အပိုင်း ၁၈၃
သဲလွန်စအသစ်များ (၂)
“ဂျင်ဒီနယ်မြေ ဘယ်ချိန်က စဖြစ်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငါ မှတ်တမ်းတွေထဲမှာ အခေါက်တစ်ရာလောက် ရှာခဲ့တယ်။ ဒါပေမယ့် အသေးစိတ် ရေးထားတာတွေ မတွေ့ခဲ့ဘူး။ အကုန်လုံးက မသေချာ မရေရာတာတွေ ချည်းပဲ။ အဲ့ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာနဲ့ လေးရာအတွင်း ဖြစ်နိုင်တယ်လို့ ပြောထားကြတယ်”
လင်းအာသည် ဗိုက်ပြည့် သွားသည်အထိ စားသောက်ပြီး နောက်တွင် ဝမ်ရှန်းအား ဂျင်ဒီနယ်မြေ အကြောင်း သူမ သိသလောက် ပြန်ပြောပြလိုက်သည်။
လင်းအာသည် ဝမ်ရှန်းအဝေး၌ ထိုင်နေကာ ဝမ်ရှန်း ကို့ရို့ကားရားဖြင့် နှေးကွေးစွာ လှုပ်ရှားနေသည်ကိုသာ မျက်မှောင်ကြုတ်၍ ကြည့်လျက် ခေါင်းခါယမ်းလိုက်၏။
လင်းအာ မဆိုထားနှင့် ဝမ်ရှန်း၏ ကို့ရို့ကားရား လေ့ကျင့်မှုများကို နေ့တိုင်း မြင်တွေ့နေရသည့် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့အဖို့ ထူးဆန်းသည်ဟု မထင်ကြတော့ပေ။ လက်ရှိတွင် ဝမ်ရှန်းသည် သူ၏စွမ်းအားကို မထိန်းချုပ် နိုင်နေသောကြောင့် သူသည် တမင်သက်သက် နှေးတိနှေးတုံ့ ပြုမူနေခြင်း ဖြစ်ပေသည်။
သို့သော် ဝမ်ရှန်းသည်လည်း သူတို့၏ အမြင်များကို ဂရုမစိုက်ပေ။ သူသည် လင်းအာ၏ ရှင်းလင်းချက်များကို လေ့ကျင့်ရင်း နားထောင်နေကာ “ဆက်ပြောလေ”
ဂျင်ဒီနယ်မြေ ဘယ်ချိန်၌ စတင် ဖြစ်ပေါ်ခဲ့ကြောင်းသည် သိပ်ပြီး အရေးမပါပေ။ အဓိက အင်အားစု ငါးခုတွင် ထိုအကြောင်းနှင့် ပတ်သက်သည့် မှတ်တမ်းများ ရှိနေကာ တော်ဝင်ရတနာ စံအိမ်သည်လည်း သူတို့နှင့် အဆက်အသွယ် မည်သို့ပင်ရှိစေ ထိုသတင်း ပေးမည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် အခြားလူများ၏ အမျိုးမျိုးသော ကြားဖူးနားဝများကို ပေါင်းလိုက်ခြင်းသာ တတ်နိုင်၏။ ဤကဲ့သို့ရလဒ် ထွက်လာရန်ပင် လင်းအာ တော်တော်လေး ကြိုးစားခဲ့ရ၏။
ထို့နောက် လင်းအာမှ ဆက်၍ “အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ဇာတ်ကြောင်းတွေထဲမှာ အခု ဂျင်ဒီနယ်မြေ ဖြစ်ပေါ်လာပုံကို ပြောပြထားတဲ့ ပုံစံက သုံးမျိုး ရှိနေတယ်”
“ပထမတစ်မျိုးမှာ ပြောထားတာက ဂျင်ဒီနယ်မြေရဲ့ မူလဇာစ်မြစ်က ကျင့်ကြံရေးဂိုဏ်း တစ်ဂိုဏ်းပဲတဲ့။ နောက်ပိုင်းကျတော့ အကြောင်းပြချက် တချို့ကြောင့် အဲ့ဂိုဏ်း ဖျက်ဆီး ခံလိုက်ရတယ်”
လင်းအာသည် ဖြစ်နိုင်ခြေ သုံးခုကို တစ်ခုပြီးတစ်ခု စတင် ရှင်းပြလိုက်တော့သည်။
“ဒါပေမယ့် အဲ့ဂိုဏ်းက သူ့နောက်ဆုံး အချိန်မှာ ထူးဆန်းတဲ့ အစီအရင် တချို့ကို အသက်သွင်းခဲ့တယ်။ အဲ့အစီအရင်က ဂျင်ဒီနယ်မြေ တစ်ခုလုံးကို ဝိုင်းသွားခဲ့ပြီး နှစ်ပေါင်းရာနဲ့ချီ ကြာပြီးတဲ့ အချိန်မှာ အခုလိုပုံစံ ဖြစ်သွားတာပဲ”
“ဒုတိယတစ်မျိုးမှာ ပြောထားတာကတော့ ဂျင်ဒီနယ်မြေရဲ့ မူလဇာစ်မြစ်က မိသားစုကြီး တစ်ခုပဲတဲ့။ ပြီးတော့ အဲ့မိသားစုလည်း အသတ်ခံ လိုက်ရတယ်”
လင်းအာမှ ဒုတိယမြောက် ဖြစ်နိုင်ချေကို ဆက်ပြောပြ လိုက်သည်။
“အဲ့ထဲမှာလည်း အဲ့မိသားစုရဲ့ ထူးဆန်းတဲ့ အစီအရင်က အခုလို အခြေအနေမျိုး ဖြစ်လာအောင် လုပ်ခဲ့တာလို့ ပြောထားတယ်”
“တတိယ တစ်မျိုးကရော”
ဝမ်ရှန်းမှ အလိုက်အထိုက် မေးလိုက်သည်။ ပုံပြင်ပြောသည့် လူများသည် တစ်ခါတစ်ရံတွင် သူတို့ကို အလိုက်အထိုက် လိုက်ထောက်ပေးရန် လိုအပ်၏။ ထိုကဲ့သို့ဆိုလျှင် သူတို့သည်လည်း ပြောရဆိုရ ပိုမိုချောမွေ့ သွားကြသည်။
ထိုအချိန်တွင် လင်းအာမှ ဆက်ပြောလိုက်သည်။
“တတိယတစ်မျိုးက နည်းနည်းတော့ ထူးဆန်းတယ်။ သူ့ဇာတ်ကြောင်းက သိပ်ပြီး မမှန်လောက်ဘူး။ ပြီးတော့ လူတွေကလည်း အဲ့ဒါကို မယုံဆုံးပဲ”
အချို့လူများသည် များစွာသော ကောလာဟလများကို ယုံကြည်ကြ၏။ သို့သော် ယခုလို အဖြစ်အပျက်မျိုးတွင် ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို မည်သူမှ အတိအကျ မသိကြပေ။ သို့သော် တတိယ တစ်မျိုးက ယုံကြည်မှု အနည်းဆုံးဆိုတော့ ထိုအရာက တကယ်ကို သိပ်ပြီး မမှန်ကြောင်း ဆိုလိုခြင်းပင်ဖြစ်၏။
“တတိယ ဖြစ်နိုင်ခြေမှာက ဂျင်ဒီနယ်မြေက အကျဉ်းထောင် တစ်ခုတဲ့” လင်းအာမှ တွန့်ဆုတ်မှု မရှိဘဲ ချက်ချင်း ဆက်ပြောလိုက်သည်။
“အဲ့အကျဉ်းထောင်မှာ မိစ္ဆာသားရဲကြီးတွေကို ထိန်းသိမ်းဖို့အတွက် အဓိကအင်အားစု ငါးခုနဲ့ ဝိညာဉ်ဂိုဏ်းတွေ အများကြီး ပေါင်းပြီး တည်ထောင် ထားတာလို့ ပြောတယ်”
“အဲ့ဒါက တကယ့်ကို မဖြစ်နိုင်တာပဲ” ဝမ်ရှန်းမှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ထိန်းထားနိုင်တယ် …. ဘာလို့ ထိန်းထား နေဦးမှာလဲ။ သတ်လိုက်ပေါ့”
ယခင်တွင် ဝမ်ရှန်းသည် သူ့ကမ္ဘာမြေပေါ်၌ ရှိစဉ်တွင် ဝတ္ထုများ ဖတ်သည့် အချိန်နှင့် ရုပ်ရှင်များ ကြည့်သည့် အချိန်၌ ထိုကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ထိန်းထားနိုင်ပြီး သူတို့ကို ခုခံနိုင်စွမ်း မရှိအောင် လုပ်ထားနိုင်ပြီ ဆိုမှတော့ ဘာလို့ မသတ်လိုက်သနည်း… နောက်ဆုံးတွင် အမြဲတမ်း ချုပ်နှောင် ခံထားရသည့် မကောင်းဆိုးဝါးသည် လွတ်မြောက် လာခဲ့ကာ သွေးမုန်တိုင်း သို့မဟုတ် အခြားဆိုးဝါးသည့် အဖြစ်အပျက်များကို အမြဲတမ်း ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။ ဤအခြင်းအရာသည် အလွန်ကို ယုတ္တိမရှိလှပေ။
“အဲ့ဒါကြောင့် အဲ့အချက်ကို ယုံတဲ့လူ သိပ်မရှိတာပေါ့”
ယခုအကြိမ်သည် လင်းအာ ဝမ်ရှန်းနှင့် အမြင်တူသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
“ဂျင်ဒီနယ်မြေမှာ ဒီလိုမျိုး ချိပ်ပိတ်ထားတဲ့ အစီအရင်မျိုး ရှိမရှိ ကြည့်ပေးဖို့ ငါ အစီအရင်ဆရာ တချို့ကို အကူအညီ တောင်းခဲ့သေးတယ်”
“အဲ့ဆရာတွေကရော ဘာပြောလဲ” ဝမ်ရှန်းမှ သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
“ရှိတယ်တဲ့။ ဒါပေမယ့် ဒီလို အစီအရင်မျိုးက ဝိညာဉ်စွမ်းအားတွေ အဆက်မပြတ် ရနေဖို့ လိုအပ်တယ်တဲ့။ ဒါပေမယ့် လုံလောက်တဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေမယ် ဆိုရင်တောင် နှစ်ပေါင်း ရာချီကြာပြီးတဲ့ နောက်မှာ အဲ့ချိပ်ပိတ်ခံရတဲ့ အကောင်က အဆာလွန်ပြီး သေမှာပဲ။ ဘာလို့ဆို ဒီလောက် နှစ်တွေ ရာချီကြာတဲ့အထိ ဘယ်သူက သူတို့ကို လက်ဆင့်ကမ်းပြီး အဆာကျွေး နေနိုင်မှာလဲ ဟုတ်တယ်မလား”
လင်းအာ၏ စကားကို ထောက်ခံသည့် အနေဖြင့် ဝမ်ရှန်း ခေါင်းညိတ် ပြလိုက်သည်။ တူညီတဲ့ ကိစ္စရပ် တစ်ခုကို အမြင်တူရန် အတွက်က သူတို့နှစ်ယောက် အတွက် အလွန် ရှားပါးပေသည်။
ထို့နောက် လင်းအာသည် ဝမ်ရှန်းအား ဂျင်ဒီနယ်မြေ၏ ဒဏ္ဍာရီ ဇာတ်ကြောင်းများ အကြောင်း ဆက်ပြောပြခဲ့သည်။ သို့သော် ထိုအကြောင်းများသည် ဘာမှ အရေးမပါလှပေ။ ထိုထဲတွင် ဂျင်ဒီနယ်မြေ အတွင်းတွင် မည်သူက စွမ်းအားကြီးမားသည့် သားရဲများကို ရှာတွေ့ခဲ့ကြောင်းနှင့် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်သွားကာ ဘယ်တော့မှ ပြန်မထွက်လာနိုင်သည့် ဝိညာဉ်သခင်များ အကြောင်း… ထိုမျှလောက်သာ ဖြစ်သည်။
“အဲ့ထဲမှာမှ အသေးစိတ်ကျကျ မှတ်တမ်းတင်ထားတဲ့ အကြောင်းတစ်ခု ရှိတယ်။ နင် လိုက်သတ်ခံရတဲ့ အကြောင်းနဲ့ ဂျင်ဒီနယ်မြေကို ဖြတ်ပြီး ဝူရုံမြို့ထဲ ဝင်လာတဲ့ အကြောင်းပဲ”
လင်းအာမှ စနောက်ဟန်ဖြင့် ဝမ်ရှန်းအား ပြောလိုက်သည်။
“အဲ့ဒါနဲ့ ပတ်သက်ပြီး မျက်မြင် သက်သေတွေတောင် ရှိတယ်၊ ယုံလို့ရပါတယ်။ ဘယ်လိုလဲ နင် နားထောင်ကြည့်ချင်လား”
ဝမ်ရှန်းသည် ခေါင်းသာ ခါယမ်းလျက် “ဒီအပိုင်းကိုတော့ မေ့ထားလိုက်တော့”
ထိုစကား တစ်ခွန်းတည်းဖြင့် ဝမ်ရှန်းအား စနောက်ချင်သည့် လင်းအာ၏ ဆန္ဒများ ပျောက်ကွယ်သွားခဲ့သည်… တကယ်ပဲ ပျင်းစရာ ကောင်းလိုက်တာ…
ဤသို့ဖြင့် ပြောစရာ ရှိသည်များ အားလုံးကို ပြောပြီးသွားပြီဖြစ်ပြီး လင်းအာသည်လည်း ဝမ်ရှန်းမှ မမောင်းထုတ်ခင်တွင် ဝမ်ရှန်းအိမ်မှ အလိုက်တသိ ထွက်လာ လိုက်တော့သည်။
ဝမ်ရှန်းအတွက်မူ အသုံးအဝင်ဆုံး သတင်းသည် ပထမတစ်ခုနှင့် ဒုတိယ တစ်ခုပင်ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် ဒုတိယ တစ်ခုဖြစ်သည့် အဖျက်ဆီး ခံလိုက်ရသော မိသားစုအကြောင်းကို ပို၍ စိတ်ဝင်စားပေသည်။
ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းတွင် သာမန်လူများ နေထိုင်ခဲ့သည့် အရိပ်အယောင်များကို သူကိုယ်တိုင်လည်း တွေ့ခဲ့ရပေသည်။ ထိုနေရာသည် လုံးဝကို ရွာကြီးတစ်ရွာ ဖြစ်၏။ ထိုနေရာသည် ရွာတစ်ရွာ မဟုတ်ဘဲ ဂိုဏ်းတစ်ဂိုဏ်းဆိုလျှင် သာမန်လူများ နေထိုင်သည့် အရိပ်အယောင် အနေအထားမျိုး ရှိနေမည် မဟုတ်ပေ။ သာမန်မိသားစု တစ်ခုကသာ ထိုကဲ့သို့ ရွာပုံစံမျိုးဖြင့် နေထိုင်မည်ဖြစ်၏။
လင်းအာ ပြောခဲ့သည့် အစီအရင်ဟူသည့် အရာသည် ဝိညာဉ်စွမ်းအား မလုံလောက်မှုကြောင့် ရပ်တန့်သွားခြင်း သို့မဟုတ် ပျောက်ပျက်သွားခြင်း ဖြစ်နိုင်သည်။ သို့သော် အချိန်ကာလများ မရေမတွက်နိုင်အောင် အသက်ဝင်ခဲ့ပြီး နောက်တွင် ထိုနေရာ၌ များစွာသော စွမ်းအားကြီး သားရဲများ ပေါက်ဖွားလာခဲ့ကာ အပြင်လူများကို ထိုနေရာ အတွင်းသို့ ဝင်ရောက်၍ မရအောင် ဖြစ်သွားစေခဲ့သည်။
သို့သော် ဤအရာသည် တိုက်ပွဲဝိညာဉ်နှင့် ဘာဆိုင်သနည်း… ဝမ်ရှန်း မသိနိုင် မပြောနိုင်ပေ။ ယခုအချိန်တွင် အရာအားလုံးသည် ထူးခြား ဆန်းကြယ်နေသည့် အရာများပင်ဖြစ်၏။
“ဘာအကြောင်းတွေ ပြောနေကြတာလဲ”
ဝမ်ရှန်း၏နားအတွင်းသို့ အရိပ်မိန်းမစိုး၏ အသံ ဝင်ရောက် လာခဲ့သည်။
ဝမ်ရှန်းသည် အစောပိုင်း၌ သူနှင့်လင်းအာ ပြောခဲ့သည့် အကြောင်းအရာများကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။ အမှန်အားဖြင့် ဖုံးကွယ်ထား၍လည်း မရပေ။ သူ့ခြံဝန်းဘေး၌ နေထိုင်သည့် အရိပ်မိန်းမစိုးသည် အလွန်ကို နားပါးလှပေသည်။ လင်းအာ ပြောခဲ့သည့် အကြောင်းအရာများကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့လောက်ပေပြီ။
“ဂျင်ဒီနယ်မြေက ဘယ်လို ဖြစ်လာတာလဲ”
ဝမ်ရှန်းမှ မိန်းမစိုးအား မေးလိုက်သည်။ မိန်းမစိုးသည် သူ တော်ဝင်မိသားစုထံ၌ ခစားဖူးသည်ဟု ပြောခဲ့၏။ ထို့ကြောင့် သူက ပိုပြီး သိရပေမည် မဟုတ်ပါလား…
“ငါမသိဘူး”
မိန်းမစိုးမှ ခေါင်းခါ ယမ်းလိုက်သည်။
“ဝူရုံမြို့တောင်မှ ဂျင်ဒီနယ်မြေ ဖြစ်ပေါ်ခဲ့ပြီး နောက်မှာမှ ဖြစ်လာတာ။ အဓိက အင်အားစုငါးစုကိုလည်း အဲ့အချိန်လောက်မှာ စတင် တည်ထောင်ခဲ့တာပဲ။ ပြီးတော့ ငါခစားတဲ့ အခုမင်းဆက်ကလည်း ဂျင်ဒီနယ်မြေ ဖြစ်ပေါ်လာခဲ့ပြီး နောက်မှာမှ နန်းတက်ခဲ့တာ။ အခု ဒီမင်းဆက်ရဲ့ အရှေ့က မင်းဆက်ကတော့ သိချင်သိနိုင်တယ် ဆိုပေမယ့် အဓိက အင်အားစုငါးခုက သူတို့အင်အားတွေ ပူးပေါင်းပြီး အဲ့မင်းဆက်ကို ဖျက်ဆီးခဲ့တယ်။ အဲဒါကြောင့် အဲ့မင်းဆက် စုစည်းထားတဲ့ မှတ်တမ်းတွေကို ဘယ်သူက သိပ်ပြီး သိတော့မှာလဲ”
မိန်းမစိုးသည် ဂျင်ဒီနယ်မြေ အကြောင်းကို ဘာလုပ်မလို့လဲ ဆိုတာကို ဝမ်ရှန်းအား မမေးခဲ့ပေ။ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်၏၊ ထို့ကြောင့် သူ ဂျင်ဒီနယ်မြေ အကြောင်း မေးသည်မှာ ထူးဆန်းဖွယ် မဟုတ်တော့ချေ။
“အဲ့ဒါဆို အရင်မင်းဆက်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ကျွန်တော် ဘယ်မှာ ရှာလို့ရနိုင်မလဲ” ဝမ်ရှန်းမှ မိန်းမစိုးအား ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“သက်တမ်း နှစ်ပေါင်း ထောင်နဲ့ချီ ကြာပြီဖြစ်တဲ့ အထက်တန်းလွှာ မိသားစုတွေမှာ ရှာလို့ ရနိုင်လောက်တယ်” မိန်းမစိုးမှလည်း ချက်ချင်း ပြန်ဖြေလိုက်သည်။
အထက်တန်းလွှာ မိသားစုများသည် ဝမ်ရှန်းအား မသတ်သည်ကိုပင် လွန်လွန်းလှပြီဖြစ်၏။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် သူတို့ထံမှ သတင်းများကို ရှာချင်နေသေးသည်တဲ့လား…
ထိုအရာက သူ စုန့်ရန်နှင့် လက်ထပ်လိုက်မည် ဆိုလျှင်တော့ ဖြစ်နိုင်လောက် သေးပေသည်။ လျှို့ဝှက်ဂိုဏ်းများမှ လူများသည် ကမ္ဘာအနှံ့၌ ပုန်းကွယ်၍ နေထိုင်ကြခြင်းဖြစ်၏။ ဝမ်ရှန်း တစ်ယောက်တည်းနှင့် သူတို့အား ဘယ်နေရာ၌ သွားရှာနိုင်မည်နည်း… စုကြေးငွေများစွာ ပေး၍လား… ထိုအရာက ရန်စလိုက်ခြင်းပင် မဟုတ်ပါလား… ဝမ်ရှန်းသည် ဤကဲ့သို့ ရူးသွပ်သည့် ကိစ္စမျိုး ပြုလုပ်မည် မဟုတ်ပေ။
ဝမ်ရှန်း ဂျင်ဒီနယ်မြေ အကြောင်း ရှာဖွေနေသည်ကို တွေ့လိုက်ရသောအခါ အကြောင်းပြချက် တချို့ကြောင့် မိန်းမစိုး ပျော်ရွှင်သွားခဲ့သည်။ သူသည် ဝမ်ရှန်အား လမ်းစ ရှာပေးရန်လည်း စတင် ကူညီလိုက်၏။
“တကယ်တော့ အရင်မင်းဆက်ရဲ့ မှတ်တမ်းတွေ ရှိနေနိုင်တဲ့ နောက်ထပ်နေရာ တစ်နေရာလည်း ရှိသေးတယ်”
မိန်းမစိုးသည် ခဏတာစဉ်းစားကာ ထို့နောက် ရုတ်တရက် ပေါင်ကို ထရိုက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဘယ်နေရာလဲ” ဝမ်ရှန်းမှ စိတ်ဝင်တစား မေးလိုက်၏။
“အထက်တန်းလွှာ မိသားစုလည်းမဟုတ်၊ ဝိညာဉ်ဂိုဏ်း တစ်ခုလည်း မဟုတ်ပေမယ့် နှစ်ပေါင်း ထောင်နဲ့ချီ ကြာရှည်နေပြီဖြစ်တဲ့ နေရာတစ်နေရာ ရှိသေးတယ်။ အဲ့မှာ မင်းစိတ်ဝင်စားတဲ့ အကြောင်းတွေ ရှိချင် ရှိနေနိုင်လောက်တယ်ကွ…”
***