Chapter – 43 ပန်းပဲပညာရပ် စာအုပ်
ရှီဖုန်းက အလယ်အလတ်အဆင့် ပန်းပဲအခန်း၏ သော့ကို ယူလိုက်ပြီး အထာပေးနေသော မိန်းကလေးအား ဂရုမစိုက်ဘဲ ဒုတိယထပ်သို့ တက်သွားလိုက်သည်။
ပန်းပဲအဖွဲ့အစည်း၏ ပထမထပ်တွင် အခြေခံအဆင့် ပန်းပဲအခန်းများသာ ရှိပြီး အလယ်အလတ်အဆင့် ပန်းပဲအခန်းများက ဒုတိယထပ်တွင် ရှိ၏။
ပထမထပ်နှင့်ယှဉ်လျှင် ဒုတိယထပ်၌ လျှောက်သွားနေကြသော NPC အနည်းငယ်သာ ရှိ၏။ ဒုတိယအထပ်ကို ကစားသမားများက မလာကြပေ။ ထို့အပြင် အခြေခံအဆင့် ပန်းပဲအခန်း ၅၀ ရှိသော ပထမထပ်ကဲ့သို့ မဟုတ်ဘဲ ဒုတိယထပ်တွင် အလတ်အလတ်အဆင့် ပန်းပဲအခန်း ၂၀သာ ရှိသည်။
ရှီဖုန်းက အလယ်အလတ်အဆင့် ပန်းပဲအခန်းအတွင်းသို့ ဝင်လိုက်သည်။ အခန်းက အလွန်ကျယ်ပြီး သန့်ရှင်းသပ်ရပ်နေသည့်အပြင် အခန်းထဲရှိ ပစ္စည်းများကလည်း အခြေခံအဆင့် ပန်းပဲအခန်းထက် သာလွန်ပေသည်။ အထူးသဖြင့် တူနှင့်မီး ဖြစ်သည်။ ထိုပစ္စည်းနှစ်ခုက ရိုးရှင်းသည့် ပစ္စည်းများ မဟုတ်ပေ။
ရှီဖုန်းက သံမဏိသက္ကလတ်ပေါ်တွင် တင်ထားသော ငွေဖြူရောင်တူကို ကိုင်လိုက်သည်။
အကြိမ်တစ်ရာ သန့်စင်ခြင်း တူ (ကြေးအဆင့်)
ပန်းပဲအိုင်တမ် : ပန်းပဲထုသည့်အခါ အောင်မြင်နှုန်းကို ၃ ရာခိုင်နှုန်း တိုးပေးသည်။
လိုအပ်ချက် = သန်မာမှု ၄
ဤအကြိမ်တစ်ရာ သန့်စင်ခြင်းတူသည် ကစားသမားများ ရရန် အလွန်ခက်ခဲလှသည်။ NPC များ ရောင်းချသော တူများသည် သာမန်တူများသာ ဖြစ်ပြီး အောင်မြင်မှုနှုန်းကို တိုးမပေးနိုင်ချေ။ ဤအကြိမ်တစ်ရာ သန့်စင်ခြင်းတူသည် ပန်းပဲအခန်းထဲရှိ ပစ္စည်းဖြစ်သဖြင့် ကစားသမားများက ယူဆောင်နိုင်ခြင်း မရှိပေ။
အခန်းထဲရှိ မီးတောက်ကလည်း အလွန် ထူးဆန်း၏။ ပုံမှန်ကဲ့သို့ အဝါရောင် ရောစပ်နေသော ကြက်သွေးရောင်အမျိုးအစား မဟုတ်ဘဲ အစိမ်းရောင် ရောနေသည့် ကြက်သွေးရောင်အမျိုးအစား ဖြစ်သည်။ ၎င်းက သာမန်မီးတောက် မဟုတ်ဘဲ ထူးခြားမီးတောက်ဖြစ်နေလေသည်။
ရှီဖုန်းက ၎င်း၏ အချက်အလက်များကို ကြည့်လိုက်သည်။
ကြက်သွေးရောင် နတ်ဆိုးမီးတောက် (အဆင့် ၁ ထူးခြားမီးတောက်)
အထူးအိုင်တမ် : မြင့်မားသော အပူချိန်ကို ပိုင်ဆိုင်ထားပြီး ပစ္စည်းများကို အရည်ကျိုသည့်အခါ မြင့်မာသော သန့်စင်မှုကို ရရှိလိမ့်မည်။ ဆေးရည် သို့မဟုတ် ပန်းပဲပစ္စည်းများကို သန့်စင်ရာတွင် အောင်မြင်မှုနှုန်း ပိုများလာမည်။
ထူးခြားမီးတောက်များသည် အလွန်ရှားပါးပြီး စွမ်းအားကောင်းသော မီးတောက်များ ဖြစ်သည်။ မီးတောက်များကို အဆင့် ၉ဆင့် ခွဲထားပြီး အဆင့် ၁က အားအနည်းဆုံးဖြစ်ကာ အဆင့် ၉က အားအကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း အဆင့် ၁ ထူးခြားမီးတောက်ကိုပင် ကစားသမားများက အလွယ်တကူ မရနိုင်ပေ။
ထူးခြားမီးတောက်၏ ရှားပါးမှုကြောင့် ၎င်း၏ တန်ဖိုးကလည်း နတ်ဘုရားနယ်မြေတွင် အလွန်မြင့်မားလှသည်။ ဆေးရည်ဖော်စပ်ခြင်းနှင့် ပန်းပဲပညာရပ်တွင် ထူးခြားမီးတောက်များကို လိုအပ်သောကြောင့် ထူးခြားမီးတောက်၏ ဈေးနှုန်းက ပို၍ပင် မြင့်မားသွား၏။
ယခင်ဘဝက အစည်းအရုံး ၁၀ခုကျော်သည် အဆင့် ၄ မီးတောက်တစ်ခုအတွက် တိုက်ခိုက်ခဲ့ကြဖူး၏။ ထိုတိုက်ပွဲတွင် သန်းချီသော ကစားသမားများ သေဆုံးသွားပြီးနောက် နောက်ဆုံးတွင် အဆင့် ၄ မီးတောက်က ကမ္ဘာလွှမ်းမိုးသူများအစည်းအရုံး၏ လက်ထဲသို့ ရောက်သွား၏။ ထိုအဖြစ်မပျက် ဖြစ်ပွားပြီး မကြာမီတွင် ကမ္ဘာလွှမ်းမိုးသူများအစည်းအရုံး၏ ဆေးရည်ဖော်စပ်သူတစ်ယောက်က ဂရမ်းမာစတာအဆင့်သို့ ရောက်သွားပြီး ကမ္ဘာလွှမ်းမိုးသူများအစည်းအရုံးကလည်း ပိုမို အင်အားကြီးလာခဲ့သည်။
ရှီဖုန်းကလည်း တောက်လောင်နေသော ထူးခြားမီးတောက်ကို ကြည့်ပြီး ပိုင်ဆိုင်လိုစိတ် ပြင်းပြလာသည်။ ထိုအရာကား ပန်းပဲသမားတစ်ယောက်၏ လောဘပင် ဖြစ်သည်။
ရှီဖုန်းက ထိုအကြောင်းကို လေးလေးနက်နက် တွေးနေရင်း ကိစ္စတစ်ခုကို သတိရသွား၏။
နတ်ဘုရားနယ်မြေစတင်ပြီး ဒုတိယမြောက်လတွင် တတိယတန်းစား အစည်းအရုံးတစ်ခုဖြစ်သည့် မွန်မြတ်အလင်းက အဆင့် ၂ ထူးခြားမီးတောက် ဖြစ်သော ရေခဲပြာနတ်ဆိုးမီးတောက်ကို ရှာတွေ့ခဲ့သည်။ ထိုမီးတောက်ကို သရဲတစ်ရာတောအုပ်တွင် ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး တခြားအစည်းအရုံးများကို မနာလို ဖြစ်စေခဲ့သည်။
ထို့နောက်တွင် မွန်မြတ်အလင်းအစည်းအရုံးသို့ ဝင်ချင်ကြသော ဘဝစတိုင် ကစားသမားများ အများအပြား ထွက်ပေါ်လာပြီး အစည်းအရုံး၏ အင်အားက အလွန်အမင်း တိုးပွားလာကာ မြို့ငယ်လေးတစ်ခုတွင် အာဏာရှင်တစ်ပါး ဖြစ်လာခဲ့သည်။ သို့သော်လည်း ထူးခြားမီးတောက်ကို လိုချင်၍ သတင်းများ လျှို့ဝှက်စုဆောင်းနေကြသော အစည်းအရုံးများလည်း ရှိ၏။ ထိုအစည်းအရုံးများကြားတွင် ရှဲဒိုးသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
ရှဲဒိုးသည် ထူးခြားမီးတောက်ကို ရယူရန် နည်းလမ်းနှင့် နေရာကို မွန်မြတ်အလင်းမှ ရရှိခဲ့သည်။ သို့သော်လည်း ထူးခြားမီးတောက်သည် တစ်ကြိမ်သာ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် အစည်းအရုံးများ၏ ကြိုးစားမှုများက သဲထဲရေသွန် ဖြစ်ခဲ့ကြရသည်။
ရေခဲပြာနတ်ဆိုးမီးတောက် အကြောင်း တွေးရင်း ရှီဖုန်းက ထူးခြားမီးတောက်ကို အလွန်အမင်း လိုချင်လာသည်။ သူကသာ ထူးခြားမီးတောက်ကို ရယူနိုင်ခဲ့လျှင် သူက အစည်းအရုံးတစ်ခု တည်ထောင်သည့်အခါ ၎င်းက သူ့အား အကျိုးများစွာ ဖြစ်ထွန်းစေလိမ့်မည်။ ထို့အပြင် ၎င်းက သူ့အား စစ်မှန်သော ပန်းပဲဆရာတစ်ယောက်ဖြစ်အောင် ကူညီနိုင်ပေးနိုင်ပေလိမ့်မည်။
သို့သော် ရေခဲပြာနတ်ဆိုးမီးတောက်ကို မရယူခင် စီစဉ်စရာ ရှိသည့်ကိစ္စများကို အရင်ဆုံး ကြိုတင်ပြင်ဆင်ရပေမည်။
ထို့နောက် ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်ဒီဇိုင်းကို ထုတ်ယူပြီး ချက်ချင်း သင်ယူလိုက်သည်။
System : မြို့စောင့်တပ်ချပ်ဝတ် ထုလုပ်ပုံကို သင်ယူပြီးပါပြီ။
ရှီဖုန်းက လိုအပ်သည့် ပစ္စည်းများကို ကျောက်စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူက အဖိုးတန်လှသော ပန်းပဲပညာရပ်စာအုပ်ကို ထုတ်ယူပြီး ပန်းပဲထုရန် စတင်လိုက်သည်။
ရှီဖုန်းက အခြေခံ ပန်းပဲအလုပ်သင်အဆင့် ဖြစ်သည့်အတွက် အဆင့် သုည သာမန်တန်ဆာတစ်ခုကို ပြုလုပ်လျှင်တောင်မှ အောင်မြင်နှုန်းက 20% ထက် မပိုပေ။ တန်ဆာကို ပြုလုပ်အောင်မြင်သွားလျှင် ကျွမ်းကျင်မှုအမှတ် တစ်မှတ် ရနိုင်ချေ ၄၀% ရှိ၏။ သို့သော် သူက အဆင့် ၃ ကြေးအဆင့် တန်ဆာဖြစ်သည့် မြို့စောင့်တပ် ချပ်ဝတ်ကို ပြုလုပ်လျှင် အောင်မြင်နိုင်သည့် ရာခိုင်နှုန်းက 5% ထပ် မပိုပေ။ ကြေးအဆင့် တန်ဆာကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့လျှင်တော့ ကျွမ်းကျင်မှုအမှတ် ၂မှတ် ရနိုင်ချေ ၁၀၀ ရာခိုင်နှုန်း ရှိလေသည်။
သိုသော်လည်း အလယ်အလတ်အဆင့် ပန်းပဲအလုပ်သင်ဖြစ်ရန် ကျွမ်းကျင်မှုအမှတ် ၁၀၀၀ ပြည့်ရန် လိုအပ်သည်။ ထိုအမှတ်ကို ရနိုင်ရန် ထောက်ပံ့ရမည့် ပစ္စည်းပမာဏက အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ဘဝစတိုင် ကစားသမားတစ်ယောက်အတွက် ထိုပမာဏသည် တစ်ယောက်တည်းအားဖြင့် တတ်နိုင်သော ပမာဏ မဟုတ်ပေ။
အစည်းအရုံးများရှိ ပန်းပဲသမားများ အားလုံးသည် သာမန်အဆင့် အိုင်တမ်များကို ပြုလုပ်ခြင်းဖြင့် စတင်ကြသည်။ စစချင်း ကြေးအဆင့် အိုင်တမ် ပြုလုပ်ခိုင်းသည့် အစည်းအရုံး မရှိပေ။ ပြောရမည်ဆိုလျှင် ကြေးအဆင့် အိုင်တမ်ကို ပြုလုပ်ရန် ဒီဇိုင်းပင် မရှိကြပေ။ ရှိခဲ့လျှင်တောင်မှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပန်းပဲအလုပ်သင်တစ်ယောက်၏ အောင်မြင်နှုန်းက အလွန်နည်းပါးသည့်အပြင် လိုအပ်သော ပစ္စည်းများက အလွန်ကို ဈေးကြီးလှသည်။ အိုင်တမ်ကို အောင်မြင်စွာ မပြုလုပ်နိုင်ခဲ့လျှင် ကုန်ကျစရိတ်က ငွေပြား တစ်ပြား မကပေ။ ထိုပမာဏက အစည်းအရုံးများ မတတ်နိုင်သည့် ဆုံးရှုံးမှုတစ်ခု မဟုတ်သော်လည်း အိုင်တမ် ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အလွယ်တကူ မရှာနိုင်ပေ။
ရှီဖုန်းကတော့ ထိုကိစ္စအတွက် စိတ်ပူစရာ မလိုပေ။ သူ့ထံတွင် ပြဒါးရှင်လုံး ရှိနေသည့်အတွက် လိုအပ်သော ပစ္စည်းများ ပြတ်လပ်သွားရန် မဖြစ်နိုင်ချေ။ ထို့အပြင် မြို့စောင့်တပ်ချပ်ဝတ် ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကား အလွန် ဈေးသက်သာ၏။ မှော်အဆီအနှစ် ၅ခု၊ ကြေးညိုသတ္တုရိုင်း ၅ခုနှင့် ကြေးနီသတ္တုရိုင်း ၂၀ခုသာ လိုအပ်သည်။
ထိုအတွက် ကုန်ကျစရိတ်သည် ကြေးပြား ၈၀ခန့်သာ ရှိသည့်အတွက် တခြား ကြေးအဆင့် အိုင်တမ်များနှင့် ယှဉ်လျှင် အနည်းဆုံး ကြေးပြား ၂၀ခန့် သက်သာပေသည်။ မြို့စောင့်တပ်ချပ်ဝတ်၏ စွမ်းရည်များကလည်း ကောင်းမွန်သည့်အတွက် လိုချင်သူကလည်း အလွန်များ၏။ ထို့ကြောင့် ရှီဖုန်းအနေဖြင့် မည်သို့ ရောင်းရမည်ကို စိတ်ပူစရာ မလိုပေ။
အရေးအကြီးဆုံးအချက်ကတော့ ပန်းပဲပညာရပ်စာအုပ်ပင် ဖြစ်သည်။
ပန်းပဲပညာရပ်စာအုပ်သည် အောင်မြင်မှုနှုန်းကို တိုးပေးနိုင်သည်။ သာမန်အဆင့် အိုင်တမ် ပြုလုပ်လျှင် 70%၊ ကြေးအဆင့် အိုင်တမ်အတွက် 50% ၊ ထူးခြားသံအဆင့် အိုင်တမ်အတွက် 30% ၊ လျှို့ဝှက်ငွေအဆင့် အိုင်တမ်အတွက် 20% ၊ ရွှေစင်အဆင့် အိုင်တမ်အတွက် 10% ၊ မဟူရာရွှေအဆင့် အိုင်တမ်အတွက် 5% နှင့် အံ့ဖွယ်အဆင့် အိုင်တမ်အတွက် 1% တိုးပေးနိုင်သည်။
ထိုကဲ့သို့ စွမ်းရည်များရှိသည့် ပန်းပဲပညာရပ်စာအုပ်က ကစားသမားတစ်ယောက်အား ပန်းပဲမာစတာတစ်ယောက်အဖြစ်သို့ အလွယ်တကူ ပို့ပေးနိုင်သည်။
ပုံမှန်ဆိုလျှင် အခြေခံပန်းပဲအလုပ်သင်များသည် သာမန်အဆင့် အိုင်တမ်များကို အောင်မြင်စွာ ပြုလုပ်နိုင်ချေ ၂၀ ရာခိုင်နှုန်းသာ ရှိ၏။ ပန်းပဲပညာရပ်စာအုပ်မှ ၇၀ရာခိုင်နှုန်းကို ပေါင်းထည့်လိုက်လျှင် အောင်မြင်နိုင်ချေက ၉၀ရာခိုင်နှုန်း ဖြစ်သွားပေလိမ့်မည်။ အလယ်အလတ်အဆင့် ပန်းပဲအခန်း၏ ထောက်ပံ့ပစ္စည်းများနှင့် အမှားဖယ်ရှားမှုကိုပါ ပေါင်းထည့်လိုက်လျှင် အောင်မြင်မှုနှုန်းက ၉၉ရာခိုင်နှုန်းအထက်တွင်သာ ရှိတော့မည် ဖြစ်သည်။ ကစားသူကသာ အရူးတစ်ယောက် မဟုတ်လျှင် ကျရှုံးရန် မဖြစ်နိုင်တော့ချေ။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ပန်းပဲပညာရပ်စာအုပ်၏ စွမ်းရည်ကား အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်ကို မြင်နိုင်သည်။
မြို့စောင့်တပ်ချပ်ဝတ်ကို ပြုလုပ်ရန် ရှီဖုန်းက အောင်မြင်နိုင်ချေ ၅ရာခိုင်နှုန်း ရှိ၏။ ပန်းပဲစာအုပ်မှ ၅၀ရာခိုင်နှုန်း၊ အခန်းထဲရှိ ထောက်ပံ့ပစ္စည်းများမှ ၃ရာခိုင်နှုန်းနှင့် ထူးခြားမီးတောက်၏ အကျိုးသက်ရောက်မှုဖြင့်ဆိုလျှင် မြို့စောင့်တပ်ချပ်ဝတ်ကို အောင်မြင်ရန် ၆၀ရာခိုင်နှုန်း ရှိနေပြီဖြစ်သည်။
ကြေးအဆင့် အိုင်တမ်ကိုပင် မဆိုထားနှင့် သာမန်အဆင့် အိုင်တမ်အတွက် အောင်မြင်နှုန်း ၆၀ရာခိုင်နှုန်းက ပန်းပဲသမား ကစားသူများအတွက် ရူးသွားစေနိုင်သည်။ ထိုအောင်မြင်မှုနှုန်းက ပန်းပဲသမား ကစားသူများအတွက် စိတ်မကူးနိုင်သော ပမာဏတစ်ခု ဖြစ်သည်။
အားလုံးကို ပြင်ဆင်ပြီးနောက် ရှီဖုန်းက မြို့စောင့်တပ်ချပ်ဝတ်ကို ပန်းပဲဒီဇိုင်းထဲမှအတိုင်း စနစ်တကျဖြင့် ဖြည်းဖြည်းချင်း ပြုလုပ်တော့သည်။ ပထမဆုံး ကြေးနီနှင့် ကြေးညိုကို အရည်ကျိုလိုက်သည်။ မီးဖြင့် ၅မီနစ်ခန့် လောင်မြိုက်ပြီးနောက်တွင် သတ္တုရိုင်းများက စတင်အရည်ပျော်လာပြီး တစ်ခုနှင့်တစ်ခု ရောစပ်သွားပြီး နီရဲနေသည့် သတ္တုရိုင်းတစ်ခု ဖြစ်လာသည်။ ထိုအခါ မှော်အဆီအနှစ်ကို ထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် ပူပြင်းနီရဲနေသော သတ္တုရိုင်းကို ထုတ်ယူပြီး သံမဏိသက္ကလတ်ပေါ်သို့ တင်လိုက်သည်။ သတ္တုရိုင်းတွင် လောင်မြိုက်နေသော အပူချိန်က အလွန်ပူပြင်းသည့်အတွက် ရှီဖုန်းကို ချွေးပြိုက်ပြိုက် ကျစေသည်။ သို့သော်လည်း သူက စိတ်ကို မလွှတ်ချရဲပေ။ နောက်ထပ်လာမည့် ဖြစ်စဉ်က အရေးအကြီးဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ရှီဖုန်းက အကြိမ်တစ်ရာသန့်စင်ခြင်းတူကို ကိုင်၍ နီရဲနေသော သတ္တုရိုင်းကို စတင်ထုရိုက်တော့သည်။
“ဒုန်း… ဒုန်း… ဒုန်း… “
မီးပွားများက အရပ်မျက်နှာအားလုံးသို့ လွှင့်စင်သွားပြီး ပန်းပဲအခန်းထဲတွင်လည်း တူထုသံများ ဖုံးလွှမ်းသွားလေသည်။
ရှီဖုန်းက ထုရိုက်သည့် အချက်တိုင်းကို ဂရုတစိုက်ဖြင့် ထုရိုက်နေလေသည်။
ယခင်ဘဝတွင်သူက ပန်းပဲပညာရပ်ကို မသင်ယူပေ။ သူက စုဆောင်းခြင်းစကေးကိုသာ သင်ယူခဲ့သည်။ သို့သော်လည်း ပန်းပဲပညာရပ်နှင့် ပက်သတ်လျှင် သူက တော်တော်များများကို သိထားသည်ဟု ဆိုရပေမည်။ ပန်းပဲမာစတာများနှင့်လည်း စကားပြောလေ့ ရှိသဖြင့် မှားတတ်သည့် အမှားများကိုလည်း သိထားလေသည်။
သတ္တုရိုင်းကို အချက် တစ်ရာကျော် ထုပြီးနောက် ပြီးပြည့်စုံပြီဟု ခံစားလိုက်ရသည်။ သူက နဖူးမှ ချွေးများကို သုတ်ပြီး ကြက်သွေးရောင် သတ္တုရိုင်း၏ အင်တာဖေ့ကို ရွေးချယ်ကာ ‘ပြီးဆုံးသည်’ ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
ထို့နောက်တွင်တော့ နီရဲနေသည့် သတ္တုရိုင်းက စတင်၍ ပုံစံပြောင်းလာသည်။ ၅စက္ကန့်အတွင်းမှာပင် ၎င်းက ခဲငွေရောင်ချပ်ဝတ်ပုံစံပေါ်လာသည်။ မျက်နှာပြင်ပေါ်တွင်တော့ မည်သည့်အမှားမှ မတွေ့ရပေ။ သို့သော်လည်း အိုင်တမ်တစ်ခု၏ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် အိုင်တမ်၏ အပြင်ဘက်မျက်နှာပြင်ပေါ် မူတည်ခြင်း မဟုတ်ဘဲ အရည်အသွေးပေါ်တွင် မူတည်ခြင်း ဖြစ်သည်။ အရည်အသွေးတွင် အိုင်တမ်၏ စွမ်းရည်နှင့် အဆင့်များ ပါဝင်သည်။
ကြေးအဆင့် အိုင်တမ်ကို ဆိုးရွားစွာ ပြုလုပ်ထားလျှင် ၎င်း၏ အဆင့်က သာမန်အဆင့်သို့ ကျသွားတတ်၏။ သို့မဟုတ် ၎င်း၏ အခြေခံစွမ်းရည်များက နိမ့်ကျသွားတတ်သည်။
ထို့ကြောင့် အောင်မြင်လား သို့မဟုတ် ကျရှုံးလား သိရန် ရှီဖုန်းက ချပ်ဝတ်၏ အချက်အလက်ကို ရွေးချယ်ကာ စစ်ဆေးကြည့်လိုက်သည်။