Chapter – 49 အလင်းရောင် အသစ်
ကျိုးယုဟူက ကြမ်းပြင်ထက်တွင် မလှုပ်မယှက်ဖြင့် လဲနေသည်ကို ကြည့်ခြင်းအားဖြင့် သတိလစ်သွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ ထို့နောက် ဒိုင်က ကျိုးယုဟူ ဒဏ်ရာ အပြင်းအထန် မရကြောင်းနှင့် မကြာမီတွင် သတိရလာမည့်အကြောင်း ပြောလိုက်သည်။ သို့သော်လည်း ကျိုးယုဟူက ဒဏ်ရာအတွက် တစ်လကျော်ခန့် အနားယူရန် လိုအပ်ပေသည်။
လာမည့် ၃ပတ်အတွင်း ကျင်းပမည့် တိုက်ခိုက်ရေးပြိုင်ပွဲတွင် ကျိုးယုဟူက ဝင်ပြိုင်နိုင်တော့မည် မဟုတ်ချေ။
အားလုံး၏ အကြည့်က ရှီဖုန်းထံသို့ ရောက်သွား၏။ ရှီဖုန်း၏ ပိန်ပါးနေသော ခန္ဓာကိုယ်က ပြသသွားသော ကြောက်မက်ဖွယ် ခွန်အားကြောင့် အားလုံးက ရှီဖုန်းကို ကြည့်ပြီး လေအေးများ ရှူသွင်းလိုက်ကြသည်။ ယခင်က ရှီဖုန်းကို ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားမိပြီး သူတို့၏ နောက်ကျောတွင် ချွေးစေးများလည်း ထွက်လာလေသည်။
ယခုအချိန်တွင်တော့ ရှီဖုန်းကို ကြည့်နေသည့် ကျောင်းသားများအားလုံး၏ အမူအရာက အလုံးစုံ ပြောင်းလဲသွားလေပြီ။ လှောင်ပြောင်သည့် အရိပ်အယောင်များ မရှိတော့ဘဲ ကြောက်ရွံ့မှုများက နက်ရှိုင်းစွာဖြင့် အစားထိုး တည်ရှိနေသည်။ တက္ကသိုလ်တိုက်ခိုက်ရေးပြိုင်ပွဲတွင် တတိယအဆင့် ရခဲ့သူပင် တစ်ကွက်တည်းဖြင့် ရှုံးသွားသဖြင့် မည်သူက ရှီဖုန်း၏ ပြိုင်ဘက်ဖြစ်နိုင်တော့မည်နည်း။
ရှီဖုန်းကသာ သူတို့ကို ပညာပေးချင်ရင် အကျိုးဆက်က သူတို့အတွက် မတွေးဝံ့စရာ ဖြစ်သည်။ ယခင်က သူတို့သည် ရှီဖုန်း၏ ထောက်ခံစာကို လင်ဖေးလုံဆီသို့ လက်ဆောင်ပေးရန် တွန်းအားပေးရဲခဲ့ကြသည်။
ထိုအကြောင်းကို တွေးမိသောအခါ ပျော်ရွှင်စွာဖြင့် အရူးအမူး တိုက်တွန်းခဲ့သူများ၏ နှလုံးများက ကြမ်းတမ်းစွာဖြင့် ခုန်ပေါက်လာသည်။
ဗဟိုဦးနှောက်၏ အသိသက်သေအောက်တွင် ရှီဖုန်းက ဘစ်ဒီပါလေ့ကျင့်ရေးစင်တာ၏ အဖွဲ့ဝင်ကဒ်နှင့် ခရက်ဒစ် တစ်သောင်းကို ရရှိလေသည်။ ထို့နောက် သူက ကြိုးဝိုင်းအောက်ရှိ လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သတ္တိနည်းသော ကျောင်းသားများက ရှီဖုန်း၏ မျက်လုံးနှင့် ဆုံမိသောအခါ သူတို့၏ ခြေထောက်များက ပျော့ခွေသွားကာ သတိလစ်သွားကြလေသည်။ သူတို့၏ ပါးစပ်မှလည်း အမြုပ်များ ထွက်ကျလာ၏။
“ဆရာ… မကောင်းတော့ဘူး… ရှောင်လျို မေ့လဲသွားပြီ… “
ပြော၍ မပြီးသေးခင်မှာပင် နောက်ထပ် ကျောက်သားတစ်ယောက် လဲကျသွားပြန်သည်။
မတ်တပ်ရပ်၍ ကျန်နေခဲ့သော ကျောင်းသားများသည်လည်း စိတ်ထဲတွင် အလွန်ကြောက်လန့်နေလေသည်။ ရှီဖုန်းက အလွန် ကြောက်မက်ဖွယ်ကောင်း၏။ မျက်လုံးချင်းဆုံမိရုံဖြင့် ကျောင်းသားနှစ်ယောက်ကို သတိမေ့အောင် လုပ်နိုင်သည်။ သို့သော်လည်း မေ့လဲကျသွားသော ထိုနှစ်ယောက်ကို သူတို့က အလွန်အားကျနေမိသည်။ သူတို့လည်း မေ့လဲကျသွားလျှင် ဤကဲ့သို့ ဖိအားကို ခံစားစရာ မလိုတော့ပေ။ ယခုတော့ သူတို့၏ ဘေးပတ်ဝန်းကျင်ရှိ လေထုက အေးခဲနေသည့်နှယ် သူတို့က အသက်ရှူရန်ပင် ခက်ခဲလာပြီး ခြေလက်များ လေးလံလာသည်။
အတန်းထဲမှ ကျောင်းသူများကတော့ မှင်သက်နေကြပြီး ရှီဖုန်း လှမ်းကြည့်သည့်အချိန်တွင် သူတို့က အလျင်အမြန် ခေါင်းငုံ့လိုက်ကြသည်။ ဝံပုလွေကြီးတစ်ကောင်က ယုန်များကို ကြည့်နေသကဲ့သို့ သူတို့၏ တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နေသကဲ့သို့ ဖြစ်နေသည့် ရှီဖုန်း၏ အကြည့်က သူတို့ကို သက်တောင့်သက်သာ မရှိစေပေ။
ချင်းရှုယွီ၏ နူးညံ့သော ပါးစပ်လေးသည်လည်း အံ့ဩမှုကြောင့် ပွင့်ဟနေလေသည်။ သူမက သေချာစေရန် မျက်လုံးကို ထပ်ကာထပ်ကာ ပွတ်ကြည့်လိုက်သည်။ ကျိုးယုဟူ သတိလစ်သွားကြောင်း သေချာမှသာ သူမ၏ ရှေ့မှ မြင်ကွင်းသည် အမှန်ဖြစ်ကြောင်း သိလိုက်၏။ ရှီဖုန်းက အလွန်သန်မာသော်လည်း သူမက ထိုအကြောင်းကို ယခင်က တစ်ခါမှ မသိခဲ့ပေ။
သူမသာ ဤကဲ့သို့ သန်မာသော ရှီဖုန်းနှင့် တွဲခဲ့လျှင် သူမ၏ လုံခြုံမှုက အရမ်းကို စိတ်ချစရာ ဖြစ်သွားပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် သူမ ပျော်သွား၏။ ပိုက်ဆံသည် အဓိက မဟုတ်ပေ။ ဤကဲ့သို့ စွမ်းရည်မျိုးဖြင့်ဆိုလျှင် ရှီဖုန်းက မြို့၏ တိုက်ခိုက်ရေးပြိုင်ပွဲကို ဝင်ပြိုင်နိုင်ပေလိမ့်မည်။ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ပြိုင်ပွဲ၌ အဆင့် ၁၀အတွင်း ဝင်ရန် ပြဿနာတစ်ခု မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် များစွာသော ကုမ္ပဏီများက လာရောက်ကမ်းလှမ်းကြတော့မည် ဖြစ်သည်။
ရှီဖုန်းက သူမထံသို့ လှမ်းကြည့်သည်ကို တွေ့သောအခါ ချင်းရှုယွီက ဆံပင်နှင့်အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုလုပ်ပြီး ရှီဖုန်းထံသို့ လျှောက်သွားလိုက်သည်။ သူမ၏ ရင်ကြားကိုလည်း အနည်းငယ် ဖော်ထားလိုက်၏။
“အစ်ကိုဖုန်း… အခုအချိန်က နေ့လည်တောင် ရောက်နေပြီ… ရှုခင်းကောင်းပြီး အရသာလည်းကောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ညီမ သိထားတယ်… ညီမ ဝယ်ကျွေးမှာမို့ အဲ့ဆိုင်မှာ သွားစားကြရအောင်… “
သို့သော်လည်း ရှီဖုန်းက ချင်းရှုယွီအား လျစ်လျူရှုထားပြီး ကျောက်ရော့ရှီကိုသာ လိုက်ရှာနေလေသည်။ ကျောက်ရော့ရှီအား တွေ့သောအခါ သူမထံသို့ လျှောက်သွားလိုက်သည်။
ရှီဖုန်း၏ အေးစက်ပြီး တည်ငြိမ်နေသော မျက်လုံးများကို တွေ့လိုက်သောအခါ ချင်းရှုယွီက အရေးကြီးသည့် တစ်စုံတစ်ခုကို ဆုံးရှုံးသွားရသကဲ့သို့ ခံစားရလိုက်သည်။ သူမ၏ နှလုံးကို ဓားတစ်ချောင်းဖြင့် ထိုးဆွနေသလိုပင်။ သူမသည် အထက်တန်းကျောင်းတက်စဉ်က ရူးမိုက်ပြီး မျက်လုံးကန်းခဲ့သည်များကို ယခုမှ နောင်တရမိတော့၏။
“အတန်းခေါင်းဆောင်… ဒီမှာ မင်းရဲ့ ခရက်ဒစ် တစ်သောင်း… ကျန်တဲ့ တစ်သောင်းကို တတ်နိုင်သမျှ မြန်မြန် ပေးပါ့မယ်… “ ရှီဖုန်းကို တည်ငြိမ်သော အပြုံးဖြင့် ပြောရင်း ပိုက်ဆံကို ကမ်းပေးလိုက်သည်။
သို့သော်လည်း ကျောက်ရော့ရှီက လက်မခံသေးပေ။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ရှီဖုန်းအား အထူးအဆန်း သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်နေလေသည်။ ထိုအကြည့်ထဲတွင် အံ့ဩမှုနှင့် ပျော်ရွှင်မှုများ ပါဝင်နေသည်။
“နင်က တစ်ကယ်ပဲ ရှီဖုန်းလား… “ ကျောက်ရော့ရှီက မသေချာသည့် အသံဖြင့် မေးလိုက်သည်။
တက္ကသိုလ်တက်လာသည့် ၄နှစ်တာ ကာလတစ်လျှောက်တွင် ရှီဖုန်းက တသီးတသန့် နေတတ်သူတစ်ယောက်ဟု ထင်မြင်ခဲ့သည်။ ရှီဖုန်းက တခြားသူများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံရတတ်သည်။ မာနကြီးသည့် လူငယ်တစ်ယောက်ဖြစ်ပြီး တခြားသူများ၏ အကူအညီကို ဘယ်သောအခါမှ မယူခဲ့ပေ။ သူ့ဒဏ်ရာကို ပြန်လျက်ကာ ကုသနေသော သင်းကွဲဝံပုလွေငယ်လေးတစ်ကောင် ကဲ့သို့ပင် ဖြစ်သည်။
ယနေ့ ရှီဖုန်း၏ အပြုအမူများက ယခင်ကနှင့် အလုံးစုံ ကွာခြားနေလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ယခုဆိုလျှင် ရှီဖုန်းက သူမကို အလင်းရောင်အသစ်တစ်ခု ပြသလိုက်လေပြီ။ ရှီဖုန်းက ဝံပုလွေငယ်လေးတစ်ကောင်အဖြစ်မှ အိပ်စက်နေသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အိပ်စက်နေချိန်တွင် ခြေသုတ်ပဆိုးကဲ့သို့ နေသော်လည်း လှုပ်ရှားလာသည့် အချိန်တွင်တော့ အလွန်အံ့အားသင့်စရာ ကောင်းလှပေသည်။ တက္ကသိုလ်တစ်ခုလုံးတွင် တတိယအဆင့် ရှိသော ကျိုးယွိဟူပင် သူနှင့် မယှဉ်နိုင်ခဲ့ပေ။ ရှီဖုန်းသာ တက္ကသိုလ်တွင်း ပြိုင်ပွဲ၌ ဝင်ပြိုင်ခဲ့လျှင် ပထမပင် ရနိုင်ချေ ရှိ၏။ (အရင်က တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲလို့ ရေးထားမိတာလေး တက္ကသိုလ်ပြိုင်ပွဲလို့ ပြင်ဖတ်ပေးပါနော်။)
“ငါက ရှီဖုန်း အစစ်ပါ… အတန်းခေါင်းဆောင် ငါ့ကို ဘာလို့ ဒီလိုမေးခွန်း မေးတာလဲ… ငါက အရမ်းကို ခန့်ချော ချောလာလို့လား… ပြီးတော့ ငါက အရင်နဲ့ မတူတော့လို့လား… “ ရှီဖုန်းက စနောက်လိုက်သည်။
ကျောက်ရော့ရှီ၏ အတွေးများကို သူ နားလည်ပေသည်။ ယနေ့ သူ၏အပြုအမူများက လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားလေသည်။ သို့သော်လည်း ဤကဲ့သို့ ဖြစ်ရပ်မျိုးကို သူကိုယ်တိုင်လည်း မဖြစ်စေချင်ပေ။ ဤအထိ ဖြစ်ပျက်လာခဲ့ခြင်းက မရည်ရွယ်ဘဲ ဖြစ်ခဲ့ခြင်းသာ ဖြစ်၏။
“ဟမ့်… ဘဝင်မြင့် မနေနဲ့… ငါ့မျက်လုံးထဲမှာ နင်က အခုမှ ကြည့်လို့ ရရုံလေးပဲ ရှိသေးတာ… “
ကျောက်ရော့ရှိက ရှီဖုန်းထံမှ ပိုက်ဆံကို ဆွဲယူပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူမက တစ်ခုခု စဉ်းစားပြီး ဆက်ပြောလိုက်သည်… “နောက် ၁၀ရက်နေရင် တက္ကသိုလ်ကနေပြီးတော့ ပါတီပွဲတစ်ခု လုပ်ပေးလိမ့်မယ်… အဲ့ပွဲမှာ ကျင်းဟိုင်မြို့ရဲ့ နာမည်ကြီး ကော်ပိုရေးရှင်းက အထက်လူကြီးတွေ တက်ရောက်လိမ့်မယ်… နင်နဲ့ သင့်တော်တဲ့ အလုပ်တစ်ခု ရှာနေတာ မလား… ဒါက အခွင့်အကောင်းတစ်ခုမို့ စဉ်းစားသင့်တယ်… “
ကျောက်ရော့ရှီက ထိုစကားကို ပြောပြီးမှ ရှီဖုန်း၏ ငွေရေးကြေးရေး အခြေအနေကို စဉ်းစားမိလိုက်သည်။ ရှီဖုန်းထံတွင် ပွဲတက်ရန်အတွက် ပိုက်ဆံ လုံလုံလောက်လောက် ရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူမက ခပ်တိုးတိုး ပြောလိုက်သည်… “ပါတီပွဲအတွက် ဝင်ကြေးကို နင့် အတွက် ငါ ပေးနိုင်တယ်… “
ရှီဖုန်းက ကျောက်ရော့ရှီ၏ စကားကြောင့် တစ်ခုခုကို စဉ်းစားမိလိုက်သည်။ ကျင်းဟိုင်တက္ကသိုလ်က ဦးစီးပြီး လုပ်တဲ့ ပွဲဆိုတော့ ဟိုလူ လာနိုင်လောက်တယ်။
ထို့ကြောင့် ရှီဖုန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ကျေးဇူးတင်ပါတယ်… အတန်းခေါင်းဆောင်… ဒါပေမဲ့ ဝင်ကြေးကိုတော့ ငါ့ဘာသာပဲ ပေးလိုက်ပါ့မယ်… “
ရှီဖုန်းက သွားမည်ဟု သဘောတူလိုက်ချိန်တွင် ကျောက်ရော့ရှီက အနည်းငယ် ဝမ်းသာသွားသော်လည်း ရှီဖုန်းက ဝင်ကြေးကို သူကိုယ်တိုင် ပေးမည်ဟု ပြောသောအခါ သူမ၏ စိတ်ထဲတွင် စိတ်ပျက်သည့် ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူတို့နှစ်ယောက် ပြောနေသည့် စကားများကို အားလုံး ကြားလိုက်ရသည်။ သို့သော်လည်း သူတို့၏ အတန်းခေါင်းဆောင် ကျောက်ရော့ရှီက ရှီဖုန်းအား တက်တက်ကြွကြွ ဖိတ်ခေါ်နေသည်ကို ကြားလိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် နားကြားမှားလေသလားဟု သံသယ ဖြစ်မိကြသည်။ ထို့အပြင် သူမက သူ့အတွက် ဝင်ကြေးတောင် စိုက်ပေးချင်နေသည်။
ကျောက်ရော့ရှီက အမှန်တစ်ကယ် လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး မိတ်ကပ်များ လိမ်းချယ်ထားသည့် အလှမျိုး မဟုတ်ပေ။ သူမ၏ အဝတ်အစားကလည်း သာမန်မျှသာ ရှိ၏။ သို့သော်လည်း သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို မဖုံးကွယ်ထားနိုင်ပေ။ သူမကိုယ် သူမသာ အနည်းငယ် ပြင်ဆင်လိုက်လျှင် ကျောင်း၏ အလှဆုံးမိန်းကလေးတောင်မှ သူမကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူမကို ပိုးပန်းနေသည့် သူများထဲတွင် ချမ်းသာသည့် ယောက်ျားလေး အနည်းငယ်ခန့် ပါလေသည်။ သို့သော်လည်း သူတို့အားလုံးကို သူမက ငြင်းထား၏။ လင်ဖေးလုံတစ်ယောက်သာ အခက်အခဲများကို ကျော်ဖြတ်ပြီး သူမ အနားသို့ ရောက်လာနိုင်ခဲ့သည့် တစ်ဦးတည်းသော ယောက်ျားလေး ဖြစ်သည်။ သို့သော် ကျောက်ရော့ရှီက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရုံသာ ရှိ၏။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကျောက်ရော့ရှီ၏ မာနက သူတို့ခန့်မှန်းထားသည့်ထက် ပိုမို ကျော်လွန်နေကြောင်း သိနိုင်သည်။ သို့သော်လည်း ယခု ကျောက်ရော့ရှီက ရှီဖုန်းကို တက်တက်ကြွကြွ ဖိတ်ခေါ်နေသည့် မြင်ကွင်းသည် သူတို့အတွက် အလွန်အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်းဖြစ်သည်။
ဤကဲ့သို့ အလှပဂေးတစ်ယောက်က သူတို့ကို ဖိတ်ခေါ်လျှင် မည်သူက ငြင်းဆန်နိုင်မည်နည်း။
သို့သော်လည်း ရှီဖုန်းကတော့ သူမ၏ ကြင်နာမှုကို လိမ္မာပါးနပ်စွာဖြင့် ငြင်းဆန်ခဲ့လေသည်။
ဘေးတွင် ရပ်ကြည့်နေသော လင်ဖေးလုံကတော့ သူတို့ပြောစကားများကို နားထောင်ရင်း နှလုံးသားထဲတွင် ဒေါသမီးများ တစ်ဟုန်းဟုန်း တောက်လောင်နေလေပြီ။
“ရှီဖုန်း… လူတစ်ယောက်က ကိုယ့်အဆင့်ကို သိသင့်တယ်… ပါတီပွဲကို ကျင်းဟိုင်မြို့ရဲ့ အထက်တန်းစား လူတွေပဲ လာကြမှာ… မင်းကတော့ ဝတ်ထားတဲ့ အဝတ်အစားနဲ့တင် လုံခြုံရေးတွေက မင်းကို မောင်းထုတ်လိမ့်မယ်… အဲ့ဒီအချိန်ရောက်ရင် မင်းက ငါတို့အခန်းက လူတွေအားလုံးကို အရှက်ရစေလိမ့်မယ်… “ လင်ဖေးလုံက လှောင်၍ ပြောလိုက်သည်။
“ဒီကိစ္စနဲ့ ပက်သတ်ပြီး မင်း စိတ်ပူစရာ မလိုပါဘူး… “ ရှီဖုန်းက လင်ဖေးလုံကို ကြည့်လိုက်ပြီး ကြိုးဝိုင်ပေါ်သို့ ညွှန်ပြကာ အေးစက်စက် ပြောလိုက်သည်… “အရင်က ငါ့ကို ဘယ်လိုနေထိုင်ရမလဲဆိုတာကို သင်ပေးချင်တယ်လို့ ပြောခဲ့တယ်မလား… ဒီနေရာ တိုက်ပွဲစင်မြင့်ပဲ… ဘာကြောင့် ငါ့ကို မသင်ပေးသေးတာလဲ… ငါ့ကို ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ပေးစမ်းပါ… “
“ရှီဖုန်း… မင်းကိုယ်မင်း အရမ်း တော်တယ်လို့ ထင်မနေနဲ့… ငါက တစ်တန်းလုံးရဲ့ အကြံပေးချက်အတိုင်း လိုက်လုပ်ခဲ့ရုံပဲ… “ လင်ဖေးလုံက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။
ထို့ကြောင့် သူက တုန့်ဆိုင်းနေသည့် မျက်လုံးများဖြင့် ရှီဖုန်းကို ကြည့်ပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွား၏။
ရှီဖုန်းနှင့် ပညာဖလှယ်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားပေ။ တိုက်ခိုက်ရေးပြိုင်ပွဲများကို ဝင်မပြိုင်ဖူးသည့် လူများက ရှီဖုန်း၏ ကြောက်စရာကောင်းမှုကို သိမှာ မဟုတ်ကြပေ။ ကျိုးယုဟူက အလွန်သန်မာသဖြင့် လင်ဖေးလုံကိုယ်တိုင်တောင်မှ ပြိုင်ဘက် မဟုတ်ပေ။ သို့သော်လည်း ကျိုးယုဟူက ရှီဖုန်းကို မျက်တောင်တစ်ခတ်အတွင်း ရှုံးနိမ့်သွားရသည်။ ထို့ကြောင့် ထိုပြိုင်ပွဲက မျှတသည့် ပြိုင်ပွဲ မဟုတ်ဘဲ တစ်ဖက်သတ်ပြိုင်ပွဲတစ်ခု ဖြစ်လေသည်။
“တစ်တန်းလုံးရဲ့ အကြံပေးချက် ဆိုပါလား… “ ရှီဖုန်းက ဘေးတွင် ရှိသည့် အတန်းဖော်များကို စိုက်ကြည့်ပြီး ခက်ထန်စွာ ပြောလိုက်သည်… “မင်းတို့ရဲ့ အကြံပေးချက်က ဘာလဲ… “
ယခုဆိုလျှင် အားလုံးက လင်ဖေးလုံဘက်မှ မရပ်တည်ရဲကြပေ။ လင်ဖေးလုံတောင်မှ ရှီဖုန်းကို အလွန်ကြောက်လန့်နေမှန်း အရူးတောင် သိနိုင်သည်။
“ကောင်းပြီ… ငါ အရှုံးကို ဝန်ခံတယ်… ငါ မျက်လုံးကန်းနေတာပါ… ငါ ဘာလုပ်ပေးရမလဲ ပြော… “
လင်ဖေးလုံက ကြိုးဝိုင်းထက်တွင် သတိလစ်နေသည့် ကျိုးယုဟူကို ကြည့်ပြီး အံကြိတ်ထားလိုက်သည်။ သူသာ ရှီဖုန်းနှင့် တိုက်ခိုက်လျှင် တစ်ချက်ပင် ခုခံနိုင်မည် မဟုတ်ပေ။ ထို့အတူ ရှီဖုန်းကလည်း သူ့ကို သနားလိမ့်မည်ဟု မထင်ပေ။
သူသာ ရှီဖုန်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရလျှင် ဆေးရုံပေါ်၌ အနည်းဆုံး တစ်လခန့် လှဲနေရနိုင်သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် သူက မြို့၏ တိုက်ခိုက်ရေးပြိုင်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်သည့်အပြင် သူကလည်း ထိုကဲ့သို့ အရှုံးမျိုးကို မလိုချင်ပေ။
“ကျောင်းက ချီးမြင့်တဲ့ ဘစ်ဒီပါလေ့ကျင့်ရေးစင်တာအတွက် ခရက်ဒစ် ငါးထောင်တန်ဘောက်ချာ… “
ဘစ်ဒီပါလေ့ကျင့်ရေးစင်တာတွင် ကျင်းဟိုင်မြို့၏ အတော်ဆုံး အာဟာရဗေဒပညာရှင် ရှိ၏။ ထိုဘောက်ချာနှင့်ဆိုလျှင် ရှီဖုန်းက ခန္ဓာကိုယ်အတွက် လိုအပ်နေသည့် အာဟာရများကို ဖြည့်တင်းနိုင်ပြီး ခန္ဓာကိုယ်ကို အားဖြည့်နိုင်လိမ့်မည် ဖြစ်သည်။
လင်ဖေးလုံးက ဘစ်ဒီပါလေ့ကျင့်ရေးစင်တာ၏ ဘောက်ချာကို လုံးဝ မပေးချင်ပေ။ ထိုဘောက်ချာကို အပြင်၌ ခရက်ဒစ်တစ်သောင်းပေးလျှင်တောင်မှ ဝယ်၍ မရပေ။
လင်ဖေးလုံးထံမှ ဘောက်ချာကို လက်ခံပြီးနောက် ရှီဖုန်းက တိုက်ခိုက်ရေးခန်းမထဲမှ ထွက်သွားတော့၏။
သူက အခန်းသို့ ပြန်ရောက်သောအခါ သူ့ခန္ဓာကိုယ်ကို စတင်လေ့ကျင့်လိုက်သည်။ ပင်ပန်းလာသည့်အခါမှာတော့ သူက အင်တာနက်ဖြင့် နတ်ဘုရားနယ်မြေနှင့် ကျင်းဟိုင်မြို့၏ လတ်တလော သတင်းများကို ရှာဖွေလိုက်သည်။ ထို့နောက် သူက အနာဂါတ်အတွက် လုံလောက်သော ပြင်ဆင်မှုများကို စတင်ပြုလုပ်တော့၏။
တက္ကသိုလ်မှ လုပ်ပေးသည့် ပါတီပွဲအတွက်ဆိုလျှင် ပို၍ မှန်ပေသည်။ ပါတီပွဲ မစခင် သူက လုံလောက်သော သတင်းအချက်အလက်များကို ပြင်ဆင်ထားရပေမည်။ မဟုတ်လျှင် သူ၏အစီအစဉ်က အောင်မြင်ရန် ခက်ခဲသွားပေလိမ့်မည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ ရှီဖုန်းက နေ့လည်စာ စားပြီး အိပ်ယာပေါ်တွင် လှဲလိုက်သည်။ ထို့နောက် သူက ပုံရိပ်ယောင်ဂိမ်းဦးထုပ်ကို ဆောင်းပြီး နတ်ဘုရားနယ်မြေဂိမ်းထဲသို့ ဝင်လိုက်သည်။