Chapter – 51 လေလံအိမ်မှ ပြိုင်ပွဲ
ရှီဖုန်းက ရှာဖွေရေးနေရာတွင် ‘ကျောက်တုံးမာ’ ဆိုသည့် စာလုံးကို ရိုက်ထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အချက်အလက်များက ဖောက်ထွင်းမြင်နိုင်သော မျက်နှာပြင်ပေါ်တွင် အတန်းလိုက် တစ်တန်းပြီးတစ်တန်း ပေါ်လာသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် လေလံအိမ်တွင် ကျောက်တုံးမာများ အထုပ်တစ်ရာကျော် ရောင်းချထားသည်ကို မြင်လိုက်ရသည်။ ရောင်းသည့် ကစားသမားများက အများအပြား ရှိပြီး တစ်ယောက်ဆိုလျှင် ကျောက်တုံးမာတစ်ထုပ်ကို ရွှေပြား တစ်ပြားဖြင့် ရောင်းချထားသည့်အတွက် ထိုကစားသမားကို ဆင်းရဲလွန်း၍ ရူးသွားပြီလားဟုပင် တွေးမိလိုက်သည်။ ချက်ချင်းပင် သူက ဈေးအနည်းဆုံးမှ အမြင့်ဆုံးသို့ ပြရန်အတွက် မျက်နှာပြင်တွင် ပေါ်နေသည့်အချက်အလက်များကို စီစစ်လိုက်သည်။
မျက်နှာပြင်ပေါ်မှ အချက်အလက်များကို ချိန်ညှိပြီးနောက် ကျောက်တုံးမာတစ်ထုပ်၏ အနည်းဆုံးဈေးက ကြေးပြား ၂၆ပြား ရှိနေဆဲ ဖြစ်သည်။ လေလံအိမ်မှ ဝန်ဆောင်ခကို နှုတ်ပြီးနောက်တွင် ကြေးပြား ၂၅ပြားရနိုင်သည်။ ထိုဈေးနှုန်းက သူမှန်းဆထားသည့်အတိုင်း ပုံမှန်ထက် တော်တော်လေး များနေလေသည်။
သို့သော်လည်း ရှီဖုန်းက ထိုကျောက်တုံးမာများကို ဝယ်ယူရပေလိမ့်မည်။ ကြေးပြား ၃၀အောက် ဖြစ်နေသရွေ့ သူက ဝယ်ယူလိမ့်မည် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လေလံအိမ်တွင် ရောင်းချထားသော ကျောက်တုံးမာအရေအတွက်က တစ်ဝက်ကျော် လျော့ကျသွား၏။ ကျန်ရှိနေသေးသော ကျောက်တုံးမာများကတော့ ကြေးပြား ၃၀အထက်များ ဖြစ်သည့်အတွက် သူတို့ကို ဝယ်ပြီး ပိုက်ဆံဖြုန်းမည့်သူ မရှိချေ။
ကျောက်တုံးမာများကို ကြည့်ပြီးနောက်တွင် ရှီဖုန်းက အထွေထွေအမျိုးအစားများဘက်သို့ ပြောင်းကြည့်လိုက်သည်။
ထိုအခါ ရှီဖုန်း၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။ ထိုနေရာတွင် ကဒ်အစုံလိုက်များ ရှိနေသည့်အပြင် အရေအတွက်ကလည်း များလှသည်။ ကဒ်အစုံလိုက်များသည် သားရဲများကို သတ်ပြီး တစ်ချို့တစ်လေခန့် ရနိုင်သော်လည်း အိုင်တမ်ကျနှုန်းက အလွန်ကို နည်းလှသည်။ အကြိမ်တစ်သောင်းမှာတောင်မှ တစ်ခါ မရနိုင်ပေ။ အဆင့် ၁၀အောက် သားရဲများသည် ကဒ်အစုံ ၁၂မျိုး ချပေးနိုင်ပြီး သူတို့ကို ကြေးအဆင့်နှင့် ထူးခြားသံအဆင့် ဟူ၍ နှစ်ဆင့် ခွဲထား၏။
စစ်သည်တော်များတွင် သံမဏိ၊ ခရူးဆိတ်စစ်သည်နှင့် မိုက်မဲသူ ဆိုပြီး ၃မျိုး ရှိသည်။
လက်နက်အထူးပြုသူများတွင် ပရမ်းပတာ၊ လက်စားချေသူနှင့် ဟာရီကိန်း ဆိုပြီး ၃မျိုး ရှိ၏။
ကုသသူများတွင် နတ်ဘုရား၊ သဘာဝနှင့် မြင့်မြတ်သူ ဆိုပြီး ၃မျိုး ရှိ၏။
မှော်ဆရာများတွင်တော့ ဒြပ်စင်၊ အရူးနှင့် မကောင်းဆိုးဝါးဆိုပြီး ၃မျိုး ရှိလေသည်။
ထိုကဒ်အစုံ ၁၂မျိုးသည် ကွဲပြားသည့် အလုပ်အမျိုးအစား ၁၂ခုကို ကိုယ်စားပြုပြီး တစ်စုံတွင် ၉ကဒ် ပါရှိကာ ကဒ်၏ နောက်ဘက်တွင် နံပါတ်တစ်ခုကို ရေးထား၏။ ကစားသမားတစ်ယောက်က ကဒ်တစ်စုံ ပြည့်အောင် စုဆောင်နိုင်လျှင် သူတို့၏ အလုပ်အမျိုးအစားနှင့်ဆိုင်သည့် တန်ဆာတစ်စုံနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။
ယခင်ဘဝက ကစားသမားအများစုသည် ထိုကဒ်အစုံလိုက်များနှင့် ပက်သက်၍ ဘာကိုမှ မသိခဲ့ကြပေ။ ထို့အပြင် ကဒ်အစုံလိုက်နှင့် ပက်သတ်၍လည်း မည်သည့်သတင်းအချက်အလက်ကိုမှ ထုတ်ပြန်ထားခြင်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် ကစားသမားများက ထိုကဒ်အစုံလိုက်များကို သိမ်းထားလျှင် သိမ်းထား၊ မဟုတ်လျှင် လေလံအိမ်များတွင် ရောင်းချကြ၏။
ကစားသမားများက မြို့အနီးရှိ လူငါးဆယ် မြေအောက်ခန်း၏ သာမန်အဆင့်ကို ရှင်းလင်းပြီးနောက်မှသာ ထိုကဒ်အစုံလိုက်များကို လဲလှယ်နိုင်သည့် NPC ရှိကြောင်း သိခဲ့ကြသည်။ ကဒ်အစုံလိုက်များ၏ အဆင့်ပေါ် မူတည်၍ ကြေးအဆင့် သို့မဟုတ် ထူးခြားသံအဆင့် တန်ဆာအစုံများဖြင့် လဲလှယ်နိုင်သည်။
ထိုတန်ဆာအစုံလိုက်များက အလွန်ကို ကောင်းမွန်ပြီး ကြေးအဆင့် တန်ဆာတစ်စုံက ပုံမှန် ထူးခြားသံအဆင့် တန်ဆာအပြည့်အစုံကို ယှဉ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် မည်သူမှ ဂရုမစိုက်ခဲ့သည့် ထိုကဒ်အစုံလိုက်များက ချက်ချင်း နာမည်ကြီးသွားပြီး ကြောက်စရာကောင်းလွန်းလှသည့် လေလံဈေးများဖြင့် ရောင်းထွက်သွားလေသည်။ ထိုအခါ အစည်းအရုံးများကလည်း ကဒ်အစုံများကို အပြေးအလွှား ဝယ်ယူကြသည်။
ယခုအချိန်မှာတော့ ရှီဖုန်း၏ ရှေ့ရှိ မျက်နှာပြင်ပေါ်တွင် ကဒ်အစုံများက ရာနှင့်ချီ၍ ရှိသော်လည်း မည်သူမှ မဝယ်ကြပေ။ ကဒ်တစ်ခုချင်းစီက ကြေးပြား ၅ပြားထက် မကျော်သော ဈေးနှုန်းများဖြင့် ရောင်းထားကြသည်။ ဈေးအများဆုံးကဒ်တောင်မှ ကြေးပြား ၇ပြားသာ ရှိ၏။
ကဒ်အားလုံးကို ရှီဖုန်းက တုန့်ဆိုင်းခြင်း မရှိ ဝယ်ယူလိုက်သည်။ သူက ကုန်ကျစရိတ်ကို မတွက်ပေ။ ပိုက်ဆံကို သူ့အိတ်ထဲ ချန်ထားလျှင်တောင်မှ ပမာဏက တိုးလာမည် မဟုတ်ပေ။ ပိုက်ဆံအများကြီး ရရန်အတွက် ပိုက်ဆံကို သုံးခြင်းက ဘုရင်တစ်ပါး၏ နည်းလမ်း ဖြစ်သည်။
ရှီဖုန်းက ကျောက်တုံးမာများနှင့် ကဒ်အစုံများကို ဝယ်ယူပြီးနောက်တွင် သူ့ထံ၌ ငွေပြား ၁၄ပြားထက် မပိုတော့ချေ။
ထို့နောက် သူက ရှာဖွေရေးဘားတွင် စကေးစာအုပ်များကို ရိုက်ပြီး ရှာဖွေလိုက်သည်။ နတ်ဘုရားနယ်မြေတွင် ကစားသမားတစ်ယောက်၏ စွမ်းအားကို သူတို့ကိုင်ဆောင်သည့် လက်နက်များအပြင် သူတို့ သင်ယူထားသည့် စကေးများအပေါ် မူတည်၍ ဆုံးဖြတ်ကြသည်။ သင်ယူထားသည့် စကေးက များလေ တိုက်ခိုက်ရေးနည်းစနစ်များကို ပိုပြီး သုံးနိုင်လေ ဖြစ်သည်။
ကျွမ်းကျင်သည့် ဓားသမားတစ်ယောက်က တိုက်ပွဲတစ်ခုတွင် အများအားဖြင့် စကေးအခု နှစ်ဆယ်ကျော်ကို အသုံးပြုနိုင်သည်။ ပထမတန်းစာ ကျွမ်းကျင်သူများကတော့ စကေး လေးဆယ်ကျော်ကို အသုံးပြုနိုင်သည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူဆိုလျှင် ပြောနေစရာတောင် မလိုတော့ပေ။
ရှီဖုန်းက ပထမတန်းစား ကျွမ်းကျင်သူဖြစ်သော်လည်း သူ ပိုင်ဆိုင်ထားသည့် စကေးအရေအတွက်ကား ၁၀ခုပင် မပြည့်ချေ။ သူ၏အခြေအနေက တစ်ကယ်ကို သနားစရာ ကောင်းလှသည်။
သို့သော်လည်း လက်ရှိတွင် ရောင်းထားသည့် စကေးစာအုပ်အရေအတွက်က အလွန်နည်း၏။ သာမန်အခြေအနေတွင် ကစားသမားများသည် စကေးစာအုပ်ကို သူတို့ကိုယ်တိုင်အတွက်သာ အသုံးပြုကြပြီး သို့မဟုတ် သူတို့အတွက် အသုံးလိုသည့် စကေးများနှင့်သာ လဲလှယ်တတ်ကြသည်။
ရှီဖုန်းက တခဏအတွင်း စာမျက်နှာ ၁၀မျက်နှာကျော်ကို ရောက်ရှိသွား၏။ သူက ဓားသမားများ အသုံးပြုနိုင်သည့် စကေးမှန်သမျှကို တွေ့သည်နှင့် ဝယ်ယူခဲ့သည်။ နောက်ဆုံးစာမျက်နှာကို ရောက်သွားသည့်အချိန်တွင် ရှီဖုန်း၏ မျက်နှာ၌ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
“လာနောက်နေတာလား… ခုခံမှုဓားသွားကိုတောင် ရောင်းထားတာလား… “
ရှီဖုန်း၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ထိန်းမရနိုင်အောင် ဖြစ်ပေါ်လာသည်။
ခုခံမှုဓားသွားက ဓားသမားများအတွက် အဓိကစကေးတစ်မျိုး ဖြစ်သည်။ ၎င်းက မှော်ဆရာများနှင့် ရင်ဆိုင်ရသည့်အခါ အလွန်အသုံးဝင်၏။ သို့သော်လည်း ၎င်းက အိုင်တမ်ကျနှုန်း အလွန်နည်း၏။ ယခင်ဘဝ၌ သူက ခုခံမှုဓားသွားစကေးကို အဆင့် ၄၀ကျော်မှ ရရှိခဲ့သည်။ ယခုတော့ ၎င်းက သူ့ရှေ့သို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ရောင်းဈေးက ငွေပြား ၆ပြား ဖြစ်သည့်အတွက် ဈေးများသည်ဟု ဆိုနိုင်သော်လည်း သူ့အတွက် လက်သင့်ခံနိုင်သည့် ပမာဏ ဖြစ်သည်။
ရှီဖုန်းက ၎င်းအတွက် ငွေပြား ၇ပြား ဈေးပေးလိုက်သည်။ သူက အချိန်အများကြီး မဖြုန်းချင်ပေ။
ထို့ကြောင့် အလွန်လျင်မြန်စွာဖြင့် ထိုစကေးစာအုပ်ကို ငွေပြား ၇ ပြားပေး၍ ဝယ်နိုင်ခဲ့သည်။
လက်ရှိ ဝယ်ယူလိုက်သည့် ငွေပြား ၇ပြားဖြင့်ဆိုလျှင် သူက စကေးစာအုပ် ၅အုပ်၊ ၆အုပ်ခန့်ကို ဝယ်ယူနိုင်လိမ့်မည်။ သို့သော်လည်း ရှီဖုန်းက ခုခံမှုဓားသွားကိုသာ မျက်တောင်မခတ်ဘဲ ဝယ်ယူခဲ့သည်။
ရှီဖုန်းက ခုခံမှုဓားသွားစကေးအပြင် သာမန်စကေး ၃မျိုး ဖြစ်သည့် အကဲခတ်မျက်လုံး၊ လေလမ်းလျှောက်ခြင်းနှင့် မြေခွဲတိုက်ကွက်တို့ကို ဝယ်ယူခဲ့သည်။ ရှီဖုန်းက သူ ဝယ်ယူနိုင်ခဲ့သည့် စကေးများကြောင့် ပျော်ရွှင်နေချိန်တွင် လေလံအိမ်ထဲမှ တိုက်ပွဲက အလွန်ပြင်းထန်နေလေပြီ။
အမျိုးမျိုးသော အစည်းအရုံးများမှ ထောက်ပံ့ရေးအဖွဲ့များ၏ ဒေါသများက ကောင်းကင်ပေါ်ထိအောင် ရောက်ရှိနေလေပြီ။
“သေစမ်း… ဒီချပ်ဝတ်ကို ရဖို့ ငွေပြား ၉ပြားတောင် မလောက်ပါလား… ဘယ်ချမ်းသာတဲ့ အစည်းအရုံးက ဒီချပ်ဝတ်ကို ငွေပြား ၁၀ပြားနဲ့ လေလံဆွဲသွားတာလဲ… “
“တိရစ္ဆာန်ကောင်တွေ… ငါ့ကို တစ်ချက်တောင် မျက်နှာသာ မပေးဘူး… တစ်ယောက်ယောက်က ငွေပြား ၁၀ပြားနဲ့ ကြေးပြား ၆၅ပြား ပေးပြီး လေလံဆွဲသွားပြီ… တစ်ကယ်ကို ရူးနေကြတဲ့ကောင်တွေ… ငါ့ဆီမှာ ငွေပြား ၁၀ပြားပဲ ပါလာတာ… ဒီတာဝန်ကို မအောင်မြင်နိုင်ရင် ဘာလုပ်သင့်လဲ… “
“စက်ဆုပ်ဖို့ကောင်းလိုက်တာ… သူတို့က နာမည်ကို ဝှက်ထားပြီး အိုင်တမ်ကိုပဲ လေလံတင်နေကြတယ်… ငါ တစ်ခုတောင် ဝယ်နိုင်ပါ့မလား… “
ထိုလူများသည် အဆင့် သတ်မှတ်ထားခြင်း မခံရသည့် အစည်းအရုံးများမှ ထောက်ပံ့ရေးအဖွဲ့ဝင်များ ဖြစ်သည်။ သူတို့က အင်အားကြီးမားသော အစည်းအရုံးများ၏ လေလံဆွဲမှုကို ကြည့်ပြီး ရူးမတတ်ပင် ဖြစ်နေလေသည်။ သို့သော်လည်း သူတို့ မကျေနပ်ဆုံးလူကို ပြောရမည်ဆိုလျှင် ချပ်ဝတ်ဖန်တီးခဲ့သည့် လူကို ဖြစ်သည်။ အချိန်တိုင်း ထိုလူက မြို့စောင့်တပ်ချပ်ဝတ်ကို အနည်းငယ်သာ လေလံတင်၏။ ယခင်ကလည်း ထိုလူ၏ ချပ်ဝတ်များကြောင့် လေလံပွဲတွင် ပြိုင်ပွဲများ ပြင်းထန်ခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု ထိုလူတင်ထားသည့် ချပ်ဝတ်က ယခင်ချပ်ဝတ်ထက် ပိုကောင်းနေသည်။ ထို့ကြောင့် လေလံဆွဲရန်အတွက် သူတို့ယူလာသည့် ငွေပမာဏက မလုံလောက်တော့ပေ။
“ဒါ မဖြစ်နိုင်ဘူး… သူဌေးတွေ ဒီလောက်တောင် များလို့လား… တစ်ယောက်ယောက်က ငွေပြား ၁၁ပြားထိတောင် ပေးတယ်… “
ရှီဖုန်းကတော့ သူ့ချပ်ဝတ်၏ ဈေးက ဆက်တိုက် မြင့်တက်နေသည်ကို ကြည့်ပြီး အတောမသတ်နိုင်အောင် ပျော်ရွှင်နေသည်။ အချိန်ခဏလေး အတွင်းမှာပင် သူ သုံးခဲ့သည့် ငွေများကို ပြန်ရလိုက်သည့်အပြင် ယခင်ကထက် ပိုတောင်မှ များလာသေး၏။
ရုတ်တရက်ဆိုသလိုပင် ရှီဖုန်းက ခုခံမှုဓားသွားအကြောင်းကို စဉ်းစားမိလိုက်သည်။ သာမန်ကစားသမားများက ထိုစကေးကို ရရန် မဖြစ်နိုင်ပေ။ အစည်းအရုံးများဆိုလျှင်လည်း ရောင်းလိမ့်မည် မဟုတ်ပေ။ အစည်းအရုံးတစ်ခုခုက သူ၏ချပ်ဝတ်ကို ဝယ်ရန်အတွက် ၎င်းကို ရောင်းချလိုက်ခြင်း ဖြစ်ရပေမည်။ သူတို့၏ လှုပ်ရှားမှုများက ရှီဖုန်းကို နောက်တစ်ကြိမ် အကျိုးဖြစ်စေလိုက်ပြန်သည်။
အချိန်ခဏလေးအတွင်းမှာပင် ချပ်ဝတ် ၇ခုလုံး၏ ဈေးများက ငွေပြား ၁၁ပြားကို ကျော်သွား၏။ ထိုဈေးကြောင့် ရှီဖုန်းကိုယ်တိုင်တောင်မှ ထိတ်လန့်သွားရသည်။
ဒီလောက်အင်အားကြီးတဲ့ အစည်းအရုံးတွေ ဘယ်က ရောက်လာတာလဲ။ ထိုအစည်းအရုံးများ၏ အရင်းအမြစ်များဖြင့်ဆိုလျှင် သူတို့က မြို့စောင့်တပ်ချပ်ဝတ်တစ်ခုအတွက် ငွေအများကြီး အသုံးပြုနေစရာ မလိုပေ။
သို့သော်လည်း ရှီဖုန်း မသိလိုက်သည့်အချက်ကား မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို လေလံတင်ပြီးနောက်တွင် ထောက်ပံ့ရေးအဖွဲ့ဝင်များက သူတို့၏ အစည်းအရုံးခေါင်းဆောင်များဆီသို့ သတင်းပို့ခဲ့ကြသည်။ ယခင်က ထိုခေါင်းဆောင်များသည် တခြားအစည်းအရုံးများ၏ အဓိကခုခံသူများက မြို့စောင့်တပ်ချပ်ဝတ်ကို ဝတ်ဆင်ပြီး အထူးလက်ရွေးစင်များနှင့် တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်။ ထိုအဓိကခုခံသူများကြောင့် တခြားကစားသမားများက အထူးလက်ရွေးစင် သားရဲများကို အလွယ်တကူ အနိုင်ယူခဲ့ကြပြီး စကေးစာအုပ်များ၊ ကြေးအဆင့် အိုင်တမ်များနှင့် ထူးခြားသံအဆင့် အိုင်တမ်များကိုပင် ရရှိခဲ့ကြသည်။ ထို့ကြောင့် အစည်းအရုံးခေါင်းဆောင်များ၏ မျက်လုံးများက လိုချင်တပ်မက်စိတ်များဖြင့် နီရဲကုန်သည်။
သို့သော်လည်း ကံဆိုးစွာဖြင့် ထိုကိစ္စအတွက် သူတို့တွင် အဖြေမရှိပေ။ သူတို့အစည်းအရုံးမှ ဘဝစတိုင် ကစားသမားများကို ထိုချပ်ဝတ်များ သွန်းလုပ်စေချင်သော်လည်း သူတို့ထံတွင် ပန်းပဲဒီဇိုင်း မရှိပေ။ သူတို့က မြို့စောင့်တပ်ချပ်ဝတ် သွန်းလုပ်ခဲ့သည့် လူကို ဆက်သွယ်ချင်သော်လည်း နာမည်ကို ဝှက်ထားသဖြင့် မည်သို့မှ မဆက်သွယ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့က ဘယ်လိုမှ မတတ်နိုင်ဘဲ လေလံအိမ်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။ သို့သော်လည်း ယခုတစ်ခါတွင်တော့ မြို့စောင့်တပ်ချပ်ဝတ်များတွင် ခုခံမှုစွမ်းအားပါ ပါနေသည့်အတွက် ကျိန်းသေ အရဝယ်ယူရန် အဖွဲ့အစည်းများက ရန်ပုံငွေများကို ချက်ချင်း စုဆောင်းပြီး ထုတ်သုံးလာကြသည်။
“မင်း ငါပြောတာ ကြားလား… အဲ့တာကို ရအောင် ဝယ်ခဲ့ရမယ်… ငွေပြား ၁၃ပြား ပေးလိုက်… တခြားဘယ်သူတွေက လိုက်ပြီး ဈေးပေးရဲသေးလဲ ငါ သိချင်တယ်… “
“ဘာ… ငွေပြား ၁၃ပြားထိ ရောက်သွားပြီလား… ငွေပြား ၁၃ပြားနဲ့ ကြေးပြား ၅၀ပေးလိုက်… ငါတို့ထက် ချမ်းသာတဲ့ အစည်းအရုံး ရှိမယ်လို့ ငါ မယုံဘူး… “
အဖြူရောင်မြစ်မြို့၏ အုပ်ချုပ်မှုအောက်တွင် မြို့ပေါင်း တစ်ရာကျော် ရှိပြီး ရာနှင့်ချီသော အစည်းအရုံးများက မြို့စောင့်တပ်ချပ်ဝတ်အတွက် ဈေးပြိုင်ပေးနေကြလေသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ချပ်ဝတ် ၇ခုစလုံး ရောင်းထွက်သွားပြီး အနိမ့်ဆုံးဈေးသည် ငွေပြား ၁၄ပြားနှင့် ကြေးပြား ၆၀ ဖြစ်သည်။
ရှီဖုန်းက ရွှေပြားတစ်ပြားထက် ပိုသော ပမာဏကို ချက်ချင်း ပိုင်ဆိုင်လိုက်ရလေပြီ။ ထိုအစည်းအရုံးများ၏ စိတ်အားထက်သန်မှုကို မြင်ပြီးနောက်တွင် ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်အကြီးကို ကြမ်းခင်းဈေး ငွေပြား ၁၆ပြားဖြင့် လေလံတင်ထားခဲ့ကာ လေလံအိမ်မှ ထွက်လာခဲ့လိုက်၏။
လက်ရှိအချိန်က ညအချိန်သာ ရှိနေသေး၏။ ဤအချိန်တွင် အဆင့်တက်ရန် အဆင်မပြေသောကြောင့် ရှီဖုန်းက အနီရောင်သစ်ရွက်မြို့၏ စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။ သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်မှ ရရှိခဲ့သည့် နတ်သူငယ်ဘာသာစကားဖြင့် ရေးသားထားသော ဒိုင်ယာရီကို နားလည်ချင်နေသည်။ ၎င်းမှ သူ့အတွက် ရှာဖွေမှုအသစ်တစ်ခုကိုတောင် တွေ့ကောင်း တွေ့နိုင်သည်။