Switch Mode

Chapter – 208

တာအိုဘုန်းတော်ကြီး၏ တောင်းဆိုချက် (၁)

အပိုင်း ၂၀၈
တာအိုဘုန်းတော်ကြီး၏ တောင်းဆိုချက် (၁)

“ဂျင်ဒီနယ်မြေက ဘယ်လို ဖြစ်ပေါ်လာတယ်လို့ မင်းထင်လဲ”

ဝမ်ရှန်း၏ မေးခွန်းကို ကြားသောအခါ လင်ရှူးမှ မျက်နှာ အမူအရာ တစ်ချက် မပြောင်းဘဲ ဝမ်ရှန်းအား ထိုမေးခွန်းသာ ပြန်မေးလိုက်သည်။

“အစီအရင် တစ်ခုကနေ ဖြစ်လာလို့တော့ ကြားဖူးတယ်”

ဝမ်ရှန်းမှ အမှန်အတိုင်း ဖြေလိုက်၏။ သူ ကြားဖူးခဲ့သည့် ဖြစ်နိုင်ချေ များထဲတွင် အကာအကွယ် အစီအရင်ဖြစ်စေ၊ ချိပ်ပိတ်ခြင်း အစီအရင်ဖြစ်စေ ထိုအရာများ အားလုံးသည် အစီအရင်များသာ ဖြစ်၏။

“အဓိပ္ပာယ် မရှိတာတွေ”

တာအိုအဘိုးအို လင်ရှူး၏ စကားကြောင့် ဝမ်ရှန်း ကြောင်အ သွားခဲ့သည်။ သို့သော် လင်ရှူးသည် ဘာမှဆက်မပြောဘဲ တစ်လုတ် အရင်စားသောက်ကာ –

“မိုင်ပေါင်း ထောင်ချီ လွှမ်းခြုံနိုင်တဲ့ အစီအရင်တစ်ခုကို မင်း မြင်ဖူးလို့လား”

ဝမ်ရှန်း နောက်တစ်ကြိမ် ကြောင်အ သွားခဲ့၏။ သူသည် ဤကမ္ဘာအတွင်းသို့ ရောက်သည်မှာ နှစ်ဝက်ပင် မရှိသေးသော်လည်း အစီအရင်နှင့် ပတ်သက်သည့် အခြေခံ သိသင့်သိထိုက်သည့် အရာများကိုတော့ သူ သိပေသည်။ မိုင်ပေါင်း ထောင်နှင့်ချီ လွှမ်းခြုံနိုင်သည့် အစီအရင်တစ်ခု အမှန်တကယ် ပြုလုပ်ချင်သည် ဆိုလျှင် မြေအတိုင်းအတာ များစွာ လိုအပ်ပေလိမ့်မည်။ မည်သည့် အင်အားစုက ဤကဲ့သို့ ပြုလုပ်နိုင်သနည်း…

အထက်တန်းလွှာ မိသားစုဖြစ်စေ၊ ဂိုဏ်းတစ်ဂိုဏ်းဖြစ်စေ ဤကဲ့သို့ ကြီးမားသည့် အစီအရင်မျိုး ပြုလုပ်နိုင်သည့် အင်အားစုသည် ဘယ်လိုလုပ် ရှင်းထုတ်ပစ် ခံရနိုင်မည်နည်း… သို့သော် ဝမ်ရှန်းသည် သူ ဘယ်လောက်ပဲ မယုံမကြည် ဖြစ်နေပါစေ မည်သည့် သက်သေမှ မရှိသောကြောင့် သူ ထိုစကားကို ယုံရုံသာ ယုံနိုင်ပေသည်။

ယခုအချိန်တွင် တာအိုအဘိုးအို လင်ရှူးသည် ထိုစကားက အဓိပ္ပာယ်မရှိသည့် စကားဖြစ်သည်ဟု ပြောခဲ့၏။ ထို့ကြောင့် ဝမ်ရှန်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ လင်ရှူး စားသောက်သည်ကို ခဏစောင့်ပြီးမှ ဝမ်ရှန်းမှ ရိုသေလေးစားစွာဖြင့် –

“ဆရာ၊ ဆရာ သိထားတာတွေကို ကျွန်တော့်ကို ပြောပြပေးလို့ ရမလား”

တာအိုအဘိုးအိုမှ ဝမ်ရှန်းအား တည်ငြိမ်စွာ ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။

“အစီအရင် တစ်ခုတည်းနဲ့ ဆိုရင်တော့ မရဘူး။ ဒါပေမယ့် အစီအရင်တွေ ရာနဲ့ချီဆိုရင်တော့ ရမှာပဲ”

ထိုစကား ကြားလိုက် ရသောအခါ ဝမ်ရှန်း မြေပေါ်သို့ ပစ်လှဲချင်စိတ် ပေါက်သွားခဲ့သည်။ ယုတ္တိမရှိသည့် စကားဟုပြောပြီး ခဏအကြာတွင် ဤကဲ့သို့သော အဖြေမျိုး ပြန်ပေးခဲ့သည်တဲ့လား…

“ဘာလဲ မယုံဘူးလား။ ငါက မင်းထက် အတွေ့အကြုံ ပိုများပါတယ်ကွ”

ဝမ်ရှန်းသည် မျက်နှာဖုံး တပ်ထားသည် ဆိုလျှင်တောင် သူ၏မျက်လုံးများထဲမှ အကြည့်ကို မဖုံးကွယ်နိုင်ပေ။ တာအိုဘုန်းတော်ကြီး လင်ရှူးမှ အထင်သေးဟန်ဖြင့် နှာခေါင်းရကာ –

“မင်း တာအိုဘုန်းတော်ကြီး ကျောင်းမှာ သွားရှာမယ် ဆိုရင်လည်း ဒီလိုအဖြေမျိုးပဲ တွေ့ရမှာပဲ”

“ဆရာ၊ ဆရာ ဘုန်းတော်ကြီး ကျောင်းက မှတ်တမ်းတွေ အားလုံး ဖတ်ဖူးတာလား”

တာအိုဘုန်းတော်ကြီး လင်ရှူးက သူ့အား လိမ်စရာအကြောင်း မရှိသော်လည်း ဝမ်ရှန်းမှ အတည်ပြုဟန်ဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“တာအိုဘုန်းတော်ကြီး ကျောင်းက မှတ်တမ်းတွေ၊ ကျမ်းတွေကို နှစ်ငါးဆယ်နေရင် တစ်ကြိမ် ပြန်ကူးရေးတယ်”

တာအိုအဘိုးအို လင်ရှူးသည် အထင်သေးသည့် မျက်လုံးများဖြင့်ပင် ဝမ်ရှန်းအား ဆက်ကြည့်ကာ-

“နောက်ဆုံး တစ်ခေါက်တုန်းက အဲ့မှတ်တမ်းတွေကို ဒီအဘိုးကြီး ကူးခဲ့ရတာပဲ။ အဲ့ဒီတော့ မင်း ဘယ်လိုထင်လဲ”

ဝမ်ရှန်း အံ့အားသင့် သွားခဲ့သည်။

ဤစာကြောင်းသည် သတင်း အချက်အလက် များစွာကို ဖော်ထုတ်ပြသ နေပေသည်။ ပထမဆုံး အနေဖြင့် တာအိုအဘိုးအို လင်ရှူး၏ လက်ရေးသည် ပထမတန်းစား ဖြစ်ရပေမည်။ နှစ်ပေါင်း ထောင်နှင့်ချီ လက်ဆင့်ကမ်း လာသည့် အမွေအနှစ် တစ်ခုကို သာမန်လက်ရေး အနေအထားသာ ရှိသည့် လူတစ်ယောက်ကို ကူးရေးခိုင်းမည်တော့ မဟုတ်ချေ။

ဒုတိယအနေဖြင့် ဤတာအိုအဘိုးအို လင်ရှူး၏ အဆင့်အတန်းသည် သာမန် မဟုတ်နိုင်။ ရိုးရိုးသာမန် တာအိုဘုန်းတော်ကြီး တစ်ပါးသည် တာအိုဘုန်းတော်ကြီး ကျောင်းမှ စာများကို ပြန်လည် ကူးရေးခွင့် ရှိပါ့မလား… ဦးနှောက်မရှိသည့် လူသည်ပင် ထိုအရာက မဖြစ်နိုင်ကြောင်း သိပေသည်။

တတိယ အနေဖြင့် တာအိုဘုန်းတော်ကြီး လင်ရှူးသည် ဝမ်ရှန်း ထင်ထားသည်ထက် များစွာ ပိုမိုသိရှိနေ၏။ ထိုအချက်ကြောင့် ဝမ်ရှန်း တကယ်ကို ပျော်ရွှင် သွားခဲ့သည်။

“အဲ့ဒါဆို အဲ့ဂျင်ဒီနယ်မြေထဲမှာ ဘာတွေရှိလဲ”

ဝမ်ရှန်းမှ စိတ်အား ထက်သန်စွာ မေးလိုက်သည်။ အဖြေကို သိနိုင်သည့် လူတစ်ယောက်နှင့် တွေ့သည် ဆိုမှတော့ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း…

“မင်းက ငါ့ကို လာမေးနေတာလား။ ငါက ဘယ်သူ့ကို သွားမေးရမှာတုန်း”

ယခုအချိန်တွင် တာအိုအဘိုးအို လင်ရှူး၏ မျက်နှာ အမူအရာသည် အတော်ကို အမြင်ကပ်စရာ ကောင်းနေပေသည်။ ဝမ်ရှန်းမှ အလောကြီး နေသော်လည်း သူကတော့ ဝိုင်လေး သောက်လိုက် ပြောလိုက်ဖြင့် နည်းနည်းမှ လောနေဟန် မပေါ်ပေ။

“တာအိုဘုန်းတော်ကြီး ကျောင်းရဲ့ မှတ်တမ်းတွေထဲမှာ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ဘာမှတ်တမ်းမှ မရှိဘူးလား”

ဝမ်ရှန်းမှ စိတ်မရှည်သည့် အသံဖြင့် မေးလိုက်တော့သည်။

“ဂျင်ဒီနယ်မြေထဲမှာ ဘာရှိလဲဆိုတာ သိချင်နေတဲ့ လူတွေ ဘယ်လောက်တောင် များလိုက်လဲ။ ငါတို့ဘုန်းတော်ကြီး ကျောင်းသာ အဲ့အကြောင်း သိနေမယ်ဆိုရင် ဘုန်းတော်ကြီး ကျောင်းက အခုအချိန်အထိ ရှိနေနိုင်မယ်လို့ မင်းထင်လား”

တာအိုဘုန်းတော်ကြီး လင်ရှူး၏ စကားများသည် ဝမ်ရှန်း၏ နောက်ဆုံး မျှော်လင့်ချက်အား လုံးဝရိုက်ချိုး လိုက်တော့သည်။

“ဒါပေမယ့်၊ ပြောမှပဲ ဂျင်ဒီနယ်မြေထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တဲ့ ကောင်လေး တစ်ယောက် သိပ်မကြာခင်တုန်းက ဝူရုံမြို့မှာ ပေါ်လာခဲ့တယ် မဟုတ်ဘူးလား”

လင်ရှူးမှ ဝမ်ရှန်းအား စောင်း၍ကြည့်ကာ “မင်းကလည်း ဝူရုံမြို့ကပဲကို၊ ဘာလို့ သူ့ကို သွားမမေးလဲ”

ထိုကဲ့သို့ သွားလာ နိုင်သည့်လူမှာ ဝမ်ရှန်း ကိုယ်တိုင်ပင် မဟုတ်ပါလား။ ဝမ်ရှန်းသည် သူသာ သိမည်ဆိုလျှင် ဘာကိစ္စ ဤနေရာထိ လာနေဦးမည်နည်း…

သို့သော် ဝမ်ရှန်းသည် ထိုစကားကို ကြားသော်လည်း သူ၏မျက်နှာဖုံးကို ဖယ်ကာ သူက ထိုလူဖြစ်ကြောင်း ချက်ချင်း မထုတ်ဖော်ခဲ့ပေ။ တာအိုဘုန်းတော်ကြီး လင်ရှူး၏ ဇာတ်ကြောင်းသည် အလွန် ထူးဆန်းလှ၏။ ဒါ့ပြင် သူ၏ဝိညာဉ် အဆင့်ကလည်း အလွန် အဆင့်မြင့်လှပေသည်။ သူသာ သူ့ကိုယ်သူ ဖော်ထုတ် လိုက်မည်ဆိုလျှင် သူ ဘယ်လို သေမလဲဆိုတာကို မည်သူမှ သိမည် မဟုတ်ချေ။

ယခုတွင် သူတို့နှစ်ယောက်က တစ်ဝိုင်းတည်း စားသောက် ရလောက်သည်အထိ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဂျင်ဒီနယ်မြေ အတွင်းသို့ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်သည့် သူ၏ အရည်အချင်းသာ ပေါ်ထွက် သွားမည်ဆိုလျှင် လင်ရှူးက ဤကဲ့သို့သာ ဆက်လက် တည်ရှိနေလိမ့်မည်ဟု သူ အာမ မခံနိုင်ပေ။

“အဲ့ဒါဆိုရင်လည်း ဂျင်ဒီနယ်မြေ ဘယ်လို ဖြစ်လာတာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ရမလား”

ဝမ်ရှန်းမှ တစ်ဆင့် ပြန်လျှော့ကာ အဖြစ်နိုင်ဆုံး အရာကိုသာ မေးလိုက်၏။

“ဒါပေါ့”

ယခုတစ်ကြိမ်တွင် တာအိုအဘိုးအို လင်ရှူးသည် ဘာမှသိပ်ပြီး များများစားစား မပြောခဲ့ပေ။ ခေါင်းသာ ညိတ်လိုက်၏။ ထိုစကားကြောင့် ဝမ်ရှန်း ပျော်နေသည့် အချိန်မှာပင် လင်ရှူးမှ ရုတ်တရက် ထမေးလိုက်သည်။

“အလဲအလှယ် အနေနဲ့ မင်းမှာ ဘာရှိလဲ”

“အမ်”

ဝမ်ရှန်း ကြောင်အ သွားခဲ့သည်။

တာအိုအဘိုးအို လင်ရှူးသည် ဝမ်ရှန်းအား ဂျင်ဒီနယ်မြေ အကြောင်း တကယ်ပဲ ပြောပြချင်ဟန် မပေါ်ပေ။ ဝမ်ရှန်း ယခုကြားခဲ့ရသည့် အချက်အလက်များ အရ တာအိုအဘိုးအို လင်ရှူးသည် တာအိုဘုန်းတော်ကြီး ကျောင်းနှင့် နီးကပ်သည့် ဆက်ဆံရေးမျိုး ရှိရပေမည်။ လင်ရှူးသည် လက်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများကို စိတ်မဝင်စားကာ မြို့စွန်မြို့ဖျားသို့ပင် ပြောင်းရွှေ့ နေထိုင်ခဲ့လေသည်။ သို့သော်ငြားလည်း သူသည် ဘုန်းတော်ကြီးကျောင်းမှ လူတစ်ယောက်ပင် မဟုတ်ပါလော။

ဘုန်းတော်ကြီး ကျောင်းတွင် မှတ်တမ်းများကို ပြန်ကူးရေးရန် အရည်အချင်း ပြည့်မီသည့် ပုဂ္ဂိုလ်တစ်ယောက်က ဘုန်းတော်ကြီးကျောင်းမှ လျှို့ဝှက်ချက်များကို ထုတ်ဖော် ပြောကြားရန်မှာ မဖြစ်နိုင်လု နီးပါးပင်ဖြစ်၏။ လင်ရှူးမှ အလဲအလှယ် ကိစ္စပြောခဲ့သည့် အတွက်ကြောင့် ဖြစ်နိုင်ချေ တစ်ခုတော့ ရှိပေသည်။ သို့သော် ဘာပေးရမည်ကို ဝမ်ရှန်းမှ မသိနိုင် ဖြစ်နေသည်။

“ဆရာက ဘာလိုချင်တာလဲ”

တစ်ခဏကြာ စဉ်းစားပြီး နောက်မှာတောင်မှ ဘယ်လို ပြန်ဖြေရမလဲ ဆိုတာကို ဝမ်ရှန်းမသိပေ။ ထို့ကြောင့် သူသည် လင်ရှူးကိုသာ ပွင့်ပွင့်လင်းလင်း မေးလိုက်တော့၏။

“မင်း ပန်းပုထုတာကို သင်နေတာမလား”

တာအိုအဘိုးအို လင်ရှူးသည် သူ လိုချင်သည့် အရာကို ကြိုတင် စဉ်းစားလိုက်ပြီး ဖြစ်ကြောင်း သိသာပေသည်။ သူသည် ဝိုင်ကို တစ်ကျိုက် မော့သောက်ကာ သူ၏နှုတ်ခမ်းများကို သုတ်လိုက်ပြီး –

“ငါ့ကို လောင်ဇီရုပ်တု တစ်ခုထုပေး”

ဒီလောက်တောင် ရိုးရှင်းသည်လား…

ဤကဲ့သို့ စကားများလှသည့် တာအိုဘုန်းတော်ကြီး လင်ရှူး၏ ဤတောင်းဆိုချက် နောက်တွင် အခြားတောင်းဆိုချက်များ ရှိနေနိုင်သေးပေသည်။

ဟုတ်ပါသည်၊ တာအိုဘုန်းတော်ကြီး လင်ရှူးမှ သူ၏တောင်းဆိုချက်ကို စတင် ရှင်းပြလိုက်သည် “ဘုန်းတော်ကြီးကျောင်းက လူတွေက မကြာသေးခင်က မြို့ပြင်မှာရှိတဲ့ လောင်ဇီ တောင်ပေါ်မှာ လောင်ဇီရုပ်တု ၁၀၀၀၀ ထွင်းထု ချင်နေကြတယ်။ ပြီးသွားရင်တောင် နာမည်ကို လောင်ဇီ သက်ရှည်တောင်လို့ ပြောင်းကြမှာ။ ပြီးတော့ အခု ဘုန်းတော်ကြီးကျောင်းက တာအိုဘုန်းတော်ကြီးတွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဘုန်းတော်ကြီးကျောင်းရဲ့ သြဇာအာဏာကို တိုးချဲ့ချင်နေကြတယ်”

“မင်း ငါ့ကို လောင်ဇီ ရုပ်တုတစ်ခု ကူထုပေးရမယ်။ ပြီးတော့ မင်း သူတို့ထက် အရေအတွက် ပိုများရပြီး သူတို့ထက်လည်း စောစော ပိုပြီးရမယ်”

လင်ရှူးမှ ဝမ်ရှန်းအား လေးနက်စွာ ကြည့်ကာ “မင်း သဘောတူရင် မင်းသိချင်တာကို ငါ ပြောပြမယ်။ အဲ့ဒါအပြင် မင်း ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လို နေရမလဲ ဆိုတာလည်း သင်ပေးမယ်”

ဤတောင်းဆိုချက်ကို ကြားပြီးနောက် ဝမ်ရှန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟူ၍ဖြစ်၏။

ဝမ်ရှန်းသည် ပန်းပုထုခြင်းကို သင်ယူနေသည်မှာ မှန်သော်လည်း ယခုအချိန်တွင် စလုံးရေ စသာ ရှိသေးခြင်းဖြစ်၏။ ဘုန်းတော်ကြီးကျောင်းသည် သက်ရှည်တောင်ပေါ်တွင် လောင်ဇီရုပ်ထု ထွင်းထုချင်သည် ဆိုလျှင် ထိုရုပ်တုများသည် အခံ့ညားဆုံးနှင့် အပြောင်မြောက်ဆုံး ရုပ်တုများသာ ဖြစ်ရပေမည်။ အရည်အသွေး အရဖြစ်စေ၊ အရေအတွက် အရဖြစ်စေ ဝမ်ရှန်း သူတို့နှင့် လိုက်မမီနိုင်ပေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset