Switch Mode

Chapter – 193

စတင်ခြင်း (၂)

အပိုင်း ၁၉၃
စတင်ခြင်း (၂)

သိုက်ဝူကျီးသည် သူ ငါးမျှားသည့် အချိန်တွင် ခြေဗလာဖြင့် ခြေထောက် ရေစိမ်တတ်သည့် အကျင့်ရှိ၏။ အေးမြ၍ သက်သောင့်သက်သာ ရှိကာ သူအတွက် အကောင်းဆုံးသော ခံစားချက်ပင် ဖြစ်သည်။ ဝမ်ရှန်း ဤနေရာအား ရွေးချယ်ရခြင်းမှာလည်း သိုက်ဝူကျီး၏ ဤအကျင့်ကြောင့်ပင် ဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် ကင်းလှည့်သည့် အစောင့်များသည် တောအုပ်အတွင်း၌ သူတို့ တမင်သက်သက် ချန်ရစ်ထားခဲ့သည့် အပေါက်ကို ဝမ်ရှန်း ဖြတ်သွားကြောင်း ရှာတွေ့ သွားခဲ့ကြသည်။ ဝမ်ရှန်းသည် ဆက်မစောင့်နိုင်တော့ဘဲ ရက်အနည်းငယ်အတွင်း သူတို့ ထောင်ချောက်အတွင်း ဝင်လာလိမ့်မည်ဟု တွေးထင်လိုက်ကြ၏။

အစောင့်များ၏ သတင်းတင်ပြချက်ကို ကြားလိုက် ရသောအခါ သိုက်ဝူကျီး အလွန် ပျော်ရွှင်သွားခဲ့သည်။ သူ ဖန်တီးခဲ့သည့် ပြဇာတ်သည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၏။ သို့သော် ဤကိစ္စပြီးဆုံး သွားပြီးနောက် နောက်ပိုင်းတွင် ပျော်စရာများ မရှိတော့မည်ကိုလည်း သူ စိုးရိမ်မိပေသည်။

အဖြစ်အပျက် ပြီးဆုံး သွားပြီးနောက် အထီးကျန်ကာ ပျင်းရိရပြန်ဦးမည် ဆိုလျှင် ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်သနည်း… ဝမ်ရှန်းသာ ရက်အနည်းငယ်လောက် ဆက်ပြီး တောင့်ခံနိုင်ဦးမည် ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မြစ်ချောင်ဘေးသို့ လျှောက်သွား နေစဉ်မှာပင် သိုက်ဝူကျီးသည် သူ နောက်တစ်ကြိမ် စောင့်ကြည့် ခံနေရသည်ဟု ခံစားလိုက်ရသည်။ မေးစရာပင် မလိုပေ၊ ထိုလူသည် ဝမ်ရှန်းသာ ဖြစ်ရပေမည်။ သို့သော် ယခုအချိန်တွင် ထူးဆန်းနေသည်မှာ သိုက်ဝူကျီးသည် ဝမ်ရှန်း၏ တည်နေရာကို ဖော်ထုတ်၍ ရနေခြင်းဖြစ်၏။ သူသည် ဝမ်ရှန်း သူ့ထောင်ချောက်တွင်းသို့ ကျရောက်လာမည်ကို စောင့်နေခြင်း မဟုတ်ပါက ထိုနေရာသို့ သွားကာ ဝမ်ရှန်းအား နှုတ်ဆက်ပြီ ဖြစ်သည်။

ဝမ်ရှန်း၏ တည်နေရာအား သတိထားမိသည်နှင့် သိုက်ဝူကျီ ချက်ချင်း အံ့အားသင့် သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် မြစ်ချောင်း၏ အခြားဘက်ခြမ်း တစ်နေရာမှနေ၍ သူ့အား စောင့်ကြည့်နေသောကြောင့် ဖြစ်သည်။ သူ ဝမ်ရှန်းအား မမြင်နေရပေ။ သို့သော် ဝမ်ရှန်းသည် လူတစ်ယောက်ကို မိုင်အနည်းငယ် အကွာမှ သတ်နိုင်သည် ဆိုမှတော့ သူ့ကိုလည်း သေချာပေါက် မြင်နေရပေလိမ့်မည်။

ဝမ်ရှန်း ဤကဲ့သို့ သူ၏တည်နေရာကို ဗြောင်ကျကျ ထုတ်ဖော်ရဲ နေခြင်းမှာ မြစ်က ခုနစ်မိုင်၊ ရှစ်မိုင်ခန့် ကျယ်ပြန့်ခြင်းကြောင်း ဖြစ်နိုင်သည်။ ထို့အတွေးကြောင့် သိုက်ဝူကျီး ပြုံးလိုက်၏။ ထို့နောက် သူသည် လက်တစ်ဖက် ဆန့်ထုတ်ကာ သူ၏ရင်ဘတ်ကို ယား၍ ကုတ်သည့်ပုံစံဖြင့် ကုတ်လိုက်ပြီး အတွင်း၌ရှိနေသည့် စွမ်းအား ကြီးမားသည့် ချပ်ဝတ်တန်ဆာကို ထိတွေ့လိုက်သည်။

တံတားပေါ်သို့ ရောက်သည့် အချိန်တွင် သိုက်ဝူကျီးသည် ခြေဗလာဖြင့် ရေထဲဆင်းရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူသည် သူ၏ခြေထောက် ယားယံလာသည်ဟု ခံစားလိုက်ရကာ အောက်သို့ ငုံ့ကြည့်လိုက်သည့် အချိန်တွင် ပင့်ကူတစ်ကောင် သူ့ခြေထောက်ပေါ်သို့ ခုန်တက်လာကြောင်း တွေ့လိုက်ရသည်။ တံတားသည် သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ ထိုပေါ်တွင် ပိုးမွှားများ ရှိနေသည်မှာ ပုံမှန်သာပင်။

သိုက်ဝူကျီး၏ ဝိညာဉ်အဆင့်သည် မြင့်မားပေရာ ဤကဲ့သို့သော ပိုးမွှားမျိုးသည် သူ့အား မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

သိုက်ဝူကျီးသည် ခြေထောက်ကိုသာ ခါလိုက်ရာ ပင့်ကူသည်လည်း ဘယ်နားမှန်းမသိ လွှင့်ထွက် သွားခဲ့‌တော့သည်။ အစမှအဆုံးထိ သူသည် ထိုပင့်ကူကို နည်းနည်းလေးပင် စိတ်ထဲ မထည့်ခဲ့ချေ။

ထို့နောက် သိုက်ဝူကျီးသည် သစ်သားခုံပေါ် ထိုင်ကာ ရေထဲကို ခြေထောက်ချရန် ပြင်လိုက်သည့် အချိန်မှာပင် သူ၏ခြေထောက် အနည်းငယ် ထုံထိုင်းယားယံ လာသည်ကို ခံစားလိုက်ရသည်။ သို့သော် သူသည် ဂရုမစိုက်ဘဲ ထိုင်ခုံပေါ်သို့ အရင်ထိုင်ချကာ ကုန်းကုပ်ရန် လုပ်လိုက်သည်။

နှစ်ကြိမ်ခန့် ကုပ်ပြီးနောက်တွင် တစ်ခုခု မှားနေကြောင်း သိုက်ဝူကျီး ရုတ်တရက် သတိထားမိ သွားခဲ့သည်။ သူသည် သူကုပ်သည့် နေရာကို ဘာလို့ ခံစား၍ မရနေသနည်း… အဆိပ်သင့် သွားသည်လား… သိုက်ဝူကျီး ထိတ်လန့်သွားကာ မတ်မတ် ထိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးအတွင်းရှိ ဝိညာဉ်စွမ်းအားများ အားလုံးကို ချက်ချင်း လှည့်ပတ်လိုက်သည်။ သူ၏ ဝိညာဉ်အဆင့် သတ္တမအဆင့်ဖြင့် ဆိုလျှင် သူ ဝိညာဉ်စွမ်းအား အကာအကွယ်ကို အသုံးပြုလိုက်လျှင် နာရီအနည်းငယ် အကြာတော့ တောင့်ခံနိုင်ပေသည်။

ဤအချိန်ပမာဏသည် သူ့အတွက် အဆိပ်အမျိုးအစားကို ရှာဖွေရန်နှင့် အဆိပ်ဖြေဆေး သောက်ရန် လုံလောက်ပေသည်။ သူ၏ဝိညာဉ်အဆင့်အပေါ် ယုံကြည်ချက် ပြင်းထန်ကာ သိုက်ဝူကျီးသည် အရမ်း ထိတ်လန့် မသွားခဲ့ချေ။

အစောင့်များကို ခေါ်ရန် ပြင်လိုက်သည့်အခိုက် သူ ဝိညာဉ်စွမ်းအားများ သုံးလိုက်သည်နှင့် လေးလံထိုင်းမှိုင်းသည့် ခံစားချက်က သူ၏ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့သွားကာ စကားပင် မပြောနိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရသည်။

မတူညီသည့် ဘက်လေးဘက်၌ ရှိနေသည့် အစောင့်လေးယောက်သည်လည်း သူတို့အကြီးအကဲ မူမမှန် ဖြစ်နေသည်ကို ရုတ်တရက် တွေ့သွားခဲ့ကြ၏။ သိုက်ဝူကျီးသည် ထိုနေရာတွင် တောင့်တောင့်ကြီး ထိုင်နေကာ သူ့လက်ထဲမှ ငါးမျှားချိတ်ကို ဒီတိုင်းသာ ကိုင်ထားနေကြောင်း တွေ့လိုက်ရသည်။

ဒုန်း…

သူတို့လေးယောက်သည် နားမလည်နိုင် ဖြစ်နေကြစဉ်မှာပင် သိုက်ဝူကျီး၏ ခန္ဓာကိုယ် အနောက်သို့ ယိုင်လဲ ကျသွားသည်ကို မြင်လိုက်ရသည်။

အစောင့် လေးယောက်လုံးသည် တတိယအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြ၏။ ဤအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ သိုက်ဝူကျီးက အဆိပ်သင့်နေပြီ ဖြစ်ကြောင်း သူတို့ ရိပ်စား မိလိုက်ကြသည်။ သူတို့လေးယောက်သည် လျှပ်စီးတန်း လေးခုအလား သိုက်ဝူကျီးထံသို့ ရုတ်ခြည်း ပြေးသွား လိုက်ကြတော့သည်။

အစောင့်နှစ်ယောက်သည် သိုက်ဝူကျီးအား ပြေးထူ လိုက်ကြကာ ကျန်သည့် နှစ်ယောက်သည် ဘေးပတ်ဝန်းကျင်အား စူးစမ်းလျက် သူတို့၏ ရန်သူကို သတိထား ရှာဖွေလိုက်၏။ ယခုလို အချိန်မျိုး၌ ဝမ်ရှန်း ရုတ်တရက် တိုက်ခိုက်လာမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။

မြစ်၏ အခြားတစ်ဖက်ခြမ်း၌ ပုန်းနေသည့် ဝမ်ရှန်းသည် စနိုက်ပါ မှန်ပြောင်း မှတဆင့် ဤမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သိုက်ဝူကျီးက ဤကဲ့သို့ ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်ကာ လဲကျသွားလိမ့်မည်ဟု ဝမ်ရှန်းပင် လုံးဝ မထင်ထားခဲ့မိချေ။

ပင့်ကူသည် ထုံဆေးပေး ခံထားရသည့် အနေအထားမှ နှိုးထလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဤကဲ့သို့ သူနှင့်စိမ်းသက်သည့် နေရာမျိုးတွင် သူသည် သေချာပေါက် ပုန်းအောင်းရန် ကြိုးစားပေလိမ့်မည်။ ထိုအချိန်တွင် သစ်သားနှစ်ခု ကြားသည် ပုန်းကွယ်ရန် အကောင်းဆုံး နေရာဖြစ်၏။

ထို့ကြောင့် တစ်စုံတစ်ဉီးသာ ထိုသစ်သားပြားပေါ်သို့ တက်နင်းလာပါက ပင့်ကူလေးသည် သေချာပေါက် တိုက်ခိုက်ပေမည်။ ဤအရာသည် သဘာဝတရားပင်ဖြစ်၏။

သိုက်ဝူကျီးသည် သူ၏ဝိညာဉ်အဆင့်က မြင့်မားက အင်းဆက်များနှင့် ပုရွတ်ဆိတ်များက သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ဟု တွေးခဲ့၏။ သို့သော် ဤပင့်ကူလေးသည်ကား ခြွင်းချက်ဖြစ်သည်။ ပင့်ကူသည် သိုက်ဝူကျီး၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏အစွယ်များ မှတစ်ဆင့် သိုက်ဝူကျီး၏ ခန္ဓာကိုယ် အတွင်းကို အဆိပ်များ ထိုးသွင်း လိုက်ပြီဖြစ်သည်။ သိုက်ဝူကျီးက ပင့်ကူအား အလွန် လျင်မြန်စွာ ခါထုတ်နိုင်ခဲ့သည့်တိုင် ထိုအရာသည် သူ အဆိပ်သင့်သွားပြီ ဆိုသည့် အချက်ကို မပြောင်းလဲပစ်နိုင်ပေ။

သိုက်ဝူကျီးသည် ခြေဗလာဖြင့် တံတားပေါ် တက်လိုက်သည့် အချိန်ကတည်းက အဖြစ်ဆိုးကြီး စတင်ခဲ့ပြီဖြစ်၏။ သူ၏ခန္ဓာကိုယ်ပေါ်၌ ဝတ်ဆင်ထားသည့် အကာအကွယ် ချပ်ဝတ်တန်ဆာကလည်း အသုံးမဝင်တော့ချေ။

အစောင့်လေးယောက် သိုင်ဝူကျီးအား လာပြေးထူပေးသည်ကို မြင်လိုက်ရသည်နှင့် ဝမ်ရှန်း သူ့လက်ထဲမှ ခလုတ်ကို နှိပ်ချ လိုက်တော့သည်။

စနိုက်ပါရိုင်ဖယ်သည် ဒီဘက်ကမ်းမှ ဟိုဘက်ကမ်းကို ရောက်နိုင် လောက်သည်အထိ ပစ်ကွင်း မသေချာပေ။ သို့သော် ခလုတ်မှ ရေဒီယိုလှိုင်းများကတော့ ဟိုဘက်ကမ်းရှိ အဝေးထိန်း မိုင်းထံသို့ ရောက်နိုင်ပေ၏။

ဝမ်ရှန်းသည် အဝေးထိန်း မိုင်းများ၏ အကွာအဝေးကို အဆုံးစွန်ထိ တိုးချဲ့ထားပြီးသား ဖြစ်သည်။ ၁၀ ကီလိုမီတာ အတွင်း ရှိနေသ၍ အချက်ပြစနစ်သည် အခြားတစ်ဖက်သို့ ရှင်းရှင်းလင်းလင်း ရောက်နိုင်ပေသည်။

ဝုန်း….

တံတားထက်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ပြင်းအား များလှသည့် ပေါက်ကွဲမှုကြောင့် တံတား တစ်ခုလုံးလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေတော့၏။

သိုက်ဝူကျီးနှင့် အစောင့် လေးယောက်တို့သည် သတိလက်လွတ် ဖြစ်နေခဲ့ကြကာ မရေမတွက်နိုင်သည့် သံမဏိအလုံးများ သူတို့၏ခန္ဓာကိုယ်အား ဖြတ်သန်း ဖောက်ထွက် သွားခဲ့ကြသည်။ အစောင့်သုံးယောက် ချက်ချင်းပင် အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီး ဒေါသထွက်နေသည့် အစောင့်တစ်ယောက်နှင့် သိုက်ဝူကျီးတို့ကမူ ခန္ဓာကိုယ်များ လေပေါ်သို့ မြှောက်တက် သွားခဲ့ကာ ၁၀ မီတာအကွာ မြစ်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျ သွားခဲ့တော့သည်။

ကျယ်လောင်လှသည့် ပေါက်ကွဲသံသည် သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်း အတွင်း၌ ရှိနေသည့် အစောင့်များ အားလုံးကို ချက်ချင်း နှိုးကြား သွားစေခဲ့သည်။ ဝမ်ရှန်း စနိုက်ပါမှန်ပြောင်းမှ ကြည့်လိုက်သည့် အချိန်တွင် အခြားအစောင့်များထက် အဆင့်မြင့်သည့် ဝိညာဉ်သခင် လေးယောက်သည် လေးမှ လွှတ်လိုက်သည့် မြားများကဲ့သို့ ထိုနေရာသို့ အပြေးအလွှား ပြေးလာ နေကြသည်ကို မြင်လိုက်ရ၏။

“ကျွတ်စ် ကျွတ်စ် သနားစရာပဲ… မင်းတို့ နောက်ကျသွားပြီကွ…”

ဝမ်ရှန်း ခေါင်းခါယမ်းလျက် ပြောလိုက်၏။ ထို့နောက် သူ၏စနိုက်ပါ ရိုင်ဖယ်နှင့် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ နဂိုတကည်းက စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း လျင်မြန်စွာ ပြန်ဆုတ် သွားလိုက်သည်။

သိုက်မိသားစုမှ ကျန်သည့် အစောင့်များ မြစ်ကမ်းဘေးသို့ ရောက်လာသည့် အချိန်တွင် တံတားတစ်ဝက်က အစိတ်စိတ် အမြွှာမြွှာဖြစ်နေကာ ရေပေါ်၌ ပေါလော ပေါ်နေသည့် သစ်သားစများကြောင့် အားလုံး ကြက်သေ သေသွားခဲ့ကြ၏။

မြစ်ရေသည့် သွေးစီးကြောင်း များဖြင့် ရဲရဲနီနေသည်။ သူတို့သည် အစောင့်နှစ်ယောက်၏ ခန္ဓာကိုယ်တစ်ပိုင်း မြစ်ကမ်းပါး၌ သောင်တင် နေသည်ကိုသာ မြင်လိုက်ရ၏။ သိုက်ဝူကျီးနှင့် ကျန်သည့် အစောင့်နှစ်ယောက်မှာမူ စီးဆင်းနေသည့် ရေအလျင်၌ ရုတ်တရက် ဘယ်ရောက် သွားပြီလဲပင် မသိတော့ချေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset