Switch Mode

Chapter – 45

အတန်းထဲမှ သိမ်ငယ်နေသော ကျောင်းသား

Chapter – 45 အတန်းထဲမှ သိမ်ငယ်နေသော ကျောင်းသား

ဖုန်းချလိုက်ပြီးနောက် ရှီဖုန်းက ခေါက်ဆွဲစားပြီး ကျောင်းသို့ ပြေးလေတော့သည်။

လမ်းပေါ်သို့ ရောက်မှ ရှီဖုန်းက ထိုအဖြစ်အပျက်ကို မှတ်မိလိုက်သည်။ ထိုအဖြစ်အပျက်သည် သူ့မိဘများကို ဆိုးရွားစွာ နာမကျန်းဖြစ်စေခဲ့သည့် အကြောင်းပြချက်များထဲမှ တစ်ခု ဖြစ်သည်။

ယခင်ဘဝတွင် သူနှင့် ဘလက်ကီက ရှဲဒိုးအလုပ်ရုံသို့ အတူ ဝင်ရောက်ခဲ့ကြသည်။ ကျောက်ရော့ရှီက ဖုန်းခေါ်သည့်အချိန်တွင် သူက နတ်ဘုရားနယ်မြေဂိမ်းကိုသာ ကစားနေခဲ့၏။ သူက အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှ ရှဲဒိုးအလုပ်ရုံကို ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ရှဲဒိုးအဖွဲ့အတွင်း ရာထူးတက်ချင်လျှင် သူက ကောင်းကောင်း ကြိုးစားပြရပေမည်။ အတန်းမှ ကိစ္စအသေးအမွှားများကို ဂရုစိုက်နေရန် အချိန် မရှိပေ။

ထို့ကြောင့် သူ၏ တက္ကသိုလ်ထောက်ခံစာက ပျောက်ဆုံးသွားခဲ့ရသည်။ ထိုအရာက ထောက်ခံစာတစ်ခုသာ ဖြစ်သော်လည်း ထိုအရာက ကျောင်းသားများကို အလုပ်ကောင်းကောင်းရစေရန် ကူညီပေးလေသည်။ ယခုခေတ် လူ့အဖွဲ့အစည်းတွင် ဖိအားက အလွန်ပြင်းထန်ပြီး အလုပ်တစ်ခု ရရန် မလွယ်ပေ။ ထိုကဲ့သို့ ထောက်ခံစာက အဆင့်မြင့် ကုမ္ပဏီများသို့ ဝင်နိုင်ရန် ကူညီပေးနိုင်သည့် တံတားတစ်ခု ဖြစ်သည်။

ရှီဖုန်းက‌ ထောက်ခံစာ မရသည့်အဖြစ်ကို မိဘများ သိသွားသောအခါ သူတို့က အလွန်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။

ထိုကဲ့သို့ စိုးရိမ်မှုများကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာဖိအားက ပိုပြီး တိုးလာခဲ့၏။ သူတို့ကတော့ ထိုအကြောင်းများကို ရှီဖုန်းအား ဖွင့်မပြောခဲ့ကြပေ။ ထိုအစား သူ့ကို အားပေးနေခဲ့ကြ၏။ သူတို့၏ အိမ်မှ အကြွေးများနှင့် ပက်သတ်၍လည်း သူ့ကို မစိုးရိမ်စေချင်ကြပေ။ နောက်ဆုံးမှာတော့ သူတို့က ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အလွန်ပင်ပန်းလာကြပြီး တစ်နှစ်အကြာတွင် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်လာခဲ့ကြသည်။

သည်ဘဝတွင်တော့ ထောက်ခံစာက သူ့အတွက် မလိုအပ်လျှင်တောင်မှ ယခင်ဘဝကဲ့သို့ နောက်တစ်ကြိမ် အဖြစ်ခံမည် မဟုတ်ပေ။ ထို့အပြင် သူက ထောက်ခံစာ ဆုံးရှုံးသွားရသည့် အကြောင်းရင်းကိုလည်း သိချင်သေး၏။

ရှီဖုန်းက အတန်းထဲတွင် သာမန်ကျောင်းသားတစ်ယောက်ဟု ဆိုနိုင်ပြီး ထောက်ခံစာတစ်ခု ရရန်အတွက် ပြဿနာ မရှိပေ။ သို့သော်လည်း သူက ထောက်ခံစာ မရခဲ့ပေ။ ထိုကိစ္စသည် ယနေ့ဖြစ်မည့် ကိစ္စနှင့် ပက်သတ်နိုင်သည်ဟု သူက တွေးမိလိုက်သည်။

တက္ကသိုလ်ထဲသို့ ရောက်လာပြီးနောက် ရှီဖုန်းက အလွန်စိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စတစ်ခုကို တွေ့လိုက်ရသည်။

ကျောင်းက ယခင်နှင့်မတူပဲ ယနေ့တွင် ထူးထူးခြားခြား လူအရမ်းများနေသည်။ ပုံမှန်ဆိုလျှင် တက္ကသိုလ်ဝန်းထဲ၌ ကျောင်းသားများ   အများအပြား မရှိတတ်ပေ။ ကျောင်းသားများသည် စာကြည့်တိုက်တွင် ရှိလျှင်ရှိ ၊ မရှိလျှင် အပြင်ဘက်တွင် ပျော်ပါးနေတတ်ကြသည်။ တချို့ကတော့ သူတို့၏ အဆောင်များတွင် ဂိမ်းကစားနေတတ်ကြ၏။

ရှီဖုန်းက အဆောင် ၃ သို့  လမ်းလျှောက်လာသောအခါ ပုံမှန်ဆိုလျှင် လူကင်းမဲ့နေတတ်သော စာသင်ခန်းများ၌ လူပြည့်နေသည်ကို တွေ့လိုက်ရသည်။ အခန်းများအားလုံး လူပြည့်နေခြင်း ဖြစ်သည်။

“ဒီနေ့က ဘာဖြစ်လို့လဲ… “ ရှီဖုန်း၏ စိတ်ထဲတွင် ပဟေဠိဖြစ်သွား၏။

သူက အခန်းနံပါတ် ၄၀၁ ထဲသို့ ဝင်လိုက်သည့်အချိန်တွင် အခန်းထဲရှိ လေထုက အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။ သူ၏အတန်းဖော်များအားလုံးက သူ့ကို ကြည့်နေပြီး သူတို့၏ အမူအရာများကလည်း အံ့အားသင့်နေဟန် ရှိ၏။ ရှီဖုန်းက မလာသင့်သည့် နေရာကို ရောက်လာသကဲ့သို့ ဖြစ်နေလေသည်။

ကျောင်းသားများကတော့ ရှီဖုန်းကို တစ်ချက်သာ ကြည့်ပြီး သူတို့အချင်းအချင်း စကား ဆက်ပြောနေကြလေသည်။

ထိုစဉ်တွင် လှပစွာ ဝတ်စားထားသော မိန်းမပျို တစ်ချို့ကတော့ ရှီဖုန်းကို စက်ဆုပ်ရွံရှာသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။ သို့သော်လည်း ရှီဖုန်းကတော့ ထိုကဲ့သို့ အပြုအမူများကို ကျင့်သားရနေပြီဖြစ်သည်။ သူတို့ကို လှည့်ပြီး ပြန်ကြည့်မည့်အချိန်တွင် ထိုမိန်းကလေးများက တဖက်သို့ ချက်ချင်း ခေါင်း ပြန်လှည့်သွား၏။

“ရှီဖုန်း… နင် ရောက်လာပြီပဲ… တစ်နေရာရာမှာ ဝင်ထိုင်လိုက်… လင်ဖေးလုံ ရောက်လာရင် လူစုံပြီ… “ အမျိုးသမီးအတန်းခေါင်းဆောင် ကျောက်ရော့ရှီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း သူ့ကို ကြည့်သည့် ကျောက်ရော့ရှီ၏ မျက်ဝန်းထဲတွင် မျှော်လင့်နေသည့် အရိပ်အယောင်တစ်ချို့ကို ရှီဖုန်းက ခံစားမိလိုက်၏။ သို့သော်လည်း ထိုမျှော်လင့်ချက်အရိပ်အယောင်က သူ့ကို မဟုတ်ဘဲ လင်ဖေးလုံသာ ဖြစ်နိုင်သည်။

“ကောင်းပြီ… “ ရှီဖုန်းက ခေါင်းညိတ်ပြီး ထောင့်တစ်ခုတွင် သွားထိုင်နေလိုက်သည်။ ထိုင်ပြီး တခြားယောက်ျားလေးအတန်းဖော်များနှင့် စကားပြောဖို့အတွက်ကတော့ သူတို့၏ အမူအရာများကို ကြည့်ပြီး မဖြစ်နိုင်ကြောင်း ရှီဖုန်း သိနေလေသည်။

ဤကဲ့သို့ အခြေအနေကို ကြည့်ပြီး ရှီဖုန်းက ခါးသက်သော အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်သည်။ ယခင်ဘဝတွင် သူက တစ်ကယ်ကို လူဖြစ်ရှုံးခဲ့လေသည်။

သို့သော်လည်း သူက ဘာမှမလုပ်နိုင်ပေ။ ပိုက်ဆံချွေတာရန်အတွက် ကျောင်းသားတွေ့ဆုံပွဲများနှင့် ကျောင်းမှ ပျော်ပွဲ၊ရွှင်ပွဲများကို  သူ မတက်ခဲ့ချေ။ သူက အတန်းထဲတွင် မရှိသည့် ကျောင်းသားတစ်ယောက်ကဲ့သို့ပင် နေထိုင်ခဲ့၏။ အတန်းဖော်များ၏ မျက်လုံးများထဲတွင် ရှီဖုန်းက အဖော်မဲ့နေသည့် ကျောင်းသားတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သည်။

“သူက ဘာလို့ ဒီရောက်လာတာလဲ… “

“အတန်းခေါင်းဆောင်က သူ့ကို အသိပေးသင့်တယ်လေ… ဒါပေမဲ့လည်း သူက တစ်ကယ် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး… “

“သူက အတန်းထဲမှာ သိမ်ငယ်နေတဲ့ ကျောင်းသားတစ်ယောက်ပဲ… သူကို ကြည့်ရတာ ရူးချင်စရာ ကောင်းတယ်… သူ့ရဲ့ မျက်လုံးတွေကို ကြည့်လိုက် ဘယ်လောက်တောင် ကလိမ်ကကျစ် ကျလိုက်မလဲ… အဲ့ကောင်က ဒီမိန်းမလှလေးကို ကြိုက်နေတယ်လို့တော့ မပြောနဲ့နော်… ရွံစရာ ကောင်းလိုက်တာ… “

အတန်းထဲရှိ ကျောင်းသား၊ကျောင်းသူများက ရှီဖုန်း ရောက်လာသည့်နှင့် သူ့အကြောင်းကို တိုးတိုးတိတ်တိတ်ဖြင့် စတင်ဆွေးနွေးနေကြတော့သည်။ ရှီဖုန်း ရောက်လာသည်ကိုလည်း အံ့အားသင့်နေကြသည်။ ပုံမှန်ဆိုလျှင် ရှီဖုန်းက မည်သည့်ပွဲမျိုးကိုမှ မပါတတ်ပေ။ ယခုတော့ တစ်ကယ်ကြီး ရောက်လာလေပြီ။

သူတို့၏ အသံများကို ကြည့်ခြင်းအားဖြင့် သူ့အား မည်မျှထိ အထင်သေး၊အမြင်သေး ဖြစ်နေသည်ကို သိနိုင်သည်။ ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ ရှီဖုန်းကိုယ်တိုင်က အားနည်းနေခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူက ကျောင်းမှ ပွဲများကို   မတက်နိုင်သည့် ဆင်းရဲသော ကျောင်းသားတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင် သူနှင့် တစ်ခန်းထဲ အတူကျောင်းတက်နေရခြင်းက သူတို့အတွက် ရှက်စရာကိစ္စတစ်ခု ဖြစ်နေလေသည်။

သူတို့၏ အသံများက တိုးညှင်းသော်လည်း ရှီဖုန်းကတော့ ရှင်းလင်းစွာ ကြားနေရသည်။ သူတို့က ရှီဖုန်းကြားအောင် ပြောနေသည်ဆိုလျှင် ပို၍ မှန်ပေသည်။

အားလုံး၏ အမြင်တွင် စာသင်ကြားခြင်းက ဒုတိယဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်ခြင်းက အဓိက ဖြစ်နေလေသည်။ ထို့အတူ ယခုခေတ်ကာလသည်လည်း ခန္ဓာကိုယ်ကို ဦးစားပေး၍ ပြင်းပြင်းထန်ထန် လေ့ကျင်ကြသော ခေတ်သို့ ရောက်နေလေပြီ။  ရှီဖုန်း၏ ခပ်ပျော့ပျော့ ခန္ဓာကိုယ်က လက်ရှိ ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီမှု မရှိချေ။ ထို့ကြောင့်လည်း သူက အတန်းထဲတွင် အပယ်ခံ ဖြစ်လာရခြင်း ဖြစ်၏။

သို့သော်လည်း ရှီဖုန်းက သူ့အခြေအနေကို ပြန်စဉ်းစားပြီး ပေါ့ပေါ့ပါးပါး ရယ်မိလိုက်သည်။ သူက ကလေးတစ်ယောက် မဟုတ်တော့ပေ။  ထိုကလေးများ၏ အပြုအမူနှင့် ပက်သတ်၍ မည်သည့်အတွက်ကြောင့် ဒေါသထွက်နေရမည်နည်။ လက်ရှိတွင် သူက ထောက်ခံစာကိစ္စကိုသာ စိတ်ဝင်စားနေလေသည်။

မကြာမီတွင် ဗလတောင့်တောင့် လူငယ်တစ်ယောက် အတန်းထဲသို့ ဝင်လာသည်။ ထိုလူငယ်၏ အရပ်က ၁.၉မီတာ မြင့်၏။

ထိုလူငယ်ကား လင်ဖေးလုံ ဖြစ်သည်။

ရှီဖုန်း၏ မှတ်ဉာဏ်များအရ လင်ဖေးလုံဆိုသော လူသည် အလွန် ဉာဏ်နီဉာဏ်နက်များသော လူတစ်ယောက် ဖြစ်သည်။ လင်ဖေးလုံက တက္ကသိုလ်မှ  ဘွဲ့ရပြီးနောက် အင်အားကြီးမားသော ကော်ပိုရေးရှင်းတစ်ခုမှ မင်းသမီးလေးကို ပိုးပန်းနိုင်ခဲ့သည်။ ၃နှစ်ကြာပြီးနောက်တွင် သူက ထိုကော်ပိုရေးရှင်း၏ စီအီးအို ဖြစ်လာခဲ့၏။

သို့သော်လည်း ပုံရိပ်ယောင်ဂိမ်း၏ လွှမ်းမိုးမှုက တစ်ကယ်ကမ္ဘာအစစ်တွင် ကြီးမားလာသောအခါ လင်ဖေးလုံက နတ်ဘုရားနယ်မြေတွင် ရင်းနှီးမြုပ်နှံခဲ့သည်။ ထိုအချိန်က လင်ဖေးလုံသည် အတန်းဖော်ဖြစ်သူ ရှီဖုန်းအား ရှာပြီး ပူးပေါင်းဆောင်ရွက်ချင်ခဲ့သည်။

ထိုအချိန်၌ ရှီဖုန်းသည် ရှဲဒိုးအလုပ်ရုံ၏ ကပ္ပတိန်တစ်ယောက် ဖြစ်နေလေပြီ။ ထိုအပြင် သူက ရှဲဒိုးအစည်းအရုံး၏ ခေါင်းဆောင်းတစ်ယောက်လည်း ဖြစ်နေပြီဖြစ်၏။ ထိုအချိန်က ရှဲဒိုးအစည်းအရုံးသည် ဒုတိယတန်းစား အစည်းအရုံးဖြစ်သေးရုံသာ ရှိ၏။ သို့သော်လည်း ရှဲဒိုးအစည်းအရုံးက လူဦးရေ ၅သိန်းကျော်သည့် မြို့ကြီးတစ်ခုကို ထိန်းချုပ်ထားနိုင်နေလေပြီ။

ယခင်က အတန်းဖော်ဖြစ်ခဲ့သည်ကို စဉ်းစားပေးပြီး ရှီဖုန်းက လင်ဖေးလုံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးခဲ့သည်။ ပူးပေါင်းပြီးနောက်တွင်  ရှဲဒိုးက ဝင်ငွေများစွာကို ရှာနိုင်ခဲ့သော်လည်း လင်ဖေးလုံက သူတို့အစည်းအရုံးထက်ပင် ပိုရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်ဖေးလုံက အစွမ်းထက်သော လက်အောက်ငယ်သားများကိုလည်း လက်သပ်မွေးထားခဲ့၏။ ထို့နောက် သူက ပထမတန်းစား အစည်းအရုံးတစ်ခု၏ မျက်နှာသာပေးခြင်းကို တစ်နည်းနည်းဖြင့် ရခဲ့ပြီး ရှဲဒိုးကို စွန့်ခွာခဲ့သည်။

အားလုံးက အတန်းထဲသို့ ဝင်လာသည့် လင်ဖေးလုံးကို ကြည့်နေကြသည်။ ကျောင်းသားများကတော့ လေးစားကြောင်း ပြသည့်အနေဖြင့် မတ်တပ်ရပ်ကြသည်။ ကျောင်းသူများကတော့ အဓိပ္ပါယ်ပါသည့် အကြည့်များ ပစ်လွှတ်နေကြသည်။ ကျောက်ရော့ရှီတောင်မှ ယခင် တည်ငြိမ်နေသည့် အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ ရှီဖုန်းက ယခင်ဘဝတွင် မိန်းမများနှင့် ပက်သတ်၍ အနည်းငယ် အတွေ့အကြုံ ရှိဖူးသည်ဖြစ်၍ ကျောက်ရော့ရှီက လင်ဖေးလုံအား အနည်းငယ် စိတ်ဝင်စားနေသည်ကို ပြောနိုင်လေသည်။

“ဒါက ဘယ်လိုအခြေအနေကြီးလဲ… “

ရှီဖုန်းက လက်ရှိ အခြေအနေကို နားမလည်နိုင်ပေ။ တခြားသူများဆိုလျှင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျောက်ရော့ရှီက အတန်းမှ ပန်းလေးတစ်ပွင့် ဖြစ်သည်။ သူမက တည်ငြိမ်ပြီး ဘဲဥပုံမျက်နှာနှင့်ကျက်သရေရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ မိသားစုနောက်ခံကလည်း ကောင်းပေသည်။ ပုံမှန်ဆိုလျှင် တခြားအခန်းမှ ကျောင်းသားများပင် သူမကို လိုက်လံပိုးပန်းကြ၏။ သို့သော်လည်း သူမကတော့ သူတို့ကို မျက်လုံးထဲပင် မထည့်ချေ။ ထို့ကြောင့် သူမက လင်ဖေးလုံကို မည့်သည့်အတွက်ကြောင့် ကြိုက်သွားရသနည်း။

လင်ဖေးလုံကပဲ လူတိုင်း ချစ်ကြိုက်ကြသည့် လူတစ်ယောက် ဖြစ်နေတာလား။

“အားလုံးပဲ… ထိုင်ကြပါ… “

လင်ဖေးလုံက ခေါင်းဆောင်တစ်ယောက်ကဲ့သို့ စတိတ်စင်ဆီသို့ ပုံမှန်အတိုင်း လျှောက်သွားလေသည်။

“အားလုံးက ကျွန်တော့်ကို ဂုဏ်ပြုပေးဖို့အတွက် ရောက်လာကြလို့ ကျေးဇူးတင်ပါတယ်… အားလုံးရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကျွန်တော်က ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး… “

“အစ်ကိုဖေးလုံက အရမ်းကို နှိမ့်ချတာပဲ… လူငါးထောင်ကျော် ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းပေါင်စုံ သိုင်းပြိုင်ပွဲမှာ အစ်ကိုဖေးလုံက ထိပ်ဆုံး၁၀ယောက်ထဲ ပါအောင် လုပ်နိုင်ခဲ့တာ… အဲ့တာက ကျွန်တော်တို့ အတန်းရဲ့ ဂုဏ်တစ်ခုပဲ… အစ်ကိုဖေးလုံက အခုဆိုရင် ကျင်းဟိုင်မြို့ရဲ့ သိုင်းပြိုင်ပွဲမှာ အကြိုပြိုင်ပွဲတွေကို ဝင်ပြိုင်စရာတောင် မလိုတော့ဘူး… ဒီလိုမျိုးက သာမန်လူတွေ လုပ်နိုင်တာမှ မဟုတ်တာ… အနာဂါတ်မှာ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင်သာ ကျွန်တော်တို့ကို မမေ့ပါနဲ့… “

“ဟုတ်တယ်… အစ်ကိုဖေးလုံ… ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာဖို့ ကျွန်တော်တို့ စောင့်မျှော်နေမယ်… “

အတန်းထဲရှိ ကျောင်းသား၊ကျောင်းသူများက တစ်ယောက်ပြီးတစ်ယောက် လင်ဖေးလုံကို ဂုဏ်ပြုစကားများ ပြောကြသည်။ အချို့သော ကျောင်းသူများဆိုလျှင် လင်ဖေးလုံဆီသို့ ပစ်ဝင်ဖို့ကိုပင် တွေးနေကြသည်။

သို့သော်လည်း ရှီဖုန်းကတော့ ချွင်းချက် ဖြစ်သည်။

သူက တစ်ကယ်ပဲ အံ့အားသင့်ရသည်။ မူလက သူသည် ကြီးမားသော ကိစ္စတစ်ခု ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ကျောင်းပေါင်းစုံ သိုင်းပြိုင်ပွဲ ပြီးဆုံးသွားသည့်ကိစ္စကြောင့် ဖြစ်နေလေသည်။ ကျောင်းသား၊ကျောင်းသူများက မြို့ပေါင်းစုံ သိုင်းပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့်ရသည့် လင်ဖေးလုံကို ဂုဏ်ပြုရန် ရောက်လာကြခြင်း ဖြစ်လေသည်။

ယခင်ကဆိုလျှင် ရှီဖုန်းက လင်ဖေးလုံကို အားကျအောင် အားကျပေလိမ့်မည်။ ယခုခေတ်တွင် သိုင်းပြိုင်ပွဲများအား သဘောကျသည့် လူများကား များလွန်းလှသည်။ မြို့‌ပေါင်းစုံသိုင်းပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့်ရသည့် လူများသည် ဆယ်လီများထက်ပင် ပို၍ အားပေးခြင်းကို ခံရ၏။ ထို့သို့ ဖြစ်ရသည်မှာလည်း ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရန် အလွန် ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ရွေးချယ်သည့် စနစ်အရ အယောက်တစ်သောင်းတွင်မှ သုံး၊လေးယောက်ခန့်သာ ရွေးချယ်ခံရ၏။

ထိုရွေးချယ်ခံများသာ ပြိုင်ပွဲတွင် ကောင်းကောင်းအစွမ်းပြနိုင်ခဲ့လျှင် ကြီးမားသော လုပ်ငန်းများ၏ အရေးကြီးပုဂ္ဂိုလ်များပင်  ဖြစ်လာနိုင်သည်။ အလုပ်လာအပ်ကြမည့် ကြေငြာများမှလည်း ပိုက်ဆံအများကြီးရမှာ ကျိန်းသေသည်။ ထို့အတူ သူတို့၏ အနာဂါတ်ကလည်း အဆုံးမဲ့သည့် အခွင့်အလမ်းများဖြင့် ပြည့်နေပေလိမ့်မည်။

သို့သော် နတ်ဘုရားနယ်မြေဂိမ်းက အလွန်ကျော်ကြားလာသည်နှင့်အမျှ လူတိုင်းက ဂိမ်းထဲတွင် တိုက်ခိုက်ပြီး စစ်ပွဲများ ဆင်နွှဲရသည်ကို နှစ်သက်လာကြသည်။ ကြည့်နေရခြင်းထက် ကိုယ်တိုင်တိုက်ခိုက်ခြင်းကသာ အကောင်းဆုံးအတွေ့အကြုံဖြစ်သည်။ ထို့အပြင် ဂိမ်းထဲတွင် တိုက်ခိုက်ခြင်းက အန္တရာယ်လည်း မရှိသည့်အတွက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်း၏။ နောက်ဆုံးတော့ နတ်ဘုရားနယ်မြေဂိမ်းထဲရှိ ကျွမ်းကျင်သူများက ကစားသမားများ၏ အိုင်ဒေါများ ဖြစ်လာကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset