Chapter – 48 မမျှတသည့် ပြိုင်ပွဲတစ်ခု
ကြိုးဝိုင်းအောက်ရှိ ကျောင်းသား၊ကျောင်းသူများအားလုံးက ချင်းရှုယွီ၏ စကားကို မငြင်းကြပေ။ ထိုအစား သူမ၏ စကားက အဓိပ္ပါယ်ရှိသည်ဟုပင် ခံစားမိနေကြသည်။
မည်သို့ပင် ဆိုစေကာမူ ကျိုးယုဟူက တက္ကသိုလ်ပေါင်းစုံ သိုင်းပြိုင်ပွဲတွင် တတိယအဆင့် ရခဲ့သူဖြစ်ပြီး တိုက်ခိုက်ရေးပညာရပ်ကို သင်ပေးကြသော ဆရာများစွာ၏ ချီးကျူးမှုကိုလည်း ခံထားရသူ ဖြစ်သည်။ သူတို့က ကျိုးယုဟူသည် နောက်ပြိုင်မည့် ကျင်းဟိုင်မြို့ သိုင်းပြိုင်ပွဲတွင်လည်း နာမည်တစ်ခု ရယူနိုင်လိမ့်မည်ဟု ထင်ကြေးပေးကြသည်။ ထို့ကြောင့် ပိန်ညှောင်နေသည့် ရှီဖုန်းကဲ့သို့ ကျောင်းသားတစ်ယောက်ကို တိုက်ခိုက်ရသည်မှာ ကြက်ပေါက်စလေးတစ်ကောင်ကို သတ်ရန်အတွက် သားသတ်သမား၏ ဓားကို အသုံးပြုနေသကဲ့သို့ ဖြစ်နေသည်။
“သူက အခု ခေါင်းမာနေရင်တောင် ခဏနေကျရင်တော့ ဒူးထောက်တောင်းပန်လိမ့်မယ်လို့ ငါ ထင်တယ်… “
“အဲ့စကားက ပြောနေစရာတောင် မလိုဘူး… ကျိုးယုဟူက ဘယ်သူလဲ ပြန်စဉ်းစားကြည့်ဦး… ငါ အထင်ပြောရရင် ၁၀စက္ကန့်အတွင်း အဲ့ကောင် လဲကျသွားလိမ့်မယ်… “
အတန်းထဲမှ ကျောင်းသားများက ရှီဖုန်း၏ အဆုံးသတ်ကို ဆွေးနွေးရင်း ရယ်မောနေလေသည်။
“နင်တို့တွေက ဘယ်လိုလူတွေလဲ… ဒါက ကိုယ့်အတန်းက လူတစ်ယောက်ကို ဆက်ဆံရမဲ့ ပုံစံလား… “ ကျောက်ရော့ရှီက သူမ၏ အတန်းဖော်များကို ဒေါသထွက်နေသည့် အမူအရာဖြင့် ကြည့်ပြီး မေးလိုက်သည်။
ကျောင်းသား၊ကျောင်းသူများအားလုံး တိတ်ဆိတ်သွား၏။ သို့သော်လည်း ကျောက်ရော့ရှီကို ကြည့်သည့် သူတို့၏ မျက်လုံးထဲတွင် မနှစ်မြို့ဟန်များ ပါနေသည်။
အတန်းထဲရှိ လှပစွာ ဝတ်ဆင်ထားသော ကျောင်းသူတစ်ယောက်ကတော့ မကျေနပ်ဟန်ဖြင့် တိုးတိုးလေး ပြောလိုက်သည်… “နင်က ရုပ်လှတာလေးပဲ ရှိတာ… အစ်ကိုလုံကြောင့်သာ မဟုတ်ရင် နင့်စကားကို ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး… “
တခြားသူများကလည်း သူမ၏စကားကို ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့က အတန်းခေါင်းဆောင်ဖြစ်သော ကျောက်ရော့ရှီအား နည်းနည်းလေးမှ လေးစားမှု မရှိကြပေ။
ကျောင်းသူများက တိုးတိုးလေးသာ ပြောနေကြသော်လည်း ထိုစကားများကို အားလုံးက ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လင်ဖေးလုံက သူတို့၏ စကားများကို ကြားပြီး ပျော်ရွှင်သွားကာ အားလည်း တက်သွား၏။
ကျောက်ရော့ရှီက သူတို့အား အရေးမလုပ်တော့ဘဲ ဒေါသတကြီးဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
လင်ဖေးလုံက သူမထံသို့ လျှောက်သွားပြီး ညင်သာစွာ ပြောလိုက်သည်… “ရော့ရှီ… နင်က အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်လို့ ဒီကိစ္စမှာ ရွေးချယ်စရာ မရှိတာကို ငါ နားလည်ပါတယ်… ဒါပေမဲ့ ရှီဖုန်းက ပြဿနာ ရှာတာလေ… အဲ့တာကြောင့် နင်က တခြားသူတွေကို အပြစ်တင်လို့ မရဘူး… ပြီးတော့ ရှီဖုန်းရဲ့ ခန္ဓာကိုယ်သေးသေးလေးက နိုင်မယ်လို့လည်း ဘယ်သူမှ မထင်ဘူး… နင်က ပိုက်ဆံကို သမုဒ္ဒရာထဲ ပစ်ချလိုက်တာပဲ… ခဏနေရင် အစ်ကိုဟူကို နင့်ပိုက်ဆံ မယူဖို့နဲ့ ပိုက်ဆံကို ရှီဖုန်းဆီကပဲ ယူဖို့ ပြောပေးမယ်… “
“အမှန်ပဲ… ငါက အတန်းခေါင်းဆောင်မို့ ရှီဖုန်းကို ကူညီနေတာ… ဒါပေမဲ့ ပိုက်ဆံကိုတော့ အစကတည်းက ပြန်ယူဖို့ မတွေးထားဘူး… “
ကျောက်ရှော့ရှီက လင်ဖေးလုံအား အေးစက်စက် ဆက်ပြောလိုက်သည်… “တခြားတစ်ဖက်ကနေ ပြောရရင် နင်ကသာ ရှီဖုန်းရဲ့ ထောက်ခံစာကို လုတဲ့သူ… နင်က ရှီဖုန်းကို ကူညီရမဲ့အစား ပိုပြီးတော့တောင် အပြစ်တောင် ပြောနေသေးတယ်… နင့်နောက်ကွယ်မှာ တခြားသူတွေက ဝေဖန်မှာ နင် မကြောက်ဘူးလား… “
“ပြီးတော့ ဒါက ဘယ်လိုလုပ်ပြီး ပညာဖလှယ်တာ ဖြစ်မှာလဲ… တစ်ယောက်က ကျောင်းမှာ တတိယအဆင့် ရှိတဲ့သူ တစ်ယောက်က တိုက်ခိုက်နည်းစနစ်တစ်ခုတောင် မသိတဲ့သူ… အဲ့အကြောင်းကို နင့် ပါးစပ်က ထုတ်ပြောနေတာ နင် မရှက်ဘူးလား… “
ကျောက်ရော့ရှီ၏ စကားလုံးတိုင်းက လင်ဖေးလုံကို နာကျင်စေသည်။ ထို့အပြင် သူမ၏ လှပကျော့ရှင်သော သွင်ပြင်က ဖော်မပြနိုင်သည့် အားတစ်ခု ဖြစ်ပေါ်လာပြီး သူ့နှလုံးသားကို ရိုက်ခတ်နေလေသည်။ လင်ဖေးလုံးက ပြောစရာ စကား ကင်းမဲ့သွားပြီး ဒေါသကြောင့် သူ့မျက်နှာက ဖြူရော်သွား၏။
ကျောက်ရော့ရှီ ပြောသည့်အတိုင်းပင် အတန်းတိုင်း၌ ထောက်ခံစာ ရရှိမည့် လူက အရေအတွက် အကန့်အသတ်နှင့် ဖြစ်သည်။ အတန်းတစ်တန်းတွင် ထိပ်ဆုံး ၂၀ စာရင်းဝင်မှသာ ထောက်ခံစာ ရရှိမည် ဖြစ်သည်။ သို့သော်လည်း လင်ဖေးလုံက ကျင်းဟိုင်မြို့ သိုင်းပြိုင်ပွဲဝင်ခွင့်ကို ခက်ခက်ခဲခဲဖြင့် ကြိုးစား၍ ရယူခဲ့ခြင်း ဖြစ်သည်။ သူက ထောက်ခံစာ မရသည့် ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း တခြားသူများ သိသွားလျှင် သူက အရှက်ကွဲလိမ့်မည် ဖြစ်၏။
ကျောင်းကလည်း ထိုကိစ္စများနှင့် ပက်သတ်၍ အစကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ကျောင်းပြိုင်ပွဲတွင် အဆင့် ၅အတွင်း ဝင်နိုင်သူကိုသာ ထောက်ခံစာပေးရန် ဖြစ်သည်။ သို့သော် လင်ဖေးလုံက အဆင့် ၉ ဖြစ်သဖြင့် ထောက်ခံစာ မရပေ။ ထို့ကြောင့် လင်ဖေးလုံက ကျောင်းကို ထိုကိစ္စနှင့် ပက်သတ်၍ အကြံတစ်ခု ပေးခဲ့သည်။ ကျောင်းက လင်ဖေးလုံ၏ ရလဒ်များကို စစ်ဆေးကြည့်သောအခါ အဆင့် ၃၀အတွင်း ဝင်နေသဖြင့် သူ၏တောင်းဆိုချက်ကို လက်ခံပေးခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ယောက်က သူ့အတွက် ထောက်ခံစာကို လိုလိုလားလားဖြင့် လက်လျှော့ပေးရမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က ထောက်ခံစာကို လိုလိုလားလားဖြင့် လက်လျှော့ပေးရန်မှာ လင်ဖေးလုံအပေါ်တွင်သာ မူတည်လေသည်။
ရှီဖုန်းက ပျော့ညံ့သူတစ်ယောက် ဖြစ်သဖြင့် လင်ဖေးလုံက အတန်းမှ စုပေါင်းဖိအားနှင့် သူ၏သန်မာမှုကို ပေါင်းပြီး ရှီဖုန်းအား အလွယ်တကူ ဖိနှိပ်ရန် ဖြစ်သည်။ နောက်မှ ရှီဖုန်းအား အကျိုးအမြတ် အနည်းငယ် ပေးပြီး ကိစ္စကို အဆုံးသတ်ရန် ကြံရွယ်ထား၏။
သို့သော်လည်း ရှီဖုန်း၏ တုန့်ပြန်မှုများက သူထင်ထားသည်နှင့် အလွဲကြီး လွဲနေလေသည်။ ထို့အပြင် ရှီဖုန်းက သူ့အား ပြန်၍ပင် ပြောဆိုခဲ့သေး၏။ ယခုလည်း ကျောက်ရော့ရှီ၏ လှောင်ပြောင်မှုကို ခံလိုက်ရပြန်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် လင်ဖေးလုံ၏ နှလုံးသားထဲ၌ ဒေါသမီးများ လောင်မြိုက်နေလေတော့သည်။
“မှန်တယ်… ဒီပွဲက မမျှတဘူး… ဒါပေမဲ့ ရှီဖုန်းက အားနည်းတဲ့ သူ့ကိုယ်သူပဲ အပြင်တင်လို့ရမယ်… ဘယ်သူက ပြိုင်ဖို့ သဘောတူတာလဲ… ဒီအတွက် မင်းက ငါ့ကို အပြစ်လာတင်လို့လဲ မရဘူး… “
လင်ဖေးလုံက ကျောက်ရော့ရှီအား နီမြန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ကျောက်ရော့ရှီတွင် လှပသော ရုပ်ရည်နှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်သာ မရှိလျှင် သူက လွှင့်ပျံသွားအောင် တစ်ချက်လောက်တော့ ရိုက်ပြီး ဖြစ်နေလောက်လေပြီ။ သို့သော်လည်း သူက သည်းခံလိုက်၏။ ခွန်အားသုံး၍ ဖြေရှင်းခြင်းက ဉာဏ်ကောင်းသည့် လုပ်ရပ် မဟုတ်ပေ။ ထို့အပြင် ကျောက်ရော့ရှီ၏ မိသားစုနောက်ခံကလည်း မရိုးရှင်းပေ။ သူကသာ ပြဿနာ ရှာမိလိုက်လျှင် သူ့တစ်ဘဝလုံး ပျက်စီးသွားနိုင်သည်။ အနာဂါတ်တွင် သူက ကျောက်ရော့ရှီကို ဆော့ကစားနိုင်မည့်အကြောင်း တွေးမိလိုက်သောအခါ ရင်ထဲမှ ဒေါသများကလည်း အနည်းငယ် သက်သာသွား၏။
ဒီကောင်က ငါ့ကို ဒီလောက်ထိ မျက်နှာပျက်အောင် လုပ်တယ်ပေါ့။ တွေ့ကြသေးတာပေါ့ကွာ။ လင်ဖေးလုံက ရှီဖုန်းအား စိုက်ကြည့်ပြီး စိတ်ထဲမှ တေးထားလိုက်သည်။
ကြိုးဝိုင်းပေါ်ရှိ ရှီဖုန်းကတော့ လင်ဖေးလုံထံမှ ရန်လိုစိတ်ကို ခံစားမိပြီး လှောင်ပြုံး ပြုံးလိုက်သည်။
သို့သော်လည်း လင်ဖေးလုံ၏ စကားများထဲမှ တစ်ခုကိုတော့ သဘောတူပေသည်။
ဒါက တစ်ကယ်ကို မမျှတသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ယခင်ဘဝတွင် ရှီဖုန်း၏ ကိုယ်လုံးကိုယ်ပေါက်က ပထမတန်းစား တိုက်ခိုက်ရေးသမားများနှင့် မယှဉ်နိုင်သော်လည်း သူတို့က နိုင်အောင် တိုက်ခိုက်နိုင်သေး၏။ သူက အနိုင်ရရန်အတွက် နတ်ဘုရားနယ်မြေတွင် တိုက်ခိုက်ခဲ့သည့် သေခြင်း၊ရှင်ခြင်းတိုက်ပွဲများမှ အတွေ့အကြုံများကို အသုံးပြုခဲ့သည်။ တိုက်ပွဲ၁၀၀ကို ဖြတ်ကျော်လာခဲ့သည့် စစ်သည်တစ်ယောက်က သူရဲကောင်းတစ်ယောက် မဖြစ်နိုင်စရာ မကြောင်း မရှိပေ။
သိုင်းပညာရှင်များသည်လည်း ထိုကဲ့သို့ပင် သူတို့က လေ့ကျင့်မှုများဖြင့် အဆုံးစွန်ထိ တွန်းအားပေးပြီး နောက်ဆုံးအခြေအနေထိ ရောက်သွားသည့် ခံစားချက်ကို အသုံးချကာ သူတို့ကိုယ် သူတို့ တိုးတက်အောင် ပြုလုပ်ကြသည်။ သို့သော်လည်း ထိုသို့ နည်းလမ်းများကာ အန္တရာယ်များလွန်းလှသည်။ သာမန်လူတစ်ယောက်က ထိုကဲ့သို့သော နည်းလမ်းကို သုံးလိမ့်မည် မဟုတ်ပေ။ ထိုနည်းလမ်းက နည်းနည်းလောက် အမှားပါလိုက်သည်နှင့် သူတို့၏ဘဝများကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
ရှီဖုန်းက သေရေးရှင်ရေး တိုက်ပွဲများစွာကို ကိုယ်တိုင်တွေ့ကြုံရပြီးနောက် သူ၏တိုက်ပွဲအတွေ့အကြုံနှင့် နည်းစနစ်များက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တိုက်ခိုက်ရာတွင် သူ၏ အရည်အချင်းက နိုင်ငံအဆင့် တိုက်ခိုက်ရေးသမားများထက် များစွာ မြင့်မား၏။
ရှဲဒိုးအဖွဲ့၏ ကပ္ပတိန်ဖြစ်ခဲ့သော ရှီဖုန်းကို မပြောသေးနှင့် အချိန်ဆယ်နှစ် ကစားဖူးသော နာမည်ရ ကစားသမားတိုင်းက ကျင်းဟိုင်မြို့၏ ချန်ပီယံကို အနိုင်တိုက်နိုင်လေသည်။
ရှီဖုန်း၏ မျက်လုံးထဲတွင် တက္ကသိုလ်သိုင်းပြိုင်ပွဲများသည် ကလေးများ ကစားသကဲ့သို့ပင် ဖြစ်၏။ ထို့အပြင် လက်ရှိ ခန္ဓာကိုယ်က နောင်ဆယ်နှစ်အကြာတွင် ရှိနေမည့် ခန္ဓာကိုယ်ထက်လည်း သာပေသည်။ လင်ဖေးလုံ ၅ယောက် သိုမဟုတ် ၆ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ သူ့အတွက် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
“ကောင်စုတ်လေး… စိတ်အေးလက်လေးနဲ့ လျှောက်ကြည့်နေတယ်ပေါ့… မင်းကို ငါ ဘယ်လို ဆုံးမ မလဲ ကြည့်ထား… “
ကျိုးဟုယူက ထိုသို့ ပြောပြီး ရှီဖုန်းထံသို့ ပြေးဝင်သွား၏။ သူက အရင်ဆုံး အရှက်ခွဲရန်အတွက် ရည်ရွယ်ပြီး ရှီဖုန်း၏ မျက်နှာကို လျှပ်တစ်ပြတ် ရိုက်ချလိုက်သည်။
ရှီဖုန်းကလည်း ကျိုးယုဟူ၏ ရည်ရွယ်ချက်ကို သိနေသည်။ သူက သူ့ထက်သန်မာသော လူနှင့် ရင်ဆိုင်နေရသော်လည်း အရင် လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူက ကျိုးယုဟူ ရိုက်ချက်ကို လျစ်လျူရှုပြီး ကျိုးယုဟူ၏ မျက်နှာဆီသို့ သာမန်လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
ရှီဖုန်း၏ လက်သီးက သူ၏ မျက်နှာဆီသို့ အတိအကျ ဝင်လာလိမ့်မည်ဟု ကျိုးယုဟူ မထင်ထားခဲ့ချေ။ အလိုအလျောက်ပင် ကျိုးယုဟူက သူ့လက်ကို သုံးပြီး လက်သီးကို ကာလိုက်သည်။
ကျိုးယုဟူ၏ တုန့်ပြန်မှုကို မြင်သောအခါ ရှီဖုန်း၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရှီဖုန်း၏ လက်က ကျိုးယုဟူ၏ လည်ပင်းဆီသို့ ခုတ်ချလိုက်သည်။ ထိုခုတ်ချက်ကိုတော့ ကျိုးယုဟူက မကာကွယ်နိုင်တော့ဘဲ လည်ပင်းကို ခုတ်ခံလိုက်ရသည်။ ခွဲစိတ်ခန်းမှ ဓားသွားကဲ့သို့ တိကျမှုမျိုးဖြင့် ရှီဖုန်း၏လက်က ကျိုးယုဟူ၏ လည်ပင်းရှိ အဓိကသွေးလွှတ်ကြောကို ထိမှန်သွား၏။
ရုတ်တရက်ဆိုသလိုပင် ကျိုးယုဟူ၏ အမြင်က ဝေဝါးသွား၏။ ထို့အတူ သူ့ခန္ဓာကိုယ်မှ ခွန်အားများက ဆုံးရှုံးသွားပြီး မွန်းကြပ်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။
ရှီဖုန်းက ကျိုးယုဟူအား အသက်ရှုခွင့် မပေးချေ။ သူက ကျိုးယုဟူ၏ ဝမ်းဗိုက်ဘေးသို့ လက်သီးတစ်ချက် ချက်ချင်း ထိုးလိုက်သည်။ ကျိုးယုဟူက ထိုတိုက်ခိုက်မှုကို တားချင်သော်လည်း သူ့ခန္ဓာကိုယ်က သူ့အတွေးများကို ငြင်းဆန်နေလေသည်။ သူ၏အူထဲမှ နာကျင်မှုကိုသာ ခံစားလိုက်ရပြီး ပါးစပ်မှ ဝါကြင့်ကြင့်အရည်များ ထွက်လာသည်။ ကျိုးယုဟူ၏ အမြင်အာရုံက ဝေဝါးနေပြီး သူက အော်ဟစ်ချင်လျှင်တောင်မှ မအော်နိုင်တော့ပေ။
ကျိုးယုဟူ၏ ခန္ဓာကိုယ်က အောက်သို့ အလိုအလျောက် လဲကျချင်သော်လည်း ရှီဖုန်းက လဲကျရန် အခွင့်အရေး မပေးပေ။ ကျိုးယုဟူ၏ ဝမ်းဗိုက်ကို ပထမဦးဆုံးလက်သီး ထိမှန်သွားပြီးနောက် နံရိုးများဆီသို့ လက်သီးထိုးချက်များက တစ်ချက်ပြီးတစ်ချက် ထိမှန်လာသည်။ လက်သီးချက်များကို ဆက်တိုက် အထိုးခံလိုက်ရပြီးနောက် ကျိုးယုဟူ၏ ဝမ်းဗိုက်အတွင်းမှ အက်စစ်ရည်များအားလုံးလည်း ပါးစပ်မှ ထွက်ကျပြီး ဖြစ်နေလေသည်။ ထို့နောက် ကျိုးယုဟူ၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်ကို ခွေးသေတစ်ကောင်ကဲ့သို့ လဲကျသွားလေတော့သည်။
တိုက်ခိုက်ရေးခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွား၏။ မြန်လွန်းသောကြောင့် မည်သူကမှ တုန့်ပြန်မှုတစ်ခုပင် မလုပ်နိုင်လိုက်ကြပေ။
ကျိုးယုဟူ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးမှသာ ဒိုင်လူကြီးလည်း လှုပ်ရှားလာတော့၏။ ချက်ချင်းပင် ပြိုင်ပွဲပြီးဆုံးပြီး ရှီဖုန်း အနိုင်ရကြောင်း ကြေငြာလိုက်သည်။ တစ်ချိန်တည်းမှာပင် ဒိုင်လူကြီးက အပြေးသွားပြီး ကျိုးယုဟူအား စစ်ဆေးကြည့်လိုက်သည်။
ယခု ရလဒ်ကို ဒိုင်လူကြီးလည်း မထင်မှတ် ထားခဲ့ပေ။ တက္ကသိုလ်တိုက်ခိုက်ရေးပြိုင်ပွဲတွင် တတိယ ရရှိသော ကျောင်းသားက ပိန်ညှောင်နေသည့် ကျောင်းသားတစ်ယောက်ကိုတောင်မှ မယှဉ်နိုင်ခဲ့ပေ။
ကျိုးယုဟူက အားနည်းခြင်း မဟုတ်ဘဲ ပိန်ညှောင်ညှောင်ကောင်လေးကသာ သန်မာနေခြင်း ဖြစ်သည်။ ကျိုးယုဟူ၏ ပြိုင်ပွဲများကို ကြည့်ဖူးသဖြင့် ကျိုးယုဟူက အလွန်သန်မာသည့် ကျောင်းသားတစ်ယောက် ဖြစ်သည်ကို ဒိုင်လူကြီး သိ၏။ ဒိုင်လူကြီးတောင်မှ ကျိုးယုဟူနှင့် ရင်ဆိုင်ရလျှင် လွယ်မည် မဟုတ်ပေ။
ကျိုးယုဟု၏ ဒဏ်ရာများကို စစ်ဆေးကြည့်ပြီးနောက် ဒိုင်လူကြီးသည် အလွန်အံ့အားသင့်သွား၏။ ရှီဖုန်း၏ တိုက်ခိုက်မှုများက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တိုက်ခိုက်မှု တစ်ခုတိုင်းက ကျိုးယုဟူ၏ နံရိုး ၂ချောင်း သို့မဟုတ် ၃ချောင်းခန့်ကို ချိုးပစ်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ မရစေခဲ့ပေ။ ကျိုးယုဟူက ရင်ဘတ်မှ ဒဏ်ရာ သက်သာစေရန် ဆေးရုံတွင် တစ်လကျော်ခန့် နေရုံသာ လိုအပ်ပေသည်။