Chapter – 3
“မှော်ကျောက်ဖရုံ”
ခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်ဟောင်းသည်အမှန်တကယ်ပင်အူကြောင်ကြောင်နိုင်သည့် လူတစ်ယောက်ဖြစ်၏။ ထိုလူ၏ သူငယ်ချင်းဆိုသူမှာလည်း အလွန်တရာမှ ဗရန်းဗတာနိုင်လှပြီး ပူအိုက်သည့်အချိန်မှာပင် ဦးထုပ်ကြီးဆောင်းထားကာ သူ့ကိုယ်သူ ကြည့်ကောင်းနေသည့် ပုံစံမျိုး ဖမ်းတတ်သည်။
“ လာ . . . သွားကြရအောင်. . . မနေ့ညက ငါ ဇူဝူကျီသောက်မယ့် အရက်ခွက်ထဲဆေးထည့်ခဲ့တယ်။ အခု သူဘာဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်”
လန်လန့်လန့်သည် သူ၏ မျက်စိပေါက်များ ကျဉ်းသွားသည်အထိ ကျယ်လောင်စွာ ရယ်လိုက်ရင်း ဆက်၍ ပြောလိုက်သည်။
“အဲ့ဒီ မိမစစ်ဖမစစ်ကောင်က ငါတို့ကိုဆို အမြဲ ကန့်လန့်တိုက်နေတဲ့ကောင်။ အဲ့ကောင်က တကယ့်ချီးထုပ်။ သူ့အဖေရဲ့ကျောက်စိမ်းတောင်ဝှေးကြီးဆုံးရှုံးသွားပြီးကတည်းက အိမ်ထဲက အိမ်အပြင်ထွက်ခွင့်မရတော့တာ။ သိပ်မကြာခင်ကမှ အပြင်ထွက်ခွင့်ရတာလေ။ ဒီတော့ ငါဒီအခွင့်ရေးနဲ့ လုံးဝလွဲချော်လို့ မဖြစ်ဘူး”
“ငါအပြင်မသွားဘူး . . .”
“နေဦး . . . အပြင်လိုက်သွားရင်အဆိပ်ဖြေနိုင်မယ့်နည်းလမ်းရှိလိမ့်မယ်”
ရဲရှောင် တစ်ကိုယ်တည်း တွေးလိုက်မိခြင်း ဖြစ်သည်။
ရဲရှောင်အနေဖြင့်အဆိပ်များ အကုန်မဖယ်ရှားနိုင်မည်ကိုလည်း စိုးရိမ်မိလျက်ရှိသည်။ လန်လန့်လန့်လိုလူမျိုးနှင့် အပြင်အတူသွားရမည့်ကိစ္စအား မည်သူကမျှ စိတ်ပါလိမ့်မည်မဟုတ်ပေ။ သို့သော် အဆိပ်ဖြေနိုင်မည့် နည်းလမ်းရှာရန်အတွက် အပြင်အတူသွားရန်ရဲရှောင်သဘောတူလိုက်သည်။ ဇူဝူကျီသည်သူနှင့်သောက်ဖော်သောက်ဖက်သူငယ်ချင်းတစ်ဦးဖြစ်ပြီး အဆိပ်မမိခင်ည၌ သူတို့နှစ်ယောက်အတူ အရက်သောက်နေသည်ကို သတိရမိလိုက်သည်။ ထို့ကြောင့်ဇူဝူကျီသည်သူ့အား အဆိပ်ခတ်သူတွေထဲမှ တစ်ဦးဖြစ်နိုင်ပေသည်။
ရဲရှောင်မှတ်မိသလောက်ဇူဝူကျီသည်လည်း လူရှုပ်လူပွေ တစ်ဦးဖြစ်သည်။ သူသည်ရဲရှောင်နှင့်လန်လန့်လန့်တို့ကဲ့သို့ဆွေကြီးမျိုးကြီး မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ ထို့ကြောင့်သူ့အား မြို့ထဲတွင်သခင်လေးသုံးပါးထဲမှ တစ်ပါးဟု တင်စားခေါ်ဆိုကြသည်။ ဇူဝူကျီသည်ရဲရှောင်တို့ နှစ်ယောက်အား အမြဲကန့်လန့်တိုက်တတ်သူ တစ်ဦးဖြစ်ပြီး အတူဆုံတိုင်းလည်း သူတို့နှစ်ဦးနှင့်ရန်ဖြစ်စကားများနေတတ်သည်။ သူတို့သုံးဦးစလုံး အဆင်ပြေညီညွတ်မည့်အချိန်သည်အလွန်တရာမှ ခက်ခဲနိုင်ပေသည်။
ရဲရှောင်တို့ သုံးဦးအတွက်စပ်ဆိုထားသည့်ကပေါက်တိကပေါက်ရှာ ကာရန်မညီသည့်ကဗျာတစ်ပုဒ်ပင်မြို့ထဲတွင် ပေါ်ထွက်ခဲ့သေးသည်။
“မြို့ထဲက သခင်လေးသုံးယောက် . . . ဘယ်လောက်အံ့ဩစရာကောင်းလိုက်ပါလိမ့်. . . အလုပ်မရှိ . . . မိဘပိုက်ဆံဖြုန်း . . .ရွှေတွေငွေတွေရှိပေမယ့်အပျော်အပါးမက်အရှက်မရှိ လူ့ပေါ်ကျော့တွေပါကွယ်။မြောက်ပိုင်း စစ်သူကြီးရဲ့သားရဲရှောင်လို့ နာမည်တွင်ပါသတဲ့ကွယ်။ ခွေးနဲ့ ကျားစပ်ပြီးပေါက်ထားသလို ဟိုမရောက်ဒီမရောက်လမ်းသရဲပါ။ တောင်ပိုင်းစစ်သူကြီးရဲ့ အိမ်က ကြမ်းတမ်းတဲ့ ပင်လယ်လှိုင်းကြီးနဲ့တူတဲ့သူက လန်ပါတဲ့ကွယ်။ တကယ်တမ်းကြ လူရှုပ်လူပွေ တစ်ယောက်ပါ။ အမတ်ကြီးဇူဟာ တကယ်တော်တဲ့သူပါကွယ်။ ဝူကျီဆိုတာ သူ့သားပါ။ကျောက်စိမ်းတောင်ဝှေးကိုတောင်သောက်စားပျော်ပါးဖို့ ရောင်းစားလိုက်သူပါ။ သူကတော့ သုံးယောက်ထဲမှာ အဆိုးဆုံးလူပါကွယ်”
ကဗျာထဲမှကျောက်စိမ်းတောင်ဝှေးအကြောင်းပြောပြရမည်ဆိုလျှင်လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဇူဝူကျီသည်သုံးစရာပိုက်ဆံ မရှိတော့သည့်အချိန်အပေါင်းအသင်းများကမြောက်ပေးသည့်အတွက်သူ့အဖေ၏ ကျောက်စိမ်းတောင်ဝှေးအားရောင်းစားပစ်လိုက်သည်။ ထိုကျောက်စိမ်းတောင်ဝှေးသည်ရှားပါးလှသည်မဟုတ်သော်လည်း အနည်းဆုံးရွှေစ ၅၀၀ တန်ဖိုးရှိလေသည်။ ဇူဝူကျီသည်ထိုရွှေစ ၅၀၀ တန်ဖိုးရှိသောကျောက်စိမ်းတောင်ဝှေးအားငွေစ ၅၀ ဖြင့်သာရောင်းစားလိုက်သည်။ ထို့အတွက်ကြောင့်သူ့အဖေသည် သူ့အား သေလုနီးပါးဖြစ်အောင် ရိုက်နှက်ခဲ့သည်။နောက်ဆုံးတွင်သူတို့နေထိုင်ရာ ချန်နိုင်ငံတော်၌ မိသားစုဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သည့်တစ်မိပေါက်တစ်ယောက်ထွန်း လူဆိုးလေးတစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရလေသည်။
ဇူဝူကျီသည်ရဲရှောင်နှင့်လန်လန့်လန့်တို့ထက်သာလွန်၍ လူရှုပ်လူပွေတစ်ဦးဆိုသည့် ဂုဏ်ပုဒ်အား ခံယူခဲ့သည်။ ထို့ပြင် ဇူဝူကျီသည်အခြားသူများအပေါ်တွင်လည်း အထင်သေး၍ ဆက်ဆံတတ်သူ တစ်ဦးပင် ဖြစ်၏။
ဇူဝူကျီသည်ရွှေစ ၅၀၀တန်သည့်တောင်ဝှေးအားငွေစ ၅၀ဖြင့်ရောင်းစားခဲ့ရုံသာမက ထိုငွေစများအား သုံးရက်တည်းဖြင့်ကုန်အောင်သုံးလိုက်လေသည်။ ဇူဝူကျီသည် သူ့မိသားစု၏ ကြွယ်ဝချမ်းသာမှုအား အပျော်အပါးကိစ္စများဖြင့်သာ အချိန်ကုန်၍ ဖြုန်းတီးပစ်တတ်သူ တစ်ယောက်ပင် ဖြစ်လေသည်။
“လာလေ”
လန်စိတ်လှုပ်ရှားစွာဖြင့်ရဲရှောင်အား အခန်းအပြင်သို့ ဆွဲခေါ်လိုက်သည်။ စိတ်အရမ်းလှုပ်ရှား လွန်း၍ထင်ပါသည် လန်၏စွေဆောင်းနေသည့်တောင်တစ်လုံးမြောက်တစ်လုံး မျက်လုံးများသည်ပို၍စွေဆောင်းသွားသည့်ပုံပင်ပေါက်နေသည်။
သားနားကျော့ရှင်းနေသည့်သူတို့နှစ်ဦးသည် ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။ ရဲရှောင်အနေဖြင့်သူကြုံတွေ့နေရသည့် အခြေအနေများကြောင့် လက်ရှိအချိန်အထိ ဇိမ်ခံဘဝဖြင့်နေရမည့်အခြေအနေအား အပြည့်အဝ အသုံးမချရသေးသော်လည်း လန်မှာမူ သူ၏စွေဆောင်းနေသည့်မျက်လုံးများဖြင့်ရထားလုံးပေါ်မှ နေ၍ ရှုခင်းများအား ဘယ်ညာကြည့်၍ ခံစားလျက်ရှိလေသည်။ ထို့နောက် လန်သည် လမ်းမပေါ်ရှိ အမျိုးသမီးများအား တွေ့လိုက်ရ၍ ရုတ်တရက် သူ၏ နှုတ်ခမ်းအား ဖိ၍ရွှီကနဲ မြည်အောင်လေချွန်သံပေးလိုက်သည်။ ထိုလေချွန်သံသည်ကျယ်လောင်လွန်း၍ လမ်းမပေါ်ရှိ အမျိုးသမီးများသည် ထိတ်လန့်သွားကြသည်။
ရထားလုံး သွားနေစဉ်အချိန်တွင်ထူးဆန်းသည့် ခံစားချက်တစ်ခုအား ရဲရှောင်ခံစားလိုက်ရသည်။ ထိုခံစားမှုသည်သူ၏ အသည်းနှလုံးအား ဆိုးရွားစွာ တုန်လှုပ်သွားစေခဲ့သည်။
ထိုကဲ့သို့သော ခံစားမှုများအား အကြိမ်ပေါင်းများစွာ သူခံစားဖူးလေသည်။ တစ်စုံတစ်ခု ဖြစ်တော့မည်ဆိုလျှင်ဆဌမအာရုံကဲ့သို့ ကြိုသိနှင့်နေသည့်စိတ်စွမ်းရည်အား မည်ကဲ့သို့ ပိုင်ဆိုင်ထားသည်ကို ရဲရှောင်အနေဖြင့်နားမလည်ခဲ့ပေ။ ရတနာပစ္စည်းများ နှင့် တန်ဖိုးရှိ ပစ္စည်းများ၏ အနီးအနားသို့ရောက်ရှိသွားသည့်အခါတိုင်း သူ၏ နှလုံးခုန်သံသည် ယခုကဲ့သို့ပင် မြန်ဆန်လာတတ်သည်။
ယခုပြန်လည်မွေးဖွားလာသည့်ဘဝမှာပင်ထိုစိတ်စွမ်းရည်သည်ရှိနေလိမ့်ဦးမည်ဟု ရဲရှောင် မမျှော်လင့်ခဲ့ပေ။ ထိုစွမ်းရည်သည်ယခုသူ၏ ဘဝသစ်၌ ကြီးမားစွာ အထောက်အကူပြုနိုင်ပေလိမ့်မည်။
ရဲရှောင်သည် သူခံစားလိုက်ရသည့် ခံစားချက်ကြောင့် စိတ်ရှုပ်ထွေးမိသွားသည်။ အဘယ့်ကြောင့်ဆိုသော်ယခုသူရောက်ရှိနေသည့်နေရာသည် မော်တယ်ကမ္ဘာဖြစ်နေသောကြောင့်ပင်။ သူလိုရှောင်ဧကရာဇ်တစ်ယောက်အား ရင်ခုန်သံမြန်စေသည့်ရတနာသည်မည်ကဲ့သို့သော အရာမျိုး ဖြစ်နိုင်ပါမည်နည်း။
ရထားလုံး ရပ်တန့်သွားသည့် အချိန်တွင် အဆိုပါ ထူးဆန်းသော ခံစားချက်သည် ပိုပြင်းထန်လာသည်ကို ရဲရှောင် ခံစားလိုက်ရသည်။
ရဲရှောင် ရထားလုံးပေါ်မှ ဆင်းလိုက်သည့်အခါအမတ်ကြီး၏ အိမ်တံခါးပေါက်ဝတွင်ရွှေရောင်စာလုံးဖြင့်ဇူရှန်ဖူ ဟုရေးသားထားသည့်ဆိုင်းဘုတ်တစ်ခုအား တွေ့လိုက်ရသည်။
ရဲရှောင်၏ နှလုံးခုန်သံအား မြန်စေသည့်အခြင်းအရာသည်အမှန်တကယ်ပင်ထိုအိမ်ထဲမှ လာခြင်းပင်ဖြစ်ပေသည်။
“လန်လန့်လန့်. . . မျိုးမစစ်ကောင်”
ဇူဝူကျီ မကျေမနပ်ဖြင့်အော်ပြောလိုက်သည်။
“မင်းမနေ့ညက ငါ့ကိုဆေးခတ်လိုက်တာ မဟုတ်လား . . . ခွေးမသား . . . ငါသေတော့မလို့”
ဇူဝူကျီသည်ရဲရှောင်တို့နှစ်ယောက်အားတွေ့လိုက်သည်နှင့်တစ်ပြိုင်နက်စတင်ဆဲဆိုတော့သည်။
သူသည်ရဲရှောင်နှင့်လန်တို့နှစ်ဦးအား အသွေးထဲ အသားထဲမှပင်မလိုလားမုန်းတီးနေသည်မှာ သိသာပေါ်လွန်းလှသည်။ ထိုစိတ်အားဖျောက်ဖျက်ပေးရန်လွယ်ကူနိုင်မည်တော့မဟုတ်ချေ။
သူတို့သည်မျက်နှာချင်းဆိုင်မိသည့်အချိန်တိုင်း တစ်ဦးနှင့်တစ်ဦး စကားနာထိုးကာ စိတ်အနှောက်အယှက်ဖြစ်စေရန်ကလိတတ်ကြပြီး မည်သူကမှ အလျှော့မပေးတတ်ကြပေ။ ဇူဝူကျီသည်ရဲရှောင်နှင့်လန်လန့်လန့်တို့အား အမြဲချောက်တွန်းတတ်သော်လည်း ရဲရှောင်တို့အတွက်မူ ထိုအရာသည်ဟာသသာသာပင်။ ဇူဝူကျီသည်ရဲရှောင်တို့ သူ့အားဆေးခတ်လိုက်သည်ကို မယုံနိုင်အောင်ပင် ဖြစ်လျက်ရှိလေသည်။
ထို့အပြင်သူတို့သုံးယောက်သည်အမြဲပြိုင်ဆိုင်လေ့ရှိကြသည်။ ယခုအခါတွင်မူ ဇူဝူကျီသည်ရဲရှောင်တို့နှစ်ယောက်ထက်ကျော်လွန်၍ လူရှုပ်လူပွေ လူဆိုးလေးဆိုသည့်ဂုဏ်ပုဒ်အား ပိုင်ဆိုင်သွားခဲ့လေပြီ။ ထို့ကြောင့် ဇူဝူကျီသည်ရဲရှောင်တို့အား တွေ့လိုက်ရသောအခါ မကျေနပ်မှုကြောင့် ဒေါသထွက်လျက်ရှိ၏။
သို့သော်ရဲရှောင်သည်ဇူဝူကျီအား အရေးပင်မစိုက်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်အာရုံများသည် အိမ်ခန်းအတွင်းရှိ စားပွဲပေါ်တွင်ရှိသော အရာအား ထပ်ခါထပ်ခါ အာရုံစိုက်နေရသောကြောင့်ဖြစ်သည်။
စားပွဲပေါ်တွင်အောက်ခြေတစ်ခုလုံးအား အဖြူရောင်ကျောက်စိမ်းများဖြင့်ပြုလုပ်ထားသည့်သေတ္တာတစ်လုံးရှိပြီး ထိုသေတ္တာ၏ အပေါ်ဘက်အားချောမွေ့မှုမရှိသည့်အဖြူရောင်ကျောက်တုံးများအား တပ်ဆင်ထားသည်။သေတ္တာ၏ပုံစံမှာသာမန်ပင်ဖြစ်ပြီး အတောင်ပျံများအား ဖြန့်ကျက်ထားသည့်ပုံစံအား တံဆိပ်ထွင်းထားလေသည်။
ထိုသေတ္တာသည်အမတ်ကြီးအိမ်၏ သာမန်ပစ္စည်းတစ်ခုမျှသာ ဖြစ်ပုံရပြီး အဖိုးထိုက်တန်သော ရတနာပစ္စည်းတစ်ခုအဖြစ်ဘယ်သောအခါမျှ သတ်မှတ်ခံရမည့်ပုံတော့ မပေါ်ချေ။
လန်လန့်လန့်နှင့်ဇူဝူကျီ တို့နှစ်ယောက်ငြင်းခုန်စကားများနေကြသည့်အချိန်တွင်ရဲရှောင်မှာမူသေတ္တာအား စိတ်ဝင်စားမှုအပြည့်ဖြင့်အာရုံစူးစိုက်နေလေသည်။
သေတ္တာအားကြည့်လေလေ စိတ်လှုပ်ရှားလေလေဖြစ်ပြီး သူ့ကိုယ်သူပင်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
“ဟုတ်ပြီ . . . ဒါပဲ . . . ငါမမှားနိုင်ဘူး။ ဒါမှော်ကျောက်ဖရုံပဲ ဖြစ်ရမယ်။ ဒီဟာက တကယ်ကို တန်ဖိုးအရမ်းကြီးတဲ့ ရတနာတစ်ခုပဲ”
ပြန်လည်မွေးဖွားလာသည့် ယခုဘ၀တွင် ထိုကဲ့သို့ အလွန်အဖိုးထိုက်တန်သည့်ရတနာအားတွေ့မြင်လိုက်ခြင်းအား မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ထိုမှော်ကျောက်ဖရုံသည်ဒဏ္ဍာရီထဲမှ ရတနာတစ်ပါး ဖြစ်သည်ဆိုသည့်အချက်မှာ သံသယဖြစ်ဖွယ်ရာတော့ မရှိပေ။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်း (၁၀၀၀၀) ပြည့်မှ တစ်ကြိမ်သီးပြီးနောင်နှစ်ပေါင်း (၁၀၀၀)ရောက်မှသာ တစ်လက်မဆိုရုံလေး ကြီးထွားခြင်းကြောင့်ဖြစ်သည်။ ချင်းရန်နယ်ပယ်မှ လူများပင်ထိုမှော်ကျောက်ဖရုံသီးအား ရှာဖွေတွေ့ရှိရန်အိမ်မက်သာ မက်နိုင်ကြသည်။ ထို့ကြောင့်ယခုမော်တယ်ကမ္ဘာမှ လူများအတွက်ဆိုလျှင်ဆိုဖွယ်ရာပင် မရှိတော့ပေ။
ချင်းရန်နယ်ပယ်တွင်ထိုမှော်ကျောက်ဖရုံ၏ အပိုင်းအစသေးသေးလေးကြောင့်ပင်ဂိုဏ်းများအကြား၌ ကြီးမားပြင်းထန်လှသော တိုက်ပွဲများ ဖြစ်ခဲ့သည်။ သူတို့၏ အတောမသတ်နိုင်သည့်လောဘများနှင့်ရူးမိုက်မှုများကြောင့်လူအများသေကြေပျက်စီးခဲ့ရသည်။
ထိုကဲ့သို့ အလွန်အဖိုးထိုက်တန်လှသောကျောက်ဖရုံ၏ ကြီးမားလှသော အပိုင်းအစကြီးသည်ယခုမော်တယ်ကမ္ဘာတွင်အဘယ့်အတွက်ကြောင့်ရှိနေသည့်ဆိုသည့်အချက်အား စဉ်းစားရင်း ရဲရှောင်တစ်ယောက် ခေါင်းခြောက်သွားသည်။
“ ဒါ . . . ဒါ . . . ငါလခွမ်းတဲ့မှပဲ . . . ဒီလောက်တန်ဖိုးရှိတဲ့ အရာကို တန်ဖိုးမသိဘဲ လက်လွတ်စပယ်ထားထားကြတယ်။ စိတ်တိုစရာကောင်းလိုက်တာကွာ”
ရဲရှောင်သေတ္တာအား ကြည့်ရင်း မခံချိမခံသာ ဖြစ်ရင်းတွေးလိုက်မိခြင်း ဖြစ်၏။
ယခုကဲ့သို့သော အခြေအနေအား ချင်းရန်နယ်ပယ်မှ တစ်စုံတစ်ယောက်တွေ့ခဲ့မိလျှင်သေချာပေါက်ပင် ရင်ကွဲနာကျ၍သေနိုင်လောက်သည်။အလိုလောဘကြီးသူ တစ်ယောက်သာဆိုလျှင်ထိုပစ္စည်း၏ တန်ဖိုးအား သိနေသည့်အတွက်မြို့ထဲမှ လူများအား တစ်ယောက်မကျန်အကုန်သတ်ပစ်၍ မြင်မြင်သမျှ အရာအားလုံးအား မီးလောင်တိုက်သွင်းပစ်ပြီး ပစ္စည်းအား ပိုင်ဆိုင်ရန်ကြိုးစားပေလိမ့်မည်။
ရှောင်ဧကရာဇ်ကဲ့သို့ လူမျိုးသည်ပင်တန်ဖိုးကြီးမားလှသော ပစ္စည်းအား လက်လွတ်စပယ်ထားထားသည်ကို မြင်တွေ့လိုက်ရသောအခါကြက်သေသေ၍ စိတ်အလိုမကျဒေါသထွက်သွားခဲ့သည်မဟုတ်ပါလော။
ရဲရှောင်အနေဖြင့်ယခုကဲ့သို့သော အခြေအနေမျိူးတွင်ထိုမှောက်ကျောက်ဖရုံအားတွေ့မြင်လိုက်ရခြင်းသည်ရေငတ်တုန်းရေတွင်းထဲကျသကဲ့သို့၊ အစာရေစာငတ်ပြတ်နေသူတစ်ဦး၏ လက်ထဲသို့ကောင်းကင်မှ မုန့်တစ်ခု ရုတ်တရက်ကျလာသကဲ့သို့ပင်ခံစားလိုက်ရသည်။
သူ့အတွက်တော့ ထိုမုန့်တစ်ခုလုံးအား ကိုက်ခွင့်ရရန်မလိုအပ်။ တစ်ကိုက်လေး ကိုက်ခွင့်ရရုံသာ လိုချင်နေမိလေသည်။
မှော်ကျောက်ဖရုံ၏ မျက်နှာပြင်အားတစ်စုံတစ်ခုဖြင့်ဖုံးအုပ်ထားသည်။
ထိုပစ္စည်း ထားရှိသည့်နေရာအား ကြည့်လိုက်ခြင်းဖြင့်ဇူဝူကျီတို့အနေဖြင့်တန်ဖိုးကြီးပစ္စည်းမှန်းမသိ၍ပေါ့ပေါ့တန်တန်ထားထားသည့်ပုံစံမျိုးပင်။
“တကယ်လို့ သူတို့သာ ငါ့ကို အဲ့ဒီမှော်ကျောက်ဖရုံ ပေးခဲ့မယ်ဆိုရင်ငါ့အတွက်အပိုင်းအစတစ်ခုလုံး မလိုအပ်ဘူး။ တစ်ကိုက်ကိုက်ရုံလောက်နဲ့ အဆိပ်တွေပြေဖို့လုံလောက်တယ်ပြီးတော့ ငါ့စွမ်းအားတွေကိုလည်း တစ်ကြိမ်တည်းနဲ့အခြေခံအဆင့်လောက်တော့ ပြန်ရသွားနိုင်တယ်”
ရဲရှောင်စိတ်လှုပ်ရှားလွန်း၍ တတွတ်တွတ်ဖြင့်တီးတိုးပြောနေမိသည်။
သို့သော်သူအနေဖြင့်ထိုကျောက်ဖရုံအား ပိုင်ဆိုင်နိုင်ရန်အတွက်မည်ကဲ့သို့သော အရာများအား ပြုလုပ်ရမည်နည်း။
ရဲရှောင်အတွက် စိန်ခေါ်မှု တစ်ခုပင်။
အမတ်ကြီး၏အိမ်တွင်အစောင့်များ အထပ်ထပ်ချထားရုံသာမက ရဲရှောင်၏ ခန္ဓာကိုယ်သည်အားနည်းနေသေးသည့်အချိန်တွင် ထိုကျောက်ဖရုံအား ရရှိနိုင်ရန်အတွက် ခိုးယူရန် မဖြစ်နိုင်သကဲ့သို့ လုယက်ရန်လည်း မဖြစ်နိုင်ချေ။
“ရဲရှောင်”
လန်လန့်လန့်နှင့်ဇူဝူကျီ တို့သည်အတွေးနယ်ချဲ့နေသည့် ရဲရှောင်အားအော်ခေါ်လိုက်ကြသည်။
“မင်းဘာတွေကြိတ်ကြံဖို့ ပြုံးနေတာလဲ။ ဘာတွေကို စိတ်ကူးယဉ်နေပြန်ရတာလဲ”
သူတို့ အံ့ဩမည်ဆိုလျှင်လည်း အံ့ဩစရာပင်။
လန်လန့်လန့်နှင့်ဇူဝူကျီတို့နှစ်ဦးသည်အချိန်အတော်ကြာသည့်တိုင်ငြင်းခုန်ရန်ဖြစ်နေကြသည်။ စကားများရင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဆဲဆိုနေကြသည်။ ထို့ကြောင့်အာခေါင်များပင်ခြောက်လာကြလေသည်။ သူတို့နှစ်ဦး လှည့်ကြည့်လိုက်သည့်အချိန်လှောင်ပြုံးပြုံးနေသော ရဲရှောင်အားတွေ့လိုက်ရသည်။ ရဲရှောင်၏ ပုံစံသည်နေ့ခင်းဘက်တွင်သွားရည်တမြားမြားကျ၍ အိပ်ပျော်နေပြီး အိမ်မက်မက်နေသည့်လူတစ်ယောက်ပုံစံနှင့်ပင်တူနေပေသည်။
“ဘာလဲ . . . ဒီကောင်ဘာဖြစ်နေတာလဲ”
လန်လန့်လန့်နှင့်ဇူဝူကျီတို့နှစ်ဦးကြောင်စီစီဖြစ်ကုန်ကြသည်။
“ဘာလို့ ဒီကောင်ငါးခူပြုံးပြုံးသလို ပြုံးနေရတာလဲ”
“ဟိတ်ကောင်. . . ထတော့ . . . ထတော့”
ဇူဝူကျီသည်သူ့ လက်များအား ရဲရှောင်၏ မျက်လုံးများရှေ့တွင်လှုပ်ရမ်းလိုက်ပြီး ရဲရှောင်၏အတွေးများအား ပြတ်သွားစေခဲ့သည်။
“ဘာလဲ”
ရဲရှောင်သူ၏ အတွေးစများ အဆက်ပြတ်သွားသည့်အတွက်ဒေါသထွက်သွားပြီး ဇူဝူကျီ အားကြည့်လိုက်သည်။
“ကြွပါ . . . ကြွပါ . . .သခင်လေးရဲ . . . ဒါက ကျွန်တော်မျိုးရဲ့ အိမ်ပါခင်ဗျာ”
ဇူဝူကျီ ရဲရှောင်အား တစ်ချက်ကြည့်လိုက်ရင်း –
“အရူး . . . ပေါချက်”
“မင်းဘာတွေ ကြိတ်ကြံနေတာလဲ။ မင်းငါ့ကို ကြိုက်များကြိုက်နေတာလား။နောက်တစ်ခါ ငါ့ကိုအဲ့ဒီလို အကြည့်မျိုးနဲ့ လာမကြည့်နဲ့။ ဒီမှာ မိန်းမတစ်ယောက်မှ မရှိဘူး”
“ဟုတ်သား . . . ဒါပေမယ့်ယောက်ျားတွေတော့ ရှိတယ်လေ။ သခင်လေးရဲက . . . အင်း . . . ဒီမှာ ရှိတဲ့ယောကျာ်းတွေကိုတော့ စိတ်ဝင်စားချင်စိတ်ဝင်စားမှာပေါ့လေ”
လန်လန့်လန့်မျက်လုံးပေါက်များမှေးသွားသည်အထိ ရယ်ရင်းပြောလိုက်သည်။ လန်ပြောလိုက်သည့်စကားကြောင့်ဇူဝူကျီတစ်ယောက်အူလှိုက်သည်းလှိုက်ဖြစ်အောင်အထိပင်ဒေါသထွက်သွားသည်။
ရဲရှောင်သည်ပင်ဒေါသထွက်သွား၍ လန့်အားအော်ဟစ်လိုက်သည်။ ထို့နောက်ရုတ်တရက်ရဲရှောင်အကြံတစ်ခု ရလိုက်သည်။
“ဪ . . .ဟေ့ . . . ဇူဝူကျီ။ ငါကြားလိုက်ပါတယ်။ မင်း . . . မင်းအဖေရဲ့ကျောက်စိမ်းတောင်ဝှေးကြီးကိုရောင်းစားပစ်လိုက်လို့ဆို။ အဲ့ဒါအမှန်ပဲလား”
ရဲရှောင်ပြောင်စပ်စပ်မျက်နှာထားဖြင့်မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမေးလိုက်သည်။
“သေစမ်း”
ဇူဝူကျီ ရဲရှောင်အနားသို့ပြေးသွားရင်း ထိတ်လန့်တုန်လှုပ်သည့်မျက်နှာဖြင့်ရဲရှောင်၏ ပါးစပ်အား လက်ဖြင့်တင်းကြပ်စွာ အုပ်လိုက်သည်။ ထို့နောက်တိုးညှင်းသောလေသံလေးဖြင့်-
“သေလိုက်ပါလား . . . ခွေးမသား။ မင်းက အဲ့ဒီပစ္စည်းအကြောင်းပြောရဲသေးတယ်။တောင်ဝှေးက အဲ့ဒီလောက်တန်ဖိုးကြီးမှန်း ငါကဘယ်လိုလုပ်သိမှာလဲဟ။ ပြီးတော့ ငါ့မှာ ကုန်းကောက်စရာမရှိအောင်ကို ပိုက်ဆံပြတ်သွားလို့ ငါရောင်းစားလိုက်တာ။ရောင်းစားလို့ရတဲ့ ပိုက်ဆံလည်း ငါ့အပေါင်းအသင်းတွေနဲ့ သုံးလို့ ကုန်တာပဲ။တောင်ဝှေးက ငါ့အဖေအတွက်မရှိမဖြစ်ပစ္စည်း တန်ဖိုးထားရတဲ့ ပစ္စည်းဆိုတာ ငါမှမသိဘဲ။ အဲ့ဒီအချိန်တွေတုန်းက ငါတော်တော်ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတာ။ ငါ့ကိုဆို တစ်မိသားစုလုံးက အချိန်ပြည့်စကားလုံးတွေနဲ့ ထိုးနှက်နေကြတာ။ မသိရင်ငါက သဲအိတ်တစ်အိတ်ကြနေရော။ မင်းတို့အဲ့ဒီကိစ္စအကြောင်း ထပ်မပြောကြပါနဲ့တော့ကွာ။ ငါအသတ်ခံနေရဦးမယ်”
“အင်းးး . . .အင်းးး . . .”
ရဲရှောင်ပါးစပ်ပိတ်ရင်းခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူ၏စိတ်ထဲတွင်ကြံစည်ထားသည့်အတိုင်း ဇူဝူကျီအားပြောလိုက်သည်။
“သန်ဘက်ခါကြရင်လင်းပါအိုခန်းမထဲမှာလေလံပွဲတစ်ခုရှိတယ်လို့ ကြားထားတယ်။လေလံပွဲမှာကျောက်စိမ်းတောင်ဝှေးတစ်ချောင်းကိုပါလေလံဆွဲကြမှာတဲ့။ အင်း . . . အဲ့ဒီတောင်ဝှေးပုံစံကြည့်ရတာ မင်းအဖေရဲ့တောင်ဝှေးနဲ့တောင်ဆင်သလိုလိုပဲ။ အာ . . . မဟုတ်ဘူး။ မင်းအဖေတောင်ဝှေးထက်တောင်ပိုအရည်အသွေးကောင်းသေး”
“ဟုတ်တယ်. . . ဟုတ်တယ်. . . တစ်ခုပဲပါလိမ့်မယ်ထင်တယ်”
လန်လန့်လန့်ခေါင်းအဆက်မပြတ်ညိတ်ရင်း –
“သန်ဘက်ခါကြရင်ငါအတွေ့အကြုံသစ်တွေ ပိုရဖို့ အဲ့ဒီလေလံပွဲကို သွားကို သွားဦးမယ်”