အပိုင်း ၁၉၇
အဲ့ကောင်က မကောင်းဆိုးဝါးကောင်ပဲ (၂)
အားချီသည် လျင်မြန်စွာ ရောက်လာခဲ့ကာ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ ဝမ်ရှန်း သူမနောက် ပြေးလိုက်ချင်သော်လည်း တစ်ခဏ စဉ်းစားလိုက်ပြီး ထိုအကြံကို လက်လျှော့ လိုက်၏။
သူသည် ဤခြေတံရှည် အမျိုးသမီးနောက် လိုက်လိုက်မည်ဆိုလျှင် လင်းလုံစံအိမ်သို့ သွားမည့် သူ၏ပန်းတိုင် သွေဖယ်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် သူ၏အိပ်မက်ထဲမှ ကောင်မလေးအား ရှာဖွေသည့် ခရီးစဉ်ပေါ်သို့ သေချာပေါက် သက်ရောက်မှု ရှိပေလိမ့်မည်။ ဒါ့ပြင် ဝမ်ရှန်းသည် ပြဿနာလည်း မရှာချင်ပေ။
ဝမ်ရှန်း ထိုအမျိုးသမီး နောက်သို့ မလိုက်သွားသည့် အချက်တစ်ချက် ရှိသေးပေသည်။ ယခု ဝမ်ရှန်းသည် တိုက်ခိုက်ရာ၌ ခွန်အား အလွန်အကျွံ အသုံးပြုခဲ့သောကြောင့် အချိန်တစ်ခု ကြာသည်အထိ သေချာပေါက် အားနည်း နေဦးမည်ဖြစ်၏။ ထို့ကြောင့်သာ အစောက တိုက်ခိုက်မှုတွင် နောက်ဆုံး အခိုက်အတန့်အတွင်း သူ ရိုင်ဖယ် သေနတ်ကို ထုတ်ခဲ့ခြင်း ဖြစ်သည်။
ထပ်မံ၍ ဤကဲ့သို့ လုပ်ကြံ တိုက်ခိုက်မှုမျိုး ကြုံတွေ့လာမည် ဆိုပါက ဝမ်ရှန်းသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းသာ ရှိမည်ဖြစ်ပြီး တန်ပြန်တိုက်ခိုက် နိုင်လိမ့်ဉီးမည် မဟုတ်ချေ။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူ မစွန့်စားနေတော့ပေ။
ထို့အပြင် အရေးကြီးဆုံး အချက်မှာ လုပ်ကြံသူ ခြေတံရှည် အမျိုးသမီးသည် အလွန်မြန်လှကာ ဝမ်ရှန်း လိုက်မမီခြင်းဖြစ်၏။ ဝမ်ရှန်းသည် လုံလောက်အောင် သန်မာသော်လည်း သူ၏အလျင်မှာ သိသိသာသာကြီး တိုးတက်လာခြင်းမျိုး မရှိပေ။
ဝမ်ရှန်းသည် တစ်ခဏကြာ စစ်ဆေးပြီးနောက် နောက်ထပ် တိုက်ခိုက်မှုများ မရှိကြောင်း သေချာပြီးမှ နောက်တစ်ကြိမ် ခရီးဆက်လိုက်ရင်း တောအုပ်အတွင်း ဝင်ရောက် ပျောက်ကွယ် သွားခဲ့တော့သည်။
………
ဝမ်ရှန်း ထွက်ခွာသွားပြီး အချိန်အတော်ကြာသော် အားချီနှင့် သူမ၏ အပေါင်းအပါ နှစ်ယောက်တို့ ထိုနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက် လာခဲ့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အလွန် သန်မာဟန် ရှိသည့် ထွားကျိုင်းသော အမျိုးသား နှစ်ယောက်သည် ရှစ်မီတာခန့် ရှည်လျားသည့် တုတ်ခိုင်သော သစ်တုံးကြီး တစ်ခုက တောင်နံရံအတွင်း စင်တီမီတာ အနည်းငယ်အထိ ဖောက်ဝင်နေသည်ကို တွေ့လိုက်ရသောအခါ သူတို့နှစ်ယောက်လုံး ကြက်သေ သေသွားခဲ့ကြသည်။
ဝမ်ရှန်း မလာခင် အစောပိုင်း၌ ထောင်ချောက်စင် ပြုလုပ်စဉ်က သူတို့သည် ဤသစ်တုံးကြီးကို ချွေးဒီးဒီးကျအောင် မခဲ့ရ၏၊ သူတို့ သုံးယောက်ပေါင်း၏ ရှိသမျှ အားကုန်သုံးလျက် ဤသစ်တုံးကို ထောင်ချောက် ဆင်ခဲ့ရ၏။ သို့သော် ဝမ်ရှန်းသည် ဤအရာကို သေးငယ်သည့် သစ်သားချောင်း တစ်ချောင်းကဲ့သို့ ကစားသွားခဲ့ပေသည်။
ကံကောင်းသည်မှာ တိုက်ခိုက်စဉ်အတွင်း အားချီက သူတို့နှစ်ယောက်အား ဝင်မပါခိုင်းခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့နှစ်ယောက်သည် အလောင်းပင် ကျန်မည် မဟုတ်ပေ။ ဤကဲ့သို့ ကြီးမားလှသည့် သစ်ပင်ကြီးကို လွှဲယမ်း အသုံးချ တိုက်ခိုက် လိုက်ခြင်းက အလွန် ကြောက်မက်ဖွယ်ပင်။
“မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ အဲ့ကောင်က မကောင်းဆိုးဝါးကောင်ပဲ”
အားချီသည် သူမ၏မျက်နှာကို အနက်ရောင်ပဝါဖြင့် အုပ်ထားဆဲဖြစ်၏။ ယခုအချိန်တွင် သူမ၏အသံသည် ပုံမှန်အသံ ပေါက်နေသော်လည်း ဝမ်ရှန်းနှင့် တိုက်ခိုက်ပြီး သေတွင်းမှ လွတ်မြောက်ခါစ အချိန်ထိ သူမ၏ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေကြောင်း သူမကိုယ်တိုင်သာ သိပေသည်။
ကြီးမားသည့် သစ်တုံးသည် ရှစ်မီတာကျော် ရှည်လျားကာ အချင်း ၉၀ စင်တီမီတာရှိ၏။ အသားတင် အလေးချိန်ကလည်း ငါးတန်ကျော်မျှ ရှိပေသည်။ ဤအလေးချိန်သည် ဟာသလုပ်၍ ရသည့် အလေးချိန် မဟုတ်ကြောင်း ထောင်ချောက်စင်စဉ်၌ သူတို့ ကောင်းကောင်းကြီး နားလည်ခဲ့ပေသည်။
အားချီသည် အဓိက မိသားစုများမှ အတွေ့အကြုံ ရင့်ကျက်သည့် ဝိညာဉ်သခင်များကို တွေ့ခဲ့ဖူးပေသည်။ ကီလိုဂရမ် ခြောက်ထောင်သည် ဟာသ မဟုတ်ပေ။ ထိုအလေးချိန်၏ ထက်ဝက် ကီလိုဂရမ် သုံးထောင်လေးသည့် လက်နက်များသည်ပင် အကန့်အသတ် ဖြစ်နေပြီဖြစ်၏။
ထိုကဲ့သို့ လေးလံသည့် လက်နက်များကို အသုံးပြုရာတွင် လက်နက်အား အရှိန်အနည်းငယ် ရအောင်လုပ်လိုက်ပြီး ၎င်း၏ အလေးချိန်ကို ပိုမိုပြင်းထန်သည့် အရှိန်အဖြစ် အသုံးချလျက် ရန်သူအား တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့ လေးလံသည့် လက်နက်မျိုးကို သာမန်လူများ အနေဖြင့် ဤကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ဝမ်ရှန်းသည်လည်း ထိုပုံစံအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ သူသည် ငါးတန်လေးသည့် သစ်တုံးအား ဆုပ်ကိုင်ကာ သစ်တုံးအလေးချိန်ဖြင့် လိုက်၍ အလျားလိုက် ပစ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဓိက အင်အားစုများမှ ထိုကဲ့လုပ်နိုင်သည့် လူများ၏ ဝိညာဉ်အဆင့်သည် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့် ဝိညာဉ်သခင်များသာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် ဝမ်ရှန်းကရော… သူသည် ဒုတိယအဆင့် အထွတ်အထိပ်သာ ရှိသေးပေ၏။
ဝမ်ရှန်းနှင့် တိုက်ခိုက်စဉ်တွင် အားချီ အလွန်ကို ထိတ်လန့် မိနေခဲ့ပေသည်။ ဤတိုက်ခိုက်မှုသည် တကယ့်ကို သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်၏။ ငါးတန်မျှ လေးသည့် ကြီးမားသော သစ်တုံးကြီး သူမဆံပင်အား ဖြတ်တိုက်သွားကာ တောင်နံရံ အတွင်းသို့ စိုက်ဝင်သွားခြင်းသည် အလွန်ကို ကျောချမ်းစရာ ကောင်းလှပေသည်။ အားချီသည် ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ် အကောင်းအတိုင်း ရှိသေးသည်ကိုပင် ကျေးဇူးတင်ရမည်။
အမှန်အားဖြင့် နောက်ဆုံး အကြိမ် တိုက်ခိုက်မှု၌ ထိုကြီးမားသည့် သစ်တုံးက ဝမ်ရှန်း၏ မြင်ကွင်းအား ရုတ်တရက် ကွယ်သွားသည့် အခိုက်အတန့်အတွင်း သူမ လွတ်လာခဲ့ခြင်းဖြစ်၏။ သို့မဟုတ်ပါက သူမ အသက်ရှင် နိုင်ပါမည်လားဟုပင် သံသယ ဖြစ်မိပေသည်။
အားချီ၏ခြေချင်းဝတ် ရောင်ကိုင်း နေသည်ကို အားချီနှင့်အတူ ပါလာသည့် လူနှစ်ယောက်မှ သတိမထားမိသလို ယခုလိုမျိုး သစ်ကိုင်း အကျိုးအပဲ့များပေါ်၌ ရပ်နေရခြင်းက သူမအတွက် အဆင်မပြေ ဖြစ်နေသည် ဆိုတာကိုလည်း သူတို့ သတိမပြုမိကြချေ။
အားချီသည် သူမ၏ခြေထောက်ဖြင့် ဝမ်ရှန်း၏ လက်သီးအား ကန်ခဲ့ကာ သစ်တုံးကြီးကိုလည်း ခြေထောက်ဖြင့် ထောက်၍ အကြိမ်ပေါင်းများစွာ ရှောင်ခဲ့ရသေး၏။ သူမ၏ဖိနပ်၌ ထည့်သွင်း ပြုလုပ်ထားသည့် အရည်အသွေးမြင့် အကာအကွယ် အစီအရင်အပြင် ဖိနပ်အောက်ခြေ၌ ထည့်သွင်းထားသည့် ကြယ်ငါးပွင့်သားရဲ၏ အရိုးသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီဖြစ်၏။ သူမသည် ယခင်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ ဖူးသော်လည်း တစ်ခေါက်မှ ဤကဲ့သို့ မဖြစ်ဖူးပေ။
သူမ၏ခြေထောက်နှင့် ခြေဖဝါးများသည် ယခုအချိန်အထိ ကိုက်ခဲနေဆဲဖြစ်၏။ အထူးသဖြင့် ဝမ်ရှန်း၏ လက်သီးနှင့် ထိပ်တိုက် တွေ့ခဲ့သည့် ခြေထောက်ဖြစ်သည်။ လမ်းလျှောက်ရာတွင် ထိုခြေထောက်သည် အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေတော့သည်။
သူမ ဝမ်ရှန်းအား ပစ်လိုက်သည့် ဓားမြှောင်ကမူ ပြောစရာပင် မရှိတော့ချေ။ ဝမ်ရှန်း ထိုဓားမြှောင်အား ဖမ်းလိုက်သည့် အချိန်တွင် ဓားမြှောင်သည် ပုံပျက်သွားပြီး ဆက်လက်အသုံးပြုရန်ပင် မဖြစ်နိုင်တော့ချေ။ ထို့ပြင် ဓားမြှောင်ပေါ်၌ သုတ်လိမ်း ထားသည့် အဆိပ်သည် ဝမ်ရှန်းပေါ်သို့ ဘာသက်ရောက်မှုမှ ရှိခဲ့ဟန် မပေါ်ပေ။
သူတို့၏ လုပ်ကြံမှုက လုံးဝကို ရှုံးနိမ့်ခဲ့သည်ဟု ပြော၍ရပေသည်။ အကောင်းပကတိ ပြန်ဆုတ်နိုင်သည်ကိုပင် ကံဆိုးမှုထဲမှ ကြီးမားသည့် ကံကောင်းမှုတစ်ခုဟု ပြောရမည့် အလားပင်။
“ဟုတ်တယ်… သူက မကောင်းဆိုးဝါး တစ်ကောင်ပဲ”
လူသန်ကြီးထဲမှ တစ်ယောက်သည် ဝမ်ရှန်း ထွက်သွားသည့် ဘက်သို့ ကြည့်ကာ သေချာခိုင်မာစွာ ပြောလိုက်၏။ သူ၏အင်အားစု အတွင်းရှိ သူနှင့်သက်တူ ရွယ်တူများထဲတွင် သူ့ကို အင်အား အကြီးဆုံးဟု သတ်မှတ်ကြပေသည်။ သို့သော် ဝမ်ရှန်းနှင့် ယှဉ်လိုက်လျှင် သူသည် ကလေးသာသာပင် မရှိချေ။
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ အဲ့ခြေရာခံ ဆေးရည်က နောက် ၁၀ ရက်အတွင်း အာနိသင် ပြယ်တော့မှာ”
အခြားလူသန်ကြီး တစ်ယောက်မှ အားချီအား မေးလိုက်သည်။
အားချီသည် အလွန် စိတ်ပျက် နေသော်လည်း ယခုအချိန်တွင် သူမတို့ ဝမ်ရှန်းအား မသတ်နိုင်ကြောင်းကိုတော့ သူမ ဝန်ခံရပေလိမ့်မည်။
“ငါတို့ချည်းပဲ သူ့ကိုမသတ်နိုင်ဘူး”
ထိုလူသန် နှစ်ယောက်လည်း အားချီ၏ စကားအား ထောက်ခံကြောင်း ခေါင်းညိတ် လိုက်ကြသည်။ အဆိုးဆုံးက သူတို့ သုံးယောက်လုံးသည် တတိယအဆင့် အစောပိုင်းအဆင့် ဖြစ်ကြသည်။ သို့သော် သူတို့သည် ဒုတိယ အထွတ်အထိပ်အဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပင် အောင်မြင်အောင် မလုပ်ကြံနိုင်ခဲ့ကြပေ။ ကံကောင်းသည်က ဤအကြောင်းကို အခြားမည်သူမှ မသိခြင်းဖြစ်၏၊ မဟုတ်လျှင် သူတို့သည် အများ၏ လှောင်ရယ်စရာ ဖြစ်လာပေလိမ့်မည်။
“အရင်ဆုံး သူ့နောက် အရင် လိုက်ကြတာပေါ့။ ပြီးမှ တဖြည်းဖြည်းချင်း အခွင့်အရေး ရှာကြမယ်။ သူ့မှာ ဘာဟာကွက်မှ မရှိဘူးဆိုတာ ငါ မယုံဘူး”
အားချီသည် ကျွမ်းကျင်သည့် ကြေးစား တစ်ယောက်ဖြစ်၏။ ကျွမ်းကျင်သည့် ကြေးစား တစ်ယောက်သည် လုံလောက်သည့် စိတ်ရှည်မှု ရှိရပေသည်။ ဝမ်ရှန်းသည် ဘာမှမလုပ်ဘဲ သိုက်ဝူကျီးအား ရက်ပေါင်းများစွာ လေ့လာနိုင် သကဲ့သို့ အားချီလည်း လုပ်နိုင်ပေသည်။
ကံမကောင်းသည်က စိတ်ကူးက ကောင်းသော်လည်း အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်သည့်အချိန်တွင် ထိုမျှလောက် မရိုးရှင်းနေခြင်း ဖြစ်၏။
ဝမ်ရှန်းသည် တစ်ကြိမ် လုပ်ကြံခံရပြီးနောက် ယခင်ကထက် များစွာ ပို၍ သတိရှိလာခဲ့၏။ ထို့အတွက်ကြောင့် အားချီနှင့် အခြားသူများက သူ့နား ကပ်ရန် ခက်ခဲသွားပေသည်။ ထို့အပြင် ဝမ်ရှန်းသည် မထင်ရင် မထင်သလိုလည်း ခြေလှမ်းများ ထထ ပြောင်းတတ်သေး၏။ သူတို့သည် အရှေ့တွင် ဝမ်ရှန်းကို လမ်းပိတ် ထားနိုင်ပြီဟု ထင်သည့် အချိန်တွင် ဝမ်ရှန်းသည် ရုတ်တရက် အခြားတစ်လမ်းမှ ပတ်သွား လိုက်သည်။
ထိုကဲ့သို့ ဆက်တိုက် ဖြစ်လာပြီးနောက် သူတို့သုံးယောက်သည် ဝမ်ရှန်းရှေ့၌ ထောင်ချောက် ဆင်ချင်စိတ်များ ကုန်ခန်း သွားတော့သည်။ ဝမ်ရှန်း ကိုယ်ပေါ်၌ ရှိသည့် ခြေရာခံဆေးရည် တဖြည်းဖြည်းချင်း ပျောက်ကွယ် နေပြီး သူတို့၏ အာရုံခံနိုင်စွမ်း အတွင်းမှ လုံးဝ ပျောက်ကွယ် သွားသည် အထိ ဘာမှမတတ်နိုင်ဘဲ နေနေ လိုက်ရတော့သည်။
နောက်ဆုံးတွင် အားချီနှင့် အခြားလူများသည် စိတ်ပျက် လက်ပျက်ဖြင့်သာ နောက်ပြန်လှည့် ကြရတော့၏။ ယခုတစ်ကြိမ် လွှဲချော်သွားပြီး နောက်တွင် ဝမ်ရှန်း ဝူရုံမြို့ အတွင်းမှ နောက်တစ်ကြိမ် ထွက်ခွာမည့် အခွင့်အရေးကို ရှာတွေ့နိုင်ရန် မလွယ်တော့ပေ။
……
သိုက်ဝူကျီး၏ သေဆုံးမှုကြောင့် ကမ္ဘာကြီး တစ်ခုလုံး ယောင်ယက်ခတ်နေသည့် အချိန်တွင် ဝမ်ရှန်းသည် သူကြေးစားခန်းမမှ ဝယ်ယူလာခဲ့သည့် သာမန် မျက်နှာဖုံးဖြင့် မျက်နှာပုံစံ ပြောင်းကာ မြို့တော်၏ အစွန်အဖျား၌ ပေါ်လာခဲ့တော့သည်။
***