Switch Mode

Chapter – 194

ဘယ်လိုလုပ် သေသွားတာလဲ (၁)

အပိုင်း ၁၉၄
ဘယ်လိုလုပ် သေသွားတာလဲ (၁)

သိုက်မိသားစု ခေါင်းဆောင်သည် ကြားလိုက်ရသော သတင်းကြောင့် ရုတ်တရက် ဒေါသ ပေါက်ကွဲ သွားတော့သည်။ အခြားဘာကိုမှ သတိမထားမိတော့ပဲ ရုတ်ခြည်းပင် ထိုင်ခုံပေါ်မှ ဆတ်ခနဲ ထကာ ခက်ထန်စွာ မေးလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သိုက်ခေါင်းဆောင်မှ မယုံကြည်နိုင်မှုများဖြင့် မေးလိုက်သည်။

“ဝူကျီးက သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်ပဲ။ ပြီးတော့ သူ စိတ်ချရတဲ့ တန်ဆာတွေလည်း ဝတ်ထားသေးတာ။ ဒီလိုလုပ်ကြံမှု သေးသေးလေးက ဘယ်လိုလုပ် သူ့ကိုထိခိုက်အောင် လုပ်နိုင်ရတာလဲ။ ဒီကောလာဟလကို ဘယ်သူ ဖြန့်တာလဲကွ…”

“ဒုန်း”

သိုက်ခေါင်းဆောင်၏ ဒေါသကြောင့် သတင်းလာပို့သည့် ဂိုဏ်းသား ကြောက်လန့်တကြား ဒူးထောက် ချလိုက်သည်။ ခေါင်းဆောင်သည် သိပ်ပြီး ဒေါသထွက်လေ့ မရှိပေ၊ သို့သော် သူ ဒေါသထွက်ပြီ ဆိုလျှင်လည်း မိုးပြိုသကဲ့ပင် ဖြစ်၏။ ခေါင်းဆောင်၏ ဒေါသကြောင့် သူ ခေါင်းမပြတ်ချင်သေးပေ။

ဘာပဲပြောပြော ခေါင်းဆောင်သည် သတင်းကြားကြားချင်း အလွန်အမင်း ဒေါသထွက် သွားခဲ့သော်လည်း သူ့စိတ်ကိုသူ ပြန်တည်ငြိမ် သွားအောင် ချက်ချင်း ပြန်လုပ်နိုင်ခဲ့သည်။ သူ့ရှေ့တွင် မည်သူကမှ ဤကဲ့သို့ ကောလာဟလမျိုး ပြောရဲမည် မဟုတ်ပေ။ ဤအရာက ကောလာဟလတစ်ခု မဟုတ်ပါက အမှန်တရားသာ ဖြစ်ပေသည်။

သိုက်ဝူကျီး သေဆုံးသွားခဲ့ပြီတဲ့…..

သိုက်ဝူကျီး ကိုယ်တိုင်ရော ခေါင်းဆောင် ကိုယ်တိုင်ရော သာမက သိုက်ဝူကျီးအား စောင့်ကြပ်နေသည့် အစောင့်များသည်ပင် သိုက်ဝူကျီး လုပ်ကြံခံရမည် ဆိုတာကို ကြိုသိခဲ့ကြသလို အထမြောက်မည်ဟုလည်း ထင်မထားခဲ့ကြပေ။ သို့သော် နောက်ဆုံးတွင် သူ သေသွားခဲ့လေပြီ။

“ဝူကျီးဘေးနားမှာ အစောင့်တွေ အများကြီး ရှိနေတာပဲ၊ အဲ့လူရိုင်းကောင်က သူ့နား ဘယ်လို ကပ်သွားတာလဲ”

ဒေါသကို ချုပ်တည်းကာ သိုက်ခေါင်းဆောင်သည် ထိုဂိုဏ်းသားအား ထရပ် စေလိုက်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

“သူ အနားကပ်လာတာ မဟုတ်ပါဘူး”

ထိုဂိုဏ်းသားမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူသည် မည်သည့် တုံ့ဆိုင်းမှုမှ မပြရဲပေ။

“အဲဒါဆို ဝူကျီးက ဘယ်လိုလုပ် သေသွားတာလဲ”

ထိုအစောင့်၏ အဖြေက သိုက်ခေါင်းဆောင်အား ပို၍စိတ်ရှုပ်ထွေး သွားစေခဲ့သည်။ သို့သော် ယခုအချိန်တွင် ဒေါသထွက်သည်ထက် အခြေအနေကို အရင် နားလည်ရန် လိုအပ်ပေသည်။

“အကြီးအကဲ ဝူကျီး… အကြီးအကဲဝူကျီးက…”

အစောင့်မှ ပြန်ဖြေရန် တွန့်ဆုတ် နေခဲ့၏။ သို့သော် သိုက်ခေါင်းဆောင်၏ ခက်ထန်သည့် အကြည့်အောက်တွင် သူ ပြန်ဖြေ လိုက်တော့သည်။

“အကြီးအကဲက ရေနစ် သေသွားတာပါ”

“အဓိပ္ပာယ် မရှိတာ…”

သိုက်ခေါင်းဆောင်မှ ဒေါသဖြင့် ခက်ထန်စွာ ပြောလိုက်သည်။

“ဝူကျီးက သူ ကလေးအရွယ် ကတည်းက ရေနဲ့ဆော့တာကို ကြိုက်တာ။ ပြီးတော့ သူ အသက်လေးနှစ် ကတည်းက အဲ့မြစ်ကို ဟိုဘက်ဒီဘက် ဖြတ်ကူး နိုင်နေပြီကွ။ အဲ့ဒါကို ရေနစ်သေတယ် ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဒါက… အစောင့်လည်း ဘာမှမပြောနိုင်ပေ။ သိုက်ဝူကျီး ရေထဲပြုတ်ကျ သွားသည်ကို မြင်သည်နှင့် အစောင့်တချို့သည် ချက်ချင်းပင် မြစ်ထဲဆင်းကာ အသည်းအသန် ရှာခဲ့ကြ၏။ အတန်ကြာပြီး နောက်မှသာ ရေငုပ်ကျွမ်းကျင်သည့် လူတစ်စုသည် သိုက်ဝူကျီးနှင့် ကျန်သည့် အစောင့်နှစ်ယောက်၏ အလောင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပျက်သွားသည့် အဖြစ်အပျက်အား စုံစမ်း စစ်ဆေးပြီး နောက်တွင် သိုက်ဝူကျီးသည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ရေနစ်ခြင်းကြောင့် ဆိုတာ သိခဲ့ရသည်။ ဘာဖြစ်သွားတာလဲ ဆိုတာ အစောင့်များပင် မသိလိုက်ချေ။

သိုက်ခေါင်းဆောင်ထံသို့ အလျင်အမြန် သတင်းလာပို့သည့် အစောင့်သည် ထိုမျှလောက်သာ သိကာ ကျန်သည့် အကြောင်းအရာများကို ဘယ်လောက်မှ သိပ်မသိပေ။ သိုက်ခေါင်းဆောင်သည်လည်း ထိုအစောင့်အား ဘာအပြစ်မှ ပြောမနေတော့ဘဲ မိသားစုအကြီးအကဲ တချို့နှင့်အတူ ထိုနေရာသို့သာ သူကိုယ်တိုင် သွားလိုက်တော့သည်။

ဂိုဏ်းအတွင်းမှ အလောင်း စစ်ဆေးသည့် လူများ သိုက်ဝူကျီး၏ ခန္ဓာကိုယ်အား လွှဲပြောင်း ယူလိုက်သည်။ ကျန်သည့် လူများကလည်း အခင်းဖြစ်ပွားစဉ်၌ ရှိနေခဲ့ကြသည့် အစောင့်များကို တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးမေးမြန်း နေခဲ့ကြသည်။ သိုက်ခေါင်းဆောင်ကမူ မိုင်းကြောင့် ပျက်စီးသွားသည့် တံတားအစွန်း၌ ရပ်နေရင်း ထိုမြင်ကွင်းများကို ဒေါသတကြီး ကြည့်နေခဲ့၏။

သိုက်ခေါင်းဆောင် ဤနေရာသို့ မရောက်လာခင်တွင် ထိုနေရာ၌ ရှိနေသည့် အစောင့်များသည် အစောင့်လေးယောက် သေဆုံးရသည့် အကြောင်းအရင်းကို ဖော်ထုတ် ထားပြီးသား ဖြစ်သည်။ ဝိညာဉ်အဆင့် တတိယအဆင့်သာ ရှိသည့် ထိုအစောင့်များသည် အဝေးထိန်း မိုင်းပေါက်ကွဲမှု ဒဏ်ကို မခံနိုင်ခဲ့ကြပေ။ သူတို့ ခန္ဓာကိုယ်အား သံမဏိ အလုံးလေးများက ဖြတ်ဖောက် သွားလျက် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြခြင်း ဖြစ်၏။

သိုက်ဝူကျီး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သံမဏိ အလုံးများ အမြောက်အမြား ရှိနေပေသည်။ သို့သော် သူ၏ဝိညာဉ် အဆင့်မှာ အလွန်မြင့်မားပြီး သံချပ်ကာလည်း ဝတ်ဆင် ထားသေးသောကြောင့် ဤသံမဏိ အလုံးများသည် သူ၏အရေပြားအား မဖောက်ထွက် သွားနိုင်ချေ။

သိုက်ခေါင်းဆောင်သည် သံမဏိအလုံး တစ်ခုကို လက်ထဲတွင် ဆုပ်ကိုင်ထားလျက် တိတ်ဆိတ်စွာ ရပ်နေ၏။ သူ့နောက်တွင် အကြီးအကဲ တစ်ယောက်နှင့် သိုက်မိသားစုမှ ပန်းပဲဆရာ တစ်ယောက်တို့သည်လည်း ထိုသံမဏိလုံးများကို ကြည့်နေခဲ့ကြသည်။

“အခြေအနေ ဘယ်လိုလဲ”

သိုက်ခေါင်းဆောင်သည် သူတို့ကို ကျောပေးလျက် အနေအထားဖြင့် မေးလိုက်သည်။

“တွေးကြည့်ဖို့က ခက်လှပါတယ် အရှင်”

ပန်းပဲဆရာ ထိုသို့ ပြောလိုက်သောအခါ သိုက်ခေါင်းဆောင်မှာ စိတ်လေးပင် သွားခဲ့သည်။

ဘယ်လိုတွေတောင် တွေးကြည့်ဖို့ ခက်ရတာလဲ…

“ဒီသံမဏိ အလုံးလေးတွေကို ပြုလုပ်ထားတဲ့ သံမဏိတွေက ထူးခြားနေတယ်”

ပန်းပဲဆရာသည် သိုက်ခေါင်းဆောင်ကို အကြိမ်ပေါင်း များစွာ မြင်ဖူး၏။ ထို့ပြင် သူ့မိသားစု အတွင်းတွင် သူ၏အဆင့်အတန်းသည်လည်း မနိမ့်လှပေ။ သူသည် အဆင့်အတန်း တစ်ခု၌ ရှိပြီး သာမန် အစောင့်များနှင့် အနေအထား အတူပေ။ ထိုကြောင့် သိုက်ခေါင်းဆောင် ရှေ့တွင် ကြောက်ရွံ့ စိုးထိတ်မှု တစိုးတစိမျှ မခံစားရပေ။

“ကြိုးစားပမ်းစား လုပ်မယ် ဆိုရင်တောင် ဒါကို လုပ်ဖို့က သိပ်ပြီး မလွယ်လှဘူး။ ဒါက ပုတီးစေ့လိုမျိုး လုပ်ထားတာပဲ”

“ပြီးတော့ အဲ့လိုပုတီးစေ့တွေလို လုပ်တယ် ဆိုတာကလည်း ဒီတိုင်း ပေါ့ပေါ့ပါးပါးပဲ လုပ်လို့ရတာ မဟုတ်ဘူး။ အလုံးတွေက လုံးဝိုင်း ချော့မွတ်နေရုံတင် မကဘူး၊ အရွယ်အစားကလည်း တူနေတယ်။ ဒါတွေကို ဘယ်လိုလုပ် ထားတာလဲ ဆိုတာ တွေးတောင် မတွေးကြည့်နိုင်ဘူး”

ပန်းပဲဆရာ၏ စကားကို နားထောင်ကာ သိုက်ခေါင်းဆောင် တစ်ခဏမျှ တွေးလိုက်သည်။ ထို့နောက် ရုတ်တရက် “လင်းလုံစံအိမ်က ပန်းပဲဆရာ ဆိုရင်ရော လုပ်နိုင်လောက်လား”

“လင်းလုံ စံအိမ်ကို လုပ်ခိုင်းစေချင်တယ် ဆိုရင်တော့၊ သူတို့ လုပ်နိုင်လောက်ပါတယ်”

ပန်းပဲဆရာသည် ဘာမှသိပ်ပြီး များများစားစား မတွေးနေပေ။ သူ၏သဘောထားကိုသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလို အစေ့လေးတွေပဲ ဆိုရင် ကျွန်တော် လုပ်ကြည့်ချင်ပါတယ်။ လင်းလုံစံအိမ်က ပန်းပဲဆရာကို လုပ်ခိုင်းစရာ မလိုပါဘူး”

“ဒီလိုအစေ့တစ်စေ့ လုပ်နိုင်ဖို့ ဘယ်လောက်ကြာမလဲ”

သိုက်ခေါင်းဆောင်မှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဤကဲ့သို့သော လက်နက်မျိုးကို အများအပြား ထုတ်လုပ်နိုင်မည် ဆိုလျှင် သိုက်မိသားစုအတွက် အကျိုးကျေးဇူး ရနိုင်လောက်ပေသည်။

“တစ်စေ့အတွက် ငါးရက်လောက် ကြာပါတယ်” ပန်းပဲဆရာမှ အပိုအလို မပြောဘဲ အမှန်အတိုင်းသာ ဖြေလိုက်သည်။

“ဒီလိုမျိုးဖြစ်ဖို့ကို အချိန်တော်တော် ပေးရမှာပါ။ ဒါပေမယ့် ဒီလိုမျိုး ရာနဲ့ချီ လိုချင်တယ်ဆိုရင်တော့…”

ပန်းပဲဆရာမှ ဘာမှဆက် မပြောတော့ပေ။ သို့သော် သူ ဘာပြောချင်လဲ ဆိုတာကို သိုက်ခေါင်းဆောင် ရှင်းရှင်းလင်းလင်း သိပေသည်။ ဤကဲ့သို့ အစေ့များ ရာနှင့်ချီ ရရှိနိုင်ရန် ရက်ပေါင်း ရာနှင့် ထောင်နှင့်ချီ ပြုလုပ်ရမည် ဖြစ်၏၊ သို့သော် ဤပစ္စည်းများသည် တစ်ကြိမ်သာ အသုံးပြု၍ ရသည်။ ထိုကဲ့သို့ ဆိုလျှင် မတန်ပေ။

“ဒီအစေ့နဲ့ အရွယ်အစား မတူဘဲ သူ့လောက်ပြင်းအား ရှိအောင် လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီအစေ့လေးတွေက တော်တော်ကို သေသပ် သပ်ရပ် လွန်းတယ်။ ဒါကို လူတစ်ယောက်တည်းကပဲ လုပ်ထားတာ မဖြစ်နိုင်လောက်ဘူး”

ထိုလူရိုင်း နောက်ကွယ်တွင် အထူးကျွမ်းကျင်သည့် ဆရာများ ရှိနေမည်မှာ အမှန်ပင်။

အစေ့များ ပြုလုပ်ပုံကို သိလျှင်ပင် ထိုအစေ့များဖြင့် လူများကို ထိခိုက်အောင် ဘယ်လို လုပ်ရတာလဲ ဆိုတာက ပြဿနာတစ်ခု ဖြစ်နေဆဲဖြစ်၏။

တကယ်ပဲ ဝမ်ရှန်း ဘာတွေ သုံးခဲ့တာလဲ…

ဗဟုသုတ ကြွယ်ဝသည်ဟု ပြော၍ရသည့် သိုက်မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲအပြင် ပန်းပဲဆရာပင် တွေးဆမရအောင် ဖြစ်နေသည်။

အားလုံးမှ ဝမ်ရှန်း အသုံးပြုခဲ့သည့် လက်နက်အကြောင်း တွေးတောခန့်မှန်း နေကြစဉ်မှာပင် သိုက်ဝူကျီး သေဆုံးရခြင်း အကြောင်းအရင်းကို စစ်ဆေးနေသည့် လူသည် နောက်ဆုံး၌ ရလဒ် ထွက်လာခဲ့ပြီဖြစ်၏။ သို့သော် ထိုရလဒ်သည်လည်း အစောတုန်းကနှင့် အတူတူ ရေနစ်ကာ သေဆုံးခဲ့ခြင်းပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သို့သော်လည်း သိုက်ခေါင်းဆောင်သည် ရလဒ်အား မယုံကြည် နိုင်သေးပေ။ လေးနှစ်သား အရွယ်ကတည်းက ဤမြစ်အတွင်း၌ ခေါက်တုံ့ ခေါက်ပြန် ကူးနိုင်သည့် သိုက်ဝူကျီးက ရေနစ်သေသည်တဲ့လား…

“အကြီးအကဲ ဝူကျီးက သူ မသေခင်မှာ အဆိပ်မိခဲ့ပါသေးတယ်”

သို့သော် စစ်ဆေးနေသူမှာ ဆရာပီသစွာ အစောင့်များ မစစ်ဆေးနိုင်ခဲ့သည့် အရာကို သူ ရှာဖွေစစ်ဆေး နိုင်ခဲ့သည်။

“အဆိပ်မိနေတာကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး အကြောသေ သွားခဲ့တယ်။ အဲ့ဒါကြောင့် ရေထဲကျသွားတဲ့ အချိန်မှာ မလှုပ်ရှားနိုင်ဘဲ ရေနစ်သွားတာပါ”

“အဲဒါဆိုရင် သူက အဆိပ်ကြောင့် သေသွားတာများလား”

သိုက်ခေါင်းဆောင်မှ မေးလိုက်သည်။ သိုက်ဝူကျီးက ရေနစ်၍ သေသွားခြင်းဖြစ်သည် ဟူသည့် အချက်ကို သူ လက်မခံနိုင်သည်မှာ အမှန်ပင်။

“ဒါက ပဲ့စေ့ အရွယ်အစားရှိတဲ့ အနက်ရောင် ပင့်ကူရဲ့အဆိပ် ဖြစ်နိုင်ချေ များပါတယ်။ အဆိပ်က တော်တော်ကို ပြင်းတယ် ဆိုပေမယ့် အကြီးအကဲဝူကျီးရဲ့ ဝိညာဉ်အဆင့်နဲ့ ဆိုရင် နာရီဝက်လောက် အကြောတွေ တောင့်တင်းသွားပြီးတဲ့ နောက်မှာ သူ အဲ့အဆိပ်ကို သူ့ခန္ဓာကိုယ်ထဲကနေ ပြန်ကန်ထွက် သွားအောင် လုပ်နိုင်ပါတယ်”

အလောင်းအား စစ်ဆေးသည့် လူများထဲမှ တစ်ယောက်သည် အဆိပ်ဆေးဆရာ ဖြစ်သည်။

“အကယ်၍ အကြီးအကဲ ဝူကျီးသာ ရေထဲမပြုတ်ကျသွားဘူး ဆိုရင် သူ သေမှာ မဟုတ်ပါဘူး”
***

Comment

Leave a Reply

Options

not work with dark mode
Reset