Chapter – 52 မြင့်မြတ်သည့် စစ်စတာ
အနီရောင်သစ်ရွက်မြို့၏ စာကြည့်သို့ သွားသည့် ခရီးက အလွန် အန္တရာယ်များ၏။ သာမန်ကစားသမားများသာ စာကြည့်တိုက်သို့ သွားလျှင် တစ်ကြိမ် သေဆုံးနိုင်ချေ ၃၀ရာခိုင်နှုန်း ရှိ၏။ ကျန်သည့် ၇၀ ရာခိုင်နှုန်းကတော့ အကြိမ်များစွာ သေဆုံးနိုင်ချေ ဖြစ်သည်။
ထို့ကြောင့် စာကြည့်တိုက်သို့ မသွားခင် ရှီဖုန်းက ကျောက်တုံးမာအားလုံးနှင့် ပြဒါးရှင်လုံးကို ဘဏ်တွင် သိမ်းထားခဲ့သည်။ ပြဒါးရှင်လုံးသည် သေဆုံးပြီးလျှင် ကျကျန်ခဲ့လိမ့်မည် ဖြစ်သောကြောင့် သူသာ သေဆုံးသွားခဲ့လျှင် သူ့အတွက် ဆုံးရှုံးမှုက အလွန်ကို ကြီးမားသွားပေလိမ့်မည်။
ထို့နောက် ရှီဖုန်းက ဝယ်ယူခဲ့သည့် စကေးစာအုပ် ၄အုပ်ကို ထုတ်ယူပြီး သင်ယူလိုက်သည်။
အကဲခတ်မျက်လုံး
အမည်မသိ အရာများနှင့် ဖုံးကွယ်ထားသော အရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ပစ်မှတ်၏ အားနည်းချက်များကိုလည်း မြင်နိုင်စွမ်း ရှိ၏။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၄၀ စက္ကန့်
လေလမ်းလျှောက်ခြင်း
အသုံးပြုသူကို လေဖြင့် လွှမ်းခြုံပေးပြီး ရွေ့လျားမှုနှုန်း ၃၀ ရာခိုင်နှုန်း တိုးပေးသည်။ အဝေးပစ်တိုက်ခိုက်မှုများကိုလည်း ရှောင်ရန် ၅၀ရာခိုင်နှုန်း ရှိ၏။ ကြာချိန် ၁၀ စက္ကန့် ဖြစ်သည်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၂ မိနစ်
မြေခွဲတိုက်ကွက်
လိုအပ်ချက် = ဓား
အသုံးပြုပြီးနောက် ပစ်မှတ်ကို အခြေခံ ထိခိုက်မှု ၃၀ ဖြစ်ပေါ်စေပြီး အချိန် ၀.၂ စက္ကန့်မှ ၃စက္ကန့်အတွင်း ပေါက်ကွဲနိုင်စွမ်းအားပေါ် မူတည်၍ လက်နက်၏စွမ်းအားကို ၃၀၀ ရာခိုင်နှုန်းအထိ တိုးနိုင်သည်။ တိုက်ခိုက်နိုင်သည့် အကွာအဝေး ၈ကိုက်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၁ မိနစ်။
ခုခံမှုဓားသွား
လိုအပ်ချက် = ဓား
အသုံးပြုပြီးနောက် သာမန်တိုက်ခိုက်နိုင်သည့် အကွာအဝေးက ၁၀ကိုက် တိုးလာသည်။ အဝေးပစ် တိုက်ခိုက်မှု ၆ခု သို့မဟုတ် အနီးကပ် တိုက်ခိုက်မှု ၃ခုကို ကာကွယ်နိုင်သည်။ ကြာချိန် ၂၅စက္ကန့်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၃ မိနစ်။
ထိုစကေးများဖြင့်ဆိုလျှင် ရှီဖုန်း၏ စွမ်းအားက အများကြီး တိုးလာပေလိမ့်မည်။ ထို့ကြောင့် ရှီဖုန်းက စာကြည့်တိုက်ကို သွားသည့် ခရီးတွင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည် မဟုတ်တော့ချေ။
အနီရောင်သစ်ရွက်မြို့၏ စာကြည့်တိုက်က ကုန်သွယ်ရေး ဧရိယာနှင့် တော်တော်လေး ဝေး၏။ စာကြည့်တိုက်သည် အနီရောင်သစ်ရွက်မြို့၏ ဆင်းရဲသားရပ်ကွက်တွင် တည်ရှိ၏။
ကုန်သွယ်ရေး ဧရိယာပြီးလျှင် ဆင်းရဲသားရပ်ကွက်က ဒုတိယ လူသိအများဆုံး နေရာ ဖြစ်သည်။ ထိုနေရာတွင် လူမျိုးစုံ ရှိပြီး လူဆိုးများက ဒေသခံလူများနှင့် ရောနှောနေသည့် နေရာတစ်ခု ဖြစ်၏။ တချို့ကစားသမားများ၏ အကြိုက်ဆုံးနေရာလည်း ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ဆင်းရဲသားရပ်ကွက်၏ တခြားနာမည်တစ်ခုကြောင့် ဖြစ်သည်။
“အရှုံးသမားတို့၏ သုခဘုံ”
ရှီဖုန်းက ထိုသုခဘုံ၏ နယ်မြေထဲသို့ ရောက်လာသည်နှင့် လမ်းထောင့်များမှ သူ့ကို စိုက်ကြည့်နေသည့် လောဘမီးများ တောက်လောင်နေသော မျက်လုံးများစွာကို မြင်လိုက်ရသည်။ ထိုသူတို့ကား အလင်းမှ လက်မခံသည့် အမှောင်ထဲ၌သာ ကျက်စားကြသော ကြွက်များ ဖြစ်သည်။
နယ်မြေထဲတွင် သာမန်လူများနှင့် ကွဲပြားသည့် ကစားသမားတစ်ချို့ ရှိ၏။ ထိုသူတို့ကား မြေအောက်ခန်းများကို သိမ်းပိုက်ရန်လည်း စိတ်မဝင်စားသကဲ့သို့ စွန့်စားခြင်းများကိုလည်း စိတ်မဝင်စားကြပေ။ ထိုကစားသမားများ စိတ်ဝင်စားသည့် တစ်ခုတည်းသောအရာကား ကစားသမားများကို သတ်ပြီး သူတို့၏ လက်နက်တန်ဆာများကို လုယူခြင်း ဖြစ်သည်။ သူတို့က ရရှိလာသော အိုင်တမ်ပစ္စည်းများကို တခြားသူများထံသို့ ပြန်လည်ရောင်းချပြီး ပိုက်ဆံအမြောက်အမြား ရရှိအောင် လုပ်ကြသည်။
နေ့အချိန်တွင် ထိုကစားသမားများက လက်နက်တန်ဆာ ကောင်းကောင်းရှိသည့် သူများကို လိုက်လံ သတ်ဖြတ်ကြသည်။ ညအချိန်မှာတော့ သူတို့က ဆင်းရဲသားရပ်ကွက်သို့ ပြန်လာကာ ရရှိလာသည့် ပစ္စည်းများကို ရောင်းချပြီး ရလာသည့် ငွေဖြင့် ပျော်ပါးကြသည်။
သူတို့က သူတို့၏ စွမ်းအားကို ပြသရန်အတွက် ရလာသည့် အကျိုးအမြတ်အကြောင်းကို ကြွားဝါ ပြောဆိုကြပြီး ဆင်းရဲသားရပ်ကွက်တွင် သူတို့၏အဆင့်အတန်းကို တိုးမြင့်စေသည်။ သာမန်ကစားသမားများက ဤနေရာသို့ လာလိမ့်မည် မဟုတ်ပေ။ အင်အား လုံလောက်ခြင်း မရှိဘဲ လာခဲ့လျှင် သူတို့အတွက် သေမင်းကသာ စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေတွင် အစောင့်များ၏ ကာကွယ်မှု မရှိပေ။
ရှီဖုန်းက လမ်းထောင့်များတွင် ပုန်းနေကြသည့် ကစားသမားများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူတို့၏ အချက်ပြအညွှန်းက အနီရောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအနီရောင်က သူတို့သည် များပြားလှသော ကစားသမားများကို သတ်ဖြတ်ကာ လုယူပြီးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
နယ်ဘုရားနယ်မြေအတွင်းတွင် အနီရောင်ကစားသမားများသည် အစောင့်ရှိသည့် နေရာများသို့ ဝင်ခွင့် မရှိပေ။ ထိုကစားသမားများ သေဆုံးသွားလျှင် အိုင်တမ်ကျသည့် နှုန်းက သာမန်ကစားသမားများထက် ပိုမြင့်ပြီး သေဆုံးခြင်းအတွက် ပြစ်ဒဏ်ကလည်း အမြင့်ဆုံး ၃၀၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်သည်။ ထို့အပြင် အစောင့်များရှိသည့် နေရာကို လာခဲ့လျှင် အစောင့်များက သူတို့ကို အချုပ်ထဲသို့ ထည့်မည် ဖြစ်ပြီး ပြစ်ဒဏ်ကျသင့်ချိန်ကတော့ ကျူးလွန်သည့် အပြစ်ပေါ်မူတည်၍ ကွဲပြားသွား၏။
ထိုသို့ ဆိုးကျိုးများက ပြင်းထန်သော်လည်း ထိုလမ်းကိုပင် ရွေးနေကြသည့် ကစားသမားများက အများအပြား ရှိနေဆဲ ဖြစ်သည်။ အကြောင်းရင်းမှာ ဤလမ်းကသာ ဆုလာဒ်များကို အမြန်ဆုံး ရနိုင်သောကြောင့် ဖြစ်သည်။ အနီရောင်ကစားသမားများအတွက် အနီရောင်သစ်ရွက်မြို့တွင် နေရာတစ်ခု ရှိ၏။ ဥပမာ – ဆင်းရဲသားရပ်ကွက်ဖြစ်သည်။ ထို့အပြင် ဆင်းရဲသားရပ်ကွက်၌ တစ်ယောက်ယောက်က ကောင်းမွန်သော တာဝန်တစ်ခုကို ရလိုလျှင် ထိုသူက အဝါရောင် သို့မဟုတ် အနီရောင်ကစားသမားတစ်ယောက် ဖြစ်နေရန် လိုအပ်ပေသည်။
ဓားသွားထက်တွင် အသက်ရှင်နေသည့် ထိုကစားသမားများနှင့် ပက်သတ်၍ ရှီဖုန်းက ဂရုမစိုက်ပေ။ သူက ဆင်းရဲသားရပ်ကွက်၏ အဓိကလမ်းမကြီးသို့ ချက်ချင်း ဦးတည်၍ ထွက်လာခဲ့သည်။ လမ်း၏ ဘေးနှစ်ဖက်တွင် မလုံမခြုံအဝတ်အစားများကို ဝတ်ဆင်ထားသည့် ညုတုတု မိန်းကလေး အနည်းငယ် ရှိ၏။ ရှီဖုန်း၏ အဝတ်အစားများကို သတိထားမိသွားသောအခါ သူတို့က ရှီဖုန်း ဆီသို့ အထာပေးသည့် အကြည့်များ ပစ်ကြသည်။ သူတို့က ရှီဖုန်းနှင့် တစ်ညတာ ပျော်ပါးချင်ကြပြီး ငွေအနည်းငယ်ကို ရှာချင်နေကြ၏။
“မောင်ငယ်လေး… ပျော်ချင်ရင် ဒီကို လာလို့ ရတယ်နော်… ဒီမမဆီကို လာခဲ့ပါ… မမက မောင်လေးကို တစ်ညလုံး ပျော်ရွှင်စေရမယ်လို့ အာမခံနိုင်တယ်… “ အနီရဲရဲ သားရေဝတ်စုံကို ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် မိန်းမလှတစ်ယောက်က ရှီဖုန်း၏ လမ်းကို ပိတ်လာသည်။
ရှီဖုန်းက အကဲခတ်မျက်လုံးကို ချက်ချင်း အသုံးပြုလိုကသည်။
ရှာလင်း (လက်ရွေးစင်အဆင့်)
အဆင့် ၈
HP 1200/1200
“ဟား… ဟား… ဟား… ရှာလင်း… မင်း ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးဖို့ ကြိုးစားနေပြန်ပြီ… ဒီလို ပျော်စရာပွဲမျိုးကို ငါတို့ကျ ဘာလို့ မဖိတ်တာလဲ… “
ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ဟန် ရှိသော အမျိုးသားအုပ်စုတစ်စုက အပြုံးအေးအေးဖြင့် လျှောက်လာသည်။
“ဓားပြတိုက်တာလား… “ ရှီဖုန်းက ဘေးပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။
သူ၏ဘေးပတ်လည်တွင် NPC များက ပတ်လည်ဝိုင်း၍ ပိတ်ဆို့ထားပြီး လမ်းထောင့်မှ အနီရောင်ကစားသမားများတစ်ချို့က လှောင်ပြောင်သည့် အပြုံးများဖြင့် သူ့ကို ကြည့်နေလေသည်။
နတ်ဘုရားနယ်မြေတွင် ကစားသမားများသည် မကြာခဏဆိုသလိုပင် NPC များ၏ ဓားပြတိုက်ခြင်းကို ခံရတတ်သည်။ ယခု ဓားပြတိုက်ခံရခြင်းမှာ ရှီဖုန်းအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင်ဘဝက သူသည် ဖန်တီးခြင်းတောင်တန်းသို့ ရောက်သည့်အချိန်၌ NPC စစ်နယ်ရှင်တစ်ယောက်၏ လုယက်ခြင်းကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက်က သူ့ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေခဲ့သည်။ ထိုအချိန်က ရှီဖုန်းသည် လမ်းဖြတ်သန်းခအဖြစ် သူ့ဆီမှ ပစ္စည်းများကို ပေးခဲ့ရသည်။
ယခု သူ့ရှေ့တွင် အဆင့် ၈ လက်ရွေးစင် NPC တစ်ယောက်အပြင် အဆင့် ၇ သာမန် NPC အုပ်စုတစ်စုပါ ရှိနေလေသည်။ ဤကဲ့သို့ လုယက်ခံရခြင်းက ဆင်းရဲသားရပ်ကွက်တွင် ဖြစ်နေကြဖြစ်သည့်အတွက် အပြစ်တင်ချင်လျှင်တောင်မှ ဤနေရာသို့ ရောက်လာသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။
“ကောင်လေး… မင်းကို ကြည့်ရတာ အထက်တန်းစားတစ်ယောက် ဖြစ်မည် ထင်တယ်… ငါတို့က မင်းကို ပြဿနာအများကြီး မရှာပါဘူး… ငါတို့ကို ငွေပြား ၅ပြားပဲပေး… မင်းကို သွားခွင့်ပေးလိုက်မယ်… မဟုတ်ရင်တော့ မင်းကို ပညာပေးရမယ်… “ အမာရွတ်နှင့်လူကြီးက လှောင်ပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒါဆိုလည်း လာယူလေ… “ ရှီဖုန်းက လှောင်ပြုံး ပြုံးပြီး အသူရာဓားကို ဆွဲထုတ်လိုက်သည်။
တစ်ယောက်ယောက်ကသာ NPC များ တောင်းသော ဖြတ်သန်းခကို ပေးလိုက်လျှင် သူ့ကို ဂုဏ်ပြုရပေမည်။ ထိုသူက ပိုက်ဆံရှုံးရုံတင် မဟုတ်ဘဲ အသက်ပါ ဆုံးရှုံးရပေလိမ့်မည်။ အနည်းဆုံး ကိုယ်ပေါ်မှ အိုင်တမ်တစ်ခုလည်း ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ ဤအရာက သာမန်ကစားသမားများ ဆင်းရဲသားရပ်ကွက်သို့ လာလျှင် သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်း ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ သို့သော်လည်း တစ်ယောက်ယောက်က အမှောင်နယ်နိမိတ်တွင် ကျင်လည်ကျက်စားနေသည့် ထို NPC များကို ကတိတည်စေချင်နေလျှင် ထိုလူ၏ ဦးနှောက်က တစ်ခုခု ချို့ယွင်းနေခြင်းသာ ဖြစ်ရပေမည်။
ရှာလင်း၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် မကောင်းကြံသည့် အရိပ်အယောင်တစ်ချို့ ပေါ်လာသည်။
“ကောင်လေး… မင်း သေချင်နေပြီလား… “ ဓားကိုင်ထားသည့် အဆင့် ၇ တစ်ယောက်က ရှီဖုန်းထံသို့ ပြေးဝင်လာသည်။
ရှီဖုန်းက အသူရာဓားဖြင့် ထိုလူကို ချက်ချင်း တိုက်ခိုက်လိုက်သည်။
နှစ်ဆခုတ်ချက်၊ ခုတ်ချက်၊ မိုးကြိုးလျှပ်စီး၊ မြေခွဲတိုက်ကွက်…
ဓားချက်များက တစ်ချက်ပြီးတစ်ချက် ထိုလူ၏ လည်ပင်းကို ထိမှန်သွား၏။ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ကြေးအဆင့် တန်ဆာများ၏ စွမ်းရည်များနှင့် အသူရာဓား၏ တိုက်ခိုက်မှုစွမ်းအားကြောင့် ရှီဖုန်း၏ တိုက်ခိုက်မှုသည် ထိုလူ၏ 720 HP ကို သုညသို့ ချက်ချင်း လျော့သွားစေသည်။
“ဆက်တိုက်ချင်သေးလား… “ ရှီဖုန်းက ကျန်ရှိနေသေးသော NPC များကို တစ်ချက်ကြည့်ပြီး လှောင်လိုက်သည်။
ရှီဖုန်းကြောင့် NPC များအားလုံး အံ့ဩသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ရှီဖုန်းရှေ့မှ ထွက်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် လမ်းထောင့်ရှိ ပုန်းအောင်းနေသော ကစားသမားများလည်း အံ့ဩသွားကြ၏။ ရှီဖုန်းက အဆင့် ၇ NPC တစ်ယောက်ကို တိုက်ခိုက်မှု အနည်းငယ်ဖြင့် အသေ သတ်သွားလေသည်။
ပုံမှန်အားဖြင့် ထိုကစားသမားများသည် အစွမ်းထက်သည်ဟု သူတို့ကြားသိထားသော ကစားသမားများကို ပြဿနာ မရှာကြပေ။ ဆင်းရဲသားရပ်ကွက်တွင် စွမ်းအားကသာ အရာရာကို ဆုံးဖြတ်၏။ ထို့ကြောင့် သူတို့က ထိုနေရာမှ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ထွက်သွားကြလေသည်။
ရှာလင်းတစ်ယောက်သာလျှင် စိတ်ဝင်စားသည့် အမူအရာဖြင့် ကျန်ရစ်နေခဲ့၏။
“မောင်ငယ်လေးက အရမ်း အစွမ်းထက်တာပဲ… ဒီမမက မောင်ငယ်လေးကို တစ်ကယ်ပဲ အားကျမိတယ်… မောင်ငယ်လေးက ဘယ်ကိုများ သွားမလို့ပါပဲ… မမ လမ်းပြပေးမယ်ဆိုရင် အချိန်ကုန် သက်သာသွားမယ်မလား… ဒါပေမဲ့ လမ်းပြခတော့ နည်းနည်းလောက် ပေးရမယ်… “
ရှာလင်းက ရှီဖုန်းထံသို့ လျှောက်လာရင်း တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“မလိုပါဘူး… စာကြည့်တိုက်ကို သွားတဲ့လမ်း ကျွန်တော် သိပါတယ်… “
ရှီဖုန်းက NPC များနှင့် မပက်သက်ချင်ပေ။ သူက နတ်သူငယ်ဒိုင်ယာရီစာအုပ်နှင့် ပက်သတ်၍ သဲလွန်စကိုသာ ရှာချင်နေသည်။
ရှီဖုန်း၏ ငြင်းပယ်မှုကို ကြားသောအခါ ရှာလင်းက ပိုပြီးတော့တောင် ဝမ်းသာသွားဟန်ဖြင့် ပြုံးပြလိုက်သည်။
“မမက စာကြည့်တိုက်မှူး ရှာလင်းပါ… စာကြည့်တိုက်နဲ့ ပက်သတ်တဲ့ ကိစ္စဆိုရင် မမကို မေးလို့ ရပါတယ်… မမထက်ပိုပြီး စာကြည့်တိုက်အကြောင်းကို သိတဲ့သူ မရှိဘူး… “
ရှာလင်းက သူမ ဂုဏ်ယူရသည့် ရင်နှစ်မွှာကို ကော့ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။
“အနီရောင်သစ်ရွက်မြို့ရဲ့ စာကြည့်တိုက်မှူးက မြင့်မြတ်တဲ့ စစ်စတာ မဟုတ်ဘူးလား… “
ရှီဖုန်းက သူမကို မယုံပေ။
“အို့… မင်းပြောတာ ဒါလား… “
ရှာလင်းက သီလရှင်ဝတ်စုံကို ထုတ်ယူပြီး ချက်ချင်း လဲလိုက်သည်။ ရုတ်တရက် ဆိုသလိုပင် သူမ၏ ရိုင်းစိုင်းသော အမူအရာပုံစံက လုံးဝ ပျောက်ကွယ်သွား၏။
သူမက ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် အံ့ဩဖွယ်ကောင်းလောက်အောင် တုနှိုင်းမဲ့အလှကို ပိုင်ဆိုင်ထား၏။
တစ်ချိန်တည်းမှာပင် ဖော်ပြထားသော ရှာလင်း၏ အချက်အလက်များက ပြောင်းလဲသွား၏။
မြင့်မြတ်သည့် စစ်စတာ ရှာလင်း (နတ်ဘုရားအဆင့် အရာရှိ)
အဆင့် ၂၀
HP 10,000/10,000
ရှီဖုန်းက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩသွား၏။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။ NPC တွေက တခြားအလုပ်တွေလည်း လုပ်တာလား။