Switch Mode

Chapter – 210

ဆရာလု၏ လမ်းညွှန်မှု (၁)

အပိုင်း ၂၁၀
ဆရာလု၏ လမ်းညွှန်မှု (၁)

“ငါ လုပ်နိုင်လောက်တယ်လို့ မင်းထင်လား”

ဝမ်ရှန်းမှ အလုပ်သင်ကောင်လေးအား မေးလိုက်သည်။

“ကျွန်တော်တောင်မှ အလုပ်သင်ပဲ ရှိသေးတာ နောက်ပြီး ဒီပန်းပုပညာကို သိပ်ပြီး ထဲထဲဝင်ဝင် နားမလည်သေးဘူး”

အလုပ်သင်ကောင်လေးမှ ဝမ်ရှန်းအား လေးနက်စွာ ပြောလိုက်သည်။

“ပြီးတော့ အစ်ကိုက ကျွန်တော့်လောက်တောင် မတော်တာကို။ ကျွန်တော်ကတော့ ရမယ်မထင်ဘူး”

အလုပ်သင် ကောင်လေး၏ လေးလေးနက်နက် ပြောနေသည့်ပုံစံကို မြင်လိုက်ရသောအခါ ဝမ်ရှန်း ထိုကောင်လေးအား လက်ခလယ် ထောင်ပြချင်စိတ် ပေါက်သွားခဲ့သည်။ သူသာ ရိုးရိုးသာမန် ကောင်လေး တစ်ယောက်ဆိုလျှင် ဝမ်ရှန်းသည် သူ့ပေါ်ကို ချက်ချင်း စိတ်ကွက်သွားမည်ပင် ဖြစ်၏။

လင်ရှူးသည် ဝမ်ရှန်းက တာအိုဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများထက် ပိုတော်နိုင်ပါသည်ဟု ပြောခဲ့၏။ သို့သော် လင်ရှူးသည် ဝမ်ရှန်းပေါ် မျှော်လင့် ထားသောကြောင့် ထိုကဲ့သို့ ပြောခဲ့ခြင်း မဟုတ်ပေ။ ဝမ်ရှန်းက အဘိုးကြီးလု ကဲ့သို့ ထက်မြတ်သည့် ဆရာတစ်ယောက်ကို အကူအညီ တောင်းနိုင်သည်ဟု ခံစားရသောကြောင့်သာ ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်၏။

အလုပ်သင် ကောင်လေးကလည်း သူ၏အရည်အချင်းက မလုံလောက်ဟု ပြောခဲ့သည်။

လက်ရွေးစင် စနိုက်ပါသမား တစ်ယောက် အနေဖြင့် ဝမ်ရှန်းသည် သူ၏တာဝန်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အခြားသူများက သူ့အား အထင်သေးပြီး လျစ်လျူရှုခြင်းမျိုးသာ ပိုဖြစ်စေချင်ကြောင်း သူ စုန့်ရန်အား ပြောပြခဲ့ဖူးသည်။ သို့သော်ငြားလည်း ဝမ်ရှန်းသည် ထိုကဲ့သို့ ဆက်ဆံခံရသည့် အတွက်ကြောင့် ဒေါသမထွက်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ထိုဒေါသကြောင့်ပင် ဝမ်ရှန်းသည် လေ့ကျင့်ခဲ့ကာ စုန့်ရန်နှင့် အခြားသူများအား အံ့အားသင့် ထိတ်လန့် သွားစေခဲ့၏။ ယခုအချိန်တွင် အလုပ်သင် ကောင်လေးနှင့် လင်ရှူးတို့ကလည်း သူ့အား အကောင်းမမြင်နေကြ။ ထို့ကြောင့် ဝမ်ရှန်းသည် သေချာပေါက် သူတို့နှစ်ယောက်လုံး အံ့အားသင့် သွားအောင် လုပ်ပေမည်။

ထိုနေ့ည ဝမ်ရှန်း အိပ်ပျော်နေစဉ်တွင် သူသည် သူ၏ကမ္ဘာမြေအား အိပ်မက် မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူသည် ‘The Lord of the Rings’ ဇာတ်ကားထဲမှ ကြီးမား ခံ့ညားသည့် ရုပ်ထုနှစ်ခုအား မြင်လိုက်ရကာ သူ၏မျက်လုံးများ ချက်ချင်း ပွင့်လာသည်ကို တွေ့လိုက်ရသည်။

ဝမ်ရှန်း၏ အိပ်မက်ထဲမှ ထိုမြင်ကွင်းသည် ဝမ်ရှန်းအား လမ်းညွှန်ပြ လိုက်ကာ သူ့လက်ရှိ ပြဿနာအတွက် အဖြေပေးအပ် လိုက်ခြင်းပင် ဖြစ်သည်။ ဝမ်ရှန်းသည် အိပ်ရာထက်၌ ဆက်လှဲကာ ထိုအကြောင်းကို ခဏ စဉ်းစားလိုက်၏။ ထို့နောက် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

ဝမ်ရှန်းသည် သူ ကမ္ဘာမြေပေါ်၌ တာဝန်တစ်ခု လုပ်ဆောင်စဉ်တွင် လဲ့ရှန်းမြို့ရှိ ကြီးမားသော ကျောက်တုံး ဗုဒ္ဓရုပ်ပွားတော်ထံသို့ သွားခဲ့ဖူး၏။

“တောင်သည် ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကာ ဗုဒ္ဓရုပ်ပွားတော်သည် တောင်ဖြစ်သည်” ထိုစကားပင် ရှိခဲ့သေးသည် မဟုတ်ပါလား…

ယခုလက်ရှိ ပြဿနာ အတွက်လည်း ဒီထက်ပိုကောင်းသည့် အကြံရှိပါဦးမည်လော။ ဗုဒ္ဓရုပ်ပွားတော်ကို လောင်ဇီ ရုပ်တုအဖြစ် ပြောင်းလဲ လိုက်မည်ဆိုလျှင် ထိုရုပ်တုသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ရုပ်တုဖြစ်သွားပေမည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး လောင်ဇီရုပ်ထုတစ်ခု ထုလုပ်လိုက်ခြင်းသည် လောင်ဇီ တောင်ပေါ်၌ သေးငယ်သည့် လောင်ဇီရုပ်တု အခု ၁၀၀၀၀ ထုလုပ်ခြင်းထက် ပို၍ဆွဲဆောင်မှု ရှိပေသည်။ ထိုကဲ့သို့ဆိုလျှင် ဘုန်းတော်ကြီး ကျောင်းထက်လည်း အပြတ်အသတ် သာသွားမည်ဖြစ်၏။

ဟုတ်ပြီ၊ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့…

ဝမ်ရှန်းမှ ထိုရုပ်တု ထုလုပ်ရန် အစီအစဉ်များ စတင် တွေးတော လိုက်တော့သည်။

နောက်တစ်နေ့ မနက် အစားအသောက်နှင့် ဝိုင်များ သွားဝယ်သည့် အချိန်တွင် ဝမ်ရှန်းသည် မြို့တော်ဘေး ပတ်ပတ်လည်ရှိ နေရာဒေသများနှင့် ရင်းနှီးသည့် လူများထံမှ ဘေးပတ်ပတ်လည်ရှိ တောင်များ အကြောင်း စတင်စုံစမ်း မေးမြန်းလိုက်သည်။

တောင်တစ်တောင်ကို ထွင်းထုချင်သည် ဆိုလျှင် အနည်းဆုံးတော့ ထိုတောင် တစ်တောင်လုံးသည် ကျောက်တုံးအတိ ဖြစ်နေရမည် ဖြစ်၏။ တစ်ဆက်တည်းမှာပင် ဝမ်ရှန်းသည် သူ၏ပန်းပုပညာကို လျင်မြန်စွာ တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း စတင် စဉ်းစားလိုက်သည်။

ဆရာအချို့ကို အကူအညီ မတောင်းလျှင် သော်လည်းကောင်း အခြားသူများနှင့် မည်သည့် ကမ်းလှမ်းချက်မှ မပြုလုပ်လျှင် သော်လည်းကောင်း သူ့ဘာသာသူ ထွင်းထုရန်က သေချာပေါက် ကြီးမားသည့် ပြဿနာ တစ်ခုပင်ဖြစ်၏။

…….

“ရွှံ့တွေနဲ့ လေ့ကျင့်တာက လုံလောက်ပြီ၊ ကျောက်တုံးတွေနဲ့ လေ့ကျင့်ဖို့ အချိန်ရောက်ပြီ”

အလုပ်သင် ကောင်လေးသည်လည်း ဝမ်ရှန်းအား အချိန်ဆွဲမနေပေ။ ဝမ်ရှန်းက ဘေးပတ်ပတ်လည်ရှိ တောင်များအကြောင်း စုံစမ်း၍ မပြီးသေးခင်မှာပင် အလုပ်သင် ကောင်လေးသည် ဝမ်ရှန်းအား တစ်ဆင့် ရှေ့ဆက် တက်စေလိုက်၏။

ရွှံ့များဖြင့် လေ့ကျင့်သကဲ့သို့ ပထမဦးစွာ စတုရန်းများ၊ စက်ဝိုင်းများ အစရှိသဖြင့် ရိုးရှင်းသည့် ပုံစံများဖြင့် စတင် လေ့ကျင့်လိုက်၏။ ဟုတ်ပါသည် ယခုတစ်ကြိမ်တွင် တူနှင့်ဆောက်ကို အသုံးပြုရပြီ ဖြစ်သည်။ ယခုအကြိမ်သည် အမှန်တကယ် လက်တွေ့ပန်းပုထုခြင်း စတင်ပြီဖြစ်၏။

အလုပ်သင် ကောင်လေးသာ မဟုတ်ပေ လက်ရေး လှသင်ပေးသည့် လင်ရှူးသည်လည်း ဝမ်ရှန်းအား အခြေခံအဆင့်မှ နောက်တစ်ဆင့် တက်စေလိုက်သည်။ စာလုံးရေးစပ်ပုံနှင့် စုတ်ချက်များကို ဝမ်ရှန်း စတင် သင်ယူခဲ့ရ၏။ သူသည် စုတ်တံဖြင့် တိရစ္ဆာန် သားရေပေါ်၌ အတော်အသင့် ရှိသည့် စာလုံးများကို ရေးဆွဲ လာနိုင်ခဲ့သည်။ စာလုံးများသည် ယခင်ကဲ့သို့ ပဲပင်ပေါက် ရထားကြိတ်သည့် ပုံစံမျိုး ကြောက်စရာ မကောင်းနေတော့ပေ။

……

တစ်ရက် ဝမ်ရှန်းသည် မြို့ထဲ၌ ချက်ပြုတ်စရာများ သွားဝယ်နေသည့် အချိန်တွင် မြို့အစွန်အဖျား၌ အဘိုးအို တစ်ယောက်နှင့် တွေ့ခဲ့၏။ ထိုအဘိုးသည် အမြဲတမ်း ခြေလျင်လျှောက် သွားနေတတ်ကာ မြို့တော်၏ မြေနေရာ အကြောင်းကို အတော် နှံ့နှံ့စပ်စပ် သိပေသည်။

ဝမ်ရှန်းက တစ်တောင်လုံးနီးပါး ကျောက်သားအတိ ဖြစ်သည့် ကျောက်တောင် တစ်လုံးအား ရှာနေသည်ဟု ကြားလိုက် ရပြီးနောက် ထိုအဘိုးအိုမှ ဝမ်ရှန်း အံ့အားသင့်စေမည့် အဖြေမျိုး ပေးခဲ့သည်။

မြို့တော်ကို မြစ်ခြောက်စင်းက ဝန်းရံထားသည်ဟု ပြော၏။ မြစ်နှစ်စင်းသည် အလွန်ကြီးမားကာ ထိုမြစ်နှစ်စင်း ဆုံသည့် နေရာမှာပင် အခြားမြစ်တစ်စင်းသည် ထိုမြစ်နှစ်ခုနှင့် လာဆုံ နေသေးပေသည်။

ထိုကဲ့သို့ မြစ်သုံးစင်း ဆုံနေသည့် နေရာတွင် ကြီးမားသည့် ကျောက်တောင် တစ်တောင်ရှိနေ၏။ ရေပြင်ပေါ်၌ ရှိနေသည့် ထိုကျောက်တောင်၏ အပိုင်းသည် ပေ ၁၀၀ ကျော် မြင့်ကာ မြို့တော်ဘေး ပတ်ပတ်လည်ရှိ တောင်များထဲတွင် အမြင့်ဆုံးတောင်ဟု ပြော၍ ရပေသည်။

မြစ်သုံးစင်းဆုံသည့် နေရာ၌ရှိနေသည့် ကြီးမားသည့် ကျောက်တောင်တစ်ခု… ဤနေရာသည် သူ၏ ကမ္ဘာမြေပေါ်ရှိ လဲ့ရှန်းမြို့မှ ကြီးမားသော ဗုဒ္ဓရုပ်ပွားတော် တည်ရှိနေသည့် နေရာနှင့် တစ်ထပ်တည်း တူညီလုနီးပါးပင် ဖြစ်နေသည် မဟုတ်ပါလော။

ဤအရာက တိုက်ဆိုင်မှု တစ်ခုလားဆိုတာ ဝမ်ရှန်း မသိပေ။ သို့သော် မည်သို့ပင်ဆိုစေ သူသည် အသင့်တော်ဆုံး နေရာကို ရှာတွေ့ခဲ့လေပြီ။

ဝမ်ရှန်းသည် ထိုအဘိုးအို ပြောသည်ကို နားထောင်နေရုံမျှ မက အဘိုးအိုအား လမ်းပြစေကာ သူကိုယ်တိုင် ထိုနေရာသို့ အလျင်အမြန် သွားကြည့် လိုက်သည်။

ထိုနေရာသို့ ရောက်သွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူ ဘာပြောရမလဲ ဆိုတာပင် မသိတော့ပေ။ နေရာ အနေအထားသည် လုံးဝကို ပြီးပြည့်စုံနေ၏။ အစပိုင်းတွင် ဝမ်ရှန်းသည် ဤနေရာမှာ လဲ့ရှန်းမြို့ရှိ ကြီးမားသော ဗုဒ္ဓရုပ်ပွားတော် တည်ရှိနေသည့် မြေနေရာ အနေအထားနှင့် အတူတူပင် ဖြစ်သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤတောင်သည် မြစ်သုံးစင်းဆုံရာ အလယ်၌ ထီးထီးကြီး တည်ရှိနေသည့် ကြီးမားသော ကျောက်တိုင်တစ်ချောင်း ပမာ ဖြစ်နေလေသည်။

မြစ်သုံးစင်း၏ တိုက်စားမှုကြောင့် ကျောက်တောင်တွင် သုံးမြှောင့်ကဲ့သို့ ချွန်ထက်သည့် ကျောက်နံရံ မျက်နှာစာ သုံးခု ဖြစ်ပေါ်နေ၏။ သို့သော် ထိုကျောက်တောင်၏ အောက်ခြေသည် မြစ်အောက်၌ အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ပြီးဖြစ်ရာ အတော်ကို အခြေခိုင်သည်ဟု ပြော၍ရပေသည်။

သို့သော် ဤပုံစံနှင့်ဆိုလျှင် ထွင်းထုရန်က များစွာ ပို၍ ခက်ခဲသွားပြီဖြစ်၏။ ဆရာလုကဲ့သို့ ကျွမ်းကျင်သည့် ဆရာဆိုလျှင်တော့ ဖြစ်နိုင်သေးပေသည်။ သို့သော် ဝမ်ရှန်းသည် ယခုမှ ပညာသင်သာ ရှိသေးသည်၊ ထိုကဲ့သို့ ပြီးမြောက်အောင် လုပ်ရန်မှာ သိပ်ပြီး မဖြစ်နိုင်ချေ။

အရွယ်အစားကို သိရရန် ဝမ်ရှန်း ထိုကျောက်တောင်ပေါ်သို့ လက်ဗလာဖြင့် တက်ကြည့် လိုက်သည်။

ဤနေရာသည် တကယ်ကို ကိုက်ညီမှု ရှိပေသည်။ အခြေက ခိုင်မာကာ အရွယ်အစားသည်လည်း ကြီးမားသည် လောင်ဇီရုပ်တု ထုလုပ်နိုင်သည်အထိ လုံလောက်၏။ သို့သော် ခက်ခဲနေသည့် အရာတစ်ခု ရှိပေသည်။

ကြီးမားသည့် ကျောက်တောင်ကြီးသည် မြစ်သုံးစင်း၏ တိုက်စားမှုကို တောင့်ခံ လာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည့် အတွက်ကြောင့် ကျောက်သားများသည် အလွန် မာကျောနေပြီဖြစ်၏။ ဝမ်ရှန်း လေ့ကျင့်ရာ၌ အသုံးပြုသည့် ကျောက်သားများထက်ကို အဆပေါင်း များစွာ ပိုမိုမာကျောပေသည်။ ဤကျောက်သားမျိုးကို သာမန်တူနှင့် ဆောက်များဖြင့် ထွင်းထု၍ မရနိုင်လောက်ချေ။ စိုက်ထုတ်ရမည့် အားကလည်း သာမန်ထက် ပိုနိုင်ပေသည်။

ကျောက်တိုင်ကို လေ့လာပြီးနောက် ဝမ်ရှန်းသည် သူဝယ်ခဲ့သည့် အစားအသောက်နှင့် ဝိုင်များဖြင့် ရွာသို့ ပြန်သွား လိုက်တော့သည်။ ထို့နောက် ပုံမှန်အတိုင်းပင် အလုပ်သင် ကောင်လေး၊ လင်ရှူးတို့နှင့်အတူ ဆက်လက် လေ့ကျင့်နေလိုက်၏။

………

“မင်းရဲ့ဟင်းချက် လက်ရာကတော့ တကယ့်ကို စံချိန်မီပဲ”

လင်ရှူးသည် ဝမ်ရှန်း ကိုယ်တိုင် ချက်ပြုတ်သည့် ဟင်းလျာများကို စားသောက်ခြင်းနှင့် အသားကျနေပြီ ဖြစ်၏။ ယခင်က သူစားခဲ့သည့် အစားအသောက်များကို ပါးစပ်ထဲပင် ထည့်၍ မရတော့ချေ။

ဝမ်ရှန်းသည် နေ့စဉ်နေ့တိုင်း လေ့ကျင့်စရာ ရှိသည်များကို လေ့ကျင့်လိုက်၊ အိပ်လိုက်စားလိုက်၊ ပြီးလျှင် လင်ရှူးနှင့်အတူ လေ့ကျင့်လိုက်ဖြင့် ဘဝကို အလွန် ရိုးရှင်းစွာ ဖြတ်သန်းနေခဲ့၏။

ဝမ်ရှန်းသည် ကျောက်တောင်၏ မြေပြင် အနေအထားကို စစ်ဆေးပြီးနောက် ဘယ်လို ထုလုပ်ရမလဲ ဆိုတာကို စဉ်းစားနေသည့် အချိန်မှာပင် ဆရာလုမှ ရွာသို့ အမှတ်မထင် ရောက်ချလာခဲ့သည်။

ရုတ်တရက် အံ့သြသွားစေသော်လည်း တကယ်တမ်းမှာ ရိုးရှင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းအား သင်ကြားပေးနေသည့် ကောင်လေးသည် ဆရာလု၏ အလုပ်သင်ပင် ဖြစ်၏။ ထို့ကြောင့် ဆရာလုက သူ့အလုပ်သင်အား သင်ကြားပေးရန် ဤနေရာသို့ လာသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ဤနေရာသို့ ရောက်လက်စနှင့် ဝမ်ရှန်း ဘယ်လောက်ထိ တတ်မြောက် နေကြောင်းကိုလည်း သူတစ်ခါတည်း စစ်ဆေးကြည့် လိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် ပန်းပဲဆရာကြီးအား ကတိပေးထားပြီး ဖြစ်ရာ ဝမ်ရှန်းအပေါ် ဘယ်လိုလုပ် ဝတ်ကျေတန်းကျေ ဆက်ဆံနိုင်မည်နည်း…
***

Comment

Leave a Reply

Options

not work with dark mode
Reset