Switch Mode

Chapter – 50

ကျော်ကြားနေသော မြို့စောင့်တပ် ချပ်ဝတ်တန်ဆာ

Chapter – 50 ကျော်ကြားနေသော မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ

တိမ်မဲများက အနီရောင်သစ်ရွက်မြို့၏ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်နေပြိး လပြည့်ဝန်းကြီးကိုလည်း ပတ်ပတ်လည် ဝန်းရံထားကြသည်။ မြို့ထဲရှိ လမ်းများတွင် မှော်မီးအိမ်များကို ထိန်လင်းစွာ ထွန်းထားကြ၏။

ရှီဖုန်းက ယခုပဲ အကောင့်ထဲသို့ ရောက်လာသည်။

ရောက်လာသည့်အချိန်က နတ်ဘုရားနယ်မြေတွင် ညအချိန်ပဲ ရှိသေး၏။ ကစားသမားအများစုသည် ကုန်သွယ်ရေးဧရိယာတွင် ရှိနေကြ၏။ ညအချိန်တွင် အဆင့်တက်ရန် သားရဲများကို အမဲလိုက်သည့် ကစားသမားများကတော့ အနည်းငယ်သာ ရှိ၏။

နေ့အချိန်တွင် ကုန်သွယ်ရေးဧရိယာ၌ လူ သိပ်မရှိပေ။ သို့သော်လည်း ယခုအချိန်မှာတော့ ကုန်သွယ်ဧရိယာလမ်းက ဈေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆူညံသံများနှင့် စိတ်လှုပ်ရှားသည့်အသံများ ပြည့်နေလေသည်။

ကစားသမားများကတော့ ကျောက်ခင်းလမ်းတစ်လျှောက်တွင် ဆိုင်ခန်းများဖွင့်ပြီး ချည်သားစ အဖြူပေါ်တွင် အိုင်တမ်များကို ချကာ ရောင်းချနေလေသည်။ ရောင်းသူနှင့်ဝယ်သူများက တစ်ယောက်နှင့်တစ်ယောက် ဈေးစစ်နေကြပြီး တစ်ချို့ကတော့ ကြေးပြား တစ်ပြား၊နှစ်ပြားကြောင့် မျက်နှာအရောင် ပြောင်းကုန်ကြလေသည်။

System : သင်‌ လေလံတင်ထားသည့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ရောင်းချပြီး ဖြစ်ပါသည်။ ဝန်ဆောင်ခနှုတ်ပြီး စုစုပေါင်း ငွေပြား ၅ပြားနှင့် ကြေးပြား ၆၇ပြားကို သင့်၏ သိုလှောင်အိတ်ထဲသို့ ပေါင်းထည့်ပြီး ဖြစ်ပါသည်။

System : သင်‌ လေလံတင်ထားသည့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ရောင်းချပြီး ဖြစ်ပါသည်။ ဝန်ဆောင်ခနှုတ်ပြီး စုစုပေါင်း ငွေပြား ၅ပြားနှင့် ကြေးပြား ၆၇ပြားကို သင့်၏ သိုလှောင်အိတ်ထဲသို့ ပေါင်းထည့်ပြီး ဖြစ်ပါသည်။

System : သင်‌ လေလံတင်ထားသည့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ရောင်းချပြီး ဖြစ်ပါသည်။ ဝန်ဆောင်ခနှုတ်ပြီး စုစုပေါင်း ငွေပြား ၅ပြားနှင့် ကြေးပြား ၉၈ပြားကို သင့်၏ သိုလှောင်အိတ်ထဲသို့ ပေါင်းထည့်ပြီး ဖြစ်ပါသည်။

ရှီဖုန်းက ရှေ့သို့ ခြေတစ်လှမ်း မလှမ်းရသေးခင်မှာပင် System မှ ပို့ပေးသည့် အသိပေးချက်များက နားထဲသို့ ဆက်တိုက် ဝင်လာသည်။ သူက အသိပေးချက်များကို သေချာဖတ်ကြည့်လိုက်သောအခါ အလွန်အံ့ဩသွား၏။

မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ တန်ဖိုးက သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေလေသည်။ မူလက ရှီဖုန်းသည် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို ငွေပြား ၅ပြားခန့်ဖြင့်သာ ရောင်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။ တစ်ကယ် ရောင်းချလိုက်သည့်အချိန်တွင် ပြိုင်ဆိုင်မှုများကြောင့် ချပ်ဝတ်တန်ဆာ၏ တန်ဖိုးက အများဆုံး ငွေပြား ၆ပြားနှင့် ကြေးပြား ၄၂ပြားအထိ ထိုးတက်သွားခဲ့လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ၁၁ခုမှ စုစုပေါင်း ငွေပြား ၆၇ပြားကျော် ရရှိခဲ့သည်။ ထိုပမာဏကြောင့် ရှီဖုန်းက ရွှေပြားတစ်ပြား ပိုင်ဆိုင်သည့် ကစားသမားတစ်ယောက် ဖြစ်သွားလေပြီ။

ဂိမ်း၏ လက်ရှိအချိန်တွင် ငွေပြားတစ်ပြားကို ဝယ်ယူခြင်းက အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ဒုတိယတန်းစား အစည်းအရုံးတောင်မှ လည်ပတ်နေသည့် ရန်ပုံငွေသည် ငွေပြား ၆၀ မှ ၇၀ထိသာ ရှိ၏။ ဂိမ်း၏ အစောပိုင်းကာလများတွင် အစည်းအရုံးများက သာမန်အဖွဲ့ဝင်များကို တိုးတက်အောင် ထောက်ပံ့ရန်အတွက် ကြေးပြားအများအပြားကို အသုံးမပြုနိုင်ကြချေ။ ပထမတန်းစား အစည်းအရုံးများကတော့ သူတို့၏ လည်ပတ်နေသည့် ရန်ပုံငွေသည် ရွှေပြားတစ်ပြားခန့် ရှိ၏။ သို့သော်လည်း ထိုရန်ပုံငွေက ကစားသမား ၁၀၀ခန့်ကို ထောက်ပံ့ရန်ပင် မလုံလောက်ပေ။

ယခုတော့ ရှီဖုန်းက သူဌေးကြီးတစ်ယောက် ဖြစ်သွားလေပြီ။

တိုက်ပွဲတစ်ရက် ပြီးသွားသည့်နောက်တွင် ကစားသမားအများစုက ရရှိလာသည့် အိုင်တမ်များကို သယ်ပြီး မြို့ဆီသို့ ပြန်လာနေကြ၏။ ထိုကစားသမားများက သတ္တုပစ္စည်းအများအပြားကိုလည်း သယ်ယူလာကြသည့်အတွက် ရှီဖုန်းက ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ ရှီဖုန်းက လူအနည်းငယ်သာ ရှိသည့် နေရာတွင် အဝတ်ဖြူစကို ခင်းပြီး ပစ္စည်းများ စတင်ဝယ်ယူလေသည်။

ယခုအချိန်တွင်တွင် အဆင့် အမြင့်ဆုံး ကစားသမားသည် အဆင့် ၄၌ ရှိနေပြီး သာမန်ကစားသမားများကတော့ အဆင့် ၂တွင် ဖြစ်ကာ ကျွမ်းကျင်သူများကတော့ အဆင့် ၃သို့ ရောက်နေကြလေပြီ။ ထို့ကြောင့် သူတို့ ရောင်းချသည့် ပစ္စည်းများက အလွန်ကွာခြား၏။ တချို့က အလွန်ကောင်းသည့် သတ္တုများဖြစ်ပြီး တစ်ချို့ကတော့ သာမန်သတ္တုများသာ ဖြစ်သည်။

အဆင့်မြင့် သတ္တုများကတော့ လက်ရှိအချိန်တွင် ဈေးအလွန်မြင့်သဖြင့် ရှီဖုန်းက ဝယ်မည် မဟုတ်ပေ။ သူက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာတစ်မျိုးတည်းကိုသာ ရောင်းနိုင်သေးပြီး သူပိုင်ဆိုင်သည့် ငွေကြေးကလည်း အကန့်အသတ် ရှိ၏။ သို့သော်လည်း ရှီဖုန်းက ငွေတစ်ချို့ရရန်အတွက် အိုင်တမ်တစ်ချို့ကို ပြန်လည်ရောင်းချလိုက်သည်။

“မှော်အဆီအနှစ်တစ်ထုပ်ကို ကြေးပြား ၆ပြား၊ ကျောက်တုံးတစ်ထုပ်ကို ကြေးပြား ၁၀ပြား၊ ကျောက်တုံးမာတစ်ထုပ်ကို ကြေးပြား ၂၃ပြားနဲ့ ဝယ်နေတယ်နော်… “ ရှီဖုန်းက အော်ဟစ်လိုက်သည်။

ရှီဖုန်း၏ အသံ ဆုံးသွားသည်နှင့် လမ်းပေါ်မှ ကစားသမားများက တစ်ယောက်ပြီးတစ်ယောက် သူ့နားသို့ ရောက်လာကြသည်။

“ဘော့စ်… ကျွန်တော့မှာ ကျောက်တုံး ၁၀ထုပ် ရှိတယ်… ဘယ်နှစ်ထုပ် ဝယ်မှာလဲ… “

“ကျွန်တော့်မှာ မှော်အဆီအနှစ် ၆ထုပ် ရှိတယ်… အကုန်လုံး ဝယ်မှာလား… “

“ကျွန်တော့်မှာ ကျောက်တုံးမာ တစ်ထုပ်ရှိတယ်… “

သားရဲများကို တစ်ရက်လုံး သတ်ဖြတ်နေခဲ့ကြသည့်အတွက် သူတို့ထံတွင် မှော်အဆီအနှစ်နှင့် ကျောက်တုံးများက အများဆုံး ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကစားသမားများက ထိုအိုင်တမ်များကို NPC ဆီတွင် ရောင်းချတတ်ကြပြီး၊ သို့မဟုတ် သူတို့၏ အရန်အလုပ်များကို လေ့ကျင့်ရန်အတွက် သိမ်းထားလေ့ ရှိကြသည်။ သို့သော်လည်း ကျောက်တုံးမာကဲ့သို့ သတ္တုများကတော့ အလွန်ရှား၏။ အများအားဖြင့် သူတို့ကို အဆင့် ၃ နယ်မြေများတွင်သာ ‌တွေ့ရလေ့ ရှိပြီး ကိုဘိုးသားရဲ သို့မဟုတ် ကျောက်တုံးသားရဲများကို သတ်မှသာ ရရှိနိုင်သည်။

ကျောက်တုံးမာ တစ်ထုပ်တွင် အခု ၂၀ ပါပြီး NPC ထံ၌ ရောင်းချလျှင် ကြေးပြား ၂၀သာ ရရှိမည် ဖြစ်သည်။ ကျောက်တုံးမာများကို ပန်းပဲလုပ်သည့်နေရာတွင် သုံးသည်ဆိုသော်လည်း လက်ရှိအချိန်တွင် ဝယ်ယူခြင်းကတော့ ဖြုန်းတီးခြင်းတစ်မျိုးဟု ဆိုနိုင်သည်။ အစည်းအရုံးများကလည်း ကျောက်တုံးမာများကို ဝယ်ယူမှု ရှားပါးသည့်အတွက် ဈေးနှုန်းက အရမ်း မမြင့်ပေ။

သို့သော်လည်း ကစားသမားများ အဆင့် ၇သို့ ရောက်သည့်အချိန်တွင် ကျောက်တုံးမာများ၏ အကျိုးသက်ရောက်မှုက အလွန်ကြီးမားလာလိမ့်မည် ဖြစ်သည်။ အဆင့် ၇ သားရဲနယ်မြေတွင် သားရဲများကို တိုက်ခိုက်နိုင်ရန်အတွက် လက်နက်တစ်ခု၏ သက်တမ်းက အလွန်အရေးပါလာသည်။ လက်နက်၏ သက်တမ်းက သုညသို့ ရောက်သွားလျှင် လက်နက်က ပျက်စီးသွားပေလိမ့်မည်။ ထိုအခါ လက်နက်ကို ပြင်ရန်အတွက် အောင်မြင်နှုန်းက ၂၀ရာခိုင်နှုန်းသာ ရှိ၏။ မအောင်မြင်လျှင် လက်နက်က သံတိုသံစများ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ကျောက်တုံးမာများကို ဓားသွေးကျောက်အဖြစ် အသုံးပြုနိုင်သည်။ ကျောက်တုံးမာကို လက်နက်အပေါ်၌ အသုံးပြုလိုက်လျှင် လက်နက်၏ တိုက်ခိုက်မှုစွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်သည်။ ပို၍ အရေးကြီးသည့် အချက်ကား ကျောက်တုံးမာက လက်နက်၏ သက်တမ်းကို ၅မှတ်မှ ၁၀မှတ်အထိ တိုးပေးနိုင်ခြင်း ဖြစ်သည်။ ဓားသွေးကျောက်ဖြင့်ဆိုလျှင် ကစားသမားများက လက်နက်ကို ပြင်ရန်အတွက် မြို့သို့ ပြန်စရာ မလိုတော့ဘဲ အချိန်ကုန် သက်သာစေသည့်အပြင် သားရဲများကိုလည်း ပိုမို သတ်ဖြတ်နိုင်လာလိမ့်မည် ဖြစ်၏။

ယခင်ဘဝတွင် ကျောက်တုံးမာများက အလွန် လူသိများပြီး ဝယ်လိုအားလည်း အလွန်များ၏။ ကျောက်တုံးမာ၏ ဈေးကလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ပန်းပဲဆရာများစွာကို အကျိုးအမြတ် များများ ရရှိစေခဲ့သည်။ သူတို့၏ အဆင့်များ မြန်မြန်တက်လာစေရန်နှင့် အကျိုးအမြတ် ရစေရန်အတွက် ထိုပန်းပဲဆရာများက ရှဲဒိုးအဖွဲ့အစည်းကိုလည်း ရစရာ မရှိအောင် လုပ်သွားခဲ့သည်။ ကျောက်တုံးမာများကို ယူသွားသော်လည်း သူတို့ကတော့ အံ့ကြိတ်နေရုံသာ တတ်နိုင်ခဲ့သည်။

ယခုဘဝတွင်တော့ အကျိုးအမြတ်က ရှီဖုန်းအတွက် ဖြစ်လေသည်။ သူက အနာဂါတ်အတွက် ကျောက်တုံးများကို ဝယ်ယူပြီး သိုလှောင်ထားရပေမည်။

တစ်နာရီကျော်ခန့် သတ္တုပစ္စည်းများကို ဝယ်ယူပြီးနောက် ရှီဖုန်းက မှော်အဆီအနှစ် အထုပ် ၈၀နှင့် ကျောက်တုံး အထုပ် ၁၂၀ ရရှိခဲ့ပြီး ကျောက်တုံးမာကတော့ ၁၂ထုပ်သာ စုဆောင်းနိုင်ခဲ့သည်။

ထို့အတူ ရှီဖုန်း၏ အိတ်ကလည်း မြန်မြန် ပြည့်သွားလေပြီ။

ရှီဖုန်းလည်း ရွေးချယ်စရာ မရှိတော့ဘဲ ပစ္စည်းများကို သိမ်းထားရန် ဘဏ်၏ သိုလှောင်ခန်းသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။

ဘဏ်၏ သိုလှောင်ခန်းတွင် သိုလှောင်ရန် နေရာလွတ် ၅၀၀ ရှိ၏။ ပထမဦးဆုံးအကြိမ် သိုလှောင်ခန်းကို ချဲ့မည်ဆိုလျှင် နောက်ထပ် နေရာလွတ် ၅၀၀ အတွက် ကြေးပြား ၂၀ ကုန်ကျမည် ဖြစ်၏။ ဒုတိယအကြိမ်ဆိုလျှင် နောက်ထပ် နေရာလွတ် ၁၀၀၀ တိုးရမည်ဖြစ်ကာ ကြေးပြား ၅၀ ကုန်ကျပေလိမ့်မည်။ နောက်ထပ် ချဲ့မည့် နေရာလွတ် ၁၀၀၀ တိုင်းအတွက် ငွေပြားတစ်ပြား ကုန်ကျမည် ဖြစ်ပြီး နေရာလွတ် ၁၀၀၀လျှင် တစ်ပတ်အတွက် ထိန်းသိမ်းခ ကြေးပြား ၁၀ပြား ပေးရမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ရှီဖုန်းအတွက် ထိုပမာဏက အသေးအမွှားသာ ဖြစ်၏။ ရှီဖုန်းက နေရာလွတ် ၃၀၀၀အထိ ချက်ချင်း တိုးချဲ့လိုက်သဖြင့် တစ်ပတ်လျှင် ထိန်းသိမ်းခ ကြေးပြား ၃၀ကို ပေးဆောင်ရတော့မည် ဖြစ်သည်။

သတ္တုများအားလုံးကို သိုလှောင်ခန်းထဲသို့ ထည့်သိမ်းပြီးနောက် ရှီဖုန်းက လေလံအိမ်သို့ အပြေးသွားလိုက်သည်။

လေလံအိမ်သည် အဖြူရောင်မြစ်မြို့တော်၏ လက်အောက်ရှိ မြို့များအားလုံးနှင့် ချိတ်ဆက်ထား၏။ လေလံအိမ်တွင် သာမန် သတ္တုပစ္စည်းများကို ရောင်းသည့် ကစားသမားအနည်းငယ် ရှိသော်လည်း ကျောက်တုံးမာရောင်းသည့် ကစားသမားများလည်း ကျိန်းသေ ရှိ၏။ သို့သော် သူတို့တင်ထားသည့် ဈေးက ပုံမှန်ထက် အနည်းငယ် မြင့်သည်။

သို့သော်လည်း ကစားသမားများက အဆင့် ၇သို့ ရောက်လျှင် ကျောက်တုံးမာများကို မဝယ်မဖြစ် ဝယ်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းက အရှုံးပေါ်လိမ့်မည် မဟုတ်ပေ။

လေလံအိမ်ကို ရောက်ပြီးနောက်တွင် ရှီဖုန်းက အလွန် ထူးဆန်းသည့် အခြေအနေတစ်ခုကို မြင်တွေ့လိုက်ရသည်။ လေလံအိမ်၌ အစည်းအရုံးများ၏ ထောက်ပံ့ရေး အဖွဲ့ဝင်များ ရောက်ရှိနေကြပြီး အားလုံးက အစောင့်သဖွယ် မတ်တပ်ရပ်ကာ တစ်ခုခုကို စောင့်နေကြဟန် ရှိ၏။

ရှီဖုန်းက တစ်နေရာရာတွင် ထိုင်ချလိုက်ပြီး လေလံအိမ်၏ လုပ်ဆောင်ချက်ပြ မျက်နှာပြင်ကို ခေါ်လိုက်သည်။

ရှီဖုန်းက ကျောက်တုံးမာများကို ရှာနေသည့်အချိန်တွင် ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ချို့၏ ပြောဆိုနေသံများကို ကြားလိုက်ရ၏။

“ငါတို့က ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမှာလဲ… လေလံအိမ်က အခုထိ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို မပြသေးဘူး… ဒါကို ဝယ်လို့ရမှာ အထက်ကို ပြန်တင်ပြလို့ ရမှာ… “

“မင်း စောင့်နေတာ ၃နာရီပဲ ရှိသေးတယ်… ငါ စောင့်နေတာ ၁၀နာရီကျော်ပြီ… မြို့စောင့်တပ်ချပ်ဝတ်တန်ဆာအတွက် ဒီနေရာမှာ ဖြစ်နေတဲ့ ပြိုင်ပွဲကို မင်း မသိဘူးလား… မြို့စောင့်တပ် ချပ်ဝတ်တန်ဆာကြောင့် အစည်းအရုံး အနည်းငယ်က အထူးလက်ရွေးစင်တွေကို သတ်ပြီး အကျိုးအမြတ် အများကြီး ရသွားတယ်… အစည်းအရုံးတစ်ခုဆိုရင် လက်နက်တန်ဆာနဲ့ စကေးစာအုပ် အနည်းငယ်ကိုတောင် ရသွားသေးတယ်… အဲ့တာတွေအားလုံးက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကြောင့် ရခဲ့တာလို့ ကြားတယ်… အဲ့တာကြောင့်ပဲ ဒီနေရာမှာ မြို့စောင့်တပ် ချပ်ဝတ်တန်ဆာကို ဝယ်ဖို့ ပြိုင်နေကြတာ… ဒါပေမဲ့ စိတ်မကောင်းစရာက ကျန်တဲ့မြို့စောင့်တပ်ချပ်ဝတ်တွေအားလုံး ရောင်းလို့ ကုန်သွားပြီ… “

“ဟုတ်တယ်… ငါတို့ အစည်းအရုံးကလဲ အဲ့ဒီချပ်ဝတ်ကို မဝယ်လိုက်ရလို့ တော်တော် နောင်တရနေတယ်… ဒီလိုအစွမ်းထက်မှန်း သိရင် မြို့စောင့်တပ်ချပ်ဝတ်ကို တခြားအဖွဲ့အစည်းတွေ လက်ထဲ ဘယ်အရောက်ခံပါ့မလဲ… မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို အခုရမယ်ဆိုရင် ငွေပြား ၇ပြား ပေးပြီးတော့တောင် ဝယ်လိုက်ဦးမယ်… အခုတော့ အားလုံးက ဝယ်ဖို့တောင် အော်ဒါတင်ထားကြတယ်… မြို့စောင့်တပ်ချပ်ဝတ်သာ ပေါ်လာလို့ကတော့ ငါတို့လည်း အရဝယ်မယ်… “

ထိုထောက်ပံ့ရေးအဖွဲ့ဝင်များ၏ ဆွေးနွေးမှုများကို ကြားပြီး မြို့စောင့်တပ်ချပ်ဝတ်၏ အောင်မြင်သည့်နှုန်းကြောင့် ရှီဖုန်းက အလွန်အံ့အားသင့်သွားရသည်။

ထို့ကြောင့် ရှီဖုန်းက ကျန်နေသေးသော ခုခံမှုစွမ်းအားကို ပိုင်ဆိုင်ထားသည့် မြို့စောင့်တပ်ချပ်ဝတ် ၇ခုကို လေလံတင်လိုက်သည်။ ကြမ်းခင်းဈေးကိုတော့ ငွေပြား ၈ပြား ထားလိုက်၏။ သို့သော်လည်း ထိုဈေးနှုန်းက ချပ်ဝတ်၏ စွမ်းရည်နှင့် ယှဉ်လိုက်လျှင် သင့်တော်သည်ဟု ဆိုရပေမည်။ အကောင်းဆုံးဖြစ်သည့် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ အကြီးကိုတော့ အချိန်တစ်ခုကြာပြီးမှ ထုတ်ရောင်းရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိအချိန်မှာတော့ အစည်းအရုံးများအား ယခုချပ်ဝတ်များ၏ စွမ်းရည်များကို သိစေလိုက်မည် ဖြစ်သည်။

ချပ်ဝတ်များကို လေလံတင်ပြီးနောက် ရှီဖုန်းက ကျောက်တုံးမာများကို စတင်ရှာလိုက်သည်။ ကျောက်တုံးမာများကို လေလံတင်မည့် ကစားသမားများ အများအပြား ရှိသလားဆိုတာကို သိချင်မိသည်။

 

Comment

Leave a Reply

Options

not work with dark mode
Reset