Chapter – 40 နေ ဘုရားကျောင်း
ကြက်သွေးရောင်ရေကန်၏ အပေါ်တွင် ရေဒြပ်စင်များ၏ အရှိန်ကြောင့် လှိုင်းလုံးများ ဖြစ်ပေါ်လာပြီး ငါးလူသားလေးများ၏ အသိုက်တစ်ခုလုံးကို ရိုက်ခတ်သွား၏။ လူတစ်ယောက်၏ အရပ်တမျှ မြင့်သော လှိုင်းလုံးများက အသိုက်တစ်ခုလုံးပေါ်သို့ ဖုံးလွှမ်းသွားကာ တဲအိမ်ငယ်အားလုံကို ဖျက်ဆီးလိုက်လေသည်။ ထိုအခါ တဲအိမ်ငယ်များထဲမှ ငါးလူသားအားလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။ သူတို့က ဆူညံစွာ အော်ဟစ်လိုက်ကြပြီး လက်နက်များကို စွဲကိုင်ကာ ရေထဲသို့ ဆင်း၍ အသိုက်အောက်ရှိ လှိုဏ်ဂူရှိရာသို့ ကူးခတ်သွားကြလေသည်။
“နှစ်ထပ်အကာအကွယ်လား… “ ရှီဖုန်းက ထိတ်လန့်စွာဖြင့် ရေရွက်လိုက်သည်။
ယခု ရာချီသော ရေဒြပ်စင်များသာမက ငါးလူသားလေးများပါ သူ့နောက်မှ လိုက်လာကြသည်။ ဤကဲ့သို့ အင်အားမျိုးနှင့်ဆိုလျှင် လက်ရွေးစင်အဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့လာလျှင်တောင်မှ လောက်မည် မဟုတ်ပေ။
ရှီဖုန်းက ရွေးစရာ မရှိတော့ဘဲ ဂူရှိရာဆီသို့ ဦးတည်၍ အမြန်နှုန်းကို မြှင့်လိုက်ရတော့သည်။ သူ့ထံတွင် အသက်ရှင်ရန်အတွက် မျှော်လင့်ချက် ရေးရေးလေး ရှိနေသေး၏။
သို့သော်လည်း ရေအောက်တွင် ရှီဖုန်း၏ အမြန်နှုန်းက အလွန်နှေးပြီး မူလအမြန်နှုန်း၏ ၅၀ ရာခိုင်နှုန်းသာ ရှိသည်။
မကြာမီပင် ရှီဖုန်းက လှိုဏ်ဂူဝင်ပေါက်နှင့် ကိုက်၅၀ခန့် အကွာကို ရောက်လာသည်။ ထို့အတူ ဒေါသထွက်နေသော ရေဒြပ်စင်များကလည်း ရှီဖုန်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်။
၄၂ကိုက်… ၂၈ကိုက်… ၂၀ကိုက်… ၁၀ကိုက်…
ရှီဖုန်းက လှိုဏ်ဂူဝင်ပေါက်နှင့် ၅ကိုက်သာ ကွာတော့သည့်အချိန်တွင် ရေဒြပ်စင်များက ရှီဖုန်းကို မီသွားကြ၏။ သူတို့က ရှီဖုန်း၏ ဦးခေါင်းဆီသို့ သူတို့၏ ဧရာမ ရေခဲလက်သီးများဖြင့် ထိုးလိုက်ကြသည်။
ရေဒြပ်စင်များ၏ တိုက်ခိုက်မှုများတွင် လှုပ်ရှားမှုကို နှေးသွားစေသည့် အေးခဲသက်ရောက်မှုများ ပါနေသည်။ ရှီဖုန်းကို သူတို့က တစ်ချက် ထိသွားသည်နှင့် သေဆုံးသည်အထိ တိုက်တိုက်နိုင်လိမ့်မည် ဖြစ်သည်။
ရှီဖုန်းက နောက်သို့ အလောတကြီးလှည့်ပြီး ပယ်ရီတိုက်ကွက်ကို အသုံးပြုပြီး ရှေ့ဆုံးမှ ရေဒြပ်စင်၏ လက်သီးကို ကာလိုက်သည်။ သူက ထိုရေဒြပ်စင်၏ အားကို ယူ၍ နောက်သို့ ဆုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်က နောက်သို့ တော်တော်လေး ရောက်သွား၏။ သို့သော်လည်း ကျန်ရှိနေသော ရေဒြပ်စင်များက သူ့ဆီသို့ ပြေးဝင်လာနေကြသည်။
“ကြည့်ရတာ… ငါတော့ မြို့ကို ပြန်ရောက်တော့မယ် ထင်တယ်… “ ရှီဖုန်းက သူ့ရှေ့မှ ရေဒြပ်စင်များကို ကြည့်ပြီး အားပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှီဖုန်းက လက်လျော့လိုက်တော့မည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ဂူထဲသို့ မျောဝင်သွား၏။ အထဲတွင် လူပုံစံတစ္ဆေတစ်ကောင်က လျှောက်သွားနေသည့်ကို မြင်လိုက်ရသည်။ ထိုအရာက သူနှင့် ကိုက်၃၀ခန့်အကွာတွင် ရှိနေသည်။
ရှီဖုန်းက အကျိုးဆက်ကို မစဉ်းစားချင်တော့ပေ။ သူက သေရမည်ဆိုလျှင်တောင်မှ ကြိုးစားရင်းဖြင့်သာ သေသွားချင်သည်။ အနည်းဆုံးတော့ သူက နောက်တစ်ချိန်အတွက် ပြင်ဆင်ရန် သတင်းတချို့ ရသွားနိုင်သည်။ ထို့ကြောင့် သူက လေဓားသွားကို ထုတ်သုံးလိုက်ရာ သူ၏ အမြန်နှုန်းက တိုးသွားပြီး လေပြင်းတစ်ခုသဖွယ် ဂူထဲရှိ ကမ်းစပ်ဆီသို့ ကူးခတ်သွားလိုက်၏။ သူက ရေဒြပ်စင်များ၏ လက်ခုပ်တွင်းမှ သူက အချိန်မီရုံလေး လွတ်မြောက်သွားခြင်းလည်း ဖြစ်သည်။ ရေဒြပ်စင်များက ရေထဲမှ တက်လိုက်သည်နှင့် သူတို့၏ အမြန်နှုန်းက အဆမတန် လျော့ကျသွား၏။ ထို့ကြောင့် သူတို့က ရှီဖုန်းကို ပို၍ပင် လိုက်မမီတော့ချေ။
ရေထဲမှ ထွက်ပြီးနောက် ရှီဖုန်းက လူပုံစံတစ္ဆေထံသို့ အမြန်ပြေးသွားပြီး အသူရာ ဓားဖြင့် တစ္ဆေ၏လည်ပင်းသို့ ခုတ်လိုက်သည်။ ဓားက တစ္ဆေကို ထိတော့မည့်အချိန်တွင် တစ္ဆေက သူ့အား တိုက်ခိုက်ခြင်း မရှိသည်ကို သတိပြုမိလိုက်၏။
ရှီဖုန်းက ဓားကို ချက်ချင်း ဦးတည်ရာ လွှဲလိုက်ရာ ဓားက တစ္ဆေ၏ နဘေးမှ ဖြတ်သွား၏။ ထို့ကြောင့် ကံကောင်းစွာပင် သူက တစ္ဆေ၏ မုန်းတီးမှုကို မဖြစ်စေခဲ့ပေ။
“နီးနီးလေးပဲ… “
ရှီဖုန်း၏ တစ္ဆေ၏ အချက်အလက်များကို ဖတ်ကြည့်မိလိုက်သောအခါ အလွန်ထိတ်လန့်သွားပြီး ချွေးစေးများပင် ထွက်လာသည်။
ရဲရင့်သူ ဖလွိုက် (သခင်ကြီးအဆင့်)
အဆင့် ၂၅
HP 360,000/360,000
အကယ်၍ ရှီဖုန်းသာ ရဲရင့်သူ ဖလွိုက်ကို တိုက်ခိုက်မိပြီး မုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့လျှင် သူ့ထံ၌ အသက်တစ်ရာ ရှိလျှင်တောင်မှ သေဆုံးရလိမ့်မည် ဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် ရဲရင့်သူများသည် အင်အားအဆင့်အရ ဒုတိယအဆင့်တွင် ရှိ၏။ နိုင်ငံတစ်ခုတွင် သူတို့က မူးမတ်များထက် အဆင့်မြင့်၏။ ထိုကဲ့သို့ ဇာတ်ကောင်တစ်ကောင်က သေဆုံးသွားပြီး တစ္ဆေတစ်ကောင် ဖြစ်သွားလျှင်တောင်မှ ကြီးကျယ်ခမ်းနားလှသော သခင်ကြီးအဆင့် သားရဲတစ်ကောင်အဖြစ် ရှိနေသေး၏။ ၎င်းက သားရဲများကြားတွင် အာဏာရှင်တစ်ပါးလည်း ဖြစ်သည်။
လက်ရွေးစင်ကစားသမား အယောက်တစ်ရာပါသော အဖွဲ့တစ်ဖွဲ့တောင်မှ ထိုတစ္ဆေအား သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
“သူက ဒီနေရာရဲ့ အစောင့်အရှောက်လား… “ ရှီဖုန်းက စိတ်ထဲမှ တွေးကြည့်လိုက်သည်။
ရတနာများရှိနေသော နေရာများတွင် အမြဲတမ်းလိုလို အစောင့်များ ရှိနေတတ်၏။ အပြင်ဘက်ရှိ ငါးလူသားလေးများနှင့် ရေဒြပ်စင်များကတော့ အစောင့်ခွေးအဆင့်လောက်သာ ရှိ၏။ ၎င်းတို့သည် အရေးကြီးသော ရတနာကို စောင့်ရှောက်ရသည့် အစောင့်အရှောက်ဖြစ်ရန် မထိုက်တန်ပေ။
သူ့နောက်ကို လိုက်လာသော သားရဲအုပ်စုကြီးက နောက်တွင် ရှိနေသည့်အတွက် ထိုနေရာတွင် ဆက်မနေရဲဘဲ လှိုဏ်ဂူအတွင်းပိုင်းသို့ အလောတကြီး ပြေးဝင်သွားလိုက်သည်။
လှိုဏ်ဂူက အလွန်ကြီးမားကျယ်ပြန့်၏။ ဂူထဲတွင် အနက်ပိုင်းသို့ ဦးတည်နေသည့် လှေကားထစ်များ ရှိပြီး ထိုလှေကားများမှ ဆင်းသွားလျှင် ပြဒါးရှင်လုံး ရှိသည့်နေရာသို့ ရောက်နိုင်သည်။
ရှီဖုန်းက လှေကားထစ်များနားသို့ ရောက်သွားသည့်အချိန်တွင် ရေဒြပ်စင်များနှင့် ငါးလူသားလေးအုပ်စုလိုက်ကြီးက ရှီဖုန်းဆီသို့ ဦးတည်လာသည်။ သူတို့နှင့် ရှီဖုန်းက မပြေနိုင်သည့် အငြိုးများ ရှိနေသကဲ့သို့ ဖြစ်နေသည့် မျက်လုံးများဖြင့် ရှီဖုန်းကို ကြည့်နေကြသည်။
“မင်းတို့လို အဆင့်နိမ့်ကောင်တွေက ဒီနတ်ဘုရားနယ်မြေဆီကို ကျူးကျော်ရဲတယ်ပေါ့… နတ်ဘုရားပြစ်ဒဏ်ကို ခံဖို့ ပြင်ထားပေတော့… “
ဖလွိုက်၏အကြည်က ဒေါသများဖြင့် ပြည့်နေပြီး နောက်ကျောမှ ရွှေရောင်ဓားကြီးကို ဆွဲထုတ်လိုက်သည်။ ဓားဆီမှ ကမ္ဘာကြီး၏ အရှင်သခင်တစ်ပါးကဲ့သို့သော မကောင်းဆိုးဝါးအငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ဖလွိုက်က ဓားကို မြှောက်လိုက်သောအခါ ပတ်ဝန်းကျင်မှ လေထုက လေးလံလာသည်။ ထို့နောက်တွင် ဖလွိုက်က ညာသံပေး၍ ဓားကို အားကုန် ဝေ့ယမ်းလိုက်သည်။ ဓားမှ ပြင်းထန်သော လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ရေဒြပ်စင်များနှင့် ငါးလူသားလေးများအားလုံးကို ဖုံးလွှမ်းသွား၏။ ထိုအခါ သားရဲများက တစ်ကောင်ပြီးတစ်ကောင် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မည်သည့်သားရဲမှ အသက်ရှင် ကျန်ရစ်ခြင်း မရှိတော့ပေ။
“အရမ်းကို ကြမ်းလွန်းတယ်… “ ရှီဖုန်းက ထိတ်လန့်စွာဖြင့် ရေရွတ်မိလိုက်သည်။
သူက ရဲရင့်သူ၏ ခွန်အားကို လျော့တွက်ခဲ့မိသည်။ ဖလွိုက်၏ ဓားတစ်ချက်ကပင် အဆင့် ၃၀ လက်ရွေးစင် အယောက်တစ်ရာ အဖွဲ့တစ်ဖွဲ့ကို သတ်ပစ်နိုင်သည်။ ဖလွိုက်ကို အယောက်သုံးရာပါသည့် အဖွဲ့တစ်ဖွဲ့ကသာ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရေဒြပ်စင်များနှင့် ငါးလူးသားလေးများကား အစောင့်ခွေးပင် မဖြစ်လာသည်ကို ရှီဖုန်းအနေဖြင့် မထင်ထားခဲ့ချေ။ သူတို့က ဖလွိုက်၏ ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
ရှီဖုန်းက နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။ သူက လူတစ်ဦးဖြစ်နေ၍ အဆင့်နိမ့်အတန်းအစားထဲတွင် မပါချေ။ မဟုတ်လျှင် သူ၏အဆုံးသတ်ကလည်း ရေဒြပ်စင်များနှင့် ငါးလူသားလေးများကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
“ဒီနေရာက အရမ်းကို ကြောက်စရာကောင်းတယ်… ငါ အောက်ကို ဆင်းကြည့်ရမယ်ထင်တယ်… “
ရှီဖုန်းက ပျက်စီးသွားသော လှိုဏ်ဂူဝင်ပေါက်ကို ကြည့်လိုက်သည်။ တီကောင်တစ်ကောင်တောင်မှ ထိုအပျက်အစီးပုံကြားမှ ထွက်နိုင်လိမ့်မည် မဟုတ်ပေ။
အနက်ပိုင်းသို့ ဆင်းသွားသော လှေကားသည် ကြောင်လိမ်လှေကားသဏ္ဍာန် ရှိ၏။ အလင်းမှော်ပညာဖြင့် တန်ဆာဆင်ထားသော ကျောက်နံရံကြီးက လှေကားကို ဝိုင်းရံထားသဖြင့် လှေကားတစ်လျှောက်လုံး လင်းထိန်နေလေသည်။ သို့သော်လည်း လှေကားသည် အလွန်ရှည်လျား၏။ သူက နာရီဝက်နီးပါးခန့် လျှောက်ပြီးနောက်တွင် လှေကားအဆုံးသို့ ရောက်သွားပြီး ကျယ်ပြောသော ခန်းမတစ်ခုအတွင်းသို့ ရောက်သွားလေသည်။
ခန်းမက ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်ပြီး ဗိမာန်တစ်ခုနှင့် ဆင်တူ၏။ ဘေးနှစ်ဖက်တွင် ရွှေနှင့်ကျောက်စိမ်းတို့ဖြင့် ရေးထွင်းထားသော ရုပ်ပုံနှင့်စာများ ရှိ၏။ ဗိမာန်၏အတွင်းဆုံးနေရာတွင် ပလ္လင်တစ်ခုရှိပြီး အပေါ်တွင် ရွှေစင်ဖြင့် ပြုလုပ်ထားသော ရတနာသေတ္တာတစ်လုံး ရှိ၏။ ရတနာသေတ္တာ၏ ဘေးနှစ်ဖက်တွင် ဓားကိုင်ထားသော ရွှေရုပ်ထု နှစ်ခုလည်း ရှိ၏။
System : ကစားသူသည် နေဘုရားကျောင်းအား တွေ့ရှိပါသည်။
“နေဘုရားကျောင်းလား… “
ဤနာမည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ယခင်ဘဝတွင် နေဘုရားကျောင်းနှင့် ပက်သတ်သည့် သတင်းတစ်ခုကိုမှ သူ မကြားဖူးခဲ့ပေ။ ယခင်ဘဝတွင် တစ်ယောက်မှ ဤနေရာသို့ ရောက်မလာကြ၍ တရားဝင်ဝက်ဆိုဒ်တွင် မရှိခြင်း ဖြစ်ရပေမည်။ သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်ရသည်မှာ အန္တရာယ်များမည့် ပုံပင်။
သို့သော် ရှီဖုန်းက ဘာကိုမှ ဂရုစိုက်မနေဘဲ ရွှေရောင်ပလ္လင်ဆီသို့ ဦးတည်သွားလိုက်သည်။ သူ၏ အဓိက ပစ်မှတ်သည် ပြဒါးရှင်လုံး ဖြစ်ပြီး သူ့ရှေ့မှ ရတနာသေတ္တာထဲတွင် ရှိနိုင်သည်။ ရှီဖုန်းက ပလ္လင်ပေါ်သို့ တက်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အေးစိမ့်သွား၏။ ထိုအေးစိမ့်မှုသည် ရွှေရုပ်ထုကြီးနှစ်ခုဆီမှ လာခြင်း ဖြစ်သည်။ ရှီဖုန်းက ရှေ့သို့ ဆက်သွားပြီး ပြဒါးရှင်လုံးကို ယူလိုက်လျှင် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကို မသိချေ။
သို့သော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ ဂူပေါက်သည်လည်း ပိတ်သွားသည်ဖြစ်၍ ပြဒါးရှင်လုံးကို ယူပြီးမှသာလျှင် ဆုံးဖြစ်နိုင်တော့မည် ဖြစ်သည်။
ရှီဖုန်းက ရတနာသေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သေတ္တာထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဘုရားကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထို့နောက် တဖြည်းဖြည်း အလင်းတန်းများ မှေးမှိန်လာပြီး သေတ္တာအတွင်းတွင် ပစ္စည်း ၃ခု ပေါ်လာသည်။ ရှီဖုန်းက ထိုပစ္စည်း ၃ခုကို ချက်ချင်း ကောက်ယူလိုက်သည်။
“သေစမ်း… ပြဒါးရှင်လုံးက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ… “
ရှီဖုန်းက လက်မအရွယ်ခန့်ရှိသော သွေးနီရောင်ကျောက်တုံးကို ကြည့်ပြီး စိတ်ပျက်သွားလေသည်။
ပြဒါးရှင်လုံး (ပျက်စီးနေ)
အံ့ဖွယ်အဆင့် အထူးအိုင်တမ် (သေလျှင် ကျကျန်လိမ့်မည်)
အဂ္ဂိရတ်ပညာအတွက် အထွတ်အမြတ်ပစ္စည်းဖြစ်သည့် ပြဒါးရှင်လုံးသည် ကျောက်တုံးမှ ရွှေအဖြစ်သို့ ပြောင်းနိုင်ပြီး လူသေကို အသက်ပြန်သွင်းနိုင်သည်အထိ အစွမ်းထက်သည့်အပြင် တခြားနည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်သည်။ သို့သော် ပြဒါးရှင်လုံးက ဓားအင်ပါယာကြောင့် ၅ပိုင်း ကွဲသွားခဲ့ရသည်။ မည်သို့ပင် ဆိုစေကာမူ ပြဒါးရှင်လုံးသည် အနှိုင်းမဲ့စွမ်းရည်များကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ပြဒါးရှင်လုံး၏ အစိတ်အပိုင်း ၅ခုစလုံးကို စုစည်းနိုင်လျှင် မူလစွမ်းရည်များကို ပြန်လည်ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
အသုံးပြု သက်ရောက်မှု = ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ပြဒါးရှင်လုံးက မူလအစွမ်း၏ ဆယ်ပုံတစ်ပုံကိုသာ ပိုင်ဆိုင်တော့၏။ ထို့ကြောင့် ၎င်းကို အဂ္ဂိုရက်ဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဒြပ်စင်သန့်စင်ခြင်းများတွင်သာ အသုံးပြုနိုင်ပါတော့သည်။
ပြဒါးရှင်လုံး၏ စွမ်းရည်များက များစွာ လျော့ကျသွားသော်လည်း ရှီဖုန်းကတော့ ယခုအစွမ်းမျှဖြင့် ကျေနပ်အားရနေသည်။ ဤစွမ်းရည်နှစ်ခုဖြင့် သူက အလုပ်များစွာ လုပ်နိုင်တော့မည် ဖြစ်သည်။
ကျန်သည့် အိုင်တမ်နှစ်ခုထဲမှ တစ်ခုသည် အဆင့် ၁၀ ရွှေစင်လက်နက်(ရွှေရောင်ဓားကြီး) ဖြစ်ပြီး ကျန်တစ်ခုမှာ ချက်ချင်းရွေ့လျားခြင်းဟု ခေါ်သည့် မှော်စာလိပ် ဖြစ်သည်။
“အိုင်တမ်ကောင်းပဲ… “
ရှီဖုန်းက ရွှေရောင်ဓားကြီးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ ဤလက်နက်သည် မှော်လက်နက်များမှလွဲ၍ အဆင့် ၁၀ ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးအိုင်တမ် ဖြစ်သည်။ အဆင့် ၁၀ ကစားသမားတစ်ယောက်ကသာ ဤအိုင်တမ်ကို တပ်ဆင်အသုံးပြုလိုက်လျှင် အဆင့်တူများကြားထဲ၌ သူက ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် ဘေးနှစ်ဘက်မှ ရုပ်ထုနှစ်ခုက လှုပ်လာသည်။ ၎င်းတို့၏ မျက်လုံးများက အနီရောင်တောက်လာပြီး ရှီဖုန်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ထိုအခါ ရှီဖုန်းက လက်ထဲရှိ ချက်ချင်းရွေ့လျားခြင်းမှော်စာလိပ်ကို တုန့်ဆိုင်းခြင်းမရှိ အသုံးပြုလိုက်ရာ ရွှေရောင် မှော်အစီအရင်များက ရုတ်တရက် ထွက်ပေါ်လာပြီး ရှီဖုန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။ မှော်စာလိပ်ပေါ်ရှိ မန္တန်က ရွတ်ဆိုချိန် ၃စက္ကန့် ဖြစ်ပြီး ကစားသူက ရွေးချယ်ထားသော နေရာသို့ ပို့ပေးနိုင်လေသည်။ နတ်ဘုရားနယ်မြေတွင် ဤမှော်စာလိပ်က အလွန်အမင်း တန်ဖိုးရှိ၏။ နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့ မှော်စာလိပ်မျိုး အနည်းငယ် ရှိသော်လည်း ဤနေရာတွင်သာ သေသွားလျှင် ရှီဖုန်းအတွက် ဆုံးရှုံးမှုများစွာ ဖြစ်သွားပေလိမ့်မည်။
ရှီဖုန်းက ရွှေရုပ်ထုကြီးများ၏ ဓားချက်ဖြင့် ခုတ်ခံရတော့မည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ဘုရားကျောင်းထဲမှ ပျောက်ကွယ်သွားလေသည်။