အပိုင်း ၂၀၉
တာအိုဘုန်းတော်ကြီး၏ တောင်းဆိုချက် (၂)
လောင်ဇီတောင်ကုန်း တစ်ခုလုံးကို မြင့်မြတ်သည့် တောင်အဖြစ် ပြောင်းလဲရန် လောင်ဇီရုပ်တု အခုတစ်သောင်း ထုလုပ်ခြင်း…
ထိုကဲ့သို့ ပြုလုပ်ရန် လိုအပ်သည့် ငွေကြေးအင်အား၊ ပစ္စည်းများနှင့် လူအင်အားများသည် အလယ်အလတ်တန်းစား အင်အားစုတစ်ခုစာလောက် ရှိပေသည်။
ထိုကဲ့သို့ ပြုလုပ်ရန် ဘုန်းတော်ကြီးကျောင်းက ပန်းပုဆရာများ ဘယ်လောက်တောင် ခေါ်မလဲမသိပေ။ ထို့ပြင် ထိုဆရာများကို ယခုမှ အစရှိသေးသည့် ဝမ်ရှန်းက ယှဉ်နိုင်ရန် ဖြစ်နိုင်ပါမည်လော။
“ကျွန်တော်က အခုမှအစပဲ ရှိသေးတာကို ပြီးတော့ ကျောက်တုံးတွေကိုတောင် မသုံးရသေးဘူး။ အခုမှ ရွှံ့တွေနဲ့ လုပ်ရတုန်းရှိသေး… အဲ့ဒါကို ဒီလောက်များတဲ့ ပန်းပုဆရာတွေကို ကျွန်တော်က ဘယ်လိုလုပ် ပြိုင်နိုင်မှာလဲ”
ဝမ်ရှန်းသည် ယခု သူခံစားနေရသည့် ခံစားချက်ကို ဘယ်လို ဖော်ပြရမည် ဆိုတာပင် မသိတော့ချေ။
“မပြိုင်နိုင်ဘူးလေ”
လင်ရှူးမှ တုံ့ဆိုင်းမှုမရှိ ချက်ချင်း ပြန်ဖြေလိုက်သည်။
“အဲ့ဒါကို အခုလိုမျိုးကြီး တောင်းဆို လာသေးတာလား”
ဝမ်ရှန်း တကယ်ကို ပြောစရာ စကားမဲ့ သွားတော့သည်။ ဒီတာအိုဘုန်းတော်ကြီးက ဘာဖြစ်နေတာလဲဟ… ရူးနေတာလား…
“မလုပ်နိုင်ဘူး ဆိုရင်လည်း နည်းလမ်း ရှာလို့ရတယ်လေ”
လင်ရှူးမှ ဝမ်ရှန်း၏ မေးခွန်းအား လျစ်လျူရှုကာ ဝိုင်ခွက်ကိုသာ မော့သောက် လိုက်သည်။
“ဘာပဲပြောပြော၊ ဒါက ငါ့တောင်းဆိုချက်ပဲ။ မလုပ်နိုင်ဘူးဆိုရင် မလုပ်နဲ့။ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာ၊ ဘုန်းတော်ကြီးကျောင်းထဲ ဝင်ပြီး အဲ့မှတ်တမ်းတွေ သွားကြည့်ပေါ့”
“ဘိုးဘိုးကြီးရယ်… အဲ့ဒါဆိုရင် ဝိညာဉ်အဆင့်ကရော ဆရာနဲ့ ဘုန်းတော်ကြီးကျောင်းက ဝိညာဉ်သခင်တွေက ဘယ်လောက်ကွာလဲ”
ဝမ်ရှန်းသည် ငြင်းခုံမနေဘဲ အခြား နည်းလမ်းများကိုသာ စဉ်းစားလိုက်၏။
“တော်တော်တော့ ကွာတယ်ကွ”
လင်ရှူး၏စကားများက ဝမ်ရှန်း၏ မျက်လုံးများအား လင်းလက် သွားစေခဲ့သည်။ သို့သော် လင်ရှူးမှ ထပ်ပြောလိုက်သည်က –
“ဒါပေမယ့် အဲ့မှာက လူတွေက မနည်းဘူး။ မင်းရဲ့ အခုလိုပုံစံနဲ့ ဆိုရင် တစ်ဒါဇင်လောက်တော့ ချနိုင်မှာပါ။ ဒါပေမယ့် သူတို့မှာက အယောက်တစ်ရာလောက် ရှိတာကွ။ မင်း မရလောက်ဘူး”
ထိုစကား ကြားလိုက်သည်နှင့် ဘုန်းတော်ကြီးကျောင်းသို့ ဝင်မည့် အတွေးကို ဝမ်ရှန်း ချက်ချင်း ပယ်ချလိုက်သည်။ ထိုကဲ့သို့ဆိုလျှင် ယခုအချိန်တွင် လင်ရှူး၏ တောင်းဆိုချက် အတိုင်း လိုက်လုပ်၍ ရမည့်နည်းလမ်း တစ်မျိုးတည်းသာ ရှိတော့ပေသည်။
ဝမ်ရှန်း သူ့အဆင့်ကို သူသိပေသည်။ ယခုလိုပုံစံဖြင့် တစ်ခုခုအား ထွင်းထုခြင်းက ဟာသပင်ဖြစ်၏။ သို့သော် သူ မလုပ်နိုင်ဘူး ဆိုလျှင် သူသည် အဘိုးကြီးလုအား အကူအညီ တောင်းရန်သာ တတ်နိုင်တော့ပေသည်။ သို့သော် ထိုကဲ့သို့ ဆိုလျှင် အဘိုးကြီးလုဘက်က ဘာတွေ ထပ်တောင်းဆို လာဦးမလဲ ဆိုတာကို ဝမ်ရှန်း မသိပေ။
အဘိုးလု၏ တောင်းဆိုချက်က မြင့်မားသည်ဆိုလျှင် သူတောင်းဆိုသည်နှင့် တန်မတန်ကို ဝမ်ရှန်း အရင်စဉ်းစား ကြည့်ရမည်ဖြစ်၏။ ဘုန်းတော်ကြီးကျောင်း အတွင်းသို့ ဝင်ရောက်ခြင်းသည် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပေ။ ဘုန်းတော်ကြီးကျောင်းအား ရွှေဒင်္ဂါးများ လှူဒါန်းကာ ထိုမှတ်တမ်းများကို ငှားယူမည် ဆိုလျှင်ရော…
“လောင်ဇီ သက်ရှည်တောင် ဖြစ်လာဖို့ ကျွန်တော် လောင်ဇီရုပ်ထု ထွင်းထုနိုင်မယ်ဆိုရင် အဲ့ဒါက ဘုန်းတော်ကြီးတွေရဲ့ အမြင်က ပြောင်းလဲ သွားမှာလား”
ရုတ်တရက် ဝမ်ရှန်းမှ အဓိက အချက်ကို ရုတ်တရက် စဉ်းစားမိ သွားခဲ့သည်။
“ကျွန်တော်က ရုပ်ထုကို ထုပြီးသွားပြီ ထားပါတော့၊ အဲ့ဒါက လောင်ဇီရဲ့ ရုပ်ထုလေးပဲလေ၊ အဲ့ဒါကြောင့်နဲ့ ဘုန်းတော်ကြီးတွေရဲ့ လက်ရှိတာအို လမ်းစဉ်အပေါ် အယူအဆ သဘောတရားက ပြောင်းလဲ သွားမှာမှ မဟုတ်တာ၊ မဟုတ်ဘူးလား”
“ဟမ်”
ဤမေးခွန်းအား ကြိုမတွေးထား မိသောကြောင့် လင်ရှူး ရုတ်တရက် ကြောင်အ သွားခဲ့သည်။
“အဲ့ဒါဆိုလည်း၊ ဘယ်လို နည်းလမ်းပဲသုံးသုံး ဘုန်းတော်ကြီးတွေရဲ့ တာအိုလမ်းစဉ် အပေါ်အမြင်ကို မပြောင်းလဲနိုင်ဘူး ဆိုရင်တောင် မင်း အဲ့ဘုန်းတော်ကြီးကျောင်းက လူတွေကို ဖိနှိပ် နိုင်သေးတာပဲလေ”
တစ်ခဏသာ ကြောင်အ သွားပြီးနောက် လင်ရှူးမှ သူ၏တောင်းဆိုချက်ကို ပြောင်းလိုက်သည်။
ဝမ်ရှန်းသည် နောက်ထပ် ဘာမှပင် မပြောရဲတော့ပေ။ ယခုတွင် တောင်းဆိုချက်က ပိုမြင့်သွားပြီဖြစ်၏။ လောင်ဇီရုပ်ထု ထုလုပ်ခြင်းသည် လက်မှု အတတ်ပညာ ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် သူ ဆရာလုကို အကူအညီတောင်း၍ ရသေးပေသည်။
သို့သော် ယခုတစ်ကြိမ်တွင် လင်ရှူး၏ ရည်ရွယ်ချက်သည် ထိုဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများကို ဖိနှိပ်ရန် ဖြစ်သွားခဲ့လေပြီ။
လင်ရှူးသည် သူ့ဘဝ တစ်လျှောက်လုံး ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများကို ဘယ်တုန်းကမှ မကျော်လွန်နိုင်ခဲ့သည့် လူဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည်လည်း သူ့အကူအညီ ရခဲ့လျှင်ပင် ဘယ်လိုလုပ် ထိုကဲ့သို့ လုပ်နိုင်မည်နည်း။ ထို့အပြင် ထိုတာအိုဘုန်းတော်ကြီးများ၏ စောင့်ကြပ်မှု အောက်တွင် ဘုန်းတော်ကြီး ကျောင်းအပေါ် လေးစား ကြည်ညိုမှုများက တစ်နေ့ထက်တစ်နေ့ ပိုပို တိုးများလာကာ ကျောင်း၏ဂုဏ် သတင်းကလည်း မြင့်တက် လာခဲ့ပေသည်။ အပေါ်ယံကြည့်လျှင် ကျောင်းသည် ကောင်းမွန်စွာ လည်ပတ် နေသကဲ့ပင်ဖြစ်၏။
“ဆရာက သူတို့ထက် အများကြီး ပိုတော်တာပဲ။ အဲ့ဒီတော့ သူတို့ကို တစ်ယောက်ချင်းစီ သင်ခန်းစာပေးပြီး သူတို့ ဦးညွှတ်လာအောင် လုပ်လို့ရတယ် မဟုတ်ဘူးလား”
ဝမ်ရှန်းမှ တကယ်ကို ရွေးချယ်စရာ မရှိတော့ဘဲ လင်ရှူးအား မကောင်းသည့် အကြံသာ ပေးလိုက်တော့သည်။
“ဘာလို့ ကျွန်တော့်ကို ခိုင်းဖို့ လိုနေဦးမှာလဲ”
“ငါ ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ သူတို့က ခေါင်းငုံ့ပြီး သူတို့အမှားကို သူတို့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး” လင်ရှူးမှ ခေါင်းခါယမ်းကာ ပြောလိုက်၏။
လင်ရှူးသည် ထိုကဲ့သို့ မပြုလုပ်ခဲ့ဖူးခြင်း မဟုတ်ပေ။ လုပ်ခဲ့၏။ သို့သော် ထိုဝါနု ဘုန်းတော်ကြီးများသည် သူတို့လည်ပင်းကို တစ်ခုခုက ထောက်ထား သကဲ့သို့ ဘယ်တုန်းကမှ ခေါင်းငုံ့ မခံခဲ့ကြပေ။
လန်ရှူးသည် သူ၏ အတွေးအမြင်ကပဲ တစ်ခုခု မှားယွင်းနေသည်လား… သို့မဟုတ် တာအိုလွှမ်းမိုးမှု မြင့်မား ကျယ်ပြန့် လာခြင်းကပဲ မှားယွင်းနေသည်လား… သဲသဲကွဲကွဲ မသိတော့ပေ။ သူသိသည်မှာ သူသည် စကားပြော ကောင်းသည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့ စကားဖြင့်လည်း စည်းရုံး၍မရ၊ သတ်၍လည်းမရ ဖြစ်နေသည့် အခြေအနေမျိုးတွင် သူသည် သူ့ဘာသာသူသာ တစ်ယောက်တည်း ထွက်လာခဲ့လိုက်ခြင်း ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤတိုက်ပွဲသည် အတွေးအခေါ်ခြင်း မတူသောကြောင့် ဖြစ်ပေါ်လာသည့် အတွေးအခေါ် တိုက်ပွဲဖြစ်သည်။ ရန်ငြိုးဟောင်းကြောင့် သေရေးရှင်ရေး တိုက်ရသည့် တိုက်ပွဲမျိုး မဟုတ်ပေ။ ထို့အပြင် ဝါရင့်တာအိုဘုန်းတော်ကြီး အနေဖြင့် လှုပ်ရှား လိုက်မည်ဆိုလျှင် သူသည် အငယ်များကို အနိုင်ကျင့်သည် ဟူသည့် ဂုဏ်ပုဒ်ဖြင့်သာ အမြဲတမ်း ရှင်သန် နေရတော့မည်ဖြစ်၏။
“အဲ့ဒါပဲ”
လင်ရှူးမှ စိတ်မကောင်းဟန်ဖြင့် သူ၏တောင်းဆိုချက်ကို ပြန်ပြောလိုက်သည်။
“သူတို့မှာ ပြင်ဆင်ဖို့ အချိန်တစ်နှစ် ရှိသေးတယ်။ အဲ့အချိန် အတွင်း မင်း သူတို့ထက် သာအောင် လုပ်နိုင်မယ်ဆိုရင် မင်းသိချင်တာ အားလုံး ပြောပြမယ်လို့ အာမခံတယ်။ ပြီးတော့ ဘုန်းတော်ကြီးကျောင်းရဲ့ မှတ်တမ်းထဲမှာ မပါတဲ့ ကိစ္စတစ်ခု အကြောင်းကိုလည်း ပြောပြမယ်”
“မှတ်တမ်းထဲမှာ မပါတဲ့ဟာ ဟုတ်လား”
ဝမ်ရှန်းမှ သတိလက်လွတ် ရေရွတ်လိုက်၏။
“ဟုတ်တယ်၊ မှတ်တမ်းထဲမှာ မပါတဲ့ဟာ” လင်ရှူးမှ အခိုင်အမာ ပြန်ဖြေလိုက်သည်။
“ဥပမာ မင်း အရမ်းသိချင်နေတဲ့ ဂျင်ဒီနယ်မြေထဲမှာ ဘာရှိလဲ ဆိုတာမျိုးပေါ့”
“ဆရာပဲ မသိဘူးလို့ အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား”
ဝမ်ရှန်းမှ လင်ရှူးအား မျက်လုံး အပြူးသား စိုက်ကြည့် လိုက်သည်။
“အကုန်လုံးတော့ မသိဘူး၊ ဒါပေမယ့် တစ်ခုတော့ သိတယ်”
လင်ရှူးမှ တည်ငြိမ်သော မျက်နှာထားဖြင့် ဆက်ပြော လိုက်သည်။
“ပြီးတော့ အဲ့တစ်ခုက အရေးအကြီးဆုံး တစ်ခုပဲ”
ဝမ်ရှန်းမှ လင်ရှူး၏ မျက်လုံးများအား အချိန်အတော်ကြာ စိုက်ကြည့် လိုက်သည်။ လင်ရှူးသည်လည်း တည်တည်ငြိမ်ငြိမ်ပင် ဝမ်ရှန်းအား ပြန်ကြည့်လိုက်၏၊ သူ၏မျက်နှာ အမူအရာ နည်းနည်းလေးပင် မပြောင်းသွားခဲ့ပေ။
“ဟုတ်ပြီ”
လင်ရှူးမှ မလိမ်ညာနေကြောင်း သေချာသွားသည့် အတွက်ကြောင့် ဝမ်ရှန်းသည် အံကြိတ်ကာ လင်ရှူး၏ တောင်းဆိုချက်ကို သဘောတူ ပေးလိုက်သည်။
ဘုန်းတော်ကြီး ကျောင်းမှ မလှုပ်ရှားမီ အချိန်တစ်နှစ်ရ၏။ ဝမ်ရှန်းသည် ထိုအချိန် အတွင်း၌ သေချာစဉ်းစားကာ အစီအစဉ် ဆွဲ၍ ရပေသည်။
ဝမ်ရှန်းထံမှ သဘောတူကြောင်း ကြားလိုက်ရသည့် အချိန်တွင် လင်ရှူး စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်သည်။ ကြည့်ရသည်မှာ ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်နှင့် အခြေအနေများက အဆင်ပြေ သွားသကဲ့ပင်။
“မင်း ဘာဆက်လုပ်မှာလဲ”
တစ်ခဏ ကြာပြီးနောက် လင်ရှူးမှ မေးလိုက်သည်။’
“မသိသေးဘူး။ အရင်ဆုံး စဉ်းစားကြည့်ရမှာပဲ”
ထိုမေးခွန်းအတွက် ဝမ်ရှန်းသည် ဘယ်လိုလုပ် ချက်ချင်းကြီး သင့်တော်သည့် အဖြေ ပြန်ပေးနိုင်မည်နည်း။ အရင်ဆုံး အဖြေပြန် မပေးခင်တွင် ကိစ္စရပ်များကို ပြန်လည် တွေးတော စမ်းစစ်ကြည့်ရန် လိုအပ်ပေသည်။
လင်ရှူးသည်လည်း ဝမ်ရှန်း၏ အခြေအနေကို နားလည်ကာ ဘာမှထပ် မမေးတော့ဘဲ သူ့ဘာသာသူသာ ဆက်လက် စားသောက် နေလိုက်တော့သည်။
ဝမ်ရှန်းကမူ အစားအသောက်ဘက် အာရုံ မရောက်တော့ဘဲ နည်းလမ်းကိုသာ စတင် စဉ်းစားလိုက်တော့၏။ ဝမ်ရှန်းအား ပန်းပုထုခြင်း၏ အခြေခံပညာရပ်ကို သင်ကြားပေးသည့် အလုပ်သင် ကောင်လေးမှာ ဝမ်ရှန်းတို့ နှစ်ယောက် ပြောသည့်စကားများကို နားလည်ဟန် မပေါ်ပေ။
ထို့နောက် အလုပ်သင်လူငယ်လေး နေထိုင်ရာအိမ်သို့ သူတို့ ပြန်လာ လိုက်ကြသည်။ ညဘက် အိပ်ရာထက်၌ လှဲနေချိန်တွင် ဝမ်ရှန်း ရုတ်တရက် တစ်ခု စဉ်းစားမိသွားကာ သူ့အိပ်ရာနှင့် မနီးမဝေးတွင် လှဲနေသည့် အလုပ်သင်ကောင်လေးအား မေးလိုက်သည်။
“မင်း လောင်ဇီရုပ်ထု ထုတတ်လား”
“ထုတတ်တာပေါ့”
အလုပ်သင် ကောင်လေးသည်လည်း မအိပ်ပျော်သေးပေ။ ထို့ကြောင့် ဝမ်ရှန်း၏ မေးခွန်းကို ကြားသည်နှင့် သူ ချက်ချင်း ပြန်ဖြေလိုက်၏။
“ရုပ်ထုကြီးကိုပဲ ထုဖို့က ဘယ်လောက်မှ သိပ်မခက်ပါဘူး။ ဒါပေမယ့် ရုပ်ထုကို အရှိန်အဝါ ပါအောင် ထုနိုင်ဖို့ကတော့ သိပ်မလွယ်ဘူး”
ထိုကဲ့သို့ပြောကာ အလုပ်သင်ကောင်လေးသည် သူ့အိပ်ရာထက်မှ ထထိုင်လိုက်ပြီး သိချင်စိတ်ဖြင့် ဝမ်ရှန်းအား မေးလိုက်သည်။
“အဘိုးလင်ရှူး ပြောတဲ့လူတွေကို လွှမ်းမိုးနိုင်ဖို့ အတွက် အစ်ကိုက တကယ်ပဲ လောင်ဇီရုပ်ထု ထုချင်တာလား”
***