Switch Mode

Chapter – 185

ဆွဲဆောင်နေသည့်အရာ (၂)

အပိုင်း ၁၈၅
ဆွဲဆောင်နေသည့်အရာ (၂)

“ခင်ဗျား အကျယ်ကြီး ချလိုက်တာ၊ တခြားလူတွေ ကြားသွားမှာ မကြောက်ဘူးလား”

မိန်းမစိုးသည် တော်ဝင်သူလျှို တစ်ယောက်ဖြစ်ကြောင်း သူ၏ပုံစံကို ပေါ်ပေါ်တင်တင် ထုတ်ဖော် ပြောလာသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်း အလွန် ကြောင်အ သွားခဲ့သည်။

“ငါ ဘယ်လောက်ပဲ အသံကျယ်အောင်ချချ၊ ငါ တခြားလူတွေကို မကြားစေချင်ဘူးဆိုရင် သူတို့တွေ ကြားရမှာ မဟုတ်ဘူး”

ယခုအချိန်တွင် နောက်ဆုံး၌ မိန်းမစိုးသည် ဝိညာဉ်သခင် တစ်ယောက်၏ ဝင့်ဝါမှုများကို အပြည့်အဝ ဖော်ထုတ် ပြသနေပြီဖြစ်၏။

“စိတ်မပူပါနဲ့။ အခု ငါပြောလိုက်တဲ့ စကားတွေကိုလည်း မင်းပဲ ကြားရတာ။ တခြား ဘယ်သူမှ မကြားရဘူး”

ကျွမ်းကျင်သည့် ဝိညာဉ်သခင် တစ်ယောက်က ဤကဲ့သို့ ပြုလုပ်နိုင်သည်လား… ဤကမ္ဘာကြီး၏ ကျင့်စဉ်များကို ဝမ်ရှန်း ပိုပို၍ အံ့သြလာမိတော့သည်။

သူသည် မိန်းမစိုးအား ညာဘက်လက်မ ထောင်ပြကာ မိန်းမစိုးထံသို့ တစ်လှမ်းချင်း ဂရုတစိုက် လျှောက်သွား လိုက်၏။ ထို့နောက် စားပွဲပေါ်၌ ရှိနေသည့် တံဆိပ်ပြားကိုလည်း ဂရုတစိုက် ယူကာ သိုလှောင်လက်စွပ် အတွင်း သိမ်းဆည်း လိုက်တော့သည်။

…….

ဝမ်ရှန်း၏ ခြံဝန်းအတွင်း၌ ရှိသည့် ဘားတန်းသည် သိပ်သည်းသည့် သံဖြင့် ပြုလုပ်ထားသည့် ဘားတန်းဖြစ်၏။ တစ်နေ့ သူ ထိုဘားတန်းကို ခိုကာ လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဘားတန်းကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ ခိုလိုက်သည့် အချိန်တွင် လက်မောင်း အရွယ်အစားရှိသည့် သံဘားတန်းကြီးသည် နှစ်ပိုင်းကျိုး သွားခဲ့တော့သည်။

သူသည် သံဘားတန်းကို ရွှံ့ချောင်း တစ်ချောင်းကဲ့သို့ အလွန် လွယ်ကူစွာ ကျိုးပျက်စေခဲ့ခြင်းဖြစ်၏။ ကံကောင်းသည်က ထိုအချိန်တွင် ထိုအဖြစ်အပျက်ကို မည်သူမှ မမြင်လိုက်ခြင်းပင်။ မဟုတ်လျှင် အခြားလူများသည် သူ၏ခွန်အားမှာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းကြောင်း သိသွားကြပေလိမ့်မည်။

ဝမ်ရှန်းသည် သုံးရက်ခန့် အောင်းနေခဲ့ပြီးနောက် အိမ်မှထွက်၍ ကြေးစားခန်းမထံသို့ သွားလိုက်သည်။ သူသည် ရက်ပေါင်း များစွာ လေ့ကျင့်ခဲ့ပြီး ဖြစ်သော်လည်း မြန်မြန် မလှုပ်ရှားရဲသေးပေ။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများက နှေးကွေးကာ မြင်ရသည်မှာ သိပ်ပြီး သဟဇာတ မဖြစ်လှပေ။

ဝူရုံမြို့ မြို့အတွင်းပိုင်းမှ လူများသည် ဝမ်ရှန်း၏ လက်ရှိ အခြေအနေကို သိကြပေသည်။ ဝမ်ရှန်း နောက်လိုက်‌နေသည့် ဝူရုံမြို့ မြို့အပြင်ပိုင်းမှ လူများသည်လည်း ဝမ်ရှန်း ဤကဲ့သို့ ဖြစ်ရခြင်းမှာ သူ၏ခန္ဓာကိုယ်နှင့် သဟဇာတ မဖြစ်သည့် ခွန်အားများ ရုတ်တရက် တိုးလာခြင်းကြောင့် ဖြစ်ကြောင်း သိကြပေသည်။

သို့သော် သူတို့သည် ဝမ်ရှန်း၏ ပုံစံနှင့် အလွန် လျင်မြန်စွာ ကျင့်သား ရသွားကြသော်ငြား ဝမ်ရှန်းမှာမူ နေသားကျရန် အချိန်ပိုကြာ ပေလိမ့်မည်။

ယခုအချိန် ဝူရုံမြို့ အတွင်းတွင် ဝမ်ရှန်းသည် နာမည်ကျော်ကြားသည့် လူတစ်ယောက် ဖြစ်နေပြီဖြစ်၏။ သူ အပြင်သွားသည့် အချိန်တွင် သူ့ဘေးမှ ဖြတ်သွားသည့် လူများသည် သူ့အား နှုတ်ဆက် သွားလေ့ရှိ၏။ သို့သော် သူတို့သည် နှုတ်ဆက်ရုံသာ နှုတ်ဆက်ခြင်း ဖြစ်သည်။

ဝမ်ရှန်း မြို့အပြင်ပိုင်းသို့ ရောက်လာသည့် အချိန်တွင် လူများသည် သူ့အား ထူးခြားသည့် အကြည့်ဖြင့် ကြည့်လာကြ၏။

ဝမ်ရှန်းသည် ထိုအကြည့်များကို လျစ်လျူရှုကာ ကြေးစားခန်းမ ထံသို့သာ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။ သူ လှမ်းလျှောက်သည့် ပုံစံက ထူးဆန်း နေသောကြောင့် သူ့အား ကြည့်ကာ နောက်ကွယ်၌ ကျိတ်၍ လှောင်ရယ်နေကြသည့် လူများ မည်မျှပင် ရှိမည် မသိနိုင်ချေ။

ဝမ်ရှန်း ခန်းမအတွင်းသို့ ဝင်လိုက်သည့် အချိန်တွင် သူ့အား ကြေးစားမှတ်ပုံတင် တင်ပေးခဲ့သည့် အမျိုးသမီးအား တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ချင်းဝေ ဖြစ်ကြောင်း ဝမ်ရှန်း မှတ်မိပေသည်။ ယခုတွင်လည်း သူမသည် ထိုထောင့်၌သာ ထိုင်နေဆဲဖြစ်၏။

ဝမ်ရှန်းသည် ဝူရုံမြို့အတွင်းသို့ ဝင်ရောက် လာစဉ်တွင် ဝိညာဉ်အဆင့် ပထမအဆင့်သာ ရှိသည်။ ထို့ကြောင့် သူသည် သေချာဂရုတစိုက် စူးစမ်းလေ့လာသော်လည်း ကိစ္စအရာ တော်တော်များများကို မမြင်နိုင်ခဲ့ချေ။

ဥပမာအားဖြင့် – ချင်းဝေသည် တတိယအဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကြောင်း ထိုအချိန်၌ သူ မမြင်ခဲ့ပေ။ ဒါ့ပြင် ချင်းဝေက သူ့အား ကြည့်သည့် အချိန်တိုင်း အမြဲတမ်း သူ၏အားအနည်းဆုံး အစိတ်အပိုင်းကိုသာ စိုက်ကြည့် တတ်ကြောင်းကိုလည်း သူ မသိခဲ့ပေ။

“ဟိုင်း၊ အစ်မ ချင်းဝေ”

ဝမ်ရှန်းသည် ချင်းဝေထံသို့ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်သွားကာ အဝေးမှနေ၍ ပြုံး၍ နှုတ်ဆက် လိုက်သည်။ ချင်းဝေ ထိုင်နေသည့် ကောင်တာရှေ့သို့ ရောက်သွားသည့် အချိန်မှာတောင်မှ ဝမ်ရှန်းသည် ထိုနေရာ၌ ရှိနေသည့် ထိုင်ခုံ၌ မထိုင်ရဲပေ။ မတော်တဆ ထိုင်ခုံကို ချိုးမိသွားမည် စိုးသောကြောင့်ပင်ဖြစ်၏။

ဝမ်ရှန်းအား မြင်လိုက်ရသောအခါ ချင်းဝေ၏ ပါးစပ်သည် နားရွက်တက်ချိတ်မတတ် ဖြစ်သွားခဲ့၏၊ သူမ စိတ်ထဲမှနေ၍ လှိုက်လှိုက်လဲလဲ ဝမ်းသာ သွားခဲ့သည်။ ဤကောင်လေးသည် လာသည့် အချိန်တိုင်း အမြဲတမ်း သူမအား နှုတ်ဆက်လေ့ ရှိသည်။ သူမအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခြင်းမျိုးလည်း မရှိပေ။ ဝူရုံမြို့အတွင်းတွင် သူမအား ဤကဲ့သို့ ခံစားရအောင် လုပ်နိုင်သည့် လူများ သိပ်ပြီး များများစားစား မရှိချေ။

“အခုထိ အသား မကျသေးဘူးလား”

ဝမ်ရှန်း တစ်လှမ်းချင်း လျှောက်နေသည့် ပုံစံ၊ ကို့ရို့ကားရား ဖြစ်နေသေးသည့် ပုံစံနှင့် မထိုင်ရဲသည့် ပုံစံများအား မြင်လိုက်ရသောအခါ ချင်းဝေ ဝမ်ရှန်း၏ အခြေအနေကို ချက်ချင်း သိသွားခဲ့သည်။

ထိုကဲ့သို့ မေးပြီးသည့် အချိန်မှာပင် ချင်းဝေ ရုတ်တရက် မျက်နှာပျက် သွားခဲ့သည်။ ထို့နောက် သူမ သတိပေးရန် ပြင်လိုက်သည့် အချိန်မှာပင် ပြင်းထန်သည့် အားတစ်ခု ဝမ်ရှန်း၏ ကျောပေါ်သို့ ကျရောက် လာခဲ့၏။ ထိုအားသည် တစ်စုံတစ်ယောက်က ဝမ်ရှန်း၏ နောက်ကျောအား အားရပါးရ ရိုက်လိုက်သကဲ့ပင် ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ရှန်းသည် လမ်းလျှောက် နေသည်ကို ရပ်ရန် ကြိုးစားနေခဲ့ခြင်းသာ ဖြစ်ကြောင်း ကျိန်ဆို ကျိန်ရဲပေသည်။ သူသည် တကယ်ကို ဒီတိုင်း လမ်းလျှောက်နေရာမှ ရပ်လိုက်ခြင်းသာ ဖြစ်၏။ မည်သည့် အားကိုမှ မသုံးခဲ့ပေ။

ဂွတ်…

သို့သော် ရုတ်တရက် သူ့နောက်မှနေ၍ အရိုးကျိုးသည့် အသံ ထွက်ပေါ်လာခဲ့သည်။ နောက်ကျောမှ ကြွက်သားများ၏ ခံစားမှုအရ သူ့အား လာထိသည့် လူက အရိုးများ ကျိုးသွားပြီဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။

သို့သော် အဖြစ်အပျက်သည် ထိုမျှလောက်ဖြင့် မရပ်သွားခဲ့ပေ။

“အား….”

သူ့နောက်မှလူ၏ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့ကာ ထိုအော်သံသည် ဝေးသထက် ပိုမို ဝေးသွားခဲ့၏။ သို့သော် အော်သံသည် တစ်ခဏသာ ကြာမြင့်ခဲ့ပေသည်။ ထို့နောက် ဒုန်းခနဲ ဟူသည့် တစ်စုံတစ်ခုနှင့် ဆောင့်တိုက်မိသည့် အသံ ထွက်ပေါ် လာခဲ့သည်။ ထိုလူ ဘာနှင့် ဆောင့်တိုက်မိ သွားမှန်း ဝမ်ရှန်း မသိပေ။

ဝမ်ရှန်းသည် အနောက်ကို မြန်မြန် မလှည့်ရဲသောကြောင့် သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း လှည့်ကာ ခေါင်းကိုလည်း တဖြည်းဖြည်းချင်း လှည့်လိုက်သည်။ ထိုပုံစံဖြင့် သူ့အနောက်ဘက်သို့ ကြည့်လိုက်သည့် အချိန်မှာမှ သူ့အနောက်၌ ရှိနေသည့် ကြေးစားခန်းမ၏ နံရံထက်တွင် ကြီးမားသည့် အပေါက်တစ်ပေါက် ရှိနေသည်ကို သိလိုက်ရတော့သည်။

“ရဲတင်းလိုက်တာ”

ထိုအချိန်မှာမှ အစ်မကြီး ချင်းဝေ၏အသံ ထွက်ပေါ်လာခဲ့သည်။ သူမ အသံသည် ဆူပူကြိမ်းမောင်း လိုက်သည့် အသံသာဖြစ်ကာ မည်သည့် အဟန့်အတား အသံမှ မပေါက်နေပေ။

ပြောရမည်ဆိုလျှင် ဘာမှလည်း ဟန့်တားနေစရာ မလိုတော့ချေ။ ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့အား ထိတ်လန့်တကြား ကြည့်နေကြသည့် လူအချို့၏ အကြည့်များကို မြင်လိုက်ရသည်။ သူ၏နောက်ကျောအား ရိုက်ခဲ့သည့် လူကိုမူ ဝမ်ရှန်း မမြင်ရတော့ပေ။ လူအချို့သည် နံရံအပေါက်မှနေ၍ အပြင်သို့ ပြေးထွက် သွားနေကြသောကြောင့် ဖုန်မှုန့်များ ကြားတွင် ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မြင်ရခြင်း၊ မမြင်ရခြင်းက အရေးမပါပေ။ သို့သော် အခြားသူများကတော့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေ၏၊ အထူးသဖြင့် အစ်မကြီး ချင်းဝေပင် ဖြစ်သည်။ ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ဝမ်ရှန်းအား နှုတ်ဆက်နေသည့် အတွက်ကြောင့် ဝမ်ရှန်း၏ နောက်ကျောအား လာပုတ်သည့် လူကို သူမ လျှပ်တစ်ပြက်တော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

ထိုလူသည် သေချာပေါက် ဝမ်ရှန်း၏ နောက်ကျောအား တမင်သက်သက် လာရိုက်ခဲ့ခြင်းပင် ဖြစ်၏။ သူသည် ခြေချော်ချင်ယောင် ဆောင်ကာ မတော်တဆ တိုက်မိသည့်ပုံစံ ဟန်ဆောင်ခဲ့သော်လည်း ပြန်ကန် ထွက်လာသည့် ပြင်းအားသည် ပြင်းလွန်း လှပေသည်။

မေးစရာပင် မလိုပေ၊ ထိုလူသည် ဝမ်ရှန်း၏လက်ရှိ အခြေအနေကို သိချင်သည့် စပ်စုသော လူတစ်ယောက် သို့မဟုတ် သိလိုနေသော အင်အားစုမှ လူတစ်ယောက် ဖြစ်ရပေမည်။ ယခုအချိန်တွင် ဝမ်ရှန်းသည် ဝူရုံမြို့အတွင်းတွင် နာမည်ကျော် ကြက်ကြော်တုံး တစ်တုံးကဲ့သို့ ဖြစ်နေကာ အားလုံးသည် သူ့အား ကိုက်စားခွင့် ရရန် အခွင့်အရေး ရှာနေကြလေသည်။

ဝမ်ရှန်းသည် ဒဏ္ဍာရီလာ ကံကောင်းခြင်း ဆေးပြားနှစ်ပြား သောက်ခဲ့ကာ တစ်ဆက်တည်း အဆင့်နှစ်ဆင့် တက်ခဲ့သည်။ အားလုံးသည် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင် ကြီးမားပုံကို ကြားရုံသာ ကြားဖူးကြကာ မည်သူမှ မသိကြပေ။ ထို့ကြောင့် ဤကဲ့သို့ တိုက်မိချင်ယောင် ဆောင်ကာ နားလည်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ရှန်းအား ရိုက်လိုက်သည့် လူသည် အတွေ့အကြုံရှိသည့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်ရပေမည်။ ဤကဲ့သို့ စူးစမ်းသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိရ၏၊ သူသည် သူ့ကိုယ်သူ ဒဏ်ရာ မရအောင် ကာကွယ်ရမည် သာမက သူ့ရန်သူ၏ ခွန်အား အစစ်အမှန်ကို သွားမနှိုးဆွ မိရန်လည်း လိုအပ်ပေသည်။ အထူးသဖြင့် ရန်သူ၏ ရန်လိုစိတ်ကို သွားမဆွ မိစေရန်ဖြစ်၏။

ထိုအရာများသည် သာမန်ဝိညာဉ်သခင် တစ်ယောက်မှ ပြုလုပ်နိုင်သည့် အရာများ မဟုတ်ပေ။ အတွေ့အကြုံ ရင့်ကျက်ကာ ကိုယ့်အားကိုကိုယ် ကောင်းကောင်း ထိန်းချုပ်နိုင်သည့် ဝိညာဉ်သခင် တစ်ယောက်မှသာ ပြုလုပ်နိုင်သည့် အရာဖြစ်သည်။

ထိုလူက အလွန် ဂရုတစိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ရှန်းထံမှ တန်ပြန်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။ ထိုအရာမှာ ဝမ်ရှန်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်လိုက်ခြင်း မဟုတ်ပေ။ သူ့ဘာသာသူ အလိုအလျောက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုပင်ဖြစ်၏။

လွှင့်ထွက်သွားသည့် လူသည် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်သည်။ ယခင်တွင် သူတို့အားလုံးသည် ဝမ်ရှန်းက ဒုတိယအဆင့်သို့ ဝင်ရုံသာ ဝင်ခြင်းဖြစ်ကာ ဒုတိယအဆင့် နှောင်းပိုင်းအဆင့် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သို့သော် ယခု ဤမြင်ကွင်းအား မြင်လိုက်ရသည့် အချိန်တွင် သူတို့အထင်က မှားယွင်းနေခဲ့ခြင်းဖြစ်ကြောင်း သူတို့ နားလည် သွားခဲ့ကြတော့သည်။

ဝမ်ရှန်းအား ရိုက်ကာ လွှင့်ထွက်သွားသည့် ဝိညာဉ်သခင်၏ စူးရှကျယ်လောင်သည့် အော်ဟစ် သံများထဲတွင် လက်အရိုး ကျိုးသံများလည်း ပါရှိနေပေသည်။

ထို့ပြင် သူ ဖောက်ထွက် သွားသည့် ကြေးစားခန်းမ၏ အပြာရောင် ကျောက်တုံးနံရံသည် လက်ဝါး တစ်ခုစာခန့် ထူထပ်သည့် နံရံဖြစ်၏။ ဤကဲ့သို့ ထူထပ်လှသည့် ကျောက်တုံး နံရံအား ဖောက်ထွက် သွားပြီးနောက်တွင် အားလုံး၏ နားအတွင်းသို့ ဝင်ရောက် လာခဲ့သည့် အော်ဟစ်သံများ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ မေးစရာပင် မလိုပေ၊ ထိုလူသည် သေလျှင်သေ မဟုတ်လျှင် သတိလစ်သွားခြင်းသာ ဖြစ်ရပေမည်။ ဤနှစ်ခုမှလွဲ၍ အခြား ဖြစ်နိုင်ချေမရှိပေ။

ထိုမြင်ကွင်း မြင်လိုက်ရသည့် လူများအားလုံး ကြက်သေ သေသွားခဲ့ကြသည်။ ဒါက ကံကောင်းခြင်း ဆေးပြားရဲ့ အာနိသင်လား… အားလုံးသည် သူတို့ကိုယ်သူတို့ ထီဆုကြီးတစ်ခု ပေါက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset