Switch Mode

Chapter – 201

အားကုန်သုံးခြင်း (၂)

အပိုင်း ၂၀၁
အားကုန်သုံးခြင်း (၂)

အစီအရင် အရာ၌ ကျွမ်းကျင်သည့် အစီအရင် ဆရာများသာ ဝူရုံမြို့မှ မျက်နှာဖုံးကို သိနိုင်ပေသည်။ သို့သော် ယခု သူ၏သရုပ်မှန် ပေါ်သွားသည့် အချိန်တွင် ဝမ်ရှန်း ပျော်ရွှင်သွား၏။ သူ နေရာမှန်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

“အစတုန်းကတော့ သိပ်မသေချာသေးပါဘူး”

ဝမ်ရှန်းမှ ပြုံး၍ ပြန်ဖြေလိုက်၏။

“အစောက လူနှစ်ယောက် ပြောဆိုသွားတာတွေကို ကြားပြီး ဒီတိုင်း လာကြည့်ကြည့်တာ။ ဒါပေမယ့် အထဲရောက်တော့ တစ်ခုခု ပုံမှန်မဟုတ်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် အဘိုးပြောတဲ့အတိုင်း ကျွန်တော် လိုက်လုပ်ခဲ့လိုက်တာ”

“ဘာက ပုံမှန် မဟုတ်တာလဲ”

အဘိုးအို အပြင်ဘက်သို့ လက်ယက် ခေါ်လိုက်သည့် အချိန်တွင် အဘိုးအို သုံးယောက် အထဲသို့ ဝင်လာခဲ့သည်။ သူတို့သည် ဘေးပတ်ပတ်လည်မှ သံအပိုင်းအစများကို ရှင်းလင်းကာ အမျိုးအစားခွဲ၍ ပုံလိုက်၏။ ထိုအဘိုးအိုကမူ ဝမ်ရှန်းနှင့် စကားပြော နေလိုက်၏။

ဝမ်ရှန်းသည်လည်း အလကား မနေနေပေ။ အပိုင်းအစများကို ကူရှင်းပေးကာ ထိုအဘိုးအို၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“အဘိုးရဲ့ပန်းပဲဖိုမှာ ဖားဖို မရှိဘူးလေ”

“အဲဒါက ဘာဖြစ်နေလို့လဲ…”

အဘိုးအိုသည် အလွန် ခေါင်းမာ လှပေသည်။ ဝမ်ရှန်းက တစ်ချက်တည်းနှင့် ဟာကွက် တွေ့သွားသည်ကို အလွန် မကျေမနပ် ဖြစ်သွားကာ ဒေါသတကြီး မေးလိုက်၏။

“ဘာဖြစ်လဲဆိုတော့ ဖားဖို မရှိပေမယ့် အဘိုးက ဒီလိုမျိုး ပစ္စည်းကောင်းတွေ အများကြီး လုပ်နိုင် နေတယ်လေ”

ဝမ်ရှန်းသည် အလွန် သေသပ် သပ်ရပ်သည့် ပစ္စည်းများကို လက်ညှိုး ထိုးပြကာ ပြုံး၍ “အဲဒါက အဘိုးရဲ့ဝိညာဉ် အဆင့်က တော်တော်ကို မြင့်နေတယ်၊ ပြီးတော့ အဘိုးက အော်ရာကို သုံးပြီး မီးအပူချိန် မြှင့်တက်လာအောင် လုပ်နိုင်လို့ပဲလေ”

အော်ရာသုံး၍ မီးအပူချိန် မြင့်တက်အောင် လုပ်၍ ရကြောင်း သူခန့်မှန်းမိသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် ဟန်ဘင်းလီက လူများကို ရေခဲတုံးအဖြစ် ပြောင်းလဲ ပစ်သည်ကို မြင်ဖူးခဲ့၏။ ထို့ကြောင့် ထိုကဲ့သို့ အေးခဲအောင် လုပ်၍ရသည် ဆိုမှတော့ အပူချိန် တိုးအောင်လည်း လုပ်၍ ရပေသည်။

“အဲဒါတွေကြောင့် မဟုတ်ဘူးဆိုရင် ဒီပန်းပဲဖိုမှ တခြားအရာတွေ ရှိချင်ရှိနေမှာပေါ့”

ဝမ်ရှန်းသည် ကွဲအက်သွားသည့် တူအစိတ်အပိုင်း တစ်ခုကိုယူကာ အဘိုးအိုအား ပေးလိုက်၏။ ထို့နောက် ပြုံး၍ “ဥပမာ အစီအရင် ကျွမ်းကျင်တဲ့ လူတို့ ဘာတို့ပေါ့”

“ပြီးတော့ အရင်တုန်းက ကျွန်တော် ကြားခဲ့ဖူးတဲ့ ကောလာဟလ တချို့ကိုပါ ထပ်ပေါင်း ထည့်လိုက်မယ် ဆိုရင်…”

ဝမ်ရှန်း ဘာမှဆက် မပြောတော့ဘဲ ဒီတိုင်းသာ ပြုံး၍ လက်ဖြန့် ပြလိုက်သည်။ နောက်ပိုင်း ဆက်ဖြစ်သည့် အရာများကို လူများ ခန့်မှန်းနိုင်ပြီ ဖြစ်၏။

ကောင်းကင်ဘုံ ဈေးတန်းတွင် လင်းလုံစံအိမ်မှ လူများ အများပြားရှိသည် ဟူသည့် ကောလာဟလ တစ်ခုရှိပေသည်။ ထိုကောလာဟလကြောင့် သူတို့ကို လာရှာသည့် လူများလည်း များစွာရှိခဲ့၏။ ဤအဘိုးအို၏ ပန်းပဲဖိုဆိုင်သည် ဤနေရာ၌ ဖွင့်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီး ဝင်ထွက် သွားလာခဲ့ဖူးသည့် လူများမှာလည်း အမြောက်အမြား ရှိပေသည်။ သို့သော် လူအနည်းငယ်ကသာ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့၏။

ဝမ်ရှန်းသည် သဲလွန်စ အနည်းငယ်မှနေ၍ အဖြစ်အပျက် များစွာကို ကောက်ချက် ချနိုင်ခဲ့၏။ ပန်းပဲဆရာ အဘိုးအိုက ဝမ်ရှန်းသည် အဆိပ်ပြင်းသည့် လူတစ်ယောက် ဖြစ်ကြောင်း သိလိုက်၏။

“ငါက လင်းလုံစံအိမ်နဲ့ ပတ်သက် နေတယ်ဆိုတာ မင်း သေချာလား”

ဝမ်ရှန်းမှ ချိပ်ပိတ်သေတ္တာကို ထုတ်လာရင်းဖြင့် သေချာသည့် သုံးသပ်ချက်များ ပြောလာပြီ ဖြစ်လေရာ ထိုအဘိုးသည်လည်း ကွယ်ဝှက် မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းသာ မေးလိုက်တော့သည်။

“ကျွန်တော် အထင် ပြောရမယ်ဆိုရင် အဘိုးတစ်ယောက်တည်း မဟုတ်ဘူး”

ဝမ်ရှန်းမှ ပြုံး၍ ပြန်ဖြေလိုက်သည်။

“အစတုန်းကတော့ ဒီဆိုင် တစ်ခုတည်းကပဲ လင်းလုံစံအိမ်နဲ့ ပတ်သက်နေတာလို့ ထင်ခဲ့တာ။ ဒါပေမယ့် အခု စဉ်းစားကြည့်လိုက်မှပဲ ဒီကောင်းကင်ဘုံ ဈေးတန်း တစ်ခုလုံးက လင်းလုံစံအိမ် ဖြစ်နေတာပဲ”

ကောင်းကင်ဘုံ ဈေးတန်းသည် အင်ပါယာမြို့တော် အတွင်းရှိ လက်မှုပညာရှင်များ စုဝေးနေရာ နေရာတစ်ခု ဖြစ်သည်။ နန်းတွင်းမှ ပစ္စည်း တော်တော်များများကိုလည်း ဤနေရာမှ ပြုလုပ်ခြင်းဖြစ်၏။ တော်ဝင်မျိုးနွယ်စု အတွက် အလုပ်လုပ်ပေးခြင်း အပြင် ဤနေရာတွင် သီးသန့် ပစ္စည်းများလည်း ပြုလုပ် ပေးပေသည်။ သို့သော် ထိုပစ္စည်းများကို အသုံးပြုနိုင်သည့် လူများသည် အဆင့်အတန်း မြင့်မားသည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ သာမန် လူတန်းစားများသည် ဤနေရာမှ ပစ္စည်းများကို သိပ်ပြီး ဝယ်ယူနိုင်လေ့ မရှိကြချေ။

အစောပိုင်း၌ ဝမ်ရှန်းတွေ့ခဲ့သည့် သခင်လေးသည်ပင် ဤနေရာက တော်ဝင် မိသားစုအတွက် ပစ္စည်းများ ပြုလုပ်ပေးသည်ကိုသာ သိ၏။ ထို့ကြောင့် သူသည်လည်း ဤနေရာ၌ ပစ္စည်းအချို့ ဝယ်ယူနိုင်မလား ဆိုတာကို လာကြည့်ခြင်း ဖြစ်သည်။

ဤနေရာသည် တော်ဝင်မိသားစုအတွက် အထူးသီးသန့် နေရာကဲ့သို့ ဖြစ်နေသည့် အတွက်ကြောင့် ဤနေရာတွင် ဈေးဝယ်များ အလွန် နည်းပါးပေသည်။ ဆိုင်အများစုသည်လည်း တိတ်ဆိတ် နေလျက်ရှိကာ သိပ်ပြီး အာရုံစိုက်စရာ မရှိပေ။ သို့သော် ဤအခြေအနေများ အောက်တွင် လင်းလုံစံအိမ်က ကောင်းကင်ဘုံ ဈေးတန်းအတွင်း၌ ရှိနေကြောင်း မသိနိုင်သလို ဝမ်ရှန်းမြင်ခဲ့သည့် ဈေးဆိုင်များ အားလုံးက လင်းလုံစံအိမ် ဖြစ်ကြောင်းကိုလည်း မည်သူမှ သတိမထားမိခဲ့ပေ။

ကောလာဟလများ ကြားကာ အတည်ပြုရန် ရောက်လာခဲ့သည့် လူများထဲ၌ပင် ဤကဲ့သို့ အမြင်စူးရှသည့် လူများ ဘယ်လောက်မှ သိပ်မရှိပေ။ သိချင်စိတ် ပြင်းပြစွာဖြင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကြိုးစား ရှာဖွေခဲ့သည့် လူများ မရှိခြင်း မဟုတ်ပေ၊ သို့သော် ထိုလူများ မသိသည်မှာ ဆိုင်တိုင်း၌ သူတို့တွေ့ခဲ့သည့် လူများ အားလုံးမှာ လင်းလုံစံအိမ်မှ လူများဖြစ်နေခြင်းပင် ဖြစ်သည်။

“ဖွင့်ပေးလို့က ရပါတယ်၊ ဒါပေမယ့် အပြည့်အဝ ဖွင့်နိုင်မဖွင့်နိုင်ကိုတော့ ငါ အာမ မခံနိုင်ဘူး”

အဘိုးအိုမှ ဝမ်ရှန်းအား ပြောလိုက်သည်။ ထိုနေရာ၌ ရှိနေသည့် အခြား အဘိုးအိုများသည်လည်း သူတို့၏ လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိ သွားသည့် ဝမ်ရှန်းအား သဘောကျစွာ ကြည့်လိုက်သည်။ ထို့အပြင် ဝမ်ရှန်းက ဤလျှို့ဝှက်ချက်ကို ထုတ်ဖော် လိုက်မည်ကိုလည်း သူတို့ မစိုးရိမ်ကြပေ။

“အဆင်ပြေပါတယ်”

ဝမ်ရှန်းသည် သူတို့၏ လုပ်မည်ဟူသည့် စကားကိုသာ လိုချင်ခြင်း ဖြစ်၏။ သူတို့ဖွင့်နိုင် မဖွင့်နိုင်က ဝမ်ရှန်းအတွက် အရေးမကြီးပေ။ ထို့ကြောင့် ခေါင်းညိတ်ကာသာ သဘောတူလိုက်၏။

“တခြား တစ်နေရာ သွားရအောင်”

အဘိုးအိုသည် ဤနေရာမှ အပိုင်းအစများကို ဂရုမစိုက်ပေ။ သူတို့ကို ရှင်းပေးမည့်လူ ရှိပြီးသားဖြစ်၏။ သူသည် ဝမ်ရှန်းအား ဆွဲခေါ်ကာ ကောင်းကင်ဘုံဈေးတန်း အတွင်းရှိ အခြားတစ်နေရာသို့သာ သွားလိုက်သည်။

ကောင်းကင်ဘုံ ဈေးတန်းအတွင်းတွင် အများကို မဖွင့်ပြထားသည့် ကြီးမားသည့် နေရာတစ်ခု ရှိပေသည်။ ထိုနေရာသည် ဝိညာဉ်သခင်များနှင့် အစီအရင်ဆရာများ အလုပ်လုပ်ကြသည့် နေရာဖြစ်သည်။ အဘိုးအိုသည် ဝမ်ရှန်းအား ထိုနေရာသို့ ဆွဲခေါ်လာခြင်း ဖြစ်၏။

“အရင်ဆုံး အားနည်းနည်းပဲ သုံးပြီး စမ်းကြည့်ကြတာပေါ့”

ယခုတစ်ကြိမ်တွင် အဘိုးအိုသည် ဝမ်ရှန်းအား အထက်စီးမှ မဆက်ဆံတော့ပေ။ သူသည် ဝမ်ရှန်းကို အားကုန် မသုံးခိုင်းဘဲ အနည်းငယ်သာ အားစိုက် ထုတ်ခိုင်းကာ ထိုပုံစံအတိုင်း ဆက်ထိန်း၍ သုံးစေလိုက်၏။

ဝမ်ရှန်းသည်လည်း သူပြောသည့်အတိုင်း ကောင်းကောင်း လိုက်လုပ် ပေးခဲ့ပေသည်။ အရည်အသွေး ပိုကောင်းသည့်သံ၊ ပိုမိုလေးလံသည့် တူတို့ဖြင့် ဂရုတစိုက် ထုနှက်လိုက်၏။ အချက်ရာကျော် ထုပြီးနောက်တွင် အဘိုးအိုမှ ကျေနပ်သည့် အသံဖြင့် –

“ဟုတ်တယ် ဟုတ်တယ်၊ ဤလောက်အားနဲ့ပဲ ထု။ ဒီထက် မကျော်စေနဲ့”

ဝမ်ရှမ်းအတွက်မူ ဤခွန်အား ပမာဏသည် အေးဆေးပင်ဖြစ်ပြီး သူ အနေဖြင့် အားပင် ထည့်စရာ မလိုပေ၊ သံထုတူ၏ လေးလံသည့် အလေးချိန်ကို လိုက်ကာ ဒီတိုင်း သာမန် အတိုင်းသာ လွှဲယမ်း လိုက်ရုံဖြစ်၏။ သို့သော် သာမန် ပန်းပဲဆရာများ အတွက်မူ ဤခွန်အားသည် သေချာပေါက် ကြောက်စရာ ကောင်းသည့် ခွန်အားပင်ဖြစ်၏။ ဒါ့ပြင် သာမန် ပေများသည်လည်း ဤအား၏ ထုနှက်မှုကို မတောင့်ခံနိုင်ပေ။

ဝမ်ရှန်း ယခု အသုံးပြုနေသည့် တူနှင့် ပေများကို အထူးပြုလုပ်ထားခြင်းဖြစ်ကာ ထိုပေါ်တွင် အကာအကွယ် အစီအရင်တစ်ခုပင် ပါနေသေးပေသည်။ ထို့ကြောင့် ထိုအစီအရင်ကို အသက်သွင်းရန် သံထုရာ၌ အော်ရာကိုပင် အသုံးပြုရ သေးလေ၏။

ထို့ပြင် ဝမ်ရှန်း ယခုထုနေရသည့် သံ၏ဖွဲ့စည်း တည်ဆောက်ပုံသည် အလွန် ထူးဆန်းလှသည်။ သာမန် ပန်းပဲဆရာများ ဆိုလျှင် အားကုန်သုံးကာ အချက်ရေ အနည်းငယ် ထုပြီးသည်နှင့် အခြားလူများနှင့် လူစား လဲရတော့မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ လူစားလဲလိုက်သည့် အချိန်တွင် အားများသည် မညီမမျှ ဖြစ်သွားတတ်၏။ ထို့ကြောင့်သာလျှင် အဘိုးအိုသည် ဘာမှမတတ်နိုင်ဘဲ ယခုအချိန်အထိ သူ၏အကြံကို လက်လျှော့ ထားရခြင်း ဖြစ်သည်။

ဤနေရာတွင် ဝမ်ရှန်းနှင့် ပန်းပဲဆရာ အဘိုးအိုတို့ နှစ်ယောက်သာ ရှိနေပေသည်။

ထို့နောက် အဘိုးအိုသည် နီရဲပြီး ပူကျစ်နေသည့် သံချောင်း တစ်ချောင်းကို ပေပေါ်သို့ တင်ပေးလိုက်သည်။ ဝမ်ရှန်းသည်လည်း အစောမှ အားအတိုင်း စတင် ထုနှက် လိုက်တော့၏။ တစ်ခါတစ်ရံတွင် အဘိုးအို ထုခိုင်းသည့် နေရာအား ထုပေးလိုက်သည်။

သံချောင်းမှ သံအပြား ဖြစ်သွားသည့် အချိန်တွင် အဘိုးအိုသည် ဝမ်ရှန်းကို ထိုပြားသွားသည့် ဘက်အား ပြန်ထု ခိုင်းလိုက်၏။ ထိုပုံစံဖြင့် ထုလိုက်ပြားလိုက်နှင့် ထပ်ကာ တလဲလဲ ထုနေခဲ့သည်။

ထိုအဘိုးအို ဘာလုပ်မှာလဲ ဆိုတာကို ဝမ်ရှန်း သိပေသည်။ အစောပိုင်းတွင် ဆိုင်အပြင်ဘက်၌ ပြောခဲ့သည့် စကားများကို သူလည်း ကြားခဲ့ပေသည်။ အချက်တစ်ရာ ထုနှက်ခြင်းပင် ဖြစ်သည်။ သို့သော် ထိုအဘိုး၏ အတွေးမှာ မှားယွင်းနေကြောင်း သိသာပေသည်။ အဘိုးအိုသည် အကြိမ်ရေ ပိုထုလေ ပစ္စည်းအရည်အသွေး ပိုကောင်းလေဟု တကယ်ပဲ ထင်နေသည်လား။

“တကယ်တော့ အခေါက်တစ်ရာ ထုစရာမလိုပါဘူး”

ထုနှက်နေစဉ်တွင် ဝမ်ရှန်းမှ ပြောလိုက်၏။

“အကြိမ်ရေ အနည်းငယ်လောက် ထုပြီးရင် သူ့ရဲ့ သိပ်သည်းမှုနဲ့ အကြမ်းခံမှုတို့က လုံလောက်သွားပြီ။ အဲ့လိုမဟုတ်ဘဲ လိုတာထက် ပိုထုမယ်ဆိုရင် သံက ပိုပိုပြီး ပျော့ပျောင်း လာမှာ။ အဲ့လိုဆိုရင် အရည်အသွေးကောင်းကောင်း မထွက်လာလောက်ဘူးနော်”

ဤအချက်သည် ဝမ်ရှန်း ရမ်းသမ်း ပြောနေခြင်း မဟုတ်ပေ။ ဤအချက်သည် သူ၏ကမ္ဘာမြေပေါ်တွင် သိပ္ပံပညာရှင်များမှ သိပ္ပံနည်းကျ သက်သေပြခဲ့သည့် အချက်ပင်ဖြစ်၏။ ဤကဲ့သို့ အဆက်မပြတ် ထုနှက်ခြင်းသည် သံအတွင်း၌ ရှိနေသည့် ကာဗွန်များကို ကုန်ခန်း သွားစေနိုင်သည်။ ကောင်းမွန်သည့် သံတစ်ချောင်းတွင် လုံလောက်သည့် ကာဗွန် ပမာဏရှိရ၏။ ကာဗွန်ပမာဏ များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းက ပစ္စည်း အရည်အသွေးကို ထိခိုက်စေနိုင်ပေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset