Switch Mode

Chapter – 190

ထောင်ချောက်တူးကာ စောင့်နေခြင်း (၁)

အပိုင်း ၁၉၀
ထောင်ချောက်တူးကာ စောင့်နေခြင်း (၁)

သိုက်ဝူကျီး… သူသည် သိုက်မိသားစု၏ အဓိက အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းနှင့် သြဇာအာဏာသည်လည်း အလွန်ကို ကြီးမားလှ၏။ အထူးသဖြင့် သူ၏ဝိညာဉ် အဆင့်သည် အလွန် မြင့်မားလှပေသည်။ လွန်ခဲ့သည့် နှစ်နှစ်၌ သူ့အား မြင်ခဲ့သည့် လူများသည် သူက ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဟု ပြောကြသည်။ သို့သော် လွန်ခဲ့နှစ်ဝက်တွင် သူသည် မည်သူမှ မသိလိုက်ဘဲ သတ္တမအဆင့်သို့ အဆင့်တက် သွားခဲ့သည်။

သိုက်မိသားစု၏ အဓိက မိသားစုဝင် အချို့မှလွဲ၍ ထိုအကြောင်းကို မည်သူမှ မသိပေ။ အပြင်လူများ အမြင်တွင် သိုက်ဝူကျီးသည် သိုက်မိသားစု ခေါင်းဆောင်အား အမြဲတမ်း ပုန်ကန်ချင်နေသည့် မောက်မာ တင်စီးသည့် အကြီးအကဲ တစ်ယောက်သာ ဖြစ်သည်။

ထိုအပြင်လူများ မဆိုထားနှင့် သိုက်မိသားစု အတွင်း၌ပင် လူအများစုသည်လည်း ထိုကဲ့သို့သာ တွေးကြပေသည်။ သိုက်ဝူကျီး၏ သဘောထားသည် ဆတ်ဆတ်ထိမခံ စိတ်ဆတ်သည့့် သဘောထားမျိုး ဖြစ်၏။ သူသည် နည်းနည်းလေး ရန်စလိုက်သည်နှင့် ထပေါက်ကွဲမည့် လူစားမျိုးသည်ပင်။

နောက်ဆုံးအကြိမ် သူ ဝမ်ရှန်းအား ဝူရုံမြို့လမ်းမထက်၌ လုပ်ကြံခဲ့ခြင်းသည် တစ်စုံတစ်ယောက်က သူ့အား ရန်လာစခဲ့ခြင်းကြောင့် ဖြစ်၏။

ဤအကြောင်းပြချက်ကြောင့် သိုက်ဝူကျီးသည် ကြီးမားသည့် ဆုံးရှုံးမှု ခံစားခဲ့ရသည်။ အဆင့်မြင့် မိသားစုဝင်များ တွေ့ဆုံသည့် အချိန်တွင် သိုက်မိသားစု ခေါင်းဆောင်သည်လည်း ထိုအကြောင်း သိသွားခဲ့ကာ အလွန်ဒေါသ ထွက်သွားခဲ့ပြီး သိုက်ဝူကျီးအား အပြင်ထွက်ခွင့် ပိတ်ပင် လိုက်သည်။ သူ၏အမှားကို ဆင်ခြင်ရန် သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်း၌ နှစ်ဝက်ကြာနေရင် အမိန့်ချမှတ်ခဲ့သည်။

ဤကိစ္စအတွက်နှင့် သိုက်မိသားစု ခေါင်းဆောင်နှင့် သိုက်ဝူကျီးတို့သည် အချင်းချင်း သေသည်အထိ တိုက်ခိုက်ကြမည်လော… သိုက်မိသားစုသည် ထိုမျှလောက် မရူးသွပ်သေးပေ။ သိုက်ဝူကျီးသည်လည်း စိတ်ဆတ်သော်လည်း ဦးနှောက် မရှိသည့် လူတစ်ယောက် မဟုတ်ပါချေ။

သိုက်ဝူကျီးအား လှည့်စားရ လွယ်သည်ဟု တွေးပြီး ရန်စသည့် လူများ အားလုံးသည် အဆုံးသတ် မလှခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မတော်တဆ သေဆုံးမှု ကဲ့သို့သော နောက်ဆက်တွဲ အကျိုးဆက် ရလဒ်များကို အမြဲတမ်း ကြုံတွေ့ရသောကြောင့်ပင် ဖြစ်၏။ ထိုအချိန်မှစ၍ သူ့အား မည်သူမှ လွယ်လွယ်နှင့် ရန်မစရဲကြတော့ပေ။

သို့သော် တကယ့် အမှန်တရားမှာ သိုက်ဝူကျီးသာ ရူးမိုက်သူ တစ်ယောက်ဖြစ်လျှင် သူသည် အကြီးအကဲ နေရာ အလွယ်တကူ ရနိုင်မည် မဟုတ်ပေ။ မည်သည့် အမှားအယွင်းမှ မရှိဘဲနှင့် သူ့နေရာ၌ နှစ်ပေါင်းများစွာ ကြာအောင် ဆက်လက် တည်မြဲနိုင်ပါ့မလား… အစမှအဆုံးထိ သိုက်ဝူကျီးသည် သူတို့ခေါင်းဆောင်အား ဆန့်ကျင်သည့်ဟန် ပေါ်ခဲ့သော်လည်း ပြောရမည်ဆိုလျှင် သူသည် အမြဲတမ်း သူတို့ခေါင်းဆောင်ဘက်၌ ရှိနေခဲ့ခြင်းသာ ဖြစ်သည်။

တစ်လျှောက်လုံး သိုက်ဝူကျီးသည် သိုက်မိသားစု ခေါင်းဆောင် နေရာအတွက် အန္တရာယ်ရှိသည့် လူများကို သူတို့ ဘာမှ မလှုပ်ရှားနိုင်ခင်မှာပင် ရှင်းလင်းပစ်လေ့ ရှိပေသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် သိုက်ခေါင်းဆောင်သည်လည်း သိုက်ဝူကျီးအား ဟန်ဆောင် အပြစ်ပေးလေ့ ရှိပေသည်။

ဝူရုံမြို့တွင် ဝမ်ရှန်းအား လုပ်ကြံရန်အတွက် အသေခံလူများ စေလွှတ်ခဲ့သည်မှာ သိုက်ဝူကျီး မဟုတ်ပေ၊ သိုက်မိသားစု ခေါင်းဆောင်လည်း မဟုတ်ပေ။ ထိုလူမှာ အဆင့်မြင့်တင်၍ ရသည့် ကြယ်ကိုးပွင့်ဝိညာဉ်ကို ရရှိခဲ့သော သိုက်ဟွမ်၏ညီ သိုက်ရှောက်ပင် ဖြစ်၏။

လုပ်ကြံမှု ကျရှုံးသွားသည့် အချိန်တွင် သိုက်ဝူကျီးသည် အလိုအလျောက် ပုန်ကန်သည့်လူ ဖြစ်လာခဲ့ကာ ခေါင်းဆောင်၏ အပြစ်ပေးခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရသည်။ အဖြစ်အပျက်များ အားလုံးသည် ပုံမှန်ပင်ဖြစ်ကာ ဤလျှို့ဝှက် ပူးပေါင်းကြံစည်မှုကို မည်သူမှ သံသယဝင်မည် မဟုတ်ပေ။

သို့သော် ထိုဘိုးဘေးသင်္ချိုင်း အတွင်း၌လည်း လျှို့ဝှက်ကြံစည်မှု တစ်ခု ဖြစ်သွားခဲ့သေးသည်။ သိုက်ဝူကျီးသည် သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်း အတွင်း၌ ကျင့်စဉ် မကျင့်ကြံနေခဲ့ပေ။ သူသည် သိုက်မိသားစုမှ ဝိညာဉ်သခင် အချို့ကို လျှို့ဝှက် ခေါ်ယူတွေ့ဆုံကာ ဝမ်ရှန်းအား ကံကောင်းခြင်း ဆေးပြား ပေးခဲ့သည့် အဘိုးဝမ်နှင့် သခင်လေးဖုန်းတို့အား လိုက်သတ် စေခဲ့သည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်အား လွတ်ပေးလိုက်ပြီး နောက်ယောင်ခံ လိုက်ကာ လျှို့ဝှက်ဂိုဏ်း၏ တည်နေရာကို သိရှိအောင် ကြိုးပမ်းခဲ့သည်။ ထိုဂိုဏ်းအား အမြစ်ဖြတ် ရှင်းလင်း ပစ်လိုက်သည်။

ထိုအချိန်အတွင်းတွင် အင်အားများစွာလည်း ပါဝင်ခဲ့ပြီး အားလုံးသည် သူလိုကိုယ်လို အနေအထားဖြင့် သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ် ထားခဲ့ကြကာ မည်သူကမှလည်း သိုက်ဝူကျီးအား မမှတ်မိခဲ့ကြပေ။ သိုက်ဝူကျီးသည် လျှို့ဝှက်ဂိုဏ်းအား အောင်အောင်မြင်မြင် ရှင်းထုတ် ပစ်နိုင်ခဲ့ကာ မည်သူမှ မသိလိုက်ဘဲ သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်းထံသို့ ပြန်ရောက် လာခဲ့သည်။ ထို့နောက် သူသည် သူ့အပြစ်ကိုသူ သိသကဲ့သို့ အုတ်ဂူရှေ့၌ နေ့တိုင်း ဒူးထောက်နေခဲ့ကာ ဖြစ်ပေါ်လာမည့် ပျော်စရာ ကောင်းသည့် ကိစ္စများကို စောင့်မျှော် နေလိုက်တော့၏။

ကြေးစားခန်းမ အတွင်းတွင် ဝမ်ရှန်း သိုက်ဝူကျီး၏ ဆုကြေးငွေ အကြောင်း မေးခဲ့သည့် သတင်းသည် သိုက်ဝူကျီး၏ နားနားသို့လည်း ရောက်ခဲ့ပေသည်။ ထိုသတင်း ကြားကြားချင်းတွင် သိုက်ဝူကျီးသည် ပျော်လွန်း ထခုန်မိမတတ်ပင် ဖြစ်ခဲ့လေ၏။

သိုက်မိသားစု၏ ဘိုးဘေးသင်္ချိုင်း အတွင်းတွင် ပျော်စရာ အနည်းငယ်မျှပင် မရှိပေ။ ဒါပြင် ဘိုးဘေးဝိညာဉ်များ တည်ရှိနေသည့် ဤကဲ့သို့သော နေရာမျိုးတွင် မိန်းမလှလေးများ ခေါ်ကာ ပျော်ပါးရန်ကလည်း မလွယ်ကူလှချေ။ ထို့ကြောင့် သိုက်ဝူကျီးသည် ပျင်းလွန်း၍ ရေမရှိသည့် ချောင်းထဲ နှာခေါင်းဖော်ကာ သေပစ်ချင်စိတ်ပင် ပေါက်နေပြီ ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် ကောင်းကင်က ဘယ်လောက် မြင့်မားကြောင်း မသိသည့် ကောင်လေး တစ်ယောက်က သူ့ကို လာသတ်တော့မည်တဲ့။ ဤအရာသည် ပျော်ရွှင်စရာ ကောင်းသည့် အဖြစ်အပျက်က သူ့တံခါးဝရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းပင် မဟုတ်ပါလော။

ဝမ်ရှန်း ရောက်လာမည်ကို သိုက်ဝူကျီးလောက် မည်သူကမှ မစောင့်မျှော်နေပေ။ သိုက်ဝူကျီးသည် နေ့ရက်များကိုပင် စတင် ရေတွက်ခဲ့ကာ ဝူရုံမြို့အတွင်း၌ ရှိနေသည့် သူ၏သူလျှိုကို ဝမ်ရှန်း၏ နေ့စဉ် လှုပ်ရှားမှုများ အကြောင်း အစီရင် တင်ခိုင်းခဲ့သေးသည်။

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှစ်ပြားသာ သောက်ခဲ့ကာ ဤမျှလောက်ထိ ခွန်အား ကြီးမားလာခဲ့သည်။ သို့သော် သိထားရမည်မှာ သိုက်ဝူကျီးသည် ဂိုဏ်းတစ်ခုလုံးကို မြေလှန်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ကံကောင်းခြင်း ဆေးပြားများ သာမက ဆေးပြား ဖော်စပ်ရန် အညွှန်းကိုပါ ရရှိခဲ့ပေသည်။

ဘိုးဘေးသင်္ချိုင်းသို့ ပြန်ရောက်လာသည့် အချိန်တွင် သိုက်ဝူကျီးသည် ကံကောင်းခြင်း ဆေးပြားတစ်ပြား သောက်ခဲ့သေး၏။ ကံမကောင်းသည်က ကံကောင်းခြင်း ဆေးပြားသည် ထူးခြားဆန်းကြယ်သော်လည်း သူ့လို သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက် အတွက်မူ ဆေးအာနိသင်သည် ပထမအဆင့်ဖြစ်သည့် ဝမ်ရှန်းထက် များစွာ လျှော့ကျနေခြင်း ဖြစ်၏။

ထို့ကြောင့် သိုက်ဝူကျီးသည် နောက်တစ်ကြိမ် ဝမ်ရှန်းကိုသာ ပျင်းရိစွာ ထပ်စောင့် နေလိုက်တော့သည်။ သူ စောင့်နေသည့် ပထမ တစ်လမှာပင် ဝမ်ရှန်းသည် အဆင့်နှစ်ဆင့် ဆက်တက်ခဲ့သောကြောင့် နေရထိုင်ရ အဆင်မပြေ ဖြစ်နေကြောင်းနှင့် မြို့ထဲမှ ထွက်ကာ ဂျင်ဒီတားမြစ် နယ်မြေ အတွင်းသို့ ဝင်သွားကြောင်း ကြားသိခဲ့ရသည်။

ဝမ်ရှန်း ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်ရန်အတွက် သိုက်ဝူကျီးသည် သူ့အား စောင့်ကြပ်နေသည့် အစောင့်များကိုပင် ပြန်လွှတ် လိုက်သေးပေသည်။

အစပိုင်းတွင် သိုက်ဝူကျီးသည် ထိုကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်း သွားခဲ့သည်။ သိုက်စီထံ၌ပင် သူ့အား စောင့်ကြပ်နေသည့်အစောင့်များ များစွာရှိ၏။ သို့သော် သူ့ကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားသည့် အကြီးအကဲ တစ်ဦးဘေးတွင် အစောင့် အနည်းငယ်ပင် မရှိနေဘူးဆိုလျှင် ဤအရာက ထောင်ချောက် တစ်ခုဖြစ်ကြောင်း မသိသာ လွန်းသွားဘူးလား… အဲ့လိုနဲ့ ဝမ်ရှန်း ကြောက်သွားရင် ဘယ်လိုလုပ်မလဲ… အစရှိသဖြင့် သိုက်ဝူကျီး တွေးကြည့်လိုက်သည်။

ထိုအတွေးဖြင့် သိုက်ဝူကျီးသည် အစောင့်များကို ဟန်ပြသာ ခေါ်ထားလိုက်၏။ သူတို့သည် ဝမ်ရှန်း၏ အရိပ်အယောင်အား တေွ့ခဲ့လျှင် မတွေ့ချင်ယောင် ဆောင်ရပေမည်။ ထိုကဲ့သို့ မဟုတ်ဘဲ ဝမ်ရှန်း ကြောက်သွားအောင် လုပ်မိမည်ဆိုပါက သူတို့အား သေဒဏ် ပေးပစ်မည်ဟုပင် သိုက်ဝူကျီး အမိန့်ပေး ထားလိုက်သည်။

ဟုတ်ပါသည်၊ အစောင့်များသည် သူတို့အကြီးအကဲ၏ စိတ်ကြည်နူးမှုကို ဖျက်ဆီးပစ်မည် မဟုတ်ပေ။ သဘောသာ တူလိုက်ကြ၏။ ဆိုရလျှင် သူတို့ ကိုယ်တိုင်သည်လည်း ဝမ်ရှန်းနှင့် အချိန်ကောင်းလေး ပိုင်ဆိုင်ချင် နေကြခြင်းပင် ဖြစ်သည်။ သူတို့စိတ်ထဲတွင် ဝမ်ရှန်းမှာ ပုရွက်ဆိတ် သာသာပင်။ အချိန်မရွေး နင်းခြေပစ်နိုင်သည်ဟုသာ တွေးထင်ထားကြ၏။

ကံကောင်းသဖြင့် ဝူရုံမြို့အတွင်းသို့ ထွက်ပြေး လွတ်မြောက် သွားခဲ့သည့် ဤလူရိုင်းတစ်ကောင်က သူတို့အကြီးအကဲကို လုပ်ကြံချင်သည်ဟု အရှက်မရှိ ပြောရဲခဲ့သည်။ သူသည် ဒုတိယအဆင့် အထွတ်အထိပ် အဆင့် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်သည်ဟု ပြောကြ၏။ ထိုကဲ့သို့သော လူမျိုးကို သတ်ရခြင်းက ပျော်စရာ မကောင်းလျှင် မည်သည့် အရာက ပျော်စရာ ကောင်းတော့မည်နည်း…

ဤကဲ့သို့ ဘာမှမရှိသည့် ဘိုးဘေးသင်္ချိုင်း အတွင်းတွင် အကြီးအကဲ သိုက်ဝူကျီးက ပျင်းနေသကဲ့သို့ သူတို့သည်လည်း ပျင်းနေရသည် မဟုတ်ပါလော။

ထိုစဉ်မှာပင် တစ်ဖက်မှ ဝမ်ရှန်းသည်လည်း ဂျင်ဒီတားမြစ် နယ်မြေ အတွင်း၌ ပင့်ကူဖမ်းရာတွင် ငါးရက်မျှ ကြာခဲ့၏။ ပင့်ကူကို ရှာတွေ့ခဲ့သည့် အချိန်မှစ၍ အခွင့်အရေးကို စောင့်နေသည့် အခိုက်အတန့်အတွင်း သူသည် နည်းနည်းလေးမျှ သတိလက်လွတ် မလုပ်ဆောင်ရဲခဲ့ချေ။

ဤငါးရက်၏ ကြာချိန်သည် သိုက်ဝူကျီးအား အလွန့် အလွန်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူ နေ့တိုင်း စောင့်မျှော် နေခဲ့သော်လည်း ဝမ်ရှန်းသည် ဘယ်ဘက်မှလည်း ရောက်မလာ၊ ညာဘက်မှလည်း ရောက်မလာခဲ့ချေ…

ကောင်းကင်ကြီးသည် စိတ်ရှည် သည်းခံသည့် လူများကို အကျိုးမယုတ်စေပေ။ သိုက်ဝူကျီးသည် သူ စိတ်မရှည်စွာ စောင့်နေသည့် အခိုက်အတန့်၌ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့အား တိတ်တဆိတ် ချောင်းကြည့်နေကြောင်း ခံစားလိုက်ရသည်။

ဤအရာသည် သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အလိုလို သိစိတ်ပင် ဖြစ်၏၊ ထိုခံစားချက်မျိုး ခံစားလိုက်ရသည်နှင့် သိုက်ဝူကျီးသည် ချက်ချင်းပင် သဲကန္တာရ အတွင်း၌ အိုအေစစ်တစ်ခု တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆုံးတော့ … သူ ရောက်လာခဲ့ပြီပဲ..…
***

Comment

Leave a Reply

Options

not work with dark mode
Reset