အပိုင်း ၁၉၅
ဘယ်လိုလုပ် သေသွားတာလဲ (၂)
ဟာသပဲ…
သိုက်မိသားစု၏ ဂုဏ်ကျက်သရေရှိ ဝိညာဉ်အဆင့် သတ္တမအဆင့် အကြီးအကဲ တစ်ယောက်…
သူသည် အတွင်းတွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင် ထားသေးသောကြောင့် ဝမ်ရှန်း၏ စနိုက်ပါရိုင်ဖယ်သည် သူ့အား မသတ်နိုင်ပေ။ အနီးကပ် တိုက်လျှင်လည်း သူတို့နှစ်ယောက်သည် ပြိုင်ဘက် အနေအထား မဟုတ်ချေ။ အဆိပ်သည်ပင် သူ့အား သေသည်အထိ မဖြစ်စေနိုင်ပေ။ သို့သော် သူသည် ရေနစ်၍ သေခဲ့လေပြီ။
သိုက်ခေါင်းဆောင် ပို၍ လက်မခံနိုင်သည်မှာ သိုက်ဝူကျီးသည် အကယ်၍ ချပ်ဝတ်တန်ဆာများကို မဝတ်ဆင်ထားဘူး ဆိုလျှင်၊ သူသည် အဆိပ်မိပြီး မလှုပ်မရှားနိုင် ဖြစ်နေသော်လည်း အနည်းဆုံး ရေပေါ်၌ ပေါလောပေါ် နေဦးမည်ဖြစ်၏။ ထိုအနေအထားတွင်သာ အစောင့်များ ရောက်လာပါက သူ့အား ကယ်တင်ရန် အချိန်မီနိုင် သေးပေသည်။
သို့သော် အတွင်းတွင် လေးလံသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင် ထားသောကြောင့် ထိုအဝတ်အစားများကပင် သိုက်ဝူကျီးအား ရေထဲ ဆွဲချသွားခဲ့သည်။ အစောင့်များ ရေအောက်သို့ ငုပ်ရှာနေရသည့် အတွက် အချိန်ကြန့်ကြာ သွားကာ သူတို့ ရှာတွေ့သည့် အချိန်တွင် သိုက်ဝူကျီးသည် အသက်ရှူ ရပ်နေခဲ့လေပြီ။
ပဲ့စေ့အရွယ် အနက်ရောင် ပင့်ကူသည် အလွန် အန္တရာယ်များသည့် တောအုပ် အတွင်း၌သာ နေထိုင်လေ့ရှိကာ သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်းသည် သူ နေထိုင်တတ်သည့် နေရာမျိုး မဟုတ်ပေ။ မေးစရာပင် မလိုပေ၊ ဤပင့်ကူသည် ဝမ်ရှန်းကြောင့်ပင်ဖြစ်၏။ ထို့အပြင် ပေါက်ကွဲမှုများ အပါအဝင် သံမဏိ အလုံးများသည် သိုက်ဝူကျီးအား သေစေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ချေ၊ သူ ရေထဲ ပြုတ်ကျသွားစေရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်၏။
အစောင့်များကို အသေးစိတ် အချက်အလက်များ မေးမြန်းပြီးနောက် ဝမ်ရှန်း၏ အကြံအစည်ကို သိုက်ခေါင်းဆောင် နားလည် သွားခဲ့တော့သည်။ အစမှအဆုံးအထိ ဝမ်ရှန်းသည် သိုက်ဝူကျီးကို အနီး၊ အဝေးမှ လုပ်ကြံရန် မရည်ရွယ်ထားချေ။ ထိုအစား သူသည် အနက်ရောင် ပင့်ကူကို ကြိုတင် ပြင်ဆင်ခဲ့ကာ သိုက်ဝူကျီး နေ့တိုင်း ငါးမျှားလေ့ရှိသည့် နေရာ၌ ချထားခဲ့၏။ သူသည် ထိုအကြံဖြင့် တစ်ချက်တည်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အလောင်းစစ်ဆေးသည့် လူများသည် သိုက်ဝူကျီး၏ ဘယ်ဘက် ခြေထောက်ပေါ်တွင် ပင့်ကူကိုက်ရာလည်း တွေ့ခဲ့ကြသေး၏။ ထို့ကြောင့် သူတို့အဖြေက လုံးဝကို သေချာ သွားခဲ့တော့သည်။ ထိုပင့်ကူက ဘယ်က ပင့်ကူလဲဆိုမည်ကို မေးစရာပင် မလိုပေ။ အခြားနေရာ မဟုတ် ဂျင်ဒီနယ်မြေမှသာ ဖြစ်ရပေမည်၊ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်သည် မဟုတ်ပါလော။
ဘယ်လောက်တောင် သေသပ်သပ်ရပ်ပြီး ကြောက်စရာ ကောင်းလိုက်သည့် ကြိုတင် ကြံစည်မှုမျိုးလဲ… သူ၏စိတ်ရှည်လက်ရှည် စောင့်ဆိုင်း၍ လုပ်ကြံနိုင်စွမ်းသည်ကား ကြက်သီးထစရာပင် ကောင်းပေသည်။
ဤကဲ့သို့ ဝိညာဉ်အဆင့်မြင့်သူအား တစ်ချက်တည်းနှင့် အောင်မြင်ခဲ့ခြင်းက ကြေးစားများထဲတွင် သူသည် ထူးခြားသည့် ပါရမီရှင် ကြေးစား တစ်ယောက် ဖြစ်ကြောင်း ပြသနေခြင်းပင်။
ဤကဲ့သို့ ကြောက်စရာ ကောင်းသည့် ပါရမီရှင် ကြေးစား တစ်ယောက်က သူတို့အား စောင့်ကြည့်နေသည် ဆိုလျှင် မည်သူမဆို ကျောချမ်း သွားပေလိမ့်မည်။ သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် ကုန်းမြေသိုက်ကြီး တစ်ခုလုံးကို ဗြောင်းဆန်သွားအောင် လုပ်နိုင်သည်အထိ စွမ်းအား ကြီးမားပေသည်။ သို့သော် သူသည် ဒုတိယအဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ကြောင့် သေဆုံးခဲ့သည်တဲ့လား။ ဘယ်လိုမှ လက်ခံယုံကြည်လို့ မရနိုင်အောင် ဖြစ်ရပေသည်။
ထိုအချိန်မှစ၍ သိုက်ခေါင်းဆောင်၏ ဘေးတွင် အစောင့်များ နှစ်ဆ တိုးသွားကာ သိုက်မိသားစုသည်လည်း ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။
သို့သော် သိုက်ခေါင်းဆောင်သည် ဒေါသထွက်ပြီးရင်း ထွက်နေခဲ့သည်။ ဝမ်ရှန်းသည် သူ၏ သိုက်မိသားစုဝင်များအား တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်နေခဲ့သည်။ သူတို့ သိုက်မိသားစုသာ ပြန်၍ လက်တုံ့မပြန်ပါက သူတို့သည် အဓိကအင်အားစု ငါးခုအတွင်း၌ မည်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း…
ထိုနေ့မှာပင် သိုက်မိသားစုမှ ဝမ်ရှန်းအား ဆုကြေးငွေ ထုတ်လိုက်သည်။ ဝမ်ရှန်းအား သတ်သည့် လူမည်သူမဆို သိုက်မိသားစုမှ ရွှေဒင်္ဂါး တစ်သိန်း ဆုချီးမြှင့်မည်ဟုပင်။
ချက်ချင်း ထိုသတင်းသည် ဝူရုံမြို့ အပါအဝင် နေရာအနှံ့ ပျံ့နှံ့သွားခဲ့တော့၏။
……..
အခြားနေရာများ၌ မည်သည့် ဖြစ်မည် မသိနိုင်သော်လည်း ဝူရုံမြို့သို့ ဆုကြေးသတင်း ရောက်သွားသည်နှင့် ထိုမြို့၌ နေထိုင်သည့် လူများသည် သိုက်မိသားစုအား ချက်ချင်း အထင်အမြင်သေး စက်ဆုပ်ရွံရှာ သွားခဲ့တော့သည်။
ဝမ်ရှန်းသည် ကြေးစားခန်းမ အတွင်းတွင် ကံကောင်းခြင်း ဆေးပြားကို ဝယ်ယူရန် ရွှေဒင်္ဂါးတစ်သန်း နီးပါး ကမ်းလှမ်းထားကြောင်း အားလုံးသိပေသည်။ ဝမ်ရှန်း၏ ကမ်းလှမ်းမှုနှင့် ယှဉ်ပါက သိုက်မိသားစု၏ ရွှေဒင်္ဂါး တစ်သိန်းသည် ဟာသမျှသာ ဖြစ်သည်။
ပိုပြီးတိတိကျကျ ပြောရမည်ဆိုလျှင် သိုက်မိသားစုမှ ဝမ်ရှန်းအား ဆုကြေးငွေ ကြော်ငြာရသည့် အကြောင်းအရင်း ဝူရုံမြို့သို့ ပျံ့နှံ့လာသည့် အချိန်တွင် ဝူရုံမြို့တစ်ခုလုံး ပျော်ရွှင် သွားခဲ့တော့သည်။ သတ္တမအဆင့် သိုက်အကြီးအကဲ တစ်ယောက်သည် အစောင့်များစွာ စောင့်ကြပ်နေသည့် ကြားမှပင် အဆင့်ငါး ကြေးစားတစ်ယောက်၏ လုပ်ကြံခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် ဒုတိယအဆင့် အထွတ်အထိပ် အဆင့်သာရှိသည့် ဝမ်ရှန်းအား အဓိက အင်အားစုများမှ ဆုကြေးငွေ ထုတ်လိုက်ခြင်းသည် ဝူရုံမြို့အတွက် ဝိုင်းဖွဲ့သောက်စားရင်း ပြောစရာ ဟာသတစ်ခု ဖြစ်နေလျက် ဝူရုံမြို့၌ ဝိုင်များ အတော် ရောင်းကောင်း ခဲ့၏။
အခြားကြေးစား အဖွဲ့အစည်းများ အနေဖြင့် မသိနိုင်သော်လည်း ဝူရုံမြို့အတွင်းရှိ ကြေးစားများမှာတော့ တစ်ဉီးတလေမျှ ဝမ်ရှန်းအား လိုက်သတ်သည့် အလုပ်အား မလုပ်ကြပေ။
ဝူရုံမြို့သို့ ထွက်ပြေး တိမ်းရှောင် လာရသည့် ကြေးစားအများစုသည် ဤအဓိက မိသားစုများကို သဘောမကျကြပေ။ သူတို့ပေးသည့် ဆုကြေးအစား ဝမ်ရှန်းအား အလွတ်ပေး လိုက်ခြင်းကပင် ပိုကောင်း နေပေဦးမည်။ တစ်ဖက်မှ ဝမ်ရှန်းကပင် သူတို့ကို ထို့ထပ်ပိုပေးချင် ပိုပေးနိုင်သေးပေသည်။
ထိုအဖြစ်အပျက် ဖြစ်ပျက်သည့် နေ့မှာပင် သိုက်မိသားစုဝင်မှ ဝိညာဉ်သခင်များ သွေးရူးသွေးတန်း ဖြစ်သွားကြကာ နေရာအနှံ့ ဝမ်ရှန်းအား လိုက်ရှာကြ၏။ သို့သော် သူတို့သည် နေရာပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း ဝမ်ရှန်း၏ ဆံချည် တစ်မျှင်စာမျှပင် အစအန ရှာမတွေ့ခဲ့ကြပေ။
ဝမ်ရှန်းက မြစ်၏ အခြားတစ်ဖက်၌ ပုန်းနေခဲ့ကြောင်းကို သိုက်ဝူကျီးမှလွဲ၍ ထိုနေရာ၌ ရှိနေသည့်လူများ မည်သူကမှ မသိခဲ့ကြပေ။ သူတို့သည် ထိုဘက်သို့ မတွေးတော မရှာဘဲ ခေါင်းမပါသည့် ယင်ကောင် တစ်ကောင်အလား သွေးရူးသွေးတန်း လိုက်ရှာနေကြခြင်းက ဝမ်ရှန်းကဲ့သို့ ကောင်းမွန်စွာ အစီအစဉ် ချတတ်သည့် လူတစ်ယောက်အတွက် လှောင်ရယ်စရာ တစ်ခုအလား ဖြစ်သည်။ သူတို့ အတွေးပေါ်လာသည့် အချိန်၌လည်း ဝမ်ရှန်းသည် ထိုနေရာမှ ထွက်ခွာသွားပြီး ဖြစ်၏။
ဤနေရာတွင် ဝူရုံမြို့ကဲ့သို့ ဝင်ပေါက် ထွက်ပေါက်များ များစွာ မရှိနေပေ။ မြို့တွင်းသို့ အဝင်အထွက် လုပ်ရန်က တစ်ပေါက်သာရှိ၏။ ဝမ်ရှန်း အနေဖြင့် နာရီအနည်းငယ် အတွင်း သိုက်မိသားစု၏ ပိုင်နက်အတွင်း၌ တိတ်တဆိတ် ရောနှော ပျောက်ကွယ်သွားရန်က လွယ်ကူပေသည်။
ထိုသတင်း ပျံ့နှံ့သွားသည့် အချိန်တွင် အခြားအင်အားစုများသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ သို့သော် ယခုနှစ်များတွင် သိုက်မိသားစုသည် အလွန်မောက်မာ ဝံ့ကြွားနေခဲ့ကြသည့် အတွက်ကြောင့် ယခုလို အချိန်မျိုးတွင် မည်သည့် အင်အားစုကမှ သူတို့အား လာရောက် မနှစ်သိမ့် ပေးခဲ့ချေ။
သိုက်ဝူကျီး သေဆုံးသွားသည့် အကြောင်း သတင်းသာ ပျံ့ခဲ့ပြီး ဘယ်လို သေဆုံးကြောင်းကိုတော့ သိုက်မိသားစုမှ ထုတ်ဖော် မပြောကြားခဲ့ပေ။ သို့သော် ဝမ်ရှန်းက မိုင်အနည်းငယ် အကွာမှနေ၍ ခေါင်းကို ပွင့်ထွက် သွားစေနိုင်သည့် ထူးဆန်းသော လက်နက်မျိုး မသုံးခဲ့ကြောင်းကိုတော့ သူတို့ သိပေ၏။ ထို့ကြောင့် လူများသည် ဝမ်ရှန်း သိုက်ဝူကျီးအား ဘယ်လို သတ်ခဲ့လဲ ဆိုတာကို သိချင်နေကြလေသည်။ သို့သော် သူတို့ ဘယ်လိုပဲ စဉ်းစားစဉ်းစား အဖြေမထွက် လာခဲ့ပေ။
သို့သော် ဘာပဲပြောပြော ဝမ်ရှန်းက ဝိညာဉ်အဆင့် ဒုတိယအဆင့်သာ ဖြစ်သော်လည်း သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို သတ်နိုင်ခဲ့သည်ကိုတော့ သူတို့ ချီးကျူးမိပေသည်။
သိုက်ဝူကျီးအား သတ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာမည့် အကျိုးဆက် ရလဒ်များကို ဝမ်ရှန်း ဂရုမစိုက်ချေ။ ဘာပဲပြောပြော သူသည် လူအလုံးအရင်းဖြင့် လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးပြီ။ ထို့ထက် ပိုဆိုးသည့် အဖြစ်အပျက်မျိုး ရှိနိုင်ပါဦးမလော။
ဝမ်ရှန်းသည် သိုက်ဝူကျီး ရေထဲသို့ ပြုတ်ကျသွားသည်ကို မြင်သည်နှင့် သူ သေမသေ အတည်မပြုတော့ဘဲ ချက်ချင်း တန်းထွက်လာခဲ့ခြင်း ဖြစ်၏။ သိုက်ဝူကျီး သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဝမ်ရှန်း ပြုလုပ်ခဲ့သည့် လုပ်ရပ်သည် သိုက်မိသားစုကို သူတို့ခေါင်းများက ဓားသွားထက်၌ ရှိသည်ဟု ခံစားနေရအောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
သူတို့ ဘယ်ချိန် ခေါင်းဖြတ်ခံရမလဲ ဆိုတာကို သူတို့ မသိပေ။
တစ်ခါတစ်ရံတွင် ရှင်သန်နေရခြင်းက သေဆုံးရခြင်းထက် ပို၍ကြောက်စရာ ကောင်းပေသည်။ ကံကောင်းစွာပင် သိုက်ဝူကျီးသည် သေဆုံးသွားခဲ့ပေသည်။
ဝမ်ရှန်းသည် မြစ်ချောင်းများစွာ ဖြတ်သန်းပြီးနောက်၊ တစ်တောင်တက် တစ်တောင်ဆင်း ပြုလုပ်လျက် လူစည်ကားသည့် မြို့များကို ရှောင်ကာ သူ၏ဒုတိယပန်းတိုင်ဆီသို့ ခြေလှမ်း ပြင်လိုက်သည်။
ဝမ်ရှန်း၏ ဒုတိယမြောက် ပန်းတိုင်သည် လင်းလုံစံအိမ်ဖြစ်သည်။ သူသည် လင်းလုံစံအိမ်မှ လူများကို နှစ်ဆင့်ချိပ်ပိတ် သေတ္တာအားဖွင့်ရန် အကူအညီ တောင်းမည်ဖြစ်၏။
သို့သော် တောင်တစ်တောင်တက်ပြီး အနားပြီးနောက် တောင်ကြားတစ်ခုအား ဖြတ်ရန် ပြင်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့် သွားခဲ့သည်။
ဤနေရာတွင် မှိန်ဖျော့သည့် လူသတ်အော်ရာများ ရှိနေပါရောလား…
***