Switch Mode

Chapter – 188

လျှို့ဝှက်ချက်၏ အဓိပ္ပာယ် (၁)

အပိုင်း ၁၈၈
လျှို့ဝှက်ချက်၏ အဓိပ္ပာယ် (၁)

ယခုတစ်ကြိမ်တွင်လည်း ဝမ်ရှန်း ဂျင်ဒီနယ်မြေဘက်မှ မြို့ပြင်ထွက်သွားကြောင်း သတင်းရရချင်း ဝမ်ရှန်းနောက် အပြေးလိုက်ခဲ့သည့် ဝိညာဉ်သခင်များသည် မြို့ဂိတ်ပေါက်ဝတွင် ဂိတ်စောင့်များ၏ နောက်ဆုံးအကြိမ်မှ ဝိညာဉ်သခင်များ၏ အဖြစ်အပျက်ကို သတိပေးခြင်း ခံလိုက်ရသည်။ ထိုသတိပေးစကားများ ကြားလိုက်ရသောအခါ သူတို့ အားလုံးနီးပါး ဝမ်ရှန်းနောက် မလိုက်ရဲ ဖြစ်သွားခဲ့ကြသည်။

သို့သော် သူတို့ လက်လျှော့လိုက်ခြင်းတော့ မဟုတ်ပေ။ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝမ်ရှန်း ဝင်သွားသည့် ဘက်မှ လိုက်ဝင်သွားသည့် အချိန်တွင် ဝမ်ရှန်းက အစအန ရှာမရအောင်ကို ပျောက်သွားပြီ ဖြစ်ကြောင်း သူတို့ တွေ့လိုက်ရသည်။

အတိတ်တွင် ဝမ်ရှန်းသည် ရွေးချယ်စရာ မရှိဘဲ သူ့နောက် လိုက်သည့် ဝိညာဉ်သခင်များ လက်ထဲမှ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရ၏။ ထိုအချိန်တွင် ထိုလူများသည် ဝမ်ရှန်းကို သူ၏အော်ရာဖြင့် ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် ဝိညာဉ်အဆင့် ဒုတိယအထွတ်အထိပ် အဆင့် ရှိနေပြီဖြစ်ကာ ဘာမှမဟုတ်သည့် နောက်ယောင်ခံ လိုက်သူများကို ခြေရာဖျောက် နိုင်လေပြီ။

ကြီးမားသည့် ဂျင်ဒီနယ်မြေသည် ဝမ်ရှန်းအတွက် ချောမွေ့သည့် လမ်းခရီး ဖြစ်ခဲ့သည်။ သို့သော် ဝမ်ရှန်းနောက် လိုက်ခဲ့ကြသည့် ထိုဝိညာဉ်သခင်များသည် ဝမ်ရှန်း၏ အရိပ်အယောင်ပင် ရှာမတွေ့သောအခါ ဒေါသထွက်ရုံမှ တစ်ပါး ဘာမှမတတ်နိုင်ပဲ ပြန်လှည့်လာ ရတော့၏။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယခုအချိန်တွင် ဝမ်ရှန်းထံ၌ ရှိနေသည့် အားလုံး စိတ်ဝင်စားရသည့် အရာမှာ ဂျင်ဒီနယ်မြေ အတွင်းသို့ အန္တရာယ်ကင်းစွာ ဝင်ထွက်သွား လာနိုင်သည့် သူ၏အရည်အချင်းသာ ဖြစ်၏။

အားလုံးသည် ဝမ်ရှန်းအား ကံကောင်းခြင်း ဆေးပြားနှစ်ပြား၏ အကျိုးအာနိသင်များနှင့် ဝိညာဉ်အဆင့်မြင့် တင်ခြင်းအတွက် စမ်းသပ်ခန်းထဲမှ ကြွက်ဖြူအဖြစ် သဘောထားကြပေသည်။ သို့သော် ဝမ်ရှန်းမှာ သူတို့နဲ့မတူ ထူးခြားသည့် အရည်အသွေးများ ရှိနေသူ လူတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် အင်အားစုများ အားလုံးသည် ဝမ်ရှန်းအား မဖြစ်မနေ သတ်ပစ်ရမည့် ပစ်မှတ်မျိုးအဖြစ် မမှတ်ယူကြပေ။

…….

ဝမ်ရှန်း သူ၏အဆင့်အသစ်နှင့် ကျင့်သားရအောင် ကြိုးစားနေသည့် အချိန်တွင် အပြင်ဘက်၌ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့၏။ ဝမ်ရှန်း ဂျင်ဒီနယ်မြေမှ ယူခဲ့သည့် မြေပုံနှင့် ကံကောင်းခြင်း ဆေးပြားနှစ်ပြား လဲလှယ်ခဲ့သည့် အဘိုးဝမ်နှင့် သခင်လေးဖုန်းတို့သည် သူတို့ဆရာ အကြောင်း ပြန်လာမည်ကို ပုန်း၍ စောင့်နေစဉ်၌ ရက်ရက်စက်စက် လိုက်သတ်ခံခဲ့ရသည်။

သို့ရာတွင် အဘိုးဝမ်က ကံကောင်းသွားသည်ဟု ပြောရပေမည်။ သူသည် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း အသက်ရှင်ခဲ့သေး၏။ သို့သော် သခင်လေးဖုန်းကတော့ ကံဆိုးရှာခဲ့ပေသည်။ သူသယ်ဆောင်လာသည့် သိုလှောင် လက်စွပ်သည် အဓိက ပစ်မှတ်ထား ခံခဲ့ရခြင်းဖြစ်၏။ သူတို့အား အကြောင်းပြန်သည့် ဝိညာဉ်သခင် ရောက်လာသည့် အချိန်တွင် သခင်လေးဖုန်းသည် ပြင်းထန်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားပြီ ဖြစ်သည်။

နောက်မှ လိုက်လာသည့် လူများသည် သူတို့အား အလစ်ဝင် တိုက်ကာ သခင်လေးဖုန်း၏ သိုလှောင်လက်စွပ် အတွင်းမှ မြေပုံအား လုယက် သွားခဲ့သည်။ တစ်ဆက်တည်းမှာပင် တိရစ္ဆာန် အရေခြုံထားသည့် လူတစ်စုက ထိုလူများအား ပြန်ဝိုင်းကာ တစ်ဖက်ကိုတစ်ဖက် အပြင်းအထန် ထပ်မံ တိုက်ခိုက် ကြတော့သည်။ ထိုကဲ့သို့ တိုက်ခိုက်နေရင်း နောက်ဆုံး၌ မြေပုံမှာ သုံးပိုင်း ပြဲသွားခဲ့သည်။

အဘိုးဝမ်တို့ နှစ်ယောက်သည် တစ်ပိုင်း၊ သူတို့အား အလစ်ဝင်တိုက်ခဲ့သည့် အုပ်စုက တစ်ပိုင်း၊ တိရစ္ဆာန် အရေခြုံထားသည့် အုပ်စုကတစ်ပိုင်း အစရှိသဖြင့် အုပ်စုသုံးခုမှ တစ်ပိုင်းစီ ရသွားခဲ့ကြသည်။

ထိုအကြောင်းအရာအား ကြားလိုက် ရသောအခါ အဘိုးဝမ်တို့အား အကြောင်းပြန်ရန် ရောက်လာသည့် ဝိညာဉ်သခင်သည် ဒေါသူပုန် ထသွားကာ ချက်ချင်းပင် ထိုအုပ်စုနှစ်စု နောက်သို့ လိုက်ကြ၏။ သို့သော် ဘာမှအရာ မထင်ခဲ့ပေ။ အလွန် နောက်ကျသွားပြီ ဖြစ်ကာ ကျန်သည့် မြေပုံနှစ်ပိုင်းကို သူ ပြန်မရခဲ့တော့ချေ။

အစပိုင်းတွင် ပစ္စည်းလဲလှယ်ခြင်း အပါအဝင် ဤအရာများ အားလုံးကို လျှို့ဝှက်ချက် တစ်ခုအဖြစ်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သခင်လေးဖုန်း စိတ်ပြောင်း သွားခြင်းကြောင့် မြို့အရှင်အား ဒေါသထွက် သွားစေခဲ့ကာ သတင်းပေါက်ကြား သွားစေခဲ့သည်။ ယခုအချိန်တွင် သူတို့သည် မြေပုံကို တန်ကြေး နှစ်ဆဖြင့် လဲလှယ်ခဲ့ရရုံ သာမက မြေပုံကိုလည်း သုံးပုံ တစ်ပုံသာ ရရှိခဲ့လေသည်။

ရခဲ့သည့် မြေပုံတစ်ပိုင်းနှင့် အဘိုးဝမ်ကို ဂိုဏ်းသို့ပြန်လည် ခေါ်ဆောင် သွားလိုက်၏။ ထို့နောက် ဂိုဏ်းသည် ဂိုဏ်းသခင် သုံးယောက်ကို ဝူရုံမြို့သို့ စေလွှတ်ကာ မြို့အရှင်ထံမှ ရှင်းလင်းချက် သွားတောင်းစေခဲ့သည်။

“ဘာဖြေရှင်းချက်မှ မရှိဘူး…”

မြို့အရှင်သည် သူ့အား လာတွေ့သည့် လူများကို ထွက်ပင် မကြည့်ခဲ့ချေ။ သူသည် အိမ်တော်ထိန်းကိုသာ ပြောခိုင်းလိုက်၏။

“ဟိုအဘိုးဝမ် အသက်ရှင် နေသေးတယ်မလား။ အကြောင်းအရင်း သိချင်ရင် သူ့ကိုပဲ သွားမေးလို့ ပြောလိုက်”

အဘိုးဝမ်သည် အသက်ရှင် နေသေးသည် ဆိုသော်လည်း ရှင်ရုံမျှသာ ရှင်နေခြင်းဖြစ်၏။ ဂိုဏ်းမှ သူ့အား ဆေးအသေအချာ ကုသပေးသည့်တိုင် ထူးခြားမှု မရှိလာပေ။ ပြောရမည်ဆိုလျှင် ဤကိစ္စ၏ ဖြစ်ကြောင်း ကုန်စင်ကို သူတို့ဂိုဏ်းမှ ရှင်းရှင်းလင်းလင်း သိခဲ့ပြီးဖြစ်၏။ သူတို့သည် မြို့အရှင်ထံမှ ရှင်းလင်းချက်ကို လိုချင်သောကြောင့်သာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

“အရှင်က ဘာဖြေရှင်းချက်မှ မရှိဘူးတဲ့”

မြို့အရှင်၏ စကားကို အိမ်တော်ထိန်းမှ အေးတိအေးစက်ပင် ပြန်ပြောလိုက်သည်။

“မင်းတို့ သခင်လေးက မြို့အရှင် သဘောတူထားတဲ့ ဈေးကို အလဲအလှယ် တစ်ဝက်မှာ ပြောင်းပစ်ခဲ့တယ်။ အဲ့ဒါပဲ”

အိမ်တော်ထိန်း၏ ပြင်းထန်သော သဘောထားသည် မြို့အရှင်၏ သဘောထားကို ကိုယ်စားပြု ပေသည်။ ဂိုဏ်းသခင် သုံးယောက်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ကာ သူတို့သည် အသတ်ခံရမည် ဆိုလျှင်တောင် ဝူရုံမြို့အတွင်း၌ လှုပ်ရှားရဲကြမည် မဟုတ်ချေ။ သူတို့သည် ဝမ်ရှန်းအား ပြဿနာ ရှာချင်သော်လည်း ဝမ်ရှန်းသည် ပြဿနာရှာ၍ ကောင်းသည့်လူ မဟုတ်ပေ။

ထိုအချိန် သူတို့ ဘာမှ မလုပ်နိုင်ခင်မှာပင် အရာအားလုံးကို ပစ်ချထားခဲ့ပြီး ဂိုဏ်းသို့ အလျင်အမြန် ပြန်လာရန် သူတို့ထံသို့ ဂိုဏ်းမှ ရုတ်တရက် အကြောင်းကြား လာခဲ့သည်။

အဘိုးဝမ်သည် သူတို့အား အကြောင်းပြန်မည့်လူ ရောက်လာသည့် အချိန်အထိ အသက်ရှင် နေခဲ့ရခြင်းမှာ သူ၏ဝိညာဉ်အဆင့်က အဆင့်မြင့်သောကြောင့်လည်းကောင်း၊ စဉ်းစား တွေးခေါ်တတ်ကာ ရှောင်ပုန်း တတ်သောကြောင့်လည်းကောင်း၊ ထို့အတူ သူတို့ကို လိုက်သတ်ခဲ့သည့် လူများက သူ့အား သနားညှာတာ ပေးခဲ့သောကြောင့်လည်းကောင်း လုံးဝ မဟုတ်ခဲ့ချေ။

သူတို့အား လိုက်သတ်ခဲ့သည့် လူများ၏ နောက်ဆုံး ပန်းတိုင်မှာ သူတို့လက်ထဲ၌ ရှိနေသည့်မြေပုံ မဟုတ်ပါ။ သူတို့ပန်းတိုင်မှာ အရေးအကြီးဆုံး အရာထဲမှ တစ်ခုဖြစ်သည့် ထိုလျှို့ဝှက်ဂိုဏ်း၏ တည်နေရာကို သိချင်ခြင်းပင်ဖြစ်၏။

အစောပိုင်း၌ အဘိုးဝမ်နှင့် သခင်လေးဖုန်းတို့မှာ သူတို့ဂိုဏ်းကို တန်းမပြန်ဘဲ သူတို့နောက် လိုက်နေသည့် လူများကို ပ,ထုတ်နိုင်အတွက် လည်ပတ်သွားလာ ခဲ့ကြသည်။ သူတို့နောက် လိုက်နေသည့် ဤဝိညာဉ် သခင်များကို သူတို့ဂိုဏ်းနောက်သို့ လိုက်ပါလာမည်ကို မလိုလားချေ။

သို့သော် သူတို့အား လာရောက် ကယ်တင်ပေးခဲ့သည့် ဝိညာဉ်သခင်သည် ထိုကဲ့သို့ များများစားစား မတွေးမိခဲ့ချေ။ သူသည် ဒေါသူပုန်ထကာ ရာနှင့်ချီသည့် လူများကို သတ်ခဲ့၏။ ထို့နောက် မြေပုံတစ်ပိုင်း နှင့်အတူ သတိလစ်နေသည့် အဘိုးဝမ်ကို သယ်ကာ ဂိုဏ်းသို့ ပြန်သွား ခဲ့လိုက်လေသည်။

ရလဒ်အနေဖြင့် သူတို့ဂိုဏ်း၏ တည်နေရာ ပေါက်ကြား သွားခဲ့သည်။ ဤလျှို့ဝှက် ဂိုဏ်းများသည် အမြဲတမ်း သိုသိုသိပ်သိပ်သာ နေလေ့ရှိကာ သူတို့ လူများကိုလည်း အပြင်သို့ အလွယ်တကူ စေလွှတ်လေ့ မရှိပေ။ အရေးကြီး အဖြစ်အပျက်များ ရှိသည့် အချိန်မှသာ ပေါ်လာလေ့ရှိကြ၏။

သို့သော် ယခုအချိန်တွင် သူတို့သည် အထက်တန်းလွှာ မိသားစုများ၏ ဓားသွားထက်မှ သားကောင်များ ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူတို့ကို သူတို့ထိုကဲ့သို့ ဖြစ်လို့ဖြစ်နေမှန်း မသိ၊ ဘယ်ချိန် အတိုက်ခံရမလဲ ဆိုတာကို မသိကြဘဲ နေမြဲအတိုင်း နေနေကြသည်။

ထိုကဲ့သို့ အင်အားစုများ၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် အချိန်မှာပင် သူတို့သည် သူတို့ဂိုဏ်းမှ ဂိုဏ်းသခင် သုံးယောက်ကို ဝူရုံမြို့သို့ စေလွှတ်လိုက်သည်။ စောင့်ကြည့်နေသည့် အင်အားစုများသည်လည်း ထိုအချိန်ကို အခွင့်ကောင်းယူကာ ဂိုဏ်းကို ဝင်စီး လိုက်လေတော့သည်။

ဂိုဏ်းအတွင်း၌ ရှိနေသည့် ဂိုဏ်းသားများသည် သတိလက်လွတ် ဖြစ်နေခဲ့ကြသည့် အတွက် ရာနှင့်ချီသည့် ဝိညာဉ်သခင်များ၏ အလစ်ဝင်ရောက် တိုက်ခိုက်မှုကို ခံလိုက်ရသည့် အချိန်တွင် အတုံးအရုံး သေခဲ့ကြလေတော့သည်။ သူတို့လက်တွင်း၌ ရှိနေသည့် မြေပုံတစ်ပိုင်းသည်လည်း လုယက် ခံလိုက်ရ၏။ ထို့အပြင် သူတို့၏ လျှို့ဝှက်ခန်းသည်ပင် အမွှေခံလိုက်ရကာ လျှို့ဝှက်ချက် အမြောက်အမြား ပါသွားခဲ့တော့သည်။

ထိုလျှို့ဝှက်ချက်များထဲတွင် ကံကောင်းခြင်းဆေးပြား ဖော်စပ်သည့် အညွှန်းလည်း ပါဝင်ခဲ့ပေသည်။ ထိုပုံစံဖြင့် မကြာသေးခင်က နာမည် အကျော်ကြားဆုံး ဖြစ်သည့် ကံကောင်းခြင်း ဆေးပြား၏ ဆေးဖော်စပ်ညွှန်း ပေါက်ကြား သွားခဲ့တော့သည်။ များပြားလှသည့် အရင်းအမြစ်များနှင့် ထက်မြက်သည့် ဆေးဆရာများ ရှိလျှင် ထိုဖော်စပ်အညွှန်းကို အသုံးပြုကာ ဆေးပြားကို ဖော်စပ်၍ ရပြီဖြစ်သည်။

ထိုပုံစံဖြင့် အဘိုးဝမ်တို့၏ လျှို့ဝှက်ဂိုဏ်းမှ လူများအားလုံး သတ်ဖြတ် ခံခဲ့ရကာ ဂိုဏ်းတစ်ခုလုံးလည်း မီးရှိုခံလိုက်ရသည်။ သတ်ဖြတ်ခဲ့သည့် လူများ၏ ခြေရာလက်ရာမှာ တစိုးတစိမျှ မကျန်ခဲ့ချေ။

ထို့ကြောင့် ဝူရုံမြို့မှ ညတွင်းချင်း ပြန်ပြေးလာနေသည့် ဝိညာဉ်သခင်များသည် အနေဖြင့် သူတို့မည်မျှပင် ထက်မြက် နေစေကာမူ ဤနေရာသို့ ရောက်သည့် အချိန်တွင် သူတို့ဂိုဏ်းကို သတ်ဖြတ်သွားသည့် လူများက မည်သူဆိုသည်ကို သူတို့ ရှာတွေ့နိုင်မည် မဟုတ်ပေ။

သူတို့ သုံးယောက်သည် သွေးကြွေး ပြန်မဆပ် နိုင်ခင်မှာပင် အနီးအနား၌ သူတို့အား စောင့်နေသည့် ဝိညာဉ်သခင်များ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။ သူတို့သည် ထွက်ပြေး လွတ်မြောက်နိုင်ရန် အကောင်းဆုံး ကြိုးစား တိုက်ခိုက်ခဲ့ကြသော်လည်း ဝိညာဉ်သခင် အချို့ကို ပြန်သတ် နိုင်ခဲ့သည်မှ လွဲ၍ နောက်ဆုံး၌ သူတို့လည်း သေဆုံး သွားတော့လေသည်။ သို့သော် မသေခင်တွင် သူတို့သည် ဝူရုံမြို့သို့ ထွက်ပြေးရန် အတွေးတော့ ရှိခဲ့ပေသည်၊ မလုပ်ဆောင် နိုင်ခဲ့ခြင်းသာပင်။

…..

ထိုအချိန်တွင် ဤလျှို့ဝှက်ဂိုဏ်း တစ်ခုတည်း ဤကဲ့သို့ ဖြစ်ပျက်နေခြင်း မဟုတ်ပေ။ သခင်လေး လျှို၏ မိသားစုသည်လည်း ထိုအဖြစ်အပျက်နှင့် နည်းတူ ကြုံတွေ့နေရ၏။ ဝမ်ရှန်းနှင့် တွေ့စဉ်တွင် သခင်လေးလျှိုသည် သူ့မိသားစု၌ ကံကောင်းခြင်း ဆေးပြားတစ်ပြား ရှိသည်ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့သည်။ သို့သော် ထိုအကြောင်းကို ဝမ်ရှန်း တစ်ယောက်တည်း ကြားခဲ့ခြင်း မဟုတ်ပေ။ အခြားလူများလည်း ကြားသိကြပြီး သူတို့မိသားစုပေါ်သို့ အဖြစ်ဆိုးများ ကျရောက် လာခဲ့တော့သည်။

တစ်လ အတွင်းမှာပင် လျှို့ဝှက်ဂိုဏ်း တစ်ခုနှင့် လျှို့ဝှက်မိသားစု တစ်စု အမြစ်ဖြတ် သုတ်သင် ရှင်းလင်း ခံလိုက်ရကာ ခြေရာလက်ရာ တစ်ခုတလေပင် မကျန်ခဲ့ချေ။

အဖြစ်အပျက် အားလုံးသည် ဒဏ္ဍာရီလာ ကံကောင်းခြင်း ဆေးပြားနှစ်ပြားမှ အစပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းကြောင့် ဖြစ်သည်ဟုလည်း တစ်မျိုးဆို၍ ရပေသည်။ အဘယ်ကြောင့်ဆိုသော် ဟိုယခင်က မည်သူတစ်ဉီး တစ်ယောက်မျှ ကံကောင်းခြင်း ဆေးပြားကို ဝမ်ရှန်း ပြောခဲ့သည့် နည်းလမ်းအတိုင်း သောက်၍ ရကြောင်းနှင့် ဆေးပြားနှစ်ပြား သောက်လိုက်လျှင် ဤကဲ့သို့ ကြီးမားသည့် အကျိုး ကျေးဇူးမျိုး ရရှိနိုင်ကြောင်း သိခဲ့ကျခြင်းမရှိ။ သူတို့၏ အသိဉာဏ်အလင်းမှာ ဝမ်ရှန်းမှ တစ်ဆင့်ပွင့်သွားကြခြင်းကြောင့်ပင်။
***

Comment

Leave a Reply

Options

not work with dark mode
Reset