Switch Mode

Chapter – 202

ဖြတ်လမ်းနည်း ဆိုတာ မရှိဘူး (၁)

အပိုင်း ၂၀၂
ဖြတ်လမ်းနည်း ဆိုတာ မရှိဘူး (၁)

“အဲဒါဆိုရင် အကောင်းဆုံး ဟုတ်မဟုတ်ကို ငါက ဘယ်လိုလုပ် သိမှာလဲ”

အဘိုးအိုသည် ပစ္စည်းပျက်မပျက်ကို ဂရုစိုက် မနေတော့ဘဲ ဝမ်ရှန်း ထုနှက်နေသည်ကို ရပ်စေလိုက်သည်။

“သိဖို့နည်းလမ်းမရှိဘူး၊ စမ်းကြည့်မှ ရမှာပေါ့”

ဝမ်ရှန်းမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဤနေရာတွင် ကွန်ပျူတာဖြင့် တွက်ချက်ခြင်းမျိုး၊ အခြေခံပစ္စည်းများကို စနစ်တကျ လေ့လာခြင်းမျိုးနှင့် ရှင်းလင်းသည့် ဓာတုပေါင်းစပ်ခြင်းမျိုးများ မရှိပေ။ အရာအားလုံးသည် အဆင့်ဆင့်သော မျိုးဆက်များ၏ အတွေ့အကြုံများနှင့် စမ်းတဝါးဝါး ပြုလုပ်မှုများ ပေါ်ကိုသာ မှီခိုရ၏။ လက်တွေ့ စမ်းသပ်လေ့လာခြင်းမှ လွဲ၍ အခြားနည်းလမ်းကောင်း မရှိပေ။

“ဘယ်နှခေါက်လောက် စမ်းသပ်ရမှာလဲ။ ဘယ်နှခေါက် စမ်းသပ်ပြီးမှ အဖြေမှန် ရမှာလဲ”

ဝမ်ရှန်းပြောသည့် စကားကို အဘိုးအို နားမလည်ပေ၊ ထို့ကြောင့် သူ မျက်မှောင်ကြုတ်၍သာ မေးလိုက်၏။

“ပစ္စည်းတွေ အကုန်ခံပြီး မစမ်းသပ်ချင်ဘူးဆိုရင်၊ ခင်ဗျား ဘာမှရမှာ မဟုတ်ဘူး”

ဝမ်ရှန်းသည် အဘိုးအိုနှင့် ဆက်လက် ငြင်းခုန်ချင်စိတ် မရှိသောကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။

သူ၏ကမ္ဘာမြေပေါ်တွင် ပစ္စည်းထုတ်လုပ်သည့် လူများသည် ပစ္စည်း၏ အရည်အသွေးကို စမ်းသပ်ရန်အတွက် ဓာတ်ခွဲခန်းထဲတွင် ညလုံးပေါက် အလုပ်လုပ်ရသည်။ ဒါ့ပြင် ပစ္စည်းအသစ် တစ်ခု ထုတ်လုပ်နိုင်ရန် အတွက်လည်း ဘယ်နှကြိမ် ဘယ်နှခါမှန်းမသိ အရှုံးဆုံးခံပြီးမှ နောက်ဆုံး အကောင်းမွန်ဆုံးသော ပစ္စည်းဖော်မြူလာကို ရရှိသည် မဟုတ်ပါလော။

စက်မှုနည်းပညာ ထွန်းကားသည့် မိမိ၏ ခေတ်သစ်ကမ္ဘာ၌ပင် လေ့လာ တွက်ချက်နိုင်သည့် ကွန်ပျူတာကြီးများ ရှိသော်လည်း ထိုတွက်ချက်မှုများကို အတည်ပြုရန် အတွက် လက်တွေ့ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရသေးပေသည်။

မစမ်းသပ် ကြည့်ချင်ဘဲ လုပ်၍ရသည်ဟု တွေးကာ လုပ်ဆောင်ပြီး အောင်မြင် လာပါက ဤသည်မှာ ကံကောင်းခြင်းကြောင့်သာပင် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဘိုးဘေးများနှင့် ကိုယ်ပိုင် အတွေ့အကြုံများကို မှီခို၍ ကောက်ချက် ချခြင်းသည် ကံကောင်းရန် လိုအပ်သေးပေသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကို စွန့်စားလွန်းရာ ရောက်သည်ဟုလည်း ပြော၍ရပေသည်။

ဟုတ်ပါသည်၊ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ဤကမ္ဘာကြီး၏ သတ်မှတ်ချက် တစ်ခု ဖြစ်နိုင်ပေသည်။ ဤနေရာတွင် စက်မှုလုပ်ငန်းများ မကြွယ်ဝ သေးသောကြောင့် ဘိုးဘေးများ၏ အတွေ့အကြုံများကို မှီငြမ်းခြင်းကပင် တစ်ခုတည်းသော ကောင်းမွန်သည့် အရာတစ်ခု ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုစကား တစ်ခွန်းသာ ပြောကာ ဘာမှထပ် မပြောခဲ့တော့ပေ။

ထိုစကားသည် ပန်းပဲဆရာ အဘိုးအိုအား ပို၍ကြက်သေ သေသွားစေခဲ့ကာ ပါးစပ် အဟောင်းသားပင် ဖြစ်သွားစေခဲ့၏။ ဖုန်မှုန့်များ သူ့ပါးစပ်ထဲ ဝင်နေသည့်တိုင် သူသည် ထိုနေရာ၌ပင် ရုပ်တုတစ်ခုကဲ့သို့ တောင့်တောင့်ကြီး ရပ်နေခဲ့တော့သည်။

ဝမ်ရှန်းသည် သူ၏စကား ဆုံးသွားသည့် အချိန်တွင် အဘိုးအိုမှ သူ့အား ရိုက်နှက် လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ထိုအဘိုးအိုမှ ဒီတိုင်းသာ ရပ်နေသည့် အတွက်ကြောင့် သူသည် ထိုအဘိုးအို၏ တုံ့ပြန်ချက်ကိုသာ စောင့်နေလိုက်သည်။

အချိန်အတော်ကြာ ပြီးနောက်မှာမှ ထိုအဘိုးအို သတိပြန်ဝင် လာခဲ့ကာ ဝမ်ရှန်းအား သူ ယခင်က တစ်ခေါက်မှ မမြင်ဖူးသည့် မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။

“မင်းက ဘယ်လိုလုပ် အဲ့လို တွေးမိတာလဲ”

“စဉ်းစားစရာ လိုသေးလို့လား။ ဒီလိုမျိုး အရင်လူတွေရဲ့ လမ်းစဉ်အတိုင်းချည်း လိုက်တာက အရူးမိုက်ဆုံး နည်းလမ်းပဲကို”

ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်း တစ်ဖက်သို့ လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။ လင်းလုံစံအိမ်မှ ဝိညာဉ်သခင်များ၏ အဆင့်က ဤအဆင့်သာ ရှိသည်လား…

ပန်းပဲဆရာအဘိုးအို နောက်တစ်ကြိမ် ကြောင်အ သွားခဲ့သည်။ အချိန်အတော် ကြာသည်အထိ သူသည် ဝမ်ရှန်းအား စိတ်ရှုပ်ထွေးသည့် အကြည့်ဖြင့် စိုက်ကြည့် နေလိုက်၏။

ပြီးသွားခဲ့ပြီ… ဝမ်ရှန်းသည် သူ ဤနေရာသို့ လာခဲ့ခြင်းမှာ နှစ်ဆင့်ချိပ်ပိတ် သေတ္တာကို ဖွင့်နိုင်သည့် ဆရာရှာရန် ဖြစ်၏။ အခြားသူများ၏ ကိစ္စကို ဝင်ရှုပ်ရန် မဟုတ်ပေ။

“ဒီလမ်းစဉ်မှာ ဖြတ်လမ်းဆိုတာ မရှိဘူး”

ဝမ်ရှန်းမှ နောက်ပြန်လှည့်ကာ ဆက်ပြောလိုက်၏။

“ခင်ဗျားက ဖြတ်လမ်းနည်း ရှိတယ်လို့ ထင်နေတယ်။ အမှန်က ခင်ဗျားက ဘိုးဘေးတွေရဲ့ ပခုံးပေါ်ရပ်နေပြီး ခင်ဗျားကို သူတို့ ဦးဆောင်ခွင့် ပေးနေတာပဲ။ အားလုံးကလည်း အဲ့နည်းလမ်း အတိုင်း လုပ်နေကြတာပဲ”

ဝမ်ရှန်းသည် ထိုစကားများကို စကားအရသာ ပြောလိုက်ခြင်း မဟုတ်ပေ၊ စိတ်ပါလက်ပါ ပြောလိုက်ခြင်း ဖြစ်၏။ သူသည် ဤကမ္ဘာကြီး၏ ရှေးရိုးစွဲ အရာအချို့ကို သိပ္ပံနည်းကျ နည်းလမ်း အချို့ဖြင့် ဖြေရှင်း နိုင်သော်လည်း သူကိုယ်တိုင်ကလည်း ဤကမ္ဘာပေါ်ရှိ ပုဂ္ဂိုလ်ကြီးများအား မှီခိုနေရသေးကြောင်း သူ့ကိုယ်သူ သိပေသည်။ သူသည် ထိုပုဂ္ဂိုလ်များ၏ အတိတ်မှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို မှီငြမ်းကာ သူ့ကိုယ်သူ တိုးတက်အောင် လုပ်နေခြင်း ဖြစ်သည်။

“ကောင်လေး၊ မင်းရဲ့ဒီစကားတွေက မင်းနဲ့ တစ်ခွက် တစ်ဖလားလောက် သောက်ဖို့ ထိုက်တန်နေပြီပဲ”

ရုတ်တရက် ထိုအဘိုးမှ ထရယ်ကာ ပြောလိုက်သည်။ သူ၏မျက်နှာ ထက်မှ သံသယ အကြည့်များ ပျောက်ကွယ် သွားကာ သူ၏ပုံစံသည် သူ့အား စိတ်အနှောင့်အယှက် ပေးနေသည့် အရာများ ပျောက်ကွယ် သွားသကဲ့ပင်ဖြစ်၏။

“အားရဝမ်းသာပါပဲ”

အဘိုးအိုသည် ဝိညာဉ်အဆင့်မြင့်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် သူ့အား ငြင်းမည် မဟုတ်ပေ၊ ချက်ချင်းပင် သဘောတူ လိုက်သည်။

“မလောပါနဲ့၊ မလောပါနဲ့။ ငါ မင်းကို မေးချင်တာ ရှိသေးတယ်”

ယခုအချိန်တွင် အဘိုးအိုသည် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းအား ပြန်တွေ့လိုက်ရ သကဲ့သို့ ပျော်ရွှင်နေလေ၏။

“မင်းပြောတာ လုံလောက်အောင် စမ်းသပ်ပြီးမှ ပစ္စည်းကောင်းတစ်ခု ထွက်မယ်လို့ ပြောတယ်။ အကုန်အကျ များသွားရင် ကျတော့ကော”

“အဲ့ဒါက ဘာက အရေးကြီးလဲဆိုပြီး အဘိုး တွေးတဲ့အပေါ် မူတည်တယ်”

ဝမ်ရှန်းမှ တွန့်ဆုတ်မှု မရှိဘဲ ပြန်ဖြေလိုက်သည်။

“ပစ္စည်းအသစ် ရှာတွေ့ပြီး ထုတ်လုပ်နည်း အသစ် ရှာတွေ့ဖို့ အရေးကြီးလား။ ဒါမှမဟုတ် လက်နက် ထုတ်လုပ်ဖို့ကပဲ အရေးကြီးလား။ အဘိုးရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်”

“ဟား ဟား ဟား ဟား…”

ဝမ်ရှန်းစကားကို ကြားသောအခါ ပန်းပဲဆရာ အဘိုးအိုမှ ရုတ်တရက် ပျော်ရွှင်စွာ ရယ်မောလိုက်၏။

“ဘာက အရေးကြီးတာလဲ ဟုတ်လား။ ဟား ဟား ဟား ဟား… အဖြေက သိသာနေတာပဲကိုကွာ”

ပန်းပဲဆရာ အဘိုးအိုမှ အားရပါးရ ရယ်မောနေစဉ်တွင် များပြားလှသည့် ဝိညာဉ်စွမ်းအားများ သူတို့ထံသို့ ဦးတည် လာနေသည်ကို ဝမ်ရှန်း ရုတ်တရက် သတိထားမိ သွားခဲ့သည်။ ဝမ်ရှန်း ဤခံစားချက်နှင့် အလွန် ရင်းနှီးပေသည်။ ဤခံစားချက်သည် ဝိညာဉ်အဆင့် မြင့်တက်သည့် အချိန်တွင် ဝိညာဉ်စွမ်းအားများက ခန္ဓာကိုယ်၌ လာရောက် စုစည်းသည့် ခံစားချက်မျိုးပင် ဖြစ်၏။

အဘိုးအိုသည် စကားဆုံးသည်နှင့် အဆင့်တက် သွားခြင်းပင်ဖြစ်၏။ ဝမ်ရှန်းသည်လည်း ကြားဝင် မနှောင့်ယှက်ဘဲ ထောင့်တစ်နေရာ၌ ထိုင်၍သာ တိတ်တဆိတ် စောင့်နေလိုက်သည်။

ဤနေရာမှ အဖြစ်အပျက်များကို ဘေးပတ်ဝန်းကျင်မှ မသိအောင် ဖုံးကွယ်၍ မရပေ။ ဝိညာဉ်စွမ်းများက ဤနေရာသို့ စုစည်းလာသည်နှင့် ဝိညာဉ်သခင် ၇ ယောက် ၈ ခန့် ဝမ်ရှန်းတို့ထံသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိ လာခဲ့ကြသည်။ ထိုထဲတွင် အမျိုးသားများရော၊ အမျိုးသမီးများရော ပါဝင်ပေသည်။

အဘိုးအိုက မတ်တပ် ရပ်လျက်ဖြင့် အဆင့်တက်နေကာ ဝမ်ရှန်းက ထောင့်တစ်နေရာ၌ ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူတို့ ကြောင်သွားခဲ့ကြ၏။ ထို့နောက် သူတို့သည်လည်း နေရာ တစ်နေရာရှာ၍ ထိုင်သည့် လူကထိုင်၊ ရပ်သည့်လူက ရပ်နေကာ တိတ်တဆိတ် စောင့်နေ လိုက်ကြသည်။

ထိုထဲတွင် နှစ်ယောက်သည် တမင်သက်သက် ဝမ်ရှန်းနှင့် နီးသည့် နေရာ၌ ရပ်လိုက်ကြ၏။ အပေါ်ယံကြည့်လျှင် သူတို့သည် ဝမ်ရှန်းအား သိပ်ပြီး ဂရုစိုက်ဟန် မပေါ်ပေ။ ပြုံးပြ၍သာ ခေါင်းညိတ် ပြခဲ့ကြသည်။ သို့သော် သူတို့နှစ်ယောက်က သူ့အား စောင့်ကြပ်နေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း နားလည်ပေသည်။

မည်သို့ဆိုစေ ဝမ်ရှန်းသည် သူစိမ်းတစ်ယောက် ဖြစ်၏။ ပန်းပဲဆရာ အဘိုးအို အဆင့်တက်နေသည့် ဤကဲ့သို့ အရေးကြီးသည့် အချိန်အခါမျိုးတွင် ဝမ်ရှန်းသည် အချိန်မရွေး ထပေါက်ကွဲနိုင်သည့် ဗုံးမျိုးဖြစ်သည်။ ထို့ကြောင့် သူ့အား သတိထားခြင်းက မမှားပေ။

ဝိညာဉ်သခင် တစ်ယောက်သည် အဆင့်တက်ရာတွင် သူ၏ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ စုစည်းသည့် အချိန် ပိုကြာလေ သူ၏ဝိညာဉ် အဆင့်က ပိုမြင့်လေ ဖြစ်၏။ နောက်ဆုံးအကြိမ် ဝမ်ရှန်း ဝိညာဉ်အဆင့် တတိယအဆင့် တက်လှမ်းရာ၌ သူ၏ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ စုစည်းမှုသည် လေးနာရီ ကြာမြင့်ခဲ့၏။

သို့သော် ဤပန်းပဲဆရာ အဘိုးအိုသည် သူ၏ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများ စုစည်းနေသည်မှာ ရှစ်နာရီ ကြာနေပြီ ဖြစ်၏၊ အဆုံးသတ်မည့် အရိပ်အယောင်လည်း မရှိနေသေးပေ။ သူသည် ထိုနေရာ၌သာ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေဆဲဖြစ်၏။

ဤအရာသည် မလွန်လွန်းနေဘူးလား…

အစောပိုင်းတွင် ဝမ်ရှန်းသည် အဘိုးအိုမှာ ပဉ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်နိုင်လောက်သည်ဟု ထင်ခဲ့၏။ သို့သော် ယခုအချိန်တွင် ထို့ထက်ပင် ပိုနိုင်ကြောင်း ရိပ်စားမိလိုက်သည်။ လင်းလုံစံအိမ်တွင် ပန်းပဲဆရာ အဘိုးအိုသည်ပင် ဤအဆင့် ရှိသည် ဆိုပါက လင်းလုံစံအိမ်အား ထိရန် လွယ်မည် မဟုတ်ပေ။

နောက်ဆုံး ၁၁ နာရီ ကြာမြင့်ပြီး နောက်တွင် ဝိညာဉ်စွမ်းအား စုစည်းမှု ရပ်တန့် သွားခဲ့ကာ အဘိုးအိုသည်လည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ သူသည် နေ့လယ်ခင်း အချိန်တွင် စခဲ့ခြင်းဖြစ်ရာ ယခုအချိန်တွင် ညသန်းခေါင်ယံပင် ရောက်နေပြီ ဖြစ်၏။

“အရင်တုန်းက အမြဲတမ်း နားမလည်နိုင် ဖြစ်နေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးမှာ ဒီကောင်လေးရဲ့ စကားတွေကြောင့် ငါ အသိဉာဏ် ပွင့်သွားခဲ့တာပဲ”

ထိုပန်းပဲဆရာ အဘိုးအိုသည် သူ၏အဆင့်တက်ခြင်း ပြီးဆုံးပြီးနောက် သူ ပထမဆုံး ပြောခဲ့သည့် စကားမှာ ဝမ်ရှန်းအား ချီးကျူးသည့် စကားဖြစ်နေ၏။ ထိုအရာသည် ထိုနေရာ၌ ရှိနေသည့် လူအများကို အံ့အားသင့် သွားစေခဲ့တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset