Chapter – 44 ပြောင်းလဲမှု
ရှီဖုန်းက အရှုံးကို လက်ခံနိုင်သော်လည်း အကြောင်းပြချက် မရှိဘဲ မည်သူကမှ သူတို့၏ငွေကို ဆုံးရှုံးချင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရှီဖုန်းလည်း အနည်းနှင့်အများတော့ စိုးရိမ်နေလေသည်။
ရှီဖုန်းက ချပ်ဝတ်၏ အချက်အလက်များကို စစ်ဆေးရန် ရွေးချယ်ပြီးချိန်မှာတော့ အချက်အလက်ပြ ဇယားတွင် စာလုံးများ ပေါ်လာလေသည်။
“ခွဲခြားစီစစ်နေသည်… “
ရာခိုင်နှုန်းပြ အနီရောင်အတန်းလေးက တဖြည်းဖြည်း ရှေ့သို့ တိုးသွားနေပြီး အိုင်တမ်၏ အချက်အလက်များကို Systemမှ စီစစ်ပေးနေလေသည်။
၃ စက္ကန့် ကုန်သွားပြီးနောက်တွင် Systemမှ ချပ်ဝတ်တန်ဆာ၏ အချက်အလက်များကို ထုတ်ပေးသည်။
မြို့စောင့်တပ်ချပ်ဝတ် (ကြေးအဆင့်၊ သတ္တုချပ်ဝတ်)
အဆင့် ၃
တန်ဆာ တပ်ဆင်ရန် လိုအပ်ချက် = သန်မာမှု ၁၀
ခုခံမှု +၂၂
သန်မာမှု +၅ ၊ ခံနိုင်ရည် +၂
HP +150
သက်တမ်း 35/35
ထပ်ပေါင်းစွမ်းရည် –
ခုခံမှုစွမ်းအား : ထိခိုက်မှုကို 3% လျော့ချပေးနိုင်သည်။
ဒိုင်းစစ်သည်နှင့် ကာကွယ်သူများသာ အသုံးပြုနိုင်သည်။
System : မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို အောင်မြင်စွာ သွန်းလုပ်ပြီးပါပြီ။ ပန်းပဲကျွမ်းကျင်မှုအမှတ် ၂မှတ် ရရှိပါသည်။ 800EXP ရရှိပါသည်။
“ကောင်းတယ်… ဒီဟာက ထပ်ပေါင်းစွမ်းရည်တောင် ရှိတယ်… မြို့စောင့်တပ်ချပ်ဝတ်၏ ထပ်ပေါင်းစွမ်းရည်ကို မြင်လိုက်သောအခါ ရှီဖုန်းက အလွန်ကို ပျော်ရွှင်သွားလေတော့သည်။
ကြေးအဆင့်အိုင်တမ်က ပထမဆုံးအကြိမ်မှာတင် သွန်းလုပ်အောင်မြင်လိမ့်မည်ဟု မထင်ထားပေ။ အိုင်တမ်ကို အောင်မြင်စွာ ပြုလုပ်နိုင်လျှင် EXPကလည်း ရရှိသေး၏။ ယခင်ဘဝက ပန်းပဲမာစတာများသည် သားရဲများကို သတ်ဖြတ်ခြင်း မရှိသော်လည်း အဆင့်များက နိမ့်ကျခြင်း မရှိသည်မှာ အံ့ဩစရာကိစ္စတစ်ခု မဟုတ်တော့ပေ။ မြို့စောင့်တပ် ချပ်ဝတ်တွင် စံအရည်အသွေး ပြည့်မီရုံတင် မဟုတ်ဘဲ ထပ်ပေါင်းစွမ်းရည်ကိုပင် ပိုင်ဆိုင်ထားသေး၏။
ပုံမှန်ဆိုလျှင် မြို့စောင့်တပ်ချပ်ဝတ်တန်ဆာတွင် ခုခံမှုစွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ သို့သော်လည်း ပန်းပဲသမားက အလွန်ကောင်းမွန်းသည့် ကျွမ်းကျင်မှုကို ထူးခြားမီးတောက်တစ်ခုခုနှင့် ပေါင်းစပ်လိုက်သည့်အခါ ထပ်ပေါင်းစွမ်းရည်ကို ပိုင်ဆိုင်လာနိုင်ချေ ရှိ၏။ ထပ်ပေါင်းစွမ်းရည်ပါလာခဲ့လျှင် အိုင်တမ်၏ တန်ဖိုးက နောက်တစ်ဆင့်သို့ ခုန်တက်သွားမည် ဖြစ်သည်။
ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို အချက်အလက်များကို သုံးသပ်နေပြီး ခဲငွေရောင်သတ္တု၏ ပုံစံနှင့် စွဲမက်စရာ ဒီဇိုင်းကို ကျေနပ်နေလေသည်။ ဤမြို့စောင့်တပ်ချပ်ဝတ်ကို သာမန်ကြေးအဆင့် အိုင်တမ်များက ယှဉ်နိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ကစားသမားအများစုသည် သာမန်အဆင့် အိုင်တမ်များကိုသာ အများဆုံး အသုံးပြုနေရချိန် ဖြစ်သည်။ ကစားသမားများက အဆင့် ၆ သို့ ရောက်သည်အထိ သာမန်အဆင့် အိုင်တမ်များကို အသုံးပြုနေလျှင်တောင်မှ အထူးအဆန်း မဟုတ်ပေ။ ကြေးအဆင့် အိုင်တမ်ကို ရရှိရန် ခက်ခဲလှသည်။ လက်ရွေးစင်အဖွဲ့များတောင်မှ ကြေးအဆင့် အိုင်တမ် ၂ခု သို့မဟုတ် ၃ခု ရှိနေလျှင် ကံအလွန်ကောင်းနေပြီဟု သတ်မှတ်နိုင်သည်။
မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို ဒိုင်းစစ်သည်များနှင့် ကာကွယ်သူများသာ အသုံးပြုနိုင်သည်။ ရှီဖုန်းကသာ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကို ရောင်းမည်ဆိုလျှင် လက်ရွေးစင်အဖွဲ့များက ကျိန်းသေ ဝယ်ယူကြလိမ့်မည်ဖြစ်သည်။ အဓိကခုခံသူတစ်ယောက်၏ လက်နက်အရည်အသွေးက မြေအောက်ခန်းတစ်ခုကို အောင်မြင်ရန် အများကြီး ကူညီပေး၏။ ထို့ကြောင့် ရှီဖုန်းက ချပ်ဝတ်ကို ငွေပြား ၄ပြားနှင့် ရောင်းလျှင်တောင်မှ လက်ရွေးစင်အဖွဲ့များက ကျိန်းသေ ဝယ်ယူကြပေလိမ့်မည်။
မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ ခုခံမှုစွမ်းအားကတော့ အဖွဲ့တစ်ခု၏ အဓိကခုခံသူအပေါ် အလွန်အကျိုးရှိစေသည်။ ထို့ကြောင့် ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ တန်ဖိုးကို ငွေပြား ၅ပြားအောက် လုံးဝ မလျော့ပေးနိုင်ချေ။
ပထမဆုံးအကြိမ် အောင်မြင်ထားသည့် အတွေ့အကြုံဖြင့် ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာများကို ဆက်လက် ထုလုပ်ရန် ပြင်လိုက်သည်။
သို့သော်လည်း သည်တစ်ခါတွင်တော့ ရှီဖုန်းက အကြိမ်တစ်ရာသန့်စင်စတီးကို ထုတ်လိုက်သည်။ တန်ဆာကို ထုလုပ်ရန် ဤစတီးကို အသုံးပြုလိုက်လျှင် မည်သည့်အကျိုးကျေးဇူးများ ရရှိလာမည်ကို သူ သိချင်နေမိသည်။ (အကြိမ်တစ်ရာသန့်စင်စတီးက အပိုင်း ၁၉မှာ ရခဲ့တဲ့ သတ္တုနော်။ အပိုင်း ၁၉မှာ တုန်းက သန့်စင်စတီး ၁၀၀လို့ မှားရေးမိထားလို့ပါ။ ပြင်ဖတ်ပေးပါဦး)
အချိန် ၁၀မိနစ်အတွင်းတွင် ဒုတိယ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ဖြစ်ပေါ်လာသည်။
သို့သော်လည်း မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ၏ အရောင်က ယခင်တစ်ခုနှင့် ကွာခြားသွား၏။ မြို့စောင့်တပ်ချပ်ဝတ်က ခဲငွေရောင်ဖြစ်ရမည့်အစား နက်မှောင်နေသည်။
System က ၃စက္ကန့်ကြာအောင် ခွဲခြမ်းစိတ်ဖြာပြီးနောက် အချက်အလက်များကို ဖော်ပြလာသည်။
မြို့စောင့်တပ်ချပ်ဝတ် အကြီး (ကြေးအဆင့်၊ သတ္တုချပ်ဝတ်)
အဆင့် ၃
တန်ဆာတပ်ဆင်ရန် လိုအပ်ချက် = သန်မာမှု ၁၄
ခုခံမှု +၂၅
သန်မာမှု +၂ ၊ ခံနိုင်ရည် +၄
HP +150
သက်တမ်း 40/40
ထပ်ပေါင်းစွမ်းရည် –
ခုခံမှုစွမ်းအား : ထိခိုက်မှုကို ၅ရာခိုင်နှုန်း လျော့ပေးနိုင်သည်။
ဒိုင်းစစ်သည်များနှင့် ကာကွယ်သူများသာ အသုံးပြုနိုင်သည်။
System : မြို့စောင့်တပ် ချပ်ဝတ်တန်ဆာအကြီးကို အောင်မြင်စွာ သွန်းလုပ်ပြီးပါပြီ။ ပန်းပဲကျွမ်းကျင်မှုအမှတ် ၂မှတ် ရရှိပါသည်။ 1000 EXP ရရှိပါသည်။
System : သင်သည် ပန်းပဲပညာရပ်တွင် ပါရမီရှင်တစ်ယောက် ဖြစ်သောကြောင့် ပန်းပဲကျွမ်းကျင်မှုအမှတ် ၂မှတ်ကို ထပ်ပေါင်း ရရှိပါသည်။
လက်ရှိအချိန်မှာတော့ ရှီဖုန်းက ပန်းပဲစွမ်းရည်မှ ပေးသည့် ထပ်ပေါင်းကျွမ်းကျင်မှုအမှတ်အကြောင်းကို လုံးဝ မေ့လျော့နေလေသည်။ သူ၏ အာရုံက မြို့စောင့်တပ်ချပ်ဝတ်အကြီးပေါ်တွင်သာ ရောက်နေလေသည်။ မြို့စောင့်တပ်ချပ်ဝတ်အကြီး၏ စွမ်းရည်များက အဆင့် ၃ ထူးခြားသံအဆင့် တန်ဆာနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဤချပ်ဝတ်အကြီးကို တန်ဖိုးတွက်ရမည်ဆိုလျှင် အနိမ့်ဆုံး ငွေပြား ၁၀ပြားခန့် တန်ကြေးရှိ၏။
အကြိမ်တစ်ရာသန့်စင်စတီးက ဤကဲ့သို့ ကြီးကြီးမားမား ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ပန်းပဲမာစတာတစ်ယောက် ပေးသည့် ပစ္စည်းက သာမန်ပစ္စည်းတစ်ခု မဖြစ်နိုင်သည်ကိုတော့ သူ ဝန်ခံရပေမည်။ သို့သော်လည်း စိတ်မကောင်းစရာက အကြိမ်တစ်ရာသန့်စင်စတီး ၁၀ခုသာ ရခဲ့သည့်အတွက် ယခု အကြိမ်တစ်ရာသန့်စင်စတီး ၉ခုသာ ကျန်တော့၏။
ယခု သူက အကြိမ်တစ်ရာသန့်စင်စတီး၏ ကောင်းကျိုးကို သိလိုက်ပြီဖြစ်သောကြောင့် ဖြုန်းမပစ်တော့ဘဲ အိုင်တမ်ကောင်းများကို ပြုလုပ်သည့်အခါမှသာ သုံးရန် ဆုံးဖြတ်လိုက်သည်။
အချိန် နှစ်နာရီက လျင်မြန်စွာ ကုန်ဆုံးသွား၏။ နှစ်နာရီဆိုသည့် အချိန်အတွင်း ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်တန်ဆာကိုသာ မရပ်မနား သွန်းလုပ်နေခဲ့သည်။ သူက စုစုပေါင်း မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ၂၃ခု သွန်းလုပ်နိုင်ခဲ့သော်လည်း ၄ခုက ကျရှုံးသွားခဲ့ရသည်။
ရှီဖုန်းကတော့ ထိုရလဒ်ကို အလွန်ကျေနပ်နေလေသည်။ မြို့စောင့်တပ်ချပ်ဝတ်တန်ဆာတစ်ခုကို သွန်းလုပ်နိုင်ခြင်းက ကျရှုံးသွားသည့် ၄ခုကို ကုစားပေးနိုင်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှီဖုန်းက အဆင့် သုံးသို့ ရောက်သွားခဲ့၏။ လက်ရှိ သူ၏အဆင့်က ကျွမ်းကျင်သူများနှင့် သိပ်မကွာတော့ပေ။ ထို့အပြင် သူ၏ ပန်းပဲကျွမ်းကျင်မှုအမှတ်ကလည်း ၄၄အထိ ရှိနေပြီဖြစ်သည်။ ထို့သို့သော တိုးတက်မှုက အစည်းအရုံးမှ ပန်းပဲသမားများထက် ၄ဆ၊ ၅ဆခန့် မြန်နေလေသည်။
ထို့နောက် ရှီဖုန်းက အလယ်အလတ်အဆင့် ပန်းပဲအခန်းမှ ထွက်လာပြီး လေလံအိမ်ဆီသို့ တန်းသွားလိုက်သည်။
သူက လေလံအိမ်သို့ ရောက်သောအခါ ခုခံမှုစွမ်းအား(ထပ်ပေါင်းစွမ်းရည်) မရှိသော မြို့စောင့်တပ်ချပ်ဝတ်တန်ဆာ ၁၁ခုကို ငွေပြား ၄ပြားဖြင့် လေလံတင်လိုက်သည်။ ခုခံမှုစွမ်းအား ပိုင်ဆိုင်ထားသော မြို့စောင့်တပ်ချပ်ဝတ်များနှင့် မြို့စောင့်တပ်ချပ်ဝတ် အကြီးကိုတော့ ဘေးဖယ်ထားလိုက်သည်။ အစည်းအရုံးများနှင့် လက်ရွေးစင်အဖွဲ့များကို ရိုးရိုးမြို့စောင့်တပ်ချပ်ဝတ်များ၏ စွမ်းအားကို အရင်ဆုံး အရသာခံစေပြီးမှ ကျန်သည့် ချပ်ဝတ်များကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်မည် ဖြစ်သည်။
ထို့နောက်တွင်တော့ ရှီဖုန်းက ကုန်သွယ်ရေးဧရိယာထဲတွင် ဆိုင်တစ်ဆိုင်ဖွင့်ကာ အော်ဟစ်လိုက်သည်။ ထိုအခါ ကစားသမားများက ရှီဖုန်းဆီသို့ ပြေးလာပြီး ကျောက်တုံးများနှင့်မှော်အဆီအနှစ်များကို ရောင်းချကြသည်။ နာရီဝက်ကြာအောင် ပစ္စည်းများကို ဝယ်ပြီးနောက် ရှီဖုန်းက နာရီကို ကြည့်လိုက်သည်။ အချိန်က နတ်ဘုရာနယ်မြေထဲတွင် ညအချိန်သို့ ရောက်တော့မည်ဖြစ်သည်။ ညရောက်လျှင် သားရဲများက ပိုအစွမ်းထက်လာကာ သတ်ရန်လည်း ခက်ခဲလာပေလိမ့်မည်။ ထို့ကြောင့် ညအချိန်က အဆင့်တက်ရန် အချိန်ကောင်းတစ်ခု မဟုတ်ပေ။ ထို့အပြင် သူလည်း အနားယူသင့်နေလေပြီ။
လက်ရှိတွင် ရှီဖုန်းက နတ်ဘုရားနယ်မြေဂိမ်းကို ကစားရန် ပုံရိပ်ယောင်ဂိမ်းဦးထုပ်ကို အသုံးပြုနေခြင်း ဖြစ်ပြီး ပုံရိပ်ယောင်ဂိမ်းပေါ့ဒ်ကို အသုံးပြုနေခြင်း မဟုတ်ပေ။ ပုံရိပ်ယောင်ဂိမ်းပေါ့ဒ်က ခန္ဓာကိုယ်မှ လိုအပ်သည့် စွမ်းအင်နှင့် အာဟာရကို ထောက်ပံ့ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်ရှိ ကြွက်သားများကို လှုံ့ဆော်ပေးခြင်းဖြင့် နတ်ဘုရားနယ်မြေတွင် အချိန်ကြာကြာ ကစားခြင်းကြောင့် ဖြစ်လာမည့် ခန္ဓာကိုယ်အားနည်းမှုကို ကာကွယ်ပေးနိုင်သည်။
ရှီဖုန်းက System ၏ အင်တာဖေ့ကို ခေါ်ပြီး ဂိမ်းမှထွက်ရန် ခလုတ်ကို နှိပ်လိုက်သည်။
ထိုအချိန်၌ ခြေချစရာနေရာပင် မရှိသော ငှားရမ်းထားသည့် တိုက်ခန်းထဲတွင် နေရောင်ခြည်က ပြတင်းပေါက်မှ ဖြတ်လာပြီး အခန်းထဲသို့ ဖြာကျနေလေသည်။ အခန်းတွင်းရှိ အပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။
ရှီဖုန်းက ဂိမ်းဦးထုပ်ကို ချွတ်လိုက်ပြီး မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။
မလှုပ်မရှားဘဲ အိပ်ယာပေါ်တွင် ၁၀နာရီကျော် လဲလျောင်းနေမှုကြောင့် ယခုအချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထုံကျင်နေလေပြီ။ ထို့ကြောင့် ပုံမှန်အတိုင်းပြန်ဖြစ်စေရန်အတွက် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား လုပ်ပေးရန် လိုအပ်ပေသည်။
သူက ဒိုက်ထိုး၊ အိပ်ထမတင်စသည့် ကိုယ်လက်လေ့ကျင့်ခန်းများကို စတင်ပြုလုပ်လေတော့သည်။
ရုပ်ခန္ဓာလှပမှုကို အလွန်အမင်း အလေးထားသော ဤခေတ်ကြီးတွင် ခန္ဓာကိုယ်လေ့ကျင်မှုက ဘဝအတွက် မရှိမဖြစ်သော လိုအပ်ပေသည်။
ဆယ်စုနှစ်များစွာ သုတေသနများ ပြုလုပ်လာပြီးနောက် သိပ္ပံပညာရှင်များက လူ့ဘဝသက်တမ်းကို ကြာရှည်ရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့တွင် အောင်မြင်မှု ကြီးကြီးမားမား ရှာတွေ့နိုင်ခဲ့သည်။ ယခုအချိန်တွင် လူသားများက သူတို့၏ ငယ်ရွယ်နုပျိုမှုကို အချိန်ကြာကြာ ထိန်းထားနိုင်နေပြီဖြစ်၏။ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုက လူတစ်ယောက်၏ ဘဝသက်တမ်းကို နှစ်တစ်ရာအထိ တိုးလာစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သိပ္ပံပညာရှင်များက ခန္ဓာကိုယ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက အလွန်အရေးပါသည်ဟု ထောက်ပြပြောဆိုခဲ့ကြသည်။
ထို့ကြောင့် လေ့ကျင့်ခန်းများ လုပ်ရတော့မည့် ခေတ်ကို ရောက်ရှိလာလေပြီ။
လက်ရှိအချိန်တွင်တော့ အားကစားများနှင့် တိုက်ခိုက်ရေးပြိုင်ပွဲများက လူအများ၏ အာရုံစိုက်မှုကို ရယူထားလေသည်။
တက္ကသိုလ်အခုတည်းတွင်တောင်မှ အားကစားအသင်းအဖွဲ့များနှင့် သိုင်းပညာအဖွဲ့အစည်းများ အများအပြား ရှိပြီး ကျောင်းသားများက ထိုအားကစားများနှင့် သိုင်းပညာအသင်းအဖွဲ့များကို အလွန် လက်ခံကြိုဆိုနေကြလေသည်။
လက်ရှိ လူ့အဖွဲ့အစည်းတွင် လိုအပ်သည့်အခါ သုံးရန် လျှို့ဝှက်ချက် မရှိသည့် သူများကို အထင်သေးကြသည်။ တခြားတစ်ဖက်တွင်တော့ အောင်မြင်နေသည့် အားကစားသမားများနှင့် သိုင်းပညာရှင်များကို အထင်ကြီးကြသည်။ တက္ကသိုလ်မှာဆိုလျှင် အားကစားသမားများနှင့် သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသားများဘေးတွင် မိန်းမလှလေးများက ဝန်းရံနေတတ်ကြသည်။ လှပချောမောသော ကောင်လေးများအတွက်ကတော့ သူတို့၏ အချိန်ကောင်းများသည် ယခင်ကတည်းက ပျောက်ကွယ်သွားပြီး ဖြစ်လေသည်။
ယခင်ဘဝတုန်းက ရှီဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ခဲ့ချေ။ ထို့ကြောင့် သူက အဆုံးသတ်သို့ ရောက်လုနီးဖြစ်ခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်ချင်သည့်အချိန်သို့ ရောက်လာသောအခါ သူ၏ ငယ်ရွယ်မှုက ဆုံးရှုံးနေလေပြီ။ သူက အစွမ်းကုန် ကြိုးစားလျှင်တောင်မှ အကျိုးသက်ရောက်မှုက ကြီးကြီးမားမား ဖြစ်လာတော့မည် မဟုတ်ချေ။
သည်ဘဝတွင်တော့ ရှီဖုန်းက ထိုသို့ အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ နာရီဝက်ခန့် လေ့ကျင့်ပြီးသောအခါ ရှီဖုန်း၏ တစ်ကိုယ်လုံးတွင် ချွေးများဖြင့် စိုရွှဲနေပြီး ရေချိုးထားသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် သူက အသင့်စားခေါက်ဆွဲကို ပြုတ်စားရန် ပြင်လိုက်စဉ်တွင် သူ့ဖုန်းမှ အသံမြည်လာသည်။
ရှီဖုန်းက ဖုန်းခေါ်သူကို ကြည့်လိုက်သောအခါ အေးစက်သော အမျိုးသမီးအတန်းခေါင်းဆောင် ကျောက်ရော့ရှီ ဖြစ်နေသည့်အတွက် အံ့အားသင့်သွားလေသည်။
“မော်နီတာ… ဘာကိစ္စရှိလို့လဲ… “ ရှီဖုန်းက ဖုန်းကိုင်လိုက်ပြီး ပြန်မေးသည်။
ရှီဖုန်း၏ မှတ်ဉာဏ်များအရ သူက အတန်းတက်ချိန်မှလွဲ၍ အမျိုးသမီးအတန်းခေါင်းဆောင်နှင့် အဆက်အဆံ မရှိပေ။ တက္ကသိုလ် လေးနှစ်တာ ကာလအတွင်းတွင် သူက သူမနှင့် စာကြောင်းတစ်ရာပြည့်အောင် စကားမပြောဖူးပေ။
“ရှီဖုန်း… ကျောင်းကို မြန်မြန်လာခဲ့… နင်က ယောက်ျားလေးအဆောင်မှာ မနေတော့ နင့်ကို အသိမေပေးရသေးတာ… အခုတော့ ပြောမှရတော့မယ်… ၁၁နာရီကျရင် အဆောင် ၃ အခန်းနံပါတ် ၄၀၁မှာ အရေးကြီးတဲ့ကိစ္စ ကြေငြာလိမ့်မယ်… “
ရှီဖုန်းက စားပွဲပေါ်ရှိ လျှပ်စစ်နာရီကို ကြည့်လိုက်သောအခါ ၁၀နာရီ ခွဲပြီးနေလေပြီ။
“ကောင်းပြီ… ငါ အခုပဲ သွားလိုက်မယ်… “
ရှီဖုန်းက ချက်ချင်း အဖြေပေးလိုက်သည်။