Chapter – 39 ပြဒါးရှင်လုံး
အမှောင်လတောင်ကြားမှ ထွက်လာပြီးနောက် ရှီဖုန်းက ကြက်သွေးရောင်ရေကန်ဆီသို့ အပြေးထွက်လာခဲ့သည်။ အချိန်ကုန် သက်သာစေရန်အတွက် မြေဆွဲအား လွတ်မြောက်ခြင်းကို အသုံးပြုခဲ့သည်။
အမှောင်လတောင်ကြားသို့ ဦးတည်၍ သွားနေကြသော ကစားသမားများကို ရှီဖုန်းက လေပြင်းတစ်ခုကဲ့သို့ ဖြတ်သွားလေသည်။ သူ၏အလျင်က မြန်လွန်းလှသဖြင့် မှုန်ဝါးဝါးသာ မြင်လိုက်ရသည်။
“သူက ဘယ်သူလဲ… လုပ်ကြံသတ်ဖြတ်သူလား… သူ့ရဲ့အလျင်က မြန်လိုက်တာ… “
“မဟုတ်ဘူး… သူ့ခါးကို ကြည့်လိုက် အဲ့တာ ဓားမြှောင်မဟုတ်ဘူး… ဓားရှည်တစ်ချောင်းပဲ… သူက ဓားသမား ဖြစ်ရမယ်… “
“ဘယ်လိုတောင်လား… ဓားသမားတွေက အဲ့လောက် စွမ်းလို့လား… ဖိုရမ်ပေါ်မှာလဲ ကောလဟာတွေ ပျံ့နေတယ်… လျှို့ဝှက်ဓားသမားတစ်ယောက်က အနီရောင်သစ်ရွက်မြို့ရဲ့ မြို့တော်ဝန်ကို သတ်သွားတယ်တဲ့… ပြီးတော့ သေဆုံးခြင်းသစ်တောမှာလည်း နှင်းနတ်ဘုရားမရဲ့ ဖိတ်ခေါ်ခြင်းကို ခံရတဲ့ စွမ်းအားကြီးတဲ့ ဓားသမားတစ်ယောက်လည်း ပေါ်လာသေးတယ်… ဓားသမားတွေသာ ဒီလောက်အစွမ်းထက်မယ်မှန်း သိရင် အစကတည်းက ဓားသမားအဖြစ် ကစားတာပေါ့ကွာ… “
“သူတို့အားလုံးက တစ်ယောက်တည်း ဖြစ်နိုင်မယ်လို့ မင်းထင်လား… “
“လုံးဝ မဖြစ်နိုင်ဘူး… မြို့တော်ဝန်ကို သတ်သွားတဲ့ ဓားသမားကို ငါ မြင်ခဲ့ရတယ်… သူက် ဝက်ဝံမည်းကြီးတစ်ကောင်လောက်ကို ကြီးတယ်… သူ့လက်မောင်းတွေက ငါတို့ ပေါင်လုံးလောက် ရှိတယ်… အဲ့တာကြောင့် သူက အဆင့် ၁၅ မြို့တော်ဝန်ကို သတ်သွားနိုင်တာပေါ့… “
လမ်းတစ်လျှောက်တွင် ရှီဖုန်းကို မြင်လိုက်ရသည့် ကစားသမားများက အကြီးအကျယ် စတင် ဆွေးနွေးကြသည်။ သူတို့၏ စိတ်ထဲတွင် ဓားသမားများကို အလွန် အံ့ဩအထင်ကြီးနေကြသည်။ ဤမျှအထိ အစွမ်းထက်မှန်း သိခဲ့လျှင် ဓားသမားအဖြစ် ကစားသင့်ဟု တွေးနေကြပြီး နောင်တများ ရနေကြ၏။ ရှီဖုန်းသာ သူတို့၏ အတွေးများကို သိလျှင် အားရပါးရ အော်ရယ်မိပေလိမ့်မည်။ နတ်ဘုရားနယ်မြေတွင် အစွမ်းထက်ဆုံး အလုပ်အမျိုးအစား မရှိပေ။ အစွမ်းထက်ဆုံး ကစားသမားသာ ရှိ၏။
ရှီဖုန်းက နှစ်နာရီကျော် ပြေးလာခဲ့ပြီးနောက် လမ်းတွင် အဆင့်မြင့်သည့် သားရဲ(မွန်းစတား)များထံမှ လွတ်မြောက်ရန် မြေဆွဲအားလွတ်မြောက်ခြင်းကို ဆယ်ကြိမ်ကျော် အသုံးပြုခဲ့ရသည်။ အဆင့် ၁၀ နယ်မြေဖြစ်သော ကြက်သွေးရောင်ရေကန်သို့ မရောက်မီ အဆင့် ၆ မြေခွေးလူသားတို့၏ အပျက်အစီးနယ်မြေနှင့် အဆင့် ၈ အိုရိုခံတပ်တို့ကို ဖြတ်ခဲ့ရသည်။
ကြက်သွေးရောင် ရေကန်ဆိုသည်မှာ အဆင့် ၁၀ ရေဒြပ်စင်များနှင့် ငါးလူသားလေးတို့၏ ကျက်စားရာနယ်မြေဖြစ်သည်။ ငါးလူသားလေးများက အုပ်စုလိုက်ကင်း လှည့်နေကြသည်ကို ရှီဖုန်း မြင်နေရသည်။ ကြက်သွေးရောင်ရေကန်နှင့် နီးလေလေ ငါးလူသားလေးများ ပိုများလာလေ ဖြစ်သည်။ ကြက်သွေးရောင်ရေကန်၏ အလယ်ဗဟိုချက်က ငါးလူသားလေးများ၏ အသိုက် ဖြစ်ပြီး ရေဒြပ်စင်များနှင့် ပြည့်နေသော ကန်ရေရှိရာ နေရာလည်း ဖြစ်သည်။
ကြက်သွေးရောင်ကန်ရှိ များပြားလွန်းလှသော သားရဲများကြောင့် ငါးလူသားလေးများ၏ ကျိန်စာစကေးကား အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကစားသမားတစ်ယောက်၏ စွမ်းရည်များကို စုပ်ယူကာ ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိ၏။ ၎င်းတို့နှင့် ကြာကြာတိုက်လေ ၎င်းတို့က ပိုပြီး သန်မာလာလေ ဖြစ်သည်။ ၎င်းတို့ကို သတ်ရန် အင်မတန် ခက်ခဲလှသည့်အပြင် ဤနေရာ၌ မည်သည့် တာဝန်မှ မရှိသည့်အတွက်ကြောင့် မည်သူမှ ဤနေရာသို့ မလာချင်ကြပေ။
သို့သော်လည်း ရှီဖုန်းကတော့ ကြက်သွေးရောင်ရေကန်၏ အနက်ဆုံးအပိုင်းသို့ ဝင်ရောက်ရမည် ဖြစ်သည်။
အားကပ်စ်မက်ဒေါ့စ် ပြုတ်ကျခဲ့သော သံသေတ္တာက အလွန် တန်ဖိုးကြီး၏။ အကယ်၍ သူသာ ရှီဖုန်းလက်ထဲတွင် သံသေတ္တာရှိနေသည်ကို သိလျှင် ဒေါသထွက်လွန်း၍ သွေးအန်သွားနိုင်သည်။ ထိုသံသေတ္တာထဲတွင် ရတနာသိုက်မြေပုံ ပါရှိပြီး ကြက်သွေးရောင်ရေကန်ကို ညွှန်ပြထား၏။
ရှီဖုန်းက နတ်ဘုရားနယ်မြေကို ကစားခဲ့သည်မှာ ဆယ်နှစ်ကျော် နေလေပြီ။ ထို့ကြောင့် နတ်ဘုရားနယ်မြေ၏ သမိုင်းနှင့်ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထား၏။
အားကပ်စ်မတ်ဒေါ့စ်ထံတွင် ရတနာသိုက်မြေပုံ ရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။ ၎င်းက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် လျှို့ဝှက်ချက်တစ်ခုကို မှတ်တမ်းတင် ထားလေသည်။
လွန်ခဲ့သော နှစ်ကိုးရာခန့်က အဂ္ဂိရတ်ပညာရှင် မိုလိုတို့ဗ်က အစွမ်းကုန် ကြိုးစား၍ အိုင်တမ်တစ်ခုအား တီထွင်ခဲ့သည်။ ထိုအိုင်တမ်ကြောင့် နတ်ဘုရားနယ်မြေအတွင်းရှိ အင်အားကြီးမားသော နိုင်ငံများ စစ်မက် ဖြစ်ပွားခဲ့ကြရသည်။ ထိုအိုင်တမ်အတွက် တိုက်ခိုက်ခဲ့ကြသည့် သူရဲကောင်းစစ်သည် ၁၀ဦးကျော်ပင် ရှိ၏။ သို့သော်လည်း နောက်ဆုံးတွင် ထိုအိုင်တမ်က ပျောက်ဆုံးသွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်သွားသည်ကို မည်သူမှ မသိကြတော့ပေ။ ထို့သို့ဖြင့် ၎င်းက နတ်ဘုရားနယ်မြေတွင်းရှိ ဖြေရှင်းမရသော ပုစ္ဆာတစ်ခု ဖြစ်လာခဲ့လေသည်။
ယခု အကြောင်းတိုက်ဆိုင်၍ ထိုအိုင်တမ်၏ တည်နေရာကို မှတ်ထားသည့် ရတနာမြေပုံက ရှီဖုန်း၏ လက်ထဲသို့ ရောက်နေလေပြီ။ ထိုအိုင်တမ်က ပြဒါးရှင်လုံး ဖြစ်သည်။
ပြဒါးရှင်လုံးက အဂ္ဂိရတ်ပညာအတွက် အထွတ်အမြတ် ရတနာတစ်ပါး ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များသာ ပြဒါးရှင်လုံးကို ရလျှင် ကျောက်တုံးကိုပင် ရွှေဖြစ်အောင် ပြောင်းနိုင်မည့်အပြင် အဂ္ဂိရတ်စည်းမျဉ်းကို ချိုးဖြတ်ပြီး လူသေကိုတောင်မှ ပြန်အသက်သွင်းနိုင်ပေလိမ့်မည်။
ဤကဲ့သို့ ရှားပါးရတနာက ကြက်သွေးရောင်ရေကန်ကဲ့သို့သော မထင်မရှားနေရာလေးတွင် ရှိနေမည်ဟု မည်သူက တွေးမိမည်နည်း။
သို့သော် ကြက်သွေးရောင်ရေကန်က လက်ရှိတွင် ရှီဖုန်းအတွက် အန္တရာယ်များလှသော နေရာတစ်ခု ဖြစ်နေသေး၏။ မည်သို့ပင်ဆိုစေကာမူ ရှီဖုန်းနှင့် ဤနေရာရှိ သားရဲများကြားတွင် အဆင့် ၈ ဆင့် ကွာခြားနေသည်။ အဆင့်အရ ဖိနှိပ်မှုရှိသောကြောင့် အဆင့် ၁၀ သားရဲတစ်ကောင်ကိုပင် ရှီဖုန်း မယှဉ်နိုင်ပေ။
သို့သော်လည်း ရှီဖုန်းက မစွန့်စား၍ မရပေ။ ပြဒါးရှင်လုံးအား စောစောပိုင်ဆိုင်ခြင်းက သူ့ကို စိတ်အေးချမ်းစေလိမ့်မည်။ သူသာ အဆင့် ၇ (သို့) ၈ ရောက်မည့် အချိန်ထိ စောင့်နေလျှင် အခြားတစ်ယောက်က လက်ဦးသွားနိုင်သည်။ ထို့သို့သာ ဖြစ်ခဲ့ပါက ရှီဖုန်းအနေဖြင့် နောင်တရလို့ ဆုံးမှာ မဟုတ်တော့ချေ။
ရှီဖုန်းသည် အိတ်ထဲမှ သံသေတ္တာကို ထုတ်ကာ ရတနာမြေပုံကို ဂရုတစိုက် ထုတ်ယူပြီး သေသေချာချာ အသေးစိတ် လေ့လာကြည့်လိုက်သည်။
ရတနာမြေပုံပေါ်ရှိ အမှတ်အသားက ရှင်းလှသည်။ ရတနာက ငါးလူသားလေးများ၏ အသိုက်အောက်တွင် ရှိနေသည်။ သို့သော်လည်း ရှီဖုန်းက ငါးလူသားလေးများကို မည်သို့ ဖြတ်ကျော်ရမည်နည်း။ ထို့အပြင် ရေဒြပ်စင်များကို ဖြေရှင်းရန်ကလည်း ကျန်သေး၏။ ရေဒြပ်စင်များ၏ HP က နည်းသော်လည်း သူတို့က တိုက်ခိုက်မှုများကို လွဲချော်နိုင်ချေ ၆၀ရာခိုင်နှုန်းရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ထို့အပြင် သူတို့ထံ၌ ရွေ့လျားမှုကို လျော့ကျစေနိုင်သည့် စကေးလည်း ရှိသည့်အတွက် အနီးကပ်တိုက်ခိုက်ရေး ကစားသမားများအတွက် အလွန်ခေါင်းကိုက်စရာ တစ်ခု ဖြစ်သည်။
နာရီဝက်ခန့် စောင့်ကြည့်ပြီးသောအခါ ငါးလူသားလေးများက အမြဲတမ်း ကင်းလှည့်ခြင်း မရှိသည်ကို ရှီဖုန်း တွေ့လိုက်ရသည်။ သူတို့တွင်လည်း နားချိန် ရှိ၏။ ငါးလူသားလေးများက ရေကန်၏ ကမ်းစပ်တွင်သာ အများဆုံး လှုပ်ရှားကြ၏။ အဘယ်ကြောင့်ဆိုသာ် ရေနက်ပိုင်းသို့ ဝင်သွားသည်နှင့် သူတို့ ရွေ့လျားမှုက ၆၀ ရာခိုင်နှုန်း လျော့ချခံရသောကြောင့် ဖြစ်သည်။ ရှီဖုန်းက ရေထဲသို့ ဆင်းရန် ငါးလူသားလေးများ၏ နားချိန်တိုလေးကို အသုံးပြုနိုင်သည်။ သူက ရေထဲသို့ ရောက်သွားသည်နှင့် ငါးလူသားလေးများက သူ့ကို လိုက်ဖမ်းကြတော့မည် မဟုတ်ပေ။
ရေအောက်ထဲရှိ ရေဒြပ်စင်များအတွက်ကတော့ ရှီဖုန်းက ကိုယ်ပွားကို ထုတ်ပြီး မျှားခေါ်နိုင်သည်။ ထို့နောက်တွင်တော့ သူက ငါးလူသားအသိုက်၏ အောက်ရှိ လှိုင်ဂူထဲသို့ ရေကူးသွားနိုင်သည်။
ရှီဖုန်းက သူ၏အစီအစဉ်အတိုင်း တိကျစွာ မလုပ်ဆောင်နိုင်ခဲ့လျှင် သူက ကျိန်းသေ သေဆုံးသွားနိုင်သည်။ သူ သေသွားလျှင် ဆုံးရှုံးရမည့် EXP က နည်းနည်းလေး မဟုတ်ပေ။ သူကဲ့သို့ ပြန်လည်မွေးဖွားလာသူတစ်ယောက်အတွက် EXP က အရေးမကြီးပေ။ ပြန်စု၍ ရ၏။ အရေးကြီးသည့်အချက်က ဤနေရာသို့ လာရန် မလွယ်ကူသောကြောင့် ဖြစ်သည်။
“ဆယ်စက္ကန့်ကျော်… “
ရှီဖုန်းက ကင်းလှည့်နေသည့် ငါးလူသားလေးများကို ကြည့်ပြီး ပြေးထွက်ရမည့်အချိန်ကို စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။
အချိန်က တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၏။ ကင်းလှည့်နေသော ငါးလူသားလေးများ အဖွဲ့တစ်ဖွဲ့က သူတို့၏ ပတ်ဝန်းကျင်ကို ကင်းလှည့်နေကြသည်။ သူတို့က ဘာကိုမှ မတွေ့သောအခါ အနားယူရန် ကန်ဘေးရှိ သစ်သားတဲအိမ်ကလေးတစ်ခုအတွင်းသို့ ဝင်သွားကြသည်။
ထိုအခါ ရှီဖုန်းက အားကုန်သုံး၍ ကမ်းစပ်ဆီသို့ ပြေးထွက်သွားလိုက်၏။
ရှီဖုန်းက ရေကန်နှင့် ကိုက် ၃၀ခန့်သာ ကွာတော့သည့်အချိန်တွင် ကင်းလှည့်နေသော တခြားငါးလူသားလေးအုပ်စုတစ်စုက ရှီဖုန်းကို မြင်သွားလေသည်။ သူတို့က ချက်ချင်း အချက်ပေးလိုက်ကြပြီး ဓားတိုများကို ကိုင်ဆောင်ကာ ရှီဖုန်းဆီသို့ ပြေးဝင်လာကြသည်။
အဆင့် ၁၀ ငါးလူသားလေး ၄ကောင်နှင့် မျက်နှာချင်းဆိုင်တွေ့သောအခါ ရှီဖုန်းက မည်မျှပင် အစွမ်းထက်ပါစေ သူတို့ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် ရေထဲသို့ ဆင်းရန်အတွက် သူတို့ကို ခုန်ကျော်ပြီး ထွက်ပြေးလေသည်။
သို့သော်လည်း ငါးလူသားလေးများက အလွန် လျင်မြန်ကြသည့်အတွက် ရှီဖုန်းကို အချိန်တိုလေးအတွင်း မီလာသည်။ သူတို့က ဓားတိုများကို ဝှေ့ယမ်းကာ ရှီဖုန်း၏ နောက်ကျော်ကို ခုတ်ပိုင်းလိုက်ကြသည်။
ငါးလူသားလေးများကို နောက်တွင် မချန်ထားခဲ့နိုင်မှန်း ရှီဖုန်း သိသည့်အတွက် နောက်သို့ လှည့်ပြီး အသူရာနှောင်ကြိုးကို သူတို့ထဲမှ တစ်ယောက်အပေါ်သို့ အသုံးပြုလိုက်ကာ နောက်ထပ်တစ်ယောက်၏ တိုက်ခိုက်မှုကို ပယ်ရီတိုက်ကွက်ဖြင့် ကာလိုက်သည်။
ထိုငါးလူသားလေး၏ တိုက်ခိုက်မှုမှ အားကို ယူ၍ ရှီဖုန်းက နောက်သို့ ဆုတ်သွားလေရာ ငါးလူသားများနှင့် ၃ကိုက်ကျော် ဝေးကွာသွား၏။ ထို့နောက် သူက မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုပြီး ရေကန်ထဲသို့ ခုန်ချလိုက်လေသည်။
သို့သော်လည်း တခြားငါးလူသားလေးများက ရေကန်ထဲသို့ ခုန်ဆင်းကာ ရှီဖုန်း၏ နောက်သို့ လိုက်ကြလေသည်။
“ဗွမ်း… “
ငါးလူသားလေး ၄ကောင်က ရေထဲသို့ ကျသွားသော်လည်း ရှီဖုန်းကတော့ ရေမျက်နှာပြင်ပေါ်တွင် သဲသဲမဲမဲ ပြေးနေလေသည်။
ရေပေါ်လမ်းလျှောက်ခြင်းက သွက်လက်မှု ၈၀မှတ်သို့ ရောက်သည့်အခါ အသုံးပြုနိုင်သည့် စကေးတစ်ခု ဖြစ်သည်။ သို့သော်လည်း ရှီဖုန်းထံတွင် မြေဆွဲအားလက်စွပ် ရှိ၏။ မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုပြီးနောက်တွင် သူ့ခန္ဓာကိုယ်က အလေးချိန် မရှိလုနီးပါး အထိ ဖြစ်သွားပြီး သူ၏ သွက်လက်မှုအမှတ် ၃၀ကျော်နှင့် ပေါင်းလိုက်လျှင် ရှီဖုန်းသည်လည်း ရေမျက်နှာပြင်ပေါ် ပြေးသွားနိုင်သည်။ သူ့အလျင်က ရေကြောင့် လျော့သွားခြင်းလည်း မရှိပေ။
ခဏအကြာတွင် ရှီဖုန်းက လက်မလျော့သေးသော ငါးလူသားလေးများကို မျက်ချေဖြတ်နိုင်ခဲ့လေပြီ။ သူက ငါးလူသားလေးများ၏ အသိုက်နှင့် မဝေးသော နေရာတစ်ခုသို့ ရောက်သောအခါ ရေထဲသို့ ဆင်းလိုက်သည်။
ရေထဲသို့ ရောက်သောအခါ ရေဒြပ်စင်များ ဝိုင်းရံနေသော လှိုဏ်ဂူတစ်ခုကို တွေ့လိုက်ရသည်။ ရေဒြပ်စင်များက တစ်ခုခုကို ကာကွယ်စောင့်ရှောက်နေသည့်ဟန်ဖြင့် လှိုဏ်ဂူကို ပတ်နေကြလေသည်။
ရေဒြပ်စင် (သာမန် သားရဲ)
အဆင့် ၁၀
HP 750/750
ရှီဖုန်းက ပုံရိပ်ယောင်ကိုယ်ပွားကို သုံးလိုက်သည်။ သူ၏ကိုယ်ပွားက ရေကူးသွားပြီး ရေဒြပ်စင်များကို မျှားခေါ်လိုက်သည်။
ရှီဖုန်း မျှော်မှန်းထားသည့်အတိုင်း ရေဒြပ်စင်အဖွဲ့တစ်ဖွဲ့က ကိုယ်ပွားကို တွေ့သွားပြီး တစ်ကောင်ပြီးတစ်ကောင် ကိုယ်ပွား၏ နောက်သို့ လိုက်သွားကြလေသည်။ ထိုစဉ် ကိုယ်ပွားက ရေပေါ်သို့ ကူးခတ်သွား၏။ ရေဒြပ်စင်များက ရေထဲတွင် အလွန်လျင်မြန်သော်လည်း မြေပြင်ပေါ်သို့ ရောက်သည့်အခါ ပြောင်းပြန် ဖြစ်သွား၏။ သူတို့က ငါးလူသားလေးများနှင့် ပြောင်းပြန်ဖြစ်ကာ ကမ်းစပ်သို့ ရောက်သည်နှင့် အလွန်အမင်း နှေးကွေးသွားသည်။
ရေဒြပ်စင်များကို ကိုယ်ပွားက မျှားခေါ်သွားသောအခါ ရှီဖုန်းက ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချပြီး လှိုဏ်ဂူရှိရာသို့ လျင်မြန်စွာ ကူးခတ်သွားလေသည်။
ရှီဖုန်းက လှိုဏ်ဂူသို့ မရောက်ခင်မှာပင် System မှ ကိုယ်ပွား အသတ်ခံလိုက်ရပြီဖြစ်ကြောင်း အသိပေးစာ ပို့လာသည်။ ကိုယ်ပွားက ရှီဖုန်းအတွက် စက္ကန့် နှစ်ဆယ်ကျော်သာ ရှာပေးနိုင်ခဲ့သည်။
ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက် ရေဒြပ်စင်များက လှိုဏ်ဂူတွင် ကျူးကျော်သူ ရှိနေပြီဖြစ်ကြောင်း သိရှိသွားကာ လှိုဏ်ဂူ၏ ဝင်ပေါက်ဆီသို့ အလျင်အမြန် ပြန်လာကြသည်။
သူတို့က ရှီဖုန်းကို တွေ့သည်နှင့် သူတို့၏ အမြန်နှုန်းက တစ်ဆတိုးသွားပြီး ရှီဖုန်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာကြလေသည်။