Chapter – 42 ဒြပ်စင် သန့်စင်ခြင်း
ပန်းပဲအဖွဲ့အစည်းအတွင်းရှိ အခန်းတစ်ခုထဲတွင်။
ရှီဖုန်းက ကျောက်တုံးတစ်ထုပ်ကို ထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
ကျောက်တုံးတစ်ထုပ်တွင် ကျောက်တုံး၁၀၀ ပါသည့်အတွက်ကြောင့် စားပွဲပေါ်တွင် ကျောက်တုံးများဖြင့် ပြည့်သွားပြီး အောက်သို့ပင် ပြုတ်ကျကုန်သည်။
“မင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲ ကြည့်ရအောင်… “
ရှီဖုန်းက ကြက်သွေးရောင် ပြဒါးရှင်လုံးကို ထုတ်ယူရင်း ပြုံးလိုက်လေသည်။
တစ်ယောက်ယောက်ကသာ ပြဒါးရှင်လုံးကို မြင်သွားလျှင် ရှီဖုန်းအတွက် ဆိုးကျိုးများ ဖြစ်လာနိုင်သဖြင့် ပန်းပဲအခန်းကို ငှားခဲ့ခြင်း ဖြစ်သည်။ ပန်းပဲအခန်းသည် ငှားရမ်းသူ၏ ခွင့်ပြုချက် မရှိဘဲ မည်သူမှ အထဲသို့ ဝင်ခွင့် မရှိပေ။
ရှီဖုန်းက စားပွဲပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ပြဒါးရှင်လုံးကို ကျောက်တုံးပေါ်သို့ ထိကပ်လိုက်သည်။
System : ဒြပ်စင်သန့်စင်ခြင်းအတွက် ပြဒါးရှင်လုံးကို အသုံးပြုလိုပါသလား။
ရှီဖုန်းက ‘Yes’ ကို ချက်ချင်း ရွေးချယ်လိုက်သည်။ ထိုအခါ ပြဒါးရှင်လုံးမှ အနီဖျော့ဖျော့ အရောင်တစ်မျိုး ထွက်လာပြီး ကျောက်တုံးထဲသို့ စီးဝင်သွား၏။
“ဖောင်း… “
လက်သီးဆုပ်အရွယ်ရှိသည့် ကျောက်တုံးက သဲဝါများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွား၏။ ရလဒ်ကတော့ ကျရှုံးခြင်းပင် ဖြစ်သည်။
သို့သော်လည်း ရှီဖုန်းက စိတ်ဓာတ်မကျဘဲ တည်ငြိမ်စွာ ရှိနေလေသည်။ သူက နောက်ထပ်ကျောက်တုံးကို ယူပြီး ထပ်မံ ပြုလုပ်လိုက်ပြန်သည်။
သတ္တုရိုင်းများကား အလွန်အဖိုးတန်၏။ သာမန် ကြေးနီသတ္တုရိုင်းတစ်ခုကိုပင် ကြေးပြား ၂ပြားဖြင့် ရောင်းနိုင်ပြီး NPC များထံတွင် ရောင်းလျှင်တော့ ကြေးပြား ၁ပြားဖြင့်သာ ရောင်းနိုင်လိမ့်မည်ဖြစ်သည်။ ကြေးနီသတ္တုရိုင်း အခု ၁၀၀ပါသည့် အထုပ်တစ်ထုပ်ဆိုလျှင် အစည်းအရုံးများက အလုအယက် ဝယ်ယူကြလိမ့်မည်ဖြစ်၏။ ကြေးပြား ၁၀ပြားသာ တန်သော ကျောက်တုံးတစ်ထုပ်နှင့် ယှဉ်လျှင် ကြေးနီသတ္တုရိုင်းသည် အလွန်အဖိုးတန်လှသည်။
ဒြပ်စင်သန့်စင်ခြင်းသည် ကျောက်တုံးမှ သတ္တုဒြပ်စင်ကို ထုတ်ယူပေး၏။ သို့သော်လည်း တချို့သော ကျောက်တုံးမျာသည် သတ္တုဒြပ်စင်ကို ပိုင်ဆိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် သဲအဖြစ် ပြောင်းလဲသွားခြင်းမှာ အထူးအဆန်း မဟုတ်သကဲ့သို့ ကျရှုံးမှုကလည်း သာမန် အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။
“ဖောင်း… ဖောင်း… ဖောင်း… “
ဆယ်ကြိမ်ဆက်တိုက်ကြိုးစားပြီးသော်လည်း ယခုထိ တစ်ကြိမ်ပင် မအောင်မြင်သေးသည့်အတွက် စိတ်ဓာတ်ပင် ကျချင်လာသည်။ အောင်မြင်နှုန်းက အလွန်ကို နည်းလွန်းလှသည်။
ကျောက်တုံးများက သဲအဖြစ်သာ ပြောင်းလဲသွားသဖြင့် ထိုကျောက်တုံးများကို သဲကန္တာရထဲမှ ကောက်ယူခဲ့လေသလားဟုပင် ရှီဖုန်းက သံသယ ဝင်လာသည်။
“စိတ်လျော့ထား… စိတ်လျော့… ကျောက်တုံးတွေ အများကြီး ကျန်သေးတယ်… “ ရှီဖုန်းက လေကို ပြင်းပြင်းရှူသွင်းပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။
ရှီဖုန်းက နောက်ထပ်ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ထပ်မံ သန့်စင်လိုက်သည်။
“ဖောင်း… “
ဤတစ်ကြိမ်တွင်လည်း ကျောက်တုံးက သဲမှုန်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ သို့သော်လည်း အဝါရောင်သဲမှုန်များကြားတွင် ခရမ်းနီရောင်တောက်ပနေသည့် သတ္တုအစိတ်အပိုင်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာက ကြေးနီသတ္တုရိုင်းပင် ဖြစ်သည်။
ကြေးနီ သတ္တုရိုင်းကို ပထမဆုံး ရလိုက်သည့်အတွက် ရှီဖုန်းက စိတ်သက်သာရာ ရသွား၏။ ထို့နောက် သူက လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်တော့သည်။
အချိန်အနည်းငယ် အတွင်းမှာပင် စားပွဲပေါ်ရှိ ကျောက်တုံးများအားလုံး သဲဝါများအဖြစ်သို့ ပြောင်းလဲသွား၏။ ကျောက်တုံးတစ်ထုပ်မှ ကြေးနီသတ္တုရိုင်း ၂၃ခုနှင့် ကြေးညိုသတ္တုရိုင်း၂ခု ရလိုက်၏။ ကြေးညိုသတ္တုရိုင်းသည် ကြေးနီသတ္တုရိုင်းထက် ၃ဆ တန်ဖိုးရှိ၏။ NPC များထံ၌ ရောင်းလျှင် ကြေးပြား ၃ပြား ရ၏။ ကြေးညို သတ္တုရိုင်း၏ ရှားပါးမှုကြောင့် ကစားသမားများက ကြေးညို သတ္တုရိုင်းကို ကြေးပြား ၇ပြားအထိ ပေး၍ ဝယ်ယူကြသည်။
ရှီဖုန်းက စားပွဲပေါ်မှ သတ္တုရိုင်းများကို ကြည့်ပြီး ပြဒါးရှင်လုံးကို ရွှေတွင်းတစ်ခုကဲ့သို့ ခံစားလိုက်ရလေသည်။ လက်ရှိအချိန်တွင် ပြဒါးရှင်လုံးသည် ပျက်စီးနေသော်လည်း သာမန်ရတနာပစ္စည်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့်လည်း ပြဒါးရှင်လုံးအတွက် နိုင်ငံများစွာက စစ်ခင်းခဲ့ကြသည်။ လက်ထဲတွင် ပြဒါးရှင်လုံးကိုသာ ပိုင်ဆိုင်ထားလျှင် ရတနာသိုက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားသည်နှင့် တူလေသည်။
ရှီဖုန်းက စားပွဲပေါ်မှ သတ္တုရိုင်းများကို သိမ်းပြီး နောက်ထပ် ကျောက်တုံးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။
ကျောက်တုံးများက တစ်ထုပ်ပြီး တစ်ထုပ် ပျောက်ကွယ်နေပြီး သဲဝါပုံကြီးကလည်း တောင်ကုန်းအသေးတစ်ခုသဖွယ် ကြီးမားလာသည်။ ကံကောင်းသွားသည့် အချက်ကား ပန်းပဲအခန်းထဲ၌ ခလုတ်တစ်ချက် နှိပ်လိုက်ရုံဖြင့် အမှိုက်များကို ရှင်းလင်းနိုင်သည်။ သန့်ရှင်းရေးခလုတ်ကို တစ်ချက် နှိပ်ပြီးသောအခါ တောင်ကုန်းအသေးတစ်ခုကဲ့သို့ ဖြစ်နေသည့် သဲဝါပုံကြီးက ပျောက်ကွယ်သွားလေသည်။
တစ်နာရီကြာပြီးနောက် ရှီဖုန်းက ကျောက်တုံးအထုပ် ၄၀ကို သန့်စင်ပြီးသွား၏။ သူက ကြေးနီသတ္တုရိုင်း ၇ထုပ်ကျော် ရရှိပြီး ကြေးညိုသတ္တုရိုင်းကိုတော့ ၁ထုပ်သာသာ ရရှိလိုက်သည်။ ထိုသတ္တုရိုင်းများကိုသာ ရောင်းချလိုက်လျှင် သူက ငွေပြား ၂၀ကျော် ရရှိပေလိမ့်မည်။ ထိုသတ္တုရိုင်းများအတွက် အရင်းငွေကား ငွေပြား၄ပြားသာ ကျသင့်၏။ ထို့ကြောင့် ကွာခြားချက်က ၅ဆဖြစ်နေပြီး ၎င်းက အလွန်ကို ကောင်းမွန်သည့် အမြတ် ဖြစ်သည်။
အရေးကြီးဆုံး အချက်ကား သတ္တုရိုင်းများကား ကျနှုန်းအလွန်နည်းသည့်အတွက် အပြုံလိုက် ဝယ်ယူ၍ မရခြင်းပင် ဖြစ်သည်။
ရှီဖုန်းက ပန်းပဲအခန်းမှ ထွက်လိုက်သည်နှင့် System မှ သတိပေးချက်ကို ရရှိလိုက်သည်။
System : လေလံအိမ်တွင် ရောင်းချထားသော ကြမ်းကြုတ်ဝက်ဝံ ချပ်ဝတ်ကို ရောင်းချပြီးပါပြီ။ ဝန်ဆောင်ခအတွက် ငွေကြေးကို နုတ်ယူပြီးနောက် သင့်အိတ်ထဲသို့ ငွေပြား ၃၁ပြားနှင့် ကြေးပြား ၅၃ပြားကို ပေးပို့ပြီး ဖြစ်ပါသည်။
System : လေလံအိမ်တွင် ရောင်းချထားသော ကြယ်နက်ဖိနပ်ကို ရောင်းချပြီးပါပြီ။ ဝန်ဆောင်ခအတွက် ငွေကြေးကို နုတ်ယူပြီးနောက် သင့်အိတ်ထဲသို့ ငွေပြား ၃ပြားနှင့် ကြေးပြား ၂၁ပြားကို ပေးပို့ပြီး ဖြစ်ပါသည်။
System : …
System : …
System : …
လေလံအိမ်မှ အသိပေးချက်များကို ဆက်တိုက်ကြားလိုက်ရပြီးနောက် ရှီဖုန်းက ပြုံးလိုက်လေသည်။
“ထင်ထားတဲ့အတိုင်းပဲ… ယှဉ်ပြိုင်မှု ပြင်းထန်လေ… တန်ဖိုးက တက်လာလေပဲ… “
ရှီဖုန်းက ရောင်းရသည့် ငွေပမာဏကို ကြည့်ပြီး အားရကျေနပ်မိ၏။ ထူးခြားသံအဆင့် သတ္တုချပ်ဝတ်က ငွေပြား ၃၀ကျော် ရလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အဖြူရောင်မြို့ကြီး၏ လက်အောက်တွင် ချမ်းသာကြွယ်ဝသော လူများ အများအပြား ရှိနေသည်ကို သိနိုင်သည်။
တန်ဆာများကို ရောင်းပြီးနောက် ရှီဖုန်းက ချက်ချင်း သူဌေးတစ်ယောက် ပြန်ဖြစ်သွား၏။ သူ့အိတ်ထဲရှိ ငွေပြား ၅၀ကျော်ကြောင့် သူ၏ ယုံကြည်ချက်များကလည်း ကွဲပြားလာတော့သည်။
လက်ရှိအချိန်သည် ကြေးပြား ၂၀၊ ၃၀ခန့် ရှိနေလျှင် ကစားသမားများက ပျော်နေကြသည့် အချိန်ဖြစ်၏။ ရှီဖုန်းကတော့ ငွေပြား ၅၀ကျော်ကို ပိုင်ဆိုင်ထား၏။ ဂျမ်းတဲလ်စနိုးထံမှ ရရှိဦးမည့် ငွေများနှင့် လက်ထဲရှိ ကြေးနီသတ္တုရိုင်းများကို ရောင်းချလျှင် ရရှိမည့် ငွေမာဏကို ပေါင်းလိုက်လျှင် သူက ရွှေပြား ပိုင်ဆိုင်သည့် လူချမ်းသာတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း သူက သတ္တုရိုင်းများကို ရောင်းလိမ့်မည် မဟုတ်ပေ။ ထိုသတ္တုရိုင်းများသည် ရှီဖုန်းအတွက် ငွေတွင်းတစ်ခုဖြစ်သည်။
ထို့နောက် ရှီဖုန်းက ပန်းပဲအခန်းကို နောက်ထပ်တစ်နာရီ ငှားရမ်းလိုက်ပြီး ကျန်ရှိနေသေးသော ကျောက်တုံးများကို သန့်စင်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ့ကံက ပိုကောင်းလာပြီဟု ဆိုရပေမည်။ ကျောက်တုံး ၄၅ထုပ်မှ ကြေးနီသတ္တုရိုင်း ၁၀ထုပ်နှင့် ကြေးညိုသတ္တုရိုင်း ၂ထုပ် ရလိုက်လေသည်။
ထိုသို့ဖြင့် ရှီဖုန်းက ကြေးနီသတ္တုရိုင်း ၁၇ထုပ်နှင့် ကြေးညိုသတ္တုရိုင်း ၃ထုပ်ကို ပိုင်ဆိုင်သွားလေပြီ။ ထိုပမာဏဖြင့်ဆိုလျှင် သူက အကုန်လုံးကို ကုန်အောင် သုံးရန်အတွက် အချိန်တော်တော် ယူရပေလိမ့်မည်။
ရှီဖုန်းက ပန်းပဲအဖွဲ့အစည်း၏ ဗဟိုဌာနဖြစ်သည့် စီမံရေးရာဌာနသို့ နောက်တစ်ကြိမ် ရောက်လာပြန်သည်။ ထိုအချိန်တွင် အစည်းအရုံးများမှ ပျိုးထောင်ပေးထားသော ပန်းပဲကစားသမားများ အများအပြားက ပန်းပဲအခန်းများကို ငှားရမ်းနေကြသည်။
“ဒါက တစ်ကယ်ကို ဆိုးရွားတာပဲ… တစ်နာရီကို ကြေးပြား ၅ပြားတောင် ပေးရမယ်… အစည်းအရုံးက ငါ့ကို ကြေးပြား ၃၀ပဲ ပေးလိုက်တာ… ဒါက လောက်မှာ မဟုတ်ဘူး… “
“ပြောရမယ်ဆို တန်ပါတယ်… အနည်းဆုံးတော့ ပစ္စည်းတွေ အကုန်ထည့်ပေးထားတယ်… အခန်းထဲက သာမန်ပစ္စည်းလေးတစ်ခုကတောင် ငွေပြားအနည်းငယ်လောက် တန်တယ်… တစ်စုံလုံးသာဆိုရင် ငွေပြား ၃၀ကျော် ကျသင့်လိမ့်မယ်… “
“မင်းက အလယ်အလတ်အဆင့် ပန်းပဲအခန်းကို မမြင်ဖူးသေးလို့ပါ… အဲ့အခန်းဆို တစ်နာရီကို ငွေပြား တစ်ပြား ပေးရတယ်… ဒါပေမဲ့ အောင်မြင်နှုန်းကို ၃ရာခိုင်နှုန်း ပေါင်းပေးနိုင်တယ်… အဲ့ဈေးနှုန်းကို ပထမတန်းစား အစည်းအရုံးတွေတောင် တတ်နိုင်မှာ မဟုတ်ဘူး… “
ပန်းပဲသမားအနည်းငယ်က အဆက်မပြတ် ညည်းညူနေကြလေသည်။ ပန်းပဲအဖွဲ့အစည်းမှ သတ်မှတ်ထားသော ပန်းပဲအခန်းများ၏ ဈေးနှုန်းများကို သူတို့က မကျေနပ်ကြပေ။ သို့သော်လည်း သူတို့၏ အသံများထဲတွင် ကြွားဝါသည့် အရိပ်အယောင်များ ပါနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အစည်းအရုံးများ၏ ထောက်ပံ့မှုဖြင့် ပန်းပဲအခန်းကို ငှားနိုင်နေချိန်တွင် ပန်းပဲပညာရပ်ကို အဆင့်မြင့်ရန် မဆိုထားနှင့် ပန်းပဲအခန်းကိုပင် မငှားနိုင်သေးသည့် သာမန်ကစားသမားများ ရှိနေခြင်းကြောင့် ဖြစ်သည်။
ရှီဖုန်းက ထိုလူများကို ကွေ့ပတ်သွားပြီး ပန်းပဲအဖွဲ့အစည်းမှ မန်နေဂျာကို ပြောလိုက်သည်… “အလယ်အလတ်အဆင့် ပန်းပဲအခန်း ငှားချင်လို့ပါ… “
“သင်က အချိန်ဘယ်လောက် ငှားမှာလဲ သိပါရစေ… “ မန်နေဂျာက သူ့ရှေ့ရှိ ဖြူဖတ်ဖြူရော် ကောင်လေးအား စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။
လက်ရှိအချိန်တွင် စွန့်စားသူ အများစုသည် သူဆင်းရဲများ ဖြစ်ကြသည့်အတွက် သူတို့က အခြေခံ ပန်းပဲအခန်းကိုသာ ငှားရမ်းကြပြီး ဈေးနှုန်းကိုလည်း ကျေနပ်ခြင်း မရှိကြပေ။ ထို့ကြောင့် ချမ်းသာကြွယ်ဝသော ရှီဖုန်းနှင့်တွေ့သောအခါ မန်နေဂျာ၏ အပြောအဆိုက ချက်ချင်း ပြောင်းလဲသွားလေသည်။
အချိန်ကို ကြည့်လိုက်သောအခါ အပြင်ကမ္ဘာတွင် မနက်ခင်းအချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ပုံရိပ်ယောင်ဂိမ်းဦးထုပ်ကို အသုံးပြုထားသည့် ကစားသမားများသည် နတ်ဘုရားနယ်မြေတွင် အချိန်ကြာကြာ မနေနိုင်ပေ။
“၂ နာရီ ငှားမယ်… “ ရှီဖုန်းက ခဏလောက် စဉ်းစားပြီး ပြန်ဖြေပေးလိုက်သည်။
“ဟုတ်ကဲ့… ဒီမှာ အခန်းသော့ပါ… ငွေပြား ၂ပြား ကျသင့်ပါတယ်… “
မန်နေဂျာက ပြုံးလျှက်ဖြင့် ရှီဖုန်းထံသို့ သော့ကို ကမ်းပေးလိုက်သည်။
ရှီဖုန်းက ပြောင်လက်နေသော ငွေပြား ၂ပြားကို စားပွဲပေါ် တင်ပေးထားပြီး လှည့်ထွက်လာခဲ့၏။
ပန်းပဲအဖွဲ့အစည်းကို မတရားကြောင်း ပြောဆိုနေကြသည့် ကစားသမားများက ထိုမြင်ကွင်းကို မြင်ပြီး ဆွံ့အသွားကြ၏။ သူတို့က ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်မိလိုက်ကြသည်။ သို့သော်လည်း စားပွဲပေါ်တွင် တင်ထားခဲ့သည့် အရာများကား ကြက်သွေးဝါရောင် ကြေးပြားများ မဟုတ်ဘဲ ငွေရောင်ရှိသည့် ငွေပြားအစစ်များ ဖြစ်လေသည်။
“သေစမ်း… သူဌေးပဲဟ… “ ဒြပ်စင်ထိန်းချုပ်သူ အမျိုးသားက အားကျစွာ ပြောလိုက်သည်။
“အစ်ကိုလေး… ဒီကညီမလေးက အိပ်ယာကို နွေးအောင် လုပ်ပေးတတ်ပါတယ်နော်… “
လှပပြီး ပရောပရီလုပ်တတ်သည့် ကစားသူတစ်ယောက်ကလည်း ရှီဖုန်းအား မျက်လုံးမှိတ်၍ အထာပေးလိုက်လေသည်။
“ဒါက သက်သက်ညစ်တာပဲ… အလယ်အလတ် ပန်းပဲအလုပ်သင်အဆင့်ကို သူ့ထက် အရင်ရောက်အောင် လုပ်ပြမယ်… “ အမျိုးသား ဘာသာရေးခေါင်းဆောင်က မကျေမချမ်း ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
အလယ်အလတ်အဆင့် ပန်းပဲအခန်းမှာ အခြေခံ ပန်းပဲအခန်းထက် များစွာ သာလွန်ကောင်းမွန်ပေသည်။ အပေါ်ယံတွင်တော့ အောင်မြင်နှုန်းက ၃ရာခိုင်နှုန်းသာ ပေါင်းပေးသော်လည်း အခန်းတွင်ရှိ ပစ္စည်းများနှင့်ဆိုလျှင် အောင်မြင်နှုန်းက ၅ ရာခိုင်နှုန်းအထိ တိုးလာပေလိမ့်မည်။
ပန်းပဲဆရာတစ်ယောက်အတွက် အောင်မြင်နှုန်း ၅% သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ အဆင့်ချင်း ကွာခြားလှသည်။