Switch Mode

Chapter – 207

တာအိုဘုန်းတော်ကြီး လင်ရှူး (၂)

အပိုင်း ၂၀၇
တာအိုဘုန်းတော်ကြီး လင်ရှူး (၂)

တော်လွန်းသည်… ဤအရာသည် အမှန်တကယ်ကို ပုန်းကွယ်နေသည့် ဆရာတစ်ဆူပင်ဖြစ်၏။ ဝမ်ရှန်းသည် သူ့မျက်လုံးရှေ့၌ ရပ်သွားသည့် တူကိုကြည့်ကာ နှာဘူး တစ်ယောက်က အလှပဂေးလေး တစ်ယောက်ကို မြင်လိုက်ရ သကဲ့သို့ သူ၏မျက်လုံးများ အရောင်တောက် သွားခဲ့သည်။

ချက်ချင်းပင် ဝမ်ရှန်းသည်လည်း တူတစ်ချောင်း ကောက်ကိုင်ကာ တာအိုအဘိုးအိုကဲ့သို့ လှည့်လိုက်သည်။ လေသံများ ထွက်လာသော်လည်း တာအိုအဘိုးအို လက်ထဲမှ တူကဲ့သို့ အရှိန် မရလာခဲ့ပေ။ ဝမ်ရှန်း လက်မလျှော့ဘဲ နောက်ထပ် အကြိမ်ရေ အနည်းငယ် ထပ်လှည့်လိုက်၏။ သို့သော် တူသာ ကျိုးသွားခဲ့တော့သည်။

ဘာမှ မဖြစ်ခဲ့သကဲ့သို့ တူကို ပြန်သိမ်းသွားသည့် တာအိုအဘိုးအိုအား ကြည့်ကာ ဝမ်ရှန်း လေးစားအားကျ သွားခဲ့သည်။ ကျွမ်းကျင်သူ တစ်ယောက်က ဆိုသည်မှာ ဤကဲ့သို့သော လူမျိုးပင် ဖြစ်သည်။

သူတို့ စတင်ရင်းနှီးသည့် အချိန်မှစ၍ ယခုအချိန်အထိ… တာအိုအဘိုးအိုသာ ဤကဲ့သို့ စမလုပ်ပြခဲ့ဘူးဆိုလျှင် တာအိုအဘိုးအိုက ဤကဲ့သို့ ထူးချွန်ထက်မြတ်သည့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်သည်ကို ဝမ်ရှန်း ဘယ်တော့မှ သိမည်မဟုတ်ပေ။ သူ၏ဝိညာဉ်အဆင့်က မည်မျှရှိသည်ကို ဝမ်ရှန်း ခန့်မှန်းကြည့်၍ပင် မရပေ။

အရိပ်မိန်းမစိုးသည် သူ တာအိုဘုန်းတော်ကြီးကျောင်း အကြောင်း ပြောသည့်အချိန်တိုင်း သူသည် သနားကြင်နာတတ်သည့် ဘုန်းတော်ကြီး တစ်ယောက်နှင့် တွေ့ကာ အသက်ရှင် လွတ်မြောက် လာနိုင်ခဲ့သည်မှာ ကံကောင်း၍ ဖြစ်သည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ဘုန်းတော်ကြီးကျောင်းရှိ တာအိုဘုန်းတော်ကြီးများ အားလုံးက ဤတာအိုအဘိုးအိုကဲ့သို့ ဖြစ်မည်ဆိုလျှင် တာအိုဘုန်းတော်ကြီးကျောင်းသည် ကျားခံတွင်းပေါက်ထက်ပင် ပိုဆိုးနိုင်ပေသည်။

“ဘုန်းတော်ကြီးကျောင်းမှာ ဝိညာဉ်သခင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့အားလုံးက ပျက်စီးနေတဲ့ ဝိညာဉ်သခင်တွေပဲ”

တာအိုဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ အကြောင်း ပြောသည့် အချိန်တွင် တာအိုအဘိုးအို၏ မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

“တစ်နေကုန် တစ်နေခန်း ကျင့်စဉ်ကျင့်ဖို့နဲ့ အဆင့်တက်အောင် လုပ်ဖို့ပဲ တွေးနေတာ။ လောင်ဇီ ချန်ရစ်ထားခဲ့တဲ့ ပညာရပ်တွေက ဘာတွေလဲ ဆိုတာကို သူတို့အားလုံးကို မေ့လျော့ နေကြတာပဲ”

“သူတို့ထဲက တစ်ယောက် နှစ်ယောက်လောက်ကတော့ ပြောပါတယ်၊ သူတို့က တခြားလူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ချင်တယ်ဆိုပြီး။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့လည်း အဆောက်အဦးတွေ၊ မြေကွက်ကောင်းတွေ၊ ရွှေငွေလက်ဝတ်ရတနာတွေနဲ့ အဆုံးသတ် သွားတာပဲ”

တာအိုအဘိုးအိုမှ မကျေမနပ် ဆက်ပြောလိုက်သည်။

“အပေါ်ယံ ကြည့်မယ် ဆိုရင်တော့ ငါက ငါ့ဂိုဏ်းကို ကမ္ဘာကြီးကို အထောက်အကူ ပြုစေချင်နေတာပေါ့။ ဒါပေမယ့် သူတို့ကတော့ လောင်ဇီပြောခဲ့တဲ့ ရိုးရှင်းပြီး အေးချမ်းတည်ငြိမ်မှု ဆိုတာနဲ့ လုံးဝကို သွေဖယ်နေတာပဲ”

“လူတွေကို ဦးညွှတ် အရိုအသေ ပေးဖို့နဲ့ အမွှေးနံ့သာပူဇော်ဖို့ ပြောတယ်၊ လောင်ဇီကို ဘယ်လို ဆည်းကပ်ရမယ် ဆိုတာ ပြောတယ်၊ လောင်ဇီရဲ့ ကောင်းချီပေးမှုကို ယုံကြည်ဖို့ ပြောတယ်၊ ဒါပေမယ့် အဲ့လိုတွေ ပြောလွန်းလို့ လူတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြတော့ဘူး”

တာအိုအဘိုးအိုမှ မကျေမနပ်ပြောကာ ဝမ်ရှန်းအား မေးလိုက်သည်။

“လူတွေ ဘယ်လောက်တောင် လောင်ဇီကို ကိုးကွယ် ဆည်းကပ် နေကြလဲ။ အခု သူ့ရဲ့ကောင်းချီးပေးမှုကို တောင်းဆိုနေတဲ့ လူတွေမှ တစ်ပုံတစ်ခေါင်းကြီး၊ ဒါပေမယ့် မင်းပြောကြည့်စမ်းပါ၊ အဲ့ဒါက လောင်ဇီရဲ့ နည်းလမ်းနဲ့ရော ကိုက်ညီမှု ရှိသေးရဲ့လား…”

“လူတွေက သူတို့စိတ်ကို ဖြေသိမ့်ဖို့ အတွက် အမွှေးနံ့သာတွေ ပူဇော်ပြီး အရိုအသေ ပေးနေကြတာ မဟုတ်ဘူးလား”

ဝမ်ရှန်းသည် တာအိုအဘိုးအိုကဲ့သို့ အဆိုးမြင်ဝါဒီနှင့် လူတစ်ယောက် မဟုတ်ပေ။

“လောင်ဇီရဲ့ မူလ ရည်ရွယ်ချက်ကလည်း ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ပါပဲ။ ဘယ်သူမဆို ဒုက္ခရောက်လာရင် သူတို့စိတ်ထဲ ပထမဆုံး ဝင်လာတဲ့ အတွေးက ဘုရားကျောင်း သွားဖို့ပဲ။ အဲ့လိုဆိုရင် သူတို့က ကောင်းတဲ့ကိစ္စ လုပ်လိုက်ပြီလို့ သူတို့ကိုယ်သူတို့ ယုံကြည် သွားကြတာပဲလေ”

ဝမ်ရှန်းက သူ့အမြင်ကို သဘောမတူ ဖြစ်လိမ့်မည်ဟု တာအိုအဘိုးအို မထင်ထားခဲ့ပေ။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား မျက်လုံး အပြူးသားဖြင့်သာ စိုက်ကြည့်ကာ ဝမ်ရှန်း ရှင်းပြလာမည်ကို စောင့်နေလိုက်သည်။

“ဒါပေမယ့် ဆရာ ပြောသွားတဲ့ ထဲမှာ တစ်ခုတော့ မှန်တယ်။ ကောင်းချီးရဖို့ အတွက် လောင်ဇီဆီ ဆုတောင်းတယ် ဆိုတာက မှန်တယ်၊ ဒါပေမယ့် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ”

ဝမ်ရှန်းသည် တာအိုအဘိုးအို၏ စကားအားလုံးကို ငြင်းဆန်ခြင်း မဟုတ်ပေ၊ သူ၏အတွေး တချို့ကိုတော့ ထောက်ခံလိုက်၏။

“ကမ္ဘာကြီးကို တိုးတက်အောင် လုပ်မယ် ဟုတ်လား။ ဟား…”

ဝမ်ရှန်း၏ ထိုစကားကြောင့် တာအိုအဖိုး အနည်းငယ် ပြန်လည် စိတ်သက်သာရာ ရလာခဲ့သည်။ ထို့နောက် သူသည် ထိုအကြောင်းအရာကို ထိုမျှနဲ့တင် ရပ်လိုက်ကာ ဘာမှဆက် မပြောတော့ချေ။

ဝမ်ရှန်းက သူ၏စကားကို အပြည့်အဝ မငြင်းဆန်ခဲ့ သော်လည်း တာအိုအဘိုးအိုသည် မပျော်ရွှင်နေပေ။ စားသောက် ပြီးသည်နှင့် ဝမ်ရှန်းနှင့် အလုပ်သင် ကောင်လေးတို့အား ပြန်သွားခိုင်း လိုက်တော့သည်။

“အဆောက်အဦးတွေ၊ မြေကွက်ကောင်းတွေနဲ့ ရွှေငွေလက်ဝတ် ရတနာတွေက မကောင်းလို့လား… အဘိုးလင်ရှူးက ဘာလို့ အဲ့ဒါတွေကို တော်တော်ကြီးကို မကြိုက် ဖြစ်နေတာလဲ”

သူတို့ထွက်လာပြီး သိပ်မကြာမီတွင် အလုပ်သင်လေးမှ ဝမ်ရှန်းအား မေးလိုက်၏။ ယနေ့တွင် ဝမ်ရှန်းနှင့် တာအိုအဘိုးအိုတို့ ပြောခဲ့သည့် စကားများကို သူ နားမလည်ပေ။

လင်ရှူးသည် ထိုတာအိုအဘိုးအို၏ နာမည်ဖြစ်၏။ သို့သော် သူသည် ဤနေရာတွင် တစ်ဦးတည်းသော တာအိုဘုန်းတော်ကြီး ဖြစ်သည်။ ဤနေရာ၌ နေထိုင်သည့် ဘုန်းတော်ကြီးဟု ပြောလျှင် တာအိုဘုန်းတော်ကြီး လင်ရှူးကို ပြောခြင်းဖြစ်ကြောင်း အားလုံး သိကြပေသည်။ သို့သော် သူ့အား မည်သူကမှ တာအိုဘုန်းတော်ကြီးဟု မတပ်ခေါ်ကြပေ။ ကလေးများသည်ပင် သူ့အား အဘိုးလင်ရှူးဟုသာ ခေါ်ကြ၏။

“မင်း နားမလည်ပါဘူး”

ဝမ်ရှန်းသည် အလုပ်သင်ကောင်လေး၏ ခေါင်းအား ပုတ်ကာ လမ်းလျှောက်ရင်း ပြောလိုက်၏။

“အဘိုးလင်ရှူးက တကယ့်ဆရာ တစ်ယောက်ပဲ။ အဆောက်အဦးပေါင်း ထောင်ချီ ရှိပေမယ့်၊ ညဘက် အိပ်ရင် ခြောက်ပေ အကျယ်မှာပဲ အိပ်တာပဲ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တစ်ရက်ကို သုံးနပ်ပဲ စားတာပဲ။ ဒီအမှန်တရားကို နားလည်ရင် မင်း လုပ်နိုင်ပြီ။ အဲ့ချိန်ကျရင် မင်းလည်း အဘိုးကြီး လင်ရှူးလိုမျိုး ဆရာတစ်ယောက် ဖြစ်လာမှာပဲ”

“ဟိုး”

အလုပ်သင်ကောင်လေးမှ ဝမ်ရှန်း၏ စကားများအား အခိုင်အမာ မှတ်သား ထားလိုက်သည်။ ထိုစကားများကို ယခု နားမလည်သေးလည်း ကိစ္စမရှိပေ၊ နောက်မှ တဖြည်းဖြည်းချင်း နားလည်အောင် လုပ်၍ရ၏။ ဤအရာသည် သူ့ဆရာသင်ပေးသည့် အရာပင်ဖြစ်သည်။

“အဲ့ဒါဆိုရင် အစ်ကိုကြီးကရော ဒါတွေကို နားလည်လား”

ထို့နောက် အလုပ်သင် ကောင်လေးမှ နောက်တစ်ကြိမ် မေးလိုက်၏။

“အစ်ကိုကရော ကျွမ်းကျင်သူ တစ်ယောက်ပဲလား”

“ငါလား။ ငါက ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါဘူး”

ဝမ်ရှန်းမှ ရယ်ရယ်မောမော ပြန်ဖြေလိုက်သည်။ “ငါ အဲ့ဒါကို နားလည်တယ် ဆိုပေမယ့် သိတာထက် လုပ်တာက ပိုခက်တယ်ကွ သိလား… ငါက သာမန်လူ တစ်ယောက်ပဲ။ မိန်းမလှလေးတွေ၊ ရွှေငွေကျောက်သံ ပတ္တမြားတွေ၊ အဆောက်အဦး ကောင်းတွေနဲ့ မြေကောင်းတွေကို ကြိုက်တယ်။ မင်း ငါ့ဆီကနေ မသင်ယူနဲ့၊ မင်း ဘာမှတတ်မြောက်မှာ မဟုတ်ဘူး”

“သင်စရာလား ဟွန့်”

အလုပ်သင်ကောင်လေးမှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ တဖြည်းဖြည်း လျှောက်လှမ်း လာကြရင်း သူတို့သည်လည်း တာအိုဘုန်းတော်ကြီး နေထိုင်သည့် နေရာနှင့် တဖြည်းဖြည်းချင်း ဝေးကွာ သွားခဲ့တော့သည်။

…….

ဝမ်ရှန်းနှင့် အလုပ်သင် ကောင်လေးတို့ကို ထွက်သွား စေခိုင်းပြီးနောက် ဘုန်းတော်ကြီး လင်ရှူးသည် မျက်လုံများ မှိတ်ကာ တစ်စုံတစ်ခုအား စဉ်းစားနေခဲ့၏။ သို့သော် ထိုအချိန်မှာပင် ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာခဲ့ကာ သူ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤကောင်လေးသည် စိတ်ဝင်စားစရာ ကောင်းပေသည်။

“အဆောက်အဦးပေါင်း ထောင်ချီရှိပေမယ့်၊ ညဘက် အိပ်ရင် ခြောက်ပေ အကျယ်မှာပဲ အိပ်တာပဲ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တစ်ရက်ကို သုံးနပ်ပဲစားတာပဲ”

ထိုစကားများသည် သူ့အား အမှန်တကယ် စိတ်လှုပ်ရှား စေခဲ့ပေသည်။

……..

နောက်တစ်နေ့တွင် ဝမ်ရှန်းသည် သူ၏ဘဝကို ပုံမှန်အတိုင်းပင် ဖြတ်သန်းခဲ့၏။ မနက်ပိုင်းတွင် ရွှံ့နွံများကို ပုံသွင်းကာ နေ့လယ်ပိုင်းတွင် တာအိုဘုန်းတော်ကြီးထံ သွား၍ လက်ရေးလှ ကျင့်သည်။ သို့သော် ယနေ့တွင် ဘုန်းတော်ကြီးသည် သူ့အား မျက်နှာ မထွက်ပြသေးပေ။ သူသည် မနေ့က အဖြစ်အပျက်ကို သိပ်ပြီး အခဲမကျေ နေသေးခြင်းပင် ဖြစ်၏။

……..

တစ်လကြာပြီးနောက်တွင် ဝမ်ရှန်း၏ ရွှံ့ပုံသွင်းခြင်းသည် သိသိသာသာကြီး မထွက်လာသော်လည်း အနည်းငယ်တော့ ပုံပေါ်လာပြီဖြစ်၏။

လက်ရေးလှ ရေးခြင်း၌လည်း သိသိသာသာ တိုးတက်လာပေသည်။ စာလုံးကကြည့်လို့ မကောင်းသေးသော်လည်း ယခုအချိန်တွင် ဝမ်ရှန်းသည် စုတ်တံကို မတော်တဆ ချိုးမိမည်ကို စိုးရိမ်စရာ မလိုဘဲနှင့် စုတ်တံကို အလွယ်တကူ ကိုင်နိုင်ပြီဖြစ်၏။ အရေးအကြီးဆုံးမှာ တာအိုအဘိုးအိုသည် သူ့အား တိရစ္ဆာန် သားရေပေါ်၌ လေ့ကျင့်ခွင့် ပေးပြီဖြစ်သည်။

တစ်လကြာ ကြိုးစားပမ်းစား လေ့ကျင့်ခြင်းက ဝမ်ရှန်း၏ ခွန်အားအပေါ် နားလည်မှုကို တစ်ဆင့် အဆင့်မြင့် လာစေခဲ့သည်။ အားကြီးသည့် တိုက်ခိုက်မှုကို ပြုလုပ်ရန်အတွက် အမြဲတမ်း အားကုန်သုံးစရာ မလိုပေ။ ခွန်အားကို ထိန်းချုပ်နိုင်ကာ လိုအပ်သလောက် သင့်တော်အောင် အသုံးပြု နိုင်ခြင်းသည်သာ အမှန်တကယ် ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။

…….

တာအိုဘုန်းတော်ကြီး ဘေးတွင် ဝမ်ရှန်းသည် ဝိုင်များနှင့် အစားအသောက်များဖြင့် စောင့်နေလိုက်၏။ ဘာပဲပြောပြော ဝမ်ရှန်းထံတွင် ရွှေဒင်္ဂါးများရှိပေသည်။ မြို့တော်တွင် ကုန်ဈေးနှုန်းက အခြားနေရာများထက် မြင့်သည်ဆိုလျှင်ပင် ဝူရုံမြို့လောက်တော့ မမြင့်သေးပေ။ ထို့ကြောင့် ဝမ်ရှန်းသည် တာအိုဘုန်းတော်ကြီးအား အစားအသာက်များနှင့် ဝိုင်များ ဖောဖောသီသီ ကျွေး၍ ရသေးပေသည်။

“ဆရာ၊ ဆရာ တာအိုဘုန်းတော်ကြီး ကျောင်းက မှတ်တမ်းတွေ အကြောင်း သိလားဗျ”

စကားပြောနေရင်း တာအိုဘုန်းတော်ကြီးကျောင်း အကြောင်း ပါလာသည့် အချိန်တွင် ဝမ်ရှန်းမှ သူ အမြဲတမ်း မေးချင်နေသည့် မေးခွန်းအား မေးလိုက်သည်။

“မင်းက ဘာအကြောင်း သိချင်တာလဲ”

တာအို ဘုန်းတော်ကြီး ကျောင်းမှ မှတ်တမ်းများ အကြောင်း မေးသည်ဆိုပြီး လင်ရှူးမှ ဝမ်ရှန်းအား အပြစ်မတင်ပေ။

“ငါ စာအုပ် တချို့တော့ ဖတ်ဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်က ဟာတွေတော့ မရှိတော့ဘူး”

ထိုစကား ကြားလိုက်သည်နှင့် ဝမ်ရှန်းသည် သူ့ရှေ့၌ စကားလမ်းစ ရှိကြောင်း သိလိုက်ရသည်။ သူလိုချင်သည်မှာ လွန်ခဲ့ဆယ်နှစ်မှ မှတ်တမ်းများ မဟုတ်ပေ။ ယခင် မင်းဆက် အကြောင်းဖြစ်၏။ ဝမ်ရှန်းသည် သူ တာအိုဘုန်းတော်ကြီး ကျောင်းကို ရောက်ရှိပြီးမှသာ ထိုမှတ်တမ်းများ အကြောင်း ရှာနိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် လင်ရှူးဘုန်းတော်ကြီးက ဤအကြောင်း သိနေကာ ဘာမှ အားမစိုက် ထုတ်ရဘဲ သိရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အရင်မင်းဆက်တုန်းက အကြောင်းပဲ နည်းနည်းပါးပါးလောက် သိချင်တာ”

ဝမ်ရှန်းမှ ဖုံးကွယ်မနေဘဲ အမှန်အတိုင်းသာ ပြောလိုက်သည်။

“ဂျင်ဒီနယ်မြေ ဘယ်လို ဖြစ်လာလဲနဲ့ အဲ့ထဲမှာ ဘာတွေရှိနေလဲ ဆိုတာ ဆရာ သိလား”
***

Comment

Leave a Reply

Options

not work with dark mode
Reset