အပိုင်း ၁၉၉
အင်ပါယာမြို့တော် (၂)
တော်ဝင်မျိုးနွယ်စု၏ အင်အားသည် ဘယ်လောက်မှ မကြီးမားသော်လည်း မြို့တော်၏ မြေနေရာ အကျယ်အဝန်းသည် တကယ်ကို ကျယ်ဝန်းလှပေသည်။ ထို့ပြင် တော်ဝင်မြို့တော်သည် ဝမ်ရှန်းမြင်ဖူးသမျှ မြို့များထဲတွင် အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ တစ်မြို့လည်းဖြစ်၏။
ဝမ်ရှန်း မြို့တော်တစ်ခုလုံး နှံ့ရန် ငါးရက် ကြာခဲ့သည်။ ဤကမ္ဘာတွင် ကားများလည်း မရှိ၊ ယုတ်စွအဆုံး စက်ဘီးမျှပင် မရှိတဲ့နေရာပင်။ ထို့ထက်မက တော်ဝင်မြို့တော်အတွင်း သာမန်လူများကို မြင်းစီးခွင့်ပင် မပေးထားချေ။ ထို့ကြောင့် ဝမ်ရှန်းသည် ခြေလျှင် လျှောက်၍သာ မြို့တော်တစ်ခုလုံး နှံ့အောင် သွားလိုက်ရ၏။
တာအိုဘုန်းတော်ကြီး ကျောင်းသည် မြို့အစွန်အဖျား၌ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနေရာသို့ သွားရန်က အလောကြီးစရာ မလိုပေ။ ဝမ်ရှန်းသည် ထိုနေရာနှင့် အသားကျသွားပြီ ဆိုကာမှ ပြင်ဆင်စရာ အချို့ကို ပြင်ဆင်ကာ မြို့တော် အတွင်းရှိ ကောင်းကင် အလုပ်ရုံတန်းဆီသို့ သွားလိုက်သည်။ လင်းလုံစံအိမ်သည် မြို့တော် အတွင်းရှိ ကောင်းကင် အလုပ်ရုံတန်း၌ ရှိသည်ဟု ပြောကြပေသည်။
သို့သော် ကောင်းကင် အလုပ်ရုံတန်းသို့ ရောက်သည့် အချိန်တွင် ဝမ်ရှန်းသည် လင်းလုံစံအိမ် ဟူသည့် ဆိုင်းဘုတ်ကို ရှာမတွေ့ခဲ့ပေ။ အလုပ်ရုံ တစ်ခုလုံးတွင် ဆိုင်ပေါင်းစုံ ရှိနေကာ အများစုသည် လက်မှု ပစ္စည်းဆိုင်များ၊ ပန်းပဲဖိုများနှင့် အပ်ချုပ်ဆိုင်များ ဖြစ်သည်။
သေးသေးကြီးကြီး ဆိုင်များ ရာနှင့်ချီ ရှိနေသော်လည်း ထိုဆိုင်များ၏ ဆိုင်းဘုတ်ထဲတွင် လင်းလံစံအိမ် ဟူသည့် စကားလုံးနှင့် ဆင်တူသည့် ဆိုင်းဘုတ်တစ်ခုမှျ မရှိနေပေ။
လင်းလုံစံအိမ်၏ တည်နေရာသည် တရားဝင် ကြေငြာထားခြင်းမျိုး မဟုတ်တန်ရာ။ ဝမ်ရှန်းသည်လည်း ရတနာစံအိမ်၏ ဆိုင်ရှင် အမျိုးသမီးထံမှ မတော်တဆ ကြားမိခဲ့ခြင်း ဖြစ်၏။ ထိုစဉ်ကလည်း သူမ မတော်တဆ ပြောမိခဲ့ခြင်းအား ဝမ်ရှန်းက သူ့စိတ်ထဲ၌ မှတ်ထားခဲ့ခြင်းပင် ဖြစ်၏။
ထိုဆိုင်ရှင် အမျိုးသမီးကြောင့်သာ မဟုတ်ပါက ဝမ်ရှန်းသည် လင်းလုံစံအိမ်နှင့် ပတ်သက်၍ စုံစမ်းချင်လျှင်ပင် မည်သူကမှ သူ့အား ပြောပြမည် မဟုတ်ပေ။ လင်းလုံစံအိမ်နှင့် သက်ဆိုင်သည့် လူတစ်ယောက်သည် သူတို့နှင့် ဘာမှ မဆိုင်သည့် လူတစ်ယောက်ကို သူတို့၏ အကောင်းမွန်ဆုံးနှင့် အရည်အသွေး အမြင့်ဆုံး အထောက်အပံ့များ အကြောင်း ဘယ်လိုလုပ် ပြောပြနိုင်မည်နည်း။
သို့သော် ဝမ်ရှန်းသည် ဤနေရာသို့ ရောက်လာချိန်တွင် မြင်တွေ့ လိုက်ရသည့် အခြေအနေများကြောင့် စိတ်ရှုပ်သွားခဲ့သည်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့် လူများကို သူ လျှော့တွက် မိခဲ့ပေသည်။ သူတို့၏ ပါးစပ်ထဲတွင် အမှန်တရားဟူသည့် အရာမရှိချေ။ ထိုစဉ်အခါက ဆိုင်ရှင်အမျိုးသမီး၏ အသံသည် အလွန်ကို နူးညံ့ညင်သာနေခဲ့ကာ သူမ ဝမ်ရှန်းအား တမင်သက်သက် လှည့်စားလိုက်ခြင်းပင် ဖြစ်၏။
မြို့တော် အတွင်းတွင် ရတနာစံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်တို့၏ ဆိုင်အခွဲများ ရှိနိုင်ပေသည်။ သို့သော် ဝမ်ရှန်းသည် သေချာပေါက် ထိုနေရာများသို့ မသိသွားပေ။ သူသည် ဝံပုလွေအုပ်ကြီး ဝိုင်းအုံ ခံရမည်ကို သိသိနှင့် ထိုနေရာများသို့ သွားကာ သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို သွားဖော်ထုတ်မည် မဟုတ်ချေ။
ဤနေရာသည် ဝူရုံမြို့မဟုတ်။ မည်သို့ဆိုစေ ဝူရုံမြို့မှ လူများသည် သူတို့၏ လုပ်ရပ်ကို စောင့်ထိန်းကြ၏။ သို့သော် မြို့တော်အတွင်းမှ လူများသည် ထိုကဲ့သို့ဖြစ်မည် မဟုတ်နိုင်ပေ။
အရိပ်မိန်းမစိုးသည် သူ့အား ကျောက်စိမ်း တံဆိပ်ပြားပေးခဲ့သည့် အချိန်တွင် တံဆိပ်ပြားက မြို့တော် အတွင်း၌ သေချာပေါက် အသုံးဝင်ကြောင်း ပြောခဲ့သည်။ ဝမ်ရှန်းသည်လည်း သူပြောသည်ကို အခိုင်အမာ ယုံကြည်ပေသည်။ သို့သော် ဝမ်ရှန်းသည် ထိုတံဆိပ်ပြားကို ထုတ်သုံး လိုက်သည်နှင့် သူ တော်ဝင်မိသားစုနှင့် ဆက်ဆံ ရတော့မည်ကို စိုးရိမ်မိနေခြင်း ဖြစ်၏။
ယခုအချိန်အတွင်း ဝမ်ရှန်း တော်ဝင်မိသားစုနှင့် မည်သည့် ဆက်ဆံမှုမှ မလုပ်ချင်သေးပေ။ သူတို့နှင့် ခင်မင် ရင်းနှီးလျှင်လည်း အကျိုးဆက်ကောင်း တစ်စုံတစ်ရာ ရလာမည်ဟု ဝမ်ရှန်း မထင်ထား။ ဒါ့ပြင် သူတို့က သူ သူ့အိပ်မက်ထဲမှ ကောင်မလေးအား ရှာဖွေရာ၌ ကူညီပေးနိုင်မည်လည်း မဟုတ်နိုင်ပေ။ ထို့ကြောင့် ယခုအချိန်တွင် ဝမ်ရှန်းသည် အရိပ်မိန်းမစိုး၏ ကျောက်စိမ်း တံဆိပ်ပြားကို အလွယ်တကူ ထုတ်မသုံးရန် ဆုံးဖြတ်ချက် ချလိုက်သည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန်း သူ့ဘာသာသူ ရယ်ကာ တွေးလိုက်သည်။ ‘ဘာဖြစ်လဲ ဒီနေရာတောင် ရောက်ပြီဆိုမှတော့ လျှောက်ကြည့် လိုက်တာပေါ့’
ထို့နောက် ဈေးဆိုင်များပေါ်သို့ သူ၏အကြည့် ကျရောက် သွားခဲ့၏။
ကောင်းကင်ဘုံ ဈေးတန်း ဆိုသည်မှာ အလကား ဖြစ်လာခြင်း မဟုတ်ဟု ပြောရပေမည်။ ဤနေရာတွင် ဈေးဆိုင်တန်းများ စုံပလုံစီနေကာ အမျိုးစုံ ရပေသည်။ ထိုအချိန်တွင် ဝမ်ရှန်းသည် ဝဝတုတ်တုတ်နှင့် စားဖိုမှူးတစ်ဉီး ကျွမ်းကျင်စွာ ချက်ပြုတ် နေသည်ကိုပင် မြင်လိုက်ရ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုစားဖိုမှူးသည် သူ၏နည်းဖြင့် ဟင်းလျာအား ချက်ပြုတ်နေခြင်း ဖြစ်သည်ဟု ဝမ်ရှန်း ပြောနိုင်သည်။
ဤကဲ့သို့ အချိန်တို အတွင်းတွင် သူ၏ဟင်းလျာများက ဝူရုံမြို့မှနေ၍ အင်ပါယာမြို့တော်ထံသို့ပင် ပျံ့နှံ့လာလိမ့်မည်ဟု ဝမ်ရှန်း မထင်ထားခဲ့ပေ။ ယခုအချိန်တွင် ဝမ်ရှန်းသည် အခြား ဘာမှလုပ်ချင်စိတ်လည်း မရှိနေသည့် အတွက်ကြောင့် ထိုလူကြီး ချက်ပြုတ် နေသည်ကိုသာ ရပ်ကြည့် နေလိုက်သည်။
ခဏအကြာတွင် ထိုဆိုင်၏ ဘေးဆိုင်မှ အော်ဟစ် ကြိမ်းမောင်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဆိုင်အတွင်းမှ လူနှစ်ယောက် ထွက်လာသည်ကို ဝမ်ရှန်း မြင်လိုက်ရ၏။
“အဓိပ္ပာယ်ကို မရှိတာ။ လက်နက်လေးပဲ လုပ်စားတာကို စကားကြီး စကားကျယ်တွေ လာပြောနေတယ်။ ဘာလုပ်ငန်းမှ လုပ်မနေနဲ့”
အရှေ့မှ ထွက်လာသည့် လူငယ်လေးသည် ချမ်းသာကြွယ်ဝသည့် လူငယ်ဖြစ်ဟန် ရှိ၏။ သူသည် မကျေမနပ် ဖြစ်ဟန်ဖြင့် ပွစိပွစိ ပြောကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
သူ့နောက်တွင် အပြာရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အစေခံ တစ်ယောက် လိုက်ပါလာခဲ့၏။ သူသည် ထိုဆိုင်ပိုင်ရှင်အား ဒေါသတကြီးဖြင့် –
“ဟုတ်ပါ့၊ အဘိုးကြီး ခင်ဗျားက ဓားထုတဲ့ တူကိုတောင် မ,နိုင်သေးလို့လား။ သခင်လေးကို တူထုခိုင်းမယ် ဟုတ်လား။ စိတ်ကူးယဉ် နေလိုက်”
သခင်လေး တစ်ယောက်နှင့် အစေခံတစ်ယောက်မှ မကျေမနပ် ထွက်သွားခဲ့ကြသည်။ သို့သော် ဝမ်ရှန်းသည် တံခါးဝတွင် ဆိုင်းဘုတ် တစ်ခုပင် မရှိနေသည့် ပန်းပဲဖိုအား စိတ်ဝင်စား သွားခဲ့၏။ လက်နက်ကျိုသည့် ပန်းပဲဖို…
ဝမ်ရှန်း ထိုဟောင်းနွမ်းနေဟန် ရှိသည့် ပန်းပဲဖိုအတွင်း ဝင်သွား လိုက်သည်။ ဆိုင်တွင်းသို့ ရောက်သည့် အချိန်တွင် အစောပိုင်းမှ လူနှစ်ယောက် ပြောသွားသည့် အသုံးမကျသည့် အဘိုးအိုအား တွေ့လိုက်ရ၏။
သူသည် အမှန်တကယ်ကို အသက်ကြီး နေပြီဖြစ်သည့် အဘိုးအို တစ်ယောက်ဖြစ်သည်။ သူ၏ တစ်ခေါင်းလုံးတွင် ဆံပင်များ ဖြူဖွေးနေကာ မီးခိုးရောင် အဝတ်အစားများ ဝတ်ဆင်ထား၏။ သူ့ကို ဆင်းရဲသည်ဟု ပြော၍မရသော်လည်း သူ၏အဝတ်အစားများ ပေါ်တွင် အပေါက်ပေါင်း များစွာ ရှိနေလေသည်။ သူ၏လက်၌လည်း မီးပွားရာများဖြင့် ပြည့်နှက်နေ၏။
သံများကို ထုနှက်သည့် အဘိုးအိုသည် အကြမ်းခံဟန် ပေါ်ပေသည်။ အစောပိုင်းမှ လူနှစ်ယောက် ပြောသွားသကဲ့သို့ တူပင် မကိုင်နိုင်သည့်ပုံ မပေါက်နေချေ။ သို့သော် ဘာပဲပြောပြော သူသည် အသက်ကြီး နေပြီဖြစ်၏။ အထဲသို့ ဝင်သွားသည့် အချိန်တွင် အဘိုးအိုသည် မီးပုံတစ်ခုရှေ့၌ ထိုင်နေကာ မီးတောက်အား တွေဝေစွာ စိုက်ကြည့် နေသည်ကို ဝမ်ရှန်း မြင်လိုက်ရသည်။
“ဘာလက်နက် လုပ်ချင်တာလဲ”
ဝမ်ရှန်း၏ ခြေသံအား ကြားလိုက် ရသောအခါ အဘိုးအိုသည် ဝမ်ရှန်းအား လှည့်ပင် မကြည့်ဘဲ မေးလိုက်၏။
“မင်းကိုယ်တိုင် သုံးဖို့ဆိုရင် မင်းကိုယ်တိုင် လုပ်တာက အကောင်းဆုံးပဲ။ မင်းအားနဲ့ လိုက်ဖက်တာ လုပ်လို့ရတယ်”
ထိုစကားများကြောင့် ယခုလေးတင် ထွက်သွားသည့် သခင်လေးနှင့် အစေခံတို့ နှစ်ယောက် ပြောခဲ့သည့် စကားများကို ဝမ်ရှန်း သဘောပေါက် သွားခဲ့သည်။ အဘိုးအိုသည် ထိုလူငယ်အား သူကိုယ်တိုင် တူထုခိုင်းခြင်း ဖြစ်၏။ ဤအရာသည် အဘိုးအို၏ အလုပ်လုပ်သည့် စည်းမျဉ်းစည်းကမ်း ဖြစ်မည်လော။
“အဘိုးတစ်ယောက်တည်း ရှိတာမလား။ လူအလုံအလောက် မရှိရင် လုပ်လို့ မရဘူးလေ။ အဘိုးက ဘာတွေ ပြောနေတာလဲခင်ဗျ…”
ဝမ်ရှန်းသည် ထိုအဘိုး၏စကားကို ပြန်မဖြေဘဲ သူ မြင်သည့် အရာကိုသာ ရယ်ရယ်မောမောဖြင့် အမှန်အတိုင်း ပြောလိုက်သည်။
ပန်းပဲဖို အတွင်းတွင် အဘိုးအို တစ်ယောက်တည်း ရှိနေခြင်းဖြစ်သည်။ အဘိုးအိုထံတွင် ပလာယာများနှင့် အခြားတစ်ဖက်တွင် တူတစ်ချောင်း ရှိနေ၏။ ဝမ်ရှန်း အတွင်းပိုင်းအား အကြည့်တစ်ချက် ဝေ့လိုက်ချိန်တွင် သံထုသည့် နေရာ၌ ထောင်ထားသည့် သံထုတူပေါ်သို့ သူ၏အကြည့် ကျရောက်သွားခဲ့၏။
ဝမ်ရှန်း၏ စကားများအား ကြားလိုက် ရသောအခါ အဘိုးအို၏ မျက်လုံးများ ရုတ်တရက် တောက်ပ သွားခဲ့သည်။ ထို့နောက် သူသည် ဝမ်ရှန်းအား မော့ကြည့်ကာ ပြုံး၍ “မင်း တူမကြီးကို သုံးမလို့လား”
ပန်းပဲဖို တစ်ခုလုံး ဟောင်းနွမ်းနေဟန် ရှိသော်လည်း သပ်ရပ် သေသပ်နေသည့် နေရာနှစ်နေရာ ရှိပေသည်။ တစ်နေရာသည် မီးဖိုဖြစ်ကာ အခြားတစ်နေရာသည် သံထုသည့် နေရာဖြစ်၏။ မေးစရာပင် မလိုပေ၊ ဆိုင်ပိုင်ရှင်သည် ထိုနေရာများအား ဂရုတစိုက် ထားထားခြင်းပင် ဖြစ်သည်။ သို့သော် ဤအရာသည် ဝမ်ရှန်းအား ဆွဲဆောင်နေသည့် အရာများ မဟုတ်ပေ။ သူ့အား ဆွဲဆောင် နေသည်မှာ မီးဖို၌ ဖားဖို မရှိနေသည့် အဖြစ်ပင် ဖြစ်သည်။
ပန်းပဲဖိုတစ်ခု၏ မီးဖိုတွင် ဖားဖို မရှိနေဘူးတဲ့လား… ဤအရာက ဖြစ်နိုင်ပါရဲ့လား…
ဝူရုံမြို့၊ လင်ချွမ်းမြို့နှင့် ရှင်းလင်မြို့တို့တွင် ဝမ်ရှန်း ပန်းပဲဖိုပေါင်း များစွာ တွေ့ခဲ့ဖူး၏။ သို့သော် ထိုပန်းပဲဖိုများ အားလုံးတွင် ဖားဖိုများ ရှိပေသည်။ ဖားဖိုမရှိပါက မီးအပူချိန် မြင့်တက်ရန် ဘယ်လို လုပ်မည်နည်း… မီးအပူချိန် မြင့်တက်အောင် မလုပ်နိုင်ဘူး ဆိုလျှင် ပစ္စည်းကောင်း တစ်ခုကို ဘယ်လိုများ ထုလုပ် နိုင်မည်နည်း။
သို့သော် ဤပန်းပဲဖို အတွင်းတွင် အပြီးသတ် ပြုလုပ်ထားသည့် ပစ္စည်းများ ရှိနေသေး၏။ ထိုပစ္စည်းများ၏ ပုံပန်းသွင်ပြင်ကို သာမန်ဟုသာ သတ်မှတ်၍ ရသော်လည်း ထိုပစ္စည်းများသည် အပြီးသတ် ပြီးစီးထားသည့် ပစ္စည်းများပင် ဖြစ်သည်။
အဘိုးအိုထံတွင် ကူညီမည့်လူ မရှိသည့်အပြင် သူ့ထံတွင် ဖားဖိုလည်း မရှိနေပေ။ ထိုကဲ့သို့ဆိုလျှင် ဤကဲ့သို့ အပြီးသတ်ထားသည့် ပစ္စည်းများကို သူ ဘယ်လိုပြုလုပ် ထားသနည်း…
“ကျွန်တော် လုပ်မယ်”
ဝမ်ရှန်းမှ ရယ်ရယ် မောမောဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ဘယ်လောက် ပြင်းအားနဲ့ ထုရမလဲဆိုတာ ကျွန်တော် မသိဘူး”
***