Chapter – 41 မြို့တွင်းမှ ဂယက်ထမှု
အနီရောင်သစ်ရွက်မြို့ ၊ ရေပန်းပလာဇာ။
နေဝင်ချိန်ဖြစ်နေသောကြောင့် ပလာဇာတစ်ခုလုံး ကြက်သွေးရောင်ကဲ့သို့ ရဲရဲနီနေလေသည်။ အထဲတွင် နတ်ဘုရားနယ်မြေ၌သာ ရနိုင်သော မုန့်နှင့် အစားအစာများကို ဈေးဆိုင်ဖွင့်၍ ရောင်းနေသော ဘဝစတိုင် ကစားသမားများစွာ ရှိနေလေသည်။ (ဘဝစတိုင် ကစားသမားဆိုသည်မှာ ပန်းပဲဆရာ၊ အဂ္ဂိုရတ်ဆရာ၊ဆေးရည်ပြုလုပ်သူ နှင့် အစရှိသည့် လုပ်ငန်းများကိုပါ လုပ်ကိုင်သည့် ကစားသမားများ ဖြစ်သည်။)
ထိုမုန့်များက အလွန်အရသာ ရှိပြီး အပြင်ဘက်ကမ္ဘာရှိ မုန့်များထက်ပင် အရသာ ကောင်းနေသေး၏။ ထို့အပြင် ဈေးကလည်း ကြေးပြား နှစ်ပြား သို့မဟုတ် သုံးပြားခန့်သာ ရှိသဖြင့် တန်သည်ဟု ဆိုရပေမည်။
ကစားသမားအများစုသည် တိုက်ခိုက်ပြီးနောက်တွင် အနားယူရန်နှင့် အရသာရှိသော အစားအစားများကို စားသောက်ရန် ဤနေရာသို့ လာရောက်တတ်ကြသည်။ ကစားသမားတစ်ယောက်သည် တစ်နေ့တွင် ကြေးပြား ၁၀ပြားကျော် ရှာနိုင်ကြ၏။ သူတို့က စားသောက်အနားယူပြီးသော်လည်း သူတို့၏လက်ထဲတွင် ကြေးပြား၁၀ပြားကျော်ရုံခန့် ကျန်နေသေး၏။ ထို့ကြောင့် ထိုအစားအစာများကို ဝယ်စားရခြင်းက သူတို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။
ထို့အပြင် ကျောက်ခုံတန်းရှည်များပေါ်၌ ထိုင်၍ စကားပြောနေကြသော စုံတွဲများလည်း ရှိ၏။ သူတို့က ဝယ်ယူလာသော မုန့်များကို စားသောက်ရင်း ကြည်နူးနေကြလေသည်။
ရုတ်တရက် အနီရောင်သစ်ရွက်မြို့ရှိ ကစားသမားတိုင်းက System မှ ကြေငြာချက်ကို လက်ခံရရှိလိုက်ကြသည်။
System : ကစားသမားတစ်ယောက်က အထူးဇာတ်ကြောင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါပြီ။ ‘ငါးလူသားလေးများ၏ ဆူပူအုံ့ကြွမှု’ စတင်ပါပြီ။ အနီရောင်သစ်ရွက်မြို့တွင် ခရီးသွားတာဝန်များ စတင်လိုက်ပါပြီ။ ကစားသမားများက တာဝန်များကို စွန့်စားသူများ၏ အစည်းအရုံးများမှ ရယူနိုင်ပါပြီ။ ခရီးသွားတာဝန်များကို အောင်မြင်လျှင် ကစားသူသည် များပြားလှသော ဆုလာဘ်များနှင့် အစည်းအရုံးဂုဏ်သတင်းအမှတ်များကို ရရှိလိမ့်မည်။
ကစားသမားအားလုံး အံ့ဩသွားကြ၏။ အနီရောင်သစ်ရွက်မြို့တွင် တာဝန်များသည် အလွန်ရှားပါး၏။ သို့သော်လည်း ယခုမူ ခရီးသွားတာဝန်များ ရရှိတော့မည် ဖြစ်သည်။ ထို့အပြင် ဆုလာဘ်များကလည်း အလွန်ကောင်းသည့်အတွက် တစ်ကယ်ကို အံ့အားသင့်စရာကိစ္စတစ်ခု ဖြစ်သည်။
“ဒီအထူးဇာတ်ကြောင်းကို ရှာတွေ့သွားတဲ့သူက ဘယ်သူဖြစ်မလဲ… “
အထူးဇာတ်ကြောင်းကို ရှာတွေ့သွားသည့် ကစားသမားအား အနီရောင်သစ်ရွက်မြို့တစ်မြို့လုံး စိတ်ဝင်စားနေကြ၏။ ဇာတ်ကြောင်းကို ရှာတွေ့သွားသည့်ကိစ္စမှာ အလွန်ရှားပါးသည့် ကိစ္စတစ်ခု ဖြစ်သဖြင့် ရရှိသွားမည့် ပစ္စည်းကလည်း အလွန့် အလွန်ကောင်းသည့် ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို ကစားသမားများက တွေးမိကြပြီး ဇာတ်ကြောင်းကို ရှာတွေ့သည့် ကစားသမားအပေါ် မကောင်းကြံလိုသည့် စိတ်များ ပေါ်ပေါက်လာသည်။ သို့သော်လည်း System က ကစားသမား၏ နာမည်ကို ဖော်ပြခြင်း မရှိခဲ့ပေ။ သာမန်ကစားသမားများနှင့်ယှဉ်လျှင် အစည်းအရုံးများသည် ပျားပန်းခတ်မျှ လှုပ်ရှားနေကြလေသည်။ လက်ရှိအချိန်တွင် အစည်းအရုံးများသည် မြေအောက်ခန်း(မြေအောက်ဘုံ)များကို ရှင်းလင်းရန်မှလွဲ၍ အစည်းအရုံးဂုဏ်သတင်းအမှတ်ကို တိုးရန် နည်းလမ်း မရှိသေးပေ။
အစည်းအရုံးတစ်ခုသည် အဆင့်တက်ရန်အတွက် ဂုဏ်သတင်းအမှတ်ကို လိုအပ်၏။ အစည်းအရုံးတစ်ခုသည် အဆင့် ၂သို့ တက်နိုင်ပါက အခွင့်အလမ်းများ ပို၍ ရရှိလာမည် ဖြစ်သည်။ ထို့ကြောင့် စောစောအဆင့်တက်နိုင်လျှင် တခြားအစည်းအရုံးများထက် ပို၍ အခွင့်အလမ်းများ ရရှိလိမ့်မည်ဖြစ်သည်။
လက်ရှိတွင် အနီရောင်သစ်ရွက်မြို့တစ်ခုတည်းတင် မဟုတ်ဘဲ ကြက်သွေးရောင်မြစ်က ဝန်းရံထားသော မြို့များသည်လည်း ထိုအသိပေးချက်ကို ရရှိ၏။ ထို့ကြောင့် အစည်းအရုံးများသည် ငါးလူသားလေးများနှင့် တိုက်ခိုက်ရန် မဟာဗျူဟာများ စတင်ရေးဆွဲကြလေသည်။
ထိုအချိန်တွင် ထိုကိစ္စများ၏ လက်သည်တရားခံ ဖြစ်သော ရှီဖုန်းသည် လေလံအိမ်အတွင်းတွင် ထိုင်နေလျှက် ရှိ၏။
လေလံအိမ်တွင် လေလံတင်ရောင်းချသော ပစ္စည်းများကို အနီရောင်သစ်ရွက်မြို့ တစ်မြို့တည်းသာမဟုတ်ဘဲ အဖြူရောင်မြစ်မြို့ကြီး၏ လက်အောက်ရှိ မြို့ငယ်တိုင်းက ဝယ်ယူနိုင်သည်။ သို့သော်လည်း လေလံတင်သည့်ပစ္စည်းများအားလုံးကို ထိန်းသိမ်းခ ၅ ရာခိုင်နှုန်း ပေးရသည့်အတွက် အလွန်ဈေးကြီးသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ပစ္စည်းများကို လူသိမခံဘဲ ရောင်းချင်သည့် ကစားသမားများအတွက် လေလံအိမ်သည် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် နတ်ဘုရားနယ်မြေ စတင်လိုက်သည်မှာ တော်တော်ကြာပြီ ဖြစ်၏။ ထို့ကြောင့် ကစားသမားများသည်လည်း ငွေပမာဏတစ်ခုကို ပိုင်ဆိုင်ပြီး ဖြစ်သည်။ ရှီဖုန်းသာ အနီရောင်သစ်ရွက်မြို့တွင် ဈေးဆိုင်ဖွင့်လိုက်လျှင် တခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိရုံတင် မဟုတ်ဘဲ ဖလိမ်းမင်းတိုက်ဂါးကဲ့သို့ သူများ၏ ပစ်မှတ်ထားခြင်းကိုပင် ခံရနိုင်သည်။
ထို့ထက် ပိုအရေးကြီးသည့် အချက်ဖြစ်သည့် လေလံအိမ်ကို ရွေးချယ်လိုက်ရသည့် အကြောင်းရင်းမှာ သူ့ရောင်းမည့် အိုင်တမ်ပစ္စည်းကို အနီရောင်သစ်ရွက်မြို့ရှိ ကစားသမားအများစုက ဝယ်ယူနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် သူ့ပစ္စည်းကို မြို့ပေါင်းများစွာက အပြိုင်ဝယ်ယူလာခဲ့လျှင် ဈေးနှုန်းက ပိုများသွားပြီး သူ့အတွက် ပို၍ အကျိုးအမြတ် ရှိစေလိမ့်မည် ဖြစ်၏။
ရှီဖုန်းက ထူးခြားသံအဆင့် သတ္တုချပ်ဝတ်ကို ငွေပြား ၂၅ပြား၊ ကြေးအဆင့် တန်ဆာ ၅ခုကို ငွေပြား ၃ပြားနှင့် တခြားပစ္စည်းများကိုတော့ ငွေပြား ၂ပြားဖြင့် လေလံတင်ထားလိုက်သည်။ အဆင့် ၁၀ ရွှေရောင်ဓားကြီးကိုသာ လေလံတင်လိုက်လျှင် ရလဒ်က အလွန်ကြောက်စရာ ကောင်းသွားပေလိမ့်မည်။ ထိုအိုင်တမ်က အနည်းဆုံး ရွှေပြား ၂ပြား (ငွေပြား ၂၀၀)ခန့် တန်ဖိုး ရှိ၏။ လက်ရှိတွင် ငွေပြားတစ်ပြားသည်ပင် အလွန်တန်ဖိုးရှိနေသည့် ကာလဖြစ်၍ သူ၏ရွှေရောင်ဓားကြီးကို မည်သူမှ ဝယ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင်တော့ ရှီဖုန်းက ဖောက်ထွင်းမြင်နိုင်သော မျက်နှာပြင်မှ သူ၏အိတ်ထဲသို့ ရှာကြည့်လိုက်သည်။ ကစားသမားများသည် မူလကတည်းက နေရာ အခု၁၀၀ပါသော အိတ်တစ်ခုကို ရရှိထားကြ၏။ သို့သော်လည်း ထိုအိတ်က ရှီဖုန်းအတွက် လုံလောက်ခြင်း မရှိချေ။ ကစားသမားတိုင်းသည် စုစုပေါင်း ၇အိတ်ထိ သယ်ဆောင်နိုင်သည့်အတွက် ရှီဖုန်းက အိတ်ကြီး ၆အိတ်ကို ချက်ချင်း ဝယ်ယူလိုက်သည်။ ဝယ်ယူလိုက်သောအိတ်များက တစ်ခုလျှင် နေရာ၂၅ခု ပါပြီး အိတ်တစ်အိတ်ကို ကြေးပြား ၄၀ တန်၏။ ၆အိတ်ဆိုလျှင် ကြေးပြား ၂၄၀ပြား ဖြစ်သည်။ ထိုပမာဏက သာမန်ကစားသမားများ မတတ်နိုင်သည့် ပမာဏဖြစ်သော်လည်း ရှီဖုန်းအတွက်ကတော့ ပြောပလောက်သည့် ပမာဏ မဟုတ်ပေ။
ရှီဖုန်း၏ သူ၏ မူလအိတ်ကို ဝယ်ယူလာသော ၆အိတ်ဖြင့် ပေါင်းလိုက်သောအခါ အထဲရှိ နေရာက တော်တော်ကျယ်သွား၏။ ထို့နောက်တွင် သူက လေလံအိမ်မှ ထွက်ခဲ့ကာ လေလံအိမ်နှင့် မနီးမဝေးတွင် ဈေးရောင်းရန် ပြင်ဆင်လိုက်သည်။ သူရှာတွေ့ခဲ့သော အထူးဇာတ်ကြောင်းမှ ခရီးသွားတာဝန်များကို သူက နည်းနည်းလေးမျှ စိတ်ဝင်စားခြင်း မရှိပေ။
ထို့အပြင် သူက တခြားသူများနှင့် ပြိုင်လုနေမည့်သူလည်း မဟုတ်ပေ။ သူ့အတွက် ဝေစုကား ရရှိပြီး ဖြစ်သည်။ ကျန်သည့် အရာများကိုတော့ တခြားသူများ ခွဲဝေယူရန်အတွက် ချန်ထားသင့်ပေသည်။
“မှော်အဆီအနှစ်တွေနဲ့ ကျောက်တုံးတွေကို များများ ဝယ်ချင်ပါတယ်… မှော်အဆီအနှစ်တစ်ထုပ်ကို ကြေးပြား ၆ပြား ပေးဝယ်ပါတယ်… ကျောက်တုံးတစ်ထုပ်ကိုတော့ ကြေးပြား ၁၀ပြား ပေးပါတယ်… “ ရှီဖုန်းက ကျယ်လောင်စွာ အော်လိုက်သည်။ (တစ်ထုပ်ဆိုသည်မှာ အိတ်ထဲမှ နေရာတစ်ခု ပြည့်သည်အထိ ပမာဏကို ဆိုလိုခြင်း ဖြစ်သည်။)
လက်ရှိအချိန်တွင် မှော်အဆီအနှစ်များသည် မန္တန်များ ရွတ်ဆိုရန်အတွက် အသုံးပြုသော ပစ္စည်းတစ်မျိုးဖြစ်ပြီး ကျောက်တုံးများကတော့ အင်ဂျင်နီယာများက အဆောက်အဦးဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းတစ်မျိုး ဖြစ်သည်။ သို့သော် ထိုပစ္စည်းများသည် အဆင့် သုညနှင့် အဆင့်၃အထိ သားရဲများထံမှ အများအပြားကျသည့် ပစ္စည်းများဖြစ်သဖြင့် တန်ဖိုး သိပ်မရှိချေ။
အစည်းအရုံးများသည်လည်း ဘဝစတိုင် ကစားသမားများကို ထောက်ပံ့ရန်အတွက် အဖွဲ့ဝင်များမှရသော ပစ္စည်းများဖြင့်ပင် လုံလောက်နေပြီဖြစ်သဖြင့် သူတို့ကလည်း ထိုပစ္စည်းများကို ဝယ်ယူခြင်း မရှိကြပေ။ သာမန်ကစားသမားများကသာ တစ်ခါတစ်လေ ဝယ်ယူတတ်ကြ၏။
သို့သော်လည်း ထိုပစ္စည်းများကို ဘာလုပ်ရမှန်းမသိ လက်ထဲတွင် ကိုင်ထားသော ကစားသမားများစွာလည်း ရှိ၏။ သူတို့က မှော်အဆီအနှစ် ပုလင်း၂၀ပါသည့် တစ်ထုပ်ကို NPC များထံတွင် ကြေးပြား ၅ပြားနှင့် ကျောက်တုံး ၁၀၀ပါသည့် တစ်ထုပ်ကို ကြေးပြား၉ပြားဖြင့် အသီးသီး ရောင်းချနိုင်သည်။ ယခု ရှီဖုန်းက ကြေးပြားတစ်ပြား ပိုပေးထားသဖြင့် လာရောင်းကြသော ကစားသမားများက အလွန်ကို များလေသည်။ တစ်ထုပ်ချင်းစီမှ အပိုရသော ကြေးပြားတစ်ပြားကပင် သူတို့အတွက် အရေးပါသော ငွေကြေးဖြစ်လေသည်။
မှော်အဆီအနှစ်သည် မြို့စောင့်တပ်ချပ်ဝတ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်၏။ မှော်အဆီအနှစ်အပြင် များပြားလှသော ကြေးနီသတ္တုရိုင်းနှင့် ကြေးညိုသတ္တုရိုင်းများကိုလည်း လိုအပ်သေး၏။ ထိုသတ္တုရိုင်းများသည် အကျနည်းပြီး အစည်းအရုံးများကပင် အစုလိုက်၊ အပြုံလိုက် ဝယ်ယူကြသဖြင့် ဈေးကွက်တွင် ထိုသတ္တုရိုင်းများကို ဝယ်ယူရန် အလွန်ခက်ခဲလေသည်။
ရှီဖုန်းက အစတွင် သတ္တုရိုင်းတူးရန် စိတ်ကူးထားသော်လည်း ယခုအချိန်တွင် သူ့ထံ၌ ပြဒါးရှင်လုံး ရှိနေပြီဖြစ်သဖြင့် သတ္တုရိုင်းများအတွက် ပူစရာ မလိုတော့ပေ။ ပြဒါးရှင်လုံးသည် ဒြပ်စင်သန့်စင်ခြင်းကို ပြုလုပ်နိုင်သည်။ ထိုအဓိပ္ပါယ်က ၎င်းသည် ကျောက်တုံးများကို သန့်စင်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျောက်တုံးများမှ သာမန်သတ္တုရိုင်းသာမက ရှားပါးသတ္တုရိုင်းများကိုပင် ရနိုင်ချေ ရှိ၏။ ထို့ကြောင့် သူက ကိုယ်တိုင် သွားတူးစရာ မလိုတော့ဘဲ ကျောက်တုံးများကို ဈေးသက်သက်သာသာဖြင့် ဝယ်လိုက်ရုံသာ ရှိတော့သည်။ ထိုသို့ဖြင့် ကစားသမား တစ်သောင်းကျော်က ရှီဖုန်း၏ အလုပ်သမားများ ဖြစ်လာကြသည်။
ချက်ချင်းဆိုသလိုပင် ရှီဖုန်း၏ အရှေ့သို့ ကစားသမားများ အစုလိုက်၊အပြုံလိုက် ရောက်လာကြသည်။
“အစ်ကိုကြီး… ကျွန်တော့ဆီမှ မှော်အဆီအနှစ် ၆ထုပ်ရှိတယ်… အားလုံး ဝယ်မှာလား… ”
“ကျွန်တော့်မှာ ကျောက်တုံး ၃ထုပ်ရှိတယ်… အားလုံး ယူမှာလား… “
ရှီဖုန်း၏ အိတ်က ပြည့်သွားပြီး မဝယ်နိုင်တော့မည်ကို စိုးရိမ်၍ ကစားသမားများက သူတို့ဘက်မှ စတင်၍ မေးလိုက်ကြသည်။ သူတို့ထံတွင် မှော်အဆီအနှစ်နှင့် ကျောက်တုံးများက အများအပြား ရှိနေသော်လည်း မည်သည့်ကစားသမားကမှ ဝယ်ရန် စိတ်ကူး မရှိကြပေ။ သို့သော် NPC များကို ရောင်းလျှင်လည်း မတန်သည့်အတွက် အိတ်ထဲတွင်သာ သိမ်းထားကြလေ့ ရှိ၏။
“အားလုံးကို ဝယ်မှာပါ… ဒီကိုသာ လာရောင်းပေးပါ… “ ရှီဖုန်းက ပြောလိုက်သည်။
ယခင်ကတည်းက သူ့ထံတွင် ငွေကြေးအနည်းငယ် ရှိနေသေး၏။ သူက ဂျမ်းတဲလ်စနိုးနှင့် သဘောတူညီမှု ပြုလုပ်ပြီးနောက်တွင် သူ့ထံ၌ ငွေကြေးတော်တော်များများကို ပိုင်ဆိုင်သွား၏။ ထိုကြောင့် သူက မှော်အဆီအနှစ်နှင့် ကျောက်တုံးများကို ပမာဏများစွာ ဝယ်ယူနိုင်ပေသည်။
ကစားသမားသမားတစ်ယောက်က သူ့ကို မှော်အဆီအနှစ် ၃ထုပ် ရောင်းသွား၏။ နောက်တစ်ယောက်က သူ့ကို ကျောက်တုံး ၅ထုပ် ရောင်းသွား၏။ ထို့သို့ဖြင့် အချိန်ခဏလေးအတွင်းမှာပင် သူက မှော်အဆီအနှစ် အထုပ် ၆၀နှင့် ကျောက်တုံး ၈၅ထုပ်ကို ရလိုက်လေသည်။ ထိုအခါ သူ့အိတ်ထဲတွင်လည်း ကြေးပြား ၁၀ပြားပင် မပြည့်တော့ချေ။
“တောင်းပန်ပါတယ်… အိတ်ပြည့်သွားပါပြီ… “ ရှီဖုန်းက ရှင်းပြပြီး ဆိုင်ကို သိမ်းလိုက်သည်။
ရောင်းရန် ကျန်နေသေးသော ကစားသမားများက ရှီဖုန်း၏ စကားကို ကြားပြီး စိတ်ပျက်သွားကြ၏။
“အစ်ကိုကြီး… နောက်ကျရင်ရော ဝယ်ဦးမှာလား… “ ကစားသမားတစ်ယောက်က မေးလိုက်သည်။
“ဝယ်မှာပါ… ဒါပေမဲ့ နည်းနည်းတော့ ကြာဦးမယ်… ဒီကြားထဲ များများစုထားကြပေါ့… “ ရှီဖုန်းက ပြန်ဖြေပေးလိုက်သည်။
ယခုဝယ်ယူလိုက်သော ပမာဏသည် ရှီဖုန်းအား အဆင့်မြင့်ပန်းပဲအလုပ်သင်အဆင့်ကို ရောက်ရန်အတွက် ထောက်ပံ့ရမည့် ပမာဏနှင့်ယှဉ်လျှင် အဝေးကြီး လိုနေသေး၏။
ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် ရှီဖုန်းက ပန်းပဲအဖွဲ့အစည်းသို့ တန်းသွားလိုက်သည်။ သူက အခြေခံပန်းပဲအခန်းတစ်ခန်းကို တစ်နာရီစာအတွက် ကြေးပြား ၅ပြား ပေးချေပြီး ငှားရမ်းလိုက်သည်။
အခြေခံပန်းပဲအခန်းထဲတွင် ပန်းပဲထုရန် လိုအပ်သော ပစ္စည်းမှန်သမျှကို ပေးထား၏။ ကစားသမားများက ကိုယ်ပိုင်ကိရိယာများ ဝယ်ယူရန် မလိုအပ်ပေ။ အလယ်အလတ်အဆင့် ပန်းပဲအခန်းဆိုလျှင် ဤအခန်းထက် အများကြီး ပိုကောင်းပြီး အောင်မြင်မှုနှုန်းကိုလည်း ၃ရာခိုင်နှုန်း တိုးပေးနိုင်၏။
သို့သော်လည်း ထိုအခန်းကို သုံးရန်အတွက် တစ်နာရီကို ငွေပြားတစ်ပြား ကျသင့်၏။ အဆင့်မြင့်ပန်းပဲအခန်းကတော့ မြို့ငယ်များတွင် မရှိဘဲ မြို့ကြီးများတွင်သာ ရှိ၏။ သို့သော် ထိုအခန်းများ၏ ဈေးနှုန်းကား အလွန်မြင့်မားလှသည်။
ပန်းပဲအဆင့်များ = ပန်းပဲအလုပ်သင် -> ပန်းပဲဆရာ -> ပန်းပဲမာစတာ -> ဂရမ်းမာစတာ ပန်းပဲဆရာ။
တစ်ဆင့်ချင်းစီတွင်လည်း အဆင့် ၃ဆင့် ခွဲထားသေး၏။ အခြေခံအဆင့်၊ အလယ်အလတ် ၊ အဆင့်မြင့်။