Switch Mode

Chapter – 47

ငါ နင့်ကို လေးစားတယ်

Chapter – 47 ငါ နင့်ကို လေးစားတယ်

ရှီဖုန်းထံသို့ ကျိုးယုဟူက ဟိတ်ဟန်ကြီးမားစွာဖြင့် လျှောက်သွား၏။ ရှီဖုန်းကို သူကိုယ်တိုင် ပညာကောင်းကောင်း ပေးချင်နေသည်။

ယခင်တုန်းက တခြားသူများကိုသာ ခိုင်းလေ့ရှိသော်လည်း ရှီဖုန်းက သင်ခန်းစာ ကောင်းကောင်း ရသေးဟန် မတူပေ။ ယနေ့ သူက ရှီဖုန်းကို အရိုးထဲထိ စွဲနေအောင် သင်ခန်းစာ ပေးချင်နေသည်။

အခန်းထဲရှိ အားလုံးကလည်း မည်သို့ဖြစ်ပျက်တော့မည်ကို ကြိုမြင်နိုင်ပေသည်။

ခန္ဓာကိုယ်ကို ဦးစားပေးသော ယနေ့ခေတ် လူအဖွဲ့အစည်းတွင် ကျောင်းသားများအကြား ခိုက်ရန် ဖြစ်ပွားခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ ဒဏ်ရာအသေးအမွှား ရလျှင်တောင်မှ သာမန်သာ ဖြစ်၏။ ဒဏ်ရာ အပြင်းအထန် မရသရွေ့ မည်သည့်ပြဿနာမှ ဖြစ်လာမည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိ ကျိုးယုဟူ၏ စိတ်အခြေအနေအရ ရှီဖုန်းသည် အနည်းဆုံး တစ်လခန့် ဆေးရုံပေါ်သို့ ရောက်သွားနိုင်သည်။ ထိုအချိန်ရောက်လျှင် ရှီဖုန်းက ကျောက်ပတ်တီးစီး၍ ဘွဲ့ယူရနိုင်သည်။

“နေပါဦး… ကျိုးယုဟူ… ဒါ ငါတို့အတန်း… တခြားအတန်းက နင်က ဘာကိစ္စနဲ့ ငါတို့အတန်းက လူကို ပြဿနာ လာရှာနေတာလဲ… “ ကျောက်ရော့ရှီ၏ နူးညံ့သောခန္ဓာကိုယ်လေးက ရှီဖုန်း၏ အရှေ့တွင် ပိတ်ရပ်လိုက်သည်။ သူမက ကျိုးယုဟူ၏ ခြိမ်းခြောက်သည့်အမူအရာကို နည်းနည်းလေမှ မကြောက်ဘဲ ပြန်၍ပင် ဝေဖန် ပြောဆိုနေလေသည်။

ကျောက်ရော့ရှီ၏ အပြုအမူကြောင့် အတန်းထဲရှိ ကျောင်းသား၊ကျောင်းသူများအားလုံးက မှင်သက်သွား၏။ ပုံမှန်ဆိုလျှင် နူးညံသိမ့်မွေ့ပြီး ယဉ်ကျေးသော ကျောက်ရော့ရှီက ရှီဖုန်းကဲ့သို့ လူကို ကာကွယ်ပေးလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။ သူမက ကျိုးယုဟူကိုပင် စိန်ခေါ်လိုက်သေး၏။ ဤကဲ့သို ရဲရင့်ရန် သူမတွင် သန်မာသော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားရပေမည်။

“ရော့ရှီ… ပြဿနာ မရှာစမ်းပါနဲ့… အစ်ကိုဟူက ရှီဖုန်းကို နည်းနည်းလောက် သင်ပြပေးမလို့ပါ… ပြောရမယ်ဆိုရင် သူက ကံတောင် ကောင်းသေးတယ်… ရှီဖုန်းက အမြဲတမ်း အနိုင်ကျင့်ခံနေရတာ… အစ်ကိုဟူရဲ့ သင်ပြပေးမှုနဲ့ဆိုရင် သူက တိုးတက်လာပြီး လူတော်တစ်ယောက် ဖြစ်လာနိုင်တယ်… “ လင်ဖေးလုံက ပြုံးပြီး ပြောလိုက်သည်။

သာမန်ထက်ပိုသော ရုပ်ရည်နှင့် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပိုင်ဆိုင်ထားသည့် ကျောက်ရော့ရှီကို သူ၏အပိုင်အဖြစ် ယခင်ကတည်းက သတ်မှတ်ထားပြီး ဖြစ်သည်။ သူမက ရှီဖုန်းအတွက် ရပ်တည်ပေးလာလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိခဲ့ချေ။ ရုတ်တရက် ဆိုသလိုပင် သူ့စိတ်ထဲ၌ ရှီဖုန်းကို ဒေါသအလွန်ထွက်သွား၏။

သို့သော် သူ၏ဒေါသကို ထုတ်ဖော်ပြလျှင်လည်း သူ့အတွက် ကောင်းကျိုးမရှိတာကြောင့် ကျောက်ရော့ရှီ၏ နူးညံ့သောလက်လေးကို ဆွဲလိုက်သည်။ ရှီဖုန်းအား ကာပေးထားခြင်းမှ တားဆီးရန် သူမကို ဆွဲလိုက်ခြင်း ဖြစ်သည်။

“လင်ဖေးလုံ… အတန်းရဲ့ ဂုဏ်ဆောင်တစ်ယောက် ဖြစ်ပြီး ကိုယ့်အတန်းရဲ့ ကျောင်းသားက အနိုင်ကျင့်ခံရမှာကို ဒီအတိုင်း ကြည့်နေမှာလား… “ ကျောက်ရော့ရှီက လင်ဖေးလုံ၏ လက်ကို ခါချကာ ဒေါသတကြီး ပြောလိုက်သည်။
အစကတော့ လင်ဖေးလုံကို လူကောင်းတစ်ယောက်ဟု ထင်မိခဲ့သည်။ လင်ဖေးလုံက သိုင်းပြိုင်ပွဲတွင်လည်း ကောင်းမွန်စွာ စွမ်းဆောင်ပြနိုင်ခဲ့၏။ ထို့ကြောင့်လည်း လူကောင်းတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လင်ဖေးလုံက လူကောင်းယောင် ဟန်ဆောင်နေသည့် အကျင့်မကောင်းသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။

“ရော့ရှီ… ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေ ပြောနိုင်ရတာလဲ… မင်း အထင်လွဲနေပြီ… ရှီဖုန်း ကောင်းကောင်း မနေတတ်တာ ငါနဲ့မှ မဆိုင်ဘဲ… အခု အစ်ကိုဟူက ဘယ်လိုနေရမလဲ သင်ပေးမလို့လေ… နောင်ကျရင် ဒါက သူ့အတွက် အကျိုးရှိလာမှာပါ… “ ရှီဖုန်း၏ ကောင်းကျိုးအတွက် ပြုလုပ်နေသကဲ့သို့ လင်ဖေးလုံက သူ့ဘက်မှ မှန်နေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“နင်… “

လင်ဖေးလုံကြောင့် ကျောက်ရော့ရှီက အလွန် ဒေါသထွက်သွား၏။ ထို့နောက် သူက ရှီဖုန်းထံသို့ လှည့်ပြီး ပြောလိုက်သည်… “မြန်မြန် ပြန်တော့… ငါ သူ့ကို ထိန်းထားလိုက်မယ်… “

“ဒီကောင်မလေးက စိတ်ဝင်စားစရာ ကောင်းပြီး ဆွဲဆောင်မှုလည်း ရှိတာဘဲ… ငါ ဒါကို ကြိုက်တယ်… “

ကျိုးယုဟူ၏ ကျောက်ရော့ရှီ၏ တစ်ကိုယ်လုံးအား သိမ်းကျုံးကြည့်ပြီး လွန်စွာ သဘောကျနေလေသည်။ ထို့နောက် သူက ကျောက်ရော့ရှီ၏ နူးညံ့သော မျက်နှာလေးကို ထိရန် လက်ကို ဆန့်လိုက်ရင်း လူယုတ်မာအပြုံးတစ်ခုကို ဖန်ဆင်းလိုက်လေသည်။ ယခုအချိန်တွင် သူက ရှီဖုန်းအား လုံးဝ ဂရုမစိုက်တော့ချေ။

သို့သော် သူ၏လက်က ကျောက်ရော့ရှီအား မထိခင် တစ်စုံတစ်ယောက်က သူ့လက်က ဖြတ်ရိုက်ချလိုက်သည်။

“ကျိုးယုဟူ… မင်းက ငါနဲ့ ပညာဖလှယ်ချင်တယ်ဆိုရင် ငါ လက်ခံပေးနိုင်တယ်… ဒါပေမဲ့ ဒီအတိုင်းဆိုရင် အဓိပ္ပါယ် မရှိလှဘူး… အလောင်းအစားလေး နည်းနည်းလောက်ထည့်ပြီး ဖလှယ်ကြမယ်… “ ရှီဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထို့နောက် သူက ကျောက်ရော့ရှီ၏ ကျောက်စိမ်းကဲသို့သော လက်မောင်းကို ဆွဲကာ ဘေးသို့ ပို့လိုက်သည်။

ကျောက်ရော့ရှီက ရှီဖုန်း၏ အပြုအမူများကို မည်သို့မှ မတုန့်ပြန်နိုင်လိုက်ပေ။ ရှီဖုန်း၏ နောက်သို့ ပို့ခံလိုက်ရသည့်အချိန်အထိ ရှီဖုန်းကိုသာ အံ့အားသင့်‌နေသည့် အမူအရာဖြင့် ကြည့်နေလေသည်။

ရှီဖုန်းက ဘယ်အချိန်ကတည်းက ဒီလောက်ထိ ယောက်ျား ပီသသွားတာလဲ။

သို့သော်လည်း သူမက ရှီဖုန်းသည် အလွန် မိုက်မဲသည်ဟုသာ ခံစားမိလိုက်သည်။ သူက ဘယ်လိုလုပ် ကျိုးယုဟူနှင့် ပညာချင်း ဖလှယ်နိုင်မည်နည်း။ ယခုဆိုလျှင် ကျိုးယုဟူက ရှီဖုန်းကို ပညာပေးရန် အကြောင်းပြချက် ရသွားလေပြီ။

ကျိုးယုဟူက အလွန်ဒေါသထွက်နေပြီး နီရဲနေသော လက်ကို ပွတ်နေသည်။ ရှီဖုန်းကို ကြည့်လိုက်သောအခါ ရှီဖုန်းက အလွန်တည်ငြိမ်နေသည်ကို မြင်လိုက်ရ၏။ ရှီဖုန်းကို မြင်ရသည်မှာ တခြားတစ်ယောက်ကို မြင်နေရသကဲ့သို့ပင်။ ယခင်တုန်းက ရှီဖုန်းသည် အလွန်ဒေါသထွက်လွယ်ပြီး တခြားသူများနှင့် ရန်ဖြစ်တတ်၏။ ယခုတော့ ဒေါသထွက်သည့် အမူအရာ မရှိသည့်အပြင် ပျော်ရွှင်နေသည့်ဟန်ဖြင့် ပြုံးနေလိုက်သေး၏။

ဦးနှောက်များ တစ်ခုခု ထိခိုက်သွားတာလား။

ရှီဖုန်း၏ လက်က ကျောက်ရော့ရှီအား ဆွဲထားသည်ကို မြင်သောအခါ လင်ဖေးလုံက ဒေါသအလွန် ထွက်သွားပြီး ချက်ချင်းပင် တစ်ခုခု ထလုပ်ချင်လာသည်။ သို့သော်လည်း စိတ်ကို ထိန်းလိုက်၏။ နောက်ကျလျှင် ရှီဖုန်းအား သူ့နေရာ သူသိသွားအောင် ပြပေးလိုက်မည်ဟု စိတ်ထဲတွင် တွေးထားလိုက်သည်။

“ကောင်လေး… မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့… တစ်ကယ်ကို စိတ်ဝင်စားစရာပဲ… ခရက်ဒစ် ၁၀၀၀ကြေး လောင်းမယ်… မင်းရှုံးရင် ဒူးထောက်ပြီး တောင်းပန်ရမဲ့အပြင် ငါ့ကိုလည်း ခရက်ဒစ် ၁၀၀၀ ပေးရမယ်… ဘယ်လိုလဲ လောင်းရဲလား… “

ကျိုးယုဟူက ယုတ်ညံ့စွာ ပြုံးလိုက်သည်။ ရှီဖုန်းက သူ့ကို ရန်စရဲသည်အထိ ဂေါက်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

“ဒီအလောင်းအစားက အရမ်းနည်းတယ်… ဒီလောက် အလောင်းအစားကို ကျယ်ကျယ်ပြောရဲတာ မင်း မရှက်ဘူးလား… “

ရှီဖုန်းက အထင်သေးသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ရက်လေး နည်းနည်းလောက် မတွေ့တာနဲ့ မင်း တော်တော် သတ္တိရှိလာပါလား… ပြောစမ်းပါဦး… မင်းက ဘယ်လောက်ထိ လောင်းချင်လို့လဲ… “

ကျိုးယုဟူက အလွန်ဒေါသထွက်နေလေသည်။ ရှီဖုန်းက ဆင်းရဲသည့်အတွက် ခရက်ဒစ် ၁၀၀၀ကို မတတ်နိုင်မှန်း သူ သိထား၏။ သို့သော်လည်း ယခုမူ ရှီဖုန်းက လောင်းကြေးကိုပင် တိုးချင်နေသေး၏။ ကြည့်ရတာ ဒီကောင့်ရဲ့ ခေါင်းက တစ်ခုခု ဖြစ်သွားပြီ ထင်တယ်။

“ကျောင်းပေါင်းစုံ သိုင်းပြိုင်ပွဲမှာ ဘစ်ဒီပါလေ့ကျင့်ရေးစင်တာရဲ့ အဖွဲ့ဝင်ကဒ်ကို မင်း ရခဲ့တယ်မလား… အဲ့တာနဲ့ လောင်းမယ်… ငါ ရှုံးရင် တစ်လကြာတာနဲ့ မင်းကို ခရက်ဒစ် တစ်သောင်း ပေးမယ်… လောင်းဖို့ သတ္တိမရှိရင် တိုက်ခိုက်ဖို့ကို မေ့လိုက်တော့… “ ရှီဖုန်းက ကျိုးယုဟူ၏ စိတ်ကို ဆွပြီး ရန်စကား ဆိုလိုက်သည်။

ယခင်ဘဝတွင် ကျိုးယုဟူက အဖွဲ့ဝင်ကဒ်ကို လူတကာရှေ့တွင် ထုတ်ကြွားခဲ့သည်။ ယခု ထိုအရာကို သူက ခန္ဓာကိုယ်လေ့ကျင့်ရန်အတွက် သုံးရပေမည်။ ဘစ်ဒီပါလေ့ကျင့်ရေးစင်တာသည် ကျင်းဟိုင်မြို့တွင် နာမည်ကြီး၏။ ပတ်ဝန်းကျင်ကလည်း ကောင်းမွန်ပြီး လေ့ကျင့်ရေးပစ္စည်းများကလည်း စုံလင်လှသည်။ သာမန်လူတစ်ယောက်ဆိုလျှင် VIPအဖွဲ့ဝင်တစ်ယောက် ဖြစ်ရန် မဆိုထားနှင့် အထဲသို့ပင် ဝင်ခွင့် မရှိပေ။ သာမန်အဖွဲ့ဝင် ဖြစ်ရန်တောင်မှ ခရက်ဒစ် ရှစ်ထောင်မှ ကိုးထောင်အထိ ကုန်ကျနိုင်သည်။

“ငါက ဒီကဒ်ကို လောင်းလိုက်ရင်တောင်မှ မင်းလို ဆင်းရဲသားက ခရက်ဒစ် တစ်သောင်းကို ဘယ်က ရှာလာမှာလဲ… စကားလောက်နဲ့ ငါက မယုံနိုင်ဘူး… “

ကျိုးယုဟူက အေးစက်စွာ ရယ်မောလိုက်သည်။

ကျိုးယုဟူ၏ စကားက အမှန်ပင်။ လက်ရှိတွင် ရှီဖုန်းထံ၌ တစ်သောင်း မပြောနှင့် တစ်ပြားပင် မရှိပေ။ ထို့ကြောင့် တစ်လကြာပြီးမှသာ ခရက်ဒစ် တစ်သောင်းပေးမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ကျိုးယုဟူက သူ့ကို မယုံဘဲ လှောင်ပြောင်လိုက်လေသည်။ သည်တစ်ကြိမ်တွင်တော့ သူ၏အကြံအစည်က အလုပ်ဖြစ်မည်ဟု ရှီဖုန်းက မထင်တော့ပေ။

“ရှီဖုန်း… နင့်ရဲ့ အခြေအနေကို ငါ မသိဘူး ထင်နေတာလား… ဆင်းရဲလွန်းလို့ အသားနဲ့တောင် ထမင်းမစားနိုင်တာကို ချမ်းသာချင်ယောင် ဆောင်နေသေးတယ်… “ ချင်းရှုယွီက ရှီဖုန်းကို ကြည့်ပြီး အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ခရက်ဒစ် တစ်သောင်းကို ငါ ပေးမယ်… “ ကျောက်ရော့ရှီက ရုတ်တရက် ဝင်ပြောလိုက်သည်။

ကျောက်ရော့ရှီ၏ နောက်ထပ် ကာကွယ်ပေးမှုကို တွေ့သောအခါ လင်ဖေးလုံ၏ မျက်လုံးများက နီရဲသွား၏။ ဖြစ်နိုင်လျှင် သူက ယခုချက်ချင်းပင် ရှီဖုန်းကို ရှင်းထုတ်ပစ်ချင်သည့် စိတ်များ ဖြစ်ပေါ်လာသည်။

ရှီဖုန်းသည်လည်း အံ့အားသင့်သွားပြီး ကျောက်ရော့ရှီကို လှည့်ကြည့်လိုက်သည်။ ကျောက်ရော့ရှီက ဘယ်လိုလုပ်ပြီး ပိုက်ဆံအများကြီး ရှိနေရသည်ကို မစဉ်းစားနိုင်တော့ပေ။ သူက ကျောက်ရော့ရှီ၏ မိသားစုနောက်ခံကို ရှင်းရှင်းလင်းလင်း မသိပေ။ သူမ၏ မိသားစုက ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရုံသာ ရှိသည်ဟု သိထား၏။ သို့သော်လည်း ထိုများပြားသော ပိုက်ဆံပမာဏကိုတောင် သူ့ကို ယုံပြီး အလောင်းအစား ပြုရဲ၏။ မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်ရသည်ကို နားမလည်နိုင်ပေ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကလည်း အစကတည်းက အလွန်‌ ကောင်းမွန်သည့်အထဲ မပါချေ။

ကျောက်ရော့ရှီက ရှီဖုန်းကို ကြည့်လိုက်သည်။ ရှီဖုန်း၏ အံ့အားသင့်ခြင်းကိုလည်း သူမ နားလည်နေသည်။

“ငါ နင့်ကို ပိုက်ဆံချေးတာက ကျိုးယုဟူရဲ့ မောက်မာမှုကို ကြည့်မရလို့… ငါ နင့်ကို လေးစားတယ်… နင် ရှုံးရင်တောင်မှ ဂုဏ်သိက္ခာရှိရှိ ရှုံးပါ… “

“ကျေးဇူးတင်ပါတယ်… ငါ မင်းကို နှစ်ဆ ပြန်ဆပ်မယ်… “ ရှီဖုန်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဤပိုက်ဆံက သူ့အတွက် အလွန်အရေးကြီး၏။ ယခု ကျိုးယုဟူက လောင်းကြေးကို သဘောတူပေတော့မည်။ ရှီဖုန်းသာ အဖွဲ့ဝင်ကဒ်ကို ရလျှင် ခန္ဓာကိုယ်ကို ပုံမှန်လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။

စောစောလေ့ကျင့်ခြင်းက နောက်ကျမှ လေ့ကျင့်ခြင်းထက် ပိုကောင်း၏။ ရှီဖုန်းက စောစော လေ့ကျင့်နိုင်လေ သူ့အတွက် အကျိုးရှိလေဖြစ်သည်။ သည်တစ်ခေါက်တွင် ကျောက်ရော့ရှီက သူ့အား အကြီးအကျယ် ကူညီလိုက်ခြင်း ဖြစ်သည်။ သူက နတ်ဘုရားနယ်မြေတွင် ပိုက်ဆံရှာနိုင်သည့်အခါ အပိုတစ်သောင်း ထပ်ပေးရခြင်းက နည်းသည်ဟုပင် သတ်မှတ်နိုင်သည်။

သို့သော်လည်း ကျောက်ရော့ရှီက ရှီဖုန်း၏ စကားများကို အတည်မယူပေ။ သူမက ပြုံးပြီးတော့သာ ခေါင်းညိတ်ပြလိုက်သည်။ နှစ်ဆ မပြောနှင့် ရှီဖုန်းက သူမ၏ ပိုက်ဆံကိုပင် ပြန်ပေးနိုင်လိမ့်မည်ဟု မထင်ပေ။

“ဟား… ဟား… ဟား… စိတ်ဝင်စားဖို့ကောင်းသားပဲ… ဒါဆို ပြိုင်ဖို့အတွက် စာချုပ်ချုပ်ရအောင်… “

ကျိုးယုဟူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ယခု သူက ကျောက်ရော့ရှီအား ပို၍ပင် စိတ်ဝင်စားသွား၏။ နတ်ဘုရားနယ်မြေတွင် ကံဆိုးခဲ့သော်လည်း ပြင်ပကမ္ဘာတွင်တော့ မိန်းမလှတစ်ယောက်ကို တွေ့ရသည့်အပြင် ရှီဖုန်းကို ပညာပေးပြီး ခရက်ဒစ် တစ်သောင်းကိုပါ ရဦးမည် ဖြစ်သည်။ ဒါက တစ်ကယ်ကို ကံကောင်းခြင်း ဖြစ်သည်။

ထို့နောက် အားလုံးက ကျောင်းအတွင်းရှိ တိုက်ခိုက်ရေးကြိုးဝိုင်းဆီသို့ ရောက်သွား၏။ ဗဟိုဦးနှောက်၏ ကြီးကြပ်မှုအောက်တွင် ရှီဖုန်းနှင့် ကျိုးယုဟူက လက်မှတ်ထိုး၍ စာချုပ် ချုပ်ဆိုကြသည်။ ဗဟိုဦးနှောက်မှ နှစ်ဦးသဘောတူစာချုပ်များကို ဥပဒေကလည်း အသိအမှတ် ပြုထား၏။

တိုက်ခိုက်ရေးကြိုးဝိုင်းတွင် ဒိုင်လည်း ရှိ၏။ ပုံမှန်အားဖြင့် ဒိုင်သည် ကျောင်းသားများကို အတိုက်အခိုက် ပညာရပ်များ သင်ပေးသည့် ဆရာ ဖြစ်သည်။ ဒိုင်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ မရစေရန် တားဆီးနိုင်သော အစွမ်းအစလည်း ရှိ၏။

တခြားကျောင်းသားများက ကြိုးဝိုင်း၏ အောက်တွင် ရပ်နေကြပြီး ရှီဖုန်း၏ မိုက်မဲမှုကို လှောင်ပြောင်နေကြသည်။ အေးအေးဆေးဆေး နေရမည့်အစား လင်ဖေးလုံကို ဆန့်ကျင်လိုက်သည့်အပြင် ပိုကြောက်စရာကောင်းသည့် ကျိုးယုဟူကိုလည်း ဒေါသထွက်စေခဲ့သည်။ ယနေ့ပြီးလျှင် ရှီဖုန်းက ဘယ်တော့မှ အေးအေးချမ်းချမ်း နေနိုင်တော့မည် မဟုတ်‌ပေ။

ချင်းရှုယွီသည် ကြိုးဝိုင်းထက်မှ တည်ငြိမ်စွာ ရှိနေသော ရှီဖုန်းကို လှမ်းကြည့်လိုက်သည်။ ရှီဖုန်းထံမှ ရသော ခံစားချက်က ယခင်နှင့် မတူဘဲ လုံခြုံသည့် ခံစားမှုကို ပေးစွမ်းနေသည်။ ရှီဖုန်း၏ ပိန်ညှောင်သော ခန္ဓာကိုယ်ကပင် ကြီးမားလာသကဲ့သို့ ခံစားနေရသည်။ ချင်းရှုယွီက ခေါင်းကို အလျင်အမြန် ခါယမ်းပြီး အတွေးများကို မောင်းထုတ်ကာ လှောင်၍ ပြောလိုက်သည်… “တိုက်ခိုက်ရေးနည်းစနစ် တစ်ခုတောင် မသိတဲ့ လူပျော့တစ်ယောက်က ဘယ်လောက်ထိ သန်မာနိုင်မှာလဲ… နင်က အစ်ကိုဟူကိုတောင် စိန်ခေါ်လိုက်သေးတယ်… နင်က အရမ်းကို မဆင်မခြင် လုပ်တာပဲ… “

Comment

Leave a Reply

Options

not work with dark mode
Reset