အပိုင်း ၁၉၁
ထောင်ချောက်ပြင်ကာ စောင့်နေခြင်း (၁)
ဝမ်ရှန်းသည် တကယ့်ကို ဤနေရာသို့ ပြေးလာခဲ့ခြင်း ဖြစ်၏။ သို့သော် သိုက်ဝူကျီး တွက်ထားသည့် ရက်ထက် ရက်ပေါင်းများစွာ နောက်ကျ ခဲ့သေးပေသည်။ ပင့်ကူအား ဖမ်းရန် ငါးရက် ကြာခဲ့ကာ ဂျင်ဒီနယ်မြေ အတွင်း ခရီးသွားနှုန်းကလည်း သာမန်နေရာများနှင့် ယှဉ်၍ မရသည်မှာ အမှန်ပင်။ ထို့ကြောင့် ဂျင်ဒီတားမြစ် နယ်မြေ တစ်ခုတည်း၌ပင် သူ နောက်ထပ် သုံးရက် ကြာမြင့်ခဲ့၏။
လမ်းတစ်လျှောက်တွင် သူသည် ပင့်ကူအား ဂရုစိုက်ရသေးကာ တစ်ဖက်မှာလည်း သားရဲကြီးများ လက်မှ ပုန်းရှောင် သွားလာ ရသေးသည်။ ထို့ကြောင့် ဂျင်ဒီနယ်မြေ အပြင်သို့ ရောက်သည့် အချိန်တွင် သူ ၁၀ ရက် နောက်ကျနေပြီဖြစ်၏။ ထို ၁၀ ရက်သာ ကာလသည် သိုက်ဝူကျီးအတွက် အရာအားလုံး ပြင်ဆင်ရန် လုံလောက်ပေသည်။ အချိန်က လောက်လွန်း၍ သူသည် စိတ်မရှည်ပင် ဖြစ်နေခဲ့ရပြီ။
ဝမ်ရှန်းသည် သူ မလှုပ်ရှားခင်တွင် သိုက်ဝူကျီးအား စောင့်ကြည့် လေ့လာသည်မှာ ပုံမှန်ပင်ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်း နားသို့ မသွားခဲ့ပေ။ အဝေးမှနေ၍ အဝေးကြည့် မှန်ပြောင်းဖြင့်သာ စောင့်ကြည့် လေ့လာလိုက်၏။ အမြင်အာရုံ တိုးမြင့်လာသည့် အပြင် စစ်သုံး မှန်ဘီလူးကို အသုံးပြုနေခြင်းကြောင့် ဝမ်ရှန်းသည် သိုက်ဝူကျီ၏ လှုပ်ရှားမှုတိုင်းကို ၁၀ မိုင် အကွာ လောက်မှနေ၍ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဝမ်ရှန်းသည် သိုက်ဝူကျီး၏ ဝိညာဉ်အဆင့်နှင့် စိတ်အား ထက်သန်မှုတို့ကို လျှော့တွက် မိသွားခဲ့သည်။ သူ ထိုနေရာသို့ ရောက်ကာ သိုက်ဝူကျီးအား လေ့လာ စုံစမ်းပြီး ဘယ်လောက်မှ မကြာလိုက်ချေ၊ သိုက်ဝူကျီးသည် သူ့အား သတိထားမိ နေခဲ့ပြီးဖြစ်၏။
“နောက်ဆုံးတော့ သူ ရောက်လာပြီကွ…”
သိုက်ဝူကျီးသည် ပျော်လွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။ ပျော်စရာ နည်းနည်းလေးပင် မရှိသည့် ဤနေရာ၌ တစ်ယောက်တည်း နေနေရသည်မှာ မလွယ်ပေ၊ ဒီလောက်ထိ နောက်ကျနေသည့် လူတစ်ယောက်ကို စောင့်နေရသည်မှာ အတော့်ကို စိတ်ရှည်သည်းခံ ထားရသည်။
ဝမ်ရှန်း၏ အမြင်အာရုံသာ လက်ရှိ အနေအထားထက် အကြိမ်ပေါင်း များစွာ ပိုမို စူးရှခဲ့မည်ဆိုလျှင် ဒီထက်ပိုပြီး အနီးကပ် မြင်နိုင်ခဲ့မည် ဆိုလျှင် သိုက်ဝူကျီး၏ မျက်နှာထက်မှ အမူအရာကို သူ ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။
ယခုကဲ့သို့ သည်းမခံနိုင်လောက်အောင် စောင့်ပြီးနောက် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုသည် “အနောက်အရပ်သို့ ခရီးသွားခြင်း : မိစ္ဆာများကို အနိုင်ယူခြင်း” တွင် စွန်းဝူခုန်းသည် ထန်စန်းအား လှည့်စားကာ ချိတ်ပိတ်ထားသည့် ကြာပန်းပွင့်ကို ပြန်ဖြည်ခဲ့ပြီးသည့် အချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဟုန်ပေါ်၏ ပျော်ရွှင်မှုထက်ပင် ပို၍သာလွန် နေသေးပေသည်။
“မင်းတို့ ကင်းလှည့်တဲ့ အချိန်ကျရင် သေချာ ဂရုစိုက်ရမယ်။ မင်းတို့ သူ့ကို တွေ့ခဲ့ရင်တောင် မတွေ့ချင်ယောင် ဆောင်ရမယ်၊ ကြားလား”
ညအချိန် အစောင့်များအား ရှင်းပြစဉ်တွင် သိုက်ဝူကျီး ထိုအချက်ကို တမင်သက်သက် နောက်တစ်ကြိမ် ပိုဖိပြောလိုက်သည်။
အစောင့်များ၏ သရုပ်ဆောင်မှု များသည်လည်း အံ့အားသင့်စရာ ကောင်းပေသည်။ သူတို့သည်လည်း သိုက်ဝူကျီး ကဲ့သို့ပင် စိတ်လှုပ်ရှား နေခဲ့ကြ၏။ သို့သော် သိုက်ဝူကျီးကဲ့သို့ စွမ်းအား မကြီးမားသောကြောင့် သူတို့ တန်ပြန် စောင့်ကြည့် ခံနေရသည် ဆိုတာကို သူတို့ မသိခဲ့ပေ။ သို့သော် သိုက်ဝူကျီး ပြောသည်မှာ မမှားလောက်ပေ၊ ထိုလူရိုင်းကောင်းသည် ဤအနီးအနား တစ်ဝိုက်၌သာ ရှိနေနိုင်လောက်ပေသည်။
သိုက်ဝူကျီးသည် ဝမ်ရှန်းက သူ့အား စောင့်ကြည့်နေကြောင်း သိသော်လည်း ဝမ်ရှန်း၏ တည်နေရာကို ရှာမတွေ့ပေ။ သို့သော် ဤအရာသည် သိုက်ဝူကျီးအား ပို၍ စိတ်လှုပ်ရှားစေခဲ့၏။ သူ ဤကဲ့သို့ မပျော်ရွှင်ရသည်မှာ အချိန်အတော် ကြာပြီဖြစ်သည်။ ယခုတစ်ကြိမ်ကို သူ ဝမ်ရှန်းနှင့် သေချာပေါက် အချိန်အတော်ကြာအောင် ကစားပေးရပေမည်…
ဝမ်ရှန်းသည် သူ၏အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်လိုက်သည့် အချိန်တွင် သိုက်မိသားစု ဘိုးဘေးသင်္ချိုင်း၏ တည်နေရာက တကယ်ကို ကောင်းမွန်လှကြောင်း တွေ့လိုက်ရသည်။ ထိုနေရာကို တောင်များ ဝန်းရံထားကာ အရှေ့တွင် ကြီးမားသည့် မြစ်တစ်စင်းရှိနေ၏။ ဤနေရာသည် ကမ္ဘာပေါ်တွင် အတော်ကို လှပသည့် တောတောင် ရှုခင်းပင်ဖြစ်၏။
ထိုနေရာသို့ ရောက်သည်နှင့် ချက်ချင်း လုပ်ကြံခြင်းက ရူးသွပ်ရာ ကျပေလိမ့်မည်။ ထိုအရာသည် ကိုယ့်သေတွင်းကို ကိုယ်တူးခြင်းလည်း ဟုတ်ပေသည်။ ဝမ်ရှန်းသည် လက်ရွေးစင် စနိုက်ပါ တပ်သား တစ်ယောက်ဖြစ်၏၊ အဆင့်နိမ့်သည့် ကျင့်ကြံရေးသမား မဟုတ်ပေ။ အခြားတစ်ဖက်က မည်သည့် နေရာ၌ရှိကြောင်း သိပြီးလျှင်ပင် လုပ်ငန်း မစခင်တွင် စီစဉ်စရာ ရှိသည်တို့ကို အရင်စီစဉ်လိုက်လေသည်။
ထို့ကြောင့် ဝမ်ရှန်း၏ နောက်ထပ် လှုပ်ရှားမှုများသည် သိုက်ဝူကျီးအား အံ့အားသင့် စေခဲ့သည့်အပြင် စိတ်ကျေနပ် စေခဲ့သည်။ ဝမ်ရှန်းသည် တစ်လျှောက်လုံး နေရာများစွာ ပြောင်းကာ သိုက်ဝူကျီး၏ လှုပ်ရှားမှုများကို နေ့တိုင်း အဆက်မပြတ် စိတ်ရှည်လက်ရှည် စောင့်ကြည့် လေ့လာခဲ့နေ၏။
ဝမ်ရှန်းက ပိုသတိရှိပြီး ပိုစိတ်ရှည်လေ သိုက်ဝူကျီးက ပိုသဘောကျလေပင် ဖြစ်သည်။ ဝမ်ရှန်းက အခွင့်အရေး တစ်ခုရှာပြီး အဝေးမှသာ လက်နက်ဖြင့် ပစ်လိုက်မည်ဆိုလျှင် ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိမ့်မည်နည်း။ ဤကဲ့သို့ ဉာဏ်ကို လွှာသုံးကာ ရဲစွမ်းသတ္တိရှိသည့် တိုက်ပွဲမျိုးကသာ သိုက်ဝူကျီးအား ပို၍ စိတ်လှုပ်ရှား ပျော်ရွှင်စေပေသည်။
ဝမ်ရှန်း ရောက်ရှိလာသည့် အကြောင်းကို အစောင့်များမှ သိုက်ခေါင်းဆောင်အား သတင်းပို့ခဲ့ပြီး ဖြစ်သည်။ တစ်နေ့ ညအချိန်တွင် သိုက်ခေါင်းဆောင်သည် သိုက်ဝူကျီးထံသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ကာ သိုက်ဝူကျီးအား ပိုမိုဂရုစိုက်ရန် သတိပေးလိုက်သည်။ ထို့နောက် ဝမ်ရှန်းအား ဝိညာဉ်သခင် အချို့စေလွှတ်ကာ ရှင်းပစ်ရန် ပြောလိုက်သည်။
“မလုပ်နဲ့”
သိုက်ခေါင်းဆောင် အကြံကို သိုက်ဝူကျီး ချက်ချင်း ငြင်းပယ်လိုက်သည်။
“ကျုပ် ဒီမှာရှိနေတာ လပေါင်း ချီနေပြီ၊ ပျင်းလွန်းလို့ သေချင်စော်တောင် နံနေပြီ။ ပြီးတော့ ကျုပ်ကို အပျင်းပြေအောင် လုပ်ပေးမယ့် လူကို ရှာတွေ့ဖို့ ဆိုတာက ခဲယဉ်းတယ်။ အဲ့ဒါကြောင့် သူ့ကို ဒီတိုင်းကြီးတော့ မသတ်လိုက်ပါနဲ့”
“ဒါပေမယ့် သူ့လက်နက်က အားပြင်း လွန်းတယ်ကွ။ မိုင်အနည်းငယ် အကွာကနေတောင် လူတစ်ယောက်ကို ခေါင်းပွင့်ထွက် သွားအောင် လုပ်နိုင်တယ်”
ဟုတ်ပါသည်၊ သိုက်ခေါင်းဆောင်သည် သူ၏ရွှေရောင် တိုက်ခိုက်ရေး သမားကြီးကို မသေစေချင်ပေ။ ထို့ကြောင့် သူသည် ဝမ်ရှန်း၏ လက်နက် စွမ်းအားကို အထူးအသားပေး ပြောလိုက်သည်။
“ခေါင်းဆောင်က ကျုပ်ကို စတုတ္ထအဆင့် ဝိညာဉ်သခင်လိုမျိုး ဘာမှမဟုတ်တဲ့ ကောင်လို့ ထင်နေတာလား”
သိုက်ဝူကျီးမှ ခေါင်းဆောင်၏ စကားအား ပြန်လည် ချေပလိုက်သည်။ သူသည် သိုက်ခေါင်းဆောင်၏ စိုးရိမ်မှုများကို ဖြေလျှော့ပေးရန် ရင်ဘတ်မှ အင်္ကျီစကို လှပ်ပြကာ –
“ခေါင်းဆောင် စိတ်မပူပါနဲ့။ ဝူရုံမြို့မှာရှိတဲ့ ကျုပ်တို့လူတွေ ပြောတာ သူ့လက်နက်က အားပြင်းတယ် ဆိုပေမယ့် ဒိုင်းကာမပါတဲ့ ဆဋ္ဌမအဆင့် ဝိညာဉ်သခင် လောက်ထိကိုပဲ ထိခိုက်အောင် လုပ်နိုင်တာတဲ့”
သိုက်ဝူကျီး အတွင်း၌ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာအား မြင်လိုက်ရသောအခါ တစ်ချက်ကြည့် လိုက်ရုံဖြင့် ထိုအရာက သိုက်မိသားစု၏ ရတနာဖြစ်ကြောင်း သိုက်ခေါင်းဆောင် မှတ်မိပေသည်။ သိုက်ဝူကျီးသည် သူ၏ဝိညာဉ်အဆင့် သတ္တမအဆင့်နှင့် ဤချပ်ဝတ် တန်ဆာတို့ကို ပေါင်းစပ် လိုက်မည်ဆိုပါက ဝမ်ရှန်း၏ စွမ်းအားထက် လက်နက်က နှစ်ဆပိုမို အားပြင်းခဲ့လျှင်ပင် သိုက်ဝူကျီးအား ထိုးဖောက်နိုင်ရန် မဖြစ်နိုင်ချေ။
သိုက်ဝူကျီးက သူ ဝိညာဉ်အဆင့် မြင့်မားသည်ဆိုပြီး သတိမလျှော့ပေါ့ နေကြောင်း တွေ့လိုက် ရသောအခါ သိုက်ခေါင်းဆောင် စိတ်သက်သာရာ ရသွားခဲ့သည်။
“မင်းခေါင်းကိုလည်း အကာအကွယ်တွေ လုပ်ထားဦး”
ထို့နောက် သိုက်ခေါင်းဆောင် ဘာမှထပ် မပြောခဲ့တော့ပေ။
“မင်း ကစားလို့ ဝသွားရင် သူ့ကို သတ်လိုက်တော့။ ဘာအရှုပ်အရှင်းမှ လုပ်မနေနဲ့”
သိုက်ဝူကျီသည်လည်း ကတိအထပ်ထပ် ပေးကာ သိုက်ခေါင်းဆောင်အား ပြန်ပို့ပေးလိုက်သည်။ ထို့နောက် တစ်ညလုံး အစောင့်အချို့နှင့် ဆွေးနွေးကာ ဝမ်ရှန်းအား လှည့်စားရန် အဖြစ်အပျက် အတုအယောင်များ ဖန်တီးရန် စတင်လိုက်၏။
အားလုံး၏ ဆွေးနွေးချက်မှ ထွက်ပေါ်လာသည့် အဖြေအရ ဝမ်ရှန်းသည် သိုက်ဝူကျီးအား သတ်ချင်သည်ဆိုလျှင် သူ ဘယ်လိုနည်းလမ်းမျိုးကိုပဲ အသုံးပြုပါစေ သေချာပေါက် အနီးအနားရှိ တောင်များကို အသုံးပြုရမည် ဖြစ်သည်။ ဝမ်ရှန်းသည် တောတောင်များ၌ ပို၍ကျွမ်းကျင်သည် မဟုတ်ပါလား… ထို့ကြောင့် သူသည် သူ၏အားသာချက်ကို ဘယ်လိုမှ လက်လွတ် ခံမည် မဟုတ်ပေ။
ဘိုးဘေးသင်္ချိုင်း အရှေ့၌ရှိနေသည့် မြစ်အကြောင်းကို သူတို့ မတွေးမိကြခြင်း မဟုတ်ပေ။ သို့သော် ထိုမြစ်သည် အလွန်ကျယ်ကာ အနည်းဆုံး ခုနစ်မိုင်၊ ရှစ်မိုင်ခန့် ရှည်လျားပေသည်။ ဝမ်ရှန်း၏ ထူးဆန်းသော လက်နက်သည် ဤအကွာအဝေးကို မဖြတ်ကျော်နိုင်ချေ။ ဝူရံမြို့ အတွင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဝမ်ရှန်း၏ လက်နက်ပြင်းအားကို ခန့်မှန်းချက်အရ ထိုလက်နက်၏ အကွာအဝေး သက်ရောက်မှုသည် အများဆုံး ငါးမိုင်သာဖြစ်၏။
ထို့ကြောင့် ဝမ်ရှန်းသည် ခုနစ်မိုင်၊ ရှစ်မိုင်ခန့် ရှည်လျားသည့် မြစ်တစ်ဖက်မှနေ၍ သိုက်ဝူကျီးအား တစ်ချက်တည်းဖြင့် ပစ်သတ်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ အကွာအဝေးက လုံလောက်သည် ဆိုလျှင်တောင် သိုက်ဝူကျီးထံသို့ ရောက်လာသည့် အချိန်တွင် ကျည်အရှိန်သည် သူ့အား သတ်ရန် မလုံလောက်ပေ။
ဝမ်ရှန်းအား အခွင့်အရေး ဖန်တီးပေးရန်အတွက် တစ်လကျော် စူးစမ်း လေ့လာပြီး နောက်တွင် အစောင့်များသည် အနုစိတ်ကြဟန် ရှိသော်လည်း သေချာ သုံးသပ်ကြည့်လျှင် ဟာကွက်များ တွေ့ရှိနိုင်သည့် ကင်းလှည့်သည့် စနစ်ဖြင့် ကင်းလှည့်ရန် ရွေးချယ် လိုက်ကြသည်။
သိုက်မိသားစု၏ အကြီးအကဲ သိုက်ဝူကျီး အတွက်မူ ကင်းလှည့်စရာ မလိုပေ။ သို့သော် ဝမ်ရှန်းအမြင်တွင် သူ၏နေထိုင်မှုမှာ သိပ်ပြီး မတင်းကျပ်ဟု ထင်မြင်အောင် လုပ်လိုက်သည်။ ဝမ်ရှန်းသာ လုပ်ချင်သည် ဆိုလျှင် တိတ်တဆိတ် လုပ်ကြံ၍ ရသည့်ပုံစံမျိုး ပြုလုပ်လိုက်၏။
ဝမ်ရှန်းက သူ့အနားသို့ပင် မလာနိုင်ခဲ့ပါက ဤလုပ်ကြံမှုက အတော့်ကို ပျင်းစရာ ကောင်းသွား ပေလိမ့်မည်။ သိုက်ဝူကျီးသည် အပျင်းမပြေသေးချေ။ ထို့ကြောင့် ဝမ်ရှန်းကို သူ့အနားသို့ မရောက်ရောက်လာအောင် မျှားခေါ်လိုက်သည်။
ထို့အတွက်ကြောင့် သိုက်ဝူကျီးသည် ဝမ်ရှန်း အခွင့်အရေး ရရန်အတွက် သူ၏နေ့စဉ် လုပ်ဆောင်မှုများကို တတ်နိုင်သလောက် ပုံမှန်အတိုင်းသာ လုပ်ဆောင် ပြလိုက်သည်။
မနက်ထတိုင်း သိုက်ဝူကျီးသည် မနက်ပိုင်း လေ့ကျင့်ခန်းများ ပြုလုပ်၏။ ထို့နောက် မနက်စာ စားပြီးနောက် ငါးမျှားချိတ်ယူကာ မြစ်ကမ်းနံဘေး၌ ငါးသွားမျှားသည်။ နေ့လယ်ပိုင်းတွင် ထမင်း စားပြီးနောက် တစ်ရေးတစ်မော အိပ်သည်။ ထို့နောက် ညနေပိုင်းတွင် ကျင့်စဉ်ကျင့်ကြံကာ ညပိုင်းတွင် စာဖတ်ပြီးမှ အိပ်လိုက်သည်။ သူသည် သူ့ဘဝကို ထိုအတိုင်း ပုံမှန်သာ ဖြတ်သန်း နေပြကာ ဝမ်ရှန်း လှုပ်ရှားလာမည်ကို စောင့်နေလိုက်သည်။
***