Switch Mode

Chapter – 182

သဲလွန်စ အသစ်များ (၁)

အပိုင်း ၁၈၂
သဲလွန်စ အသစ်များ (၁)

ဝမ်ရှန်းသည် သူ၏ခွန်အားကို စထိန်းနိုင်စ ပြုလာချိန်မှသာ သူ့ခေါင်းကိုသူ ထိရဲသွားတော့သည်။ ထိုအချိန်မှာမှ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့သည် သူ့အား မြင်လိုက်သည့် အချိန်၌ အဘယ်ကြောင့် အားရပါးရ ရယ်ခဲ့ကြတာလဲ ဆိုတာကို နားလည် သွားခဲ့တော့သည်။

စစချင်းတွင် ဝမ်ရှန်းသည် သူတို့က သူ၏ခွန်အားကို မထိန်းနိုင်သည့် ကိုးရိုးကားရား ပုံစံအား ရယ်ခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့ခြင်းဖြစ်၏။ သို့သော် သူတို့က အမွေးအမျှင် တစ်ချောင်းတလေမှ မရှိနေသည့် သူ၏ခန္ဓာကိုယ်အား ရယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သူ အခုမှ သိသွားတော့သည်။

ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် သူကိုယ်တိုင်သည်ပင် ရှုပ်ထွေးခဲ့ခြင်းဖြစ်၏။ သူ ခွန်အားများစွာ တိုးခဲ့ရာတွင် သူ၏အရိုးများက သူ၏ခွန်အားကို တောင့်ခံနိုင်စွမ်း ရှိခဲ့သည်မှာ ပုံမှန်ပင်ဖြစ်၏။ ထိုကဲ့သို့ ရိုးရှင်းသော်လည်း ထိုကိစ္စသည် ဝမ်ရှန်းအား အနည်းဆုံး နေ့တစ်ဝက်ခန့် စိုးရိမ်စေခဲ့သေးပေသည်။

ထိုကဲ့သို့ စိုးရိမ်ခဲ့မိသည့် အတွက် ဝမ်ရှန်းသည် သူ့ကိုယ်သူလည်း အဖြစ်မဆိုသာချေ။ အဘယ်ကြောင့်ဆိုသော် အဆင့်တက်ပြီးနောက် ဖြစ်ပေါ်လာခဲ့သည် ခွန်အားသည် အလွန် အားကြီးလှကာ သူ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အရာရာ တစ်စစီ ကျိုးပဲ့စေသောကြောင့် သူ အထူးသတိထား နေရတော့သည်။

ဝမ်ရှန်း အဆင့်တက်ခဲ့သည့် အဖြစ်အပျက် အကြောင်း သိခဲ့သည့် လူများနှင့်၊ ဝမ်ရှန်း ကံကောင်းခြင်း ဆေးပြား သောက်ခဲ့သည့် နည်းလမ်းကို သိသည့် လူများထဲတွင် ထိုအဖြစ်အပျက်များကြောင့် စိတ်အား တက်ကြွသွားကာ သူတို့ ငယ်ရွယ်စဉ်က ဤအခွင့်အရေးကို လက်လွတ်ခဲ့ကြမိသည့် အတွက် နောင်တ ရနေသည့် လူများလည်း အများအပြား ရှိနိုင်ပေသည်။

ကံကောင်းခြင်း ဆေးပြားကို ဝမ်ရှန်းထံမှ ရရှိရန် ကြိုးပမ်းနေသည့် လူများသည် ထိုအတွေးကို လက်လျှော့ လိုက်ကြပြီဖြစ်၏။ ထိုအစား သူတို့သည် ဆေးပြားကို အခြားသူများထံမှ ရရန်၊ သို့မဟုတ် ထိုဆေးပြားကို ဖော်စပ်ရန် နည်းလမ်းများ စဉ်းစား လာခဲ့ကြတော့သည်။

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို လူနှစ်ယောက်ထံမှ ရရှိခဲ့ခြင်း ဖြစ်ပေရာ ထိုလူများက မည်သည့် ဂိုဏ်းမှဖြစ်စေ ယခုအချိန်တွင် အင်အားစုများစွာ၏ စောင့်ကြည့်ခြင်းကို သူတို့ ခံနေရပြီဖြစ်၏။ သို့သော် အင်အားစုများသည် ထိုနှစ်ယောက်ကို ရှင်းပစ်မည် မဟုတ်ချေ။ သူတို့ ဆေးပြားကို ဖော်စပ်ချင်ပါက နည်းလမ်း ရရှိရန်အတွက် ဤလူနှစ်ယောက်သည်သာ အနီးစပ်ဆုံး ဖြစ်သောကြောင့်ပင်။

သို့သော် အားလုံး၏ အာရုံစိုက်မှုသည် ဝမ်ရှန်းအပေါ်၌လည်း လျော့မသွားခဲ့ပေ။ ဝမ်ရှန်းသည် သူ ဂျင်ဒီနယ်မြေအတွင်းမှ ရရှိခဲ့သည့် မြေပုံကြောင့် ကံကောင်းခြင်း ဆေးပြားနှစ်ပြား ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဂျင်ဒီနယ်မြေ အတွင်းမှ ဝမ်ရှန်း တခြားဘာတွေ ရခဲ့သေးသည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် သူတို့ အာရုံထဲ၌ ဝမ်ရှန်းအား ထုတ်ထား၍ မဖြစ်ချေ။

ဝမ်ရှန်းမှာမူ ထိုထိုဤဤ အခြားမည်သည့် အတွေးမှ မရှိနေပေ။ လတ်တလောတွင် သူသိသည့် တစ်ခုတည်းသော အရာမှာ စားရန် သောက်ရန်နှင့် တတ်နိုင်မျှ မြန်မြန် သူ၏ခွန်အားနှင့် အသားကျရန် ဖြစ်သည်။ အဆင့်တက်ရာ၌ ဝမ်ရှန်း၏ ခန္ဓာကိုယ်က စွမ်းအားများ မည်မျှ စုပ်ယူခဲ့သည်ကို မသိသော်ငြား လက်ရှိမှာမူ ဝမ်ရှန်း၏ စားချင်သောက်ချင်စိတ်မှာ အလွန့် အလွန်ကို ကြောက်စရာ ကောင်းနေလေ၏။

……

“ပုံမှန်ပါပဲ၊ အဆင့်တက် သွားပြီးရင် စားချင်သောက်ချင်စိတ် များလာတာပဲ”

စားသောက်ရင်းဖြင့် ဝမ်ရှန်းကို ကြည့်ရင်း အရိပ်မိန်းမစိုးက ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲ့လိုအချိန်တုန်းက ငါဆိုရင် စားချင်သောက်ချင်စိတ် များလွန်းလို့ အိမ်ကိုတောင် မွဲပြာကျတဲ့အထိ လုပ်မိတော့မလို့ပဲ”

ဟန်ဘင်းလီသည်လည်း ဟင်းပွဲထဲ ခေါင်းနစ်ဝင်မတတ် စားသောက်နေရင်း ခေါင်းပင်မထောင်ဘဲ ပြောလိုက်၏။

ဝမ်ရှန်းမှာ စားပွဲသီးသန့်၌ ထိုင်နေရပြီး ခေါင်းမဖော်စတမ်း စားရင်း နားထောင်နေခဲ့၏။ ဝမ်ရှန်း၏ ခွန်အားအကြောင်းကို ကြားပြီးနောက် တော်ဝင်ရတနာ စံအိမ်သည် ကြီးမားသည့် သံစားပွဲ တစ်လုံးနှင့် သံခုံတစ်လုံးတို့ကို ဝမ်ရှန်းထံသို့ ယူလာပေးခဲ့သည်။ ဝမ်ရှန်းသည် ရံဖန်ရံခါ သူ့အားကိုသူ မထိန်းနိုင်ဘူး ဆိုလျှင်ပင် ဤစားပွဲနှင့် ထိုင်ခုံများသည် ပုံစံပျက်ယွင်း သွားရုံသာ ရှိနိုင်ပြီး ကျိုးသွားမည် မဟုတ်ပေ။ ဤစားပွဲနှင့် ထိုင်ခုံများသည် ဝမ်ရှန်း၏လက်ရှိ အခြေအနေနှင့် အလွန်ကိုက်ညီမှု ရှိလှပေသည်။

ဝိညာဉ်သခင် နှစ်ယောက်၏ စကားများကို နားထောင်ပြီးနောက် ဝမ်ရှန်း စိတ်သက်သာရာ ရသွားခဲ့သည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုအား သိချင်လာခဲ့ကာ “ဆရာတို့ နှစ်ယောက်က ဘာလုပ်ခဲ့လို့ ဒီဝူရုံမြို့ကို လာခဲ့တာလဲ”

ဝမ်ရှန်း စကားကြောင့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ တစ်ခဏ ထိတ်လန့် သွားခဲ့ကြသည်။ ဝမ်ရှန်းက ဤမေးခွန်းမျိုး မေးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ထို့နောက် အရိပ်မိန်းမစိုးသည် အမှန်အတိုင်းပင် –

“အရင်တုန်းက ဒီအဘိုးကြီးက ဧကရာဇ်ဆီ ခစားခဲ့ရတယ်။ ဒါပေမယ့် ကိုယ်လုပ်တော် တစ်ယောက်က တမင်သက်သက် စိတ်အနှောင့်အယှက် ဖြစ်အောင် လာလုပ်နေလို့ ဒေါသထွက်ပြီး သူမကို သတ်လိုက်မိတယ်။ အဲဒါနဲ့ ထွက်ပြေးပြီး ဒီဝူရုံမြို့ဆီကို ရောက်လာခဲ့တာပဲ”

အရိပ်မိန်းမစိုးမှ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားကြောင့် ဝမ်ရှန်း ထိတ်လန့် အံ့အားသင့် သွားခဲ့သည်။ ကိုယ်လုပ်တော် တစ်ယောက်ကို သတ်တယ်တဲ့လား… ထိုအပြစ်သည် အလွန်ကို ကြီးမားလှပေသည်။ ဤလုပ်ရပ်သည် တော်ဝင်မိသားစုမှ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခြင်း ဖြစ်နိုင်လောက်ကြောင်း ဝမ်ရှန်း သိပေသည်။ သို့သော် ကိုယ်လုပ်တော် တစ်ယောက်၏ အသက်ကို စတေးခြင်းက တကယ်ကို ပြောစရာ စကားများ ဆွံ့အသွားတော့သည်။

တော်ဝင်မိသားစု၏ ဤလုပ်ရပ်သည် ဝူရုံမြို့၏ ဂုဏ်သတင်းကိုလည်း မြှင့်တင် ပေးလိုက်ခြင်းသာ ဖြစ်သည်။ ကိုယ်လုပ်တော် တစ်ယောက်အား သတ်ခဲ့သည့် လူတစ်ယောက်သည်ပင် အန္တရာယ် ကင်းကင်းဖြင့် ဝူရုံမြို့သို့ ထွက်ပြေး လာနိုင်သည် ဟူသော အချက်ဖြင့် ဝူရုံမြို့ကို အရှိန်အဝါ တိုးစေလိုက်ခြင်းပင် ဖြစ်သည်။

“ငါကတော့ သူ့လောက် အပြစ်မကြီးဘူး”

အရိပ်မိန်းမစိုး ဝူရုံမြို့တွင်းသို့ ဝင်လာခဲ့ရသည့် အကြောင်းအရင်းကို စစကြားလိုက် ရချိန်တွင် ဟန်ဘင်းလီသည်လည်း ဝမ်ရှန်း ကဲ့သို့ပင် အံ့သြသွားခဲ့သေးသည်။ သူသည်လည်း ပေါ့ပေါ့ပါးပါးဖြင့်ပင် –

“ငါ အဓိက အင်အားစု ငါးခုထဲက တစ်ခုဖြစ်တဲ့ ဂန်မိသားစုနဲ့ ပြဿနာ နည်းနည်းလေး ရှိခဲ့တယ်။ သူတို့က လူတွေကို လိမ်လည် လှည့်စားလွန်းတယ်။ အဲဒါကြောင့် ငါ သူတို့ဂိုဏ်းခွဲ တစ်ခုကို ဖျက်ဆီးပြီး ဝူရုံမြို့ထဲ ဝင်လာလိုက်တာပဲ”

‘ဝါး.. ဒီအပြစ်သည် ပို ပြင်းထန်တယ်လေ…’ ဝမ်ရှန်း မျက်လုံးပြူးကျယ် သွားခဲ့သည်။

ဂန်မိသားစုသည် အဓိက မိသားစုငါးခုထဲမှ တစ်ခုဖြစ်၏၊ ထိုမိသားစု၏ ဂိုဏ်းခွဲတစ်ခုပဲ ဆိုလျှင်တောင် ထိုဂိုဏ်းခွဲ၏ အင်အားကို လျှော့တွက်၍ မရပေ။ ဂိုဏ်းခွဲတစ်ခုကို သုတ်သင်လိုက်ခြင်းက ဂိုဏ်းတစ်ခုလုံးကို ဒေါသဆွလိုက်ခြင်းနှင့် အတူတူပင်။

ထို့နောက် ဝမ်ရှန်းမှ “မိုက်တယ်” ဟူသော ပုံစံဖြင့် သူတို့နှစ်ယောက်ကို လက်မသာ ထောင်ပြ လိုက်သည်။

……

ဝမ်ရှန်းသည် သူ၏ခွန်အားအသစ်နှင့် အသားကျရန် နှစ်ရက် ကြာမြင့်ခဲ့သည်။ ထို့နောက် တိုက်ပွဲဝိညာဉ်၏ အကူအညီဖြင့် သူသည် ပုံမှန်အတိုင်း ပြုမူနိုင်ရုံမျှလောက် ပြုမူလာနိုင်ခဲ့သော်လည်း သတိမထားမိလျှင် အားအများကြီး ပြန်သုံးသွားမိမည် ဖြစ်၏။

ဝမ်ရှန်းသည် သူ၏ခွန်အားက မည်မျှ အတိုင်းအတာထိ တိုးလာသည်ကို သူကိုယ်တိုင်ပင် မသိသော်လည်း အဆ ၁၀ ထက်တော့ မလျော့နည်းနိုင်ဟု သူခန့်မှန်းမိသည်။ ဤကဲ့သို့ အဆပေါင်းများစွာ အားတိုးလာမှုသည် ရက်အနည်းငယ် အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ရုတ်တရက် အသားမကျနိုင် ဖြစ်နေခြင်းဖြစ်၏။

သို့သော် တစ်ချိန်လုံးနီးပါး ဝမ်ရှန်းအနား၌ ရှိနေသည့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ အပါအဝင် ကျန်သည့်လူများ အနေဖြင့်မှု ဝမ်ရှန်းသည် ခွန်အားများစွာ ကြီးမားလာသည်ဟု မတွေးကြဘဲ၊ အသားမကျသေးခြင်းတာ ဖြစ်သည်ဟု တွေးလိုက်ကြသည်။

ဝမ်ရှန်းမှ ထိုကဲ့သို့ ဖြစ်နေစဉ်တွင် တော်ဝင်ရတနာစံအိမ်မှ မမလေး လင်းအာသည် ဝမ်ရှန်း၏ အိမ်ရှေ့ပေါက်ဝသို့ ဒေါသတကြီး ဆိုက်ရောက် လာခဲ့တော့သည်။ လင်းအာ ဤနေရာသို့ လာခြင်းမှာ နောက်ဆုံး အကြိမ်၌ တော်ဝင်ရတနာစံအိမ်အား ငရုတ်ကောင်းသတင်း ပေးခဲ့သည့်အတွက် ဝမ်ရှန်းအား သူတောင်းဆိုထားသည့် တန်ကြေး လာရောက် ပေးအပ်ခြင်း ဖြစ်သည်။

ထိုစဉ်က ဝမ်ရှန်းသည် သူတို့အား ငရုတ်ကောင်း အပင်များ ကြိုစိုက်ထားရန် သတိပေးခဲ့ပြီး သူအိမ်၌ ရှိနေစဉ်တွင်လည်း သူပေးထားသည့် ကတိအတိုင်း ဟင်းပွဲ အနည်းငယ်၌သာ ငရုတ်ကောင်းများ ထည့်သုံးခဲ့၏။ မြို့အရှင်စံအိမ်သို့ ပေးအပ်ခဲ့သည့် ငရုတ်ကောင်း ကီလိုဂရမ် အနည်းငယ်မှလွဲ၍ ဤငရုတ်ကောင်းနှင့် ပတ်သက်သည့် မည်သည့် ကောလာဟလမှ အပြင်သို့ မပေါက်ကြား သွားခဲ့ပေ။

အပြန်အလှန် အနေနှင့် တော်ဝင်ရတနာစံအိမ်မှ ဝမ်ရှန်းထံသို့ ပြန်ပေးရမည့် ဆုကြေးမှာ ဂျင်ဒီနယ်မြေ အကြောင်း သူတို့စုစည်းထားသည့် သတင်း အချက်အလက်များပင် ဖြစ်ပေသည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် လွတ်လွတ်လပ်လပ် မလှုပ်ရှား မသွားလာနိုင်သေးပေ။ ထို့ကြောင့် လင်းအာ ကိုယ်တိုင် ဝမ်ရှန်းထံသို့ လာခဲ့ရခြင်းဖြစ်၏။

သို့သော် မမလေးလင်းအာ အတွက်မူ ဤအရာသည် သူမ၏သခင်လေး လုပ်ခိုင်းသည့် အရာဖြစ်သည်။ ထို့ကြောင့် သူမသည် အင်တင်တင်ဖြင့် လာခဲ့ရကာ ဝမ်ရှန်းအိမ်သို့ စဝင်သည့် အချိန်ကတည်းက တစ်ချက်ကလေးပင် မပြုံးခဲ့ပေ၊ သူမသည် မျက်နှာတင်းတင်းဖြင့်သာ နေနေလိုက်၏။

သို့သော် ဤသည်တို့အား ဝမ်ရှန်း ဂရုစိုက်နေမည် မဟုတ်။ ယခုအချိန်တွင် လင်းအာသည် သူ့အိမ်သို့ လာရောက်သည့် ဧည့်သည်ဖြစ်သည်။ သူမထံတွင် သူလိုချင်သည့် သတင်းအချက်အလက်များ ပါလာသည်ကိုတော့ ပြောစရာပင် မလိုတော့ပေ။ ထို့ကြောင့် သူသည် နှုတ်ကို နှုတ်ဆက်ရပေမည်။ သို့မဟုတ်ပါက ဤကောင်မလေးက မတော်တဆ စာကြောင်း တစ်ကြောင်းတလေ၊ သို့မဟုတ် အဓိက အကြောင်းအရာ တစ်စုံတစ်ရာ မေ့သွားသော် ဝမ်ရှန်းသည် ကပ်ငိုစရာ ဂျောင်မျှ မရှိဖြစ်ရပေမည်။

ထိုအခိုက်အတန့်တွင် စားဖိုမှူးများသည် ဝမ်ရှန်း၏ ညွှန်ကြားချက်ဖြင့် ဟင်းပွဲများ လာချပေးကြသည်။ ဤဟင်းပွဲများထဲတွင် သူတို့သည် သူတို့စွမ်းအင် ၁၂၀ ရာခိုင်နှုန်း ထည့်ချက်ထားကာ အရသာရှိသော အစားအသောက်များအဖြစ် စားပွဲအပြည့် အကောင်းဆုံး လာရောက် တည်ခင်းကြ၏။

ဟင်းပွဲများထဲမှ တစ်ဝက်သည် ယခင်က ဝမ်ရှန်း ညွှန်ကြား ပေးခဲ့ဖူးသည့် ဟင်းပွဲများကို ပိုမိုကောင်းမွန်သည့် အရသာထွက်အောင် ပြင်ဆင် ချက်ပြုတ်ထားသည့် ဟင်းပွဲများ ဖြစ်ပြီး ကျန်တစ်ဝက်မှာ ဝမ်ရှန်း သေချာပြင်ဆင်ထားသည့် ငရုတ်ကောင်းများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများဖြစ်သည်။

ဟင်းပွဲများကို မြင်လိုက်ရသောအခါ လင်းအာ တောက်ပစွာ ပြုံးလိုက်သည်။ ဤစားဖိုမှူးများသည် ဝမ်ရှန်း၏ ညွှန်ကြားချက်များဖြင့် အမြဲတမ်း ပိုမိုတိုးတက်လာအောင် လေ့ကျင့်နေကြပြီး သူတို့၏ အထူးပြု ဟင်းပွဲများကိုလည်း နေ့စဉ်မပျက် ချက်ပြုတ် လေ့ကျင့်နေခဲ့ကြ သူများဖြစ်ပေသည်။

ဝမ်ရှန်းသည် သူ အရသာတွေ့သည် အထိ စားဖိုမှူးများကို ချက်ပြုတ် ခိုင်းထားသည့် ဟင်းလျာများကို လင်းအား ဘယ်အချိန်၌ စားခဲ့ဖူးသနည်း… တစ်ခေါက်မှ မစားဖူးခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် လင်းအာသည် ဟင်းပွဲတစ်ပွဲကို တစ်လုတ် စားကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်တိုဒေါသထွက် နေမှုများ အားလုံး ချက်ချင်း ပျောက်ကွယ် သွားခဲ့တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset