အပိုင်း ၁၈၄
ဆွဲဆောင်နေသည့်အရာ (၁)
ထိုအချိန် မိန်းမစိုးထံမှ တာအိုဘုရားကျောင်းဟု ကြားလိုက်ရသောအခါ ဝမ်ရှန်း၏ မျက်လုံးများ အရောင်လက် သွားခဲ့သည်။ သူသည် တကယ်ပဲ ဤနေရာကို မေ့နေခဲ့ခြင်း ဖြစ်လေသည်။
မင်းဆက် အဆက်ဆက် ဘယ်လိုပဲ ပြောင်းလဲ သွားပါစေ၊ ဂိုဏ်းအရေအတွက်များ ဘယ်လောက်ပဲ ထွက်ပေါ်လာခဲ့ပြီး ပြန်လည် ကျရှုံးသွားပါစေ၊ မင်းဆက် ပြောင်းလဲခြင်းကြောင့် ယဉ်ကျေးမှုများ ပြောင်းလဲ သွားနိုင်သော်လည်း ဘာသာတရားကိုတော့ မည်သူမှ မပြောင်းလဲနိုင်ပေ။
ဘာသာတရားက အမြဲတမ်း အဓွန့်ရှည် တည်ရှိ နေနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ အချို့ဂိုဏ်းများတွင် ယခင်မင်းဆက်နှင့် ပတ်သက်သည့် မှတ်တမ်းများ ရှိသော်လည်း ထိုမှတ်တမ်းများသည် သာမန်သာ ဖြစ်၏။
ယခုအချိန်တွင် ဝမ်ရှန်းထံ၌ ပန်းတိုင်နှင့် ရည်မှန်းချက် ရှိနေပြီဖြစ်၏။
“တာအိုဘုရားကျောင်းမှာ ဆရာရှိလား”
ဝမ်ရှန်းမှ ချက်ချင်း ပြန်မေးလိုက်သည်။ ဝမ်ရှန်းသည် ဤကိစ္စကို ဘယ်သူ့ကိုမှ မသိစေလိုက်ဘဲ ပြီးမြောက်အောင် ပြုလုပ်ချင်ခြင်း ဖြစ်၏။ မှတ်တမ်းများကို ရှာဖွေကာ ပြီးလျှင် ပြန်ထွက်လာမည်ဖြစ်သည်။ သူ့ကမ္ဘာမြေပေါ်တွင် ဝမ်ရှန်းသည် ဤပုံစံအတိုင်းသာ မကြာခဏ ပြုလုပ်လေ့ ရှိပေသည်။
“မင်းဆက်တွေထက်ကို သက်တမ်း ပိုရှည်တဲ့ တာအိုဘုရားကျောင်းလေ။ မင်း ဘယ်လိုထင်လဲ” မိန်းမစိုးမှ ဝမ်ရှန်းအား “ဒါလေးတောင် မသိဘူးလား” ဟူသည့် အကြည့်ဖြင့် ကြည့်ကာ ထိုလေသံဖြင့် ပြောလိုက်၏။
“ခင်ဗျားထက်ကို တော်တာလား”
ဝမ်ရှန်း စိတ်ထဲ၌ ကျောချမ်းသွားခဲ့၏။ သို့သော် သူသည် မယုံကြည်နိုင်ဟန်ဖြင့် အင်တင်တင်ဖြင့် ပြန်ထပ်မေး လိုက်သည်။
“လူတွေက အမြဲတမ်း သနားညှာတာမှုအကြောင်း ပြောတတ်ကြတယ်။ ဒါပေမယ့် ငါသာ အဲ့နေရာ သွားမယ်ဆိုရင် ငါ အသက်ရှင်လျက် ပြန်ထွက် လာနိုင်မှာတောင် မဟုတ်ဘူးကွ…”
မိန်းမစိုးမှ တစ်ခဏ တွေးကြည့်ကာ ထို့နောက် ခေါင်းကို ခါယမ်းလိုက်ပြီး “ငါတော့ တကယ်ပဲ သနားကြင်နာတတ်တဲ့ လူနဲ့ တွေ့ဖူးဖို့ လိုနေပြီပဲ”
ပြီးသွားပြီ၊ သူတို့၏ မေးမြန်းမှုသည် ဤနေရာ၌ပင် ပြီးဆုံးသွားပြီဖြစ်၏။
ဝမ်ရှန်း စိတ်ထဲ၌ ကျိတ်၍ သက်ပြင်း ချလိုက်သည်။ ပြောရမည်ဆိုလျှင် အဓိက မိသားစုများထံတွင် ထိုအရာနှင့် သက်ဆိုင်သည့် မှတ်တမ်းများ ရှိနိုင်ပေသည်။ ရှိသည်ဟုလည်း ဝမ်ရှန်း အခိုင်အမာ ယုံကြည်ပေသည်။ သို့သော် ဤအဆင့် မှတ်တမ်းများသည် အဓိက အင်အားစုများ အတွက် လျှို့ဝှက်ချက်များထဲမှ လျှို့ဝှက်ချက်များ ဖြစ်လေသည်။ ဘယ်အင်အားစုကမှ ထိုမှတ်တမ်းများကို အပြင်လူ တစ်ယောက်ရှေ့၌ ဖွင့်ထုတ်ပြမည် မဟုတ်ချေ။
ဝမ်ရှန်းနှင့် စုန့်ရန်တို့ကြား၌ ခင်မင်ရင်းနှီးမှု အချို့ရှိသည် ဆိုလျှင်တောင် သူတို့သည် ဝမ်ရှန်းအား လိုက်သတ်ခဲ့သည့် အချိန်၌ မည်သည့် သနားညှာတာမှုမှ မပြခဲ့ချေ။ ယခုအချိန်တွင် အခြေအနေသည် ထိုအချိန်ကလောက် မစိုးတော့သော်လည်း စုန့်မိသားစုသည် ဤကဲ့သို့သော သတင်းအချက်အလက်မျိုးကို သူ့အား အလွယ်တကူ ပြသလိမ့်မည် မဟုတ်ကြောင်း ဝမ်ရှန်း သိပေသည်။
စုန့်ရန်နှင့် လက်ထပ်ရန် အမှန်တကယ် သဘောမတူဘဲနှင့်၊ လက်ထက်ပွဲကို အမှန်တကယ် မကျင်းပဘဲနှင့်၊ သူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်သည့် လျှို့ဝှက်ချက်ကို မပြောပြဘဲနှင့်၊ စုန့်မိသားစုမှ သူ့အား ထိုမှတ်တမ်းများ ပြလာရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။
ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းသည် တကယ်ပဲ စုန့်ရန်နှင့် လက်ထပ်ချင်ပါသလား…
ဤမေးခွန်းကို မေးစရာပင် မလိုပေ။ အစကတည်းက စုန့်ရန်က သူ့အား အကာအကွယ် တစ်ခုအဖြစ်သာ သဘောထားကြောင်း ဝမ်ရှန်း ကောင်းကောင်း သိပေသည်။ နောက်ပိုင်း၌တော့ အနည်းငယ် ရင်းနှီးလာကြသည်ဟု ပြော၍ရသော်လည်း ဝမ်ရှန်းသည် သူ စုန့်ရန်အား လက်ထပ် ချင်လောက်သည် အထိ သူမ အပေါ်၌ စိတ်ဝင်စားမှု မရှိကြောင်း သူ့ကိုယ်သူ သေချာသိပေသည်။
ထို့အပြင် ဝမ်ရှန်း၏ စိတ်ထဲတွင် လူတစ်ယောက် အမြဲတမ်း ရှိနေခဲ့ပြီး ဖြစ်၏။ သူ၏စိတ်နှလုံးကို ဖောက်ထွင်း မြင်နိုင်သကဲ့သို့ ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိလှသည့် မျက်လုံးများ၊ ဝမ်ရှန်း၏ စိတ်ထဲတွင် ထိုမျက်လုံးများ ကြီးစိုးနေခဲ့ပြီ ဖြစ်သည်။
ဝမ်ရှန်း ထိုကောင်မလေး အကြောင်း တွေးကြည့်လိုက်သည့် အချိန်တွင် သူ၏ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ် အနည်းငယ် တုန်လှုပ် သွားခဲ့သည်။ သို့သော် ထိုတုန်လှုပ်မှုသည် အလွန် သေးတိမ်ကာ မသိသာလှပေ။ ပြီးလျှင် ဝမ်ရှန်းသည် သူ၏ဝိညာဉ် နယ်မြေကိုလည်း အမြဲတမ်း အာရုံ မစိုက်နိုင်နေပေ။ ထို့ကြောင့် သူသည် ထိုအဖြစ်အပျက်အား သတိမထားမိခဲ့ချေ။
………
အခြား နေရာများနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် တာအိုဘုရားကျောင်း အတွင်းရှိ မှတ်တမ်းများသည် ဝမ်ရှန်း ကြည့်ရန်အတွက် အလွယ်ကူဆုံး အနေအထားဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပြောရန်ကလည်း စောလွန်း နေသေးပေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် သူကိုယ်တိုင် ဝူရုံမြို့အတွင်း၌ ပိတ်မိနေသောကြောင့်ဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် တာအိုဘုရားကျောင်းသို့ သွားလည်ခြင်းက လုံးဝကို ဟာသကြီးတစ်ခု ဖြစ်နေပေလိမ့်မည်။
“ဒါနဲ့ မြို့ထဲက လူတွေက မြို့ပြင်ကလူကို လုပ်ကြံဖို့ အလုပ်ရတယ်ဆိုရင် သူတို့ မြို့ပြင်ကို ဘယ်လို ထွက်ကြတာလဲ” မိန်းမစိုး ဤနေရာ၌ ရှိနေသေးသည့် အတွက်ကြောင့် ဝမ်ရှန်းသည် မေးစရာ ရှိသည်များကို တစ်ခါတည်း မေးလိုက်သည်။ ထိုကဲ့သို့ဆိုလျှင် အကြံအတွက် တစ်ယောက်ပြီး တစ်ယောက် လိုက်မေးနေစရာ မလိုတော့ချေ။
“နည်းလမ်းတွေကတော့ အများကြီးရှိတယ်”
မိန်းမစိုးသည် စားပွဲပေါ်မှ ဝိုင်ပုလင်းကို ကောက်ကိုင်ကာ သူ့ဘာသာသူ ငှဲ့၍ သောက်လိုက်သည်။
“တကယ်တော့၊ မင်းလည်း အဲ့လိုလုပ်ဖို့ လွယ်ပါတယ်”
ဝမ်ရှန်း မျက်ခုံးများ ပင့်သွားခဲ့သည်။ သူ ဘယ်လို လုပ်ရမှာလဲ…
“မင်း ဂျင်ဒီနယ်မြေထဲ ဝင်သွားပြီး ကြိုက်တဲ့ နေရာကနေ ပြန်ထွက်လို့ ရတယ်လေ။ အဲ့လိုဆိုရင် မင်းကို ဘယ်သူ တားနိုင်မှာလဲ”
မိန်းမစိုးမှ ဝိုင်အရသာခံကာ ဝမ်ရှန်း၏စကားကို တစ်ခွန်းချင်း ပြန်ဖြေလိုက်သည်။
“တခြား နည်းလမ်းတွေကရော”
ဤနည်းလမ်းကို အသုံးပြု၍ ရကြောင်း ဝမ်ရှန်း သိပေသည်။ သို့သော် ဤနည်းလမ်းသည် ထောင်နှင့်ချီသည့် စွန့်စားခန်းများ စွန့်စားရန် လိုအပ်၏။ ဝမ်ရှန်းသည် မလိုအပ်ဘဲနှင့် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်မည် မဟုတ်ချေ။
“ဒါမှမဟုတ် မင်း အစိမ်းရောင် ကြေးစားကတ် ရှိရင်လည်း ရတယ်”
မိန်းမစိုးသည် စားပွဲပေါ်ရှိ ဟင်းပွဲများမှ မျက်စိမခွာဘဲ ပြောလိုက်သည်။
“ယေဘုယျအားဖြင့် ကြေးစားတစ်ယောက်က အဆင့်ခြောက် ကြေးစားတစ်ယောက် ဖြစ်လာပြီဆိုရင် အထက်တန်းလွှာ မိသားစုတွေကို တည့်တည့်ကြီး သွားမစော်ကားသ၍တော့ အဆင်ပြေတယ်။ သာမန် အင်အားစုတွေက ဝူရုံမြို့က အဆင့်ခြောက် ကြေးစားတစ်ယောက်ကို သေချာပေါက် လွယ်လွယ်နဲ့ စော်ကားရဲကြမှာ မဟုတ်ပါဘူး”
“အဲ့ထဲမှာ မင်းကတော့ ခြွင်းချက်ပဲကွ…”
ထိုကဲ့သို့ ပြောပြီးနောက် မိန်းမစိုးသည် ဝမ်ရှန်းအတွက် ပြောရန်လည်း မမေ့ခဲ့ပေ။
“မင်းက အထက်တန်းလွှာ မိသားစုတွေကို တစ်စုနှစ်စုမက စော်ကားခဲ့တာလေ။ အစိမ်းရောင် ကြေးစားကတ် မပြောနဲ့ အနီရောင် ကြေးစားကတ်ကို ကိုင်ပြီး အပြင်ထွက်မယ် ဆိုရင်တောင် မင်း လိုက်သတ် ခံရနိုင်လောက် သေးတယ်”
အနီရောင် ကြေးစားကတ်များသည် အစိမ်းရောင် ကြေးစားကတ်များထက် ပို၍ အဆင့်မြင့်ပေသည်။ အစိမ်းရောင်သည် အဆင့်ခြောက်၊ အဆင့်ခုနစ်နှင့် အဆင့်ရှစ်တို့ကို ကိုယ်စားပြုကာ အနီရောင်သည် အဆင့်ကိုးနှင့် အဆင့်ကိုး အထက် အဆင့်များကို ကိုယ်စားပြု၏။ အနီရောင် ကြေးစားကတ်ကို ရရှိခြင်းက သင်သည် အနည်းဆုံး အဌမအဆင့် ဝိညာဉ်သခင်များကို လုပ်ကြံခဲ့ပြီးကြောင်း ဆိုလိုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သင်၏ခွန်အားသည် သာမန်လူများ တွေးထင်နိုင်သည် ထက်ကို ကျော်လွန်နေပြီ ဖြစ်၏။
သို့သော် မိန်းမစိုး၏ စကားများက သူ့အား ခြောက်လှန့်နေခြင်း မဟုတ်ကြောင်း ဝမ်ရှန်း သိပေသည်။ အဓိက အင်အားစုများသည် သူတို့ ဝူရုံမြို့ အတွင်း၌ ဘာမှလုပ်၍ မရကြောင်း သူတို့ကိုယ်သူတို့ သိပေသည်။ သို့သော် သူ အပြင်ထွက်သွားပြီ ဖြစ်ကြောင်း ထိုလူများ သိသွားသည်နှင့် သူတို့သည် အသေရရ အရှင်ရရ သူ့အား လိုက်ကြတော့မည် ဖြစ်၏။
“သူတို့တစ်ဘဝလုံး မြို့ပြင်မှာ နေနေကြတဲ့ အဆင့်နိမ့် ကြေးစားတွေ ကျရော၊ အဲ့လိုပဲ နေကြတာလား”
ဝမ်ရှန်းမှ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” မိန်းမစိုးသည် ပဲကြီးလှော် တစ်တောင့်ကို ပါးစပ်အတွင်း ပစ်ထည့်ကာ ကျယ်လောင်စွာ ဝါးလိုက်၏။
“သူတို့သုံးတဲ့ နည်းလမ်းကလည်း ဝူရုံမြို့က ကြေးစား အများစုသုံးတဲ့ နည်းလမ်းပဲ”
“ဘာနည်းလမ်းလဲ”
“ကြေးစားခန်းမမှာ မျက်နှာဖုံး သွားဝယ်တာပဲ”
မိန်းမစိုးမှ ပျင်းရိပျင်းတွဲဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“အဲ့မျက်နှာဖုံးပေါ်မှာ အစီအရင် တစ်ခုရှိပြီး သူက လူတစ်ယောက်ကို တခြားမျက်နှာ ပုံစံမျိုး ဖြစ်သွားအောင် ပြောင်းလဲ ပေးနိုင်တယ်။ ကံဆိုးစွာနဲ့ မျက်နှာကို တည့်တည့် အတိုက်မခံရသ၍ လူအများစုက မျက်နှာဖုံး တပ်ထားတယ် ဆိုတာကို သိမှာ မဟုတ်ဘူး”
“ကျွမ်းကျင်တဲ့ ဝိညာဉ်သခင် တစ်ယောက်နဲ့ တွေ့သွားရင်ကော”
စနိုက်ပါသမား တစ်ယောက်၏ သတိဖြင့် ဝမ်ရှန်းမှ အသေးစိတ် ထပ်မေးလိုက်သည်။
“အစီအရင်ဆရာ မဟုတ်ဘဲ သာမန် ဝိညာဉ်သခင်တွေ ဆိုရင်တော့ အဆင်ပြေပါတယ်” မိန်းမစိုးမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် အစီအရင်ဆရာ ဖြစ်နေမယ် ဆိုရင်တောင် သူက မင်း မျက်နှာဖုံး တပ်ထားတယ် ဆိုတာကိုပဲ သိမှာ၊ မျက်နှာဖုံးအောက်က လူက ဘယ်သူလဲ ဆိုတာကို တိတိကျကျ သိမှာမဟုတ်ဘူး။ ပြီးတော့ ဝူရုံမြို့က မျက်နှာဖုံး အများစုကို အစီအရင် ဆရာတွေက အစီအရင် နည်းလမ်းတွေ သုံးပြီး လုပ်ထားတာ။ အဲဒါက သူတို့ရဲ့ ပိုက်ဆံရှာပေါက် တစ်ခုပဲလေ။ မင်း သူတို့ဆီမှာ မျက်နှာဖုံး သွားဝယ်တယ် ဆိုရင်တောင် ဒါက ဝူရုံမြို့ပဲလေ၊ မင်းကိစ္စတွေကို သူတို့ စိတ်ဝင်စားမှာ မဟုတ်ဘူး”
ဤအရာကလည်း ဝူရုံမြို့၏ ကျွမ်းကျင်မှု တစ်ခုပင် ဖြစ်ကြောင်း ဝမ်ရှန်း နားလည် သွားခဲ့သည်။ အစီအရင် ဆရာများကို မျက်နှာဖုံးများ ရောင်းခြင်းဖြင့် ဝင်ငွေရစေကာ သူတို့၏ ကိစ္စများကိုလည်း ဝင်ရှုပ်မည် မဟုတ်ပေ။
သေချာစဉ်းစား ပြီးနောက်တွင် နောက်ဆုံး တစ်ခုဖြစ်သည့် မျက်နှာဖုံးသည် အလွယ်ကူဆုံးနှင့် အယုံကြည်ရဆုံး နည်းလမ်းပင် ဖြစ်သည်။
“အပြင် ထွက်ချင်လို့လား”
ဝမ်ရှန်း စဉ်းစားနေစဉ်တွင် မိန်းမစိုးမှ ဝမ်ရှန်းအား မေးလိုက်သည်။ ပြောရမည်ဆိုလျှင် ဤမေးခွန်းသည် အဓိပ္ပာယ် မရှိပေ၊ ဝမ်ရှန်းသည် သူ အပြင်မထွက်ချင်ဘူး ဆိုလျှင် ဘာကိစ္စ ဤမေးခွန်းများကို မေးနေဦးမည်နည်း။
“အင်း” ဝမ်ရှန်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“လမ်းလျှောက်ထွက်မလို့”
ဒုန်း….
ထိုအချိန်တွင် မိန်းမစိုးသည် ကျောက်စိမ်း တံဆိပ်ပြားတစ်ခုကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အသံက တော်တော်ကို ကျယ်သော်လည်း ကျောက်စိမ်း တံဆိပ်ပြားသည် နည်းနည်းလေးပင် မထိခိုက်သွားပေ။ ဟုတ်ပါသည်၊ ဤကဲ့သို့ ဘာမှမဖြစ်သွားခြင်းသည် ကျောက်စိမ်း၏ အရည်အသွေးကြောင့် မဟုတ်ပဲ မိန်းမစိုး၏ ဝိညာဉ်အဆင့်ကြောင့်သာ ဖြစ်သည်။
“ဒါကိုယူသွားပြီး သေချာသိမ်းထား”
မိန်းမစိုးမှ ဘာမှ သိပ်မပြောခဲ့ချေ။
“မင်း သွားရင် တော်ဝင်မြို့တော်ကို ရောက်နိုင်ချေ ရှိတယ်။ အဲ့မှာ ပြဿနာ တစ်ခုခုရှိရင် ဒီတံဆိပ်ပြားကို ပြလိုက်၊ အသုံးဝင်လိမ့်မယ်”
***