အပိုင်း ၂၀၄
ကျောက်ထွင်း အတတ်နှင့် အလှလက်ရေး လေ့လာခြင်း (၁)
ဝမ်ရှန်း ကျောက်ထွင်း အတတ်ကို လေ့လာချင်ခြင်းမှာ ရုတ်တရက် ဖြစ်ပေါ်လာသည့် စိတ်ကူး မဟုတ်ပေ။ သူ ယခင်ကတည်းက အစီအစဉ် ရှိပြီးသား စိတ်ကူးတစ်ခု ဖြစ်၏။
ဝိညာဉ်နယ်မြေတွင် ပီရှဲ့သယ်ဆောင်ထားသည့် ကောင်းကင်ထိတိုင် မြင့်တက်နေသော ကျောက်တိုင်သည် အမှန်တကယ်ကို ဗြောင်ကြီး ဖြစ်နေခြင်း ဖြစ်ကာ စကားလုံး တစ်လုံးတလေမှပင် မရှိနေပေ။
ဝမ်ရှန်းသည် ပီရှဲ့ကို ခွဲထုတ်ကာ အဆင့်လျော့ရန် ကြိုးစားသည့် အချိန်တွင် ပီရှဲ့သည် တစ်ပိုင်း ကွဲထွက်ကာ ကျောက်တိုင်ထိပ်သို့ တက်သွားခဲ့၏။ သို့သော် ကျောက်တိုင်ထိပ်တွင် အဖြူရောင် မြူခိုးများဖြင့် ဖုံးကွယ်နေသည့် အတွက်ကြောင့် ဝမ်ရှန်း အပေါ်သို့ သဲသဲကွဲကွဲ မမြင်ရပေ။
အစပိုင်းတွင် ထိုပုံစံက ဘာကို ဆိုလိုခြင်းလဲဆိုတာ ဝမ်ရှန်း မသိပေ။ သို့သော် သေချာစဉ်းစား ကြည့်လိုက်သည့် အချိန်တွင် ထိုအရာသည် နဂါးမင်းသား ကိုးပါးထဲမှ တစ်ပါးဖြစ်သည့် ဖုရှီ ဖြစ်နိုင်ကြောင်း ဝမ်ရှန်း သိသွားခဲ့သည်။
ဖုရှီသည် နဂါးမင်းသား ကိုးပါးထဲတွင် နဂါးနှင့်အတူဆုံး မင်းသားတစ်ပါး ဖြစ်သည်။ သူသည် နဂါးတစ်ကောင်နှင့် တူသည့်အပြင် ယဉ်ကျေးသိမ်မွေ့ကာ အေးချမ်းစွာသာ နေထိုင်လေ့ရှိ၏။ ထို့ပြင် သူသည် ကျောက်တိုင်ထိပ်တွင် ခွေနေလေ့ ရှိသည်။ ယခု သူ့ဝိညာဉ်နယ်မြေ အတွင်း၌ ရှိနေသည့် ပုံစံသည် မှတ်တမ်းများ၌ ဖုရှီအား ဖော်ပြထားသည့် ပုံစံနှင့် အတူတူပင်ဖြစ်၏။
ဖုရှီသည် ကျောက်စာများ ထိပ်၌ ရှိနေလေ့ ရှိသော်လည်း ယခုကျောက်တိုင်၌မူ စာလုံးတစ်လုံး တလေမှ မရှိနေချေ။ ဤအရာသည် ဖုရှီပြောင်းလဲမှု အပြည့်အဝ ဖြစ်ပေါ်ရန် အတွက် စမ်းသပ်မှုအဆင့် ဖြစ်နိုင်ပေသည်။ ဝမ်ရှန်းသည် သူ၏နဂါးဝိညာဉ်ကို ဖုရှီနဂါးဝိညာဉ် အဖြစ် ပြောင်းလဲနိုင်ရန် ကျောက်တိုင်ပေါ်၌ စာလုံးများ ထွင်းထုရမည် ဖြစ်ပေသည်။
ကျောက်တိုင်ပေါ်၌ စာလုံးများ ထွင်းထုခြင်းသည် ဒီတိုင်း စာလုံးများ ရေးသားခြင်းနှင့် ဘယ်လိုမှ မတူပေ။ သေသပ်လှပစွာ ရေးကာ ထွင်းထုခြင်းက ပို၍ တင့်တင့်တယ်တယ် ရှိပေမည်။ သို့သော် လက်ရေးလှ ရေးခြင်းသည် ဝမ်ရှန်းအတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ခုပင်ဖြစ်၏။
ဝမ်ရှန်းကို အမျိုးမျိုးသော နှစ်ဘီးတပ် စစ်ရထားများ၊ လေယာဉ်ပျံများနှင့် တင့်ကားများ မောင်းခိုင်းမည် ဆိုလျှင် ဝမ်ရှန်းအတွက် ပြဿနာ မရှိပေ။ သေနတ်များ၊ ပစ္စတိုသေနတ်များ၊ ရိုင်ဖယ် သေနတ်များ၊ စနိုက်ပါ သေနတ်များ၊ စက်သေနတ်များနှင့် ဒုံးကျည်များ အစရှိသည်တို့ကို အသုံးပြုခိုင်းမည် ဆိုလျှင်လည်း သူ့အတွက် ပြဿနာမရှိပေ။
ထို့အပြင် ဓားတိုများ၊ ဓားရှည်များနှင့် ခေတ်မီ ဆန်းပြားသော လက်နက်များကို သုံးခိုင်းလျှင်လည်း အဆင်ပြေသည်ပင်။ သို့သော် လက်ရေးလှရေး ခိုင်းစေချင်သည် ဆိုလျှင်တော့… ဝမ်ရှန်းအတွက် သိပ်ပြီး အဆင်မပြေလှပေ။
ခဲတံများ၊ ဘောပင်များဖြင့် ရေးရမည်ဆိုက အနည်းငယ် အလုပ်ဖြစ်နိုင်ပေသည်။ သို့သော် ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သော ပစ္စည်းမျိုး မရှိပေ။ ဤနေရာတွင် စာရေးရာ၌ စုတ်တံများကိုသာ အသုံးပြုကြ၏။ ထိုကဲ့သို့ နူးညံ့သည့် စုတ်သံများဖြင့် လက်ရေးလှ ရေးရခြင်းမျိုးကို ဝမ်ရှန်း ဘယ်တုန်းကမှ စိတ်ဝင်စားခဲ့သည် မဟုတ်ပေ။
ထိုကဲ့သို့ လက်ရေးလှ ရေးတတ်ပြီးလျှင်လည်း ထိုလက်ရေးလှကို ထွင်းထုနိုင်ရန် လိုအပ်သေးပေသည်။ ဝမ်ရှန်းသည် ထိုအရာများကို လေ့လာနိုင်သည့် နေရာရှာရန် စီစဉ်ထားပြီးသား ဖြစ်၏။ သို့သော် ဤနေရာတွင် လင်းလုံစံအိမ် ရှိနေသည် ဆိုမှတော့ ထိုအပိုင်း၌ ထူးချွန်သည့် ဆရာတစ်ယောက် ရှိကို ရှိနေပေလိမ့်မည်။ ထို့ကြောင့် ဝမ်ရှန်းသည် ဘာကိစ္စ ရှည်ရှည်ဝေးဝေး တခြား သွားရှာ နေတော့မည်နည်း။
“အဘိုးကြီးလု၊ ခင်ဗျား ဘယ်လိုထင်လဲ”
ပန်းပဲဆရာ အဘိုးအိုသည်လည်း ပန်းပုကျွမ်းကျင်သည့် လူအားရှာရန် အခြားနေရာ သွားနေစရာ မလိုပေ။ သူနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် မုတ်ဆိတ်မွေး အဖြူနှင့် လူကိုသာ မေးလိုက်၏။
“ကျုပ် ခင်ဗျားအပေါ် တစ်ခေါက် အကြွေးတင် ထားဖူးတာပဲ”
မုတ်ဆိတ်မွေး အဖြူနှင့် အဘိုးကြီးလု သည်လည်း ပျော်ပျော် နေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ဒါ့ပြင် ဤကိစ္စသည် ဝမ်ရှန်းက ဝူရုံမြို့မှ ကြေးစားတစ်ယောက် ဖြစ်နေခြင်းနှင့် မဆိုင်သလို ဝမ်ရှန်းနှင့်လည်း မဆိုင်ပေ။ ပန်းပဲဆရာ အဘိုးအိုနှင့် သူနှင့်ကြားမှ အကြောင်းအရာသာ ဖြစ်၏။
ထို့နောက် အဘိုးလုသည် ဝမ်ရှန်းဘက်သို့ လှည့်ကာ ဝမ်ရှန်းအား ခြေဆုံးခေါင်းဆုံး ကြည့်၍ “မင်း အားရှိလား”
“ရှိတယ်”
ဖြေလိုက်သည့် လူမှာ ဝမ်ရှန်း မဟုတ်ပေ၊ ပန်းပဲဆရာ အဘိုးအိုဖြစ်၏။
“သူက ငါ့ရဲ့ အေးခဲသံပုံဆောင်ခဲနဲ့ လုပ်ထားတဲ့ပေနဲ့ ကြယ်ပုံဆောင်ခဲနဲ့ လုပ်ထားတဲ့ တူတွေကို တစ်ချက်တည်းနဲ့ အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် လုပ်လိုက်တာပဲ”
“အို့ ဟိုး…”
ထိုအကြောင်းကို ကြားလိုက် ရသောအခါ အစောပိုင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မသိသည့် လူများအားလုံး ဝမ်ရှန်းအား မျက်လုံး အပြူးသား စိုက်ကြည့် လိုက်ကြသည်။
သူတို့သည် အေးခဲသံပုံဆောင်ခဲနှင့် ကြယ်ပုံဆောင်ခဲများ အကြောင်းကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း…
ထိုပုံဆောင်ခဲများသည် သာမန် သံများထက် များစွာ ခိုင်မာကျစ်လျစ် ပေသည်။ သို့သော် ဝမ်ရှန်းသည် ထိုပစ္စည်းများကို သူ့ခွန်အားဖြင့် ပျက်စီးစေခဲ့ပြီ။ ဤအရာသည် သူတို့၏ တွေးခေါ်နိုင်စွမ်းထက် လုံးဝ ကျော်လွန် နေပေသည်။
“ကျောက်တုံးမှာ စာထွင်းဖို့ ဆိုတာက လွယ်ပါတယ်”
အဘိုးလုမှ လိုရင်းကိုသာ ပြန်ဆက် ပြောလိုက်သည်။
“မင်း အားရှိတယ်ဆိုရင် ရာနဲ့ချီတဲ့ ကျောက်တုံးပြားတွေရှာ၊ ပြီးရင် အဲ့ပေါ်မှာ စာလုံးတွေ ရေးပြီး အရင် အရာလိုက်လိုက်။ ပြီးမှ အဲ့စာလုံး အရာအတိုင်း လိုက်ထွင်း လိုက်ရုံပဲ။ ပြီးတော့ ဖြတ်လမ်းမရှိဘူး။ တစ်ဆင့်ချင်း လုပ်ရမှာလို့လည်း မင်း ပြောခဲ့သေးတာပဲ။ ငါ့အလုပ်သင် တစ်ယောက်ရှိတယ်။ မင်း သူနဲ့အတူ အခြေခံတွေကို လေ့ကျင့်လို့ ရတယ်။ သူက မင်းထက် ငယ်တယ်ဆိုတော့ လေ့ကျင့်ရ အဆင်ပြေမှာပါ”
သူပြောသွားသည့် နည်းလမ်းသည် ရိုးရှင်းကာ ယုတ္တိရှိပေသည်။ အခြေခံ လိုအပ်ချက်များကို လေ့ကျင့်ပြီး သွားလျှင် ကျွမ်းကျင်အဆင့် မဟုတ်ဘူး ဆိုလျှင်တောင် ကျောက်တုံးပေါ်၌တော့ စာများ ထွင်းထု၍ရပြီဖြစ်၏။
သို့သော် ထိုစကား ကြားပြီးနောက် ဝမ်ရှန်း ခါးသီးစွာ ပြုံးလိုက်သည်။
အရာလိုက်ရမည် ဟုတ်လား…
မည်သူက အရာလိုက်မည်နည်း…
သူ၏ဝိညာဉ်နယ်မြေ အတွင်းတွင် သူမှလွဲ၍ မည်သူက အရာလိုက်၍ ရမည်တဲ့လဲ…
“အဲ့လိုဆို ဆရာတို့က ကျွန်တော့်ကို စာရေးနည်းပါ သင်ပေးရတော့မှာပဲ”
ဝမ်ရှန်းမှ နှာခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“မင်းကိုယ်တိုင် ရေးချင်လို့လား”
ဝမ်ရှန်း ဤကဲ့သို့ တောင်းဆို လာလိမ့်မည်ဟု အဘိုးကြီးလု မထင်ထားခဲ့ပေ။
“အဲ့ဒါဆို လက်ရေး အလှရေးတာ သင်မှာလား”
“ဟုတ်ပါတယ်ဗျ”
ဝမ်ရှန်း ရှက်ကိုးရှက်ကန်းဖြင့် ဝန်ခံလိုက်၏။
“အဲဒါဆိုလည်း အဲဒါကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ လေ့လာလိုက်”
ဝမ်ရှန်းက ဘာလို့ သူ့ကိုယ်တိုင် ရေးမှာလဲဆိုတာကို အဘိုးလု စိတ်မဝင်စားပေ၊ လူတိုင်းတွင် သူ့လျှို့ဝှက်ချက်နဲ့သူ ရှိသည်မဟုတ်ပါလား… ဒါ့ပြင် သူသည် ပန်းပုဆရာ တစ်ယောက်သာ ဖြစ်သည်။ လက်ရေးလှဆရာ တစ်ယောက်မဟုတ်ပေ။
ထို့နောက် ပန်းပဲဆရာ အဘိုးအိုသည် အဘိုးလု၏ အလုပ်သင်အား ရှာလို့ရသည့် နေရာကို ဝမ်ရှန်းအား ပြောပြကာ သူတို့၏ ဂုဏ်ပြုပွဲကို အဆုံးသတ် လိုက်ကြသည်။ ထိုအချိန်မှာမှ ဝမ်ရှန်းသည် နှစ်ဆင့်ချိပ်ပိတ် သေတ္တာကို ထုတ်ယူလာခဲ့ကာ ပန်းပဲဆရာ အဘိုးအိုအား ပေးလိုက်၏။ ထို့နောက် သူသည် ထိုနေ့ညကို ထိုနေရာရှိ အခန်းတစ်ခု၌သာ အိပ်စက် အနားယူ လိုက်တော့သည်။
ပန်းပဲဆရာ အဘိုးအိုသည်လည်း ထိုသေတ္တာကို အခြားလူတစ်ယောက်ထံ ပေးကာ တစ်ညတည်းနှင့် အပြီးဖွင့်ခိုင်း လိုက်၏။ မနက် ဝမ်ရှန်းထလာသည့် အချိန်တွင် ပန်းပဲဆရာ အဘိုးအိုသည် ခြံဝန်းအတွင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ခြံထဲတွင် ဆန်ပြုတ်သောက်ကာ ဝမ်ရှန်းအား စောင့်နေခြင်းဖြစ်၏။
“ရော့ မင်းရဲ့သေတ္တာ”
ပန်းပဲဆရာအဘိုးအိုမှ ဝမ်ရှန်းထံသို့ သေတ္တာ တွန်းပေးလိုက်သည်။
သေတ္တာပွင့်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်း၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ လင်းလုံစံအိမ်မှ ဆရာများက သေတ္တာကို ဖွင့်နိုင်သွားပြီ ဖြစ်သည့် အတွက်ကြောင့် သူ အလုပ်ရှုပ်ခံစရာ မလိုတော့ပေ။
“ဒီသေတ္တာကို အစကတည်းက အစီအရင်နဲ့ လုပ်ထားတာပဲ”
ဝမ်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် သေတ္တာအား ချက်ချင်း မဖွင့်လိုက်သည်ကို မြင်လိုက်ရသောအခါ ပန်းပဲဆရာအဘိုးအိုသည် ဝမ်ရှန်းအား စိတ်ထဲမှနေ၍ ချီးကျူးလိုက်သည်။
“အဲ့အစီအရင်က သေတ္တာပြုတ်ကျ သွားတာတို့ ဘာတို့ဆိုရင် အထဲက ပစ္စည်း မပျက်သွားအောင်လို့ ထိန်းပေး တားပေးတာပဲ”
ဝမ်ရှန်းမှ နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်၏။ သေတ္တာ အပြင်ဘက်၌ အစီအရင်တစ်ခု အသစ် ထပ်ထည့်ခြင်းက အသစ်အဆန်းတော့ မဟုတ်ပေ။ ဝမ်ရှန်းသည် လေးဆင့်ချိပ်ပိတ် သေတ္တာကို ဖွင့်ခဲ့ဖူး၏။ ထိုသေတ္တာသည် အတွင်း၌သာ နေရာကျယ်ကာ အထဲ၌ ရှိနေသည့် ပစ္စည်းအတွက် အကာအကွယ် အစီအရင်မျိုး မရှိနေပေ။
“အထဲက ပစ္စည်းက ပစ္စည်းကောင်းပဲ”
ဝမ်ရှန်း သေတ္တာအား မဖွင့်သေးသည်ကို မြင်လိုက် ရသောအခါ ပန်းပဲဆရာ အဘိုးအိုမှ ဆက်ပြောလိုက်သည်။
“ဒါက အခု မင်းသုံးနေတာထက် အများကြီး ပိုကောင်းတယ်။ ဒါပေမယ့် အဲ့ပေါ်မှာ ရှိတဲ့ အစီအရင်က နည်းနည်းတော့ ပြဿနာ ရှိနေတယ်။ သူ့ထဲမှာ နောက်ယောင် ခံလိုက်တဲ့ ပစ္စည်းတစ်ခု ပါနေတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းကြီးက မင်းကို သဘောကျလို့ အဲ့ပစ္စည်းကို မင်းအတွက် ဖယ်ပေး လိုက်တယ်။ အဲ့ဒါကြောင့် မင်း စိတ်ချလက်ချ သုံးလို့ ရပါတယ်”
ထိုမျက်နှာဖုံးကို အသုံးပြု လိုက်သည်နှင့် သူ၏တည်နေရာ ချက်ချင်း ထွက်ပေါ် သွားမည်လား။ ဤဆွဲသီး မျက်နှာဖုံးသည် တကယ့်ကို အဆင့်မြင့် မျက်နှာဖုံး တစ်ခုဖြစ်၏။ သို့သော် ဝိညာဉ်သခင် တစ်ယောက်သည် ထိုမျက်နှာဖုံးအား အမြဲစောင့်ကြည့်နေမည် ဆိုလျှင် သူ ဘယ်နေရာ၌ ရှိနေကြောင်းကို ထိုအခြားတစ်ဖက်မှ အမြဲသိနေမည်ဖြစ်၏။ ဤအရာသည် ဤဆွဲသီး မျက်နှာဖုံး၏ ရည်ရွယ်ချက် အမှန် ဖြစ်နိုင်ပေသည်။
ဝမ်ရှန်းသည် သူ့အား ဤကဲ့သို့ လုပ်နိုင်သည့် လူများကို တွေးကြည့် လိုက်၏။ ထိုလူသည် အစ်မချင်းဝေ၊ မြို့အရှင်၊ သို့မဟုတ် အိမ်တော်ထိန်းနှင့် ဟန်ဘင်းလီတို့ပင် ဖြစ်နိုင်ပေသည်။ ဟုတ်ပါသည်၊ ထိုထဲမှာမှ ဖြစ်နိုင်ချေ အများဆုံးသည် ဆွဲသီးကို ပြုလုပ်ခဲ့သည့် အစီအရင် ဆရာပင်။ ထိုကဲ့သို့ မသေချာ မရေရာမှုတို့ကြောင့် ယခုအချိန်တွင် သူ၏ပစ်မှတ်က ဘယ်သူလဲ ဆိုတာကို ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မသိနေပေ။
ကံကောင်းသည်က ပန်းပဲဆရာ အဘိုးအို၏ သူငယ်ချင်းသည် စေတနာထားလျက် အစီအရင်ပေါ်ရှိ ပစ္စည်းအား ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ဝမ်ရှန်းသည် မျက်နှာဖုံးကို သုံးသင့်မသုံးသင့် တကယ်ကို စဉ်းစားရ ခက်နေမည် ဖြစ်၏။
ဤနှစ်ဆင့် ချိပ်ပိတ်သေတ္တာ ပွင့်သွားသည့် အခိုက်အတန့်၌ ကောင်းကင်ဘုံဈေးတန်း အစွန်အဖျားရှိ အခန်းတစ်ခု အတွင်း အိပ်ပျော်နေသည့် လူတစ်ယောက်၏ ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီး တစ်ခု ရုတ်တရက် ပွင့်လာခဲ့သည်။ ရုတ်ခြည်းပင် ထိုလူသည်လည်း အိပ်နေရာမှ ဖျတ်ခနဲ နှိုးသွားခဲ့တော့၏…
***