောင်ဘက် ထွက်ကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်နေသော စွန်းရုံက သူ့ကို တောက်ပစွာ ပြုံးပြနေသည်။

“…”

ဤတစ်ကြိမ် ရင်ဆိုင်ရမည့် ကပ်ဘေးကို ဝမ်လင်း တစ်ယောက် နားလည်သွားခဲ့သည်။

သူ ထမင်းစားပွဲစီ ပြန်ရောက်လာသောအခါ ဖေဖေဝမ်က ထူးထူးဆန်းဆန်း ရယ်မောနေသည်။

“သားလေး.. ရှင်းပြဖို့ မလိုအပ်ဘူး.. ဖေဖေဝမ်က မင်းကို ထောက်ခံတယ်”

“……..”

ဖေဖေဝမ်က သွားပေါ်အောင် ပြုံး၍ ပြောလိုက်သည်။

“အောက်ထပ်ရောက်နေတဲ့ ကောင်မလေးက တော်တော် စဉ်းစားပေးတတ်တာပဲ.. မင်းရဲ့ အမေကိုလည်း လိုရီယယ်တံဆိပ် ( L’Oreal) အသားအရေ ထိန်းသိမ်းတဲ့ မိတ်ကပ်တွေ လက်ဆောင်ပေးလိုက်သေးတယ်.. မင်းရဲ့အမေ ပျော်နေတာကိုပဲ ကြည့်လေ”

“……..”

စွန်းရုံက သူ့အမေကို လာဘ်ထိုးထားပုံရသည်။

“သားလေး ဒီကနေ့ည အိမ်ပြန်မလာလဲ ပြဿနာ မရှိဘူး.. အေးဆေးပဲနော်”

ဖေဖေဝမ်က ပြုံးဖြီးဖြီး ပြောလိုက်သည်။

“လုပ်လိုက်တော့ငါ့သား.. ကောင်မလေးက အဘက်ဘက်က ပြည့်စုံတဲ့ပုံပဲ”

ဝမ်လင်း”……..”

ခဏကြာပြီးနောက် ဖေဖေဝမ်က ကွန်ဒုံးဘူးကို မသိမသာ ထုတ်လိုက်ပြီး “ဖေဖေ့သားလေးက အရွယ်ရောက်နေပြီ” ဟူသော အမူအရာဖြင့် ဝမ်လင်းကို ပေးလိုက်သည်။

“……..”

“ထပ်”

ဝမ်လင်းက လက်ထဲမှ အနက်ရောင်စိန် ခရင်းကို မသိစိတ်၏ လှုံ့ဆော်မှုအရ ချိုးလိုက်မိသည်။

အပိုင်း(၁၀) ပြီး၏။

အပိုင်း(၁၁) ချိန်းတွေ့ခြင်း

ယနေ့ခေတ် လူမှုပတ်ဝန်းကျင်သည် ပို၍ ပွင့်လင်းမြင်သာမှု ရှိလာပြီး လွတ်လပ်သော အချစ်ရေးများကို အားပေးထောက်ခံကြသည်။

ထို့ကြောင့်လည်း ကျောင်းတွင်း အချစ်ဇာတ်လမ်းများသည် သမာရိုးကျ ဖြစ်စဉ်များသာ ဖြစ်လေ၏။

သို့သော်လည်း ဤအချစ်ဇာတ်လမ်းသည် ဘေးကင်းလုံခြုံသော အခြေအနေကို အခြေခံရန် လိုအပ်သည်။

ဝမ်လင်းက စွန်းရုံနှင့် ချိန်းတွေ့ချင်သည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။

ယခုတော့ သူမက သူ့နောက်သို့ ခြေရာခံလိုက်လာပြီး သူ့အိမ်ရှေ့ တံခါးပေါက်သို့ပင် မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည်။

သူ၏ အာရုံခံစားမှုအရ ဤကပ်ဘေးအဆင့်မှာ ကြယ်နှစ်ပွင့် အဆင့်ဖြစ်၏။

စွန်းရုံ သူ့အိမ်အထိ ရောက်လာသည့် သတင်းက အမှတ်၆၀အထက်တန်းကျောင်းတွင် တောမီးသဖွယ် ပြန့်သွားနိုင်သည်။

တစ်ကျောင်းလုံးက သူ့ကို သတိပြုမိသွားပြီး လူတိုင်းက သူ့ကို ကဲ့ရဲ့ကြပေလိမ့်မည်။

သူက တခြားသူ သတိပြုမိခြင်းကို အမုန်းဆုံး ဖြစ်သော်လည်း ဤအခြေအနေက အမှတ်၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံး သတိပြုမိမည့် အပြင် အနီးအနားရှိ ကျောင်းများလည်း သူ့ကို သတိပြုမိနိုင်သည်။

ဤအရာသည်ကား သူ့ကို စိတ်ပျက်စေသော ပြဿနာတစ်ရပ်ပင်။

သူ့ဘေးနားတွင် ရှိနေသော မေမေဝမ်ကို ဝမ်လင်း တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမ၏ သားတော်မောင် ဝမ်လင်း တစ်ယောက် ကောင်မလေး၏ အလေးပေးနှစ်သက်မှု ခံရသည်ကို မေမေဝမ် စိတ်ပျက်ပုံ မရချေ။

သားတော်မောင် ဝမ်လင်းတွင် ငယ်စဥ်ကတည်းက မိတ်ဆွေနည်းပါးခဲ့၏။

ကောင်မလေးက သူ့သားကို ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းမှာ သူ့သားလေး ဝမ်လင်းတွင် နှစ်လိုဖွယ်ကောင်းသော အချက်များ ရှိနေ၍ဟု မေမေဝမ်က ယူဆခဲ့သည်။

အရေးကြီးဆုံး အချက်အနေဖြင့် ကောင်မလေးမှာ ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး ဖြစ်နေသည်။

သခင်မလေး စွန်းရုံ ကိုယ်တိုင် ဝမ်အိမ်တော် အရှေ့သို့ရောက်နေ၍ မေမေဝမ် တစ်ယောက် ဂုဏ်ယူဝင့်ကြွားနေမိသည်။

ဝမ်လင်းက စကားအများကြီး မပြောလိုသော်လည်း မေမေဝမ်က သူ့ကို ထပ်မပြောရန် လက်ခါပြနေ၍ ငြင်းဆန်၍ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။

သူမက အခြေအနေကို ယူဆပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ဒီလို ချွေးမလောင်းနဲ့သာ အပြင်ကို သွားရင် မင်း ဘေးကင်းလုံခြုံမှာပါ.. မင်း ငြင်းမယ် ဆိုရင်တော့ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို ထပ်တွေ့ရဖို့ မမျှော်လင့်နဲ့တော့”

ဝမ်လင်း”……..”

အချို့သော အမျိုးသမီးများ၏ အကျင့်က တစ်ဦးကို တစ်ဦး မြှောက်ထိုးပင့်ကော် လုပ်တတ်ကြသလို အာဏာရှင် ဆန်တတ်သည်။

မေမေဝမ် လက်ထဲမှ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းသော အလှဆီ ပုလင်းကြီးကို ငေးကြည့်ရင်း ဝမ်လင်း သက်ပြင်းချလိုက်သည်။

သူက စွန်းရုံကို လက်ဦးမှု ယူနိုင်အောင် အခွင့်အရေး ပေးခဲ့မိချေပြီ။

ချိန်းဆိုခြင်းကို လက်ခံသည် ဖြစ်စေ.. လက်မခံသည် ဖြစ်စေ သူက တစ်ကျောင်းလုံး သာမက အနီးအနားရှိ ကျောင်းများ၏ စိတ်အာရုံကို ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။

ဖိတ်ကြားမှုကို ငြင်းဆန်လိုက်ခြင်းသည် ဖိတ်ကြားမှုကို လက်ခံလိုက်ခြင်းထက် ဆိုးရွားသော အဆုံးသတ်ကို ဖြစ်ပေါ်စေနိုင်၏။

သူက အနိုင်ကျင့်သူများ၏ ပစ်မှတ် ဖြစ်သွားနိုင်ပြီး တခြားသူများ၏ စိတ်ဝင်စားမှုကို ခံရလိမ့်မည်။

မည်သည်ကို ရွေးချယ်သည်ဖြစ်စေ.. အဆုံးသတ်တွင် သူ့ကို သတိပြုမိသွားလိမ့်မည်သာ။

ထို့ကြောင့် ဖိတ်ကြားခြင်းကို လက်ခံခြင်း.. လက်မခံခြင်းက သူ့အတွက် အဓိက ပြဿနာရပ် မဟုတ်တော့ပေ။

ယခုရင်ဆိုင်ရမည့် တကယ့်တိုက်ပွဲက သူတို့ ချိန်းဆိုခြင်းကို တခြားသူ သတိမပြုမိအောင် တတ်နိုင်သလောက် ထိန်းသိမ်းရန်ပင် ဖြစ်သည်။

ဝမ်လင်း ကားထဲ ဝင်ရောက်လိုက်စဉ် စွန်းရုံက အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်။

ကျောင်းစတက်သည့် နေ့ရက်တည်းက ဝမ်လင်းကို ချဉ်းကပ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ဖူးသော်လည်း ဤလူထူးဆန်းက သူမကို စိတ်ဝင်စားပုံ မပြခဲ့ပေ။

ယခုတော့ ဝမ်လင်းက သူမ၏ကားထဲ ထိုင်နေ၍ ဝမ်လင်းတို့အိမ်ကို လိုက်လာရခြင်းက ထိုက်တန်သည်ဟု သူမ ခံစားမိသည်။

ဤအရာသည်ကား အိမ်မက် မဟုတ်ပေ။

သူမ၏ ဖိတ်ကြားမှုကို လက်ခံအောင် ဝမ်လင်းက အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ကားထဲ ရောက်ရောက်ချင်း ဝမ်လင်း ပထမဆုံး ထင်မြင်ယူဆချက်က ဟွာကော ရေတံခွန် အုပ်စုက “သားမက်လာဖမ်းခြင်းလော” ဟူသည့်အတွေး ဖြစ်၏။

သိပ်မကြာခင် သူက ဤအချက်အားလုံးကို မေ့ပစ်လိုက်သည်။

သူက သူကြိုက်နှစ်သက်သော ခေါက်ဆွဲခြောက်ကြွပ်ကြော်အတွက် စွန့်လွှတ် အနစ်နာလာခံခြင်း ဟု တွေးလိုက်သည်။

ဟွာကောရေတံခွန် အုပ်စုသည် ဟွားရှို့နိုင်ငံတွင် ဩဇာအာဏာညောင်း၍ စွန်းရုံအနေဖြင့် သူ နေထိုင်သော နေရာကို ရှာဖွေရန် မခက်ခဲပေ။

ဝမ်လင်းက နောက်မှာကျန်ခဲ့သော ဝမ်အိမ်တော်ကို ငေးကြည့်ရင်း သူတို့အိမ်ကို တခြားသူ ရှာမတွေ့အောင် ကြယ်ရွေ့ပြောင်းခြင်း မန္တန်ကို အသုံးပြုသင့်လားဟု တွေးနေမိသည်။

“အတန်းဖော်ဝမ်လင်း.. ငါ ဖိတ်ကြားတာကို နင်တကယ် လက်ခံမယ်လို့ ထင်တောင် မထင်ထားမိဘူး”

စွန်းရုံက တောက်ပစွာ ပြုံးလိုက်သည်။

သူ့ပါးပေါ်မှ ပါးချိုင့်လေးက ချစ်စဖွယ်ကောင်းလွန်းသည်။

ဝမ်လင်းက ခပ်တည်တည်ဖြင့် နှုတ်ဆိတ်နေသည်။

“………”

သူ့မှာ ငြင်းဆန်နိုင်သော အခွင့်အာဏာ ရှိပါသလော။

စွန်းရုံက မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း သက်တူရွယ်တူ မိန်းကလေးများထက် ပို၍ လှပသည်။

သူမက အလှအပစံနှုန်းကို တကယ်မီသည်။

“ငါတို့ ဘယ်သွားကြမလဲ.. အတန်းဖော်ဝမ်လင်း နင်ထူးထူးကဲကဲ သွားလည်ချင်တဲ့ နေရာရှိလား”

ဝမ်လင်း ခေါင်းခါလိုက်သည်။

ထို့ကြောင့် စွန်းရုံကိုယ်တိုင် နေရာ ရွေးချယ်လိုက်တော့သည်။

“လုလူကြီးမင်း.. ကျွန်မတို့ကို ရှောင်မိသားစု ခြံဝင်းဘက် ခေါ်သွားပေးပါ”

“ဟုတ်ကဲ့ပါ မမလေး”

ကားဒါရိုက်ဘာက အလွန် ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

ရှောင်မိသားစုခြံဝင်းသည် ရှောင်ကလန်က ဖွင့်လှစ်ထားသော ပန်းခြံဖြစ်၏။

ရှောင်ကလန် ပိုင်ဆိုင်သော ပန်းခြံသည် ယခင်က ရှောင်အိမ်တော်ဖြစ်ပြီး ဤနယ်မြေကို ရှောင်အိမ်တော်က လွန်ခဲ့သော နှစ်တစ်ထောင်ကျော်တည်းက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မော်ဒန်ခေတ်ကို အမှီိလိုက်နိုင်ရန် ရှောင်ကလန်က သူတို့အိမ်ဟောင်းကို မန္တန်သုံး ဖယ်ရှားပြီး ပန်းခြံအသစ်ကို တည်ဆောက်ခဲ့သည်။

ဟွားရှို့နိုင်ငံတွင် ရှောင်မိသားစုပိုင် ခြံဝင်းကို ကောင်းကင်မီးလျှံ ပြတိုက်ဟု ခေါ်ဆိုသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်တည်းက ရှောင်မိသားစုသည် တစ်ကမ္ဘာလုံးမှ ကောင်းကင်မီးလျှံ အားလုံးနီးပါးကို စုဆောင်းခဲ့သည်။

ယနေ့ခေတ်တွင် ဤပန်းခြံလေးသည် ချစ်သူစုံတွဲများ သွားရောက် လည်ပတ်သော နယ်မြေလေး ဖြစ်လာခဲ့သည်။

ညစဉ် ညလယ်ရောက်တိုင်း ပန်းခြံအလယ်ရှိ ရေကန်အနားတွင် မီးရှုးမီးပန်းများ ပစ်လွှတ်လေ့ရှိ၏။

ရှောင်မိသားစုဝင်များက ကောင်းကင်မီးလျှံ နှစ်ခုကို ပေါင်းစည်းပြီး မီးကြာပန်းကို ဖန်တီးကာ လေထဲ ပစ်လွှတ်လေ့ရှိသည်။

စွန်းရုံ၏ ညွှန်ကြားမှုကြောင့် ကားဒါရိုက်ဘာက ကားကို ပန်းခြံ၏ ထောင့်တစ်နေရာတွင် ထိုးရပ်လိုက်သည်။

သူက ဝမ််လင်းအတွက် ကားတံခါးကို ဖွင့်ပေးပြီးမှ စွန်းရုံအတွက် ကားတံခါး ဖွင့်ပေးသည်။

ထို့နောက် သူက စွန်းရုံကို ဘလက်ကတ်(Black card) လှမ်းပေးသည်။

ဤကတ်သည် ဟွာကောအုပ်စု၏ ရှယ်ရာရှင်ကတ် ဖြစ်ပြီး အထူး အခွင့်အရေးများကို ရရှိလိမ့်မည် ဖြစ်၏။

ယခုမှ စတင် တည်ထောင်ထားသော ရှောင်မိသားစုပိုင် ပန်းခြံတွင် ဟွာကော အုပ်စုက ရှယ်ရာဝင်ထားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဤကတ်ဖြင့်သာဆိုလျှင် စွန်းရုံ မလည်ပတ်နိုင်သော နေရာ မရှိလောက်ပေ။

သူ့အနေဖြင့်မူ ဤကတ်ဖြင့် သူ ကြိုက်နှစ်သက်သော ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို လိုအပ်သလောက် ဝယ်ယူနိုင်မည်လားပဲ သိချင်မိသည်။

တကယ်တမ်းတွင် ဝမ်လင်းက မည်သည့် ရည်မှန်းချက်မှ မရှိသောသူ ဖြစ်သည်။

ရှောင်မိသားစု ခြံဝင်းသည် အရမ်းကို ကျယ်ဝန်းသည်။

ကျင့်ကြံခြင်းခေတ် သုံးခေတ်.. နှစ်တစ်ထောင် အတွင်း ရှောင်မိသားစု ပိုင်ဆိုင်သော နယ်မြေအကျယ်အဝန်းသည် ပို၍ များပြားလာခဲ့သည်။

ရှောင်မိသားစုကို ချီတိုက်ပွဲခေတ်တွင် စတင် တည်ထောင်ခဲ့ပြီး ရှောင်ကလန်က တစ်လောကလုံး၏ ဦးဆောင်သူ ဖြစ်ခဲ့ဖူးသည်။

သို့သော် ကံကြမ္မာစက်ဝန်း တစ်ပတ်လည်၍ အခက်အခဲ အတားအဆီး နှင့် ပြဿနာရပ်များ ကြုံတွေ့ခဲ့ရပြီးနောက် ချီတိုက်ပွဲခေတ် အင်အားယုတ်လျော့လာပြီး ဝိညာဉ်စွမ်းအားခေတ် အစပျိုးခဲ့သည်။

ဝိညာဉ်စွမ်းအားခေတ်တွင် ရှောင်ကလန်မှာ အင်အားယုတ်လျော့လာခဲ့သည်။

ဝမ်လင်း နေထိုင်သော လက်ရှိခေတ်သည် ဝိညာဉ် သတင်းအချက်အလက် ခေတ်(ဝါ) သိပ္ပံကျင့်ကြံခြင်း ခေတ်လည်း ဖြစ်သည်။

ခေတ်သုံးခေတ်၏ အပြောင်းအလဲများကို ရင်ဆိုင်ခဲ့သော ရှောင်ကလန်က ခေတ်အားလုံး၏ လေးစားထိုက်သော ကလန် ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုအပ်ချေ။

ရှောင်ကလန်က ဝိညာဉ်စွမ်းအားခေတ် အစပိုင်းတွင် အင်အားယုတ်လျော့ခဲ့သည့်တိုင် သူတို့ကလန်၏ ကျင့်ကြံခြင်း ဉာဏ်ရည်ကြောင့် သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲပြီး တိုးတက်အောင်ဆက်လက် ကြိုးစားခဲ့၍ သိပ္ပံကျင့်ကြံခြင်းခေတ်တွင်လည်း ထိပ်တန်း ပုဂ္ဂိုလ် ၁၀ဦး စာရင်းဝင်ခဲ့သည်။

ယခင်လို အုပ်ချုပ်သည့် အာဏာကို ဆက်လက် မပိုင်စိုးတော့သော်လည်း ဩဇာအာဏာရှိသော မိသားစု ဖြစ်သည်။

တစ်လောကလုံး အနှံ့ လိုက်လံ စုဆောင်းထားသော ရှောင်ကလန်၏ ကောင်းကင်မီးလျှံများသည် နူကလီယာပေါက်ကွဲ သွားသကဲ့သို့ စွမ်းအား မရှိတော့ခြင်းက နှမြောဖွယ်ရာ ကောင်းလှ၏။

၎င်းမီးလျှံများကို မီးပန်းများ အနေဖြင့် အသုံးပြုရုံမှ လွဲ၍ တခြားအသုံးဝင်သည့် နေရာ မရှိခဲ့ပေ။

ကောင်းကင်မီးလျှံများ၏ အံ့ဖွယ်ကောင်းသော သရုပ်ဖော်မှုကို အသုံးချပြီး ရှောင်ကလန်က ရှေးဟောင်း ဆွေကြီးမျိုးကြီး ကျင့်ကြံခြင်း မိသားစုမှ ခေတ်မီသော ဖျော်ဖြေရေး လုပ်ငန်းကို ကူးပြောင်း လုပ်ဆောင်ခဲ့သည်။

အပိုင်း(၁၁) ပြီး၏။

အပိုင်း(၁၂) ရှောင်မိသားစုပန်းခြံ

ရှောင်မိသားစု ပိုင်ဆိုင်သော ပန်းခြံသည် ဝမ်အိမ်တော် သေးသေးလေးထက် အဆ တစ်ထောင်ခန့် ကြီးမားလိမ့်မည်ဟု ဝမ်လင်း အကြမ်းဖျင်း တွက်ချက်မိသည်။

ယင်းက သူ နှစ်သက်သော ခေါက်ဆွဲခြောက် အကြွပ်ကြော် အထုပ် တစ်သန်းခန့် မြေကြီးပေါ် ဖြန့်ကြဲထားသော ရလဒ်နှင့် တူနိုင်သည်။

ပန်းခြံတည်ဆောက်ခြင်း အပြီးသတ် ကတည်းက သွားရောက်လည်ပတ်ချင်သော ဆန္ဒရှိခဲ့ပြီး လက်မှတ်ဈေးနှုန်း မြင့်မားလွန်းသောကြောင့်သာ မသွားခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ သွားရောက်လည်ပတ်၍ ငွေဖြန်းတီးပစ်မည့်အစား သူ နှစ်သက်သော ခေါက်ဆွဲခြောက် အကြွပ်ကြော်ကို ဝယ်ယူခြင်းဖြင့် ငွေဖြုန်းသည်က ပိုကောင်းသည် မဟုတ်လော။

ရှောင်အိမ်တော်၏ ပန်းခြံအတွင်းတွင် လည်ပတ်စရာ ရှုခင်းကောင်း များစွာ ရှိသည်။

နေရာအများစုတွင် ချီတိုက်ပွဲခေတ်မှ သမိုင်းကြောင်း အမွေအနှစ်များကို သရုပ်ဖော်ထားသည်။

ဤပန်းခြံကို တည်ဆောက်ရန်အတွက် ရှောင်မိသားစုက ရှေးဟောင်း အဆောက်အဦး အများစုကို စွန့်လွှတ်ခဲ့ရသည်။

ယင်းအတွက်ကြောင့် ဤအဆောက်အဦးများသည် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားသော လည်ပတ်စရာ နေရာလေး ဖြစ်လာခဲ့သည်။

စွန်းရုံထံတွင် ဘလက်ကတ်ရှိနေသဖြင့် ရှောင်မိသားစု၏ ပန်းခြံကို ကြီးကြပ်ရသော အစောင့်မှာ စွန်းယုံရုံနှင့် ဝမ်လင်း တို့ကို အစိမ်းရောင် ဖြတ်သန်းခွင့်ကတ် ပေးခဲ့သည်။

ထိုအစိမ်းရောင်ကတ်မှာ အလွန်ဈေးကြီးပြီး အစုရှယ်ယာဝင်များသာ ရရှိနိုင်သောကတ် ဖြစ်သည်။

ဝမ်လင်းနှင့် စွန်းယုရုံတို့ ဤကတ်ကို ရရှိခဲ့ခြင်းမှာ စွန်းရုံ နောက်ကွယ်ရှိ ဟွာရှန်းရေတံခွန် အုပ်စုကြီး၏ အရှိန်အဝါကြောင့်ဖြစ်သည်။

ထိုအစိမ်းရောင်ကတ်က သူတို့နှစ်ယောက်အား သာမန်လူများ မသွားလာနိုင်သည့် နေရာများကို သီးသန့် လျှောက်လမ်းကနေ ခေါ်ဆောင်သွားနိုင်သည်။

ယင်းက အများနှင့် ထိတွေ့ဆက်ဆံရခြင်းကို မနှစ်သက်သော ဝမ်လင်းအတွက် စိတ်ကျေနပ်စရာ ခံစားမှုပင်။

ဝမ်လင်းက နှုတ်ဆိတ်စွာ လိုက်ပါလာရာ စွန်းရုံကို ကူကယ်ရာမဲ့သော ခံစားချက် ဖြစ်ပေါ်စေသည်။

ရှောင်မိသားစု၏ အမျိုးသမီး အစောင့်က ရှောင်ကလန်မှ သေချာ လေ့ကျင့်ပေးထားသော ကျွမ်းကျင်သူ တစ်ယောက် ဖြစ်၍ ပန်းခြံ၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို သေချာသိသည်။

သူတို့သုံးဦး လမ်းဆုံသို့ ရောက်သောအခါ အမျိုးသမီး အစောင့်က သူမ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝမ်လင်း နှင့် စွန်းရုံကို ပြုံးကာ စကား ပြောလိုက်သည်။

“လူကြီးမင်း ဝမ်လင်း နဲ့ မမလေး စွန်းရုံ.. ဒီလမ်းဆုံကနေ နယ်မြေ သုံးခုကို ရွေးချယ်ပြီး သွားနိုင်ပါတယ်.. သွေးနီ လှိုဏ်ဂူ.. ရတနာချောက်ကမ်းပါးနဲ့ အတွင်းစိတ် နတ်ဆိုးကျောက်တိုင်မှာ ဘယ်တစ်ခုကို အရင်ဆုံး သွားလည်ချင်ပါသလဲ”

ဝမ်လင်းက သူ့အကြောင်းသူ ကောင်းကောင်း သိနေ၍ နှုတ်ဆိတ်နေပြီး စွန်းရုံ၏ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့သည်။

ဤအချက်ကို ကြည့်၍ ဝမ်လင်းက စကားနည်းသူမှန်း စွန်းရုံ အပြည့်အဝ လက်ခံခဲ့သည်။

စွန်းရုံလည်း တစ်ခါမှ သွားမလည်ဖူး၍ ဝေခွဲရခက်နေသည်။

လည်ပတ်စရာ နယ်မြေ သုံးခုလုံး အကြောင်း သူမလည်း အသေအချာ မသိပေ။

သို့သော်လည်း ရှောင်မိသားစု၏ ပန်းခြံသို့ လာရောက် မလည်ပတ်ခင် အင်တာနက်ပေါ်တွင် ပန်းခြံနှင့် ပတ်သက်သောအချက်အလက်များကို သူမ ရှာဖွေခဲ့ဖူးသည်။

အင်တာနက်ပေါ်မှ တခြားသူများ၏ မှတ်ချက်များ နှင့် ဝေဖန်မှုများကို ကြည့်၍ နယ်မြေ သုံးခုအနက် ပထမဆုံး ဖြစ်သော သွေးနီလှိုဏ်ဂူမှာ အကျော်ကြားဆုံး ဖြစ်မှန်း သူမ သိထားသည်။

“အတန်းဖော်ဝမ်လင်းကို အပြင်တစ်ခါ ထွက်ဖို့အရေး ဖိတ်ခေါ်ရတာ လွယ်ကူတာ မဟုတ်ဘူး.. ဒါကြောင့်မို့ အကောင်းဆုံး နေရာကိုပဲ အရင်သွားချင်တယ်”

အဆုံးသတ်တွင် စွန်းရုံက ဝမ်လင်းကို ငဲ့ညာပြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

“သွေးနီလှိုဏ်ဂူကို အရင်ဆုံး သွားကြမယ်”

“ဟုတ်ကဲ့ပါ.. မမလေးစွန်းရုံ”

အမျိုးသမီး အစောင့်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထို့နောက် ဝမ်လင်း နှင့် စွန်းရုံတို့က ပန်းခြံမှ စီစဉ်ပေးထားသော ကားပေါ်သို့ တက်လိုက်ကြသည်။

ခဏအကြာတွင် သူတို့စီးလာသော ကားလေးက “သွေးနီလှိုဏ်ဂူ”ဟု ရေးထိုးထားသော ကျောက်တုံးဘေးနားတွင် ရပ်လိုက်သည်။

စွန်းရုံက သံသယဝင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

“ဒီနေရာမှာ တစ်ယောက်မှလည်း မတွေ့ပါလား”

သူမ၏ စကားကို ကြားလျှင် အမျိုးသမီး အစောင့်က ပြုံးလိုက်ပြီး

“နဂိုတုန်းက ဒီနေရာကို ပြုပြင်ထိန်းသိမ်းစရာ ရှိလို့ ပိတ်ထားတာပါ.. ဒါပေမဲ့ မမလေးစွန်းရုံက အထူးဧည့်သည်တော် ကတ်ကို ကိုင်ဆောင်ထားလို့ ဒီနေရာကို ခေါ်လာပေးတာပါ”

“ငါ နားလည်ပြီ”

စွန်းရုံ ခေါင်းညိတ်၍ ပြန်အဖြေပေးလိုက်၏။

အစောင့်နောက်မှ လိုက်ပါသွားပြီးနောက် သူတို့က ဝင်ပေါက်နှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် မတ်တတ်ရပ်လိုက်သည်။

ဝမ်လင်းက ဘေးဘယ်ညာ ဝေ့ကြည့်လိုက်ရင်း သူ့ဘေးနား လေညင်းလေးများ တိုက်ခတ်နေခြင်းကို ခံစားမိလိုက်သည်။

ဤနေရာက ဝိညာဉ်စွမ်းအား မရှိသလောက် နည်းပါးပြီး သာမန်နေရာလို ဖြစ်နေသည်။

ကြီးမြတ်သော ချီတိုက်ပွဲခေတ် အတောအတွင်း ဂူ၏ ကျောက်နံရံများကို လေထုက တဖြည်းဖြည်းချင်း တိုက်စားသွားပြီး နှစ်သက်တမ်း ကြာသော ဂူတစ်ဂူမှ လွဲ၍ မည်သည့် ထူးခြားမှုမျှ ရှိမနေတော့ပေ။

ဤကဲသို့သော နှစ်ထောင်ချီ ကြာနေသော ဂူသည် နိုင်ငံ၏ စိတ်ဝင်စားစရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။

ဟွာရှန်းနိုင်ငံ၏ အပန်းဖြေနေရာများကို စီစစ်အကဲဖြတ်သည့် အဖွဲ့က မျက်စိကန်းနေခြင်း သို့မဟုတ် ဤလိူဏ်ဂူတွင် လူမသိသော ထူးခြားသည့် အဖြစ်ပျက်မျိုး ဖြစ်ခဲ့ခြင်းကြောင့် နာမည်ကြီး နေရာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ဤနယ်မြေတွင် စိတ်ဝင်စားစရာ နောက်ကွယ် သမိုင်းကြောင်း ရှိနေသည်လော။

အမျိုးသမီးအစောင့်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“ဒီလှိုဏ်ဂူရဲ့ သမိုင်းကြောင်းကို ရှင်းပြပေးမယ်.. ကျင့်ကြံခြင်း ပထမခေတ် နှစ်ခေတ် ဖြစ်တဲ့ ချီတိုက်ပွဲခေတ်နဲ့ ဝိညာဉ်စွမ်းအားခေတ်မှာ လူသားတွေ၊ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကြောင့် တစ်လောကလုံးက ကမောက်ကမာ ဖြစ်နေတယ်.. အခု လက်ရှိသိပ္ပံ ကျင့်ကြံခြင်းခေတ်မှာတော့ လူသားတွေက နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေကို ဒီကမ္ဘာမြေကြီးထဲ လာခွင့် မရအောင် တံခါးပေါက်နဲ့ ပိတ်ထားတယ်.. အခုခေတ် မတိုင်ခင်ကဆိုရင် ကျင့်ကြံသူ အများစုက နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရကြတယ်ဆိုရင် ဒီဂူထဲမှာပဲ ပုန်းအောင်းလေ့ ရှိကြတယ်”

အမျိုးသမီးအစောင့်က လေးနက်စွာ ရှင်းပြလိုက်သည်။

“ဒီဂူထဲမှာ မှော်မြက်တွေ ပေါက်နေတယ်.. အဲဒီ မှော်မြက်တွေက ဒဏ်ရာကို သိသိသာသာ ကုသပေးနိုင်တဲ့ အပြင် လိင်စိတ်ဆန္ဒကိုလည်း နှိုးဆွပေးတယ်.. ဒါကို မသိတဲ့ အမျိုးသမီး ကျင့်ကြံသူတွေက အဲဒီမြက်တွေကို စားမိပြီး ဒီဂူထဲမှာ အမျိုးသားတွေနဲ့ ချစ်တင်းနှောကြတယ်.. သူတို့တွေ ချစ်တင်းနှောရင်း ကျလာတဲ့ သွေးတွေက ဟောဒီဂူထဲ အပြည့်လွှမ်းနေလို့ သွေးနီ လှိုဏ်ဂူလို့လည်း အမည်တွင်ခဲ့တယ်.. နောက်ပြီး ဒီဂူထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ချစ်ကြိုးသွယ်ခဲ့ကြလို့ အောင်သွယ်တော်ဂူလို့လည်း လူသိများတယ်”

အမျိုးသမီး၏ စကားကြောင့် စွန်းရုံ၏မျက်နှာက ချက်ချင်းပင် နီရဲသွားသည်။

ဝမ်လင်း”………”

မှော်ဂူ နာမည်ကြီးနေသည့် အဓိက အကြောင်းအရင်းကို စွန်းရုံ သဘောပေါက်သွားသည်။

ထို့ကြောင့်လည်း လူအများစုက ကောင်းမွန်သော ဝေဖန်မှု ပေးကြခြင်း ဖြစ်သည်။

ဤသည်ကား ရယ်ဖွယ်အတိ ဖြစ်နေ၏။

ဤအမျိုးသမီးအစောင့်မှာ ရှောင်ကလန်က သေချာ လေ့ကျင့်ပေးထားသူ ဖြစ်၍ သွေးနီလှိုဏ်ဂူ၏ သမိုင်းကြောင်းကို အသေးစိတ် ရှင်းပြနိုင်ခြင်း ဖြစ်သည်။

ထို့နောက် ဝမ်လင်း နှင့် စွန်းရုံတို့သည် ရတနာချောက်ကမ်းပါး.. အတွင်းစိတ် နတ်ဆိုးကျောက်တိုင် နှင့် အကျော်ကြားဆုံး လေလံအိမ် သို့ သွားရောက်လည်ပတ်ခဲ့သည်။

ဤနေရာ အားလုံးသည် လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က နာမည် ကျော်ကြားခဲ့သော နေရာများ ဖြစ်သည်။

ထိုနေရာများတွင် ယခင်မျိုးဆက်များ၏ အရှက်ရဖွယ် ကောင်းသော သမိုင်းကြောင်းများကိုလည်း မြင်တွေ့နိုင်သည်။

ရတနာ ချောက်ကမ်းပါးမှ ခုန်ချခဲ့သော ကျင့်ကြံသူများသည် အဖိုးထိုက်တန်သော ရတနာများကို ပိုင်ဆိုင်သည်ဟု ရာဇဝင် ရှိဖူးသည်။

သို့သော် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာချက်များအရ ရတနာကို ပိုင်ဆိုင်ခဲ့သော ကျင့်ကြံသူများသည် တကယ်တမ်းတွင် ပြင်းထန်သော စိတ်ကစဉ့်ကလျား ရောဂါကို ခံစားနေရသည့် ဝေဒနာရှင်များ ဖြစ်နေသည်။

အတွင်းနတ်ဆိုး ကျောက်တိုင် နယ်မြေတွင် ကျင့်ကြံသူများသည် ကျမ်းကျိန်ဆိုပြီး သူတို့လိုအင်များကို တောင်းဆိုရသည်။

နတ်ဆိုးနှင့် စာချုပ် ချုပ်လိုက်လျှင် စည်းမျဉ်းများကို နာခံရသည်။

သို့သော် သိပ္ပံကျင့်ကြံခြင်းခေတ်တွင်မူ အတွင်းနတ်ဆိုး တည်ရှိမှုကို အယူသည်းမှု အဖြစ် မှတ်ယူကြသည်။

ချီတိုက်ပွဲခေတ် နှင့် ဝိညာဉ်စွမ်းအားခေတ်၏ စွမ်းအား အမြင့်ဆုံး ကျင့်ကြံသူများသည် တစ်လောကလုံးကို တုန်လှုပ်စေသော အတွေ့အကြုံရရှိရန် လေလံအိမ်သို့ သွားရောက်ခဲ့ကြသည်။

လေလံအိမ်တွင် ယွမ်သန်းချီ မသုံးခဲ့လျှင် သူတို့ခေတ်၏ ကျော်ကြားမှုကို အရှက်ရစေလိမ့်မည်ဟု ခံယူကြသည်။

သို့သော် လက်ရှိ သမိုင်းသုတေသနအရ လေလံတင်သော ဈေးနှုန်းများသည် တကယ်တမ်းတွင် ချဲ့ကားလွန်းနေပြီး ရာဇဝင်ထဲတွင် ဖော်ပြခဲ့သော ငွေကြေးနှုန်းမျိုး မရှိခဲ့ပေ။

အခြေတည်ဆေးရည်ကို သောက်သုံးချင်ဖြင့် အခြေတည်အဆင့်သို့ မြှင့်တင်နိုင်သော ဇာတ်လမ်းမျိုးလည်း ရာဇဝင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားကြသည်။

တကယ်တမ်း ဤအကြောင်းအရာ အားလုံး နီးပါးသည် ယုံတမ်းစကားမျှသာ ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက ရှောင်မိသားစု၏ ပန်းခြံတစ်ခုလုံးကို လည်ပတ်ကြသည်။

နေရာအနှံ လည်ပတ်ပြီးနောက် ဝမ်လင်းနှင့် စွန်းရုံတို့က အတွေးတစ်ခု ဝင်လာသည်။

ယနေ့ သူတို့မြင်တွေ့ခဲ့သော ရှုခင်းများက သာမန်ရှုခင်းမျှသာ မဟုတ်ဘဲ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က ဟွားရှို့နိုင်ငံ၏ အရှက်ရဖွယ် ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသာ ဖြစ်သည်ဟု ခံစားမိလိုက်သည်။

အပိုင်း(၁၂) ပြီး၏။

အပိုင်း(၁၃) ဒေါသဘုရားရဲ့ မီးကြာပန်း

သူတို့ချင်း တွေ့ဆုံမှုသည် မျှော်မှန်းထားသည့်အတိုင်း အဆင်ပြေ ချောမွေ့မှု ရှိခဲ့သည်။

ယေဘုယျပြောရမည်ဆိုလျှင် ဝမ်လင်း အတော်အတန် ကျေနပ်မှု ရှိသည်။

သူလုပ်ဆောင်ရမည့် နောက်ဆုံးအလုပ်က မီးပန်းများ ပစ်လွှတ်မည့် အချိန်ကို စောင့်ရန်သာ ဖြစ်၏။

သို့မှသာ သူလည်း အိမ်ပြန်ခွင့်ရလိမ့်မည်။

သူ့တာဝန်ပြီးမြောက်သည်ဟုလည်း ယူဆနိုင်မည် မဟုတ်ပါလား။

စွန်းရုံ၏ အတွေးကမူ ဝမ်လင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ဤဒိတ်က သူမ မျှော်မှန်းထားသော အခြေအနေထက် စိတ်ဝင်စားဖွယ် မကောင်းချေ။

အတန်းဖော် ဝမ်လင်းနှင့် ဒိတ်လုပ်ခြင်းက လွယ်ကူသော ကိစ္စရပ် မဟုတ်၍ သူမအနေဖြင့် အလွယ်တကူ လက်မလျော့ချင်ပေ။

အပျိုဖြန်းလေး စွန်းရုံက သူမ၏ လှပသော မျက်ဝန်းများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ဝမ်လင်းကို အပိုင်ချုပ်ရန် ဦးနှောက်ကို အသားကုန် အသုံးပြုကာ တွေးကြံနေသည်။

“မီးပန်းလွှတ်တင်ပြီးရင် ငါတို့ တစ်ခုခု လုပ်သင့်လား”

“လူသူကင်းမဲ့တဲ့ အမှောင် တစ်နေရာရာကို ရှာပြီး စကားပြောကြမလား.. ဒါမှမဟုတ် တစ်ခုခု လုပ်ကြမလား”

ညလယ်ချိန်တွင် အတွဲအများစုသည် ရှောင်ပန်းခြံ၏ မီးပန်းလွှတ်တင်ခြင်းကို ကြည့်ရှုရန် ပန်းခြံအလယ်တွင် စုဝေးနေကြ၏။

အတွဲများက တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး ကြီးမားသော ဓားပျံကြီးများ ပေါ်တွင် ထိုင်နေကြသည်။

အတွဲအားလုံးက မီးပန်းလွှတ်ခြင်းကို စောင့်ကြည့်ရန် နေရာမျိုးစုံတွင် နေရာယူထားကြ၏။

ဝမ်လင်းနှင့် စွန်းရုံတို့က အတော်အတန် လူသူကင်းမဲ့သော နေရာတွင် ထိုင်ရန် ရွေးချယ်ခဲ့ပြီး မီးပန်းလွှတ်မည့် အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။

အခြေအနေက ကသိကအောင့် ဖြစ်စေသော အနေအထားသို့ ထပ်ရောက်သွားပြန်သည်။

သူတို့ချင်း အနီးကပ်ဆုံး အခြေအနေ ရှိသော်လည်း စွန်းရုံက နောက်ဆုံး ခြေတစ်လှမ်း လှမ်းရန် ခက်ခဲနေသည်။

ယင်းက စွန်းရုံအတွက် အလွန်နေရခက်သော အခြေအနေ ဆိုလည်းမမှားပေ။

ဤဒိတ်လေးကို ဖန်တီးရန် မလွယ်ကူသော်လည်း သူမ ပြောချင်သော စကားများကို ပြောဆိုရန် ခက်ခဲနေသည်။

အစောပိုင်းတုန်းက သူမ ရည်စူးထားသော စကားများကို မရည်ရွယ်ဘဲ မျိုသိမ့်ထားမိသည်။

ဝမ်လင်းကလည်း စွန်းရုံနှင့် ခံစားချက် ထပ်တူကျနေသည်။

သူ့အတွက် ယခုလို ပြဿနာကို ပုံမှန်ဖြေရှင်းနည်းမှာ တစ်ဖက်သူ၏ မှတ်ဉာဏ် နှင့် သူ့အပေါ်ထားရှိသာ မေတ္တာစိတ်ကို ဖယ်ရှားပစ်ခြင်း ဖြစ်သည်။

ထိုမှသာ သူ့ဘဝ အဆင်ပြေ ချောမွေ့လိမ့်မည် မဟုတ်လော။

ဝမ်လင်းက ညဥ့်ကောင်းကင်ယံကို ငေးစိုက်ကြည့်ပြီး မန္တန် အသုံးပြုနိုင်သော အခွင့်အရေးကို ရှာကြံနေသည်။

ထိုစဉ် သူ့ညာဘက်မျက်ခုံး မရပ်မနား လှုပ်ခတ်လာသည်။

ယင်းအတွက်ကြောင့် ဝမ်လင်း၏ နှလုံးသား တဒိတ်ဒိတ်ခုန်သွားရသည်။

ဤအရာက ကပ်ဘေးသတိပေးချက် ဖြစ်နေသည် မဟုတ်လော။

ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ကပ်ဘေး သတိပေးချက် ပေါ်ထွက်လာရသနည်း။

မည်သည့် အကြောင်းကိစ္စကြောင့် ဖြစ်စေ သူ့မျက်ခုံး လှုပ်ခတ်နေ၍ ဝမ်လင်း ချက်ချင်း သတိကပ်ထားရသည်။

သိပ်မကြာမီမှာပင် ရှောင်ကလန်က မီးပန်းများကို တရားဝင် ပစ်လွှတ်လိုက်သည်။

အမြင့်တစ်နေရာမှ နေ၍ ပစ်လွှတ်လိုက်သော မီးရှူးမီးပန်းများက လေထဲ ရောက်သွားသောအခါ မီးကြာပန်း အဖြစ် ပြောင်းလဲသွား၏။

မီးကြာပန်း၏ ပွင့်ဖက်များက ခုနှစ်ရောင်ခြယ် အသွင် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။

လူတိုင်းက ဤမြင်ကွင်းတွင် ပျော်မွေ့နေကြသည်။

ဝမ်လင်းက အာရုံခံစားမှုမှ တဆင့် သူတို့အနားသို့ အလျင်အမြန် ချဉ်းကပ်လာသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားနှစ်ဦးကို ချက်ချင်း သတိပြုမိလိုက်သည်။

သူ၏ ထိုးထွင်းသိမြင်ဉာဏ်မှ တဆင့် ဤနှစ်ယောက်က စွန်းရုံကြောင့် ရောက်လာမှန်း သူ အတပ်ပြောနိုင်သည်။

စွန်းရုံကမူ သူတို့နား ချဉ်းကပ်လာသည့် ထိုနှစ်ယောက်ကို လုံးဝ သတိပြုမိပုံမရပေ။

သူမ အာရုံခံစားမိစဉ် အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။

အမျိုးသားတစ်ဦးက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး စွန်းရုံ၏ ပခုံးကို ထိန်းချုပ်ထားစဉ် တခြားတစ်ယောက်က ဝမ်လင်း၏ ကျောကုန်းကို သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

“နင်တို့က ဘယ်သူလဲ.. ဘာလိုချင်တာလဲ”

စွန်းရုံက ရုတ်တရက်မို့ အံ့အားသင့်သွားသော်လည်း ဝမ်လင်း မျှော်မှန်းထားသည်ထက် ပို၍ တည်ငြိမ်နေသည်။

သူမက စိန်ပြေနပြေဖြင့် မျက်ခုံး တစ်ဖက်ကို ပင့်၍ ကြည့်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ စွန်းရုံသည် ဟွာကော ရေတံခွန် အုပ်စု၏ ကောင်းမွန်စွာ ပျိုးထောင်ထားသော အနာဂတ် ဆက်ခံသူ ဖြစ်နေ၍ သူမ၏အမူအရာက ပျက်ယွင်းသွားခြင်း မရှိချေ။

အမျိုးသားတစ်ဦးက စွန်းရုံကို မသိမသာ ခြိမ်းခြောက် ပြောဆိုလိုက်သည်။

“ကျွန်တော်တို့က မမလေးစွန်းရုံကိုရော မမလေးရဲ့ ချစ်သူကိုပါ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး.. မမလေး စွန်းရုံ မခုခံဘဲ ကျွန်တော်တို့နောက် အေးအေးဆေးဆေး လိုက်ခဲ့ပေးမယ် ဆိုရင် သူ့ကို သေနတ်နဲ့ မပစ်ပါဘူးလို့ အာမခံပါတယ်”

စွန်းရုံ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။

သေနတ်က ဝိညာဉ်စွမ်းအား ကျည်ဆန်ဖြင့် ပေါင်းစည်းထားသောကြောင့် အခြေတည် အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိသည်။

စွန်းရုံက ဟွာကောရေတံခွန် အုပ်စု၏ အထူး လေ့ကျင့်မှု နှင့် လမ်းညွှန်မှုကို ရရှိထား၍ ဤကဲ့သို့သော အရေးပေါ် အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်သင့်သလဲ သိနေသည်။

သူမက အံကြိတ်၍ ပြောချလိုက်သည်။

“သူက ငါ့ရဲ့အတန်းဖော်ပဲ.. ငါ့ချစ်သူ မဟုတ်ဘူး.. နင်တို့ အလိုရှိတာ ငါပဲမလား.. ငါ နင်တို့နဲ့ လိုက်ခဲ့ရင် အဆင်ပြေတယ်မလား.. အတန်းဖော်ဝမ်ကို ထွက်သွားခွင့် ပေးလိုက်ပါ”

လုပ်ကြံသူ၏ ခွန်အားကို ခန့်မှန်းကြည့်လျှင် ရွေအမြုတေအဆင့် ဆရာသခင် နှစ်ဦးဖြစ်နေ၍ ရင်ဆိုင်ရန် မလွယ်ကူပေ။

၎င်းတို့က ထိပ်တန်းလုပ်ကြံသူ ဖြစ်နိုင်ချေများသည်။

သူမ၏ အတွေ့အကြုံအရ ထိုနှစ်ယောက် လက်ထဲမှ လွတ်မြောက်နိုင်သော အခွင့်အရေး မှာ အလွန် နည်းပါးသည်။

“နင်တို့က အရိပ်လုပ်ကြံသူ အဖွဲ့က လုပ်ကြံသူတွေလား”

တစ်ချက်ကြည့်လိုက်ရုံဖြင့် စွန်းရုံက ထိုနှစ်ယောက်၏ ဝတ်စုံပေါ်မှ အမှတ်တံဆိပ်ကို သတိပြုမိလိုက်သည်။

အရိပ်လုပ်ကြံသူ အဖွဲ့သည် နာမည်ဆိုးဖြင့် ကျော်စောသော လုပ်ကြံသူ အဖွဲ့အစည်း ဖြစ်ပြီး သူတို့၏ အသက်ကို စွန့်ရသည့်တိုင် သူတို့ကို ငှားရမ်းသူအား ထုတ်ပြောလေ့ မရှိပေ။

သူမ၏ ခန့်မှန်းချက်အရ အရိပ်လုပ်ကြံသူ အဖွဲ့ကို ငှားရမ်းနိုင်သူသည် ဟွာကောရေတံခွန် အုပ်စုထက် မလျော့သော အင်အားကို ပိုင်ဆိုင်နိုင်သည်။

ဟွာကောရေတံခွန် အုပ်စုသည် တိုင်းပြည်တွင်း နှင့် နိုင်ငံရပ်ခြားများတွင်ပါ ရန်သူများ ရှိသဖြင့် သူမကို လုပ်ကြံချင်သူအား စုံစမ်းရန်မှာ မလွယ်ကူလောက်ချေ။

ယခုအချိန်တွင် အကောင်းဆုံး အစီအစဉ်မှာ အပြင်ဘက်သို့ မဆက်သွယ်နိုင်ခင် ဓားစာခံ အရေအတွက်ကို တတ်နိုင်သမျှ လျော့ချရန် ဖြစ်သည်။

ထိုစဉ် ဝမ်လင်းက စွန်းရုံ၏စိတ်ကို ဖတ်ရှုလိုက်သည်။

တကယ်တမ်း ဤအပြုအမူက အရေးပေါ် အခြေအနေတွင် ပုံမှန်တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် အနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူ နှစ်ဦးက သေချာ ပြင်ဆင်ထားပုံရသည်။

အမျိုးသားတစ်ဦးက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ အမည်းရောင်ဆေးကို ထုတ်လိုက်သည်။

“ဒါက အမြန််ဆုံး အိပ်ပျော်စေတဲ့ဆေးပဲ.. ဒါကို မျိုချပြီးရင် ချက်ချင်း အိပ်ပျော်သွားမယ်.. မင်းရဲ့အတန်းဖော်သာ ဒီဆေးကို သောက်မယ်ဆိုရင် သူ့ကို လွှတ်ပေးလိုက်မယ်”

ထိုသို့လုပ်ဆောင်မှသာ ဤကောင်ငယ်လေးက တခြားသူများကို အသိပေးခြင်းမှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပါလား။

ပွင့်လင်းစွာ ပြောရလျှင် ဤနေရာတွင် လူအများကြီး ရှိနေခဲ့ပါက ဝမ်လင်းက လက်တစ်ဖက်ပင် မြှောက်ချင်သော ဆန္ဒ မရှိပေ။

တခြားသူများ သတိထားမိမည်ကို လျော့ချနိုင်သော အကောင်းဆုံး နည်းလမ်းသည် သူတို့ပေးသော ဆေးကို သောက်လိုက်ပြီး အိပ်ချင်ဟန် ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

ဤအကြံအစည်က မဆိုးလှချေ။

ဤအခွင့်အရေးကို အသုံးချလျှင် စွန်းရုံလက်မှ လွတ်နိုင်မည်ဟု ဝမ်လင်း တစ်ယောက် တွေးလိုက်မိသည်။

သို့သော် ဆေးကို လက်ခံယူရန် လက်ဆန့်ထုတ်လိုက်စဉ် စွန်းရုံ၏စိတ်ထဲမှ အတွေးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

“အတန်းဖော်ဝမ်လင်း ဘေးကင်းရင် ငါ့အတွက် အဆင်ပြေတယ်.. သူ ဘေးမသီရန်မခ လွတ်မြောက်နိုင်ပါစေ”

“………”

ထိုအခိုက်အတန့်တွင် ဝမ်လင်း မှင်တက်သွားသည်။

သူ့မျက်ဝန်းများလည်း ပြူးကျယ်သွားရ၏။

လေထုက အလွန်အမင်း ငြိမ်သက်သွားသည်။

ဖရိုဖရဲ ပြဿနာအလယ်မှာ သူ ခေါင်းကို ငုံံ့ထားလိုက်သည်။

သူ၏ အာရုံခံစားမှုမှ တဆင့် စွန်းရုံ၏ ကြောက်လန့်နေသော ခံစားချက်ကို အာရုံခံနိုင်သည်။

စွန်းရုံသည် ဟွာကောအုပ်စု၏ လေ့ကျင့်ထားသူ ဖြစ်သည့်တိုင် သူမက နူးညံ့သော မိန်းမသားလေးသာ ဖြစ်သည်။

“……….”

ဝမ်လင်း၏ မျက်နှာက ဒေါသစိတ်ကြောင့် မည်းမှောင်သွားပြီး စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ပေ။

ထို့နောက် အမျိုးသားနှစ်ဦး စောင့်ကြည့်နေစဉ်မှာပင် ဝမ်လင်းက ဆေးကို ကြိတ်ချေလိုက်ပြီး အမှုန့်အဖြစ် ပြောင်းလဲလိုက်၏။

၁၆နှစ်အရွယ် ကျောင်းသားလေးက သူတို့၏ သည်းခံနိုင်စွမ်းကို စိန်ခေါ်လာ၍ လုပ်ကြံသူ နှစ်ဦး ဒေါသထွက်သွားသည်။

ဤကျောင်းသားလေးက သူ့ကိုယ်သူ စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူဟု ထင်နေပါသလော။

ဝမ်လင်းက ခက်ထန်သော အမူအရာဖြင့် လုပ်ကြံသူ နှစ်ဦးကို ကြည့်လိုက်သည်။

ထိုနှစ်ယောက် သေနတ်ခလုတ် နှိပ်ခါနီးတွင် ဝမ်လင်းက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။

သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သေနတ်ကို ချက်ချင်း လုယူလိုက်သည်။

သေနတ်၏ အရည်အသွေးက သိပ်မဆိုးဟု ဝမ်လင်း တွေးတောလိုက်သည်။

သူ့မျက်နှာအမူအရာက အရုပ်ဖြင့် ဆော့ကစားနေသော ကလေးငယ်နှင့် တူနေသည်။

“မင်း…”

အရိပ်လုပ်ကြံသူအဖွဲ့၏ လုပ်ကြံသူ နှစ်ဦးက ဝမ်လင်းထက် လက်နှေးနေခဲ့သည်။

ထိုအချိန်မှာပင် ကျိုးပဲ့သော အသံက ထွက်ပေါ်လာရာ လုပ်ကြံသူ နှစ်ဦးက မျက်စိသူငယ်အိမ် ကျုံ့သွားသည်အထိ မှင်တက်သွားခဲ့သည်။

ဝမ်လင်းက သူ့လက်ထဲမှ သေနတ်ကို လက်ဗလာဖြင့်ပင် အမှုန့်ချေပစ်လိုက်၏။

သူတို့အရှေ့မှ မြင်ကွင်းကြောင့် လုပ်ကြံသူ နှစ်ဦး ချွေးပြန်လာသည်။

သေနတ်က စိစိညှက်ညှက် ကြေမွသွားပြီး လေထဲတွင် အမှုန်အမွှား အဖြစ် ပျောက်ကွယ်သွားသည်။

“ဘယ်လိုဖြစ်ရတာလဲ”

လုပ်ကြံသူနှစ်ဦး မျက်စိအပြူးသား ဖြစ်နေရသည်။

သူတို့အသုံးပြုသည့် သေနတ်ကို ဘုံကိုးပါး အနက်ရောင် သံထည်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

စွန်းရုံလည်း မှင်တက်နေရ၏။

သူမသည်လည်း ဖြစ်ပျက်သမျှ အခြေအနေကို မယုံကြည်နိုင်ဖြစ်နေသည်။

အတန်းဖော်ဝမ်လင်းက အခြေတည်အဆင့် ကျင့်ကြံသူသာ ဖြစ်သော်လည်း စွမ်းအား ကြီးမားလွန်းနေသည် မဟုတ်ပါလား။

“ဆရာသမား.. ခင်ဗျားက ဘယ်လိုလူလဲ”

လုပ်ကြံသူနှစ်ဦး လွတ်မြောက်ရန် ကြိုးစားသော်လည်း ဝမ်လင်း၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားက ချုပ်နှောင်ထား၍ လှုပ်မရပေ။

ဝမ်လင်းက သူ၏ စတိုင်ဘောင်းဘီတွင် ကပ်ငြိနေသော ဖုန်မှုန့်များကို စိမ်​ပြေနပြေ ခါလိုက်ပြီး ခေါင်းမော့ကာ လုပ်ကြံသူနှစ်ဦးကို ကြည့်လိုက်၏။

သူ၏ အကြည့်က သာမန်သာဖြစ်သော်လည်း လုပ်ကြံသူ နှစ်ဦးကို ထိတ်လန့်စေသည်။

၁၆နှစ်အရွယ် ကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါက သူတို့လုပ်ကြံခဲ့ဖူး သမျှ လူအားလုံး၏ စွမ်းအားထက် ၁၀သန်းမျှ ကွာခြားမှု ရှိနေသည်။

ကောင်လေးထံမှ ထွက်ပေါ်လာသည့် မရဏ အငွေ့အသက်က သူတို့ကို မွန်းကျပ်သော ခံစားချက် ဖြစ်ပေါ်စေ၏။

ဝမ်လင်းက စကားတစ်ခွန်းမျှ မဆိုဘဲ လက်တစ်ဖက်ချင်းစီဖြင့် ထိုနှစ်ယောက်၏ ခေါင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ လုပ်ကြံသူနှစ်ဦး ထိတ်လန့်သွားသည်။

အဖွဲ့အစည်း၏ စည်းမျဥ်းအရ သူတို့ သေရမည်ဆိုလျှင်ပင် ငှားရမ်းသူ အကြောင်း ထုတ်ပြောရန် မဖြစ်နိုင်ပေ။

“မင်း ဘာလိုချင်တာလဲ”

“ဘာမှ မလိုချင်ပါဘူး.. မင်းတို့ကို ကောင်းကင်ဘုံ ပို့ပေးမလို့ပါ”

ဝမ်လင်းက သူတို့ကို စိတ်အာရုံမှ တဆင့် ပြန်ဖြေလိုက်သည်။

သူက ကြက်နှစ်ကောင်ကို မြှောက်ကိုင် သကဲ့သို့ ထိုနှစ်ယောက်ကို လေပေါ်သို့ မြှောက်လိုက်သည်။

ဝမ်လင်းက သူတို့ခန္ဓာကိုယ်ကို ဘောလုံး တစ်လုံး အသွင် ပြောင်းလဲလိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။

ခဏကြာပြီးနောက် ရှောင်ကလန်၏ မီးပန်းများ လွှတ်လာသည်။

လုပ်ကြံသူ နှစ်ဦးကလည်း မီးပန်းများနှင့် အပြိုင် ကောင်းကင်ယံတွင် ပျံသန်းနေသည်။

ဝမ်လင်းက မီးရှူးမီးပန်းများကို စောင့်ကြည့်ပြီး သူ့လက်မှ ဖုန်မှုန့်များကို ခါလိုက်သည်။

ဝမ်လင်းက လုပ်ကြံသူနှစ်ဦးကို လေထဲ ပစ်လွှင့်လိုက်စဉ် သူတို့၏ မှတ်ဉာဏ်တချို့ကို ဖယ်ထုတ်ပြီး မှတ်ဉာဏ်အသစ် ဖန်တီးပေးလိုက်သည်။

ယင်းနောက် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်ကို ဟွာကောရေတံခွန် အုပ်စုစီသို့ အရောက် ပို့ပေးလိုက်၏။

ဝမ်လင်းက သူနှင့် ဆက်စပ်မှု ရှိနေသော တခြားသူများ၏ မှတ်ဉာဏ်ကိုလည်း စွမ်းအား အသုံးပြု၍ ဖယ်ရှားခဲ့သည်။

အပိုင်း(၁၃) ပြီး၏။

အပိုင်း(၁၄) ယုံကြည်ရခက်သော အလိမ်အညာများ နှင့် အတင်းအဖျင်းများ

ဝမ်လင်း၏ မှတ်ဉာဏ် အစားထိုးသော နည်းလမ်းသည် မှတ်ဉာဏ်ဖယ်ရှားခြင်း နည်းလမ်းထက် ပို၍ ယုံကြည်ကိုးစားနိုင်သည်။

နည်းစနစ်ကျကျ ပြောရမည်ဆိုလျှင် မှတ်ဉာဏ်ဖယ်ရှားခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင် ဤနည်းလမ်းသည် သူ့သရုပ်အမှန်ကို ဖုံးကွယ်ရန် ပိုမို ကောင်းမွန်သော နည်းလမ်း ဖြစ်သည်။

မှတ်ဉာဏ်ဖယ်ရှားခြင်းသည် ဦးနှောက်၏ အကန့်ငယ်များအတွင်း ကွက်လပ်ငယ်များ ကျန်ခဲ့နိုင်သည်။

မှတ်ဉာဏ်အစားထိုးခြင်းကမူ လူတစ်ဦးကို မေ့လျော့သွားသော ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး ထိုလူ၏ စိတ် နှင့် ခန္ဓာကိုယ် အပေါ် သက်ရောက်မှု မရှိပေ။

ကံဆိုးစွာဖြင့် ဝမ်လင်းက အစားထိုးရမည့် မှတ်ဉာဏ်ကို အတိအကျ မရွေးချယ်နိုင်ခဲ့ပေ။

ထို့ကြောင့်လည်း စွန်းရုံက ဖြစ်ပျက်သမျှ အခြေအနေကို အတိအကျ မမှတ်မိခဲ့ချေ။

မီးရှုးမီးပန်းများ ပစ်လွှတ်သည့် အခြေအနေ မဆိုထားဘိ.. သူတို့ကို ကယ်တင်ပေးခဲ့သည့်သူကိုပင် မေ့လျော့သွားခဲ့သည်။

သူမ၏ စိတ်ကို လှည့်ဖြားနိုင်ရန် ဝမ်လင်းက မန္တန်သုံးပြီး မှတ်ဉာဏ်အသစ် အစားထိုးပေးခဲ့သည်။

စွန်းရုံ၏ မှတ်ဉာဏ်တွင် ဝမ်လင်း နှင့် စွန်းရုံတို့ကို အမည်မသိ လူထူးဆန်း သူရဲကောင်းက ကယ်တင်ခဲ့ခြင်းဟု အမှတ်ရစေခဲ့သည်။

သို့သော်လည်း ဒီကနေ့ အဖြစ်အပျက်ကို စွန်းရုံလည်း အတိအကျ မရှင်းပြနိုင်ခဲ့ပေ။

ထို့ကြောင့် ကျောင်းတက်သည့် ဒုတိယအပတ် နံနက်ခင်းတွင် ဝမ်လင်းက အတင်းအဖျင်း သတင်းများကို ကြားသိခဲ့ရသည်။

မြေပဲလေး ” အတန်းဖော်ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ဒိတ်လုပ်တဲ့ နေ့တုန်းက လူယုတ်မာ နှစ်ယောက်နဲ့ ထပ်တိုက်ဆုံခဲ့တယ်ဆိုပဲ”

ချန်းချောင် ” ဟုတ်ပါ့.. သူတို့ကို လူယုတ်မာ နှစ်ကောင်က ဖမ်းချုပ်သွားတာလေ.. ကံကောင်းချင်တော့ သူတို့ကို အမည်မသိ သူရဲကောင်း တစ်ယောက်က ကယ်တင်ပေးခဲ့တယ်”

ကော်ဟောက် ” အတန်းဖော် ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ချိန်းတွေ့တဲ့ နေ့တုန်းက အမြှောက်ကြီး စီးနေတဲ့ လူထူးဆန်း သူရဲကောင်းကြီးကို လူတချို့က တွေ့ခဲ့တယ်လို့ ငါကြားတယ်”

ကြက်တူရွေးလေး ဒိုပီ “ကျွန်တော် ကြားတာတော့ အတန်းဖော်ဝမ်လင်း နဲ့ အတန်းဖော် စွန်းရုံတို့ ချိန်းတွေ့တဲ့ နေ့တုန်းက လူယုတ်မာ နှစ်ကောင်က သူတို့ကို ပြဿနာ လာရှာတယ်တဲ့.. အဲဒီ အမြှောက်ကြီး စီးလာတဲ့ သူရဲကောင်းကြီးက လူဆိုးနှစ်ကောင်ကို ကောင်းကင်ပေါ် ပိတ်ကန်ပစ်လိုက်တာတဲ့.. သူရဲကောင်းကြီးရဲ့ စွမ်းအား အရှိန်ကြောင့် သူတို့တွေ ကောင်းကင်ပေါ် ဒုံးပျံလို လွင့်ထွက်သွားတယ်လေ”

လင်းရှောင်ယု ” ငါကြားတာတော့ အဲဒီသူရဲကောင်းကြီးက ဝမ်လင်းရဲ့ အချစ်ဆုံး သူငယ်ချင်းတဲ့”

ဝမ်လင်း “တော်လိုက်ကြပါတော့”

ဤသို့ဖြင့် လူထူးဆန်း သူရဲကောင်းကြီးသည် သူတို့အတန်း၏ ဖြေရှင်းရခက်သည့် လျှို့ဝှက်ဆန်းကြယ်သော ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့သည်။

……….

အတင်းအဖျင်း ပြောဆိုခြင်း နှင့် ပတ်သက်လာလျှင် လူတစ်ဦးကို ညွှန်ဆိုရမည်။

ထိုလူမှာ ၆၀ အထက်တန်းကျောင်း၏ သမိုင်းကြောင်း သီအိုရီကို သင်ကြားပေးသော ဆရာ ဝမ်ကျူးခန်း ဖြစ်လေ၏။

ဆရာဝမ်ကျူးခန်း၏ ထူးခြားသော သင်ကြားမှု ပုံစံကြောင့် ကျောင်းသားများက ဝါရင့်ပုဂ္ဂိုလ်ကြီးဟု ခေါ်ဆိုလေ့ရှိသည်။

ဆရာ ဝမ်ကျူးခန်း၏ ဝါရင့်ပုဂ္ဂိုလ်ကြီး ဟူသော နာမည်ပြောင် ဖြစ်ပေါ်လာရခြင်းမှာ ဖတ်စာအုပ်ပါ လေးနက်သော သမိုင်းကြောင်းများကို သင်ကြားခြင်း မဟုတ်ဘဲ အတင်းအဖျင်း သတင်းများကို အခြေတည်ကာ သင်ကြားပေးသောကြောင့် ကျောင်းသားများက နာမည်ပြောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား အများစုက သူ​ပြောပြသည့် ဇာတ်လမ်းများကို သေချာ မသိကြသော်လည်း ကျင့်ကြံခြင်းလောက၏ အတင်းအဖျင်းများကို ပို၍ စိတ်ဝင်စားကြသည်။

ထို့ကြောင့်လည်း ငြီးငွေ့ဖွယ်ကောင်းသော ဖတ်စာအုပ်ပါ အကြောင်းအရာများကို နားထောင်ရခြင်းထက် ဝမ်ကျူးခန်း ပြောပြတတ်သော အတင်းအဖျင်း သတင်းများကို နားထောင်ချင်ကြသည်။

ထို့ကြောင့်လည်း ဝမ်ကျူးခန်း၏ နောက်ထပ် နာမည်ပြောင်သည် အတင်းအဖျင်း ဆရာတဆူ ဖြစ်၏။

ဆရာ ဝမ်ကျူးခန်းသည် အတင်းအဖျင်း သတင်းများကို အလဟဿ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။

သူ့ စာသင်ခန်းကို ပို၍ သက်ဝင်လှုပ်ရှားသော ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးချင်၍သာ ပြောဆိုခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူ့အတန်းသည် အိပ်ပျော်နေသူ မရှိလောက်သည်အထိ တက်ကြွလှုပ်ရှားနေသည်။

အကယ်၍ အိပ်ပျော်နေသူ တစ်ဦး နှစ်ဦးခန့် ရှိနေသည် ဆိုလျှင်လည်း ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများကြောင့် လန့်နိုးသွားနိုင်ပေသည်။

စိတ်မကောင်းစရာ ကောင်းသည့် တစ်ခုတည်းသော အခြေအနေ တစ်ရပ်မှာ သမိုင်းသီအိုရီ အချိန်သည် ရက်သတ္တပတ် တစ်ပတ်ခန့်တွင် အချိန်တစ်ချိန်တည်းသာ ပါဝင်ခြင်း ဖြစ်၏။

ထို့ကြောင့်လည်း ပုံမှန်အတန်း နှင့် နှစ်ကျ အတန်းမှ အတန်းသားတို့သည် သမိုင်းသီအိုရီ အတန်းကို လေးစားတန်ဖိုးထားကြသည်။

ဝါရင့်ပုဂ္ဂိုလ်ကြီး၏ အတန်းချိန် မစတင်မီ ပထမ ခေါင်းလောင်း မတီးခင် အချိန်ကတည်းက အတန်းသားများသည် အခန်းထဲ ဝင်ကာ ထိုင်ခုံတွင် နေရာယူထားကြ၏။

“အရင်တစ်ပတ် စာသင်ချိန်တုန်းက ဟွားရှိုးနိုင်ငံရဲ့ ရုပ်သံအစီအစဉ် တဆင့်ချင်း တိုးတက်မှုကို သင်ကြားပေးခဲ့တယ်.. ဒါကြောင့် အဲဲဒါကို ဆက်ပြောကြမယ်.. မနက်စာ မစားလာတဲ့ ကျောင်းသားတွေက ဆရာ မမြင်ရင်တော့ မနက်စာ ပေါင်မုန့်ကို ခိုးစားလို့ရတယ်.. ဆရာ တွေ့သွားရင်တော့ မင်းတို့ရဲ့ပေါင်မုန့်က ဆရာ့အပိုင်ပဲ.. ဆရာလည်း မနက်စာ မစားဘဲ အတန်းချိန် အမီလာခဲ့တာပဲလေ”

ဝါရင့်ပုဂ္ဂိုလ်ကြီး မနက်စာ မစားရသေးသည့် အကြောင်းကို ကြားရသော အခါ မုန့်ယူဆောင်လာသော ကျောင်းသားများက အလုအယက် မုန့်လာပေးကြသည်။

“မင်းတို့က အတန်းတွင်း စည်းမျဉ်းကို ချိုးဖောက်ချင်တာလား.. ဆရာက စာသင်နေတုန်း မုန့်စားလို့ ရပါ့မလား”

ဝါရင့်ပုဂ္ဂိုလ်ကြီး ပါးစပ်ကသာ လေးနက်စွာ ပြောဆိုနေသော်လည်း ရှေ့ဆုံးအတန်းမှ ကျောင်းသားများ ပေးသော မုန့်ကို လက်ခံယူနေသည်။

ထို့နောက် သူက အော်ပြောလိုက်သည်။

“မင်းတို့ပေးတဲ့ မုန့်ကို မယူရင် မင်းတို့ရဲ့ စေတနာကို စော်ကားရာ ရောက်မှာပေါ့.. ”

“အရင်တစ်ပတ် အတန်းချိန်က သင်ခန်းစာတွေ မင်းတို့ နားမလည်တာ ရှိလား.. ဆရာ့ကို ပြန်မေးနိုင်တယ်နော်”

ဆရာဝမ်ကျူးခန်းသည် ဟောပြောစင်ကို မှီပြီး လက်တစ်ဖက်က ပေါင်မုန့်ကိုင်ကာ အရသာခံ၍ စားနေသည်။

ယင်းအချိန်တွင် တစ်စုံတစ်ယောက်က လက်ကို မြှောက်လိုက်သည်။

“အရင်တစ်ပတ် အတန်းချိန်တုန်းက စာသင်တာ အရမ်းမြန်တော့ အဓိကအချက်တွေကို လိုက်မှတ်လို့ မမှီခဲ့ဘူး.. အဓိကအချက်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့လို့ပါ”

“ကောင်းပြီလေ ဆရာ သဘောပေါက်ပြီ.. ဒါဆိုရင် မြန်မြန်ဆန်ဆန်လေး ပြန်သုံးသပ်ပေးမယ်ကွာ.. အရင် သင်ခန်းစာကို မှတ်မိသွားရင် ပုလဲမင်းသမီးလေးရဲ့ အနောက်ဘက်ခရီးသွားခြင်းကို ဆက်လေ့လာကြမယ်.. ကဲကဲ အားလုံးက ဒီသင်ခန်းစာရဲ့ အဓိကအချက်တွေကို အသေအချာ လိုက်မှတ်ထားကြပါ”

“စာမျက်နှာ ၁၁မှာဆိုရင် အရင်ခေတ်တွေက အနမ်းပေးတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ညစ်ညမ်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဆင်ဆာ ဖြတ်ခဲ့ကြတယ်”

“စာမျက်နှာ ၁၂မှာဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတွေ ခေတ်စားလာတယ်.. အဲဒီမှာ ဓားပျံတွေ အကြောင်း ရိုက်ကူးလာကြတယ်.. မြင်သာအောင် ပြောရရင် ယနေ့ခေတ် မော်တော်ကားတွေ လေယာဉ်ပျံတွေလိုပဲ.. လေပေါ်ပျံသန်းလို့ရတဲ့ ဓားတွေ အကြောင်းပေါ့”

“စာမျက်နှာ ၁၃မှာဆိုရင် တော်ဝင်မိသားစု ကိုယ်လုပ်တော်တွေကြားက မိသားစု အရှုပ်အထွေးတွေနဲ့ ကိုယ်ဝန်မရတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးကြတယ်”

“စာမျက်နှာ၁၄မှာ သဘာဝလွန် အက်ရှင် ဇာတ်လမ်းတွဲတွေကို အသားပေး ရိုက်ကူးကြတယ်”

“အပေါ်မှာ ပြောခဲ့တာတွေက အရေးကြီးတဲ့ အချက်တွေပဲ.. လူတိုင်း သေချာမှတ်ထားဖို့ ဆရာ မျှော်လင့်တယ်”

သူ၏ စကား အဆုံးသတ်သည်နှင့် ဆရာဝမ်ကျူးခန်းက လက်ထဲမှ ပေါင်မုန့်ကို အပြတ်ရှင်းလိုက်ပြီး ပေကျံနေသော လက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။

“ဒါဆိုရင် ပုလဲမင်းသမီးလေး အကြောင်း ဆက်ပြောကြမယ်”

ဝါရင့်ပုဂ္ဂိုလ်ကြီး ဆရာဝမ်၏ အံ့ဩဖွယ်ကောင်းသော ပို့ချမှု မစတင်ခင် ကျောင်းသားအားလုံးက လက်ခုပ်တီး အားပေးလိုက်ကြသည်။

“ထူးချွန် ထက်မြက်တဲ့ အစ်ကိုကြီးခန်း”

“ဆရာသမားကြီး သက်တော်ရာကျော် ရှည်ပါစေ”

“ဟုတ်ပြီ ဟုတ်ပြီ ကောင်းလေစွ.. အဟမ်း.. အဟမ်း”

ဝါရင့်ဆရာသမားကြီးက ပေါ့ပေါ့ပါးပါး ချောင်းခြောက်ဟန့်လိုက်၏။

သူ့စာသင်ခန်း ပထမနှစ် အခန်း၃တွင် သူ့အသံမှ လွဲ၍ တခြားအသံကို ကြားနိုင်မည် မဟုတ်ပေ။

“ပုလဲမင်းသမီးလေးရဲ့ တီဗီဇာတ်လမ်းတွဲကို မင်းတို့တွေ အရင်တုန်းက ကြည့်ခဲ့ဖူးမှာပေါ့.. ဒါပေမဲ့ မူလဇာတ်ကြောင်းရဲ့ ပရိသတ်အနေနဲ့ ဆရာကတော့ ဇာတ်ကြောင်း လေ့လာရတာကို ပိုနှစ်သက်တယ်.. ဆရာတို့ရဲ့ ကျောင်းစာကြည့်တိုက်မှာ ပုလဲမင်းသမီးလေး ဇာတ်လမ်းကို ရှာဖတ်လို့ရပါတယ်.. မင်းတို့ စိတ်ဝင်စားရင် ကိုယ်တိုင်ကိုယ်ကျ သွားလေ့လာကြည့်နိုင်ပါတယ်”

“မင်းတို့အားလုံး သိထားကြတဲ့ အတိုင်း ချီတိုက်ပွဲခေတ် နှောင်းပိုင်းမှာ ပရမ်းပတာ အခြေအနေတွေကြောင့် ကမ္ဘာမှာ အက်ကြောင်းကြီး ဖြစ်ပေါ်လာခဲ့တယ်.. အဲဒီ အက်ကြောင်းကြီးကြောင့်ပဲ ဒီကမ္ဘာမြေကြီးမှာ ဝိညာဉ်စွမ်းအားတွေ ယုတ်လျော့လာခဲ့တယ်.. ဖရိုဖရဲ ဖြစ်နေတဲ့ နေရာက အက်ကြောင်းကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားရင်းနဲ့ ပုလဲမင်းသမီးလေးရဲ့ ဇာတ်လမ်းက ဖြစ်ပေါ်လာတာပဲ.. အကယ်၍ အဲဒါကို မပြုပြင်ခဲ့ရင် ဝိညာဉ်စွမ်းအားတွေက ဒီကမ္ဘာမှာ သိပ်မကြာခင် ပျောက်ကွယ်သွားနိုင်တယ်လေ”

ထိုစကားကို ပြောနေစဉ် ဝါရင့်ဆရာသမား၏ မျက်ဝန်းများ လင်းလက်နေသည်။

“ဒါဆိုရင် မင်းသမီးလေးရဲ့ မိသားစု နောက်ခံကို အရင်ဆုံး ပြောကြတာပေါ့.. သူမက နိမ့်ကျတဲ့ မိသားစုကနေ မွေးဖွားလာပြီး မသန်မစွမ်းတောင် ဖြစ်ခဲ့လို့ ချီတိုက်ပွဲခေတ်မှာ သူမက ထူးခြားသူ မဖြစ်ခဲ့ဘူး.. ဒါပေမဲ့ သူမရဲ့ မဆုတ်မနစ် ကြိုးစားတတ်တဲ့ စိတ်ဆန္ဒကြောင့် မင်းသမီးလေးက ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်း ၁၀ဦး စာရင်းဝင်ခဲ့တယ်.. ဝိညာဉ်စွမ်းအား ယိုစိမ့်နေတဲ့ အက်ကြောင်းကို ချိတ်ပိတ်ဖို့ တစ်လောကလုံး အနှံံ့ ပြန့်ကြဲနေတဲ့ ပုလဲ ၁၀လုံးကို လိုက်လံ စုဆောင်းခဲ့တယ်.. အဆုံးသတ်မှာ မင်းသမီးလေးက ပုလဲ ၁၀လုံးကို စုဆောင်းနိုင်ခဲ့ပြီး အက်ကြောင်းကို ချိတ်ပိတ်နိုင်ခဲ့လို့ သူမရဲ့ဇာတ်ကြောင်းကို တီဗီဇာတ်လမ်းတွဲ ရိုက်ကူးကြတာပဲ.. နောက်ပိုင်း သူမကို ပုလဲမင်းသမီးလေးလို့ နာမည်ပေးခဲ့တယ်.. ဒါကတော့ ပုလဲမင်းသမီးလေးရဲ့ အနှစ်ချုပ် ဇာတ်ကြောင်းပဲ”

“ဖျောင်း.. ဖျောင်း.. ဖျောင်း…”

ဝါရင့်ဆရာသမားကြီး၏ စကား အဆုံးသတ်သည်နှင့် သမိုင်းသင်ခန်းစာ ပို့ချသော အတန်း တစ်တန်းလုံးက လက်ခုပ်သံများဖြင့် ဆူညံသွားသည်။

အပိုင်း(၁၄) ပြီး၏။

အပိုင်း(၁၅) ဝါရင့်ဆရာသမားကြီး၏ အတင်းပြောချိန်

“ရုပ်ရှင်တီဗီရှိုးလ်တွေ ဆင့်ကဲ တိုးတက်လာမှုတွေက ဟွာရှို့နိုင်ငံမှာ ဖုံးဖိထားလို့ ရတာမှ မဟုတ်တာပဲလေ.. ပုလဲမင်းသမီးလေး ဇာတ်လမ်းကိုပဲ နမူနာ အနေနဲ့ ကြည့်ပေါ့.. ကျင့်ကြံသူ ဇာတ်‌ကြောင်းကို စိတ်ဝင်စားအောင် ရုပ်ရှင်ရိုက်ကူးရင်း သရုပ်ဖော်ခဲ့တာပဲ”

“ရုပ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက်က ကျင့်ကြံသူတွေရဲ့ အောင်ပွဲတွေကို သိစေချင်လို့ ရိုက်ကူးခဲ့တာပဲ.. ဒါပေမဲ့ ခေတ်တော်တော်များများမှာ ထူးခြားတဲ့ ယဉ်ကျေးမှုတွေနဲ့ မှတ်ထားသင့်တဲ့ နေ့ထူးနေ့မြတ်တွေကို သိထားဖို့တော့ လိုအပ်တယ်.. ဒါမှ နောက်လ သမိုင်းစာမေးပွဲကို မင်းတို့တွေ သေချာ ဖြေနိုင်ကြမှာ”

သမိုင်းအတန်းချိန် အများကြီး မရှိသော်လည်း မသင်မနေရ သင်ကြားရသော သင်ခန်းစာ ဖြစ်နေသည်။

အကယ်၍ သမိုင်းအတန်းချိန်ကို နှစ်ကြိမ်ထပ် ပို၍ ပျက်ကွက်ခဲ့လျှင် ဘွဲ့လက်မှတ် ရယူရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့်လည်း လက်ရွေးစင် အတန်းသား စွန်းရုံ နှင့် ချန်းချောင်တို့က အတန်းချိန် ပြင်ပတွင်လည်း ပြင်ပ ဗဟုသုတများကို လေ့လာ လိုက်စားကြခြင်း ဖြစ်၏။

သို့သော် ဝမ်လင်းကမူ တခြားသူများနှင့် ခြားနားသည်။

သူက ဓာတ်ပုံရိုက်ကူး သကဲ့သို့ လျင်မြန် ထက်မြက်သော မှတ်ဉာဏ်ဖြင့် မွေးဖွားလာသောကြောင့် ဟွာရှို့နိုင်ငံ၏ နှစ်ငါးထောင်ခန့် သမိုင်းကြောင်း အားလုံးနီးပါးကို သိနေခဲ့သည်။

သို့တိုင် သူက ဝါရင့် ဆရာသမားဝမ်၏ အတန်းကို တက်ရောက်ချင်သော ဆန္ဒ ရှိသည်။

ဆရာဝမ်၏ အတင်းအဖျင်း သတင်းများကို အကြောင်းအားလျော်စွာ နားထောင်ရခြင်းက စိတ်နှင့် ခန္ဓာကိုယ် အတွက် ကောင်းမွန်သည်ဟု သူခံစားရ၏။

သို့တိုင် မူရင်း ဇာတ်လမ်း ဇာတ်ကွက်များသည် ဝါရင့် ဆရာသမားဝမ် ဖန်တီးထားသော အတင်းအဖျင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။

ဆရာသမားသည် အတင်းအဖျင်း သတင်းများကို ပြောတိုင်း မရပ်မနား ပြောဆိုတတ်သည်။

“ဒါပေမဲ့ ရှောင်မိသားစု ခြံဝင်းအကြောင်း သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းကတော့ သူတို့ မိသားစုကလန် ဘယ်လိုတွေ တိုးတက်လာလဲ.. အချိန်နဲ့ အမျှ ဘယ်လိုတွေ ပြောင်းလဲသွားလည်း ဆိုတာ အသေးစိတ် ပေါ်လွင်တယ်”

ဝါရင့်ဆရာသမားကြီး ထိုစကားကို ပြောလိုက်သောအခါ သူ၏ အတင်းအဖျင်း သတင်း စတင်တော့မည်မှန်း သိလိုက်၍ ကျောင်းသားများက ပြုံးလိုက်ကြသည်။

“ဒီအတန်းထဲက ကျောင်းသားနှစ်ယောက် ပန်းခြံထဲ လျှောက်လည်ရင်း အရိပ် လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံရတယ်လို့ ကြားမိတယ်.. အဲဒါ ဟုတ်လား”

ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြ၍ အမှတ်၆၀ အထက်တန်းကျောင်း၏ ရှယ်ရာရှင်များ အလွန်အမင်း စိုးရိမ်ခဲ့ကြ၏။

စွန်းရုံက လုပ်ကြံခံခဲ့ရ၍ ကျောင်းအုပ်ကြီးချန်းက အရေးပေါ် အစည်းအဝေးပင် ခေါ်ခဲ့ရသည်။

အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျောင်းမြေပြင် နှင့် လူသွားစင်္ကြန်တွင် အစောင့်အရေအတွက်ကို တိုးထားလိုက်ပြီး စွန်းရုံကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ နောက်ထပ် လုပ်ကြံခြင်းကို ဟန့်တားရန် ဆရာ ၂ဦး (ဝါ) သုံးဦးခန့် အဖွဲ့ ဖွဲ့ထား၍ စောင့်ရှောက်စေခဲ့၏။

ကျောင်းပြင်ပတွင်လည်း မသင်္ကာဖွယ်ကောင်းသော လူများကို ဟန့်တားရန် ဟွာကော ရေတံခွန် အုပ်စုက သက်တော်စောင့်များ ခန့်အပ်ထားသည်။

အရိပ်လုပ်ကြံသူများက ပထမ တာဝန်ကျရှုံးခဲ့သော်လည်း ၎င်းတို့ ခေါင်းဆောင်၏ အမိန့်ကို အသက်နှင့်လဲ၍ ထမ်းဆောင်သူများ ဖြစ်၍ သူတို့ရည်ရွယ်ချက် အောင်မြင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလိမ့်မည် ဖြစ်သည်။

ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေး အတွက် အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများက လွန်ခဲ့သော နှစ်ရက်ခန့်တည်းက ကာကွယ်ရေး အစီအစဉ်များဖြင့် လုံးပန်းနေကြသည်။

နှစ်စဉ် နှစ်တိုင်း ကျောင်း၏ထိပ်တန်း ဆရာဖြစ်သော အတင်းအဖျင်း ဆရာကြီးဝမ်ကမူ သူ့ အရည်အချင်းဖြင့် အတင်းအဖျင်း သတင်းများကို တူးဖော်ရန်သာ တွေးတောနေသည်။

“အဲဒီ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ရဲ့ ကျွမ်းကျင်မှု အဆင့်အတန်းကြောင့် နိုင်ငံတကာမှာ အတော်လေး လူသိများတယ်.. ဒါကြောင့်မို့ ဟွာရှို့နိုင်ငံက သူတို့ အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး”

ဝါရင့်ဆရာသမားကြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အတင်းအဖျင်းသတင်းကို စတင် ပြောဆိုတော့သည်။

“ဒါပေမဲ့ ဆရာ သိထားရသလောက်တော့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူက ဒီတိုင်းပြည်ထဲမှာ နေတဲ့သူပဲ.. ငါတို့ကျောင်းထွက် သူရဲကောင်း ကျိုးရီက ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရတဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ပဲ.. သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀၀ကျော်ကို အသုံးပြုပြီး အရိပ်လုပ်ကြံသူ အဖွဲ့အစည်းကို စုံစမ်းခဲ့ဖူးသေးတယ်”

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားရသည်။

ချန်းချောင်က မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်၏။

“နောက်တော့ ဘာဆက်ဖြစ်သွားလဲ”

“အင်း.. သူတို့ ကျရှုံးသွားခဲ့တယ်”

ဝါရင့်ဆရာသမားဝမ်က သက်ပြင်းချလိုက်ပြီး နောင်တရသည့် ဟန်ပန်ဖြင့် ခေါင်းခါလိုက်သည်။

“အဲဒီအချိန်တုန်းက လူတိုင်းလိုလို ရည်မှန်းချက် တူညီခဲ့ကြတယ်.. အားလုံးရဲ့ပန်းတိုင်က လူဆိုးတွေနဲ့ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ပဲ.. နှိမ်နင်းရေးအဖွဲ့က သူတို့ရဲ့ သတင်းရလို့ ကျင့်ကြံသူ ၁၀၀ကျော်က ဓားပျံမျိုးစုံကို စီးနင်းပြီး အရိပ်လုပ်ကြံသူ ဌာနချုပ်ကို ဝင်စီးခဲ့တယ်.. အဲဒါတောင် သူတို့တွေ လွတ်မြောက်သွားသေးတယ်.. ဒီလို အခြေအနေမလှဘဲ အဆုံးသတ်ရတာ ငါတို့ ကျင့်ကြံသူ အဖွဲ့က ရွပ်ရွပ်ချွံချွံ မကြိုးစားလို့ မဟုတ်ဘူး.. ရန်သူကိုက အရမ်းကို ဉာဏ်များလွန်းနေလို့ပါ”

ကျောင်းသားအားလုံး ဆူဆူညံညံ ဖြစ်သွားသည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကျော်ကို အုပ်ချုပ်ရသော လက်ထောက် ညွှန်ကြားရေးမှူးချုပ်သည် တာဝန်ယူတတ်ပြီး သူရဲကောင်းဆန်သူ ဖြစ်လိမ့်မည်ဟု သူတို့ မတွေးခဲ့မိပေ။

ဝါရင့်ဆရာသမားကြီးဝမ်က သူ့ကို ပေးထားသော အတင်းအဖျင်းဆရာကြီး အမည်ဖြင့် ထိုက်တန်လွန်းသည်။

အဖြစ်အပျက် အလုံးစုံကို ခရေစေ့တွင်းကျ ရှင်းပြပြီးနောက် ဇာတ်လမ်း၏ အဓိက အချက်ကို အာရုံစိုက် ပြောဆိုလိုက်၏။

သူ့ ဇာတ်ကြောင်းကို ပို၍ ပီပြင်အောင် သွေးစွန်းနေသော ပုံရိပ်များကို ပန်းချီပါ ဆွဲပြခဲ့သည်။

ဝါရင့်ဆရာသမားကြီး၏ သွေးစွန်းသော မြင်ကွင်းများကြောင့် ကျောင်းသူတချို့က ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ဇာတ်လမ်း အဆုံးသတ်တွင် ဝါရင့်ဆရာသမားကြီးက သက်ပြင်း အရှည်ကြီးကို ချလိုက်ပြန်သည်။

“အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့က သူတို့တာဝန် ကျရှုံးခဲ့ပေမဲ့ အပြီးတိုင် ရှုံးနိမ့်တာတော့ မဟုတ်ပါဘူး.. အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ယောက်ျားလား မိန်းမလား ဆိုတာကိုတော့ သိခွင့်ရခဲ့တယ်”

ထိုစကားကို ကြားရလျှင် ချန်းချောင်က ကျီစယ်လိုက်သည်။

“အရိပ်လုပ်ကြံသူ အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ လိင် အမျိုးအစားက ရင်ဘတ်မှာ အမွေးတွေ အပြည့်ရှိတဲ့ ယောက်ျားသားကြီးလား”

လင်းရှောင်ယုက သူ့အတွေးကို ချက်ချင်း ထုတ်ပြောလိုက်သည်။

“စိတ်တိုလွယ်တဲ့ လူဆိုးဂိုဏ်းဝင် အောက်ငနဲပဲ ဖြစ်မယ်”

မှတ်ချက်။ ( ယောကျာ်းချင်း ချစ်ကြိုက်ရာတွင် အထက်နှင့်အောက် ခွဲခြားထားရာ အောက်တွင်နေသောသူကို အောက်ငနဲဟု ဆိုလိုသည်)

ကော်ဟောက်က မျက်မှန်ကို ပင့်တင်လိုက်သည်။

“နောက်ကွယ်က လုပ်ကြံသူက ခွေးချစ်သူပဲ ဖြစ်ရမယ်”

တပည့်များက ပေါက်ကရ ပြော၍ မှန်းဆနေသောကြောင့် အဆုံးသတ်တွင် ဝါရင့်ဆရာသမားက သူကိုယ်တိုင် အဖြေကို ပြောပြလိုက်တော့သည်။

“ဌာနချုပ်ကို ဝင်စီးခဲ့တဲ့ သူတွေရဲ့ ပြောပြချက် အရတော့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ရုပ်ပြောင်းရုပ်လွှဲ ပညာကို အသုံး​ပြုပြီး ထွက်ပြေးသွားတာတဲ့”

” ဒါဆိုရင် သူတို့ခေါင်းဆောင်ရဲ့ လိင်အမျိုးအစားကို ဘယ်လို ဆုံးဖြတ်ခဲ့တာလဲ”

“အရိပ်ခေါင်းဆောင်နေတဲ့ အခန်းထဲမှာ ဖွင့်ရက်သား ကျန်ခဲ့တဲ့ မိတ်ကပ်ဘူးတွေကို တွေ့ရတယ်လေ.. အိပ်ရာပေါ်မှာလည်း အတွင်းခံ အဝတ်တွေနဲ့ ဘောလီတွေ ပြန့်ကြဲနေတယ်ဆိုပဲ.. ဘော်လီဆိုဒ်ကတော့ ၃၆တဲ့.. ဆိုဒ်၃၆ ဆိုရင်တော့ ယောက်ျားလေးတွေ ကောင်းကောင်း သိလောက်မှာပါ”

“ဒီကနေ့ သင်ခန်းစာက ဒီလောက်ပါပဲ.. ဒီနေ့တော့ အိမ်စာ မပေးလိုက်တော့ဘူး.. နောက်ထပ် သင်ကြားမယ့် အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းကို မင်းတို့တွေ ကြိုလေ့လာထားလို့ ရတယ်.. မင်းတို့ အပြင်သွားရင် သတိထား သွားလာဖို့ လည်း မမေ့ပါနဲ့.. မင်းတို့တွေ မကောင်းတဲ့ လူတွေနဲ့ ကြုံခဲ့ရင် ဆရာ့ကိုသာ ဖုန်းဆက်ခေါ်လိုက်.. သူတို့ကို ဆရာက မြေဖြူနဲ့ ပစ်ပေါက်ပြီး သ-တ်ပစ်ပေးမယ်”

သင်ခန်းစာ အဆုံးသတ်ပြီးနောက် ကျောင်းသားများက ဆရာဝမ်ကို နှုတ်ဆက်လိုက်ကြသည်။

အရိပ်လုပ်ကြံသူ ခေါင်းဆောင်၏ လိင်အမျိုးအစားက ကျောင်းသားများ၏ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။

ဆရာဝမ်၏ အတင်းအဖျင်း သတင်းက တစ်နေ့တည်းဖြင့် ၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံးကို သတင်းပြန့်သွားခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ထုတ်သော လူပိန်းကြိုက် သတင်းစာ၏ စာမျက်နှာပေါ်တွင် ထိုအကြောင်းကို တင်ခဲ့၍ လူသိများလာခဲ့ခြင်း ဆိုလည်းမမှားပေ။

“နိုင်ငံရပ်ခြားအထိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း ခေါင်းဆောင်က ရင်သားဆိုဒ် ၃၆ ရှိတဲ့ အယ်စတုန် စော်ကြီးတဲ့ဟေ့”

ဤသတင်းက နာရီပိုင်းအတွင်း လူမှုကွန်ယက်ပေါ်တွင်ပါ ပျံ့နှံ့၍ နာမည်ကြီးသွားခဲ့သည်။

ယင်းနောက်တွင် လုံးဝ မမျှော်လင့်ထားသော ပြဿနာတစ်ရပ် ပေါ်ပေါက် လာခဲ့တော့သည်။

နောက်တစ်နေ့ နေ့လည်ခင်းခန့်မှာပင် အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေး အခန်းက အရိပ်လုပ်ကြံသူ အဖွဲ့အစည်းထံမှ စိန်ခေါ်စာကို လက်ခံရရှိခဲ့သည်။

အပိုင်း(၁၅) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset