အပိုင်း ၁၉၈
အင်ပါယာမြို့တော် (၁)
တာအို ကျောင်းတော်သည် မြို့တော် အတွင်း၌ ရှိနေကာ ဝမ်ရှန်း အမြဲတမ်း ရှာချင်နေခဲ့သည့် လင်းလုံစံအိမ်သည်လည်း မြို့တော်အတွင်း၌ ရှိသည်ဟု ပြောကြပေသည်။ ဤသတင်းသည် ရတနာစံအိမ်မှ အမျိုးသမီး ဆိုင်ရှင်ထံမှ ဝမ်ရှန်း အမှုမဲ့ အမှတ်မဲ့ ရရှိခဲ့သည့် သတင်းဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤတိုင်းပြည်၏ အင်ပါယာ မြို့တော်သည်လည်း အလွန် ထူးဆန်းသည့် နေရာတစ်ခုဖြစ်၏။ အင်ပါယာမြို့တော် အတွင်းတွင် အားအနည်းဆုံးမှာ အသီးသီးသော အထက်တန်းလွှာ မိသားစုများ ဖြစ်သည်။ ဤမြို့တော်တွင် ဝူရုံမြို့နှင့် တူသည့် အချက်တစ်ချက်မှာ မြို့တော် အတွင်း၌ ပြဿနာရှာခွင့် မရှိခြင်းဖြစ်၏။
သို့သော် ဝူရုံမြို့နှင့် ကွာသွားသည်မှာ ဝူရုံမြို့သည် အလိုရှိ ရာဇဝတ်သားများနှင့် ကြေးစားများ စုပေါင်းနေထိုင်ရာ နေရာဖြစ်ကာ အင်ပါယာ မြို့တော်သည် သာမန် တရားဝင် ပြည်သူပြည်သားများ နေထိုင်သည့် နေရာဖြစ်၏။
အင်ပါယာမြို့တော် ဟူသည့် နာမည်အတိုင်းပင် ဤမြို့တော်သည် တော်ဝင် မိသားစုမှ လူများ အခြေချ နေထိုင်ရာ နေရာဖြစ်၏။ ဤနေရာတွင် တော်ဝင်မိသားစုသည် အင်အား အကြီးဆုံးနှင့် အာဏာအရှိဆုံး ဖြစ်ကာ အခြား အထက်တန်းလွှာ မိသားစုများ၏ ထိန်းချုပ်မှုသည် သိပ်ပြီး အရာမရောက်ပေ။
အခြားနေရာများတွင်မူ ဤနေရာနှင့် ပြောင်းပြန် ဖြစ်သည်။ တော်ဝင်မိသားစု၏ အုပ်ချုပ်ပုံသည် အထက်တန်းလွှာ မိသားစုများ၏ အုပ်ချုပ်ပုံနှင့် မတူပေ။ အထက်တန်းလွှာ မိသားစုများသည် သူတို့၏ အင်အားစု တောင့်တင်းရေးကိုသာ ဦးစားပေးသည်။
သို့သော် တော်ဝင်မိသားစုသည် အင်ပါယာမြို့တော် အတွင်းတွင် အခြား အင်အားစုများကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ခွင့် ပေးပြီး ကြားဝင် စွက်ဖက်ခြင်းမျိုး မရှိပေ။
အမျိုးမျိုးသော အလယ် အလတ်တန်းစားနှင့် သေးငယ်သည့် အင်အားစုများ၏ ပေါင်းစည်းမှုသည် အထက်တန်းလွှာ မိသားစုများ လျစ်လျူမရှုနိုင်သည့် အင်အားစု တစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် ထိုစုပေါင်း အင်အားစုသည် မသိမသာဖြင့် တော်ဝင်မိသားစု၏ ပြင်ပအင်အားစု ဖြစ်လာခဲ့၏။ ထို့ကြောင့် ဤနေရာတွင် တော်ဝင် မိသားစုများသည် အထက်တန်းလွှာ မိသားစုများထက် ပိုမိုအင်အားကြီး နေခြင်းဖြစ်သည်။
သို့သော် ထိုအင်အားစုများသည် ပြန့်ကျဲနေကာ ခိုင်မာသည့် ပေါင်းစည်းမှုမျိုး မရှိပေ။ ထို့ကြောင့် ဤနေရာတွင် ဧကရာဇ်က အားလုံး၏ အရှင် ဖြစ်သည်ဟု အသိအမှတ် ပြုကြသော်လည်း သူတို့အားလုံးသည် စကားအရသာ အသိအမှတ် ပြုကြခြင်းဖြစ်သည်။
အခြားနေရာများထက် ပိုမိုစည်ကားပြီး ပိုမိုလုံခြုံသည့် ဤကဲ့သို့သော နေရာမျိုးသည် အဓိက အင်အားစုများအတွက် သင့်တော်သည့် နေရာတစ်ခုပင် ဖြစ်၏။
ထို့ပြင် ဤအင်ပါယာ မြို့တော်သည် ကြီးမားသည့် အင်အားစုများ၏ အရေးကိစ္စ၌ ဝင်ရောက် မစွက်ဖက်ချင်သည့်၊ တသီးတခြား နေထိုင်လိုသော အင်အားစုများ အတွက် အကောင်းဆုံး နေရာလည်း ဖြစ်သည်။ ဥပမာ တာအိုဘုရားကျောင်းနှင့် လင်းလုံစံအိမ် အစရှိသည့် အင်အားစုများ ဖြစ်သည်။
ဝမ်ရှန်း၏ လက်ရှိပုံစံသည် သူ ဝူရုံမြို့မှ ထွက်လာစဉ်က ပုံစံနှင့် မတူတော့ချေ။ ဝမ်ရှန်းသည် ဝူရုံမြို့မှ ထွက်လာစဉ်တွင် သာမန် မျက်နှာဖုံး ၁၀ ခု ဝယ်ယူခဲ့၏။ မြစ်ချောင်း တောတောင်ပေါင်း များစွာကို ဖြတ်သန်းရမည် ဖြစ်သည့် အတွက်ကြောင့် သူသည် ဘယ်လိုလုပ် ဒီတိုင်း ဖြတ်သွား၍ ရမည်နည်း။
အထူးသဖြင့် ရုပ်ဖျက်ဖုံးကွယ်ရန် လိုအပ်သည့် ဝမ်ရှန်းသည် မျက်နှာဖုံး ပိုများလေ ရွေးချယ်စရာ ပိုများလေဖြစ်ပြီး အသက်ရှင်နိုင်ချေလည်း ပိုများလေဖြစ်သည်။
မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ့ထံတွင် ရွှေဒင်္ဂါးများစွာ ရှိသောကြောင့် မျက်နှာဖုံး ၁၀ ခု ဝယ်ယူသည်မှာ ပေါ့ပေါ့ပါးပါးသာ ဖြစ်ပြီး ဘာဖိအားမှ မရှိချေ။ သို့သော် ဝမ်ရှန်း၏ လုပ်ရပ်သည် သူ့အား စောင့်ကြည့် လေ့လာနေကြသည့် လူများအား အံ့အားသင့် သွားစေခဲ့သည်။ မျက်နှာဖုံး ၁၀ ခုနှင့် ဆိုလျှင် ဝမ်ရှန်းသည် သူ အပြင်သွားစဉ်၌ မည်သည့် မျက်နှာဖုံးကို အသုံးပြုမည် ဆိုတာကို မည်သူက သိမည်နည်း။ ခြေရာခံလိုက်မည် ဆိုလျှင်ပင် မလွယ်ပေ။
မြို့အရှင်မှ သူ့အား ရောင်းလိုက်သည့် အကောင်းဆုံး မျက်နှာဖုံးဟူသည့် မျက်နှာဖုံးသည် နှစ်ဆင့်ချိပ်ပိတ် သေတ္တာအတွင်း၌ ရှိနေခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် ရှီမိသားစုမှ လေးဆင့်ချိပ်ပိတ် သေတ္တာကိုပင် ဖွင့်နိုင်ခဲ့သည့် အတွက် နှစ်ဆင့်သေတ္တာဖွင့်ရန် ဘာပြဿနာမှ မရှိပေ။ သို့သော် ဝမ်ရှန်း၏ ဝူရုံမြို့ မြို့အရှင်အပေါ် သတိထားမှုသည် အခြားအင်အားစုများထက်ပင် ပိုပေသည်။ ယခင်က သူတစ်ခေါက်မှ မမြင်ဖူးခဲ့သည့် ဝူရုံမြို့ မြို့အရှင် နောက်တွင် အာဏာပါဝါ တစ်ခုခု ရှိနေသည်ဟု ဝမ်ရှန်း အမြဲတမ်း ခံစားနေခဲ့ရပေသည်။
ချိပ်ပိတ်သေတ္တာကို ဖွင့်ခြင်းက လွယ်ကူသော်လည်း သေတ္တာ ဖွင့်လိုက်သည့် အချိန်တွင် မည်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်လဲ ဆိုသည်အား မည်သူမှ မသိနိုင်ပေ။ ဤကမ္ဘာပေါ်တွင် အစီအရင် ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ရှိပေသည်။ ထို့ကြောင့် သတိထားခြင်းက မမှားပေ။
ထို့ကြောင့်ပင် ဝမ်ရှန်းသည် ချိပ်ပိတ် သေတ္တာကို မြို့တော်ဆီသို့ ယူလာကာ လင်းလုံစံအိမ်မှ ဆရာများကို ဖွင့်ခိုင်းမည်ဖြစ်၏။ ဤသေတ္တာသည် နှစ်ဆင့်ချိပ်ပိတ် သေတ္တာဖြစ်ကာ လေးဆင့်သေတ္တာ မဟုတ်ပေ။ ထို့ကြောင့် သူတို့ ဖွင့်နိုင်လောက်ပေသည်။
ဝမ်ရှန်း မြို့တော်၏ ဂိတ်တံခါးဝသို့ ရောက်သည့် အချိန်၊ မြို့တွင်းသို့ဝင်ရန် ပြင်လိုက်သည့် အခိုက်၌ ခက်ထန် တင်းမာသည့် လေသံဖြင့် ပြောဆိုလာသည့် သတိပေးချက်ကို ကြားလိုက်ရသည်။ ထိုအသံ နှင့်အတူ မီးခိုးရောင် ဝတ်စုံထားသည့် အမျိုးသား တစ်ယောက် ဝမ်ရှန်းရှေ့သို့ ရုတ်တရက် ရောက်လာခဲ့သည်။
“ဝူရုံမြို့က မျက်နှာဖုံးပဲ၊ မင်း မြို့တော်ထဲမှာ လူသတ်မှု ကျူးလွန်ဖို့ စီစဉ်နေတာလား”
ဤမီးခိုးရောင်နှင့် လူသည် အတော်ကို အပုန်းကောင်းဟန် ရှိ၏။ ဝမ်ရှန်း သူ့အား သတိမထားမိခဲ့ချေ။ ထို့ကြောင့် ဤကဲ့သို့ ရုတ်တရက်ကြီး သူ့ရှေ့ ရောက်ချလာသည့် အချိန်တွင် ဝမ်ရှန်း အလွန်ထိတ်လန့် သွားခဲ့တော့သည်။
တစ်ဖက်မှလူသည် ဝမ်ရှန်း ဝူရုံမြို့မှ မျက်နှာဖုံး ဝတ်ဆင်ထားကြောင်း သိနေခဲ့သည်။ ထို့ကြောင့် သူတို့သည် ဝမ်ရှန်းအား ဝူရုံမြို့မှ ကြေးစား တစ်ယောက်အဖြစ် သတ်မှတ် လိုက်ကြပြီဖြစ်၏။
မီးခိုးရောင်နှင့် လူသည် သတိအလွန် ကြီးမားဟန် ရှိသော်လည်း သူ ဘာမှမလုပ်ခဲ့ပေ။ ဤကဲ့သို့ သတိပေးခြင်းသည် ရန်လိုခြင်း မဟုတ်ဘဲ ကြိုတင် ကာကွယ်သည့် အနေဖြင့် သာမန် စစ်ဆေး မေးမြန်းခြင်းသာ ဖြစ်ကြောင်းကိုလည်း ဝမ်ရှန်း နားလည်ပေသည်။ တော်ဝင် မိသားစုသည် တကယ်ပဲ အင်အားစု များစွာကို သည်းခံဟန်ရှိ၏။ ဤကဲ့သို့ သည်းခံနေရခြင်းသည် တော်ဝင်မိသားစု အတွက်တော့ စိတ်မကောင်းစရာပင်။
ဤမီးခိုးရောင် ဝတ်ရုံနှင့်လူက ဝူရုံမြို့မှ မျက်နှာဖုံးအား သိနေသည်ကို ဝမ်ရှန်း မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ဤမျက်နှာဖုံးပေါ်မှ အစီအရင် အဆင့်သည် အလွယ်တကူ သိနိုင်လောက်သည်အထိ နိမ့်သောကြောင့်ပင်ဖြစ်၏။ သို့သော် အစီအရင်အား ဖြတ်ကာ မျက်နှာဖုံးအောက်မှ သူ့မျက်နှာကို မြင်ရရန်ကတော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝမ်ရှန်း ဘာမှစိုးရိမ်နေစရာ အကြောင်းမရှိချေ။
“ဒီတိုင်း ဖြတ်သွား ဖြတ်လာပါပဲ၊ ဝယ်စရာရှိလို့” ဝမ်ရှန်းမှ ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“ဒီနေရာက အင်ပါယာမြို့တော်ပဲ။ ဘာမဟုတ်တာမှ မလုပ်ရင် ပိုကောင်းမယ်”
ဝမ်ရှန်း ထင်လားသည့် အတိုင်းပင် ဤမီးခိုးရောင် ဝတ်ရုံနှင့် လူသည် သတိပေးရန်သာ ရောက်လာခြင်းဖြစ်၏။ ထိုစကား ပြောပြီးသည်နှင့် သူသည် ဝမ်ရှန်းအား တစ်ချက်ပင် မကြည့်ဘဲ လှည့်ထွက် သွားလိုက်တော့သည်။
ဤကောင်လေးသည် ဝိညာဉ်အဆင့် ဒုတိယအဆင့်သာ ရှိသည့် ကြေးစားပေါက်စ တစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော လူမျိုးက မြို့တော်အတွင်းမှ ဝိညာဉ်သခင်များရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ဤနေရာသည် အင်ပါယာမြို့တော် ဖြစ်သည်။ ဝိညာဉ်အဆင့် ဒုတိယအဆင့် ကြေးစားတစ်ယောက် မဆိုထားနှင့် အနီရောင်ကြေးစား တံဆိပ်ပြားနှင့် ကြေးစားသည်ပင် ဤနေရာ၌ စည်းမဲ့ကမ်းမဲ့ မပြုလုပ်ရဲပေ။ တော်ဝင်မိသားစုသည် အင်အားအရာတွင် အထက်တန်းလွှာ မိသားစုများနှင့် မယှဉ်နိုင်သော်လည်း မြို့တော် အတွင်းမှာတော့ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ရှိပေ၏။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤကဲ့သို့ ပြောဆိုမှုသည် ဝမ်ရှန်းအတွက် အနည်းငယ် နေရထိုင်ရ ခက်စေသည်။ သူပြောခဲ့သည့် အတိုင်းပင် သူသည် ဤနေရာသို့ စီးပွားရေးလုပ်ရန် လာခဲ့ခြင်းဖြစ်၏။ ပြဿနာရှာရန် မဟုတ်ပေ။
“ရှန်းဝေ အကျဉ်းထောင်လား။ ဒီနေရာက အင်ပါယာမြို့တော်ကွ၊ အဲ့အကြောင်း စဉ်းတောင်မစဉ်းစားနဲ့”
ဝမ်ရှန်း မြို့ဂိတ်တံခါးအား ဖြတ်ကျော်ခါနီးတွင် နောက်ထပ် သတိပေးချက် အသံတစ်သံ ကြားလိုက်ရသည်။ အသံလာရာဘက် လှည့်ကြည့် လိုက်သည့် အချိန်တွင် သူ့အတိုင်း အတားခံလိုက်ရသည့် လူတစ်ယောက်ကို ဝမ်ရှန်း မြင်လိုက်ရ၏။
ဝမ်ရှန်းသည် လင်းလုံစံအိမ်နှင့် တာအိုဘုရားကျောင်းတို့ သွားရန်အတွက် ဤနေရာသို့ လာခဲ့ခြင်း ဆိုသော်လည်း မြို့တော်သို့ ရောက်သည်နှင့် ထိုနေရာများသို့ ချက်ချင်း မသွားခဲ့ပေ။ မရင်းနှီးသည့်နေရာ၊ မြေပြင်အနေအထားနှင့် ထွက်ပြေး၍ ရသည့် လမ်းကြောင်းများအား မသိသေးသည့် အချိန်တွင် ကိုယ့်ဦးတည်ရာကို တန်းသွားခြင်းက ရူးမိုက်ရာ ကျပေမည်။
ကျွမ်းကျင် စနိုက်ပါသမား တစ်ယောက် ဖြစ်ခဲ့သည့် ဝမ်ရှန်းသည် ဤကဲ့သို့ အမှားမျိုး ပြုလုပ်မည် မဟုတ်ချေ။ ပထမဦးစွာ သူသည် မြို့အား တစ်ပတ် ပတ်လိုက်၏။ အနည်းဆုံးတော့ ဤမြို့တွင် သူ ထွက်၍ရသည့် ဂိတ်ပေါက် ဘယ်နှပေါက် ရှိလဲဆိုတာ သူ သိထားရမည် မဟုတ်ပါလော။
***