Chapter – 46 အသိအကျွမ်းနှင့် ဆုံတွေ့ခြင်း
အားလုံးက လင်ဖေးလုံကို ဂုဏ်ပြုစကားများ ပြောနေစဉ်တွင် လင်ဖေးလုံက မျက်လုံးကစားလိုက်ရာ သူ၏အကြည့်က အခန်းထောင့်တွင် ထိုင်နေသော ရှီဖုန်းထံသို့ ရောက်သွား၏။ ရှီဖုန်းကို ကြည့်သည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ မကျေနပ်သည့် အရိပ်အယောင်များ ပါနေလေသည်။
သူက အတန်း၏ ဂုဏ်ဆောင်တစ်ယောက် ဖြစ်ရုံသာ မဟုတ်ဘဲ နာမည်ကြီးတစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း ရှီဖုန်းကဲ့သို့ ကျောင်းသားလေးတစ်ယောက်က သူ့ကို နည်းနည်းလေးမှ စိတ်ဝင်စားသည့်ဟန် မပြပေ။
အားလုံးက ဂုဏ်ပြုစကားများပြောပြီးနောက် လင်ဖေးလုံးက ကျောင်းသား၊ကျောင်းသူများကို ထိုင်ခုံဆီသို့ ပြန်ထိုင်ခိုင်းလိုက်သည်။
“အားလုံးရဲ့ ဂုဏ်ပြုပေးမှုကို ကျေးဇူးတင်ပါတယ်… ကျေးဇူးပြုပြီး ခဏလောက် တိတ်ပေးကြပါဦး… ဒီနေ့ ကျွန်တော် ရောက်လာတာ ဆွေးနွေးချင်တဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ… “ လင်ဖေးလုံက ပြောလိုက်သည်။
လင်ဖေးလုံ၏ စကားကို ကြားသောအခါ အားလုံးက ဂရုတစိုက် နားထောင်လိုက်ကြသည်။ ရှီဖုန်းတစ်ယောက်သာလျှင် လင်ဖေးလုံ၏ ကိစ္စကို စိတ်မဝင်စားခြင်း ဖြစ်သည်။
သို့သော်လည်း လင်ဖေးလုံဆက်ပြောသည့် စကားများကို ကြားပြီး ရှီဖုန်းက ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။
“ကိစ္စကတော့ ကျောင်းထောက်ခံစာနဲ့ ပက်သက်နေတယ်… “
လင်ဖေးလုံက တည်ငြိမ်စွာ ဆက်ပြောသည်… “တိုက်ခိုက်ရတာနဲ့ ပက်သတ်ပြီး ကျွန်တော် ဘယ်လောက်တောင် စွဲလမ်းလဲဆိုတာ အားလုံးလည်း သိကြမှာပါ… ဒါပေမဲ့ ကျောင်းမှာတော့ ကျွန်တော့်ရဲ့အဆင့်က သိပ်မကောင်းဘူး… ဒါ့ကြောင့် ထောက်ခံစာနဲ့ ပက်သတ်ပြီး ပြဿနာ နည်းနည်း ရှိနေတယ်… အဲတာကြောင့် ဒီမှာ ရှိတဲ့ တစ်ယောက်ယောက်က ကျောင်းထောက်ခံစာကို လက်လျော့ပေးဖို့ တောင်းဆိုချင်ပါတယ်… ကျောင်းကလည်း ဒီကိစ္စကို သဘောတူပြီးပါပြီ… ဒါကြောင့် ဒီကိစ္စကို အားလုံးနဲ့ လာဆွေးနွေးတာပါ… “
“အစ်ကိုလုံ… ဒါက အသေးအဖွဲပါ… ထောက်ခံစာတစ်ခုပဲ ဟာကို… အတန်းရဲ့ဂုဏ်ဆောင် ဖြစ်တဲ့ အစ်ကို့အတွက် တစ်ယောက်ယောက်က ထောက်ခံစာကို လက်လျှော့ပေးမှာပါ… “ ကျောင်းသားတစ်ယောက်က ကပ်ဖားရက်ဖား ပြောလိုက်သည်။
ထိုသူ၏ စကားကို အတန်းထဲရှိ ကျောင်းသားအားလုံးက သဘောတူကြသော်လည်း မည်သူကမှ သူတို့၏ ထောက်ခံစာကို မပေးချင်ကြပေ။
ယနေ့ခေတ်တွင် အလုပ်တစ်ခု ရှာရသည်မှာ အလွန်ခက်ခဲလှသည်။ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေစဉ် လူတစ်ယောက်၏ ပညာရေးနောက်ခံထက် ထောက်ခံစာက ပို၍ တန်ဖိုးကြီး၏။ သူတို့ကသာ ထောက်ခံစာကို လက်လျှော့ပေးလိုက်လျှင် သူတို့၏ဘဝအတွက် အနာဂါတ်တွင် မည်သို့ ဆက်လုပ်ရတော့မည်နည်း။
ထောက်ခံစာမရသည့် သူများကတော့ ဘာအပူအပင်မှ မရှိဘဲ သွေးပူနေသည့် အရူးတစ်ယောက်ကဲ့သို့ တခြားသူများကို လှုံ့ဆော်ပေးနေလေသည်။
မည်သူမှ ထမလာသည်ကို တွေ့သောအခါ လင်ဖေးလုံ၏ မျက်နှာအမူအရာက အနည်းငယ် သုန်မှုန်သွား၏။
“အားလုံးက အရမ်းတက်ကြွနေမှတော့ ကျွန်တော်က တစ်ယောက်ယောက်ကို ကိုယ်တိုင် ရွေးလိုက်ရင် မကောင်းဘူး… အဲ့တော့ လက်ထောင်ပြီး တစ်ယောက်ယောက်ကို မဲပေးကြမယ်… “ လင်ဖေးလုံက ပြုံးရင်းဖြင့် စကားဆိုလိုက်သည်။
“ဒီအကြံကောင်းတယ်… အစ်ကိုဖေးလုံက တစ်ကယ် ဉာဏ်ကောင်းတာပဲ… “
“အဲ့တာဆို မဲစပေးရအောင်… “
အစကတည်းက ထောက်ခံစာမရသော ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။ တခြားသူများ၏ ကံဆိုးမှုကို ကြည့်ပြီး သူတို့၏ မျက်နှာများတွင် အပြုံးများ ဝေဖြာနေသည်။
နံရံနှင့် ကပ်၍ ထိုင်နေသော ရှီဖုန်းက ထိုမြင်ကွင်းကို ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွား၏။
“လက်စသတ်တော့ ငါ့ရဲ့ ထောက်ခံစာကို ခိုးသွားတာ ဒီကောင်တွေကိုး… “
ရှီဖုန်းစိတ်ထဲတွင် ဒေါသမီးများ ချက်ချင်း တောက်လောင်လာသည်။ ယခင်ဘဝတွင် လင်ဖေးလုံနှင့် အလုပ်တွဲလုပ်ခဲ့သည့် သူက တစ်ကယ့်ကို အရူးတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သည်ဘဝမှာတော့ နောက်တစ်ကြိမ် အဖြစ်မခံနိုင်တော့ပေ။ လင်ဖေးလုံကသာ သူ့ကို ပြဿနာ ရှာခဲ့လျှင် သူကလည်း ကောင်းကောင်း လက်တုန့်ပြန်ပေးရပေလိမ့်မည်။
ယခင်ဘဝကဲ့သို့ပင် မဲရလဒ်က နည်းနည်းလေးမှ ပြောင်းလဲသွားခြင်း မရှိပေ။ ကျောင်းသား၊ကျောင်းသူများအားလုံးက ရှီဖုန်းကိုသာ ထီးနန်းပေးလိုက်ကြသည်။
“ရှီဖုန်း… မင်း အရမ်း ကံကောင်းတာပဲ… မင်းကို မနာလိုတောင် ဖြစ်တယ်… “
“အခုကစပြီး မင်းကို အစ်ကိုလုံက ကာကွယ်ပေးလိမ့်မယ်… အဲ့တော့ ငါ့တို့ကိုတောင် မင်းက ကျေးဇူးတင်သင့်တယ်… “
အတန်းထဲရှိ လူအားလုံးက ၅မီလီယံဆု ပေါက်သွားသကဲ့သို့ ရှီဖုန်းအား ဂုဏ်ပြုနေကြလေသည်။
“ရှီဖုန်း… ကျေးဇူးတင်ပါတယ်… ကျောင်းကနေ ပြန်ရန် မေပယ်ရွက်ဘားမှာ ငါနဲ့အတူ သောက်ဖို့ ဖိတ်ခေါ်ပါတယ်… “
လင်ဖေးလုံက သူတော်ကောင်းတစ်ယောက်ကဲ့သို့ အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ သူ၏စိတ်ထဲတွင်တော့ နည်းနည်းလေးမှ ကျေးဇူးတင်ခြင်း မရှိဘဲ အထင်သေးသည့် စိတ်များသာ ကိန်းအောင်းနေလေသည်။
ထို့နောက် သူက တခြားကျောင်းသား၊ကျောင်းသူများဘက်သို့ လှည့်ကာ ပြောလိုက်သေး၏… “ကောင်းပြီ… လူတိုင်းကိုလည်း လိုက်သောက်ဖို့ ဖိတ်ပါတယ်… ဒီနေ့ ပျော်ပျော်နေကြတာပေါ့… “
“ခဏလောက်…. “ ရှီဖုန်းက ရုတ်တရက် ပြောလိုက်သည်။
ရှီဖုန်း၏ အသံ ထွက်ပေါ်လာသည်နှင့် အားလုံးက ရှီဖုန်းကို လှည့်ကြည့်လိုက်ကြသည်။ ရှီဖုန်းသာ မပြောလျှင် သူတို့က ရှီဖုန်းကို မေ့သွားပြီး ဖြစ်နေလောက်၏။
“ရှီဖုန်း… ဘာများ ပြောစရာ ရှိလို့လဲ… “ လင်ဖေးလုံက အပြုံးဖြင့် မေးလိုက်သည်။
“ဒီကိစ္စကို ငါက ဘာမှတောင် မပြောရသေးဘူး… မင်းတို့က ဘာလို့ ပျော်နေကြတာလဲ… “
ထို့နောက် ရှီဖုန်းက လင်ဖေးလုံကို ကြည့်ပြီး ဆက်ပြောလိုက်သည်… “သူ့ကို အဲ့လောက်တောင် စေတနာ ရှိနေကြရင် မင်းတို့ရဲ့ ထောက်ခံစာကို ပေးလိုက်ပါ… ငါကတော့ မပေးနိုင်ဘူး… တခြားကိစ္စ မရှိရင် ငါ ပြန်ပြီ… “
ရုတ်တရက် ဆိုသလိုပင် ရှီဖုန်း၏စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွား၏။ တခြားကျောင်းသားများ၏ အနိုင်ကျင့်ခြင်းကို အမြဲခေါင်းငုံ့ ခံနေတတ်သော ရှီဖုန်းက ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။ ယခုကဲ့သို့ ထပြောခြင်းက ပုံမှန် မဟုတ်ပေ။ လင်ဖေးလုံက သူ့အား တစ်ခုခုပြန်လုပ်မည်ကို မကြောက်ဖူးလား။
လင်ဖေးလုံသည်လည်း အံ့ဩသွား၏။ သို့သော်လည်း ထိုအံ့ဩခြင်းက ရှီဖုန်း၏ အပြုအမူကြောင့် မဟုတ်ဘဲ ရှီဖုန်း၏ မိုက်မဲမှုကြောင့်သာ ဖြစ်သည်။
ပေးဖို့ ငြင်းလိုက်တာနဲ့ ထောက်ခံစာကို ကာကွယ်နိုင်မယ်လို့ ဒီကောင်က ထင်နေတာလား။
ဤအရာက တစ်ခန်းလုံး မဲပေးပြီးမှ ရလာသည့် ရလဒ် ဖြစ်သည်။ ရှီဖုန်းက ငြင်းလျှင်တောင်မှ နောက်ဆုံးရလဒ်ကို ပြောင်းနိုင်လိမ့်မည် မဟုတ်ပေ။ အချိန်တန်လျှင် တက္ကသိုလ်က သူ့ကို ထောက်ခံစာ ပေးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်တာတောင်မှ ရှီဖုန်းက မိုက်မဲစွာဖြင့် သူ့ကို ဆန့်ကျင်နေလေသည်။
ရှီဖုန်းက မိုက်မဲတယ်ပဲ ပြောရမလား။ ဦးနှောက်ထဲ တစ်ခုခုလွတ်နေတယ်လို့ပဲ ပြောရမလား။
လင်ဖေးလုံက တစ်ခုခု ပြန်ပြောတော့မည်အချိန်တွင် အခန်းအပြင်ဘက်မှ စိတ်မရှည်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဖေးလုံ… မပြီးသေးဘူလား… အစ်ကိုကျန်းက စောင့်ရတာ မကြိုက်ဘူး… “
အရပ်ရှည်ပြီး ရွှေရောင်ဆံပင်နှင့် လူတစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ သူ့နောက်တွင် ဆက်စီဆန်ဆန် အဝတ်အစားကို ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ယောက် ပါလာသည်။ သူတို့နှစ်ယောက် အတူဝင်လာခြင်းက အတန်းထဲရှိ ကျောင်းသားများကို လွန်စွာ အားကျစေသည်။
ရှီဖုန်းက တစ်ချက်ကြည့်လိုက်သောအခါ ယခင်က အသိအကျွမ်းတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ရွှေရောင်ဆံပင်နှင့် လူငယ်ကား ဖလိမ်းမင်းတိုက်ဂါး ဖြစ်ပြီး သူ၏နာမည်အရင်းက ကျိုးယုဟူဖြစ်ကာ ရှီဖုန်းကဲ့သို့ စတုတ္ထနှစ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ ကျိုးယုဟူက အရည်အချင်း ရှိသည့် ကျောင်းသားတစ်ယောက် ဖြစ်ပြီး ယခုတစ်ခေါက် တက္ကသိုလ်သိုင်းပြိုင်ပွဲတွင် တတိယနေရာကို အရယူနိုင်ခဲ့သည်။ ကျိုးယုဟူ၏ ဘေးမှ တစ်ယောက်သည်လည်း ရှီဖုန်း၏ အသိအကျွမ်းတစ်ယောက် ဖြစ်သည်။ သူမ၏ နာမည်ကား ချင်းရှုယွီဖြစ်ပြီး အထက်တန်းကျောင်းတက်စဉ်က ရှီဖုန်း၏ အတန်းဖော်တစ်ယောက် ဖြစ်ကာ သူမက အတန်းထဲတွင် အလှဆုံးမိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။
ထိုအချိန်က ရှီဖုန်းသည် မျက်ကန်းတစ်ယောက်ဟု ဆိုနိုင်ပြီး ငယ်ရွယ်သေးသဖြင့် မစဉ်းစားတတ်ခဲ့ပေ။ သူက ချင်းရှုယွီကို ချစ်ကြိုက်ကြောင်း ဖွင့်ပြောခဲ့၏။ ရလဒ်ကတော့ ငြင်းပယ်ခံရခြင်းသာ ဖြစ်လေသည်။ တက္ကသိုလ်သို့ ရောက်ပြီးနောက် ချင်းရှုယွီက ကျိုးယုဟူနှင့် ချစ်သူဖြစ်သောအခါ ရှီဖုန်းက သူမအား ဖွင့်ပြောဖူးကြောင်းကို ကျိုးယုဟူအား ပြောပြခဲ့သည်။ ထိုအရာ၏ အကျိုးဆက်ကတော့ ရှီဖုန်းကို တခြားအခန်းမှ ကျောင်းသားများက ကောင်းကောင်း ဂရုစိုက်ပေးကြသည်။ ရှီဖုန်းက ရှဲဒိုးအလုပ်ရုံသို့ ဝင်သည့်အခါတွင်လည်း သူ၏တိုးတက်မှုကို နှောင့်နှေးစေရန် အဓိပ္ပါယ်မရှိသည့် တာဝန်များ ပေးတတ်သေး၏။
“အစ်ကိုဟူ… ဒီကို ဘာလို့ လာတာလဲ… ဒီကကိစ္စ ပြီးတာနဲ့ ကျွန်တော် ချက်ချင်း လိုက်လာခဲ့ပါမယ်… “
ရောက်လာသည့်လူကို မြင်သောအခါ လင်ဖေးလုံက အပြုံးမျက်နှာဖြင့် ကြိုဆိုလိုက်သည်။
“မင်း ဘယ်လောက် ကြာဦးမှာလဲ… ငါ့မှာ ဖြုန်းစရာ အချိန် မရှိဘူး… “
ကျိုးယုဟူက စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။ ရီဖုန်းဆိုသည့် ဂိမ်းထဲမှ ကစားသမားတစ်ယောက်ကြောင့် သူ၏အဖွဲ့ခေါင်းဆောင် တာဝန်ကို ရပ်ဆိုင်ခြင်း ခံခဲ့ရသည်။ သူက အဆင့် ၂သို့ ရောက်အောင် မနည်း ပြန်ကြိုးစားခဲ့ရပြီး မကြာသေးခင်ကမှ အဆင့် ၂သို့ ရောက်ခဲ့၏။ ထို့အပြင် သူက အစ်ကိုကျန်း၏ ဆူပူခြင်းကိုလည်း ခံခဲ့ရသေး၏။ ထိုကိစ္စများကြောင့် သူက ဒေါသအလွန် ထွက်နေလေသည်။
“နှစ်မိနစ်၊ သုံးမိနစ်လောက်ဆိုရင် ရပါပြီ… “ လင်ဖေးလုံက ပြန်ဖြေလိုက်သည်။
ရှီဖုန်းကဲ့သို့ လူတစ်ယောက်အား ပညာပေးရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်သည်ဟု မထင်ပေ။
“ကောင်းပြီ… ဒါဆိုလည်း မြန်မြန်လုပ်… “ ကျိုးယုဟူက ပြောလိုက်သည်။
ထိုအချိန်တွင် ချင်းရှုယွီ၏ မျက်လုံးများက မရည်ရွယ်ဘဲ ရှီဖုန်းထံသို့ ရောက်သွားပြီး အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ အစကတည်းက ရှီဖုန်းကို သူမက မျက်မုန်းကျိုးနေခြင်း ဖြစ်သည်။
ပိုက်ဆံနှင့် အာဏာ မရှိသည့်အပြင် လုံခြုံမှုကို ပေးစွမ်းသည့် ခွန်အားပါ မရှိသည့် လူတစ်ယောက်အပေါ်သို့ မည်သို့မှ ကောင်းသည့်ခံစားချက် မရှိပေ။ ကျိုးယုဟူနှင့် ယှဉ်လိုက်လျှင် ကွာခြားချက်က မိုးနှင့်မြေသို့ပင် ကွာခြားလှသည်။ သို့သော်လည်း ရှီဖုန်းက သူ့အဆင့်ကို သူ မသိဘဲ သူမကိုပင် လာပြီး ဖွင့်ပြောလိုက်သေး၏။ ထိုအချင်းအရာက သူမကို စော်ကားသည့် အပြုအမူ ဖြစ်ပြီး တခြားကောင်မလေးများက သူမကို ထိုကိစ္စနှင့် ပက်သတ်၍ လှောင်ပြောင်စနောက် ကြ၏။
ချင်းရှုယွီ၏ မျက်နှာမှ မနှစ်မြို့သည့် အမူအရာကို မြင်လိုက်သော ကျိုးယုဟူက သန်မာသော သူ၏လက်ဖြင့် မေးစေ့ကို မကိုင်ကာ စနောက်သကဲ့သို့ ပြောလိုက်သည်… “ဘေဘီရဲ့ ရှေ့မှာ အဲ့ကောင်ကို နောက်ထပ် ပေါ်မလာအောင် ကိုက အခုချက်ချင်း ရှင်းပေးပါ့မယ်… “
ချင်းရှုယွီက အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူမထံတွင် ကျိုးယုဟူကို တားမည့် အရိပ်အယောင် တစ်စက်မှ မရှိချေ။
“ဟိုကောင်စုတ်လေး… ဒီကို လာစမ်း… “ ကျိုးယုဟူက ရှီဖုန်းထံသို့ လက်ညှိုးထိုးပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကျိုးယုဟူ၏ တင်စီးသည့် အပြုအမူအကြောင့် အားလုံးက ထိတ်လန့်သွား၏။ ကျိုးယုဟူသည် ကျောင်းပေါင်းစုံပြိုင်ပွဲတွင် တတိယ ရရှိခဲ့သူ ဖြစ်ပြီး အဆင့် ၉နေရာမှ လင်ဖေးလုံထက် အများကြီး သန်မာ၏။ ကျိုးယုဟူ၏ လက်သီးတစ်ချက်က လူတစ်ယောက်ကို လဝက်ခန့် ဆေးရုံပေါ် ရောက်သွားစေနိုင်သည်။
လင်ဖေးလုံက သူ့ရှေ့မှ အဖြစ်အပျက်ကို နားလည်၏။ ကျိုးယုဟူက ရှီဖုန်းကို ဒေါသထွက်နေပြီး ကိုယ်တိုင် ဝင်ရှင်းတော့မည် ဖြစ်သည်။ အစကတည်းက သူသည် ရှီဖုန်းကို တစ်ခန်းလုံးရှေ့တွင် ပညာပေးပြီး သူ့ခွန်အားကို ပြသရန် စဉ်းစားထား၏။ ယခု သူကသာ ရှီဖုန်းကို ပညာပေးလိုက်လျှင် သူ့အတွက် အကျိုးရှိရုံမကဘဲ ကျိုးယုဟူကိုလည်း ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးပြီး ပြောလိုက်သည်… “အစ်ကိုဟူ… ဒီလိုကောင်အတွက် အစ်ကိုဟူကိုယ်တိုင် ဝင်ပါစရာ မလိုပါဘူး… သူ့ကို ကျွန်တော်ကလည်း ပညာပေးဖို့ အစကတည်းက စဉ်းစားထားတာ… ကျွန်တော့်ကို စက္ကန့် ၃၀ပဲ အချိန်ပေးပါ… “
“ဖေးလုံ… ဒါဆို မင်းပြောတဲ့ လုပ်စရာကိစ္စဆိုတာ ဒါလား… “
ကျိုးယုဟူက ရှီဖုန်းကို မနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ကောက်ကျစ်သော အပြုံးတစ်ခု ဖန်တီးပြီး ပြောလိုက်သည်… “ငါ လုပ်တာ ပိုကောင်းတယ်… ငါလည်း ကိုယ်လက်တွေ တင်းနေတာနဲ့ အတော်ပဲ… အခုပဲ လျော့လိုက်တာပေါ့… “
ထိုသို့ ပြောရင်း ကျိုးယုဟူက အေးစက်စွာ ပြုံးလိုက်ကာ ရှီဖုန်းထံသို့ တစ်လှမ်းချင်း လျှောက်လာသည်။