အပိုင်း ၁၈၉
လျှို့ဝှက်ချက်၏ အဓိပ္ပာယ် (၂)
အပြင်ဘက်၌ ဘာတွေပဲ ဖြစ်နေပါစေ၊ ထိုအချင်းအရာတို့အား ဝမ်ရှန်း ဘာမှ မသိပေ။ ဝမ်ရှန်း မဆိုထားနှင့် ကမ္ဘာပေါ်တွင် ထိုအဖြစ်အကြောင်း သိသွားသည့် လူသည် အနည်းငယ် ဆိုရုံသာ ရှိခဲ့သည်။ လျှို့ဝှက်မိသားစု တစ်စုနှင့် လျှို့ဝှက်ဂိုဏ်းတစ်ခု ပျောက်ကွယ် သွားခြင်းတို့သည် မည်သည့် ဂယက်မှ မထစေခဲ့ပေ။ အင်အားစု တစ်ခုနှစ်ခုလောက်၏ မှတ်တမ်းများ အတွင်း၌ စာကြောင်းအချို့ ထပ်တိုး လာခဲ့ခြင်းသာရှိ၏။ ထို့ထက်ပို၍ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ပျက်ခဲ့ပေ။ သူတို့ တည်ရှိခဲ့ကြောင်းလည်း မည်သည့် အထောက်အထားမှ မရှိတော့ချေ။
ဝမ်ရှန်းသည် လျှို့ဝှက်ဂိုဏ်း တစ်ခုမှ ဖြစ်သည်ဟု ထင်နေခဲ့ကြပြီး ဝမ်ရှန်းသာ အမှန်တကယ် ဖြစ်ပါက သူ၏ အဆုံးသတ်သည်လည်း ထိုလူများထက် ဘယ်လောက်မှ ပိုမကောင်းနိုင်ပေ။
ကံကောင်းခြင်း ဆေးပြား ဖော်စပ်သည့်အညွှန်း ပေါက်ကြား သွားသည်နှင့် လူများသည် ပြောင်ပြောင်တင်းတင်းပင် ထိုဆေးပြားကို ဖော်စပ်ရန် ကြိုးစားလာကြ၏။ ထိုထဲတွင် ဆေးပြားကို ကိုယ်တိုင် မဖော်စပ်ဘဲ ဈေးကြီးပေး ဝယ်ချင်သည့် လူများလည်း ရှိပေသည်။ ဆေးဆရာ ဘယ်နှယောက်ကပင် စမ်းသပ် ပြုလုပ်ခဲ့ကြပြီကို မသိနိုင်ချေ။
ပါဝင်သည့် ဆေးပစ္စည်း များစွာမှာ အလွန် ရှားပါးလှ၏။ နန်းတွင်းနှင့် အဓိက အင်အားစုများ၌ပင် ပါဝင်သည့် ဆေးပစ္စည်းအချို့ မရှိနေပေ။ ထိုကြောင့်ပင် ကံကောင်းခြင်း ဆေးပြားသည် ရရှိရန် မလွယ်ကူသည့် ဆေးပြားတစ်ပြား အနေဖြင့် ဆက်လျက် ရှိနေဆဲဖြစ်သည်။
…..
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် တစ်ဖက်မှ ဖြစ်ပျက်နေသည့် အရာများကို သိလည်းမသိ ဂရုလည်း စိုက်မနေချေ။ သူသည် ဂျင်ဒီနယ်မြေ အတွင်းရှိ လုံခြုံသည့် နေရာတစ်နေရာ၌ ရှိနေကာ ထောင်ချောက် တစ်ခုကို ဂရုတစိုက် ပြင်ဆင်နေခဲ့သည်။
သူ့အား လုပ်ကြံစဉ်၌ အပြစ်ပေး ခံခဲ့ရသည့် သိုက်မိသားစုမှ အကြီးအကဲအကြောင်း သတင်းအချက်အလက်များကို ဝမ်ရှန်း ကြေးစားခန်းမမှ ရရှိခဲ့ပြီးဖြစ်၏။ အများသိကြသည့် အချက်အလက်များအရ ထိုအကြီးအကဲ၏ နာမည်သည် သိုက်ဝူကျီး ဖြစ်ကာ လွန်ခဲ့သည့် နှစ်နှစ်တွင် သူသည် ဆဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သည်။ ယခု နှစ်နှစ်ကြာပြီး နောက်တွင် သူသည် ဆဋ္ဌမအဆင့်၌သာ ရှိနေသေးခြင်းလည်း ဖြစ်နိုင်သလို သတ္တမအဆင့်သို့ ရောက်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်ရှန်းသည် အခြားဝိညာဉ် သခင်များကိုတော့ မတွေ့ခဲ့ဖူးပေ။ သို့သော် သူသည် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့၏ လှုပ်ရှားမှုများကို မြင်တွေ့ခဲ့ဖူးပေသည်။ ထိုအချိန်တွင် သူတို့၏ ခွန်အားများသည် ဝမ်ရှန်းအား အလွန် မနာလို ဖြစ်စေခဲ့၏။ စနိုက်ပါ ရိုင်ဖယ်ဖြင့်ပင် သူတို့ကို လုပ်ကြံ၍ မရနိုင်လောက်ဟုပင် ဝမ်ရှန်း သံသယ ဖြစ်ခဲ့သည်။
ဤအရာသည် ကျွမ်းကျင်သူ တစ်ယောက်၏ အလိုလို သိစိတ်ပင်။ သို့သော် ဝမ်ရှန်း တစ်ယောက်တည်းသာ ဤကဲ့သို့ တွေးခြင်း မဟုတ်ပေ။ တိုက်ပွဲဝိညာဉ်ကလည်း သူ့အား အတည်ပြုပေးခဲ့ပြီး ဖြစ်၏။ ဝိညာဉ်နယ်မြေ အတွင်းတွင် ဝမ်ရှန်းသည် ပိုမိုအားကောင်းသည့် လေးနှင့် စနိုက်ပါရိုင်ဖယ်နှင့် တူသည့် ရှည်လျားသည့် မြားကိုအသုံးပြုကာ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီအား ပစ်သည့် မြင်ကွင်းကို တွေးမြင်ကြည့်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံး ရလဒ်သည် အရှုံးသာဖြစ်ကာ အသုံးမဝင်ခဲ့ပေ။
ယခုအချိန်တွင် ဝမ်ရှန်း အသေအချာ တပ်အပ် ပြောနိုင်သည်မှာ စနိုက်ပါ ရိုင်ဖယ်သည် ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုတော့ သေစေနိုင်ကာ ပဥ္စမအဆင့်အထက် ဝိညာဉ်သခင်များ အတွက်မူ လုံးဝ အသုံးမဝင်ကြောင်းပင် ဖြစ်၏။ ဤအချက်သည် သူ၏ ပိုမို သန်မာလာချင်စိတ်ကို စိတ်အားထက်သန် လာစေခဲ့သည်။
စနိုက်ပါရိုင်ဖယ်ကို အသုံးပြုခြင်းက အလုပ်ဖြစ်လိမ့်မည်ဟု မသေချာပေ။ ကံမကောင်းလျှင် သိုက်ဝူကျီးကိုပင် သတိထားမိ သွားစေကာ သူ၏အကာအကွယ်များကို ပို၍တိုးမြှင့် သွားစေနိုင်ပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် စနိုက်ပါရိုင်ဖယ်ကို နောက်ဆုံး လက်နက် အဖြစ်သာ သတ်မှတ်လိုက်၏။ သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်နှင့် ရင်ဆိုင်ရန် အတွက် ဝမ်ရှန်း အခြား နည်းလမ်းများကို စဉ်းစားရန် လိုအပ်ပေသည်။
ပြင်ဆင်ထားသည့် ထောင်ချောက်သည် ဝမ်ရှန်း သူ အသုံးပြုရန် ရည်ရွယ်ထားသည့် နည်းပရိယာယ်များ ထဲမှ တစ်ခုပင်ဖြစ်၏။
ဂျင်ဒီနယ်မြေ အတွင်းတွင် စွမ်းအား ကြီးမားသည့် သားရဲများ များစွာရှိကာ ထိုအချက်သည် ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။ ဝိညာဉ်သခင်များသည် ဂျင်ဒီနယ်မြေအတွင်းသို့ ဝင်လာခဲ့ကြကာ ပြန်မထွက် နိုင်ခဲ့ကြပေ။ လူများသည် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဤခွန်အားကြီးများသည့် သားရဲများကြောင့် ဖြစ်သည်ဟု တွေးကြ၏။ သို့သော် သူတို့သည် အခြား အချက်အလက် များစွာကို လျစ်လျူရှု ထားမိခြင်းပင် ဖြစ်သည်။
ဥပမာ လူသားစား ပုရွက်ဆိတ်နှင့် လူသတ်ပျား အစရှိသည့် အကောင်မျိုး ကဲ့သို့သော အကောင်မျိုး ဖြစ်သည်။ သူတို့ အားလုံးသည် နိုင်လိုမင်းထက် ပြုမူသည့် သက်ရှိများ ဖြစ်ကာ သူတို့အဆင့်သည် ဘယ်လောက်မှ သိပ်မမြင့်ပေ။ သို့သော် သူတို့သည် သူတို့၏ များပြားလှသည့် အရေအတွက်ဖြင့် မည်သည့် ခွန်အားကြီး သားရဲမဆိုထံ ပြေးဝင် သွားရဲပေသည်။
ထို့အပြင် ဂျင်ဒီနယ်မြေ အတွင်းတွင် တိတ်တဆိတ် လူသတ်နိုင်သည့် အခြား ကြောက်စရာလှသည့် အရာများ များစွာ ရှိနေသေးပေသည်။ ရေထဲမှ အသံတိတ်မျှော့များ သို့မဟုတ် လူသားနှင့် တိရစ္ဆာန်များအတွက် အန္တရာယ်မရှိဟု ထင်ရသည့် အဆိပ်ပြင်း အပင်များ သို့မဟုတ် မျက်စိဖြင့်ပင် မမြင်ရသည့် သေးငယ်သည့် အင်းဆက်များ ဖြစ်သည်။
ယခု ဝမ်ရှန်း ကြည့်နေသည်မှာ သေးငယ်သည့် ပင့်ကူတစ်ကောင်ဖြစ်သည်။ သူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး အတန်ကြာသည်နှင့် တိုက်ပွဲဝိညာဉ်သည် သူ့အား အချက်ပေးသံ ကျယ်လောင်စွာ သတိပေးခဲ့၏။ သို့သော် သူသည် အန္တရာယ် အရင်းအမြစ်ကို ရှာမတွေ့ခဲ့ပေ။ နောက်ပိုင်းမှာမှ ထိုအရာက ပဲစေ့အရွယ်အစား ပင့်ကူတစ်ကောင် ဖြစ်ကြောင်း ဝမ်ရှန်း ရှာတွေ့သွားခဲ့သည်။
ပင့်ကူသည် အလွန်ကို သေးငယ်ကာ ရုတ်တရက် ကြည့်လျှင် မမြင်ရပေ။ သို့သော် ဝမ်ရှန်းသည် အလွန် အဆိပ်ပြင်းသည့် မြွေတစ်ကောင်က ထိုပင့်ကူလေးကြောင့် သွက်ချာပါဒ ဖြစ်သွားရသည့် ဖြစ်စဉ်ကို အစအဆုံး မြင်ခဲ့ရပေသည်။
ထိုပင့်ကူမှာ အဆိပ်အပြင် လျင်မြန်လှသည့် တိုက်ခိုက်မှု နှုန်းကလည်း ဝမ်ရှန်း၏ စိတ်ထဲ၌ မြဲမြံစွာ စွဲထင် ကျန်ရစ်ခဲ့၏။ အစပိုင်းတွင် ပင့်ကူလေးသည် သူ့ဗိုက်ပေါ်၌ ရှိနေကာ ထိုအဆိပ်ရှိ မြွေ၏ကျောပေါ်သို့ ခုန်ဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ခုန်ဆင်းသွားသည့် အချိန်တွင် သူ၏အလျှင်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှပေသည်။ ဝမ်ရှန်းသည် သူ၏တိုးတက်လာသည့် အမြင်အာရုံနှင့်ပင် ဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ၊ နောက်ဆုံး ရလဒ်ကိုသာ မြင်တွေ့ခဲ့ရ၏။
တိုက်ခိုက်ခံခဲ့ရသည့် အဆိပ်ရှိမြွေ၏ အဆိပ်အဆင့်သည် မနိမ့်လှပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများက သူ စုန့်ရန် နှင့်အတူ အရင်က ရင်ဆိုင်ခဲ့ဖူးသည့် မြွေကဲ့သို့ မမာကျော လှသော်လည်း လွယ်တော့ မလွယ်လှပေ။ ဝမ်ရှန်းသည် ထိုမြွေအား သာမန် လေးမြားတို့ဖြင့် ပစ်ကြည့်လိုက်သည်၊ မရပါချေ။
သို့သော် ဤကဲ့သို့ သေးငယ်သည့် ပင့်ကူတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံရပြီးနောက်တွင် မြွေ၏ခန္ဓာကိုယ် တစ်ခုလုံး အကြောများ တုံ့ဆိုင်း သွားခဲ့တော့၏။ ဤဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ထိုပင့်ကူ၏ အဆိပ်နှင့် အစွမ်းတို့ကို မြင်နိုင်ပေသည်။
အလွန် လျင်မြန်လှသည့် အရှိန်၊ အားပြင်းလှသည့် အဆိပ်၊ အားကောင်းသည့် ကိုက်ခဲနိုင်စွမ်း… ဤပင့်ကူသည် အကောင်းဆုံး လက်နက်ပင်ဖြစ်၏။ ဤနေရာတွင် တစ်ခုတည်းသော မေးခွန်းမှာ ပင့်ကူကို ဘယ်လို အရှင်ဖမ်းမလဲ ဆိုတာပင်ဖြစ်၏။
ပင့်ကူများသည် အလွန်အားနည်းကာ သူတို့ကို သတ်ရန် လွယ်ကူ၏။ အကိုက် မခံရရန်ကိုသာ ဂရုစိုက်ရမည် ဖြစ်သည်။ သို့သော် ဤကမ္ဘာမှ လူများအတွက်မူ သူ့ကိုဖမ်းရန် အလွန် ခက်ခဲနိုင်သော်ငြား ဝမ်ရှန်းအတွက်မှာမူ သူ စဉ်းစားထားသည့် နည်းလမ်းတစ်ခု ရှိပေသည်။
ပင့်ကူများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်များ များစွာ စုဝေးနေသည့် နေရာမျိုးတွင် သူတို့၏ လှုပ်ရှားနိုင်စွမ်း လျော့ကျသွားကာ အကြောပင် ဆွဲသွားနိုင်ကြောင်း ဤကမ္ဘာမှ လူများ သေချာပေါက် သိကြမည် မဟုတ်ချေ။ တစ်ခါတစ်ရံ သူ့ကမ္ဘာပေါ်တွင် ပင့်ကူချည်မျှင်များကို လိုအပ်သည့် အချိန်တွင် သူတို့သည် ပင့်ကူများကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြင့် အကြောဆွဲအောင် လုပ်ကာ သူတို့၏ အမျှင်များကို စက်များဖြင့် ယူလေ့ရှိပေသည်။
ဝမ်ရှန်း တွေ့ရှိသည့် ဤပင့်ကူသည် ထောင့်အမှောင်များ၌ နေထိုင်ရသည်ကို သဘောကျ၏။ ဒါ့ပြင် သူနှင့် ပင့်ကူမှာ ၁၀ စင်တီမီတာ အကွာအဝေး အတွင်း ရှိမှသာ တိုက်ပွဲဝိညာဉ်ထံမှ သတိပေးချက် ထွက်ပေါ်လာတတ်ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် သတိပေးချက် ထွက်ပေါ်လာသည့် ဧရိယာအတွင်းတွင် အမြင့်တစ်နေရာ၌ သေချာ နေရာယူကာ သူ ပြင်ဆင်လာသည့် ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ရှာလကာရည် ပုလင်းကြီး တစ်ပုလင်း၊ သံပရာသီး တစ်လုံးဖြစ်၏။ သူသည် ရှာလကာရည် ပုလင်းထိပ်၌ ပိုက်ပုံစံ ပြုလုပ်ထားသည့် သစ်ရွက် ထိုးထည့်လိုက်ကာ သံပရာသီးကို ပုလင်း အတွင်းသို့ ထည့်လိုက်သည်။
အက်ဆီးတစ်အက်စစ်သည် ကယ်လ်ဆီယမ် ကာဗိုနစ်နှင့် ဓာတ်ပြုကာ ကယ်လ်ဆီယမ် အက်ဆီတစ်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ထွက်ပေါ်လာခဲ့၏။ သိပ်မသန့်စင်သည့် ဤကာဗွန်ဒိုင် အောက်ဆိုဒ်များသည် ကန်တော့ပိုက် မှတစ်ဆင့် ထွက်လာခဲ့ကာ ပင့်ကူပေါ်သို့ တဖြည်းဖြည်းချင်း ရောက်သွားခဲ့သည်။
အစပိုင်းတွင် ပင့်ကူသည် မတုံ့ပြန်ခဲ့ပေ။ သို့သော် တစ်ခဏကြာ ပြီးနောက်တွင် သစ်ကိုင်းပေါ်၌ ရှိနေသည့် ပင့်ကူက မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။
ထို့နောက် ဝမ်ရှန်းသည် ထိုပင့်ကူကို ကြိုတင် ပြင်ဆင်ထားသည့် လေဝင်လေထွက်ရှိသည့် ဝါးကျည်တောက် တစ်ခုအတွင်းသို့ ကောက်ထည့် လိုက်၏။
အဖုံးပိတ်ပြီးနောက် ထိုဝါးကျည်တောက်ကို နောက်ထပ် ကြီးမားသော လေဝင်နိုင်သည့် ဝါးကျည်တောက် တစ်ခုအတွင်း ပြန်ထည့် ကာပိတ်လိုက်၏။ ဝါးကျည်တောက် အသေးထဲတွင် တီကောင် အချို့ရှိနေကာ အချိန်တစ်ခုအထိ ပင့်ကူအတွက် စားသောက်ရန် လုံလောက်ပေသည်။
အရာအားလုံး လုပ်ပြီးသွားနောက် ဝမ်ရှန်း စိတ်သက်သာရာ ရစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထို့နောက် ထိုကြီးမားသည့် ဝါးကျည်တောက်ကို အိတ်တစ်အိတ်ထဲ ထည့်ကာ ထိုအိတ်ကို သတ်သတ် ခွဲထားလိုက်၏။ သိုက်ဝူကျီးနှင့် ရင်ဆိုင်ရာတွင် ဤအကောင်လေးသည် ဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။ ချုံခို တိုက်ခိုက်ရမည့် အချိန်ကိုသာ စောင့်ကြည့် ရတော့မည်ဖြစ်၏။
ထို့နောက် ဦးတည်ချက် သတ်မှတ်ပြီးသည်နှင့် ဝမ်ရှန်းသည် သိုက်မိသားစု ရှိရာဘက်သို့ တည့်တည့် ဦးတည် သွားလိုက်တော့သည်။ ကြေးစားခန်းမ အတွင်း၌ သူ အစ်မချင်းဝေအား မေးမြန်းခဲ့သည့် အချိန်တွင် သူ၏ရည်ရွယ်ချက်ကို လူတော်တော်များများ ကြားခဲ့ကြပေသည်။ ယခုအချိန်တွင် သိုက်မိသားစုသည် ပြင်ဆင်ထားကြကာ ဝမ်ရှန်း သူ့ဘာသာသူ သူတို့ပိုက်ကွန်ထဲသို့ ပစ်ဝင်လာမည့် အချိန်ကို စောင့်နေနိုင်ကြ လောက်ပေသည်။
***