Chapter – 1
“အကယ်၍နောက်ဘဝမှာ ငါ့ဓားကိုသာ ပြန်ကိုင်ခွင့်ရခဲ့မယ်ဆိုရင်မကောင်းဆိုးဝါးတွေ အကုန်လုံးကို သတ်ဖြတ်ပစ်ပြီး မိုးကောင်းကင်တစ်ခွင်လုံးကြားအောင်ဟားတိုက်ရယ်မောပစ်ချင်တယ်”
“ဝုန်းးး . . . ”
ထိုအသံကြီးသည်ကမ္ဘာမြေကြီးတစ်ခုလုံးအား တုန်လှုပ်သွားစေသကဲ့သို့ပင်ကျယ်လောင်စွာဖြင့် မြည်ဟည်းသွားပါသည်။
အလွန်ကြီးမားလှသည့်တောင်ကြီးတစ်ခုသည်အစိတ်စိတ်အမွှာမွှာပေါက်ကွဲသွားပြီးကျောက်တုံးအပိုင်းအစများသည်လေထဲသို့ လွှင့်ပြန့်ကုန်ကြသည်။ပေါက်ကွဲထွက်သွားသည့်အရှိန်ကြောင့်ဖုန်မှုန့်များသည်တိမ်တိုက်များသဖွယ်ဖြစ်တည်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးအား မှုန်မှိုင်းသွားစေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင်တိမ်တိုက်သဖွယ် ဖြစ်တည်နေသော အဆိုပါ ဖုန်မှုန့်များကြားမှ လူရိပ်ပုံသဏ္ဍန်တစ်ခုသည်ကျယ်လောင်သောအော်မြည်သံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည်မုန်တိုင်းကြားမှ မိုးကြိုးလျှပ်စီးကဲ့သို့တောက်ပဖြာထွက်နေသော အလင်းရောင်များနှင့်အတူ ထွက်ပေါ်လာပြီး အရှေ့ဘက်သို့ လျင်မြန်စွာဖြင့် ပျံသန်းသွားလေသည်။ပျံသန်းမှုအရှိန်သည်မြန်ဆန်လွန်းလှသည့်အတွက်သူ သွားရာလမ်းတစ်လျှောက်တွင်ဖုန်မှုန့်တန်းကြီးထသွားပုံသည် တရုတ်နဂါးကြီးတစ်ကောင်အရှေ့ဘက်ဆီသို့ တွားသွားနေသည့် ပုံသဏ္ဍာန်နှင့်ပင်တူနေပေသည်။
ထိုပုံရိပ်၏နောက်တွင်လူအုပ်ကြီးတစ်စုသည်တိမ်တိုက်များကြားတွင်ထပ်ကြပ်မခွာ လိုက်နေကြသောကြောင့်ရှည်လျားလှသော အငွေ့အတန်းကြီးပင်ဖြစ်ပေါ်နေသည်။ ထိုလူအုပ်ကြီးသည်သူတို့၏ရှေ့မှလူနောက်သို့ အသိစိတ်ကင်းမဲ့နေသည့်အရူးတစ်ယောက်ကဲ့သို့ပင်သဲကြီးမဲကြီးဖြင့်လိုက်နေခြင်းဖြစ်သည်။
“လူဆိုးဂိုဏ်းကြီး သုံးအုပ်စုတောင်တစ်အုပ်စုတည်းပေါင်းစည်းသွားကြပြီပေါ့။ စုစုပေါင်း သိုင်းသမား (၃၄၉၆)ယောက်တောင်မှ မိုင်ပေါင်း (၃၇၀၀၀)လောက်ဖြတ်ပြီး ငါ့ကိုဖမ်းဖို့အတွက်လိုက်လာကြတယ်အဟက်. . . မင်းတို့ကောင်တွေက ငါ့ကိုရှင်းပစ်ဖို့ အဲ့ဒီလောက်တောင်ကြိုးစားအားထုတ်နေကြတယ်ပေါ့လေ”
ရှေ့မှ ပျံသန်းနေသော ရဲရှောင်သည်ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။ သူ၏ လက်မှ ချွန်ထက်လှသော ဓားတစ်ချောင်းအား အရှိန်အဟုန်အပြည့်ဖြင့်ပစ်လွှတ်လိုက်သည်။ သူပစ်လွှတ်လိုက်သည့်အရှိန်သည်လျင်မြန်လွန်းလှသည့်အတွက်ကောင်းကင်ကြီးတစ်ခုလုံးတွင် အလင်းတန်းများဖြင့် ထိန်လင်းသွားသည်။
သူ့တွင်ရှိသည့်နောက်ဆုံးစွမ်းအားကို အသုံးပြုလိုက်ခြင်းပင်ဖြစ်သည်။
ရဲရှောင် ပစ်လွှတ်လိုက်သည့် ဓားသည် တောက်ပသော အလင်းတန်းနှင့်အတူ လူအုပ်ကြီးအတွင်းသို့ လျှပ်စီးကဲ့သို့ပင်လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ လူအုပ်ကြီးထဲမှ လူအချို့သည် ခြောက်ခြားဖွယ်ကောင်းသည့် ငိုကြွေးသံများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားခဲ့ကြသည်။ထို့ပြင် ခြေလက်များ ပြတ်ထွက်သွားကာမြေပြင်ပေါ်သို့ သွေးရူးသွေးတန်းဖြင့် လဲကျသွားသည့် လူများသည်လည်း မရေမတွက်နိုင်အောင်ပင် ဖြစ်သည်။
ရဲရှောင်၏ ဒဏ်ရာသည်လည်း သွေးများ အဆမတန်ထွက်လာခဲ့ပြီး သူ၏နောက်ဆုံးကျန်ရှိနေသည့်စွမ်းအားကို အသုံးပြုလိုက်ရသည့်အတွက်ပျံပင်မပျံသန်းနိုင်တော့ပေ။
မြင့်မားလှသည့်တောင်ကြီးတစ်ခုကဲ့သို့ ကြံ့ခိုင်စွာတည်ရှိနိုင်ခြင်း၊ ကြီးကျယ်ခမ်းနားလှသည့်သက်တန့်ကြီးတစ်ခုကဲ့သို့ မြဲမြံစွာ ရပ်တည်နိုင်ခြင်း၊ မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်စွာလုပ်ဆောင်နိုင်ခြင်း၊ မိုးကြိုးလျှပ်စီးပစ်သကဲ့သို့ လျင်မြန်စွာလှုပ်ရှားစွမ်းဆောင်နိုင်ခြင်း စသည့်စွမ်းဆောင်ရည်များအား တာအိုမူလအဆင့်ကျင့်ကြံပြီးသည့်သူများသာ လုပ်ဆောင်နိုင်ကြပါသည်။
ရဲရှောင်သည်တာအိုမူလအဆင့်ကျင့်ကြံသူများကြားတွင်စွမ်းအားအကြီးဆုံးဖြစ်သော်လည်းနောက်ဆုံးကျန်ရှိသည့် စွမ်းအားဖြင့်အံ့ဩမှင်သက်ဖွယ်ကောင်းသည့်ဓားချက်ကို ပစ်လွှတ်ပြီးနောက်ပိုင်းတွင်သူ၏ စွမ်းအားသည်ကျည်မရှိတော့သည့်သေနတ်တစ်လက်ကဲ့သို့ပင်ဖြစ်နေခဲ့သည်။ ယခုလက်ရှိတွင် ရဲရှောင်သည်လောင်စာမရှိတော့သည့်မီးအိမ်တစ်ခုကဲ့သို့ဖြစ်နေပြီး ပျံသန်းရန်အတွက်ပင်အားအင်များ ကုန်ခမ်းလျက်ရှိသည်။ ရဲရှောင်မြေပြင်ပေါ်ဆင်းသက်လိုက်သည့်အချိန်တွင်ခြေဖဝါးအောက်ရှိကျောက်တုံးများသည်ပင် သူ၏သွေးစက်များကြောင့်စွန်းထင်းကုန်သည်။
ရဲရှောင်သည် အလွန်အမင်း အားအင်ချိနဲ့နေသော်လည်း သူ၏ မျက်လုံးများသည်မထီမဲ့မြင်အမူအယာများဖြင့်ပြည့်နှက်နေပြီး လူအုပ်ကြီးအား ကြည့်ရင်းလှောင်ပြောင်ဟားတိုက်ရယ်မောလိုက်သည်။
“ဟမ့်. . . ဒီနေ့က ငါ့ဘဝရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့ရင်တောင်၊ ငါလိုဧကရာဇ်တစ်ယောက်ကအောင်မြင်မှုမရဘဲ ရှုံးနိမ့်ခဲ့ရင်တောင်မှ မင်းတို့ကောင်တွေ ဒီနေရာမှာ အသက်ရှင်ကျန်နေရစ်မယ်လို့ ထင်နေကြတယ်ပေါ့လေ”
ရဲရှောင် ရပ်နေသည့်နေရာသည်ြမင့်မားလှသည့်တောင်ကြီး၏ ထိပ်တွင်ဖြစ်သည်။
အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော ယခုလို ကြပ်တည်းသည့်အခြေအနေမှာပင်ရဲရှောင်၏အကြည့်များသည်ကောင်းကင်ပေါ်မှ ဘုရင်တစ်ပါး၏ အကြည့်များကဲ့သို့ပင်မထီမဲ့မြင်နိုင်လျက်ရှိသည်။
ရဲရှောင်၏ စကားများကို ကြားသိရသည့်တိုင်ရာနှင့်ချီသော ပညာရှင်များသည်သူ၏ရှေ့မှ ထွက်ခွာမသွားဘဲ မတ်တပ်ရပ်နေတုန်းကြပင်။ သူတို့သည်သံသယမျက်လုံးများဖြင့်ရဲရှောင်အား ကြည့်လိုက်ကြသည်။
ထိုလူများ၏အနောက်အတော်ဝေးဝေး မျက်စိဖြင့်ပင်လှမ်းကြည့်၍ မမြင်နိုင်သည့်နေရာတွင်မရေမတွက်နိုင်အောင်များပြားလှသည့်လူသေကောင်အလောင်းများဖြင့်ပြည့်နှက်လျက်ရှိသည်။ ထိုအချိန်တွင်မမျှော်လင့်ဘဲလေပြင်းတစ်ခု တိုက်ခတ်လာသောကြောင့်သွေးအလိမ်းလိမ်းဖြင့် ပေကျံနေသောခေါင်းပြတ်များသည်လိမ့်လာကြသည်။
ရဲရှောင်အား လိုက်လံသတ်ဖြတ်ခြင်းအတွက်သူတို့ပေးဆပ်ရသည့်တန်ဖိုးမှာ မိုင်ပေါင်းထောင်ချီရှည်လျားသည့်တောင်များ မြစ်များပေါ်တွင်ဖုံးလွှမ်းနေသည့်အသားစများ နှင့်သွေးများသည်သက်သေထူလျက်ရှိသည်။
ရှောင်ဧကရာဇ်(ရဲရှောင်)သည်သူ၏နောက်ဆုံးအခြေအနေသို့ရောက်ရှိနေပြီး ထွက်ပြေးနိုင်စွမ်းပင် မရှိတော့ချေ။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှရှေ့သို့ခြေတစ်လှမ်းမျှပင်မတိုးရဲကြပေ။
ထိုကဲ့သို့သော အခြေအနေတွင်ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့်တပြိုင်နက်ရဲရှောင်သည် မည်သူ့ကိုမျှ အရှင်မထားဘဲ သတ်ပစ်နိုင်သည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိနေခြင်းကြောင့် ပင်ဖြစ်သည်။
သူတို့အားလုံး၏ ရှေ့တွင် ရပ်နေသည့်သူသည်အခြားသူမဟုတ်ရှောင်ဧကရာဇ်တစ်ယောက်ပင် မဟုတ်ပါလော။ ရဲရှောင်သည်ကောင်းကင်နယ်ပယ်အားလုံး၏ ဧကရာဇ်တစ်ပါးဖြစ်သောကြောင့်သူတို့အားလုံးအပေါ် မထီမဲ့မြင်ဆက်ဆံနိုင်နေသည်မှာ အံ့ဩစရာတော့မရှိပေ။
ရဲရှောင်အား လိုက်လံသတ်ဖြတ်ရန်အတွက်ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပညာရှင်(၃၄၉၆)ယောက်သည်မိုင်ပေါင်း (၃၇၀၀၀) ခန့်ကို ခရီးအပြင်းနှင်ခဲ့ရုံသာမက သူတို့ဖြတ်သန်းခဲ့သမျှ အနီးနားရှိတောင်များ၊ မြစ်များအား ပျက်စီးစေခဲ့သည်။ ရဲရှောင်သည် ထိုအဖွဲ့ထဲမှ လူများအား စိတ်ရှိတိုင်း သတ်ဖြတ်ပစ်ခဲ့ပြီး အကျအဆုံးများစေခဲ့သည်။ ထိုကဲ့သို့သော ဧကရာဇ်တစ်ပါးအား မည်သူက မထီမဲ့မြင်ပြုရဲမည်လော။ ရဲရှောင်အတွက်နောက်ဆုံးနေဝင်ချိန်ရောက်နေသည့်အချိန်မျိုးမှာပင်မည်သူတစ်ဦး တစ်ယောက်ကမျှ စိန်ခေါ်မှု မပြုရဲဝင့်ကြပေ။
“ရှောင်ဧကရာဇ်. . . ရှောင်ဧကရာဇ်. . . မင်းသာ ငါတို့ကို ဆန့်ကျင်ပြီး ဒုက္ခမပေးခဲ့ဘူးဆိုရင်မင်းကို ဖမ်းဖို့အတွက်ငါတို့ဂိုဏ်းသုံးခုလည်း အခုလိုပေါင်းစည်းစရာ လိုမှာမဟုတ်ဘူး”
အုပ်စုထဲမှ ပညာရှင် အဖိုးအိုတစ်ဦးသည် လေးတွဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး –
“ဒီလို ထင်ရှားကျော်ကြားတဲ့ရှောင်ဧကရာဇ်တစ်ပါးက ဘာကြောင့် ငါတို့ကို ဆန့်ကျင်ပြီး ငါတို့ကို သတ်ချင်နေရတာလဲ ဒုက္ခပေးချင်နေရတာလဲ . . . နှစ်ဖက်လုံးအတွက်အကျိူးမရှိ နစ်နာစေတဲ့ကိစ္စကောင်းကွက်တစ်ခုမှမရှိတဲ့ကိစ္စကို သူဘာလို့ဆက်လုပ်ချင်နေရတာလဲ ငါဖြင့်နားကိုမလည်နိုင်တော့ဘူး . . .”
နောက်ဆုံးတွင် ဂိုဏ်းကြီးသုံးခုသည်ရဲရှောင်အား သတ်ပစ်နိုင်သည့် အခွင့်အရေး ရရှိခဲ့သော်လည်း သူတို့ပေးဆပ်ခဲ့ရသည့် ဆုံးရှုံးမှုများသည် မယုံနိုင်စရာပင်။ ပြင်းထန်လှသည့် တိုက်ပွဲအတွက်သူတို့၏ စစ်သည်တော်ကိုးဆယ်ရာခိုင်နှုန်းခန့် ကျဆုံးသွားခဲ့ရသည်မဟုတ်ပါလော။ ထိုအရေအတွက်ပမာဏသည် သူတို့ ဂိုဏ်းကြီးသုံးခုအတွက်နောက်နှစ်ပေါင်း (၁၀၀၀) အတွင်း ပြန်လည်စုဆောင်းနိုင်ရန်မလွယ်ကူလှချေ။
ထိုကဲ့သို့ လူအင်အားအများအပြား ဆုံးရှုံးလိုက်ရသည့်အတွက်ဂိုဏ်းကြီးသုံးခုသည် ယခင်ချင်းရန်နယ်ပယ်တွင်အင်အားအကြီးဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါတွင်အခြေအနေမကောင်းနိုင်တော့ပေ။ ထို့ပြင် ကျားများမှ သားကောင်ကို စားသောက်ရန်ချောင်းမြောင်းနေသကဲ့သို့ သူတို့၏ လက်အောက်ခံများကလည်း ပုန်ကန်ရန်ချောင်းမြောင်း ကြိုးစားလျက်ရှိကြသည်။
ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးအတွက် ဂိုဏ်းကြီးသုံးခုအနေဖြင့် စဉ်းစားမရအောင်ပင် ဖြစ်နေကြသည်။ ရှောင်ဧကရာဇ်နှင့်အခုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်ပြသာနာကို ဖြစ်စေခဲ့သည့်အကြောင်းအရင်းအား သူတို့ နားမလည်နိုင်အောင်ဖြစ်နေကြသည်။ ထိုကိစ္စသည်မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိဘဲ ဒုက္ခများသာဖြစ်စေခဲ့သည်မဟုတ်ပါလား။
ရှောင်ဧကရာဇ်မှာမူ သူ၏အကျင့်အတိုင်း မည်သည့်အရာကိုမှ ဂရုမစိုက်မထီမဲ့မြင်အမူအယာမျိုးဖြင့် အပေါ်စီးကနေ ဆက်ဆံနေတုန်းပင် ဖြစ်သည်။
ရဲရှောင်သည်ခနဲ့တဲ့တဲ့ဖြင့်လှောင်ရယ်လိုက်ပြီး –
“ကျုပ်ဘာကြောင့်ဒီလိုလုပ်တာလဲ ဘာကြောင့်လဲဆိုတာ ခင်ဗျားတို့ တကယ် မသိဘူးလား ဟားဟား . . .”
ရဲရှောင်သည် ရင်ဘတ်ထဲမှ ကိုယ်တွင်းကလီစာတွေပင် မြင်နေရသည့်ဟောင်းလောင်းပေါက်ဒဏ်ရာကြီးအား ငုံ့ကြည့်ရင်းအေးစက်သောလေသံဖြင့် –
“ကိစ္စတော့မရှိပါဘူး ခင်ဗျားတို့ ဂိုဏ်းသုံးခုလုံးက ညစ်ပတ်စုတ်ပြတ်မကောင်းတဲ့ကိစ္စမှန်သမျှ လုပ်နေကြပဲ ကျုပ်အနေနဲ့ အဲ့ဒီအပေါ်ဗွေမယူပါဘူး . . .”
“ခင်ဗျားတို့တွေ ကျင့်စဉ်တွေရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်တယ်၊ စွမ်းအားအရင်းအမြစ်တွေကိုပြောင်းလဲတယ်ပြီးတော့ တန်ဖိုးရှိတဲ့လေ့ကျင့်ရေးပစ္စည်းတွေကို လက်ဝါးကြီးအုပ်တယ်၊ ချင်းရန်နယ်ပယ်မှာ အင်အားကြီးဖို့အတွက်သီးခြားခွဲထွက်နေတဲ့ ပညာရှင်တွေကိုလည်း စည်းရုံးသိမ်းသွင်းတယ်။ ခင်ဗျားတို့ရဲ့ လုပ်ရပ်က သိပ်ကိုအောက်တန်းကျပြီး စက်ဆုပ်ဖို့ကောင်းတယ်၊ အဲ့ဒီအချက်တွေကြောင့်ကျုပ် ခင်ဗျားတို့ကို ရွံတယ်. . . ကျုပ် အဲ့ဒီအချက်တွေကို ပြုပြင်ရမယ်. . . ”
“မဟုတ်သေးဘူးရှောင်ဧကရာဇ်. . . မဟုတ်သေးဘူး . . . မင်းမှားနေပြီ။ ဟောဒီလောကကြီးမှာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူပဲ တန်ဖိုးရှိတဲ့ ရတနာတွေကို ပိုင်ဆိုင်နိုင်တာ။ အဲ့ဒီ သီးခြားခွဲထွက်နေတဲ့ ပညာရှင်တွေကလည်း နည်းဥပဒေ၊ ဥပဒေသတွေအတိုင်း လိုက်နာသင့်တယ်။ ငါတို့လုပ်တာ ဘာအမှားမှ မရှိဘူး”
“ဘာ . . . ဟားဟား”
ရဲရှောင်အားရပါးရပင် ဟားတိုက်ရယ်မောပစ်လိုက်ရင်း –
“ကိုယ်ကျင့်တရားလို့ ခင်ဗျားကြီး ပါးစပ်ကပြောလိုက်သလားလို့ . . . ဟုတ်လား . . . ကမ္ဘာပေါ်မှာရှိတဲ့ တန်ဖိုးရှိတဲ့ရတနာတွေကို ဘယ်သူမှ လက်ဝါးကြီးအုပ်သိမ်းပိုက်လို့မရဘူး။ အေး . . . ဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီရတနာတွေကို အတင်းအကြပ် လုယူလို့မရဘူး သူနဲ့ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ခွင့်ရှိတယ်။ ပိုင်ဆိုင်ခွင့်ရှိလို့ ပိုင်ဆိုင်ရတာကို ငါလက်ခံတယ်။ ဒါပေမယ့်ခင်ဗျားက အံ့ဖွယ်တောင်တွေကို ထိန်းချုပ်ဖို့အတွက်အပြစ်မရှိတဲ့ လူသန်းပေါင်းများစွာကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်။ စွမ်းအားတွေကို ကျင့်ကြံဖို့အတွက်ဝိညာဉ်တွေကို အသုံးချခဲ့တယ်။နောက်ပြီး ကြွယ်ဝချမ်းသာတဲ့မြို့ကြီးတွေကိုသေခြင်းတရားတွေ၊ခြောက်ကပ်ခြင်းတွေ ပြည့်နှက်နေတဲ့ သုံးစားမရတဲ့ မြို့တွေဖြစ်အောင်လုပ်ပစ်တယ်။ ပြီးရင်အဲ့ဒီမြို့တွေက နဂိုကတည်းက ကပ်ရောဂါတွေကြောင့်ပျက်စီးနေတာပါဆိုပြီး ခင်ဗျားမှာ အပြစ်မရှိသလို ဟန်ဆောင်မယ် ပြီးတော့မှ သူရဲကောင်းလုပ်ပြီး ကယ်တင်ချင်ယောင်ဆောင်မယ်။ ဒီနှစ်တွေမှာ ခင်ဗျားလူစိတ်မရှိ သတ်ဖြတ်နေတာတွေ၊ သူတော်ကောင်းဟန်ဆောင်နေတဲ့ ကိစ္စတွေ ဘယ်နှစ်ကြိမ်လောက်များ ကျုးလွန်ဖို့စိတ်ကူးနေတာလဲ။ ဒါနဲ့များ ခင်ဗျားပါးစပ်က ကိုယ်ကျင့်တရားအကြောင်းအရှက်မရှိပြောထွက်ရဲသေးတယ်ရှင်းပြရဲသေးတယ် . . . ဟားဟားဟားဟား . . .”
“ကျင့်စဉ်တွေအားလုံးက ခင်ဗျားတို့အပိုင်တွေပေါ့။ ခင်ဗျားတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ခင်ဗျားတို့ အရှင်မထားဘဲဆွေစဉ်မျိူးဆက်သတ်ဖြတ်ပစ်ကြတယ်။ ခင်ဗျားတို့ဘက်က ဒီလိုကိစ္စတွေကို အရင်စလုပ်တဲ့အတွက်ကျူပ်ဘက်ကလည်း ခင်ဗျားတို့လုပ်ခဲ့သလို တန်ပြန်လုပ်ခဲ့တာပဲ။ ဒါကိုပဲ ဘာကြောင့်လုပ်ရတယ်ဆိုတာ နားမလည်နိုင်ဖြစ်နေရတယ်ရှိသေး . . .”
ရဲရှောင်သည် သူ၏ နှုတ်ခမ်းအား မထီမဲ့မြင်အမူအယာဖြင့်ကွေးညွှတ်နေအောင်ပြုံးလိုက်သည်။
“ဒါဆို မင်းငါတို့ကို တိုက်ခိုက်နေတဲ့ ရည်ရွယ်ချက်က ငါတို့ကို ဆန့်ကျင်နေတဲ့ ပညာရှင်တွေကို ကာကွယ်ဖို့အတွက်ပေါ့လေ တရားမျှတတဲ့ သူရဲကောင်းကြီးပေါ့လေ ဟုတ်လား။ အဟား . . . ဘယ်လောက်တောင်ကြီးကျယ်မြတ်လှတဲ့ရှောင်ဧကရာဇ်ကြီးလဲ။ ဒီနေ့ မင်းသေသွားရင်မင်းမရှိတော့တဲ့အတွက်ဘယ်သူကများ ငါတို့နဲ့ ယှဉ်ပြိုင်ရဲတော့မှာလဲ။ မင်းကို သတ်နိုင်ဖို့အတွက်ငါတို့ဂိုဏ်းသုံးခုစလုံးဆုံးရှုံးမှုတွေများပြီးတော်တော်အထိနာခဲ့တယ်။ ဒါပေမယ့်ငါတို့တွေက ပျက်စီးပြိုလဲသွားမှာမဟုတ်ဘူး။နောက်နှစ်ပေါင်း (၁၀၀၀)အတွင်းမှာ ငါတို့လူအင်အား ပြန်စုစည်းနိုင်မှာသေချာပေါက်ပဲ။ ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ။ ဒီနေ့ပြီးနောက်နေ့ရောက်ရင်ထင်ရှားကျော်ကြားတဲ့ရှောင်ဧကရာဇ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး . . .”
ပညာရှင်အဖိုးအိုသည် ရဲရှောင်အား မထီမဲ့မြင် ပုံစံဖြင့်လှောင်ကာပြောလိုက်လေသည်။
“ကျုပ် အသက်ရှင်နေသမျှကာလပတ်လုံး ခင်ဗျားတို့ လုပ်သမျှကို သဘောတူမှာလည်း မဟုတ်သလိုလက်ခံမှာလည်းမဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ ကျုပ် မရှိတော့ဘူး ကျုပ် သေသွားရင်တော့ တစ်မျိူးပေါ့လေ။ တကယ်လို့ ကျုပ်အသက်ရှင်နေဦးမယ်ဆိုရင်ကျူပ်လုပ်ရမှာတစ်ခုပဲရှိတယ်။အေး . . . အဲ့ဒါက ခင်ဗျားတို့လို မိမစစ်ဖမစစ်ကောင်တွေ အကုန်လုံးကို တစ်ယောက်မကျန် သုတ်သင်ပစ်ချင်တာပဲ”
ရဲရှောင်တစ်ယောက်ထိုစကားလုံးများအား နာနာကျည်းကျည်းဖြင့်ပြောဆိုနေသော်လည်း စိတ်ထဲမှာမူ မကောင်းလှချေ။ အဘယ့်ကြောင့်ဆိုသော်သူ၏ညီအား လက်စားချေရန်အတွက်ဂိုဏ်းကြီးသုံးခုကို မဖြိုခွင်းနိုင်သေးလို့ပင် ဖြစ်သည်။ ထိုအချက်သည် သူ့အတွက်အကြီးမားဆုံးသောနောင်တရစရာ ကိစ္စတစ်ခုပင်။
“ရပြီ ရပြီ ငါတို့ဒီလောက်ဆို သဘောပေါက်ပြီ”
အဖိုးအိုသည်သူ၏ ခေါင်းအားဖြေးညင်းစွာ ညိတ်လိုက်ရင်း –
“စကားပြောနေတာတွေတော်လောက်ပြီ ငါတို့ မင်းဘဝကို ဇာတ်သိမ်းပေးလိုက်တော့မယ်မင်းလိုကောင်မျိူးကို အသက်ရှင်ခွင့်ပေးစရာမလိုတော့ဘူး”
အဖိုးကြီးသည်အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ လက်များအား ဝှေ့ယမ်းလိုက်ရင်း –
“သွား . . . အဲ့ဒီကောင်ကို သတ်ကြ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ရအောင်သတ်ခဲ့ကြ”
ပညာရှင်များအားလုံးသည်သူတို့၏ စွမ်းအားများအား အားကုန်သုံး၍ ရဲရှောင်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ထိုနောက်ဆုံးတိုက်ခိုက်မှုတွင်ရာနှင့်ချီသော ပညာရှင်များစွာသေကျေကြသည်။ ပြင်းထန်သော တိုက်ပွဲကြီးနှင့်အတူ မရေမတွက်နိုင်အောင်များပြားလှသော အလင်းတန်းများနှင့်အသံဗလံများသည်လည်း ဆူညံစွာပေါ်ထွက်လျက်ရှိသည်။ ရဲရှောင်သည် သူ၏ ရန်သူများအား ကြီးမားလှသည့် မုန်တိုင်းကြီးတစ်ခုကဲ့သို့ပင် အစွမ်းကုန် ပြန်လည်၍ တိုက်ခိုက်လိုက်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ စွမ်းအားများကြောင့်ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပင် တုန်ခါသွားလေသည်။ ဖုန်မှုန့်များသည်လေထဲတွင်လွှင့်ပျံလျက်ရှိပြီးမြေပြင်များသည်လည်း အက်ကွဲကုန်ကြသည်။ ထို့ပြင် ရဲရှောင်ရပ်နေခဲ့သည့်တောင်ကြီးသည်အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အပိုင်းအစများသည်နေရာအနှံ့ ပြန့်ကျဲသွားသည်။ ပြင်းထန်လှသည့်တိုက်ပွဲကြောင့်သူတို့ကြားတွင်ရှိသောတောင်များသည်တစ်ချက်တည်းနှင့်ပင်ပေါက်ကွဲပျက်စီးသွားကြသည်။
ရဲရှောင်ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။ တစ်လကျော်ကြာသည့် တိုက်ပွဲကြီးအပြီးတွင် ရဲရှောင် အမှန်တကယ်ကိုမောပန်းနေပြီးခြေတစ်လှမ်း လှမ်းဖို့တောင်အနိုင်နိုင်ပင် ဖြစ်နေခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက်ပင် မလုပ်ချင်တော့ဘဲ တန်ပြန်တိုက်ခိုက်ရမည့် အခြေအနေများကိုလည်း စိတ်မပါတော့ချေ။ ထိုအတွက်ကြောင့်ရဲရှောင်သည်ရန်သူများအားသေမထူးနေမထူးပုံစံဖြင့်ပင် ခုခံနေခဲ့သည်။
တိုက်ပွဲသည် ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ ရန်သူ့ဘက်မှ ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများသည် ရဲရှောင်အား ထိမှန်သွားခဲ့သည်။ ရဲရှောင်၏ ဒဏ်ရာများသည် ပြင်းထန်လှသော်လည်း သူ၏ ရန်သူများအား မထီမဲ့မြင် အမူအယာမျိုးဖြင့် –
“ငါတစ်ယောက်တည်းနဲ့ မင်းတို့အားလုံးကို မသတ်နိုင်တာ ဝမ်းနည်းစရာပဲ။ တကယ်လို့ ငါ့မှာ ဒုတိယအကြိမ်အခွင့်အရေးသာရှိခဲ့မယ်ဆိုရင်မင်းတို့ကောင်တွေရဲ့ခေါင်းတွေကို ဖြတ်ပစ်မယ်လို့ ငါကတိပေးတယ်။ ငါတစ်ယောက်တည်းနဲ့ မင်းတို့လို မျိုးမစစ်ကောင်တွေကို မသတ်နိုင်လိုက်တာ ငါ့ဘဝမှာနောင်တအရဆုံးပဲ”
ရဲရှောင်သည် သူ့ဘ၀၏ အကြီးမားဆုံးသော အားနည်းချက်အား နောက်ဆုံးထွက်သက်အချိန်ရောက်မှသာ နားလည်သဘောပေါက်လိုက်သည်။ သူသည် အထီးကျန်ဆန်နေသည့် တစ်ကိုယ်တည်းသမားတစ်ယောက်ပင်။
ရဲရှောင်သည် ကမ္ဘာပေါ်တွင်အစွမ်းထက်ဆုံး ပညာရှင်ကြီးတစ်ဦး ဖြစ်သော်လည်း အင်အားကြီး ဂိုဏ်းကြီးသုံးဂိုဏ်းနှင့်ရင်ဆိုင်ရသောအခါ သူတစ်ယောက်တည်းဖြင့်ရင်မဆိုင်နိုင်ခဲ့ပေ။
“ဘုန်းးး”
မိုးထိလုနီးပါး မြင့်မားလှသည့်တောင်ကြီးသည်ပြင်းထန်စွာပေါက်ကွဲထွက်သွားပြီးကျောက်ခဲမိုးများ ရွာချလိုက်သကဲ့သို့ပင်ဖြစ်သွားသည်။ ပေါက်ကွဲထွက်သွားသည့် အရှိန်ကြောင့် ဖုန်မှုန့်များသည်လွှင့်စင်ထွက်သွားပြီးကျောက်တုံးများလည်း အဝေးလှိမ့်ကာထွက်သွားသည်။
ရှောင်ဧကရာဇ်သည်သူ၏နောက်ဆုံးထွက်သက်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အားတင်းလိုက်ရင်း –
“ငါ့ဘဝမှာ ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါစေ ငါနောင်တမရခဲ့ဘူး။ ဒါပေမယ့်ခင်ဗျားတို့လို မကောင်းဆိုးဝါးတွေကို မသုတ်သင်နိုင်တာတော့ ငါ့ကိုယ်ငါ တော်တော်နောင်တရမိတယ်။ တကယ်လို့နောက်ဘဝမှာ ငါ့ဓားကိုသာ ပြန်ကိုင်ခွင့်ရမယ်ဆိုရင်ခင်ဗျားတို့ကို သတ်ပစ်ပြီးကောင်းကင်ဘုံတစ်ခွင်လုံး ကြားသွားအောင်ကို ဟားတိုက်ရယ်မောပစ်မယ်. . .”
“ဟမ့်. . . သနားစရာကောင်းတဲ့ရှောင်ဧကရာဇ်ရယ်။နောက်ဘဝမှာလည်း မင်းပြောသလို ဖြစ်လာစရာအကြောင်းကို မရှိစေရဘူး”
“ကဲ ကိစ္စလည်း ပြီးပြီဆိုတော့ ငါတို့ သွားကြမယ်. . .”
အဖိုးအို အချက်ပြလိုက်သည်နှင့် တပြိုင်နက် ပညာရှင်အားလုံးသည် ထွက်ခွာသွားကြသည်။
ရှောင်ဧကရာဇ်သေဆုံးသွားသည့်အချိန်တွင်ကောင်းကင်ထက်၌သေးငယ်လှသော ခရမ်းရောင်အလင်းတန်းလေးတစ်ခု ဖြတ်ခနဲ လင်းလက်သွားသည်ကိုမည်သူမှ သတိမထားမိလိုက်ကြပေ။
လေပြင်းများ တိုက်ခတ်နေသည့်အတွက်ဖုန်မှုန့်များသည်လွှင့်စင်လျက်ရှိပြီးကျောက်တုံးအပိုင်းအစများသည်လည်းမြေကြီးပေါ်တွင်ဟိုတစ ဒီတစဖြင့် ပြန့်ကျဲလျက်ရှိသည်။လေထဲတွင်ရဲရှောင်မသေခင်အချိန်ကပြောခဲ့သည့်စကားများသည်ပဲ့တင်ထပ်နေပါတော့သည်။
. . . . . . . . . .
ရဲရှောင်ရုတ်တရက်လန့်နိုးလာခဲ့သည်. . .
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်နာကျင်မှုများကြောင့်ကိုက်ခဲနေသည်။ နာကျင်မှုများကို အာရုံစိုက်နေသည့်အချိန်မှာပင်ရဲရှောင်၏ စိတ်များသည်မသေချာ မရေရာမှုများနှင့်အတူ ရှုပ်ထွေးလျက်ရှိသည်။
“ဘာတွေဖြစ်ကုန်တာလဲ။ ငါ ဂိုဏ်းကြီးသုံးခုနဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ငါသေသွားပြီလား။ ငါ့ခန္ဓာကိုယ် ပျက်စီးသွားပြီး ငါ့မှတ်ဥာဏ်တွေပျောက်ဆုံးသွားပြီလား။ ငါ့ဝိညာဉ်ကရော ကွယ်ပျောက်သွားခဲ့ပြီလား။ ဟိုလူတွေနဲ့ အပြန်အလှန်တိုက်ခိုက်နေရင်း ငါဘယ်လို အသက်ရှင်ကျန်ရစ်ခဲ့ပါလိမ့်”
ရဲရှောင် သူ၏ မျက်လုံးများအား ဖွင့်ကြည့်လိုက်သည့်အခါ ခမ်းနားထည်ဝါသည့်အခန်းတစ်ခုအား မြင်တွေ့လိုက်ရသည်။ ထို့နောက် အံ့သြတုန်လှုပ်စွာဖြင့် –
“ငါမသေဘူးပဲ”
ရဲရှောင်သည် ကြီးမားပြင်းထန်လှသည့်တိုက်ခိုက်မှုများအား ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသကဲ့သို့ပင် ခံစားခဲ့ရသော်လည်း ယခုအချိန်တွင် မည်သည့်အတွက်ကြောင့် အသက်ရှင်နေရသည်ဆိုသည့် အချက်အား စဉ်းစားမရအောင်ပင် ဖြစ်နေခဲ့သည်။
ရဲရှောင်သည်စဉ်းစားမရသည့်မဆုံးသူ၏ ခေါင်းများအား တဗြင်းဗြင်းကုတ်လိုက်ရင်း –
“ခဏနေပါဦး . . . ဪ ဟုတ်သားပဲဟ . . . ငါ့ခန္ဓာကိုယ်. . . ”
သူ၏ လက်များအား ဆန့်ထုတ်ကြည့်လိုက်သည့်အချိန်တွင်မျက်လုံးများပြူးထွက်သွားမတတ်ပင် အံ့ဩသွားခဲ့ရသည်။
လက်ချောင်းများသည်ရှည်လျားပြီး ဖြူဖွေးလျက်ရှိသည်။ ထိုလက်များသည်လက်လှပါသည်ဆိုသည့်မိန်းကလေးများထက်ပင်ပို၍လှနေသည်။ ရဲရှောင် ပါးစပ်အဟောင်းသားဖြင့်ပင် ဖြစ်သွားရင်း –
“ဒီလက်တွေက ငါရဲ့လက်တွေမှ မဟုတ်တာဟ”
သူ၏ လက်ချောင်းများအား ကြည့်ရင်း ရဲရှောင်မှင်သက်သွားမိသည်။
ခဏအကြာတွင် ရဲရှောင်သည် အလောတကြီးဖြင့် မှန်တစ်ချပ်ယူလိုက်ပြီး သူ၏ မျက်နှာအား အနီးကပ်ကြည့်လိုက်သည်။ ရဲရှောင်တစ်ယောက် သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဟန်မဆောင်နိုင်ပင် တုန်လှုပ်သွားခဲ့သည်။
မှန်ထဲတွင်သူမြင်တွေ့နေရသည်မှာ အသားဖြူဖြူ မျက်ခုံးသွယ်သွယ်အနီရောင်နှုတ်ခမ်းပါးလေးဖြင့်မိန်းမချောချောနေသည့် အသက် ၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်၏ ရုပ်ပင် ဖြစ်လေသည်။
“လှလိုက်တာ . . . ”
ယောက်ျားတစ်ယောက်နှင့် မအပ်စပ်သည့်စကားလုံးအား သုံးမိလိုက်သည့်အတွက်ရဲရှောင် သူ၏ ပါးစပ်အား လက်ဖဝါးဖြင့်အုပ်လိုက်ရင်း –
“အရမ်းကို ခန့်ညားတဲ့ ရုပ်ရည်ပဲ . . . ”
ရဲရှောင် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း –
“အင်း အဲ့ဒီလိုသုံးတာ ပိုမှန်လိမ့်မယ်။ ဒါနဲ့နေစမ်းပါဦး ဘာတွေဆက်ဖြစ်မှာလဲဟ”
ထို့နောက်သူ၏ ခေါင်းထဲမှ အလွန်နာကျင်သောဝေဒနာအား ခံစားလိုက်ရသည်။ အဖြစ်အပျက်များသည်ရဲရှောင်၏ ခေါင်းထဲတွင်တရိပ်ရိပ်ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် စဉ်းစားရလွန်း၍ မှတ်ဥာဏ်များ ထပ်ပြီးဆုံးရှုံးသွားတော့မလိုပင် ဖြစ်နေခဲ့သည်။
ရဲရှောင်သူ၏ ခေါင်းအား မော့လိုက်ပြီးအသက် ခပ်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ စိတ်များအား တည်ငြိမ်အောင်စုစည်းပြီး စဉ်းစားလိုက်သည့်အခါတွင်မူ –
“ဪ . . . ဟုတ်ပြီ . . . ငါသိပြီ . . .”