အပိုင်း ၁၈၆
မြို့ပြင်ထွက်ခြင်း (၁)
ထိုစူးစမ်းချင်စိတ် များပြားလှသည့် ဝိညာဉ်သခင်၏ ခွန်အားကိုတော့ ပြောစရာပင် မလိုပေ၊ အပြာရောင် ကျောက်တုံးနံရံမှ အပေါက်ကြီးအား ကြည့်လိုက်ရုံဖြင့် ထိုအချက်ကို အပြည့်အဝ ရှင်းပြနေပြီဖြစ်၏။
ဤအဆောက်အဦသည် ဝူရုံမြို့ရှိ ကြေးစားခန်းမ အဆောက်အဦ ဖြစ်သည်။ ထို့ကြောင့် သူ၏ခိုင်ခံ့မှုသည် လူများ တွေးနိုင်သည်ထက်ကို ကျော်လွန်ပေသည်။ လွန်ခဲ့သည့် နှစ်များတွင် ဤနံရံနှင့် ဆောင့်တိုက်မိခဲ့သည့် လူများ တစ်ယောက် နှစ်ယောက်မက ရှိ၏။ သို့သော် သူတို့ထဲက မည်သူကမှ ကြေးစားခန်းမ၏ နံရံအပြင်ဘက်ထိ မဖောက်ထွက်သွားခဲ့ပေ။ ထို့ကြောင့် ၎င်း၏ ခိုင်ခံ့မှုကို ရှင်းရှင်းလင်းလင်း သိသာပေသည်။
သာမန် ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် ဤနံရံကို ဖောက်ထွက်သွားသည် အထိ ထိုးချင်သည် ဆိုလျှင် သူသည် ကံအလွန် ကောင်းနေကာ ရှိသမျှအား အားလုံးဖြင့် ထိုးမှသာ ထိုကဲ့သို့ ဖြစ်နိုင်ပေသည်။ ဒုတိယ အဆင့်အောက် ဝိညာဉ်သခင်များ အတွက်မူ ထိုကဲ့သို့လုပ်ရန် စဉ်းစားစရာပင် မလိုပေ။
သို့သော် ယခုတွင် ဝမ်ရှန်း ဘာလုပ်ခဲ့သနည်း… ဝမ်ရှန်း ဘာမှမလုပ်ခဲ့ကြောင်း ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ကြရပေသည်။ သူသည် သူ့နေရာ၌သာ ရပ်နေကာ သူ့အား ရိုက်သည်ကို တောင့်ခံနေခဲ့၏။
သို့သော် ပြန်လည် တွန်းကန်လာသည့်အား တစ်ခုတည်းဖြင့် ထိုဝိညာဉ်သခင်သည် ဤအခြေအနေအထိ ရောက်သွားခဲ့ရသည်။
လွှင့်ထွက်သွားသည့် လူသည် တတိယအဆင့် ဝိညာဉ်သခင်ဖြစ်၏။ ထိုအချိန်တွင် ဝမ်ရှန်း၏ ဝိညာဉ်အဆင့်ကရော ဘယ်လောက်နည်း…
သူက ဒုတိယအဆင့် အထွတ်အထိပ် အဆင့်ဖြစ်ကြောင်းကိုသာ အားလုံး ကွက်ကွက်ကွင်းကွင်း မြင်နေရပေသည်။
ဤကမ္ဘာပေါ်တွင် တတိယအဆင့် ဝိညာဉ်သခင်ကို ဒုတိယအဆင့်မှ အနိုင်ယူခဲ့သည့် ဖြစ်စဉ်မျိုး မရှိဘူးလားဟု မေးမည် ဆိုလျှင်တော့… ရှိပါသည်… ရှိသည်ထက်ကို ပိုပါသည်… ဥပမာ အဆင့်တစ်ခေါက် တက်တိုင်း အပ်စိုက်မှတ် ရှစ်ခု သို့မဟုတ် ကိုးခု တိုးလာသည့် လူများသည် တစ်ကြိမ်ကို အပ်စိုက်မှတ် ငါးခု သို့မဟုတ် ခြောက်ခုသာ တိုးလာသည့် လူများထက် သေချာပေါက် စွမ်းအား ပိုမိုကြီးမားပေသည်။
သို့သော် ဝမ်ရှန်းကရော…
သူ၏အပ်စိုက်မှတ် အရေအတွက်က အတော်ကို နည်းပါးသည်ဟု သူတို့ ကြားဖူးပေသည်။ သူ၏အပ်စိုက်မှတ် အရေအတွက် တစ်ခုတည်းဖြင့် ဤကဲ့သို့ ကြီးမားသည့် အကျိုးဆက်မျိုး ဖြစ်ပေါ်လာအောင် လုပ်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ ယုတ္တိရှိသည့် တစ်ခုတည်းသော ရှင်းလင်းချက်ကို ပြောပါဆိုလျှင် ကံကောင်းခြင်း ဆေးပြားကြောင့် ဖြစ်ပေါ်လာသည် ပြောင်းလဲမှုကြောင့် ဟုသာ ဆိုရပေမည်။
ကံကောင်းခြင်း ဆေးပြားသည် ဒဏ္ဍာရီလာ ဆေးပြားတစ်မျိုး ဖြစ်၏။ ထိုဆေးကို သောက်လိုက်လျှင် မည်သည့် အကျိုးအာနိသင်မျိုး ရရှိမလဲဆိုတာ မည်သူမှမသိပေ။ တောင်ဝင်ရတနာ စံအိမ်မှ ဖိတ်ကြားခဲ့သည့် တော်ဝင်သမားတော်သည်ပင် ကံကောင်းခြင်း ဆေးပြားသည် မွေးရာပါ အားနည်းချို့တဲ့မှုကို သက်သာ ပျောက်ကင်း စေနိုင်သည်ဟုသာ ပြောခဲ့၏။ အခြား အကျိုးအာနိသင်များ အတွက်မူ သူသည်လည်း ရေရေရာရာ မသိပေ။
သို့သော် ဤမြင်ကွင်းအား မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့ အားလုံးသည် တစ်မုဟုတ်ချင်း သိသွားကြပြီဖြစ်၏။ ကံကောင်းခြင်း ဆေးပြားသည် မွေးရာပါ အားနည်းချို့တဲ့မှုကို သက်သာ ပျောက်ကင်း စေနိုင်သည်ထက်ကို ပိုပေသည်။
ထိုဆေးပြားတွင် တကယ်ပဲ ကမ္ဘာကြီးကို အနိုင်ရရှိ စေနိုင်သည့် အကျိုးအာနိသင်မျိုး ရှိပေသည်… ထိုအချက်ကို ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်၌ ရှင်းရှင်းလင်းလင်းကို မြင်နိုင်ပေသည်။
ထိုအချိန်တွင် ထိုနေရာမှ လူတစ်ယောက်သည် လျင်မြန်စွာ ထွက်ခွာ သွားခဲ့သည်။
“ဟေး ဒါက ငါနဲ့မဆိုင်ဘူးနော်…”
ဝမ်ရှန်းသည် ရုတ်ခြည်းပင် ကျယ်လောင်စွာ အော်ဟစ် လိုက်တော့၏။
တကယ်တမ်းတွင် မည်သူတစ်ဉီးတစ်ယောက်မျှ ဝမ်ရှန်းအား ဘာအပြစ်မှ တင်မည် မဟုတ်ပေ။ ဝမ်ရှန်းအား စမ်းသပ်ခဲ့သည့် လူသည် ကံဆိုးသွားကာ သူ့ဘာသာသူ နံရံအား ဝင်တိုက် သွားခဲ့ခြင်းသာ ဖြစ်သည်။ ဒီလောက်သာဖြစ်၏.. ထိုသနားစရာ ကောင်းသည့် လူအား အခြားလူများက ကြည့်ကြပ် လုပ်လိုက်ပေမည်။ သို့သော် မည်သူကမှ ဝမ်ရှန်းအား ဘာမှလုပ်မည် မဟုတ်ပေ။
“အစ်မကြီး၊ ကျေးဇူးတင်ပါတယ်ဗျာ”
ဝမ်ရှန်းမှ ချင်းဝေနှင့် နောက်တစ်ကြိမ် မျက်နှာချင်း ဆိုင်လိုက်သည်။ အစ်မချင်းဝေသည် သူ အရိုက်ခံရမည်ကို မြင်ကာ သူ့အား သတိပေးခဲ့၏။ ဤအရာသည် လူသားများ၏ တစ်ဦးအပေါ်တစ်ဦး ထားရှိသည့် ချစ်ခြင်း မေတ္တာပင်ဖြစ်သည်။ ဤသည်ကို ဝမ်ရှန်းက သေချာပေါက် လက်ခံရပေမည်။
ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကြောင့် ရုတ်တရက် ချင်းဝေသည်လည်း ကြောင်အ နေခဲ့လေသည်။ သို့သော် သူမသည် အလျင်အမြန်ပင် သတိပြန်ဝင်လာကာ နံရံမှ အပေါက်အား လက်ညှိုး ထိုးပြလိုက်၍ – “သူနဲ့တန်တာပဲ”
ထို့သို့ပြောပြီး ဝမ်ရှန်းဘက်သို့ လှည့်လိုက်သည့် အချိန်တွင် သူမ၏ မျက်နှာထက်၌ အပြုံးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
“ဒီနေ့က ဘာလိုချင်လို့လဲ”
“မျက်နှာဖုံး လိုချင်လို့”
ဝမ်ရှန်းမှ အနည်းငယ်သာ ပြောလိုက်သော်လည်း ဝမ်ရှန်း ဆိုလိုချင်သည့် အရာကို ချင်းဝေ ချက်ချင်း နားလည်သွားခဲ့သည်။
“ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတာ ငါသိတယ်”
ချင်းဝေမှ ဘေးပတ်ပတ်လည်အား မျက်လုံး ဝေ့ကြည့်ကာ ဝမ်ရှန်းအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သိလား၊ ဒီနေရာမှာ ဒါက လျှို့ဝှက်ချက် တစ်ခုပဲ။ တော်တော်များများ ဒီအကြောင်း မသိကြဘူး”
ဝမ်ရှန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ကောင်းမွန်သည့် ဆက်ဆံရေးတိုင်းတွင် ကောင်းမွန်သည့် အကျိုးရလဒ် ရှိပေသည်။ သို့သော် ချင်းဝေက မည်သူနည်း… သူမသည် ကြေးစားခန်းမ၏ လျှို့ဝှက်ချက်ကို ဘယ်လိုလုပ် သိနေရသနည်း… ကြေးစားခန်းမမှ လျှို့ဝှက်ချက်များသည် မြို့အရှင်စံအိမ်မှ လျှို့ဝှက်ချက်မျာနှင့် အဆင့် အတူတူပင်ဖြစ်၏။
“အဲ့ဒါက တော်တော်တော့ ဈေးကြီးတယ်”
ထိုစကား ဆုံးသည်နှင့် ချင်းဝေသည် ဝမ်ရှန်း၏ ကြွယ်ဝ ချမ်းသာမှုကို ရုတ်တရက် အမှတ်ရသွားကာ ပိုက်ဆံကိစ္စနှင့် ပတ်သက်ပြီး မစိုးရိမ်နေတော့ပေ။
“မေ့သွားလို့။ နင့်ကို ဒါတွေ ပြောစရာကို မလိုဘူးပဲ”
“ပစ္စည်းက ဘယ်မှာလဲ”
ဝမ်ရှန်းမှ မေးလိုက်သည်။ ထိုမျက်နှာဖုံးသည် အကောင်းဆုံး မျက်နှာဖုံးဖြစ်သည့် အတွက်ကြောင့် သာမန် မျက်နှာဖုံးထက် အားသာချက်များ ရှိရပေမည်။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုမျက်နှာဖုံးကို မဖြစ်မနေ ရအောင် ဝယ်ယူပေမည်။
“သာမန် မျက်နှာဖုံးတွေက နဂိုမျက်နှာကို ဖုံးတဲ့ ပုံရိပ်လေး တစ်ခုပဲ။ အတွေ့အကြုံရှိတဲ့ အစီအရင် ဆရာတွေက မျက်နှာဖုံးရဲ့ တည်ရှိမှုကို လွယ်လွယ်နဲ့ ရှာတွေ့သွားမှာပဲ”
ဤကြေးစားခန်းမတွင် ချင်းဝေသည် လုပ်စရာများ သိပ်ပြီး များမျာစားစား မရှိပေ။ ထို့ကြောင့် သူမသည် ဝမ်ရှန်းနှင့် စိမ်ပြေနပြေသာ ပြောနေလိုက်၏။
“ဒါပေမယ့် အဲ့တစ်ခုကတော့ မတူဘူး။ သူက အစီအရင်ရဲ့ အော်ရာကိုလည်း အပြည့်အဝ ဖုံးကွယ်ပေးထားတယ်”
ချင်းဝေ၏ မိတ်ဆက်ပေးမှုကြောင့် အကောင်းဆုံး မျက်နှာဖုံး၏ ပုံစံကို ဝမ်ရှန်း တဖြည်းဖြည်းချင်း ပုံဖော် လာနိုင်ခဲ့သည်။ ထိုမျက်နှာဖုံးသည် အစီအရင်ဆရာမှ မျက်နှာအစစ် နီးပါး တူညီအောင် လုပ်ဆောင် ပြုလုပ်ထားသည့် အပြောင်မြောက်ဆုံး မျက်နှာဖုံးဖြစ်သည်။ သူ၏ပုံစံကလည်း ထူးဆန်းပေသည်။ ထို့ကြောင့် သာမန် အစီအရင် ဆရာများ အနေဖြင့် အလွယ်တကူ တွေ့နိုင်မည် မဟုတ်ပေ။
ပို၍အံ့သြစရာ ကောင်းသည်မှာ မျက်နှာဖုံးသည် သာမန် မျက်နှာဖုံးပုံစံ မဟုတ်ခြင်း ဖြစ်သည်။ မျက်နှာဖုံးသည် ဆွဲသီးပုံစံဖြစ်ကာ သူ့ထံတွင် အကာအကွယ် စွမ်းအားများလည်း ရှိပေသည်။
ထိုမျက်နှာဖုံးကို ဆွဲကြိုးတစ်ခုနှင့် တွဲကာ လည်ပင်း၌ အမြဲတမ်း ဆွဲထား၍ရ၏။ မျက်နှာပြောင်းရန် လိုအပ်သည့် အချိန်တွင် အော်ရာကို အသုံးပြု၍ လည်ဆွဲ၏ မျက်နှာပြောင်းလဲ နိုင်စွမ်းကို လှုံ့ဆော်ပေးရမည် ဖြစ်သည်။ ထိုအရာသည် အလွန်ပင် အဆင်ပြေပြေ ရှိလှပေသည်။
မျက်နှာဖုံးအား ဝတ်ဆင်ရသည့် ပုံစံသည်ပင် မျက်နှာ၌ အချိန်ပြည့် တပ်ထားရသည့် ထိုမျက်နှာဖုံးများထက် များစွာ ပိုသာနေပြီ ဖြစ်၏။ ထိုမျက်နှာဖုံးသည် ဝမ်ရှန်းအတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ရုပ်ဖျက်ရာတွင် မျက်နှာကိုပဲ ရုပ်ဖျက်၍ မရပေ။ အရေးအကြီးဆုံးမှာ ဝိညာဉ်အဆင့်ကို ဖုံးကွယ်နိုင်ရန် ဖြစ်၏။ ထိုမျက်နှာဖုံး တပ်ထားသည့် လူအား အပြင်ပိုင်းမှ ကြည့်မည်ဆိုလျှင် ထိုလူသည် ဝိညာဉ်အဆင့် မနိမ့်လွန်း၊ မမြင့်လွန်းသော ဝိညာဉ်သခင် တစ်ယောက် အဖြစ်ဖြင့်သာ သိနိုင်သည်။ သူသည် အခြားသူများ၏ အထင်သေး လျှော့တွက်ခြင်းကို ခံရမည် မဟုတ်ကာ ကြောက်ရွံ့ခြင်းကိုလည်း ခံရမည် မဟုတ်ပေ။ ထို့ကြောင့် ထိုမျက်နှာဖုံးသည် ပုံစံအမှန်ကို ဖုံးကွယ်ရန် အတွက် အလွန် သင့်တော် လှပေသည်။
သို့သော် ဤအချက်များသည် ထိုမျက်နှာဖုံး၏ ဝမ်ရှန်း အကြိုက်ဆုံး အချက်များ မဟုတ်ပေ။ သူအကြိုက်ဆုံး အချက်မှာ မျက်နှာဖုံး၏ အကာအကွယ် လုပ်ဆောင်ချက်ပင် ဖြစ်၏။ မျက်နှာဖုံးအား အသက်သွင်း လိုက်သည်နှင့် ဆွဲသီး အထက်ရှိ အစိတ်အပိုင်းများ အားလုံးကို မမြင်ရသည့် အကာအကွယ် စွမ်းအားများ လွှမ်းခြုံသွားမည် ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်း၏ ခေါင်းနှင့် လည်ပင်းသည် အကာအကွယ် မဲ့နေတော့မည် မဟုတ်ချေ။
“ဘယ်မှာ ဝယ်ရမှာလဲ။ ကျွန်တော် ဝယ်မယ်”
ဤကဲ့သို့ ပစ္စည်းကောင်းနှင့် လွှဲသွားမည်ဆိုလျှင် နှမြောစရာ ကောင်းသည် မဟုတ်ပါလော။ ဤမျက်နှာဖုံးအကြောင်း ဝမ်ရှန်း မသိခဲ့ဘူး ဆိုလျှင်တော့ ကိစ္စမရှိပေ၊ သို့သော် ယခုတွင် သူ သိသွားပြီဖြစ်၏။ ထို့ကြောင့် သူ ထိုမျက်နှာဖုံးကို မရရအောင် ဝယ်ယူရပေမည်။
“မြို့အရှင် စံအိမ်မှာ ရတယ်”
ချင်းဝေမှ ဝမ်ရှန်းအား ပြန်ဖြေလိုက်သည်။
“နင် မြို့အရှင်ကို စိတ်မကြည်ဖြစ်အောင် ဘာမှမလုပ်ထားဘူး ဆိုရင်တော့ ရွှေဒင်္ဂါး တချို့တလေလောက် ပေးပြီး ဝယ်လို့ရမှာပါ”
မြို့အရှင်စံအိမ်နှင့် ပတ်သက်လျှင် ဝမ်ရှန်း၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက် လာသည်မှာ အိမ်တော်ထိန်းပင် ဖြစ်၏။ မျက်နှာဖုံးကို မြို့အရှင်စံအိမ်မှ ပိုင်သည်ဆိုမှတော့ အိမ်တော်ထိန်းသည် ထိုအကြောင်း သိနိုင်လောက်သည်။ ထို့ကြောင့် အိမ်တော်ထိန်း သူ့အိမ်၌ ထမင်းလာစားသည့် အချိန်တွင် သူ မေးကြည့်လိုက်၍ ရပေသည်။
သို့သော် ဝမ်ရှန်းသည် သူ ကြေးစားခန်းမသို့ ရောက်လာပြီ ဖြစ်သည့် အတွက်ကြောင့် ဒီတိုင်း သက်သက် သတင်းမေးရုံမျှဖြင့် ပြန်မသွားလိုပေ။
“အစ်မ ချင်းဝေ၊ သိုက်မိသားစုက လူတွေကို ဆုကြေးငွေ ထုတ်ထားတာ ရှိမှရှိ ကျွန်တော့်ကို တစ်ချက်လောက် စစ်ပေးပါလား”
သူက နှေးကွေးစွာ သွားလာနေရသည့် အတွက် သူကိုယ်တိုင် သွားကြည့်ရန်က အဆင်မပြေပေ။ ထို့ကြောင့် သူသည် ချင်းဝေကို သူ့အား ကူညီစစ်ဆေးပေးရန် တောင်းဆိုလိုက်၏။
“သိုက်မိသားစုရဲ့ ထိပ်ပိုင်းတွေ ဆိုရင် ပိုကောင်းတယ်။ သူတို့ကို သတ်ဖို့ အလုပ် ကမ်းလှမ်းထားတာ ရှိတယ်ဆိုရင် ကျွန်တော်ယူမယ်။ အဲဒါဆို ကျွန်တော်လည်း သတ်ရတာ အလကား မဖြစ်တော့ဘူးပေါ့”
***