အပိုင်း ၂၀၃
ဖြတ်လမ်းနည်း ဆိုတာမရှိဘူး (၂)
ထိုနေရာ၌ ရှိနေသည့် ဝိညာဉ်သခင်များ ဝမ်ရှန်းအား သဘောကျစွာ ကြည့်လိုက်ကြသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်ရှန်း၏ ဝိညာဉ်အဆင့်က ဒုတိယအဆင့်သာ ဖြစ်ကြောင်း မြင်နိုင်ပေသည်။ ပန်းပဲဆရာအဘိုးအို၏ ခန္ဓာကိုယ်ပေါ်၌ အော်ရာများ စုစည်းသည့် အချိန်မှလွဲ၍ ဝမ်ရှန်းက သူတို့အား ထိခိုက်အောင် လုပ်နိုင်မည်ကို သူတို့ ဘယ်တုန်းကမှ မစိုးရိမ်မိခဲ့ကြပေ။ သို့သော် ဤကောင်လေးက အဘိုးကြီး အဆင့်တက် သွားအောင် ကူညီပေးနိုင်ခဲ့သည်တဲ့။
ဤသတင်းသည် သတင်းကြီးပင်ဖြစ်၏။ ဘာတွေ ဖြစ်သွားတာလဲ ဆိုတာ သူတို့ဆီမှ နားထောင်ကြည့်ရပေမည်။
ဝမ်ရှန်း အပါအဝင် ထိုနေရာ၌ ရှိသည့် လူများအားလုံး အခြားခြံဝန်း တစ်ခုအတွင်းသို့ ဉီးတည် သွားလိုက်ကြသည်။ ထို့နောက် သူတို့သည် အစားအသောက်များ ပြင်ဆင်ကာ ပျော်ရွှင်စွာ စားသောက် လိုက်ကြ၏။
“ဝူရုံမြို့မှာ မကြာသေးခင်က အစားအသောက် ကောင်းတွေ အများကြီး ထွက်ခဲ့တာပဲ”
အားလုံးသည် ပန်းပဲဆရာ အဘိုးအို အဆင့်တက် သွားခြင်းအတွက် ဂုဏ်ပြုပွဲ ကျင်းပနေကြခြင်း ဖြစ်၏။ သူတို့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကမ္ဘာတစ်ဝှမ်းမှ အကြောင်းအရာများကို စကားစမြည် ပြောဆို နေခဲ့ကြသည်။ အဘိုးအို တစ်ယောက်သည် ဝမ်ရှန်းက ဝူရုံမြို့မှ ကြေးစားတစ်ယောက် ဖြစ်ကြောင်း သိသော်လည်း မျက်နှာဖုံး အောက်မှ ဝမ်ရှန်းက ဘယ်သူလဲ ဆိုတာကို ဂရုစိုက်မနေဘဲ ဝူရုံမြို့အကြောင်း စကားစလိုက်သည်။
“တခြား ဘာမှတော့ မပြောနိုင်ပေမယ့် သူတို့ ဟင်းလျာ ချက်ပြုတ်နည်း အသစ်ကတော့ ငါတို့ကို မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့တာပဲ”
နောက်ထပ် အဘိုးအိုတစ်ယောက်မှ စကားဆက် လိုက်သည်။
“ငါ့ဘဝ တစ်လျှောက်လုံး လုံလောက်အောင် အကြာကြီး နေပြီးသွားပြီ။ ဒါပေမယ့် ဒီလိုအရသာမျိုး စားရလိမ့်မယ်လို့ တစ်ခေါက်မှ မထင်ထားခဲ့ဖူးဘူး”
ထိုစကားကို အခြားလူများလည်း သဘောတူ ထောက်ခံ လိုက်ကြသည်။ သူတို့အားလုံးသည် လက်မှုပညာ အခန်းကဏ္ဍ တစ်ခုစီ၌ ထူးချွန် ထက်မြက်သည့် လူများဖြစ်သည်။ ဝမ်ရှန်း သူ၏ ကမ္ဘာပေါ်မှ စကားလုံးဖြင့် ပြောရမည်ဆိုလျှင် သူတို့သည် လက်မှုပညာများ အားလုံးကို ချစ်ခင်မြတ်နိုးသည့် လူများပင်ဖြစ်၏။ သူတို့သည် အချက်အပြုတ် ပညာရပ်ကို ဘယ်တုန်းကမှ အထင်မသေးခဲ့ကြပေ။ ထို့ကြောင့် သူတို့နှင့် စကား ပြောရသည်မှာ ပျော်စရာ ကောင်းပေသည်။
အစားအသောက်အကြောင်း ပြောရာတွင် အားလုံးသည် မကြာသေးခင်ကမှ အစားအသောက် ကောင်းများ များစွာ ထွက်ပေါ်ခဲ့သည့် နေရာမှဖြစ်သည့် ဝမ်ရှန်းအား မေးမြန်း လိုက်ကြသည်။ ယနေ့ သူတို့၏ အစားအသောက်များတွင် ဘာလိုဘာပို၊ ဘယ်နားကောင်းပြီး၊ ဘယ်နားလေးက ဆိုးနေကြောင်း အကြံဉာဏ်ပေးရန် တောင်းဆိုလိုက်၏။
ဤအပိုင်းတွင် ဝမ်ရှန်း ပြောပိုင်ခွင့် ရှိပေသည်။ ဤဟင်းလျာများကို စတင် ချက်ပြုတ်ခဲ့သည့် လူမှာ သူ ဖြစ်ကြောင်းကိုတော့ ပြောစရာပင် မလိုပေ။ ဒါ့ပြင် ယခုအချိန်တွင် သူသည် ကမ္ဘာပေါ်၌ အရသာခံ အာရုံ အကောင်းဆုံး လူပင်ဖြစ်၏။ ထို့ကြောင့် ဤဟင်းပွဲများ၏ အကောင်းအဆိုးကို မျက်စိမှိတ်ပြီးပင် ပြောနိုင်သည်။
ဝမ်ရှန်းသည် သူ့ကိုယ်သူ ဂျူနီယာ တစ်ယောက်ဟု မတွေးပေ၊ ဟင်းလျာများ ချက်ပြုတ်နေသည့် အမျိုးသမီးအား စော်ကားမိရာ ရောက်သွားမည်ကိုလည်း သူ မကြောက်။ သူသည် သူ့အနီးအနားနှင့်ရော အဝေး၌ရော ရှိနေသည့် ဟင်းလျာများကို တစ်ခုပြီးတစ်ခု ပွင့်ပွင့်လင်းလင်းပင် ဝေဖန်သုံးသပ် ပြလိုက်သည်။
ဤဟင်းပွဲက ဆားငန်ကြောင်း၊ ထိုဟင်းပွဲက ဆားပေါ့ကြောင်း၊ ဤဟင်းပွဲက အကျက်လွန်ကြောင်း၊ ထိုဟင်းပွဲက ကျက်ဖို့ လိုနေသေးကြောင်း တစ်ချက်ပြီး တစ်ချက် ပြောနေခဲ့သည်။ ဟင်းပွဲများကို ချက်ပြုတ်သည့် အမျိုးသမီးသည် ဝမ်ရှန်းက သူမအား မလေးမစား လုပ်နေသည်ကို မသိပေ။ ဘာပဲပြောပြော သူမသည် စားဖိုမှူး တစ်ယောက်ဖြစ်သည်၊ သူမ ချက်ပြုတ်သည့် ဟင်းလျာများကို စားသည့် လူတစ်ယောက်က ထိုဟင်းပွဲများအား ဝေဖန် သုံးသပ်ပြသည်မှာ ပုံမှန်ပင်ဖြစ်၏။
အထူးသဖြင့် ဤနေရာတွင် ဝမ်ရှန်း ပြောသည်မှာလည်း အတိအကျကို မှန်ကန် နေသည်။ သူသည် ဟင်းခတ် အမွှေးအကြိုင်များနှင့် မီးပြင်းအားများ၏ လိုအပ်ချက်များကို သာမက ဓားလှီးဖြတ်ပုံ လှီးဖြတ်နည်းများကိုပါ ထည့်ပြော သွားသေးပေသည်။
ထို့အပြင် ဝမ်ရှန်းသည် သူမ ချက်ပြုတ်ရာ၌ အသုံးပြုခဲ့သည့် အသားများနှင့် အသီးအရွက်များက လတ်ဆတ်ကြောင်း၊ မလတ်ဆတ်ကြောင်း တို့ကိုပါ ဘာမှမဟုတ်သကဲ့သို့ ပြောနိုင်နေခြင်း ဖြစ်၏။ မသိလျှင် ဟင်းပွဲများ ချက်ပြုတ် နေသည်ကို သူကိုယ်တိုင် မြင်ခဲ့သကဲ့ပင်။
လူတစ်ယောက်သည် သူ၏ပညာရပ်၌ ပိုထူးချွန်လေ ဤကဲ့သို့ အသေးစိတ် ဝေဖန် သုံးသပ်မှုများကို ပို၍ ဂရုစိုက်လေဖြစ်၏။ ရလဒ် အနေဖြင့် ထိုကဲ့သို့ ဝေဖန် သုံးသပ်ပြီး နောက်တွင် ဝမ်ရှန်းသည် သူတို့၏ စိတ်ကွက်ခြင်းကို မခံရရုံတင်မက သူတို့သည် သူ့အား လက်မထောင်၍ပင် ချီးကျူးခဲ့ကြ သေးပေသည်။
သူတို့သည် အစားအသောက် စားသည်ကို ဒီတိုင်း စားရုံသက်သက်ဟုသာ တွေးခဲ့ကြ၏။ သို့သော် ယခုအချိန်မှာမှ ချက်ပြုတ်ခြင်းကလည်း လူတစ်ယောက်၏ အဆင့်အတန်းကို ပေါ်လွင် စေနိုင်ကြောင်း သူတို့ သိသွားခဲ့ကြတော့သည်။
စားသောက်ပြီးစီး သွားကြသည့် အချိန်တွင် အားလုံးသည် ပန်းပဲဆရာ အဘိုးအို အဆင့်တက် သွားရသည့် အကြောင်းအရင်းအား မေးမြန်း လိုက်ကြသည်။ အဘိုးအိုသည်လည်း ဝမ်ရှန်း သူ့အားပြောခဲ့သည့် စကားအချို့ကို ပြန်ပြောပြလိုက်၏။ သူတို့အားလုံးသည် ဤဝိညာဉ်အဆင့်၌ ဆယ်စုနှစ်ကြာချီ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ခဲ့ကြသည့် လူများဖြစ်သည်။ ထို့ကြောင့် ထိုအဘိုးအို၏ စကားကြောင့် သူတို့လည်း စိတ်လှုပ်ရှား သွားခဲ့ကြသည်။
“ဖြတ်လမ်းနည်း ဆိုတာ ဘယ်တော့မှမရှိဘူး…”
အားလုံးသည် ထိုစာကြောင်း၏ အဓိပ္ပာယ်ကို တွေးတောကာ သက်ပြင်း ချလိုက်ကြ၏။
ပြောရမည်ဆိုလျှင် ပန်းပဲထုရာ၌သာ မဟုတ်ပေ၊ မည်သည့် နေရာတွင် ဖြတ်လမ်း ရှိခဲ့သနည်း… ဝမ်ရှန်းပြောခဲ့သည့် အတိုင်းပင် ဖြတ်လမ်းကို ပြောပါဆိုလျှင် သင်သည် ဘိုးဘေးများ၏ အတွေ့အကြုံများ အပေါ်မှီငြမ်းကာ ရှေ့တစ်ဆင့် တက်ခြင်းသာ ဖြစ်၏။
ငယ်စဉ် ကတည်းက ကြီးမားသည့် ကျောထောက် နောက်ခံမရှိသည့် ဝိညာဉ်သခင်များသည် ယခင်လူများ၏ အတွေ့အကြုံများမှ သင်ယူ လေ့လာကာ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကြိုးစားခဲ့ပြီးမှ ယနေ့ ဤအဆင့်သို့ ရောက်လာခြင်း ဖြစ်သည်။
ဝမ်ရှန်း၏ စကားသည် သူတို့ကိုပင် စိတ်လှုပ်ရှား စေခဲ့ပေသည်။ ထို့ကြောင့် ဤစကားများကြောင့် ပန်းပဲဆရာ အဘိုးအို အသိဉာဏ် ပွင့်သွားကာ အဆင့်တက် သွားသည်မှာ အံ့သြစရာ မရှိတော့ပေ။ ကိုယ့်အရည်အချင်းကို ကိုယ်မသိသေးသည့် ဤလူငယ်နှင့် တစ်ခွက် တစ်ဖလားလောက် သောက်ရသည်မှာ တန်ပေသည်။
သူ့စိတ်ထဲ၌ ရုတ်တရက် ပေါ်လာကာ ပြောလိုက်သည့် စကားက လင်းလုံစံအိမ်မှ အကြီးအကဲများကို ဤကဲ့သို့ ဖြစ်စေလိမ့်မည်ဟု ဝမ်ရှန်း ကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။
ဤလူများ၏ အသက်သည် သူ့အသက်၏ နှစ်ဆရှိမည်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။ ပန်းပဲဖို၌ ရှိနေသည့် ပန်းပဲဆရာ အဘိုးအိုမှလွဲ၍ ကျန်သည့် လူများက မည်သူမည်ဝါ ဖြစ်ကြောင်း ဝမ်ရှန်း မသိပေ။ သို့သော် ဤကဲ့သို့ မသိသော်လည်း ဝမ်ရှန်းသည် သူတို့နှင့် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောပင် စကားစမြည် ပြောဆိုနေခဲ့သည်။
“မင်း ငါ့ကို ကိစ္စတွေ အများကြီး သိအောင် လုပ်ပေးခဲ့တယ်။ ဘာပြန်လိုချင်လဲ”
“ကျွန်တော့်ကို ဆရာတချို့ရှာပြီး သေတ္တာပဲ ဖွင့်ပေးပါ”
ဤအချက်မှလွဲ၍ ဝမ်ရှန်းထံတွင် အခြားတောင်းဆိုစရာ မရှိပေ။
တစ်ဖက်ကို ကူညီပြီးနောက် အခြားတစ်ဖက်မှ ဤကဲ့သို့ ပြန်လည် ကမ်းလှမ်း လာသည်မှာ သာမန် လုပ်ရိုးလုပ်စဉ် တစ်ခုပင်ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် အမှန်တကယ်ပဲ သွားတောင်းဆို လိုက်မည်ဆိုလျှင် သူသည် အခြားတစ်ဖက်၏ စိတ်ကွက်ခြင်းကို ခံရပေလိမ့်မည်။
“တစ်ခုအတွက် တစ်ခုပြန်ပေးရမှာပဲ”
ပန်းပဲဆရာအဘိုးအိုမှ ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“သေတ္တာကို ဖွင့်တာက ငါ အရင်ကတည်းက မင်းကို ကတိပေးထားတဲ့ ကိစ္စပဲ။ အဲ့တစ်ခုကို ထည့်မတွက်ဘူး။ တခြားဟာပြော”
ဝမ်ရှန်းမှ ဆက်ငြင်းရန် ပြင်လိုက်၏။ သို့သော် အခြားဝိညာဉ် သခင်များမှလည်း ပန်းပဲဆရာ အဘိုးအိုထံမှ ဝမ်ရှန်း တစ်ခုခု တောင်းဆိုရန် မြှောက်ပင့် လိုက်သည်။ သူတို့သည် ဝမ်ရှန်းကို ပန်းပဲဆရာ အဘိုးအို မတတ်နိုင်သည့် တစ်ခုခု တောင်းဆိုစေချင်ကာ အဘိုးအိုအား စနောက် ချင်နေကြခြင်းပင် ဖြစ်၏။
ဤဝိညာဉ်သခင်များ၏ ပျော်ရွှင်တတ်ပုံအား တွေ့လိုက်ရသောအခါ ဝမ်ရှန်း ရုတ်တရက် စိတ်လက်ပေါ့ပါး သွားခဲ့သည်။ ထိုခံစားချက်သည် ကမ္ဘာပေါ်တွင် သူ၏ ဆိုးတူကောင်းဖက် သူငယ်ချင်းများနှင့် အတူတူ ရှိနေစဉ် ခံစားရသည့် ခံစားချက်မျိုးပင်ဖြစ်၏။ ဤဝိညာဉ်သခင်များသည်လည်း သူတို့ကြားတွင် ထိုကဲ့သို့ အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိနေခြင်း ဖြစ်ရပေမည်။
ဤအခြေအနေမျိုးတွင် ဝမ်ရှန်းသည်လည်း ဆက်ငြင်း မနေနိုင်တော့ပေ၊ သူတို့၏ ကြင်နာမှုကိုသာ လက်ခံလိုက်၏။ တစ်ခဏ စဉ်းစားပြီးနောက် ဝမ်ရှန်းမှ ပန်းပဲဆရာ အဘိုးအိုအား လေးနက်စွာ တောင်းဆိုလိုက်သည်။
“အဲ့ဒါဆို ကျွန်တော့်ကို ပန်းပုဆရာ တစ်ယောက်လောက် ရှာပေးပါလား။ ကျောက်တုံးတွေ ထုလုပ်တာကို သင်ချင်လို့”
ထိုနေရာ၌ ရှိနေသည့် ဝိညာဉ်သခင်များသည် ဝမ်ရှန်းက ထူးဆန်းသည့် တောင်းဆိုချက် တောင်းဆိုပြီး ပန်းပဲဆရာ အဘိုးအိုအား အရှက်ရအောင် လုပ်မည်ကို ထိုင်ရယ်ရန် စောင့်နေကြခြင်းဖြစ်၏။ သို့သော် နောက်ဆုံး ဝမ်ရှန်း၏ တောင်းဆိုချက်အား ကြားလိုက်ရသည့် အချိန်တွင် သူတို့သည် ဝမ်ရှန်းအား အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြသည်။
“အဲဒါပဲလား”
ဝမ်ရှန်း ထိုကဲ့သို့ ရိုးရှင်းစွာ တောင်းဆို လာလိမ့်မည်ဟု ပန်းပဲဆရာ အဘိုးအိုသည်ပင် မထင်ထားခဲ့ချေ။
“ဟုတ်ကဲ့ အဲဒါပဲ”
ဝမ်ရှန်း ခေါင်းညိတ်ကာ ပြောလိုက်၏။ သို့သော် အားလုံးက အလိုမကျဟန် ပေါ်နေသည်ကို မြင်လိုက်ရသောအခါ ထပ်ပေါင်း ပြောလိုက်သည်။
“ကျွန်တော်က ကျောက်တုံးတွေ ထုလုပ်တာကိုပဲ သင်ဖို့ လိုနေတာ။ ကျန်တာတွေက ဘာမှမလိုသေးဘူး”
သို့သော် ထိုစကားပြောပြီး နောက်မှာတောင်မှ အားလုံးက အလိုမကျဟန် ပေါက်နေသေးသည့် အတွက်ကြောင့် ဝမ်ရှန်း နောက်တစ်ခွန်း ထပ်တိုး ပြောလိုက်သည်။
“အဆင့်မြင့်တဲ့ ကျွမ်းကျင်ပန်းပု ဆရာကို ရှာရမှာနော်။ မဟုတ်ရင် ခင်ဗျားတို့အတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်”
ဝမ်ရှန်း အလွန် အလေးအနက်ထား ပြောနေသည်ကို မြင်လိုက် ရသောအခါ ဝမ်ရှန်းက စနောက်နေခြင်း မဟုတ်ကြောင်း ပန်းပဲဆရာ အဘိုးအိုမှ လက်ခံလိုက်သည်။
“ဟုတ်ပြီ၊ ငါ မင်းအတွက် ဆရာတစ်ယောက် ရှာပေးမယ်”
***