Chapter – 2
“နှုတ်ခမ်းပဲ့ခြင်းမီးမှုတ်”
ရဲရှောင်အံ့ဩလွန်း၍ ပါးစပ်ပင်မစေ့နိုင်တော့ပေ။ သူ့ဘဝတွင်တစ်ကြိမ်တစ်ခါမျှ စိတ်ကူးဖြင့်ပင်မတွေးခဲ့သည့်ကိစ္စများသည်အမှန်တကယ်ပင်ဖြစ်လာခဲ့လေပြီ။
ယခုလက်ရှိတွင် သူပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ်သည် တစ်စုံတစ်ယောက်ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြစ်ပြီး ထိုလူသည် မော်တယ်ကမ္ဘာမှ လူပင်ဖြစ်သည်။
ရဲရှောင်၏ ခန္ဓာကိုယ်သည်အခြားတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်နေသော်လည်း နာမည်မှာမူ ရဲရှောင်အဖြစ်ရှိနေတုန်းပင်။ အဘယ့်ကြောင့်ဆိုသော်ခန္ဓာကိုယ်အား ပိုင်ဆိုင်သည့်ယခင်လူ၏ နာမည်နှင့် သူ၏ နာမည်သည်တူနေသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်၏ ပိုင်ရှင်ဖြစ်သူ ယခင် ရဲရှောင်သည်ချန်နိုင်ငံတော်မြောက်ပိုင်းစစ်သူကြီး ရဲနမ်ရှန်၏ သားတစ်ယောက်ဖြစ်လေသည်။
ခန္ဓာကိုယ်အားပိုင်ဆိုင်သည့်မူလပိုင်ရှင်သည်အကျင့်စာရိတ္တ မကောင်းသည့်သူ၏ အပေါင်းအသင်းများနှင့်တစ်ညလုံးပျော်ပါးသောက်စား၍ အိမ်ပြန်မရောက်ခင်အချိန်မှာပင်ဗိုက်အောင့်ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပြီးသေဆုံးခဲ့ရသည်။
ထိုအချိန်တွင်ရှောင်ဧကရာဇ်၏ ဝိညာဉ်သည်အဆိုပါ လူသေကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းပင်ဖြစ်သည်။
“ငါ့ရဲ့ အခုလက်ရှိ အခြေအနေကို နားလည်ပြီလို့ ငါထင်တယ်။ ဟာ . . . မဟုတ်သေးပါဘူး။ ဒီအခြေအနေကို ငါလုံးဝလက်မခံနိုင်သေးဘူး . . .”
ရဲရှောင်သူ၏ နားထင်မွှေးများကို ဆုပ်ကိုင်ရင်း မျက်မှောင်ကြုပ်လိုက်ကာ –
“ငါ့ အသက်နဲ့ ခန္ဓာအိုးစားကွဲသလိုကို ငါသေချာပေါက် ခံစားလိုက်ရတာပါ။ အဲ့ဒီလို အခြေအနေမျိုးနဲ့ဆို ငါဘယ်လိုနည်းနဲ့မှ အသက်မရှင်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ။ နောက်ပြီး ဒီခန္ဓာကိုယ်ထဲကို ဘယ်လိုပြန်မွေးဖွားလာတာပါလိမ့် . . . မယုံနိုင်စရာပဲ . . . ”
အတွေ့အကြုံများစွာရှိသည့် သူလို လူတစ်ယောက်ပင်ရှေ့ဆက်၍ မည်သည့်အရာများ ဆက်ဖြစ်မည်ဆိုသည်ကို မတွေးတတ်အောင်ပင် ရှိနေလေသည်။
မဖြစ်နိုင်သည့် ကိစ္စများသည် ရဲရှောင်အတွက် အမှန်တကယ်ဖြစ်လာခဲ့ချေပြီ။
(ဟုတ်ပြီ . . . ဟုတ်ပြီ . . . အသက်ရှင်နေသမျှ ကာလပတ်လုံးမျှော်လင့်ချက်ဆိုတာ ရှိနိုင်သေးတယ်။ အခု ငါ့မှာလည်း မျှော်လင့်ချက်ဆိုတာရှိလာပြီ။ ငါ့ရဲ့ ကျင့်စဉ်တွေကို ပြန်ကျင့်နိုင်မယ်ဆိုရင်ထင်ရှားကျော်ကြားတဲ့ရှောင်ဧကရာဇ်ဘဝကို မကြာခင်ပြန်ရယူနိုင်မှာပဲ။ အဲ့ဒီနေ့ ပြန်ရောက်လာရင်တော့ ဂိုဏ်းကြီးသုံးခုစလုံးကို ရက်ရက်စက်စက်နဲ့ကို လက်စားပြန်ချေပစ်ဦးမယ်)
ရဲရှောင်သည် အံတစ်ချက်ကြိတ်လိုက်ရင်း အတွေးပေါင်းများစွာအား တွေးလိုက်မိသည်။
ဂိုဏ်းကြီးသုံးခုသည် သူတို့နှင့် သဘောထားချင်း မတိုက်ဆိုင်သည့် ရဲရှောင်အား ရက်စက်စွာ သတ်ပစ်ခဲ့ကြသည်။ သို့သော်လည်း ထိုဂိုဏ်းသုံးခု မတွေးမိခဲ့သည့် အချက်သည် သူတို့ အသေကြေ လိုက်လံသတ်ဖြတ်ခဲ့သည့် ရှောင်ဧကရာဇ်သည် ယခုအချိန်အထိ အသက်ရှင် နေသေးသည် ဆိုသည်ကိုပင်။
ရဲရှောင်သည် အံတင်းတင်းကြိတ်လိုက်ရင်း –
(မျိုးမစစ်ကောင်တွေရေ . . . ငါမျှော်လင့်နေတဲ့ နေ့တော့ရောက်လာခဲ့ပြီ။ မင်းတို့ကောင်တွေကို အံ့ဩစရာကောင်းတာတွေ ဖန်တီးပြရတော့မှာပေါ့)
ထို့နောက် ခဏအကြာတွင် ရုတ်တရက်ဆိုသလိုပင် ရဲရှောင်၏ ဗိုက်ထဲမှ မခံမရပ်နိုင်အောင် နာကျင်လှသည့် ဝေဒနာအား ခံစားလိုက်ရသည်။ နာကျင်လွန်း၍ မျက်နှာပင် ရှုံ့တွသွားသည်။ ဝေဒနာသည် ပြင်းထန်လွန်း၍ သူ၏ အူများအား ဆုတ်ဖြဲပစ်လိုက်သည့် အတိုင်းပင်။
“သေစမ်း . . . ဒီကောင်လေးဘာလို့ သေသွားလဲဆိုတာ ငါသိလိုက်ပြီ။ အဆိပ်မိပြီး သေသွားတာပဲဟ . . .”
သူ တွေ့ကြုံဖူးခဲ့သည့် အတွေ့အကြုံများအရ ယခု ခံစားနေရသည့် ဝေဒနာသည် အဘယ့်အတွက်ကြောင့် ဖြစ်သည်ကို ရဲရှောင် ချက်ချင်းပင် သိလိုက်သည်။ ဖြစ်ရခြင်း အကြောင်းတရားများကို သိနေသော်လည်း ခန္ဓာကိုယ်အတွင်းသို့ အဆိပ်များ ပြန့်နှံ့နေသည်ကိုတော့ ရဲရှောင်အနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။ နာကျင်လွန်း၍ သူ့နဖူးမှ ကျလာသည့် ချွေးများကိုပင် သုတ်ပစ်နိုင်စွမ်း မရှိတော့ချေ။
စစ်သူကြီး၏သားသည် အမှန်တကယ်ပင် အဆိပ်သင့်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိ အချိန်တွင် ရဲရှောင်အနေဖြင့် ကောင်လေး၏ ခန္ဓာကိုယ်အား ရယူနိုင်လိုက်သော်လည်း အဆိပ်များသည် သေစေနိုင်လောက်သည်အထိ သူ၏ ခန္ဓာကိုယ်အတွင်း ရှိနေတုန်းပင်ဖြစ်သည်။ ထိုအဆိပ်သည် ကောင်လေးအား သေစေနိုင်ခဲ့သော်လည်း ရဲရှောင်အတွက်မူ ကံကောင်းစွာဖြင့် သေလောက်သည် အထိ မဖြစ်ခဲ့ပေ။
“ဪ . . . အဟက် . . . လက်စသတ်တော့ . . . ချင်းမင် အဆိပ်လေးပါလား”
ရဲရှောင်အနေဖြင့် အဆိပ်အား ချက်ချင်းဖယ်ရှားနိုင်ခြင်း မရှိသေးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအဆိပ်သည် ခန္ဓာကိုယ်အတွင်း မည်မျှအထိ ပျံ့နှံ့နေသည်ကို ဆန်းစစ်နေရခြင်းကြောင့် ဖြစ်သည်။ အဆိပ်သည် နောက်တစ်ကြိမ် ပြန်လည်ထကြွလာသောအခါ သူ၏ ဝိညာဉ်တော်ချီဓာတ်အား အသုံးပြုရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဘာမှမရှိတော့သည့် ဟင်းလင်းပြင်ကြီး တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ယခင်ဘဝမှ ရှောင်ဧကရာဇ် မဟုတ်တော့မှန်း နားလည်သဘောပေါက်လိုက်သည်။ ယခုအချိန်တွင် ဝိညာဉ်တော်ချီဓာတ် ရှိဖို့မဆိုနှင့် သိုင်းပညာလေး မတက်တခေါက်မျှသာ တတ်သော စစ်သူကြီးတစ်ဦး၏ သားတစ်ယောက်အဖြစ်နှင့်ပင် ရှိနေရသည်။
ထိုအခြင်းအရာများအား တွေးနေရင်း စူးစူးဝါးဝါး ပြင်းထန်လှသည့် နာကျင်မှု ဝေဒနာကြောင့် ရဲရှောင်၏ မျက်နှာတစ်ခုလုံး နီရဲတွတ်သွားလေသည်။
အခက်အခဲပေါင်းများစွာနှင့် ဒုက္ခမျိုးစုံ ခံစားဖြတ်သန်းခဲ့ရသည့် သူလို ရှောင်ဧကရာဇ် တစ်ယောက်အတွက် ချင်းမင်အဆိပ်ကြောင့် သေရမည်ဆိုသည်မှာ ဟာသတစ်ခုလိုပင် ဖြစ်နေသည်။
နာကျင်မှုဝေဒနာသည် တဖြည်းဖြည်း ပို၍ ဆိုးရွားလာသောကြောင့် အံများပင် ကြိတ်လိုက်မိသည်။ အခြားအရာများအား စဉ်းစားနေခြင်းထက် ပထမဦးဆုံးအနေဖြင့် အသက်ရှင်ရန် ကြိုးစားသင့်သည်ကို ရဲရှောင် နားလည်သဘောပေါက်လိုက်သည်။ ယခုကဲ့သို့ ရွေးချယ်စရာ မရှိတော့သည့် အခြေအနေမျိုးတွင် နာကျင်မှုဝေဒနာအား သက်သာစေရန်အတွက် အနည်းငယ်သာ ကျန်ရှိတော့သည့် သူ၏ဝိညာဉ်တော် ချီဓာတ်များအား ထုတ်၍ အသုံးပြုရတော့ပေမည်။
နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လိုက်ပြီး ခြေထောက်အား တင်ပျဉ်ခွေချိတ်၍ ထိုင်လိုက်သည်။ ထို့နောက် သူ၏ စွမ်းအင်များအား စုစည်းလိုက်ပြီး အဆိပ်ပျံ့နှံ့နေသည့် နေရာအား ဖိ၍နှိပ်လိုက်သည်။
“ အ . . . အ . . .”
ရဲရှောင်၏ ပါးစပ်မှသွေးများ ပန်းထွက်သွားပြီး သူ၏ မျက်နှာတစ်ခုလုံးသည် လူသေကောင်ကဲ့သို့ ပင် ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။
(သေလိုက်ပါတော့ကွာ . . . ငါ့ချီဓာတ်တွေက အဆိပ်တွေ အကုန်လုံးပြေဖို့ မထိရောက်သေးဘူး။ ငါ့ခေါင်းလည်း ချာချာလည်ကို မူးနေပြီ။ ငါ့လိုလူမျိုးတစ်ယောက်အတွက် ဒီနေ့လို နေ့မျိုးရှိလာလိမ့်မယ်လို့ ဘယ်သူတွေက ထင်မှာတုန်း။ ရှက်ဖို့ကောင်းလိုက်တာကွာ . . .)
ရဲရှောင် သူ၏ အတွေးများအား ရုတ်သိမ်းလိုက်ပြီး ပါးစပ်မှ သွေးများအား သုတ်ပစ်လိုက်သည်။
“အခု အဆိပ်တွေအကုန်လုံးကို ဖယ်ရှားပစ်နိုင်ဖို့ အရင်ဆုံးလုပ်ရမယ်။ အဆိပ်သာ မဖြေနိုင်ခဲ့ရင် ဒီခန္ဓာကိုယ်ကြီးက ရက်နည်းနည်းလောက်ကြာရင် ပုပ်သွားတော့မှာ။ အဲ့ဒီလိုသာဆိုရင် ငါလက်စားချေဖို့ အစီစဉ်တွေလည်း ဖြစ်နိုင်တော့မှာမဟုတ်ဘူး”
“ဒါပေမယ့် ဒီမလောက်လေးမလောက်စား အဆိပ်ကြောင့် ငါမသေခဲ့ရင်တောင် ငါ့အရင်ဘဝက ခွန်အားတွေ၊ ကျင့်စဉ်တွေ၊ ငါ့အတွေ့အကြုံတွေနဲ့ ငါ့ရဲ့ထိပ်သီး နည်းလမ်းတွေ ဘာမှ မရှိတော့ဘူး။ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားပြီ”
ရဲရှောင် စိတ်မကောင်းခြင်းများစွာဖြင့် တတွတ်တွတ် ရေရွတ်လိုက်မိသည်။
(အခုအချိန်မှာ ငါ့ဘဝက သူဌေးတစ်ယောက် ပြည့်တန်ဆာအိမ်ကို သွားနေရတဲ့အတိုင်းပဲ။ ငါ့မှာ သုံးစရာ ပိုက်ဆံတွေလည်းရှိတယ် ကောင်မလေးတွေလည်း အများကြီးရှိနေတယ်။ ဒါပေမယ့် သင်းကွပ်ထားတဲ့ မိန်းမစိုးတစ်ယောက်ဖြစ်နေလို့ ဘာမှမလုပ်ရဘဲ ပြန်လှည့်ထွက်ခဲ့ရသလို ဖြစ်နေတယ်။ မြင်နေရပေမယ့် မကြင်ရတဲ့ဘဝကြီးပါကွာ။ ဒီခြောက်ခြားစရာကိစ္စကြီးက ငါ့အတွက် တကယ်ဖြစ်လာပြီ။ ငါဘယ်လိုနည်းနဲ့ ရှောင်ဧကရာဇ်တစ်ယောက် ဖြစ်နိုင်တော့မှာလဲ။ ဧကရာဇ်ဆိုတဲ့ဘွဲ့ကို ငါဘယ်လို ခံယူရတော့မှာလဲ)
တွေးတောခြင်းသည် အလုပ်မဖြစ်။ ကုသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ကို ရဲရှောင် နားလည် သဘောပေါက်လိုက်သည်။
“အိမ်တော်ထိန်းက ဘယ်သူလဲဟေ့ . . . မြန်မြန်လာစမ်း . . . ”
ရဲရှောင် အိမ်တော်ထိန်းအား အော်ခေါ်လိုက်ရင်း –
“သွား . . . ဆေးဘက်ဝင်အပင်တစ်ချို့ သွားဝယ်ပေးစမ်း”
ရဲရှောင်၏ လက်ထဲတွင် အိမ်တော်ထိန်း ဝယ်ရမည့် ဆေးစာရင်း စာရွက်အား ကိုင်ထားလေသည်။ ရှောင်ဧကရာဇ်ကဲ့သို့ ပညာရှင်ကြီး တစ်ယောက်အတွက် အဆိပ်အား ဖယ်ရှားရန်အတွက် ဝိညာဉ်တော် ချီဓာတ်သည် မဖြစ်မနေလိုအပ်နေသည့် အရာတော့မဟုတ်ပေ။ သူ့ထံတွင် သေချာပေါက် အခြားနည်းလမ်း တစ်ခုရှိနေသည်။
အိမ်တော်ထိန်းသည် မျက်နှာလို မျက်နှာရပုံစံမျိုးဖြင့် သူ့အား ရိုကျိုးစွာဆက်ဆံနေလေသည်။ ရဲရှောင်သည် အိမ်တော်ထိန်း၏ အမူအယာကြောင့် အကျေနပ်ကြီး ကျေနပ်သွားရင်း –
(အဟက် . . . ဘာပဲပြောပြော အနည်းဆုံးတော့ ဒီလို အရေးပေး ဆက်ဆံခံရတာ ကောင်းသား)
“ရော့ ဆေးစာရင်းစာရွက် အခုချက်ချင်း သွားဝယ်ပေးစမ်း”
“ဟုတ်ကဲ့ . . . ကောင်းပါပြီ သခင်လေး . . .”
အိမ်တော်ထိန်းသည် ရဲရှောင် ပေးသည့် ဆေးစာရင်းစာရွက်အား ကြည့်လိုက်ရင်း ပါးစပ်အဟောင်းသားပင် ဖြစ်သွားကာ –
“ ဟမ် . . . ဘာတွေလဲ . . .”
“ကျွန်တော် စိုးရွံ့မိပါတယ် သခင်လေးရယ်။ ကျွန်တော်ဖြင့် ဒီဆေးနာမည်တွေကို တစ်ခါမှ မကြားဖူးဘူး . . . ”
အိမ်တော်ထိန်းသည် အလွန်နှိမ့်ချသည့် လေသံမျိုးဖြင့် –
“သခင်လေး ကျွန်တော် နှစ်ပေါင်းများစွာ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးပင်တွေ အကြောင်းကို လေ့လာခဲ့တယ်။ ပန်ချောင်ဆေးစာအုပ်ကိုလည်း ဖတ်ခဲ့ဖူးတယ်။ အခု ရေခဲသီး၊ မီးသစ်ရွက်၊ ဖီးနစ်ပန်းပွင့် ဆေးနာမည်တွေကိုတော့ ကျွန်တော်တစ်ခါမှ မကြားဖူးဘူး။ ဒီဆေးနာမည်တွေကို သခင်လေး ဘယ်လိုသိလဲ။ တကယ်လို့ အပန်းမကြီးဘူးဆိုရင် သခင်လေး ကျွန်တော့်ကို ပြောပြပေးလို့ရမလားခင်ဗျာ”
“အာ . . .”
ရဲရှောင် သူ့နဖူးသူ ဖြန်းခနဲမြည်အောင် ရိုက်လိုက်သည်။
ရဲရှောင်အနေဖြင့် ယခုဆေးပင်များသည် မော်တယ်ကမ္ဘာတွင်မရှိဘဲ ချင်းရန်နယ်ပယ်တွင်သာ ရှိသည်ကို သတိလက်လွတ်ဖြစ်သွားပြီး အိမ်တော်ထိန်းအား ခိုင်းလိုက်ခြင်းပင်ဖြစ်သည်။
“ ဪ မဟုတ်ဘူး . . . မဟုတ်ဘူး . . . ကျွန်တော်က နောက်လိုက်တာ”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ အိမ်တော်ထိန်း ခင်ဗျား သွားလို့ရပြီ”
အိမ်တော်ထိန်းသည် ရဲရှောင်အား ကြည့်ရင်း စိတ်ရှုပ်ထွေးသည့် အမူအယာများဖြင့် ခေါင်းကုပ်လျက် ထွက်ခွာသွားသည်။ သူ့သခင်လေး၏ ရူးကြောင်ကြောင် အမူအယာများအား ကြည့်ရင်း အိမ်တော်ထိန်း၏ စိတ်ထဲတွင် –
(သခင်လေးက ငါ့ကို တကယ်ပဲ ဆေးပင်တွေ ဝယ်ခိုင်းနေတာလား။ ထူးဆန်းတဲ့ ဆေးပင်နာမည်တွေ လျှောက်ရေးပြီး တကယ်သိသလို တကယ်တတ်သလို ဟန်ဆောင်နေတာ များလား။ ဒါမှမဟုတ် တကယ့်ပဲ အဲ့ဒီ ဆေးပင်တွေက ရှိနေတာလား။ ငါဖြင့် ဘာမှမပြောတတ်အောင်ကိုပဲ . . .)
ရဲရှောင်သည် အလောတကြီးဖြင့် စစ်သူကြီး၏ စာဖတ်ခန်းသို့ သွားလိုက်သည်။
အခန်းထဲသို့ ဝင်လိုက်ပြီး စာအုပ်များထားရှိရာ စာအုပ်စင်သို့ သွားလိုက်သည်။ ထို့နောက် သူ၏ အဆိပ်အား ကုသရန်အတွက် ဆေးစာအုပ်အချို့အား ရှာဖွေလိုက်သည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ငါထင်တယ် . . . ငါထင်တယ် . . .”
ရှောင်ဧကရာဇ်လိုလူအတွက် ချင်းမင်အဆိပ်သည် စာဖွဲ့လောက်သည့် အရာတော့ မဟုတ်ချေ။ သို့သော် ထိုအဆိပ်သည် ချင်းရန်နယ်ပယ်တွင် အသုံးများသော အဆိပ်ဖြစ်သည့်အတွက် ယခု မော်တယ်ကမ္ဘာတွင် ကုသနိုင်မည့် နည်းလမ်းမရှိသေးပေ။
ရဲရှောင် ကြုံတွေ့နေရသော အခြေအနေများကြောင့် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားရင်း –
“ဒီလိုသာဆိုရင် ငါတော့ ဒုက္ခရောက်တော့မှာပဲ။ ဒီမော်တယ်ကမ္ဘာမှာ ကုသနိုင်မယ့် နည်းလမ်းမရှိဘူး။ ဒါဆို ချင်းရန်နယ်ပယ်ကိုလည်း ငါသွားနိုင်တော့မှာမဟုတ်ဘူး။ ငါ့မှာ တကယ်ပဲ ရွေးချယ်စရာ မရှိတော့ဘူးလား။ ငါသေမယ့်အချိန်ကို ဒီလိုပုံစံမျိုးနဲ့ပဲ ထိုင်စောင့်နေရမှာလား . . .”
“အိုး . . . ဟုတ်ပြီ . . . ဟုတ်ပြီ . . . ချင်းရန်နယ်ပယ်မှာပဲရှိတဲ့ အဆိပ်က ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ။ ဖြစ်နိုင်တာက အဲ့ဒီအဆိပ်ကို ခတ်လိုက်တဲ့ကောင် ဒီမှာရှိနေလို့ပဲဖြစ်ရမယ်”
ရဲရှောင် ဖျတ်ခနဲ တွေးမိလိုက်သည်။
“သခင်လေး . . . သခင်လေးကိုတွေ့ဖို့ လန်သခင်လေး ရောက်နေပါတယ်” အစောင့်တစ်ယောက်သည် တံခါးအပြင်ဘက်မှနေ၍ ရဲရှောင်အား သတင်းပို့လိုက်သည်။
စစ်သူကြီး၏အိမ်သည် အမှန်တကယ်ပင် ထူးဆန်းသည့် အိမ်တစ်အိမ် ဖြစ်ကြောင်းကို ရဲရှောင် တွေးလိုက်မိသည်။
ယခုလက်ရှိအချိန်ထိ မိန်းမတစ်ယောက်တစ်လေမှ မတွေ့ရသေးပေ။ အထူးသဖြင့် အိမ်ဖော်များသည် အမျိုးသမီးများ မဟုတ်ကြချေ။ အိမ်တွင် ရှိရှိသမျှ လူအားလုံးသည် ယောက်ျားသားများသာ ဖြစ်နေကြသည်။
သူတို့များထဲမှ အချို့သည် ဖျတ်လတ်တက်ကြွသူများ ဖြစ်ကြသော်လည်း မသန်စွမ်းများ ဖြစ်နေကြသည်။
ထိုမသန်စွမ်းသော သူများသည် စစ်သူကြီးရဲအတွက် တိုက်ပွဲဝင်ပေးခဲ့ကြသည့် စစ်သည်တော် ဟောင်းများပင် ဖြစ်သည်။
စစ်သူကြီးသည် သူ၏ စစ်သည်တော်များအား ရင်ဝယ်သားပမာ ချစ်မြတ်နိုးပြီး အလွန်ပင် စိတ်နှလုံး မြင့်မြတ်လှသူ တစ်ဦး ဖြစ်သည်။
ထိုအချက်ကြောင့်ပင် ရဲရှောင်သည် ယခုဘဝ၏ ဖခင်ဖြစ်သူအား ပထမဆုံး သတိထား မိလိုက်ခြင်း ဖြစ်သည်။
“လန် . . . ဪ . . . ငါမှတ်မိပြီ”
ရဲရှောင် အချိန်ခဏကြာ စဉ်းစားလိုက်သည့်အချိန်တွင် သူ၏ ယခုဘဝမှ မှတ်ဉာဏ်အသစ်များအား ပြန်၍မှတ်မိသွားပါတော့သည်။ လန်၏ နာမည်အပြည့်စုံမှာ လန်လန့်လန့် ဖြစ်ပြီး တောင်ပိုင်း စစ်သူကြီးတစ်ဦး၏ သားဖြစ်သည်။ ရဲရှောင်နှင့် လန်တို့၏ ဖခင်များသည် သက်ဆိုင်ရာ နယ်မြေများ၏ ကျောရိုးသဖွယ် အားထားရသည့် စစ်သူကြီးများ ဖြစ်ကြသည်။ တစ်ယောက်သည် မြောက်ပိုင်းအား စိုးမိုးပြီး အခြားတစ်ယောက်သည် တောင်ပိုင်းကို စိုးမိုးလျက်ရှိသည်။
ရဲရှောင် နှင့် လန်တို့ နှစ်ယောက်စလုံးသည် စစ်သူကြီးများ၏ သားများဖြစ်ကြသည်။ သူတို့၏ ဖခင်များသည် မကြာခဏ ဆိုသလိုပင် နှစ်ရှည်လများ ကြာအောင် ခရီးထွက်နေရတတ်သည်။ ထို့ကြောင့် သူတို့ နှစ်ယောက်သည် ဘဝပေးအခြေနေချင်းလည်းတူ၊ အဆင့်အတန်းချင်းလည်းတူ၊ ခံစားချက်ချင်းလည်း ထပ်တူညီကြသည်။ ထိုအချက်များကြောင့်ပင် ရဲရှောင် နှင့် လန်တို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဖြစ်ကြပြီး ညီအစ်ကိုများသဖွယ် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ရဲရှောင်သည် လွတ်လွတ်လပ်လပ် နေတတ်သူတစ်ဦးဖြစ်ပြီး လန်မှာမူ သူ့မိခင်အား ကြောက်ရ၍ ရဲရှောင်ကဲ့သို့ မနေရဲပေ။
လန်၏ ဖခင်ဖြစ်သူ တောင်ပိုင်းစစ်သူကြီးသည် စကားထစ်သူတစ်ဦးဖြစ်သည်။ လန်အား မမွေးဖွားမီအချိန်တွင် စစ်သူကြီးသည် ရထားလုံးပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျလျက် အိမ်သို့ ပြန်လာခဲ့သည်။
သူအိပ်ပျော်နေစဉ် အချိန်တွင် ထူးဆန်းသော အိမ်မက်တစ်ခုအား မက်ခဲ့သည်။ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးတွင် လှိုင်းများအကြား၌ ခက်ခဲကြမ်းတမ်းစွာ ရွက်လွှင့်နေရသော သင်္ဘောတစ်စင်းအား မြင်မက်ခဲ့ခြင်းပင် ဖြစ်သည်။
နောက်တစ်နေ့ စစ်သူကြီး အိမ်ပြန်ရောက်သည့် အချိန်တွင် လန့်အား မွေးဖွားခဲ့သည်။ သူ၏ မိသားစုသည် သူ့အား ကလေးအတွက် နာမည်ရွေးချယ်စေလိုခဲ့သည်။
ထိုအချိန်တွင် စစ်သူကြီးသည် အခြားသူများအား သူမက်ခဲ့သည့် ရေလှိုင်းအကြောင်း ပြောပြနေသည်။ သို့သော် စကားထစ်နေသည့် စစ်သူကြီးသည် သူ့သား မွေးသည့်အကြောင်း ကြားသိလိုက်ရသည့်အတွက် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားကာ-
“လ . . . လ . . . လန် . . . လန် . . . လန် . . . လန် . . . လန့် . . . လန့်”
ထို့နောက် အိမ်တော်ထိန်းသည် စစ်သူကြီး၏ အမူအယာအား ကြည့်ရင်း အိမ်ရှိ လူများအား လှမ်းအော်၍ ပြောလိုက်လေသည်။
“စစ်သူကြီးက ငါတို့ရဲ့ သခင်လေးနာမည် ဘာပေးရမယ်ဆိုတာကို ဆုံးဖြတ်ပြီးပြီတဲ့ဟေ့။ ငါတို့သခင်လေးရဲ့ နာမည်က လန်လန့်လန့်တဲ့ဟေ့ . . .”
ထိုအချက်ကြောင့် လန်၏နာမည်သည် လန်လန့်လန့် ဖြစ်ခဲ့ပြီး ထိုနာမည်ကြောင့်ပင် သူ့အား လူပိုသိစေခဲ့သည်။
ရေလှိုင်း နှင့် လန့်လန့်ဆိုသည့် စကားလုံးသည် အဓိပ္ပာယ်ချင်း မတူသော်လည်း လန်လန့်လန့် ဆိုသည့် နာမည်သာ တွင်သွားလေတော့သည်။
“ရှောင်ရှောင်ရေ . . . ရှောင်ရှောင် . . . ငါကြားပြီးပြီ မင်းမနေ့ညက သောက်စားမူးရူးနေတာဆို”
လူဖြင့်အခန်းထဲမရောက်သေး လန်၏ ကနွဲ့ကလျအသံအား အရင်ကြားလိုက်ရသည်။
“ ဟားဟား ဒါတောင် ငါမနေ့က အစောကြီး လမ်းလျှောက်ထွက်သွားလို့ မဟုတ်ရင် မင်းတို့အဖွဲ့နဲ့ ရောယောင်ပြီး ငါပါမူးနေဦးမယ်”
လန်၏ စကားသံကြောင့် ရဲရှောင် ဒေါသထွက်သွားမိသွားသည်။
“လန်လန့်လန့် မင်းက တကယ့်အနှောက်အယှက်ကောင်ပဲ ငါ့ကို ရှောင်ရှောင်လို့ မခေါ်စမ်းနဲ့ ။ အေး မဟုတ်လို့ကတော့ မင်းကိုငါ သေအောင်ဆွဲထိုးပစ်မယ်”
ရဲရှောင်၏ စကားအား ဂရုမစိုက်ဟန်ဖြင့် လန်တစ်ယောက် ပုခုံးတစ်ချက် တွန့်လိုက်ရင်း စပ်ဖြဲဖြဲပုံစံဖြင့် အခန်းထဲဝင်လာသည်။
“မင်းမနေ့ညက တော်တော်များသွားတယ်မှတ်လား။ ပြည့်တန်ဆာအိမ်မှာ လူမှန်းသူမှန်းမသိအောင် သောက်နေတယ်ပေါ့လေ။ မင်းကိုတော့ ငါတကယ်လေးစားသွားပြီ”
“ဟမ် . . . မင်းဘယ်လိုသိလဲ . . . ငါ့အိမ်ကို မင်းသူလျှိုတွေများ လွှတ်ထားတာလား”
ရဲရှောင် အံ့သြသွားလေသည်။
“ဟားဟားဟား . . . ရာရာစစမင်းတို့အိမ်ကိုများ သူလျှိုလွှတ်စရာလား ငါကအဲ့ဒီလိုလုပ်စရာလား”
ရဲရှောင်သည် သူ၏ ယခုဘဝမှ အချစ်ဆုံးသူငယ်ချင်း လန်အကြောင်း စဉ်းစားမိသည်။ လန်သည် ကြွယ်ဝချမ်းသာသည့် မိသားစုမှ မွေးဖွားလာသော်လည်း ဖြူနွဲ့နွဲ့ ပုံစံပေါက်သည်။ အဝတ်အစားများအား သူနှင့်မတော်သည့် ဆိုဒ်ကြီးများအား ဝတ်ဆင်ထားသည်။ လမ်းလျှောက်သည့်အခါတိုင်း သူဝတ်ထားသည့် ဝတ်ရုံကြီးသည် အောက်သို့ ချောင်ကျနေလေသည်။ လန်၏ ခန္ဓာကိုယ် အလေးချိန်သည် ပေါင် (၁၀၀) တောင်မရှိနိုင်ပေ။ မျက်ခုံးမွှေးများသည် ထူထပ်ကောက်ကွေးနေပြီး နှာတံပြားပြားကြီးဖြင့် ဖြစ်သည်။ နှုတ်ခမ်းသည် ထူလွန်းလှပြီး မျက်လုံးများသည်လည်း တောင်တစ်လုံး မြောက်တစ်လုံးပင် ဖြစ်နေကြသည်။
ပူအိုက်သည့်နေ့များမှာပင် လန်သည် ဦးထုပ်အထူကြီးအား ဆောင်းထားလေ့ရှိသည်။
အဘယ့်အတွက်ကြောင့် လန်တစ်ယောက် ဦးထုပ်အထူကြီးအား အမြဲဆောင်းထားရသည်ကို ရဲရှောင် ပြန်သတိရမိသွားသည်။ နှစ်ဦးအစတွင် အရေပြားဓာတ်မတည့်သည့် ရောဂါကြောင့် လန်၏ ဦးခေါင်းမှ ဆံပင်များကျွတ်၍ ကတုံးဖြစ်သွားခဲ့သည်။ ထို့အတွက်ကြောင့် မတတ်သာသည့်အဆုံး ထိုဦးထုပ်အထူကြီးအား အမြဲဆောင်းထားရတော့သည်။
ရဲရှောင်သည် သူ၏ သူငယ်ချင်းအကြောင်းအား စိတ်ပျက်လက်ပျက်ဖြင့်ပင် တွေးလိုက်မိရင်း –
“ဟ . . . မဟုတ်သေးပါဘူး . . . ငါတော့ စောက်တလွဲ ခန္ဓာကိုယ်ထဲ ပြန်မွေးဖွားပြီး စောက်တလွဲကောင်နဲ့ သူငယ်ချင်းလာဖြစ်နေတယ် ”
“ဘုရားရေ . . . သေလိုက်ပါတော့ကွာ”