အပိုင်း ၁၈၇
မြို့ပြင်ထွက်ခြင်း (၂)
ဝမ်ရှန်းသည် ဝူရုံမြို့ လမ်းမထက်တွင် သိုက်မိသားစုမှ အသေခံ လူများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ဤသတင်းသည် ဝူရုံမြို့တစ်ခုလုံး မသိသူ မရှိသည့် သတင်းဖြစ်၏။ ထိုသတင်းကြောင့် သိုက်မိသားစု ခေါင်းဆောင် ဒေါသထွက်ကာ သိုက်မိသားစု အကြီးအကဲများထဲမှ တစ်ယောက်ကို အပြစ်ပေး လိုက်သည် ဆိုသည့် သတင်းကလည်း မှန်ပေသည်။
ချင်းဝေသည်လည်း ဤအကြောင်းကို သိပေသည်။ ဝမ်ရှန်း စကားအား ကြားသည်နှင့် သူမသည် ဘာစကားတစ်ခွန်းမှ မပြောဘဲ အနောက်ကိုသာ ဝင်သွားလိုက်သည်။ ထို့နောက် တစ်ခဏ ကြာပြီးနောက် ပြန်ထွက်လာကာ သူမ ဝမ်ရှန်းအား ခေါင်းညိတ် ပြလိုက်၏။
“ရှိတယ်… ဆုကြေးငွေတွေ အများကြီးကို ရှိတာ။ နင် သူတို့ကို သတ်မယ် ဆိုရင်တောင် အလကား ဖြစ်တော့မှာ မဟုတ်ဘူး”
ဝမ်ရှန်းမှ ခေါင်းညိတ် လိုက်၏။ ထို့နောက် ချင်းဝေအား ကျေးဇူးတင်စကား ဆိုကာ ကြေးစားခန်းမ အတွင်းမှ တစ်လှမ်းချင်း ပြန်ထွက် လာလိုက်သည်။
ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ဝမ်ရှန်းအား စပ်စုစွာ ကြည့်နေခဲ့ကြ သော်လည်း မည်သူကမှ နောက်တစ်ခေါက် ထပ်ပြီး မစမ်းရဲကြတော့ပေ။ သူတို့သည် ဝမ်ရှန်း မြို့အတွင်းပိုင်းသို့ တဖြည်းဖြည်း တစ်လှမ်းချင်း လျှောက်ဝင်သွားသည်ကိုသာ မနာလို အားကျစွာ ကြည့်နေလိုက်ကြ၏။
……..
“ဒီနေ့ မင်းကတော့ စွန့်စားခန်းခရီး ထွက်လာခဲ့တာပဲ”
ဝမ်ရှန်း အိမ်ပြန်ရောက်သည့် အချိန်တွင် သူတွေ့မြင်လိုသည့် လူကို မြင်လိုက်ရ၏။ မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းပင် ဖြစ်သည်။
အိမ်တော်ထိန်းသည် ဝူရုံမြို့အတွင်းမှ ကိစ္စကြီး၊ ကိစ္စငယ် အဝဝတို့ကို သိချင်သည်ဆိုလျှင် သေချာပေါက်သိအောင် လုပ်နိုင်ပေသည်။ သူသည် အစောပိုင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အကြောင်းအားလုံးကို ကြိုသိနှင့်ပြီး ဖြစ်ကာ ဝမ်ရှန်းအိမ်၌ ဝမ်ရှန်းအား လာစောင့်နေခြင်း ဖြစ်ရပေမည်။
“တန်ပါတယ်”
ဝမ်ရှန်း၏ လှုပ်ရှားမှုများသည် အလွန်ကို နှေးကွေးနေဆဲ ဖြစ်ကာ သူ့အား ကြည့်ရသည်မှာလည်း အလွန်ကို ကိုးရိုးကားရား နိုင်နေဆဲဖြစ်၏။ အမှန်မှာ ဝမ်ရှန်းသည် သူလာခဲ့သည့် ခေတ်ကမ္ဘာမှ အနှေးပြကွက် တစ်ခုအလား ဖြစ်နေလေသည်။ သို့သော် ထိုအရာမှာ ဝမ်ရှန်းသည် လျင်လျင်မြန်မြန် မလှုပ်ရှားနိုင်ခြင်း မဟုတ်ဘဲ သူသာ ထိုသို့ ပြုလုပ်လိုက်ပါက ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်စီးမှုများက အလွန်ကို အံ့အားသင့်စရာ ကောင်းနေမည် ဖြစ်သောကြောင့်သာ ဖြစ်သည်ဟု အိမ်တော်ထိန်း သိပေသည်။
ဝူရုံမြို့အတွင်းရှိ လူဦးရေ ၁၀၀၀၀ တွင် ၉၉၉၉ ယောက်သည် ဝမ်ရှန်း၏ လက်ရှိ အခြေအနေကို သိချင်နေကြသည့် လူများပင်ဖြစ်၏။ ကံကောင်းခြင်း ဆေးပြားကို မသောက်ဖူးကြသည့် လူများသည် ထိုဆေးပြား ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို သိချင်ကြ၏။ ဆေးပြား သောက်ဖူးသည့် လူများသည်ပင် ဆေးပြားနှစ်ပြား သောက်ပြီးနောက် ဘယ်လိုဘယ်ပုံ အကျိုးသက်ရောက်မှုမျိုးရှိလဲ ဆိုတာ သိချင်ကြပေသည်။
နည်းလမ်း အမျိုးမျိုး သုံးကာ ဝမ်ရှန်းအား ချောင်းကြည့်ခြင်းထက် ဝမ်ရှန်း ကိုယ်တိုင် လူရှေ့ ထွက်လာခြင်းက ပိုကောင်းပေသည်။ ထိုကဲ့သို့ဆိုလျှင် သူတို့သည် ဝမ်ရှန်း၏ အခြေအနေကို သူတို့မျက်စိဖြင့် သူတို့ကိုယ်တိုင် မြင်ရသည့်အပြင် ချောင်းကြည့်ခြင်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာ များကိုလည်း ကင်းစေသည်။
အိမ်တော်ထိန်းသည် ဝမ်ရှန်း ဤကဲ့သို့ အပြင်ထွက်ခြင်းက အလွန် စွန့်စားရာ ရောက်လွန်းသည်ဟု ပြောခဲ့သည်။ သို့သော် ဝမ်ရှန်း အတွက်မူ ဤအရာသည် တစ်ချက်တည်းနှင့် အရာအားလုံးကို ဖြေရှင်းလိုက်ခြင်းပင် ဖြစ်၏။ မဟုတ်လျှင် ရှေ့လျှောက် သူ အေးအေးချမ်းချမ်း နေရမည် မဟုတ်ပေ။
နည်းဆုံးတော့ ယခု သူ့ကိုလူများ မြင်သွားပြီ ဖြစ်သည်။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှစ်ပြား သောက်ခဲ့ကာ အဆင့်နှစ်ဆင့် တက်ခဲ့ကြောင်းနှင့် သူ၏ခွန်အားကလည်း ပုံမှန်မဟုတ်အောင်ကို ကြီးမား လာခဲ့ကြောင်းကို သူတို့ သိသွားပြီဖြစ်၏။
သူသည် မတ်တပ် ရပ်နေလျက်ပင် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို လေထဲသို့ လွှင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည့်အပြင် ကြေးစားခန်းမ၏ ထူထပ်လှသည့် နံရံ၌ ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ခဲ့ကြောင်းကိုပါ သူတို့ မျက်မြင် ကိုယ်တွေ့ သိသွားခဲ့ကြပြီ၏။
ယခုကဲ့သို့ အပြင်ထွက် လိုက်ခြင်းသည် ဝမ်ရှန်းအတွက် ပြဿနာများ လျှော့ပါးသွားရုံ သာမက သူ၏ခွန်အား အပေါ်လည်း ပို၍ နားလည်လာစေခဲ့၏။ အနည်းဆုံးတော့ ဝမ်ရှန်းသည် တတိယအဆင့် ဝိညာဉ်သခင်များနှင့် ရင်ဆိုင်ရန် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် ဝမ်ရှန်းသည် အပြင်သို့ ထွက်ခဲ့ပြီးဖြစ်လေရာ အိမ်တော်ထိန်းလည်း ဘာမှပြော၍ မရတော့ပေ။ သူသည် ဝမ်ရှန်းအား ဂရုစိုက်ရန်သာ သတိပေးလိုက်ပြီး ပြန်ရန် ပြင်လိုက်သည်။
ထိုစဉ် –
“အစ်ကိုကြီး မြို့အရှင်စံအိမ်မှာ အဆင့်အမြင့်ဆုံး မျက်နှာဖုံး ရှိတယ်လို့ ကျွန်တော်ကြားတယ်၊ ဟုတ်လားမသိဘူး”
အိမ်တော်ထိန်း ပြန်တော့မည့် အခိုက်မှာပင် ဝမ်ရှန်းမှ ရုတ်ခြည်း ခေါ်လိုက်သည်။ ထို့နောက် သူသည် သူ၏တောင်းဆိုချက်ကို တဲ့တိုးပင် –
“အဲ့မျက်နှာဖုံးက ဆွဲသီးနဲ့ တူတယ်ဆို၊ ကျွန်တော် ဝယ်ချင်လို့။ အစ်ကိုကြီး ရောင်းပေးလို့ ရမလား မသိဘူး”
မျက်နှာဖုံးနှင့် ဆွဲသီးအကြောင်း ကြားလိုက်ရသည်နှင့် မည်သည့် ပစ္စည်းများကို ပြောချင်ကြောင်း အိမ်တော်ထိန်း ချက်ချင်း တန်းသိသွားခဲ့သည်။ မြို့အရှင်စံအိမ် အတွက်မူ ဤပစ္စည်းများသည် ဘယ်လောက်မှ သိပ်ပြီး အဖိုးမတန်လှပေ။ သို့သော် ဝမ်ရှန်းမှ ပြောလာသည်ကို ကြားလိုက်ရသောအခါ သူ ခါးသီးစွာ ပြုံးမိလိုက်သည်။
“မင်း ဒီအကြောင်း ဘယ်လိုလုပ် သိတာလဲ”
အိမ်တော်ထိန်းမှ ခြောက်သွေ့စွာ ပြုံးကာ မေးလိုက်၏။ သို့သော် ဝမ်ရှန်းမှ ပြန်ဖြေနိုင်ခင်မှာပင် အိမ်တော်ထိန်းမှ သူ့ဘာသာသူ အဖြေရှာတွေ့ သွားခဲ့သည်။
“ကြေးစားခန်းမက အဲ့ကောင်မလေးက မင်းကို အဓိပ္ပာယ် မရှိတာတွေ ပြောလိုက်တာလား”
အိမ်တော်ထိန်း၏ စကားကို ကြားလိုက်ရသည့် အချိန်တွင် ဝမ်ရှန်းသည် ချင်းဝေသည် မည်သူမည်ဝါ ဖြစ်ကြောင်း ပို၍ သိချင်သွားခဲ့သည်။ အိမ်တော်ထိန်းက ဘာလို့ ဤလိုလေသံမျိုးဖြင့် ပြောခဲ့သနည်း..
သို့သော် အိမ်တော်ထိန်းသည် ချင်းဝေက မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းပြမည့်ဟန် မပေါ်ပေ။ သူသည် မျက်နှာဖုံး အကြောင်းသာ ဆက်ပြောလိုက်၏။
“မင်းပြောတဲ့ လည်ဆွဲအကြောင်းကို လူတော်တော်များများ သိတယ်”
အိမ်တော်ထိန်းမှ တဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
ဤမျက်နှာဖုံး အမျိုးအစားမျိုးသည် ဝူရုံမြို့အတွင်းမှ မထွက်နိုင်သည့် ကြေးစားများ အတွက် ရတနာတစ်ခု ဖြစ်သော်လည်း မြို့အရှင် အတွက်မူ ထိုအရာသည် ကစားစရာမျှသာ ဖြစ်၏။ မြို့အရှင်သည် သူ ငယ်စဉ်အချိန် ဆော့ကစားစဉ်၌ ထိုမျက်နှာဖုံးကို လက်ရာမြောက်သည့် နှစ်ဆင့် ချိပ်ပိတ် သေတ္တာအတွင်းသို့ ထည့်မိခဲ့ကာ သေတ္တာသော့ မတော်တဆ ပျောက်သွားခဲ့သည်။
မြို့အရှင်သည် အသက်ကြီး လာသည်နှင့်အမျှ လည်ဆွဲနှင့် လက်ရာမြောက်သည့် သေတ္တာတို့အပေါ် စိတ်ဝင်စားမှု လျော့ကျ လာခဲ့သည်။ ရလဒ်အနေဖြင့် ဝူရုံမြို့ရှိ ကြေးစားများအတွက် မယုံနိုင်လောက်အောင် အဖိုးထိုက်တန်သည့် ဤမျက်နှာဖုံး ထည့်ထားသော သေတ္တာသည် မြို့အရှင်စံအိမ်၏ ကုန်လှောင်ရုံ အတွင်း၌ ဖုန်အလိမ်းလိမ်း တက်နေခဲ့တော့သည်။
“မင်း ရမယ် ဆိုရင်တောင် သုံးလို့မရဘူးကွ…”
အိမ်တော်ထိန်းမှ ဝမ်ရှန်းအား ရှင်းပြလိုက်သည်။
“ဒီဆွဲပြားက ဈေးကြီးတယ် ဆိုတာကိုတော့ ပြောစရာကို မလိုတာ။ ဒါပေမယ့် အဲ့ဈေးက မင်းအတွက် အဆင်ပြေပါတယ်။ ဒါနဲ့ မင်း လင်းလုံစံအိမ်က ဆရာတွေကို သိလား။ နှစ်ဆင့်ချိပ်ပိတ် သေတ္တာကို ဖွင့်ဖို့ဆိုရင် အဲ့က ဆရာပဲ လုပ်နိုင်တာ”
ထိုသို့ ပြောပြီးသည်နှင့် အိမ်တော်ထိန်းသည် တစ်စုံတစ်ခုအား အမှတ်ရသွားကာ တောက်ပသည့် မျက်လုံးများဖြင့် –
“မင်း လင်းလုံစံအိမ်က သခင်ကို သိတာပဲ”
နောက်ဆုံးအကြိမ် ဝမ်ရှန်း သူ၏ ချပ်ဝတ်တန်ဆာများ ပြုလုပ်ခဲ့စဉ်တွင် ရတနာစံအိမ်မှ အမျိုးသမီးသည် လင်းလုံစံအိမ်မှ ဆရာတစ်ယောက်အား ဖိတ်ခေါ်ပေးခဲ့ခြင်း ဖြစ်၏။ ဝူရုံမြို့ အတွင်းမှ အဖြစ်အပျက်များကို မြို့အရှင်စံအိမ်အား ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။ သူမထံမှ တစ်ဆင့် ဆရာတစ်ယောက်ကို သိရသည်ဆိုလျှင် အခြားဆရာများကို သိရန်လည်း အမြဲတမ်း နည်းလမ်း ရှိပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုသေတ္တာကို ဖွင့်ချင်ဖွင့်၍ ရနိုင်ပေသည်။
“အဲ့လိုဆိုမှတော့ ငါ မင်းကို မပေးနိုင်တာလည်း မဟုတ်ပါဘူး”
ထို့နောက် အိမ်တော်ထိန်းမှ တစ်ခဏကြာ စဉ်းစားကာ ဆုံးဖြတ်ချက် ချလိုက်သည်။
“ငါ ပြန်သွားပြီး မြို့အရှင်ဆီ တင်ပြပြီးရင် နေ့လယ်ကျ ပို့ပေးလိုက်မယ်”
အိမ်တော်ထိန်းသည် နောက်ဆုံး အဖြစ်အပျက်မှ သင်ခန်းစာ သင်ယူခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သေချာပေါက် ရရှိနိုင်သည့် အရာကို သူ ချက်ချင်း ကတိပေး လိုက်တော့သည်။
“ဒါပေမယ့် တန်ကြေးတော့ ပေးရမှာပေါ့။ နည်းနည်းတော့ ရက်စက်ရာ ရောက်တယ် ဆိုပေမယ့် မင်း ချိပ်ပိတ် သေတ္တာကိုတော့ ဝယ်ဖို့ လိုသေးတယ်လေ”
“အဲဒါတွေက ကိစ္စမရှိပါဘူး”
ထိုအရာကား ဝမ်ရှန်းအတွက် အံ့ဩစရာ တစ်ခု ဖြစ်မနေပေ။ သူသည် လေးဆင့်ချိပ်ပိတ် သေတ္တာကိုပင် ဖွင့်ခဲ့ဖူး၏၊ ထို့ကြောင့် နှစ်ဆင့်ချိပ်ပိတ် သေတ္တာလောက်လေးကတော့ သူ့အတွက် အသေးအဖွဲမျှသာ။
ဤကိစ္စသည် အလွန် အရေးကြီးပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် သူ၏အရည်အချင်းကို အလွယ်တကူ ထုတ်ဖော်ပြသမည် မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် အိမ်တော်ထိန်းသည် အလွန်ကို လိမ္မာပါးနပ် လှပေသည်။ ဝမ်ရှန်းသည် ထိုအကြောင်းကို မနက်ပိုင်း၌ အိမ်တော်ထိန်းအား ပြောခဲ့၏၊ နေ့လယ်ပိုင်းတွင် သူသည် နှစ်ဆင့်ချိတ်ပိတ် သေတ္တာတစ်လုံးကို ပို့ပေးလာခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် သူသည် ဤအရာက မြို့အရှင်စံအိမ်မှ စမ်းသပ်ချက် တစ်ခုလားဟု ထင်ခဲ့၏။ သို့သော် ထိုလက်ရာ မြောက်လှသည့် ချိပ်ပိတ် သေတ္တာအား မြင်လိုက်ရသည့် အချိန်တွင် ထိုသေတ္တာကို မဖွင့်သည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်ကြောင်း သိသာလှပေသည်။
ဝမ်ရှန်းသည် အန္တရာယ်ကို ကြိုတင် မကာကွယ်တတ်သည့် လူတစ်ယောက် မဟုတ်ပေ။ သူ့ကမ္ဘာမြေပေါ်တွင် ဝမ်ရှန်းသည် ရှေးဟောင်းပစ္စည်းများ အတွင်းရှိ လှည့်ကွက်များ အကြောင်း များစွာ ကြားဖူးခဲ့ပြီး ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ ဝူရုံမြို့ အတွင်း၌ ရှိနေစဉ်တွင်တော့ သေတ္တာကို ဘယ်တော့မှ ဖွင့်မည် မဟုတ်ပေ။ ဤချိတ်ပိတ်ထားသည့် သေတ္တာသည် ဝမ်ရှန်း ဖွင့်နိုင် မဖွင့်နိုင်အတွက် စမ်းသပ်ချက် တစ်ခုသာဆိုလျှင် ထိုထဲတွင် ရှီမိသားစု၏ လှည့်ကွက်လည်း ပါဝင်နိုင်နေပေသည်။ ထိုကဲ့သို့ဆိုလျှင် ပြဿနာ အကြီးကြီး တက်ပြီဖြစ်၏။
သို့သော် သေတ္တာက သူ့လက်အတွင်း၌ ရှိနေပြီ ဖြစ်သောကြောင့် ဝမ်ရှန်းသည် ကြိုက်သည့် အချိန် ဖွင့်၍ရပေသည်။ အစ်မချင်းဝေ ပြောသည်သာ မှန်သည်ဆိုလျှင် ဝမ်ရှန်းသည် မျက်နှာဖုံး အစွမ်းဖြင့် သူ မည်သူမည်ဝါ ဖြစ်ကြောင်း အခြားသူများ သိသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့နောက် ဝမ်ရှန်း ကြေးစားခန်းမသို့ နောက်တစ်ကြိမ် သွားကာ သာမန်မျက်နှာဖုံး တစ်ခုကို ဝယ်ယူလိုက်၏။ ထို့နောက် ကျန်သည့် အချိန်များတွင် သူ့ခွန်အားနှင့်သူ နေသားကျအောင် လုပ်ခြင်း၌သာ အာရုံကို မြှုပ်နှံ ထားလိုက်တော့သည်။
တစ်လကြာသည်အထိ ဝမ်ရှန်း အပြင် မထွက်လာသည့် အတွက်ကြောင့် ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် လူများသည် စိတ်မရှည်ပင် ဖြစ်လာကြ၏။ ထိုကဲ့သို့ အားလုံးက စိတ်မရှည်စွာ စောင့်ဆိုင်း နေကြစဉ် တစ်ရက်မှာ ဝမ်ရှန်းသည် သူတစ်ယောက်တည်း အိမ်မှ ထွက်လာကာ ဂျင်ဒီနယ်မြေဘက်၌ ရှိနေသည့် ဂိတ်တံခါး မှတစ်ဆင့် မြို့ပြင်သို့ ထွက်သွား လိုက်သည်။
ဂိတ်တံခါး၌ ရှိနေသည့် အစောင့်များသည် ဝမ်ရှန်း၏ စကားများကိုသာ မှတ်သားလိုက်ကြကာ သူ့နောက် မလိုက်သွားခဲ့ကြပေ။
***
ဝူရုံမြို့တွင်းတွင် မည်သည့် ကြေးစားမဆို တစ်ယောက်ယောက်အား စောင့်ကြည့်ချင်သည် ဆိုလျှင် ထိုလူ ဘယ်နေရာသွားသွား သူတို့ စောင့်ကြည့်နိုင်ပေသည်။ ထိုလူသည် မျက်နှာဖုံးတပ်ကာ မြို့ပြင်ထွက်မည် ဆိုလျှင်တောင် သူနှင့်အတူ ပူးပေါင်းသည့် လူများရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ မရှိနေသ၍ သူ့အား အလွယ်တကူ စောင့်ကြည့်နိုင်၍ ရပေ၏။
သို့သော် ဝမ်ရှန်းသည် ထိုကဲ့သို့ မျက်နှာဖုံး ဝတ်စရာမလိုပေ။ သူသည် မြို့အတွင်းမှ ဂျင်ဒီနယ်မြေ ထံသို့သာ တည့်တည့် လျှောက်သွားလိုက်သည်။ သူ့နောက်၌ ရှိနေသည့် လူများသည် သူ့နောက်လိုက်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဂျင်ဒီနယ်မြေသည် အလွန်ကြီးမားကာ ဝမ်ရှန်းသည် သင့်တော်သည့် နေရာတစ်ခုကို ရွေးချယ်ကာ ဝင်သွားလိုက်၍ ရပေသည်။ ထိုကဲ့သို့ဆိုလျှင် လူများသည် သူ့အား ဘယ်နေရာ၌ သွားရှာရမယ်မှန်း သိကြတော့မည် မဟုတ်ချေ။