Switch Mode

Chapter – 200

အားကုန်သုံးခြင်း (၁)

အပိုင်း ၂၀၀
အားကုန်သုံးခြင်း (၁)

“အဲ့ဒါကို နားလည်ဖို့က လိုအပ်လို့လား၊ ရူးကြောင်ကြောင်နဲ့”

ထိုအဘိုးအိုမှ ဝမ်ရှန်းအား အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

“ရှိသမျှ အားနဲ့သာ ထုချ၊ ကျန်တာ ဘာမှစိတ်မပူနဲ့။ တူက အဲ့မှာ ရှိတယ်”

“ဟုတ်ပြီ”

ဝမ်ရှန်းသည်လည်း ဘာမှထပ်ငြင်း မနေတော့ပေ။ ပေ၌ ထောင်ထားသည့် သံထုတူဆီသို့ သွားလိုက်၏။

ထိုအချိန်တွင် ထိုအဘိုးအိုသည် မီးတောက် အတွင်းသို့ အမည်းရောင် အတုံးအချို့ ပစ်ထည့်လိုက်၏။ ထိုအတုံးများက ကျောက်မီးသွေး မဟုတ်ကြောင်း ဝမ်ရှန်း သေချာပေသည်။ ထို့နောက် အဘိုးအိုသည် မီးညှပ်ပင် မသုံးဘဲ လက်ဗလာဖြင့်သာ သတ္တုတုံးများကို မီးအတွင်းသို့ ပစ်ထည့် လိုက်သည်။

တစ်ခဏ ကြာပြီးနောက် အဘိုးအိုသည် ကြီးမားသည့် ညှပ်ကို အသုံးပြုကာ နီရဲနေသည့် သတ္တုတုံးကို မီးအတွင်းမှ ဆွဲထုတ်လိုက်ပြီး ပေပေါ်သို့ တင်လိုက်၏။ ထို့နောက် ဝမ်ရှန်းအား ထုစေလိုက်သည်။

“ဒါကို ရှိသမျှ အားကုန်သုံးပြီးထု” အဘိုးအိုမှ အထက်စီးဆန်သည့် လေသံဖြင့် ပြောလိုက်၏။

“ငါ ရပ်လို့ မပြောမချင်း မရပ်နဲ့”

“အားကုန်သုံးရမယ် ဟုတ်လား။ သေချာတယ်နော်”

အစပိုင်းတွင် ဝမ်ရှန်းသည် အဘိုးအိုအား ကူညီရန် စီစဉ်ထားပေ၏။ သို့သော် အဘိုးအို၏ စကားအား ကြားလိုက်ရသောအခါ သူ လက်တွန့် သွားခဲ့သည်။

“တကယ်ပဲ အားကုန်သုံး ရမှာလား”

“စကားများလိုက်တာ”

အဘိုးအိုမှ စိတ်မရှည် ဖြစ်လာခဲ့သည်။ ဤကဲ့သို့ စကားပြော နေခြင်းက အချိန်ဖြုန်း နေခြင်းပင်ဖြစ်၏။

“လုပ်စရာရှိတာကိုပဲ မြန်မြန် လုပ်စမ်းပါ”

“ကောင်းပြီလေ”

အဘိုးအိုမှ ထိုကဲ့သို့ ပြောလာသည် ဆိုမှတော့ ဝမ်ရှန်း ထပ်ပြီး စကားများ မနေတော့ပေ။

တူအား မလိုက်သည့် အချိန်တွင် ဤတူက ပုံမှန် မဟုတ်ကြောင်း ဝမ်ရှန်း သိလိုက်ရသည်။ အလေးချိန်သည် သူခန့်မှန်းထားသည်ထက် လေးဆ ပိုမို လေးလံနေ၏။ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထား၍ ဤမျှလောက်ထိ လေးနေမှန်း မသိပေ။

သို့သော် တူက ယခုထက် ဆယ်ဆ ပိုမို လေးလံနေမည် ဆိုလျှင်တောင် ဝမ်ရှန်းအတွက် ဘာပြသနာမှ မရှိပေ။ အဘိုးအိုသည် သူ့အားကိုပင် မသိဘဲ သူ့ကို အားကုန် သုံးစေခဲ့၏။ ဝမ်ရှန်းသည် ထိုအဘိုးအိုအား သူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူ့အမှားကိုသူ နားလည်သွားအောင် လုပ်ပြချင်ပေသည်။

ဝမ်ရှန်းသည် တစ်မဟုတ်ချင်းပင် တူကိုမြှောက်၍ ခန္ဓာကိုယ် တစ်ခုလုံး၌ ရှိသမျှအား အကုန်လုံးကို လက်အတွင်း စုစည်းလိုက်သည်။ ထို့နောက် ပေပေါ်၌ ရှိနေသည့် ရဲရဲနီနေသော သတ္တုတုံးအား အားရပါးရ ထုချလိုက်တော့သည်။

ဒုန်း. . ဒုန်း… ဒုန်း.. . . ဒုန်း

တူထုသံများ အဆက်မပြတ် ထွက်ပေါ် လာခဲ့သည်။ ကြီးမား သေးငယ်သည့် သတ္တုအပိုင်းအစများ ဘေးဘက်သို့ လွင့်စင်သွားကာ ပန်းပဲဖိုဆိုင် အတွင်းပိုင်းသည် လက်ပစ်ဗုံး အဆံများဖြင့် တိုက်ခိုက် ခံနေရသကဲ့ပင် ဖြစ်နေခဲ့၏။ အချို့နေရာများသည် ပူပြင်းသည့် သတ္တု အပိုင်းအစများကြောင့် မီးကျွမ်းကုန်ကာ မီးစများပင် စတင် ထွက်ပေါ် လာခဲ့တော့သည်။

ဝမ်ရှန်း အားအပြည့်သုံးကာ ထုလိုက်သည့် အချိန်တွင် နီရဲနေသည့် သတ္တုတုံးကို သာမက သူ့အောက်၌ ရှိနေသည့် ပေကိုပါ သွားထိခိုက် စေခဲ့သည်။ သူ့လက်အတွင်း၌ ရှိနေသည့် တူသည်လည်း သိပ်ပြီး မကောင်းပေ။ တူနှင့်အတူ တူလက်ကိုင်သည် ငါးပိုင်းကျိုး သွားခဲ့တော့သည်။

သို့သော် ဝမ်ရှန်းသည် ကြိုတင် ပြင်ဆင်ထားခဲ့သည့် အတွက် ထိခိုက်ဒဏ်ရာ ရမှုများတော့ မရှိခဲ့ပေ။ သူသည် လက်နှစ်ဖက်လုံးတွင် အကာအကွယ် လက်အိတ် ဝတ်ဆင်ထားကာ ထိုလက်အိတ်များသည် မျက်နှာကိုပါ ကာပေး၏။ အရေးအကြီးဆုံး အပိုင်းဖြစ်သည့် ရင်ဘတ်နှင့် ဗိုက်အတွက်မူ သူသည် အထဲတွင် ချပ်ဝတ်တန်ဆာနှင့် အရည်ကြည် ကျည်ကာတို့ကို ဝတ်ဆင် ထားပေသည်။ ထို့ကြောင့် သတ္တုအပိုင်းအစများက သူ့အား လာရောက် ထိမှန်လျှင်ပင် ကိစ္စမရှိပေ။

လက်မောင်းများ အတွက်မူ ဝမ်ရှန်း၏ လက်ရှိ ကြွက်သားများ တောင့်တင်း ခိုင်မာမှုသည် ဤအပိုင်းအစလောက်လေးကိုတော့ တောင့်ခံနိုင်ပေသည်။

ဘေး၌ ရပ်ကြည့်နေသည့် ပန်းပဲဆရာ အဘိုးအိုသည်လည်း ထိခိုက်ဒဏ်ရာများ မရခဲ့ပေ။ သူသည် ပါးစပ်ပေါက်ကြမ်းသည့် အဘိုးအိုပုံစံ ရှိသော်လည်း သူ၏ဝိညာဉ် အဆင့်သည် မနိမ့်လှချေ။ ထို့ကြောင့် ဤအပိုင်းအစများက သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။

သို့သော် ထိုအဘိုးအိုသည် ခန္ဓာကိုယ်၌ ဒဏ်ရာ မရသော်လည်း သူ၏စိတ်ထဲ၌ ကြေကွဲနေပြီ ဖြစ်၏။ အေးခဲသံ ပုံဆောင်ခဲဖြင့် ပြုလုပ်ထားသည့် ပေနှင့် ကြယ်ပုံဆောင်ခဲဖြင့် ပြုလုပ်ထားသည့် တူတို့သည် ဤလူငယ်လေး၏ ထုနှက်မှု အောက်၌ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့လေပြီ။ ဤအစိတ်အပိုင်းများသည် ကောင်းကင်ဈေးတန်း တစ်ဝက်နီးပါးကိုပင် ဝယ်ယူ၍ ရပေသည်။

ထိုထဲတွင် ပေနှင့်တူကို ပြုလုပ်ရန် ပုံဆောင်ခဲများကို သန့်စင်ရသည့် အင်အားနှင့် ငွေကြေးပမာဏပင် မပါဝင်သေးပေ။ ထိုအရာများကိုပါ ထည့်တွက်မည် ဆိုလျှင် ဤပစ္စည်းနှစ်ခု တန်ဖိုးမှာ သာမန်လူချမ်းသာ မိသားစု တစ်စုကို မွဲပြာကျသွားအောင် လုပ်နိုင်ပေသည်။

ထိုအဘိုးအို သေချင်စော် နံသွားခဲ့သည်။ သူသည် ငိုချင်သော်လည်း မျက်ရည်များက မကျလာခဲ့။ သို့သော် ဝမ်ရှန်းကိုလည်း အပြစ်တင်၍ မရပေ၊ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် အစကတည်းက အားဘယ်လောက် သုံးရမည်ကို မသိကြောင်း မေးခဲ့ကာ သူက အားကုန်သုံးရန် ပြောခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် ဝမ်ရှန်းသည် သူ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကာ ဤရလဒ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုသည် ငိုချင်စိတ် ပေါက်နေသော်လည်း လွင့်စင်သွားသည့် သတ္တုပိုင်းများကြောင့် ဖြစ်ပေါ်လာသည့် မီးတောက်များကို အလျင်အမြန် လိုက်ငြိမ်းသတ် နေရသေးပေသည်။ မီးလောင်၍ အကုန်ဆုံးရှုံးရတော့မည် မဟုတ်ပါလော။

ဈေးတန်းမှ လူများလည်း ထိုအသံကို ကြားကာ ဖြစ်ပျက်နေမှုတို့အား သိရန် လာရောက် ကြည့်ရှုကြတော့သည်။

သူ့ဆိုင်ရှေ့၌ လူများစွာ စုဝေးလာသည့် အတွက်ကြောင့် အဘိုးအိုသည် မရှက်စဖူး ရှက်ရွံ့သွားခဲ့သည်။ မီးစများကို ငြှိမ်းသတ်ပြီး နောက်တွင် သူသည် အလျင်အမြန်ပင် ဆိုင်ရှေ့ထွက်ကာ ဘာမှကြီးကြီးမားမား မဟုတ်ကြောင်းနှင့် သံထုနေခြင်းသာ ဖြစ်ကြောင်း လူများအား ရှင်းပြလိုက်၏။

ဤဟောင်းနွမ်းနေသည့် ဆိုင်အတွင်းတွင် ဘာမှ ဖုံးကွယ်ထားစရာ မရှိပေ၊ အပြင်မှ ကြည့်လျှင်ပင် အထဲကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်၏။ ဒါ့ပြင် ဤအဘိုးအိုမှာ ဘယ်လို လူစားမျိုးလဲ ဆိုသည်ကို သူ့ဆိုင်ဘေးရှိ လူများက သိထားပြီး ဖြစ်သည်။

ထိုအဘိုးအို၏ ဖြေရှင်းချက်ကို ကြားပြီးနောက် သူ့ဆိုင်ရှေ့၌ စုဝေးနေသည့် လူများသည် ရယ်ရယ်မောမောဖြင့် သူတို့နေရာသူတို့ ပြန်သွား လိုက်ကြသည်။ သို့သော် ထိုအဘိုးအိုနှင့် ရင်းနှီးသည့် လူတစ်ယောက်သည် အဘိုးအို၏ မျက်လုံးများအား လင်းလက် သွားစေသည့် အကြံတစ်ခု ပေးခဲ့၏။

“အဘိုးကြီးလီ၊ ခင်ဗျားမှာ ဒီလောက် အားကောင်းမောင်းသန် အကူရှိနေမှတော့ အရင်က ခင်ဗျား တွေးထားတဲ့ အချက်တစ်ရာ ထုနှက်ခြင်းကို စမ်းကြည့်လို့ရပြီ မဟုတ်ဘူးလား”

သူ့အား သတိပေးခဲ့သည့် ထိုလူအား နှုတ်ဆက်ပြီးနောက် အဘိုးအို သူ့ဆိုင်အတွင်းသို့ အလျင်အမြန် ပြန်ဝင် သွားလိုက်သည်။ ဟုတ်ပေသည်၊ ဝမ်ရှန်းက ဒီလောက်ထိ အားကောင်းမောင်းသန် ရှိသည်ဆိုမှတော့ သူ၏ခွန်အားကို သုံးကာ သူ့အကြံကို စမ်းကြည့်၍ ရပေသည်။

“ပျက်စီး သွားတာတွေကို ပြန်လျော်ပေးဖို့ မင်း ငါ့ကို တစ်ခုကူညီ၊ ဘယ်လိုလဲ”

ဆိုင်တွင်းသို့ ရောက်သည်နှင့် အခြားဘာမှ မပြောဘဲ ဝမ်ရှန်းအား တဲ့တိုးသာ ဆိုလိုက်၏။

“လျော်ပေးရမယ် ဟုတ်လား”

ဝမ်ရှန်း၏မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။

“ခင်ဗျားပဲ ကျွန်တော့်ကို အားကုန် သုံးခိုင်းတာလေ။ အခုကျတော့ လာလျော် ခိုင်းနေတယ်။ ခင်ဗျား အရှက်မရှိဘူးလား…”

ဝမ်ရှန်း၏ စကားကြောင့် အဘိုးအို၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။

“ဘာကြီး၊ မင်းက ငါ့ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့သေးတယ်။ ပြီးတော့ ပြန်လျော်ပေးဖို့ အစီအစဉ်လည်း မရှိဘူးလား”

“ကူညီပေးလို့က ရပါတယ်။ ဒါပေမယ့် ခင်ဗျားလည်း ကျွန်တော့်ကို တစ်ခုပြန်လုပ် ပေးရမယ်။ အဲ့ဒါဆို ရပြီ”

ဤအဘိုးအို၏ အရူးလုပ်ခြင်းကို ဝမ်ရှန်း ခံမည် မဟုတ်ပေ။ သူသည်လည်း သူပြောချင်သည်ကို တွန့်ဆုတ်မှု မရှိဘဲပြောလိုက်၏။

“ဘာလုပ်ပေး ရမှာတုံး”

အဘိုးအိုသည် သူတွေးထားသည့် အရာကို တကယ်ပဲ စမ်းသပ်ချင်နေခြင်း ဖြစ်၏။ သို့သော် သူပြောသည်ကို ဝမ်ရှန်းက သဘောတူမည် မဟုတ်ကြောင်း တွေ့လိုက်ရသောအခါ ချက်ချင်းပင် စိတ်ပြန် လျှော့လိုက်ပြီး ဝမ်ရှန်း၏ တောင်းဆိုချက်အား မေးလိုက်သည်။

“ကျွန်တော့်ကို ဒါဖွင့်ပေး”

ဝမ်ရှန်းသည် တုံ့ဆိုင်းခြင်းမရှိ သူ၏ ပစ္စည်းကို ချက်ချင်း ထုတ်လိုက်လေသည်။ သူ့အနေဖြင့် အပြင်မှ လူများ မြင်သွားမည်ကိုလည်း စိုးရိမ်မှု ရှိမနေပေ။ သူသည် နှစ်ဆင့်ချိပ်ပိတ် သေတ္တာကို အေးဆေး တည်ငြိမ်စွာ ထုတ်ယူလျက် အဘိုးအိုအား ပြလိုက်၏။

ထိုပစ္စည်းအား မြင်လိုက်ရသောအခါ အဘိုးအို ငြိမ်ကျသွားခဲ့သည်။ အပြင်မှနေ၍ ဆိုင်အတွင်းသို့ ကြည့်နေကြသည့် လူများသည်လည်း ဝမ်ရှန်းအား ခက်ထန်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြ၏။

“ကြေးစားကောင်လေး”

တစ်ခဏ ငြိမ်ကျ သွားပြီးနောက် အဘိုးအိုမှ ဝမ်ရှန်းအား အေးစက်စွာ မေးလိုက်သည်။

“မင်း ဘယ်လိုလုပ် သိတာလဲ”

ဤအဘိုးအိုသည် ဝမ်ရှန်းက ကြေးစားတစ်ယောက် ဖြစ်သည်ကို အစကတည်းက သတိထား မိခဲ့ကြောင်း သိသာပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset