အပိုင်း ၁၉၆
အဲ့ကောင်က မကောင်းဆိုးဝါး တစ်ကောင်ပဲ (၁)
လူသတ်လိုရိပ် ဆိုသည်မှာ မသိစိတ်က လာသော မနောအသိ သက်သက်ပင် ဖြစ်၏။ ပိုပြီး တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် သူ၏မသိစိတ်မှ နေ၍ အန္တရာယ် အငွေ့အသက်ကို ခံစားနေရခြင်း ဖြစ်သည်။
ဝမ်ရှန်း လေ့ကျင့်ခဲ့ရသည့် လေ့ကျင့်မှုများသည် သူ အန္တရာယ်နှင့် ကြုံတွေ့သည့် အချိန်တိုင်း အလျင်မြန်ဆုံး တုံ့ပြန်နိုင်စေရန် ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် တစ်ဖက်သို့ အလျင်အမြန် ခုန်လိုက်သည့် အချိန်တွင် သူ၏ခေါင်းထက်တွင် ခေါင်းဆောင်းနှင့် သူ၏လက်တွင် နောက်ထပ် လက်အိတ်တစ်စုံတို့ ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့သည်။
ထိုခေါင်းဆောင်းနှင့် လက်အိတ်တို့သည် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သားရေဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ခန္ဓာကိုယ် အတွက်လည်း တောအတွင်းသို့ ဝင်သည့် နှင့်တစ်ပြိုင်နက် ဝမ်ရှန်း ဘွတ်ဖိနပ်များ၊ ထိုဝံပုလွေသားရေဖြင့် ပြုလုပ်ထားသည့် အတွင်းဝတ်နှင့် အရည်ကျည်ကာ အင်္ကျီတို့ကိုလည်း ဝတ်ဆင် ထားပြီးဖြစ်သည်။ ထိုအရာများသည် ဝမ်ရှန်း၏ သေစေနိုင်လောက်သည့် နေရာ အစိတ်အပိုင်းများကို ကာကွယ်ရန် လုံလောက်လေသည်။
ဝမ်ရှန်း ထိုကဲ့သို့ တစ်ဖက် ခုန်လိုက်သည့် အချိန်မှာပင် အစိမ်းရင့်ရောင် ဓားမြှောင်တစ်ချောင်း ဝမ်ရှန်း၏ လည်ပင်းထံသို့ ဦးတည် ဝင်ရောက် လာခဲ့သည်။
ဤလုပ်ကြံမှုသည် ကြိုတင် ကြံစည်ထားခြင်း ဖြစ်သည်။ ဝမ်ရှန်းက အချိန်မီ သတိထားမိပြီး ဘေးသို့ ခုန်လိုက်ခဲ့သည် ရှိသော် ဟုပင် သူတို့ ကြိုတင် ထည့်တွက် ထားသည်။ ဤအနေအထားတွင် ဝမ်ရှန်း ရှောင်မည်ဆိုပါက သူ၏ညာဘက်တွင် ချွန်ထက်သည့် ဆူးချွန်ပင်များ ရှိနေသောကြောင့် ဘယ်ဘက်သို့သာ ခုန်၍ ရပေမည်။ ဝမ်ရှန်း မဟုတ်ဘဲ အခြားလူ ဆိုပါကလည်း ထိုသူသည် အလိုအလျောက် ဘယ်ဘက်သို့ ခုန်ရှောင်၍သာ တုံ့ပြန် ပေလိမ့်မည်။
သို့သော် ကြိုတင်ကြံစည် ထားသည့် လူတို့၏ အစီအစဉ်များ အားလုံး လွဲချော် သွားကြောင်း တွေ့လိုက်ရသည်။ ဝမ်ရှန်းသည် သူ၏ပင်ကို အသိစိတ်၊ အလိုအလျောက် တုံ့ပြန်မှုတို့နှင့် ဆန့်ကျင်စွာ ညာဘက်သို့ ခုန်ခဲ့ခြင်းဖြစ်၏။
ထိုနေရာတွင် ဆူးချုံပင် ရှိနေသည်ကို သူ မသိသည်လော။ သူ ထိုနေရာသို့ ခုန်လိုက်လျှင် သူ၏ခန္ဓာကိုယ်ကို ဆူးများ ထိုးနှက်ကာ သူ၏အမြင် အာရုံကိုလည်း လျှပ်တစ်ပြက် ခဏတာ ပိတ်မိလိုက်မည် မဟုတ်ပါလား။
ဝမ်ရှန်း သူ့ကမ္ဘာမြေပေါ်၌ ကြုံတွေ့ခဲ့ရသည့် မရေမတွက်နိုင်သည့် လေ့ကျင့်မှုများသည် ဤကဲ့သို့ ပင်ကိုအသိစိတ်နှင့် အလိုအလျောက် တုံ့ပြန်မှုများကို ဆန့်ကျင် ကျော်လွှားနိုင်ရန် ဖြစ်သည်။ ဥပမာအားဖြင့် တိုက်ခိုက်စဉ်၌ မျက်လုံးရှင်ရှင် ထားကာ အန္တရာယ်ရှိသည့် နေရာထံသို့ ပြေးသွားပြီး အကြီးအကျယ် ထိခိုက်မည့်အစား အသေးစား ထိခိုက်ဒဏ်ရာ ရမှုကိုသာခံလိုက်ခြင်းမျိုးပင်။
ယခု ဝမ်ရှန်းက ညာဘက်သို့ ခုန်လိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည့် လုပ်ကြံမှုတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အစပိုင်းတွင် ဝမ်ရှန်း၏ လည်ပင်းအား ဓားဖြင့် ထိုးစိုက်ရန် တစ်ချက်သာ လှုပ်ရှားဖို့ လိုအပ်၏၊ သို့သော် ယခုအချိန်တွင် နောက်ထပ် လှုပ်ရှားမှုများကို ပြုလုပ်ရတော့မည် ဖြစ်သည်။
ထိုကဲ့သို့ သေးငယ်သည့် ဟာကွက် ဖြစ်ပေါ်လာခြင်းသည် ဝမ်ရှန်းအား တုံ့ပြန်ရန် အချိန်လုံလောက်စေခဲ့၏။ သူသည် ထိုဓားမြှောင်၏ ထိပ်ပိုင်းအား လက်ဖြင့် ဆုပ်ကိုင်ကာ အားကုန်သုံး၍ တစ်ဖက်သို့ ပြန်လွှဲရမ်း လိုက်သည်။
ယခုအချိန်တွင် ဝမ်ရှန်းက ဘယ်လောက်တောင် ခွန်အားကြီးမား သန်မာနေသနည်း…
ဓားမြှောင်ထိပ်ကို ဆုပ်ကိုင် လိုက်သော်လည်း ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ သားရေလက်အိတ်နှင့် ထိုလက်အိတ်ပေါ်မှ အကာအကွယ် အစီအရင်တို့ကြောင့် ဓားမြှောင်သည် လက်အိတ်အား ဖောက်ထွက် မသွားခဲ့ပေ။
ချက်ချင်းပင် ပုံရိပ်တစ်ခု လေထဲသို့ ခုန်ထွက် လာခဲ့ပြီး ဝမ်ရှန်း လေထဲသို့ လွဲရမ်းလိုက်သည့် လက်အား ခြေထောက်ဖြင့် ကန်လိုက်သည်။
ဘုန်း….
လက်သီးနှင့် ခြေထောက် ထိပ်တိုက် တွေ့ဆုံ သွားခဲ့သည်။ သို့သော် ဝမ်ရှန်း၏ ထိုးချက်သည် ထိုလူ၏ ခြေထောက်အား မထိသွားခဲ့ပေ။ ထိုကဲ့သို့ ထိပ်တိုက် တွေ့ဆုံသွားသည့် အခိုက်အတန့်မှာပင် လုပ်ကြံသူသည် ဝမ်ရှန်း၏ လက်သီး ပြင်းအားဖြင့် အမြင့်ကို ပြန်ကန်ထွက် စေလိုက်ပြီး အလျင်အမြန်ပင် နောက်ပြန်ဆုတ် လိုက်သည်။
ဝုန်း….
ထိုအချိန်မှာပင် ဝမ်ရှန်းရှေ့၌ ရှိနေသည့် သစ်ပင်၏ အကိုင်းအခက်များ ရုတ်တရက် လှုပ်ရှား လာခဲ့သည်။ အချင်း ၉၀ စင်တီမီတာ ရှိသည့် ကြီးမားသော သစ်သားတုံးတစ်ခု လေပေါ်မှ လွှဲကျလာခဲ့ကာ ဝမ်ရှန်း၏ ရင်ဘတ်အား ဦးတည် ရိုက်နှက် လိုက်သည်။
သို့သော် ဝမ်ရှန်းသည် သူ့နေရာ၌သာ ရပ်နေခဲ့ပြီး တစ်ချက်ကလေးမှပင် မရှောင်ခဲ့ပေ။ သူသည် သူ၏ညာဘက် လက်သီးကို လက်ဝါးအဖြစ် ပြောင်းကာ လက်နှစ်ဖက်ဖြင့် သစ်သားတုံးအား ဆုပ်ကိုင် လိုက်သည်။
ထိုကြီးမားသည့် သစ်သားတုံးသည် မည့်သည့် အမျိုးအစားဖြစ်မှန်း မသိသော်လည်း သစ်သားတုံး၏ အရှေ့ပိုင်းသည် ရုတ်တရက် ဝမ်ရှန်း၏ လက်ထဲ တိုဖူးပျော့ တစ်တုံးအား ဆုပ်ကိုင် မိလိုက်သည့် အလား နစ်ဝင် သွားခဲ့တော့၏။ ထို့နောက် ဝမ်ရှန်းသည် ရှစ်မီတာကျော် ရှည်လျားသည့် ကြီးမားသော ထိုသစ်တုံးအား ရှည်လျားသည့် တုတ်ချောင်း တစ်ချောင်းကဲ့သို့ အသုံးပြုကာ လေထဲ၌ ရှိနေသည့် ပိန်ပါးသွယ်လျသည့် ပုံရိပ်အား ထိုးချလိုက်သည်။
လူက လေထဲ၌ ရှိနေသည့် အတွက်ကြောင့် လုပ်ကြံသူသည် ထိုသစ်တုံးကို ရှောင်ရန်ကား မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုကြီးမားသည့် သစ်တုံး သူမထံသို့ ဦးတည် လာနေကြောင်း မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမသည် သူမ၏ဘယ်ဘက် ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ကာ သစ်တုံးပေါ်သို့ ထောက်လိုက်ပြီး သစ်တုံး လမ်းကြောင်းမှ ရှောင်လိုက်လေသည်။
သူမ ထိုကဲ့သို့ ရှောင်လိုက် သောအခါ ဝမ်ရှန်းသည် သစ်တုံးကို သူ့ဘက်သို့ ပြန်ဆွဲ လိုက်သည်။ ထို့နောက် သစ်တုံးအား အနီရောင် ပန်းဖွားများ တပ်ထားသည့် လှံတစ်ချောင်းကဲ့သို့ အသုံးပြုကာ လေထဲ၌ရှိနေသည့် ပုံရိပ်အား နောက်တစ်ကြိမ် တိုက်ခိုက် လိုက်သည်။
ဤမြင်ကွင်းသည် ဝမ်ရှန်းအား တိုက်ခိုက်သည့် လူအား ကြောင်အ သွားစေခဲ့၏။ သို့သော် ကံကောင်းသည်က သူမသည် ချက်ချင်း သတိပြန်ဝင် လာခဲ့ကာ ထိုသစ်တုံး၌ ရှိနေသည့် သစ်ကိုင်းနှစ်ခု ကြားအား ပြန်ကန်ထုတ် လိုက်သည်။
ထို့ကဲ့သို့ အနောက်သို့ ပြန်ကန်ထွက် သွားသည့် အချိန်ပင် ထိုလုပ်ကြံသူ၏ လက်ထဲ၌ ဒူးလေးတစ်ခု ပေါ်လာခဲ့ကာ ဝမ်ရှန်း၏ လည်ပင်းနှင့် ရင်ဘတ်အား ဉီးတည်လျက် သုံးချက်တိတိ ပစ်လိုက်တော့သည်။
ဝှစ်… ဝှစ်… ဝှစ်…
တစ်ချိန်တည်းမှာပင် ဝမ်ရှန်းသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ ထိုသစ်တုံးကို အားဖြင့် အရှေ့သို့ ပစ်လွှတ် လိုက်သည်။ ကြီးမားသည့် သစ်တုံးသည် လေးညှို့မှ လွတ်သွားသည့် မြားတစ်စင်းအလား အနောက်သို့ ပြန်ကန်ထွက် သွားနေသည့် ပုံရိပ်ထံသို့ တည့်တည့်ဦးတည် သွားလေသည်။
ထိုလုပ်ကြံသူမှ ပစ်လွှတ်ခဲ့သည့် မြားသုံးအနက်မှ သူ၏ လည်ပင်းထံသို့ ဦးတည် လာနေသည့် မြားတံကို ဝမ်ရှန်းသည် ခေါင်းအား အနည်းငယ် စောင်း၍ ရှောင်လိုက်ပြီး ရင်ဘတ်သို့ ဦးတည်နေသည့် မြားနှစ်ချောင်းကိုမူ ဝမ်ရှန်း ကြည့်ပင် မကြည့်ခဲ့ပေ။
ဒုတ်… ဒုတ်…
အသံနှစ်ချက် နှင့်အတူ မြားနှစ်ချောင်းမှာ ဝမ်ရှန်း၏ ရင်ဘတ်အား ထိရိုက်သွားခဲ့ပြီး အောက်သို့ ပြန်ပြုတ်ကျ သွားခဲ့၏။ ထိုမျှလောက်သာဖြစ်ပြီး မြားများမှာ ဝမ်ရှန်း၏ အသားကိုပင် မထိခဲ့ချေ။
ထိုအချိန် ဝမ်ရှန်း၏ လက်ထဲ၌ M200 စနိုက်ပါရိုင်ဖယ် တစ်လက် ပေါ်လာခဲ့ကာ ဝမ်ရှန်း အရှေ့သို့ ရွယ်လိုက်သည်။ သို့သော် ဝမ်ရှန်း မပစ်လိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ကြံသူသည် ရုတ်ခြည်းပင် ချုံများအတွင်း တိုးဝှေ့ဝင်ရောက် ပျောက်ကွယ် သွားခဲ့သောကြောင့်ဖြစ်၏။ ဤကဲ့သို့ မသေချာသည့် အခြေအနေမျိုးတွင် ပစ်ခတ်ခြင်းက ကျည်ကုန်ရုံသာ ရှိပေမည်။
“ခြေတံရှည် ကောင်မလေး၊ ငါ မင်းကို မှတ်မိတယ်နော်” တောအုပ် အတွင်းသို့ ဝမ်ရှန်း လှမ်းအော် လိုက်သည်။
ယခုတိုက်ခိုက်စဉ် အတွင်းတွင် ဝမ်ရှန်းသည် အခြားတစ်ဖက်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သို့သော် တစ်ဖက်၏ အံ့အားသင့်စရာ ကောင်းသည့် ခြေတိုက်ကွက်များက ဝမ်ရှန်းအား လှပရှည်လျားသည့် ခြေတံသွယ်သွယ်နှင့် ကောင်မလေးအား အမှတ်ရ သွားစေခဲ့သည်။
ဝမ်ရှန်းအား တိုက်ခိုက်ခဲ့သည့် လူသည် အားချီပင် ဖြစ်၏။ သူမ၏ အပေါင်းအဖော် နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ လက်ချက်ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က သူတို့သည် ဝမ်ရှန်း၏ရန်သူ ဖြစ်သောကြောင့် ဝမ်ရှန်း သူတို့အား သတ်ခဲ့ခြင်း ဖြစ်သော်လည်း အားချီသည် ဝမ်ရှန်းအား တစ်သက်သာ အခဲမကြေသည့် ရန်သူအဖြစ် သတ်မှတ် ထားတော့သည်။
ဝူရုံမြို့အတွင်း၌ ရှိစဉ်တွင် သူမသည် ဝမ်ရှန်းအား ချက်ချင်း မှတ်မိခဲ့သော်လည်း ဘာမှလုပ်၍ မရခဲ့ပေ။ နောက်ပိုင်းတွင် ဝမ်ရှန်းက မြို့အတွင်းပိုင်းသို့ ဝင်သွားခဲ့သည့် အတွက်ကြောင့် သူမ ပို၍ပင် အခွင့်အရေးမရ ဖြစ်ခဲ့ရသည်။ သို့သော် အားချီသည် လက်မလျှော့၊ အမြဲမပြတ် အခွင့်အရေး ရှာနေကာ အစီအစဉ်များကို ကြိုတင် စီစဉ်ထားခဲ့၏။
နောက်ဆုံးတွင် ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေဘက်ရှိ ဂိတ်မှတစ်ဆင့် မြို့ပြင်သို့ ထွက်ခဲ့သည်။ ထိုအချိန်တွင် ထိုဂိတ်တံခါး၌ ရှိနေသည့် အားချီ၏ လူသည် ဝမ်ရှန်းနှင့် စကားပြော နေစဉ်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ အရောင်အနံ့ မရှိသည့် အရည်များ ဖိတ်စင်အောင် ပြုခဲ့သည်။
အခြားလူများ အမြင်တွင် ဤအရည်သည် အရောင်အနံ့ မရှိသည့် အရည်ဖြစ်၏၊ သို့သော် ထိုအရည် မှတစ်ဆင့် ဝမ်ရှန်း မည်သည့်နေရာ၌ ရှိကြောင်း အားချီ ရှာနိုင်ပေသည်။ ဟုတ်ပါသည်၊ သူမသည် ဝမ်ရှန်းနောက် လိုက်ကာ ဂျင်ဒီနယ်မြေထဲသို့ မလိုက်နိုင်ပေ။ သို့သော် ဝမ်ရှန်း သိုက်မိသားစုအား ကလဲ့စား ပြန်လာချေမည် ဆိုတာကို သူတို့အားလုံး သိကြပြီးဖြစ်ရာ အားချီသည် သိုက်မိသားစု နေရာဘေး၌ နေကာ ဝမ်ရှန်းအား ကြိုစောင့်နေခဲ့၏။
နောက်ဆုံး ဝမ်ရှန်း ရောက်လာသည့် အချိန်မှာပင် အားချီသည် ဝမ်ရှန်း သူမအား ရှာတွေ့သွားမည်ကို စိုးသောကြောင့် ဝမ်ရှန်း သိုက်ဝူကျီးအား လုပ်ကြံနေစဉ် တစ်လျှောက်လုံး မထွက်လာခဲ့ပေ။ ဝမ်ရှန်းက သူတို့ ကြိုတင် စီစဉ်ထားသည့် ထောင်ချောက် အတွင်းမှ လွတ်မြောက်သွားသည့် အချိန်မှသာ သူမ ထွက်လာခဲ့၏။ သို့သော် သူမ၏ ဝမ်ရှန်းအား လုပ်ကြံမှုသည်လည်း ကျရှုံးခဲ့လေ၏။
***