အပိုင်း ၂၀၅
ကျောက်ထွင်းအတတ်နှင့် အလှလက်ရေး လေ့လာခြင်း (၂)
ကျောက်စိမ်းဆွဲပြား ပွင့်ထွက် သွားသည်နှင့် ဘာတွေဖြစ်နေတာလဲ ဆိုတာကို ထိုလူ ချက်ချင်း နားလည် သွားခဲ့သည်။
ပြောရမည်ဆိုလျှင် နှစ်ဆင့်ချိပ် ပိတ်သေတ္တာပေါ်မှ အစီအရင်တွင် နောက်ထပ် လုပ်ဆောင်ချက် တစ်ခု ရှိသေးပေသည်။ ထိုအရာမှာ လင်းလုံစံအိမ်မှ သေတ္တာဖွင့်လိုက်သည့် အချိန်၊ အစီအရင် အဖျက်ခံလိုက် ရသည်နှင့် အခြားတစ်ဖက်မှ လည်ဆွဲသည်လည်း ပျက်စီး သွားမည် ဖြစ်သည်။
သို့သော် ထိုသို့ ဖြစ်ပေါ်ရန်အတွက် လည်ဆွဲနှင့် သေတ္တာသည် တစ်မိုင်ပတ်လည် အတွင်း ရှိနေရမည် ဖြစ်၏။ ထို့ကြောင့်သာ ထိုလူသည် ကောင်းကင်ဘုံ ဈေးတန်းနှင့် သိပ်မဝေးသည့် အလုပ်ရုံဘေး၌ နေနေခြင်း ဖြစ်သည်။
ချိပ်ပိတ်သေတ္တာကို ကိုယ်တိုင်ဖွင့်၍ ရနိုင်သကဲ့သို့ လင်းလုံစံအိမ်မှ ဆရာများကို ရှာကာ ဖွင့်၍လည်း ရပေသည်။ သို့သော် ကိုယ်တိုင် ဖွင့်ပါက သေတ္တာကို ဖွင့်နိုင်မဖွင့်နိုင်က အာမခံ၍ မရပေ။
ကျောက်စိမ်းလည်ဆွဲ ပျက်စီးသွားသည်နှင့် ချိပ်ပိတ် သေတ္တာကို ဖွင့်လိုက်ပြီ ဖြစ်ကြောင်း ထိုလူ သိသွားခဲ့သည်။
“သူ တကယ်ပဲ လင်းလုံစံအိမ်ဆီ လာခဲ့တာပဲ”
ထိုလူသည် ပျက်စီးသွားသည့် ကျောက်စိမ်း လည်ဆွဲအား ကြည့်ကာ ခေါင်းခါယမ်း လိုက်သည်။
“ကြည့်ရတာ သေတ္တာကို သူ့ဘာသာသူ မဖွင့်နိုင်ဘူး ထင်တယ်။ အသုံးမဝင်ဘူးပဲ”
…….
ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည့် အချိန်တွင် သေတ္တာထဲ၌ ရိုးရှင်းပြီး လှပသည့် ဆွဲသီးတစ်ခုကို ဝမ်ရှန်း တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် ဆွဲသီးကို ကောက်ယူကာ ပန်းပဲဆရာအဘိုးအို ရှေ့၌ပင် ဆွဲသီးကို သူ၏ဆွဲကြိုး၌ ချိတ်ဆွဲလိုက်၏။ ထို့နောက် ဝမ်ရှန်းသည် သူ၏ဝိညာဉ် စွမ်းအားကို လှုံ့ဆော် လိုက်သည်နှင့် သူ၏မျက်နှာ ပြောင်းလဲ သွားခဲ့တော့သည်။
“ကောင်းတယ်။ ဒီတိုင်း ရုတ်တရက် ကြည့်လိုက်ရင် မျက်နှာဖုံး တပ်ထားတယ်လို့ မထင်ရဘူး၊ ဘာအစီအရင်မှလည်း မတွေ့ရဘူး”
ပန်းပဲဆရာအဘိုးအိုမှ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကြည့်ပျော်ရှုပျော်လည်း ရှိတယ်ကွ”
ထို့နောက် ဝမ်ရှန်းသည် ပန်းပဲဆရာ အဘိုးအိုအား နှုတ်ဆက်ကာ ကောင်းကင်ဘုံဈေးတန်း အတွင်းမှ ထွက်လာလိုက်သည်။ ယခုအချိန်တွင် သူ၏မျက်နှာသည် ကောင်းကင်ဘုံဈေးတန်း အတွင်းသို့ ဝင်သွားစဉ်က မျက်နှာနှင့် မတူတော့ပေ။
ကောင်းကင်ဘုံ ဈေးတန်းမှ ထွက်လာခဲ့ပြီး မကြာခင်မှာပင် ဒါဇင်နှင့်ချီသည့် ဝိညာဉ်စွမ်းအားများက သူ့ပေါ်သို့ ကျရောက် နေသည်ကို ဝမ်ရှန်း သတိပြုမိလိုက်သည်။ သို့သော် တစ်ခဏသာ ကျရောက်ခဲ့ခြင်း ဖြစ်ကာ အားလုံးပြန်လည် ပျောက်ကွယ် သွားခဲ့၏။
ဝမ်ရှန်း သတိကြီးကြီးဖြင့် ဘေးပတ်ပတ်လည်အား လှည့်ပတ် ကြည့်လိုက်သည်။ ရုတ်တရက် ထွားကြိုင်းသည့် လူတစ်ယောက်သည် ထောင့်တစ်နေရာမှ ထွက်ပေါ်လာကာ သူ့အား သတိပေးဟန်ဖြင့် “ကောင်လေး၊ မင်းနဲ့ ဘာမှမဆိုင်ဘူး။ မြန်မြန်ထွက်သွား။ လမ်းမှာ လာပိတ်ရပ် မနေနဲ့”
ထိုသို့ သတိပေး ပြီးသည်နှင့် ထိုလူသည် ဝမ်ရှန်းအား ဂရုမစိုက်တော့ဘဲ ကောင်းကင်ဘုံဈေးတန်း ဘက်သို့ အကြည့်ပြန်ရောက် သွားခဲ့သည်။ ဝမ်ရှန်း စိတ်ဝင်စား သွားကာ ထိုလူပြောသည်ကို လိုက်နာ သကဲ့သို့ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
ထို့နောက် ဝမ်ရှန်း ကောင်းကင်ဘုံဈေးတန်း၏ အခြားတစ်ဖက်အား ပတ်သွား လိုက်သည်။ သိပ်မကြာခင်ပင် ဝိညာဉ်သခင် ငါးယောက် ခြောက်ယောက်ခန့်သည် တစ်ယောက်ယောက်အား လမ်းကြိုပိတ် ထားသကဲ့သို့ ကောင်းကင်ဘုံဈေးတန်းအား စောင့်ကြည့် နေကြသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။
ဝမ်ရှန်းသည် သူတို့ဘေးမှ ခေါင်းငုံ့၍သာ ဖြတ်လာခဲ့လိုက်၏။
ဤလူများက လင်းလုံစံအိမ်အား တိုက်ခိုက်ရန် ကြံစည်နေခြင်း ဖြစ်သည်ဟု ပြောမည်ဆိုလျှင် ဝမ်ရှန်း ယုံမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လင်းလုံစံအိမ်သည် အခြားကုန်သည် လုပ်ငန်းစုများနှင့် မတူပေ။ သူတို့ထံတွင် ဝိညာဉ်သခင်များ မည်မျှပင် ရှိနေသည်ကို မည်သူမှ မသိပေ။ မည်သည့် ပုဂ္ဂိုလ်မဆို အဆင့်မြင့် ဝိညာဉ်သခင်များ ဖြစ်နေနိုင်၏။ အဓိက အင်အားစုများနှင့် တော်ဝင်မိသားစုတို့ ပူးပေါင်း တိုက်ခိုက်ခြင်း မဟုတ်လျှင် မည်သူကမှ လင်းလုံစံအိမ်ပေါ်သို့ အလွယ်တကူ လှုပ်ရှားရဲမည် မဟုတ်ပေ။
လင်းလုံစံအိမ်အား ပစ်မှတ်ထားခြင်း မဟုတ်ပါက ဝမ်ရှန်းသည် ဝိညာဉ်သခင်များစွာ၏ ပစ်မှတ်ထားခြင်းကို ခံရသည့်သူမှာ သူကိုယ်တိုင်မှလွဲ၍ အခြားဘယ်သူ့ကိုမှ စဉ်းစား၍ မရပေ။ သို့သော် ပြောရမည်ဆိုလျှင် သူသည် အဆင့်မြင့် မျက်နှာဖုံး ပြောင်းလဲ တပ်ဆင်ခဲ့ပြီးဖြစ်၏။ သာမန် အစီအရင် ဆရာသည်ပင် သူ့အား အလွယ်တကူ သတိထားနိုင်မည် မဟုတ်ပေ။ ဤမျက်နှာဖုံးမှာ အဆင့်မြင့် မျက်နှာဖုံး ဖြစ်နေသည့် အတွက်ကြောင့် ဝူရုံမြို့မှ လူများပင်လျှင် သူ့အား သတိထားမိကြမည် မဟုတ်ချေ။
ထိုကဲ့သို့ဆိုလျှင် သူတို့အတွက် သိသာသည့် ပစ်မှတ်က မည်သည့်အရာ ဖြစ်သနည်း… ဝမ်ရှန်းသည် သူ၏သံသယ အတွေးများ အားလုံးကို ချိပ်ပိတ် သေတ္တာပေါ်သို့သာ ပုံချလိုက်တော့သည်။ ထိုအရာမှလွဲ၍ အခြားဖြစ်နိုင်စရာလည်း မရှိချေ။
သို့သော် ဤကဲ့သို့ ပစ်မှတ်ထားသည့် လူမှာ မည်သူဖြစ်သနည်း… အစ်မကြီး ချင်းဝေလား… အိမ်တော်ထိန်းလား… မြို့အရှင်လား… သို့မဟုတ် အရိပ်မိန်းမစိုးလား… ဝမ်ရှန်း အသေအချာ မသိပေ။ သို့သော် မြို့အရှင်နှင့် အရိပ်မိန်းမစိုးတို့သည် သံသယရှိစရာ အကောင်းဆုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သာမန် ပုဂ္ဂိုလ်များသည် အင်ပါယာမြို့တော် အတွင်းတွင် ဤကဲ့သို့ များပြားလှသည့် ဝိညာဉ်သခင်များကို စုစည်းနိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် ဝမ်ရှန်းသည် စောင့်ကြည့်နေသည့် လူတစ်စု၏ အကြည့်အောက်တွင် ဘေးကင်းကင်းဖြင့် ကောင်းကင်ဘုံဈေးတန်းမှ ထွက်ခွာ လာနိုင်ပြီဖြစ်၏။ သူသည် သူ ယခင်က တည်းခဲ့သည့် တည်းခိုဆောင်သို့ ပြန်မသွားတော့ဘဲ အင်ပါယာမြို့တော် အတွင်းမှသာ ချက်ချင်း ထွက်ခွာ လိုက်တော့သည်။
အဘိုးကြီးလု၏ အလုပ်သင်သည် မြို့တော်အတွင်း၌ ရှိနေခြင်း မဟုတ်ပေ။ မြို့တော် အစွန်းအဖျားရှိ တောင်ပေါ်ရွာ တစ်ရွာ၌ ရှိနေခြင်းဖြစ်၏။ ကျောက်ထုခြင်းကို သင်ကြားသည့် လူတစ်ယောက် အနေဖြင့် မြို့ထဲ၌ လုပ်ဆောင်ခြင်းက မသင့်တော်ပေ၊ ထို့ကြောင့် သူသည် လူများနှင့် ဝေးကွာသည့် နေရာကို ရွေးချယ် နေထိုင်ခြင်း ဖြစ်သည်။
……….
ဝမ်ရှန်း မြို့တော်မှ ထွက်ခွာ လာခဲ့ပြီးနောက် ရက်ပေါင်း အတော်ကြာသည့်တိုင် မြို့တော်၏ လေထုမှာ ယခင်ကထက် ပိုမိုမွန်းကျပ် သွားခဲ့၏။ လူတစ်စုသည် ဝမ်ရှန်းအား ရက်ပေါင်း များစွာ ကြာအောင် နေရာအနှံ့ ရှာဖွေခဲ့ကြသော်လည်း သူ ဘယ်နေရာ၌ ရှိနေမှန်း မရှာတွေ့ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ရင်တမမဖြင့်သာ သူတို့အဖွဲ့ထံသို့ သတင်းပြန်ပို့ လိုက်ရတော့သည်။
“ဘာ… ရှာမတွေ့ဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှာဖွေသည့် လူများ၏ သတင်း ပြန်ရလာသောအခါ သူတို့အား ခိုင်းစေသည့် သခင်မှာ ဒေါသထွက် သွားခဲ့သည်။
“ဝူရုံမြို့ရဲ့ မျက်နှာဖုံး ဝတ်ထားတဲ့လူကို မျက်စိမှိတ်ပြီးတော့တောင် ရှာလို့ရတယ်။ အဲ့ဒါကို မင်းတို့က ရှာမတွေ့ဘူး ဟုတ်လား။ အသုံးမကျတဲ့ ကောင်တွေ”
“အရှင်၊ ကျွန်တော်တို့ ကောင်းကင်ဘုံဈေးတန်း တစ်ခုလုံး နေရာအနှံ့ ရှာပြီးပါပြီ။ ထွက်လာတဲ့လူ တစ်ယောက်ချင်းစီကိုလည်း စစ်ဆေးခဲ့ ပါသေးတယ်။ အဲ့နေရာမှာ အထီးကျန်ဝံပုလွေ တကယ်ကို မရှိနေတာပါ”
လက်အောက်ငယ်သား တစ်ယောက်မှ အလျင်အမြန် တင်ပြလိုက်သည်။
“ဈေးဆိုင်တွေထဲမှာ ရှာကြည့်ပေါ့ကွ…”
ထိုပုဂ္ဂိုလ်မှ အလွန်စိတ်ပျက် သွားခဲ့သည်။ သို့သော် သူအနေဖြင့် နောက်တစ်ကြိမ် အမိန့်ပေး၍ ပြန်ရှာခိုင်းရုံကလွှဲ၍ အခြားမရှိပြီ။
ဝမ်ရှန်းက တကယ်ပဲ နောက်တစ်ကြိမ် ပြန်ပျောက် သွားသည်လား… မြို့တော်အတွင်း သူတို့၏စောင့်ကြည့်နေမှု အောက်တွင် ဤဖြစ်ရပ်မျိုး ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…
ဝမ်ရှန်း မြို့တော်သို့ ဘယ်အချိန်က ရောက်ကြောင်း မည်သူမှ မသိကြပေ။ သို့သော် သူသည် ချိပ်ပိတ်သေတ္တာကို လင်းလုံစံအိမ်၌ လာဖွင့်ခဲ့သည် ဆိုမှတော့ သူ ဤနေရာ၌ ရှိနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ဝမ်ရှန်းက မျက်နှာဖုံးကို အသုံးပြုနိုင်သည်ကို သူ မတွေးမိခြင်း မဟုတ်ပေ၊ သို့သော် မျက်နှာဖုံးကို သုံးခဲ့သည် ဆိုလျှင်ပင် သူ့ကိုမြင်သည်နှင့် သတိထားမိမည် ဖြစ်၏။ ယခု သူတို့က သတိမထားမိသေးဘူး ဆိုတော့ ဝမ်ရှန်း မျက်နှာဖုံးကို အသုံးမပြုရသေးခြင်း ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့ဆိုပါက လင်းလုံစံအိမ်သည် သေတ္တာအား မဖွင့်နိုင်ခြင်း သို့မဟုတ် သေတ္တာအား ဖျက်ဆီး မိလိုက်ခြင်း ဖြစ်နိုင်ပေသည်။ ထိုသေတ္တာသည် နှစ်ဆင့်ချိပ်ပိတ် သေတ္တာတစ်လုံးသာ ဖြစ်သော်လည်း သာမန်ဆရာများ ဖွင့်နိုင်သည့် သေတ္တာမျိုး မဟုတ်ပေ။
နှစ်ဆင့်ချိပ်ပိတ် သေတ္တာအပေါ် အားလုံး၏ နားလည် သဘောပေါက်မှု အရ သေတ္တာကိုဖွင့်ရန် အနည်းဆုံး ဝိညာဉ်သခင် လေးယောက် တစ်ပြိုင်နက်တည်း လှုပ်ရှားရမည်ဖြစ်၏။
ဝမ်ရှန်းသည် လူရိုင်းတစ်ယောက်မျှသာ ဖြစ်၏၊ သူသည် ဝိညာဉ်သခင် လေးယောက်ကို အကူအညီ တောင်းရလောက်သည် အထိ အဆင့်အတန်း မမြင့်မားချေ။ ဝမ်ရှန်း မဆိုထားနှင့် ရတနာစံအိမ် ကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးသည်ပင် လင်းလုံစံအိမ်မှ ဝိညာဉ်သခင် တစ်ယောက် နှစ်ယောက်လောက်နှင့်သာ ရင်းနှီးပေသည်။
ထို့အပြင် မြို့တော်အတွင်းရှိ လင်းလုံစံအိမ်တွင် ဝိညာဉ်သခင်များ ဘယ်လိုလုပ် များများစားစား ရှိနေနိုင်မည်နည်း။
အားလုံးသည် ရက်ပေါင်းများစွာ ကြာအောင် ဝမ်ရှန်းအား တိတ်တဆိတ် ရှာဖွေခဲ့သော်လည်း ဘာသတင်း အစအနမှ မတွေ့ခဲ့ရပေ။ ထို့ကြောင့် ဝမ်ရှန်း နောက်တစ်ကြိမ် ပျောက်ကွယ် သွားပြန်ပြီ ဆိုသည့် အချက်ကိုသာ ဘာမှမတတ်နိုင်တော့ဘဲ လက်ခံလိုက်ကြ ရတော့၏။
ဤဝမ်ရှန်းသည် ထွက်ပြေးရာ၌ သေချာပေါက် ဆရာတစ်ဆူပင်ဖြစ်၏။ လူပေါင်းများစွာ ကာဆီး ထားသည့်ကြားမှ သူသည် လွတ်ဖြစ်အောင်ကို လွတ်သွားခဲ့သေးလေသည်။
……..
ဝမ်ရှန်းသည် သူ အင်ပါယာမြို့တော်အား ဖြတ်လာခဲ့သည့် အတွက်ကြောင့် ထိုနေရာ၌ ရှိနေသည့် အင်အားစုများ မည်မျှ ဂယက်ထ သွားခဲ့သည်ကို သူ မသိပေ။ ယခုအချိန်တွင် သူသည် အဘိုးကြီးလု၏ အလုပ်သင် ရှိနေသည့် တောင်ပေါ်ရွာလေးသို့ ရောက်နေပြီဖြစ်၏။
ဝမ်ရှန်းအား ကျောက်ထုခြင်း၏ အခြေခံများ သင်ပေးမည့် လူသည် ဝမ်ရှန်း ထင်ထားသကဲ့သို့ သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် မဟုတ်ပေ။ သူ့ထက် ခြောက်နှစ် ခုနစ်နှစ်ခန့် ငယ်သည့် အသက် ၁၁ နှစ် = ၁၂ နှစ်အရွယ် ကောင်လေး တစ်ယောက်ဖြစ်သည်။ သူသည် အသက်သာ ငယ်သော်လည်း ကျောက်ပန်းပု ထုခြင်းကို လုပ်ကိုင် လာသည်မှာ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိနေပြီဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းအား အနည်းအကျဉ်းတော့ ပြန်လည် သင်ကြားပေး၍ ရပေသည်။
“ဂရုစိုက်၊ မြေကြီးကို သေချာဇကာစစ်”’
ထိုကောင်လေးသည် ဆရာတစ်ယောက် ကဲ့သို့ ဝမ်ရှန်းအား အာဏာပါဝါ အပြည့်ဖြင့် အမိန့်ပေး နေခဲ့တော့သည်။
“အစ်ကိုကြီးရဲ့လက်ရှိ အခြေခံနဲ့ဆိုရင် ဘယ်ကျောက်တုံးကိုမှ ထွင်းထုဖို့ မစဉ်းစားနဲ့ဦး။ အရင်ဆုံး ရွှံ့နဲ့ပဲ တဖြည်းဖြည်းချင်း အရင်ကျင့်”
***